အခန်း (၅၆၄-၅၆၅)
Vol. 35 Ch. 564-565
Chapter 564
သူတို့ ထွက်ပြေးသွားမှာကိုပဲ ငါစိုးရိမ်တယ် ၂
“တကယ်လို့ ဟူလုရှို့ တစ်ခုခုလှုပ်ရှားတာနဲ့ သူတို့က အရင်တိုက်ခိုက်လိမ့်မယ်”
“အခုတော့ ကျွန်မတို့ကလည်း ဟူလုရှို့နဲ့ မဟာမိတ်ဖွဲ့ထားတယ်လို့ သူတို့သံသယဝင်နေကြပြီ။ ဒါကြောင့် ကျွန်မတို့ရဲ့ လူဦးရေနဲ့ လက်နက်အင်အားကို သိအောင် နောက်က လိုက်ကြည့်နေတာပဲ”
လင်းရှန်က ခေါင်းညိတ်လိုက်စဉ်မှာပင် လုချန်နှင့် လူဆယ်ယောက်ခန့် ပြန်ရောက်လာကြသည်။
“ခေါင်းဆောင်လင်း... သူ လွတ်သွားပြီ”
“ကောင်းတယ်”
လင်းရှန်က အသက်ကို ပြင်းပြင်းရှူလိုက်သည်။
“ဟမ်”
လုချန် ဇဝေဇဝါဖြစ်သွားသည်။ သူတို့ ရှုံးနိမ့်သွားတာကို ဘာကြောင့်ကောင်းတယ်လို့ ပြောနေတာလဲ…
လင်းရှန်လည်း အမှောင်ကျတော့မည့် ဂိုဘီကန္တာရကို လှမ်းကြည့်လိုက်သည်။ သူ ကိုယ်ကို မတ်လိုက်ပြီး အဖွဲ့ကို ပြောလိုက်သည်။
“ကဲ… သွားကြရအောင်။ ဟူလုရှို့ပြောတာတော့ ကန္တာရအမှောင်ညက ငရဲကျနေသလိုပဲ အန္တရာယ်များတယ်တဲ့။ ငါတို့ အမြန်ပြန်ပြီး ပြင်ဆင်စရာရှိတာ ပြင်ရမယ်”
အားလုံးက သဘောတူကြသည်။ အင်ဂျင်သံများ ဟိန်းထွက်လာပြီး ယာဉ်တန်းကြီးသည် ပြင်းထန်သော လေများ၊ သဲများထဲတွင် ပျောက်ကွယ်သွားတော့သည်။
အာခီစိုင်း၊ နှင်းဆီနက်ဘား၊ မြေအောက်ခန်း။
ဟူလုရှို့က စိုးရိမ်တကြီးဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး သူ့မျက်နှာမှာ တင်းမာနေသည်။
“သေစမ်း သေစမ်း... ငါက သန့်သန့်ရှင်းရှင်း ပိုက်ဆံရှာချင်ရုံလေးပါ။ ဒါက ဘာလို့ ဒီလောက် ခက်ခဲနေရတာလဲ”
ဆန်းချန်းက အနားတွင် တိတ်ဆိတ်စွာ ရပ်နေပြီး အေးစက်စွာပြောလိုက်သည်၊၊
“ဒါက ကမ္ဘာပျက်နေတဲ့ အချိန်လေ ဘယ်နေရာကများ ငြိမ်းချမ်းနေမှာမို့လို့လဲ”
“သူဌေး ညမှောင်တော့မယ်”
“ငါသိတယ်… ငါသိတယ်”
ဟူလုရှို့၏ မျက်လုံးများက ဟိုဟိုဒီဒီ ကြည့်နေရင်း စားပွဲပုပေါ်ရှိ ဖန်ခွက်တစ်ခုပေါ်သို့ ကျရောက်သွားသည်။
၎င်းထဲတွင် ရွှေရောင်သံမဏိ မဟာမိတ်အချက်ပြတံဆိပ်တစ်ခု ရှိနေသည်။
၎င်းက ဘာကို ဆိုလိုသည်ကို သူ ကောင်းကောင်းသိသည်။ လင်းရှန်က သံမဏိမဟာမိတ်အဖွဲ့ဝင်တစ်ယောက်ကို ရှင်းပစ်ခဲ့ပြီး ဖြစ်သော်လည်း လူအနည်းငယ်နှင့် အာခီစိုင်းမြို့ထဲသို့ ရဲတင်းစွာ ဝင်လာရဲသည်။ ဆိုလိုသည်မှာ မဟာမိတ်အဖွဲ့၏ ခြိမ်းခြောက်မှုက သူ့အပေါ် မသက်ရောက်ခြင်း သို့မဟုတ် ဓားပြများက သူ့ကို မတိုက်ခိုက်ဝံ့ခြင်း ဖြစ်နိုင်သလို လင်းရှန်က သူတို့၏ စနစ်ကိုထိုးဖောက်ထားနိုင်ခြင်းလည်း ဖြစ်နိုင်သည်။
