← Chapters

ပြိုင်ပွဲစတင်ပြီ

Vol. 7 Ch. 62

ပြိုင်ပွဲစတင်ပြီ

Vol. 7 Ch. 62

မြို့တော်ရှိ စားသောက်ဆိုင်တခု၌ ဖြစ်သည်။ တနေကုန်စျေးဝယ်ထွက်နေသည့် ရှုယင်တို့သားအမိနှစ်ဦး ယင်ယင်ရဲ့ပူဆာမှုကြောင့် အသားပေါက်စီနဲ့ စွပ်ပြုတ်အချို့ ဝင်ရောက်စားသောက်နေခြင်းဖြစ်ပြီး လိုက်ပါစောင့်ရှောက်ပေးသည့် အစောင့်နှစ်ဦးကိုပါ အတူထိုင်စေသည်။

အစောင့်နှစ်ဦးမှာ တော်ဝင်နန်းတွင်းတပ်မှမဟုတ်ပဲ ကျင်းလုံကိုယ်တိုင် အထူးတာဝန်ပေးခြင်း ခံထားရသည့် ပြင်ပကျင့်ကြံသူဇနီးမောင်နှံနှစ်ဦးဖြစ်ကာ မူလက ခပ်တန်းတန်းရှိသော်လည်း ယင်ယင်လေး၏ ချစ်စရာကောင်းသည့် အပြုအမူများဖြင့် ဆွဲဆောင်ခံလိုက်ရပြီးနောက် သားသမီးမရသေးသည့် ထိုနှစ်ဦးနဲ့ ရှုယင်တို့ကြား ဆက်ဆံရေးက မိတ်ဆွေသူငယ်ချင်းများနှယ် ရင်းနီးလာကြသည်။

ဧကရာဇ်ကိုယ်တိုင် စောင့်ရှောက်ပေးရန် ဆန္ဒရှိနေသည့် သေမျိုးသားအမိနှစ်ဦးက မည်သူနည်း။ နောက်ခံက မည်သည့်အရာများဖြစ်၍ ဧကရာဇ်မှ အလေးနက်ထားနေသနည်း။ ထိုအရာများကို ထိုလင်မယားနှစ်ဦးက စိတ်မဝင်စားကြချေ။ သူတို့နှစ်ဦးက မြို့တော်ရှိ အစောင့်ရှောက်လုပ်ငန်းတခုမှ ထိပ်တန်းအဆင့် ကျင့်ကြံသူဇနီးမောင်နှံများဖြစ်ကာ ကျင့်ကြံဆင့်များကလည်း အခြေတည်ဝိဉာဥ်အစောပိုင်းများ ဖြစ်ကြသည်။

“မေမေ ဒီပေါက်စီက ဦးဦးလုပ်တာလောက် မကောင်းဘူး”

ယင်ယင်က အသားပေါက်စီတလုံးအား တကိုက်ကိုက်ရင်း ပြောလာသည်။ မကောင်းဘူးဆိုသော်လည်း ပေါက်စီကိုတော့ လက်ထဲကမချပေ။

“ဘယ်တူမလဲ သမီးရဲ့ဦးဦးက အရမ်းတော်တယ်လေ”

“ဟုတ်တယ် ဟုတ်တယ် ဦးဦးကအရမ်းတော်တယ်”

ယင်ယင်လေးက အားတက်သရောထောက်ခံရင်း လက်ထဲမှပေါက်စီအား တကိုက်ထပ်ကိုက်လိုက်သည်။ ပြီးနောက် အစောင့်ရှောက်လင်မယားနှစ်ဦးအား လှည့်ပြောပြန်သည်။

“ကိုကိုကြီးနဲ့မမကြီး စားပြီးရင် မုန့်တွေရောင်းတဲ့ဘက် ခေါ်သွားဦးနော်”

