လှုပ်ခတ်နေတဲ့ မြို့တော်ကြီး
Vol. 7 Ch. 61
မူလက လူဦးရေဆယ်သန်းခန့်သာရှိတဲ့ မြို့တော်ကြီးက ရက်ပိုင်းအတွင်းမှာပဲ နှစ်ဆနီးပါး များပြားလာတာကို အထင်ရှားတွေ့မြင်နိုင်လေသည်။ အများစုက လေလွင့်ကျင့်ကြံသူများဖြစ်ပြီး အချို့ကုန်သည်အင်အားစုများကလည်း ရက်အနည်းငယ်ကြာလျင်ပြုလုပ်မည့် ပြိုင်ပွဲအတွက် ကုန်သွယ်ရန်ရောက်လာကြသည်။
လမ်းမများ၌ ကျင့်ကြံသူများ ဥဒဟိုသွားလာနေကြပြီး ကျင့်ကြံခြင်းနှင့် ဆက်စပ်သည့် အရောင်းဝယ်ဆိုင်များကလည်း သိသာစွာပဲ ပေါများလာသည်။ ထိုအခြေနေကို စုလဲ့တို့ မျှော်လင့်ထားပြီးသားဖြစ်သော်လည်း မြို့တော်ပိုစည်ကားလေ သူမတို့တာဝန်ယူရမယ့် နောက်ဆက်တွဲပမာဏက ကြီးမားလေဖြစ်မည်ကိုတွေး၍ အနည်းငယ် စိတ်ဖိစီးလာကြသည်။
ဤတိုးပွားလာသည့် ပမာဏထဲ၌ သေမျိုးများ မည်မျှပါလေမည်နည်း။ သူမစဥ်းစားလို့ပင်မရချေ။ အခြေနေများကိုသာ မထိန်းချုပ်နိုင်ခဲ့ပါက မည်သို့ဖြစ်မည်နည်း။
ကျင်းလုံပင် အနည်းငယ်စိတ်ဖိစီးသလိုခံစားနေရကာ တဖက်တွင်တော့ မင်ယုရှန်းအားကုသပေးနေသည့် ယန်ချန်နေထိုင်ရာ မိုးကောင်းကင်တည်းခိုခန်းရှိရာဘက်အား ကြိမ်ဖန်များစွာ လှမ်းကြည့်နေမိသည်။
“အခြေနေတွေက ငါတို့ကိုင်တွယ်နိုင်တာထက် ပိုရှုပ်ထွေးသွားမယ်လို့ ထင်စပြုလာပြီ”
စုလဲ့လည်း ထိုသို့တွေးစပြုလာပြီ ဖြစ်သည်။ သူမတို့အစီစဥ်မှာ ရက်ပိုင်းအတွင်း စီစဥ်ခဲ့သော်လည်း ထိုကဲ့သို့စီစဥ်ရန် လိုအပ်တဲ့သတင်းအချက်အလက်များကိုတော့ အချိန်တော်ကြာ ရှာဖွေခဲ့ရသည်မဟုတ်လား။
“သေွးဝိဉာဥ်ဂိုဏ်းက သေမျိုးတွေကို ဦးတည်ပြီး လှုပ်ရှားလာခဲ့ရင် ငါတို့အစီစဥ်အချို့ လွဲချော်သွားနိုင်တယ်”
ကျင်းလုံရဲ့စကားကို စုလဲ့က မငြင်းပေ။
“ဒါပေမယ့် ကျမတော့ သူတို့အနေနဲ့ ကျင့်ကြံရေးအင်အားစုတွေကို အခုလိုတစုတစည်းတည်း ထိန်းချုပ်ဖို့အခွင့်ရေးကို လက်လွှတ်ခံမယ် မထင်ဘူး”
ဆူညံနေသည့်လမ်းမတလျှောက် ဆိုင်ခန်းများစွာဆီမှ ဖောက်သည်ခေါ်ယူနေသံကို ကြားနေရပြီး မြို့တော်ရဲ့စည်ကားမှုက ရာစုနှစ်အတွင်း အမြင့်ဆုံး၌ ရှိနေလေသည်။
“ဖေဖေ ဒီတခေါက်ကုန်သွယ်ရေးက သမီးတို့ကုန်သွယ်ရေးလုပ်ငန်းစတင်တဲ့ သက်တမ်းတလျှောက် အများဆုံးအမြတ်ရတာလို့ ပြောနိုင်ပြီလား”
ဆိုင်ခန်းတခုအတွင်းမှာတော့ အသက်၁၅နှစ်အရွယ်ကောင်မလေးတဦးက လက်ထဲမှငွေစများကို ရေတွက်ရင်း သူမရဲ့ပြုံးရွှင်နေသည့် မျက်နှာလေးက မဖုံးဖိနိုင်သလို ရွှင်မြူးနေသည်။ သူမဘေးရှိ သက်လတ်ပိုင်းလူကြီးကလည်း လက်ဖက်ရည်ကို အရသာခံကာ ဖြေးဖြေးချင်းသောက်ရင်း ထိုသူလည်း သိသာစွာပင် ဝင်ငွေကောင်းလာမှုအပေါ် ကျေနပ်နေလေသည်။