ဘယ်လိုပဲဖြစ်ဖြစ် လင်းရှန်တွင် အစစ်အမှန်စွမ်းအားနှင့် အရင်းအမြစ်များရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ဟန်ရှန်းတောင်ကြား အားကစားကွင်းတွင် လင်းရှန်က လျှပ်စစ်ဂတ်တလင်သေနတ်ကို သူ့မျက်စိရှေ့တင် တည်ဆောက်ပြခဲ့သည်ကို သူ မှတ်မိနေသေးသည်။ ထိုစဉ်ကတည်းက ယန္တရားစွမ်းအားက မည်မျှကြောက်စရာကောင်းကြောင်း သူ ပထမဆုံးသိရှိခဲ့ရခြင်း ဖြစ်သည်။
တံဆျပ်ပြားကို ကြည့်ရင်း ဟူလုရှို့၏ မျက်လုံးများ စူးရှလာသည်။
“သူတို့ကို ခေါ်လိုက်တော့”
ဆန်းချန်း ချက်ချင်းပင် လှည့်ထွက်သွားသည်။
မိနစ်နှစ်ဆယ်အကြာတွင် နှင်းဆီနက်ဘား၏ သီးသန့်ခန်းတစ်ခု၌ လူဆယ်ယောက်ကျော် စုဝေးရောက်ရှိနေကြပြီး အဖွဲ့လေးဖွဲ့ ကွဲနေသည်။
အကြီးဆုံးအဖွဲ့မှာ အာရုဏ်ဦးယဥ်တန်းဖြစ်ပြီး ခေါင်းဆောင်မှာ အသက်လေးဆယ်အရွယ် ဗိုက်ရွှဲရွှဲနှင့် လုကျောက်ဟု အမည်ရသော လူတစ်ယောက်ဖြစ်သည်။ လူနှစ်ရာကျော်၊ အားကောင်းသော လျှပ်စစ်ထရပ်ကားများနှင့် လေကြောင်းရန်ကာကွယ်ရေး လက်နက်များဖြင့် သူတို့သည် အလယ်အလတ်အဆင့်ယာဉ်တန်းတစ်ခုဖြစ်သည်။
နောက်ထပ်အဖွဲ့တစ်ခုဖြစ်သော အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးမှာ အခြားသူများထက် ပို၍ တင်းမာနေပုံရသည်။ သူတို့ကိုယ်မှ ပစ္စည်းများမှာ မသေမသပ်ဖြစ်သော်လည်း လက်နှိပ်ဓာတ်မီး၊ ဓားမြှောင်၊ သေနတ်၊ ရေသန့်ဗူး စသည်ဖြင့် အစုံအလင် ပါရှိသည်။ သူတို့သည် အာခီစိုင်းညီနောင်များအဖွဲ့ ဖြစ်ပြီး အနောက်ဂိုဘီတွင် သဲဓားပြများကြောင့် ပျက်စီးသွားသော ယာဉ်တန်းအသီးသီးမှ လွတ်မြောက်လာသူများဖြင့် အသစ်ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ သူတို့၏ ခေါင်းဆောင် ရှဲ့ကွမ်းသည် အသက်သုံးဆယ်ကျော် လူရွယ်တစ်ယောက်ဖြစ်ပြီး ကျန်ရှိနေသော လူများကို စုစည်းထားနိုင်သော်လည်း လက်နက်ကိရိယာပိုင်းတွင် အားနည်းနေဆဲဖြစ်သည်။
နောက်ဆုံးအဖွဲ့မှာ လုံခြုံရေးယဥ်တန်းဖြစ်ပြီး အဖွဲ့ဝင် ခြောက်ဆယ်ခန့်ရှိကာ လက်နက်ကိရိယာ ကောင်းမွန်ပြီး တိုက်ခိုက်ရေးစွမ်းအား အသင့်အတင့်ရှိသည်။ သူတို့၏ ခေါင်းဆောင် ဝူတာဖန်းသည် လူလတ်ပိုင်းအရွယ်ဖြစ်ပြီး ဤအခန်းထဲတွင် ဆက်ဆံရအလွယ်ဆုံးလူလည်း ဖြစ်နိုင်သည်။
ဟူလုရှို့သည် သူ၏ လက်ထောက် ဆန်းချန်းနှင့်အတူ သူတို့မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး သူ့လူများကို အရက်ငှဲ့ခိုင်းလိုက်သည်။
“သူဌေးဟူ သဘက်ခါမှ ဆုတ်ခွာမယ်လို့ ငါ ထင်ထားတာ အခု ဘာလို့ ငါတို့ကို ခေါ်တာလဲ”
အာရုဏ်ဦး ယဥ်တန်းမှ လုကျောက်က မျက်မှောင်ကြုတ်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။
“ငါတို့ ကင်းထောက်တွေက ဒီနေ့ စမ်းချောင်းပျက်တောင်ကြားနားမှာ ကန္တာရကင်းမြီးကောက်ဂိုဏ်း လှုပ်ရှားနေတာ တွေ့တယ်။ အဲဒီသဲကန္တရဓားပြတွေက အာခီစိုင်းကို သိန်းငှက်တွေလို စောင့်ကြည့်နေကြတာ ပုန်းတောင် မပုန်းကြဘူး။ မြို့ထဲမှာ သူလျှိုတွေ ရှိနေမှာ သေချာတယ်။ ငါတို့ ပူးပေါင်းနေတာကို သူတို့ သိသွားရင် သွားပြီပဲ”
“ဘာမှမဖြစ်ပါဘူး”
ဟူလုရှို့က ရယ်မောရင်း သူ့ရင်ဘတ်ကို ပုတ်ပြလိုက်သည်။
“ငါ့ယာဉ်တန်းက ဒီမှာပဲ ရှိနေသေးတာပဲကို ဘာကြောက်နေကြတာလဲ။ ပြီးတော့ ငါက သူတို့ကို ဘာမှမလုပ်ဘဲ ပိုက်ဆံတွေ အများကြီးရအောင် လုပ်ပေးထားတာ… သူတို့က ငါ့ကို ဘိုးဘေးတွေလို ကိုးကွယ်သင့်တယ်။ ဘယ်လူအက ပိုက်ဆံရပေါက်ကို ပိတ်ပစ်မှာလဲ”
“အဟက်”
လုကျောက်က လှောင်ပြုံးပြုံးရင်း ဟူလုရှို့ကို စိုက်ကြည့်လိုက်သည်။
“မင်း တခြားလူတွေကို လိမ်လို့ရပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ မလိမ်ပါနဲ့။ ဒါပေါ့… လမ်းခွန်ကောက်တဲ့ အကြံက မင်းအကြံပဲလေ… ဒါပေမဲ့ မင်းက အစားထိုးလို့ မရတဲ့လူတော့ မဟုတ်ဘူး။ မင်း ဒီမှာ အခွန်ကောက်နေတာ နှစ်ပတ်ကျော်ပြီ။ သူတို့က မင်းကို အရိုးပါမကျန် ဝါးမျိုပြီး သူတို့ဘာသာသူတို့ ကောက်ဖို့ ကြံနေကြပြီလို့ ငါလောင်းရဲတယ်။ သူတို့က ဘာလို့ မင်းကို ဝေစုဆက်ပေးနေမှာလဲ”
သူက မျက်လုံးမှေးလိုက်ပြီး
“ကျားက မင်းရဲ့ လည်ချောင်းကို ကြည့်နေတဲ့အချိန်မှာ မင်းက ကျားပေါ်က သန်းတွေကို ဖယ်ပေးနေတာပဲ။ အဲဒီလိုသာမဟုတ်ရင် မင်းက ဘာလို့ အဖွဲ့ဖွဲ့ပြီး ထွက်ပြေးဖို့ ကြိုးစားနေမှာလဲ ငါပြောတာ မှားလား”
ထိုစကားကြောင့် အာခီစိုင်းညီနောင်များအဖွဲ့မှ ရှဲ့ကွမ်းက ဝင်ပြောလိုက်သည်။
“မြို့ထဲက တခြားယာဉ်တန်းတွေလည်း အကုန်မဟာမိတ်ဖွဲ့ပြီးပြီ။ မနက်ဖြန် မိုးလင်းတာနဲ့ သူတို့က မစူးစမ်းရသေးတဲ့ နယ်မြေထဲကို သွားကြတော့မယ်။ အကယ်၍ ယာဉ်တန်းအသစ်တွေ ထပ်မလာဘဲ ငါတို့နည်းနည်းပဲ ကျန်ခဲ့ရင် ဒီလို တိတ်တဆိတ်အစည်းအဝေးလုပ်တာက သံသယဖြစ်စရာပဲ။ တကယ်လို့ သဲကန္တရဓားပြတွေ တစ်ခုခုရိပ်မိသွားရင် သူတို့ လှုပ်ရှားလာကြလိမ့်မယ်”