“အမှန်ပဲသမီး ဒီတခေါက်မြို့တော်ကပြန်ရောက်ရင် သမီးတို့မောင်နှမကို ဂိုဏ်းတခုခုမှာ ပါရမီစစ်ဆေးဖို့ အဖေပို့ပေးမယ်”
ပါရမီစစ်ဆေးခြင်းဆိုသည်ကား အသက်ဆယ်နှစ်မှ ဆယ့်ငါးနှစ်ကြား လူငယ်များ၌ ကျင့်ကြံနိုင်သည့်ပါရမီပါမပါ စစ်ဆေးခြင်းဖြစ်ပြီး ထိုသို့စစ်ဆေးရန် ဂိုဏ်းတခုခုက တာဝန်ယူပေးသည်။ သို့သော် အလကားတော့မဟုတ်ချေ။ ပါရမီစစ်ဆေးရန်အတွက် ငွေစများစွာကုန်ကျပြီး ဂိုဏ်းအင်အားကောင်းလေ အကုန်ကျပိုများလေဖြစ်သည်။
“ဖေဖေ.. မောင်လေးကိုပဲ ဦးစားပေးလိုက်ပါ သမီးက မလိုပါဘူး”
သူမက ဖခင်ဖြစ်သူ၏ စိတ်ကူးအားတိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။ မောင်နှမနှစ်ဦးဆိုပါက ငွေကုန်ကြေးကျပိုများမည်ဖြစ်ပြီး ထိုပမာဏက သူမတို့မိခင်ရဲ့ ကျန်းမာရေးအား လုံးဝ သက်သာသည်ထိမဟုတ်ရင်တောင်မှ ထူထူထောင်ထောင်ဖြစ်လာရန်တော့ လုံလောက်ပေသည်။
“အဲ့လိုတော့လည်း ဘယ်ဟုတ်ပါ့မလဲ သမီးမေမေကိုယ်တိုင်က ဖေဖေနဲ့စိတ်တူပြီးသား ငြင်းမနေနဲ့တော့ ကျင့်ကြံသူတွေရဲ့ ပြိုင်ပွဲပြီးရင် လုပ်စရာရှိတာ လုပ်ကြတာပေါ့”
သမီးဖြစ်သူရဲ့ စိတ်ကိုသိနေတဲ့ဖခင်ဖြစ်သူက စကားစအားဖြတ်ချကာ နေရာမှထရန်ပြင်နေချိန်မှာပင် ဆိုင်ခန်းအတွင်းသို့ ဖောက်သည်အချို့ ဝင်ရောက်လာကြတော့သည်။
“ဧည့်သည်တို့ ကြွကြပါ ကျုပ်တို့ရဲ့ဆိုင်ထဲမှာ ဧည့်သည်တော်တို့ကို စိတ်တိုင်းကျစေမယ့်အရာတွေ ရှိပါတယ် စိတ်ကြိုက်လေ့လာလို့ရပါတယ်”
သက်လတ်ပိုင်းလူကြီးက ဖော်ရွေစွာပြုံးပြရင်း စင်အနည်းငယ်ပေါ်မှ ဆေးပင်အချို့အားလှမ်းယူကာ ပြသနေတော့သည်။
မိုးကောင်းကင်တည်းခိုခန်းမှာတော့ ယန်ချန်တယောက် မင်ယုရှန်း၏ဒဏ်ရာအား ကုသပေးနေခဲ့သည်။ အပ်စိုက်မှတ်များအား အာရုံစိုက်ရန် နာကျင်မှုသက်သာစေရန် ရံဖန်ရံခါ စကားအချို့ပြောပေးနေခဲ့ပြီး ထိုအရာများက ဆေးပညာနဲ့ပက်သက်သည့် အရာများဖြစ်ကာ မင်ယုရှန်းကလည်း သူမဝါသနာပါသည့် လက်ရေးလှရေးနည်းအကြောင်း ယန်ချန့်ထံ ပြန်လည်မေးမြန်းတတ်ပေသည်။
ရှုယင်တို့သားအမိကမူ အစောင့်ရှောက်၏ ကာကွယ်ပေးမှုကြောင့် စိတ်အေးလက်အေး စျေးဝယ်ထွက်နိုင်ခဲ့ပြီး တက်ကြွသည့် ယင်ယင်လေးက တည်းခိုခန်းနဲ့ ရန်ဖြစ်ထားသည့်နှယ် အချိန်အများစုကို လမ်းပေါ်၌သာ ကုန်ဆုံးရန် မိခင်ဖြစ်သူအား ဖိအားပေးနေခဲ့သည်။