လုံခြုံရေးယဥ်တန်းမှ ဝူတာဖန်းက စိုးရိမ်တကြီးဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
“အားလုံးပေါင်းရင် လူငါးရာလောက် ရှိတတာပဲ… သဲကန္တရဓားပြတွေက မြို့ကို တိုက်ရဲပါ့မလား”
“ကျွတ်” လူကျောက်က စုတ်သပ်လိုက်သည်။
“အိုး… ခေါင်းဆောင်ဝူ… အဲဒီ ၅၀၀ထဲမှာ လူအိုတွေ၊ လူမမာတွေ၊ ကလေးတွေ ပါသေးတယ်လေ။ တကယ် တိုက်နိုင်တဲ့လူက သုံးရာလောက်ပဲ ရှိတာ။ သဲကန္တရဓားပြယာဉ်တန်းတွေမှာက ဘယ်သူ့ကိုမှ စောင့်ရှောက်နေစရာ မလိုဘူး”
ထိုစကားက အဓိကအချက်ကို ထိမှန်သွားသဖြင့် ရှဲ့ကွမ်းနှင့် ဝူတာဖန်းတို့ မျက်နှာပျက်သွားသည်။ ဝူတာဖန်းက ဟူလုရှို့ဘက်သို့ အမြန်လှည့်ကာ
“သူဌေးဟူ မင်းက စတားဖလိ့နဲ့ အနီရောင်တိုက်ခိုက်ရေးအဖွဲ့နဲ့ ဆက်သွယ်လို့ရတယ်လို့ ပြောထားတယ်မဟုတ်လား ဘာသတင်းရလဲ”
“ဟုတ်တယ်” လုကျောက်က ဝင်ပြောသည်။
“ငါတို့ မင်းဆီကနေ အကျိုးအမြတ်တွေ ရခဲ့တာ မှန်ပါတယ် ဒါပေမဲ့ မင်းက ချွမ်းချန်မြို့အထိ ဘေးကင်းတဲ့ လမ်းကြောင်းပေးမယ်… အနီရောင်တိုက်ခိုက်ရေးအဖွဲ့နဲ့ ဆက်သွယ်ပေးမယ်လို့ ကတိပေးထားလို့သာ ငါက သဲကန္တရဓားပြတွေကြားကနေ မင်းနဲ့အတူ စွန့်စားဖို့ သဘောတူထားတာပဲ”
သူ လိမ်ပြောနေခြင်း မဟုတ်ပေ။ သူ့ယာဉ်တန်းတွင် အင်အားအသင့်အတင့်ရှိသဖြင့် တခြားအဖွဲ့နှင့် ပူးပေါင်းနိုင်သလို လမ်းခွန်ပေးပြီး ထွက်သွား၍လည်း ရသည်။ သို့သော် ထိုလမ်းခွန်နှင့် ပြီးသွားမည်ဟု သူမယုံကြည်ပေ။ တခြားယာဉ်တန်းနှင့် ပူးပေါင်းလျှင်လည်း ထူးဆန်းသည့် သတ္တဝါများ ရှိနေသည်ဟု သတင်းထွက်နေသော ကီလိုမီတာ ထောင်ချီဝေးသည့် စွန့်ပစ်နယ်မြေကို ဖြတ်ကျော်ရမည်မှာ သူ မကြိုက်သော စွန့်စားမှုဖြစ်သည်။ လုကျောက်သည် အနိုင်ရခြေရှိသော တိုက်ပွဲများကိုသာ သဘောကျသဖြင့် ခိုင်လုံသော သတင်းအချက်အလက်ရရန် ဟူလုရှို့ထံ ချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။
အာခီစိုင်းညီနောင်များအဖွဲ့ကတော့ အမြင်တစ်မျိုးရှိသည်။ သူတို့က မြို့ထဲရှိ မဟာမိတ်အဖွဲ့များတွင် အသံမထွက်နိုင်သော အဖွဲ့ငယ်လေးဖြစ်သဖြင့် ဤပူးပေါင်းအဖွဲ့ထဲဝင်ရခြင်းက ဘေးကင်းမှုနှင့် အကျိုးကျေးဇူးများ ရရှိစေသည်။ ရှဲ့ကွမ်း၏ လူများသည် သဲကန္တရဓားပြများကြောင့် သူငယ်ချင်းများနှင့် မိသားစုများကို ဆုံးရှုံးခဲ့ရသူများ ဖြစ်သည်။ သူတို့အများစုမှာ အငြိုးအတေးများဖြင့် တောက်လောင်နေပြီး ပြန်လည်တိုက်ခိုက်ရန် အားခဲထားကြသည်။ တကယ်တမ်းတွင်မူ သူတို့က ဟူလုရှို့ကို အားအပေးဆုံးလူများ ဖြစ်ကြသည်။
Chapter 565
သူတို့ ထွက်ပြေးသွားမှာကိုပဲ ငါစိုးရိမ်တယ် ၃
“ကောင်းပြီ ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်”
ဟူလုရှို့က အသံကို မြှင့်လိုက်ပြီး “ငါ မင်းတို့ကို မိုးမချုပ်ခင် ဒီမှာ စုခိုင်းရတာက... အနီရောင်တိုက်ခိုက်ရေးအဖွဲ့ လာမှာ မဟုတ်ဘူးလို့ ပြောဖို့ပဲ။ သူတို့ အခု မြွေတောင်ကြားမှာ စခန်းချနေကြတယ်။ ငါတို့ စောင့်နေလို့ မရဘူး။ ဆုတ်ခွာရေးအစီအစဉ်ကို ပြောင်းရမယ်”
“ပြောင်းမယ် ဟုတ်လား… ဘယ်တော့လဲ”
တစ်ယောက်က မေးလိုက်သည်။
ဟူလုရှို့ ၏ မျက်လုံးများက ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် ပြတ်ပြတ်သားသား ပြောလိုက်သည်။
“မနက်ဖြန်”
“မနက်ဖြန် ဟုတ်လား” လုကျောက် မျက်မှောင်ကြုတ်သွားသည်။
“မင်း အတည်ပြောနေတာလား”
“အတည်ပြောနေတာ”
ဟူလုရှို့က အခိုင်အမာပြောလိုက်သည်။
ဝူတာဖန်းက အံ့သြသွားသည်။
“သူဌေးဟူ... မင်းက တခြားယာဉ်တန်းတွေနဲ့အတူ မိုးမလင်းခင် ခိုးထွက်ဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်”
ထိုမေးခွန်းက အခြားသူများကိုပါ စဉ်းစားသွားစေသည်။ လုကျောက်၏ မျက်နှာ တင်းမာသွားပြီး
“သူဌေးဟူ အဲဒီတခြားယာဉ်တန်းတွေက ငါတို့ကို သူတို့နဲ့အတူ ခေါ်မှာ မဟုတ်ဘူး”
“သူတို့ ခေါ်မှာ မဟုတ်ဘူး”
ဟူလုရှို့က လက်ကာပြလိုက်သည်။
“ငါ ပြောပြီးပြီ… ငါ့မှာ ကိုယ်ပိုင်လမ်းကြောင်းရှိပါတယ်လို့”
လုကျောက်က မျက်မှောင်ကြုတ်လိုက်သည်။
“အနီရောင်တိုက်ခိုက်ရေးအဖွဲ့က ငါတို့နဲ့ တကယ်လာဆုံမှာ သေချာလား”
“ငါ့ကို ယုံစမ်းပါ”
ဟူလုရှို့က ရယ်မောရင်း အားလုံးကို စိတ်အေးအေးထားရန် အချက်ပြလိုက်သည်။
“ငါသာ စိတ်မချရရင် ဒီလိုမျိုး လောင်းကြေးထပ်မှာ မဟုတ်ဘူး။ အစီအစဉ်အတိုင်းပဲ လုပ်ကြမယ်။ မနက်ဖြန်မနက် ယာဉ်တန်းအားလုံး လက်နက်အပြည့်အစုံနဲ့ စုကြမယ်။ သတိအပြည့်နဲ့ နေကြ… နေ့လည်လောက်ဆိုရင် အာခီစိုင်းရဲ့ မစူးစမ်းရသေးတဲ့ နယ်မြေထဲကို ငါတို့ ရောက်နေရမယ်”
အခန်းထဲတွင် တိတ်ဆိတ်သွားသည်။
ရှဲ့ကွမ်းက ပထမဆုံး ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ… သူဌေးဟူ ငါ အားလုံးကို အဆင်သင့်ဖြစ်အောင် ပြင်ထားလိုက်မယ်”
လုကျောက်က ဟူလုရှို့ကို အကြာကြီး စိုက်ကြည့်နေပြီးနောက် သူ့ပေါင်သူ ပုတ်လိုက်သည်။