“အရင်က ဒီမြို့ကိုရောက်ဖူးလား”
မင်ယုရှန်းရဲ့အမေးကို ယန်ချန်က ခေါင်းယမ်းပြလိုက်သည်။
“မရောက်ဖူးဘူး ကျင်းပြည်နယ်ကိုတော့ ရောက်ဖူးတယ် အချိန်ရရင် လည်ပတ်ဖို့တော့ တွေးထားပါတယ်”
ယန်ချန်က တည်ငြိမ်စွာပဲ ဖြေလိုက်ပြီး သူ့လက်အစုံကလည်း သတိကြီးစွာဖြင့် အပ်များအား စိုက်နေလေသည်။
“ဒါနဲ့ မင်တိုင်းပြည်ကမြို့တော်တွေကကော ဒီလိုပဲလား”
“အင်း.အတူတူလောက်ပါပဲ”
“ဧကရာဇ်ကျင်းနဲ့ မင်းတို့ကြား ဆက်ဆံရေးကို အပြင်လူတွေသိကြမယ်မထင်ဘူးနော်”
ယန်ချန့်ကိုအံ့အားသင့်စေသည်မှာ ထိုအရာပင်ဖြစ်သည်။ တိုင်းပြည်ရဲ့အထွဋ်ထိပ်၌ ရှိသူနှစ်ဦးကြား အလွန်ရင်းနီးသည့် ဂိုဏ်းတူမောင်နှမဆက်ဆံရေး ရှိမည်ဟုမည်သူက ထင်မှတ်ထားမည်နည်း။ မင်ယုရှန်းက တိတ်ဆိတ်စွာပဲ ထိုစကားအား မတုန့်ပြန်ချေ။
ထိုအချိန် မြို့တော်ရဲ့ ချောင်ကျတဲ့နေရာတခုက တည်းခိုခန်းအတွင်းမှာတော့ ဓားတထောင်ဂိုဏ်း၏ တပည့်များက မြို့တော်ကြီးတခုလုံးအား လွှမ်းခြုံထားနိုင်သည့် အစီရင်ကြီးတခုလက်စသပ်ရန် တိုင်ပင်နေသည်။
“စီနီယာအစ်ကိုကြီး မြန်မြန်လက်စသပ်ပြီး မြို့တော်ကိုလျှောက်လည်ရအောင် မြို့တော်ထဲမှာ အလှပဂေးလေးတွေ အများကြီးရှိတယ်လို့ ကြားထားတယ်ဗျ”
နှာခေါင်းအနည်းငယ်ပွပြီး မျက်နှာရဲနေသည့် လူတဦးက စီနီယာအစ်ကိုကြီးဆိုသူအား တက်တက်ကြွကြွပြောလာသည်။
“ဘာတွေလောနေတာလဲ အစီရင်ကပြီးလုနီးပါးဖြစ်နေပြီ သေးငယ်တဲ့အမှားယွင်းကိုတောင် အကြီးကဲလုက ခွင့်လွှတ်မှာမဟုတ်ဘူး မင်းတာဝန်ယူနိုင်လို့လား”
စီနီယာအစ်ကို တင်းမာစွာအော်ငေါက်နေသော်လည်း သူကိုယ်တိုင်ကပင် အပြင်ထွက်လိုနေသည့်အတွက် ကျောက်စိမ်းပြားမှတဆင့် အစီရင်ပြုလုပ်နေသူများထံ ချက်ချင်းပဲ ဖိအားတိုက်တွန်းတော့သည်။
“ဟားး စီနီယာအစ်ကိုကြီးလည်း ကျတော်နဲ့စိတ်ကူးတူနေတာပဲ အမှားယွင်းဖြစ်စရာမရှိပါဘူး ဒီနေ့ညဆိုအကုန်ပြီးပြီ ပြိုင်ပွဲစတာနဲ့ ဟဲဟဲ ကျုပ်တို့က အကျိုးမြတ်တွေကို ရိတ်သိမ်းရုံပဲ မဟုတ်လား”
“အမှန်ပဲ ဒါပေမယ့် ငါတို့အစီရင်ပြီးသွားရင်တောင် သတိထားရမယ် မင်းအခုချက်ချင်းသွားပြီး မြန်မြန်လုပ်ဖို့ ထပ်ပြောလိုက်”
“စိတ်ချပါ”
ပထမတယောက် ထွက်သွားပြီး မကြာခင်မှာပဲ မြို့တော်၏နေရာအနှံ့၌ ကျင့်ကြံသူလူတစုက ပုန်းလျှိုးကွယ်လျှိုးဖြင့် အစီရင်အားအဆုံးသတ်နေသည်ကို ကျင်းလုံ စုလဲတို့ သတိမထားမိခဲ့ကြချေ။
……………………………………………….