“ကောင်းပြီ အားလုံး တစ်လှေတည်းစီး တစ်ခရီးတည်း သွားကြတာပဲ သံသယဝင်နေလို့လည်း မထူးတော့ဘူး။ ဒီလိုအချိန်မျိုးမှာ ခြေလှမ်းတိုင်းက လောင်းကစားပဲ။ အခု အသက်ရှင်ကျန်ခဲ့ရင်တောင် နောက်ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိဘူး။ ငါက ဒီထက် ဆိုတာတွေတောင် ကြုံဖူးသေးတာပဲ… ဖာ့ခ်”
သို့သော် ဝူတာဖန်းကမူ တင်းမာနေပုံရသည်။
“မြို့ထဲမှာ ငါတို့ကို စောင့်ကြည့်နေတဲ့ သူလျှိုတွေ ရှိနိုင်တယ်။ မနက်ဖြန် လှုပ်ရှားမယ်ဆိုရင် လူသိရှင်ကြားဖြစ်သွားလိမ့်မယ်။ ဒီညတော့ အခြေအနေကို သိုသိုသိပ်သိပ်နေကြဖို့ ငါအကြံပေးချင်တယ်”
“ဒါပေါ့”
လုကျောက်က နှာခေါင်းရှုံ့လိုက်သည်။
“ငါတို့က မီးရှူးမီးပန်းတွေ ဖောက်ဖို့ ပြင်နေတယ် ထင်လို့လား။ ငါကတော့ အဲဒီသဲကန္တရပုရွက်ဆိတ်တွေကို ရှောင်ချင်တယ်။ ဒီညသာ ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်နဲ့ တိုးရင်တော့ တကယ့်ငရဲပဲ”
သူက ရှဲ့ကွမ်းဘက် လှည့်လိုက်သည်။
“မင်းတို့ယာဉ်တန်းကို ဒီည မြို့ထဲကို ရွှေ့ထားလိုက်။ ပိုကျယ်တဲ့ နေရာတစ်ခု ရှာထား… မနေ့ညကလို ထပ်တိုက်ခံရရင် ဘယ်သူမှ ကူညီနိုင်မှာ မဟုတ်ဘူး”
ရှဲ့ကွမ်းက လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
“ကဲ ဒါပဲမဟုတ်လား… သွားကြစို့”
လုကျောက်က ပထမဆုံး ထရပ်လိုက်သည်။
ထိုသို့ဖြင့် လျှို့ဝှက် မဟာမိတ်အစည်းအဝေး ပြီးဆုံးသွားသည်။
နေဝင်ရီတရောအချိန်တွင် အာခီစိုင်းမြို့ပတ်ဝန်းကျင်ရှိ ယာဉ်တန်းများကြားတွင် တင်းမာမှုများ ဖုံးလွှမ်းနေသည်။ လူများသည် မိမိတို့၏ ယာဉ်များကို ပြန်လည်စစ်ဆေးနေကြပြီး အချို့က ဖုန်မဝင်ရန် လေဝင်ပေါက်များကို ဂွမ်းများဖြင့် ပိတ်နေကြသည်။ ရိက္ခာများ ဝေငှပြီးနောက် လူအတော်များများက သံချပ်ကာပြားများနှင့် တံခါးများကို ပိတ်ဆို့ကာ အဆိုးဆုံးအတွက် ပြင်ဆင်နေကြသည်။
နှင်းဆီနက်ဘား၏ မြေအောက်ခန်းတွင် ဟူလုရှို့သည် သူရရှိထားသော ပစ္စည်းများကို သိမ်းဆည်းရန် အလုပ်ရှုပ်နေသည်။
သူ၏ ထက်မြက်သော ဦးနှောက်ကြောင့် တစ်ပတ်ကျော်အတွင်း ထူးဆန်းသည့် သွေးပဲစေ့တစ်ရာကျော်နှင့် တန်ဖိုးရှိသော ပစ္စည်းများစွာ ရရှိခဲ့သည်။
ဓားပြများ မသိသည်မှာ (သို့မဟုတ် ဂရုမစိုက်သည်မှာ) ဟူလုရှို့သည် ယာဉ်တန်းတိုင်းကို ‘လူငါးယောက်လျှင် သွေးပဲစေ့တစ်ခု’ နှုန်းဖြင့် အမြဲမကောက်ခြင်းပင် ဖြစ်သည်။ သူက မကြာခဏ လျှော့စျေးပေးခြင်း သို့မဟုတ် အကူအညီများဖြင့် လဲလှယ်ခြင်းများ ပြုလုပ်တတ်သည်။ ထို့ကြောင့် အာခီစိုင်းရှိ ယာဉ်တန်းများစွာသည် သူ့အပေါ် အငြိုးအတေး ကြီးကြီးမားမားမရှိကြပေ။
ယာဉ်တန်းကြီးများအတွက် ထိုအမှတ်အသားက ပြဿနာများကို ရှောင်ရှားရန်နှင့် အချက်အလက်ရရန် အသုံးဝင်သော နည်းလမ်းတစ်ခု ဖြစ်သည်။ ပိုက်ဆံအနည်းငယ် ပေးရခြင်းက အဆင်ပြေမှုအတွက် တန်ဖိုးရှိသည်။
ယာဉ်တန်းအငယ်လေးများအတွက်မူ အမှတ်အသားရှိသော်လည်း ဘေးကင်းသည်ဟု မခံစားရပေ။ ထို့ကြောင့် သူတို့က မဟာမိတ်ဖွဲ့ရန် ကြိုးစားကြသည်။ တစ်နည်းအားဖြင့် ဟူလုရှို့ က သူတို့ကို ကူညီပေးခဲ့ခြင်းဖြစ်သည် - စုစည်းမှုက အသက်ရှင်သန်နိုင်ခြေကို မြင့်မားစေပြီး သဲကန္တရဓားပြများသည် ပြဿနာ၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။
“မနက်ဖြန်ကတော့ တကယ့် သွေးချောင်းစီးပွဲ ဖြစ်တော့မယ်”
ဆန်းချန်းက မြေအောက်ခန်း တံခါးဝမှ အေးစက်စွာ ပြောလိုက်သည်။
“ဒါပေါ့...” ဟူလုရှို့ က အသက်ကို ပြင်းပြင်းရှူလိုက်သည်။
“ငါတို့ တစ်ခုခု အကြီးအကျယ်မလုပ်ခင် အခြေစိုက်စခန်းရှာရမယ်။ ဒီလိုကမ္ဘာမျိုးမှာ မင်းမှာ အင်အားမရှိမချင်း လူတိုင်းက မင်းကို အသားတုံးတစ်ခုလိုပဲ မြင်ကြမှာပဲ”
သူက သူစုဆောင်းထားသော ပစ္စည်းများကို ကြည့်ရင်း မျက်ရည်ဝဲလာသည်။
“ဒီသနားစရာကောင်းတဲ့ လုရှို့လေး... ဒီလောက် ပိုက်ဆံတွေ ရှာထားတာ တစ်ခါမှတောင် ကောင်းကောင်း မသုံးလိုက်ရသေးဘူး...”
သူက အပြင်းစား ဝီစကီတစ်ခွက်ကို ယူပြီး အသက်ပြင်းပြင်းရှူကာ သောက်ချလိုက်သည်။
ဆန်းချန်းက မျက်လုံးလှန်ကြည့်လိုက်ပြီး ဆုတ်ခွာရန်အတွက် ပြင်ဆင်မှုများ စတင်လိုက်သည်။
ထိုအချိန်တွင် နေဝင်ဆည်းဆာချိန်အောက်၌ ယာဉ်တစ်စီးသည် အာခီစိုင်းမြို့မှ ထွက်လာပြီး ပျက်စီးနေသော လမ်းဘေးဟိုတယ်တစ်ခုဆီသို့ ဦးတည်မောင်းနှင်သွားသည်။
ဖုန်မှုန့်များနှင့်အတူ ကားရပ်သွားသည်။ လူနှစ်ယောက် ထွက်လာပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကာ အတွင်းသို့ ဝင်သွားကြသည်။
ထိုနေရာမှာ ပျက်စီးနေပြီး ဖုန်ထူသော စားပွဲများ၊ ဆွေးမြေ့နေသော ပရိဘောဂများနှင့် ကြမ်းပြင်ပေါ်တွင် ခြောက်သွေ့နေသော အလောင်းအချို့ ရှိနေသည်။ ထိုလူနှစ်ယောက်မှာ လုံခြုံရေးယဥ်တန်းမှ ဝူတာဖန်းနှင့် သူ့လူတစ်ယောက် ဖြစ်သည်။
သူ၏ ဖော်ရွေသော မျက်နှာမှာ ပျောက်ကွယ်နေပြီး မျက်လုံးများက စူးရှကာ အေးစက်နေသည်။ ဟိုတယ်ခန်းမအလယ်တွင် ရပ်ရင်း သူက အော်ပြောလိုက်သည်။
“ပုန်းမနေနဲ့တော့… မနက်ဖြန် အမြန်အပြတ်ရှင်းရအောင်”
ထောင့်တစ်နေရာမှ အရိပ်တစ်ခုက နံရံမှ ထွက်လာသည်။ ပါးစပ်တွင် ဆေးမင်ကြောင်များဖြင့် ကတုံးနှင့် လူငယ်တစ်ဦး ထွက်လာပြီး ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်အောင် ရုပ်ဖျက်ထားသည်။
ထိုလူငယ်က ပီကေဝါးရင်း ထွက်လာပြီး “ပြော”
“ဟူလုရှို့က အစီအစဉ် ပြောင်းလိုက်ပြီ။ သူ မနက်ဖြန်မနက် လှုပ်ရှားတော့မယ်။ အခုချက်ချင်း ခေါင်းဆောင်ကို သွားပြောလိုက်”
ဝူတာဖန်းက အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“တခြားယာဉ်တန်းတွေနဲ့လား”
“မဟုတ်ဘူး။ သူက မြွေတောင်ကြားလမ်းကို သုံးမှာတဲ့ အနီရောင်တိုက်ခိုက်ရေးအဖွဲ့နဲ့ ချိတ်ဆက်ထားတယ်လို့ ပြောတယ်”
“အလကားပါ” ကတုံးက ရယ်မောလိုက်သည်။
“အဲဒီနေရာတစ်ခုလုံးက ငါတို့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပဲ… ရယ်စရာကြီး”
“ငါ သူ့ကို ဘာမှ ပြန်မပြောခဲ့ဘူး”
ဝူတာဖန်းက နှာခေါင်းရှုံ့လိုက်သည်။
“အဲဒီကောင်က ထွက်ပြေးဖို့ ကြံနေတာ ကြာပြီ။ အခုတော့ ယာဉ်တန်းအချို့ကို သူနဲ့အတူလိုက်အောင် ဆွဲဆောင်ထားနိုင်ပြီ။ သူက ငါတို့နဲ့ လင်းယုန်နီဂိုဏ်းလက်ကနေ လွတ်မယ် ထင်နေတာလား။ ခေါင်းဆောင်က ဒါကို ပထမကတည်းက ရိပ်မိပြီးသား။ သူက ဟူလုရှို့ကို လမ်းဖွင့်ပေးဖို့ပဲ သုံးထားတာ… ဒါကြောင့် သူ့ကို ရက်နည်းနည်း ပိုအသက်ရှင်ခွင့် ပေးထားတာပဲ”
ကတုံးက ခေါင်းညိတ်သည်။
“ရပြီ… ငါ အခုချက်ချင်း ပြန်သွားမယ်။ မနက်ဖြန် အာခီစိုင်းက ဘယ်သူမှ အသက်ရှင်လျက် ထွက်မသွားစေရဘူး။ ဟူလုရှို့မှာ ပိုက်ဆံတွေ အများကြီးရှိတယ်လို့ ကြားတယ် သူ့အဖွဲ့တစ်ဖွဲ့တည်းနဲ့တင် ငါတို့ လဝက်လောက် စားလို့ရတယ်”
“ပြီးတော့ အဲဒီအာရုဏ်ဦးယဥ်တန်းလည်း မဆိုးဘူး”
ဝူတာဖန်းက လှောင်ပြုံးပြုံးရင်း
“စိတ်မပူနဲ့… ငါ အထဲကနေ အားလုံးကို ကိုင်တွယ်ထားမယ်။ သူတို့ အကြာကြီး မခံပါဘူး”
“အော် ဒါနဲ့”
သူက လှမ်းကြည့်လိုက်ပြီး
“မင်းကို လိုက်ခိုင်းထားတဲ့ ယာဉ်တန်းကော ဘာသတင်းရလဲ သူတို့က ဟူလုရှို့ နဲ့ ဆက်သွယ်ထားတာဆိုတော့ ပါဝင်နိုင်တယ်”
“အဟက်”
ကတုံးက နှာခေါင်းရှုံ့လိုက်သည်။
“ရုပ်ချောချော ကောင်လေးတွေနဲ့ ကောင်မလေးတွေအုပ်စုပဲ။ ငါကတော့ လက်နက်ကိရိယာအကောင်းစားတွေနဲ့ အထူးတပ်ဖွဲ့ထင်နေတာ။ တကယ်တော့ အတွေ့အကြုံမရှိတဲ့ ယာဉ်တန်းအသစ်လေးပဲ လူလေးဆယ်တောင် မပြည့်ဘူး”
“မင်း သေချာလား”
ဝူတာဖန်းက မျက်မှောင်ကြုတ်လိုက်သည်။
“ဘားမှာ တွေ့တုန်းက သူတို့က သာမန်လူတွေနဲ့ မတူဘူးလို့ ငါ ခံစားရတယ်။ သူတို့က စွမ်းအားရှင် အထူးအဖွဲ့ဖြစ်နေမလား”