သူမစကားကြားတော့ လင်မယားနှစ်ဦး မျက်လုံးအစုံပြူးကျယ်သွားသည်။ သူမလေးက တကယ်ကိုစားနိုင်လွန်းသည် မဟုတ်လား။ မိခင်ဖြစ်သူသာ နွမ်းပါးသည့်သူဖြစ်နေပါက သမီးဖြစ်သူ၏ တောင်းဆိုမှုအား မဖြည့်ဆည်းနိုင်သည့်အတွက် မည်မျှ စိတ်မကောင်းဖြစ်လေမည်နည်း။ သူတို့၌ သားသမီးရှိလာရင်ကော..။ ယောက်ကျားဖြစ်သူက အတွေးထဲမြောနေစဥ် ဇနီးဖြစ်သူက ယင်ယင်လေး၏ ပါးနှစ်အားညင်သာစွာညစ်၍ ပြောလိုက်သည်။

“သမီးက ထပ်စားနိုင်သေးတာလား”

ယင်ယင်က အထင်သေးရန်ကော ဟူသည့်အကြည့်ဖြင့် ပြန်ကြည့်ပြီးနောက် နှုတ်ခမ်းအနည်းငယ်ဆူကာ တုန့်ပြန်လာသည်။

“သမီးက အများကြီးစားနိုင်သေးတယ် နော်မေမေ”

ပြောရင်းပင် ဘေး၌ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းနေသည့် မိခင်ဖြစ်သူထံပါ သက်သေတောင်းနေသေးသည်။

“အရမ်းစားရင် အစာမကြေဖြစ်တတ်တယ်လို့ ဦးဦးပြောထားတာ သမီးမေ့နေပြီလား”

ရှုယင်က အနည်းငယ်ဆူလိုသည့် လေသံဖြင့်ပြောသည်။ ယင်ယင်က

“မမေ့ပါဘူး မေမေရဲ့ အစာမကြေတော့လည်း ဦးဦးဆီမှာ အစာကြေဆေးတွေအများကြီးရှိတာပဲဟာ တောင်းလိုက်မှာပေါ့”

ယင်ယင့်အသံလေးက စားသောက်ဆိုင်တခုလုံး ပျံ့လွင့်သွားကာ တခြားသူများ၏ အာရုံကလည်း ချစ်စကာကောင်းသည့် ကလေးမလေးကြောင့် ပြုံးစိစိဖြစ်သွားကြသည်။

“စကားတတ်လိုက်တာ ချစ်စရာလေးပဲ”

“ဟုတ်ပါ့ မအေကလည်းချော သမီးကလည်း ချစ်စရာလေးဆိုတော့ ဖအေကလည်း သေချာပေါက် ခန့်ငြားမှာပဲ”

ရုပ်ရည်ကို ဂရုစိုက်ကြသည်မှာ သေမျိုးများသာဖြစ်ပြီး ကျင့်ကြံသူများအတွက်တော့ ရုပ်ရည်က အဓိကမကျပဲ ခွန်အားကသာ အရာရာ ဖြစ်သည်။

ထိုအချိန် တောင်ကြားမှာတော့ ပြိုင်ပွဲစတင်ရန် ပြင်ဆင်နေကြပြီး ကျင်းလုံ စုလဲ့ ကိုယ်တော်ရန် ဖေးလုံ တုံစန်းတို့ဦးဆောင်သည့် ထိပ်တန်းကျင့်ကြံသူများကတော့ အဆောင်တခုရှိ လေသာဆောင်မှနေ၍ ပြင်ဆင်မှုများ စောင့်ကြည့်နေကြလေသည်။

“ထူးထူးခြားခြားဖြစ်စဥ်တော့မပေါ်သေးဘူး မိုင်တစ်ရာအနီးပတ်လည်ကို စောင့်ကြည့်ဖို့ဂိုဏ်းက ထိပ်တန်းလူငယ်တပည့်တွေ လွှတ်ထားတယ်”

ဖေးလုံက ပြောလိုက်သည်။ တုံစန်းကလည်း

“ကျုပ်ကတော့ ပြိုင်ပွဲဝင်တွေနဲ့ ပရိတ်သက်ကြား သူလျှိုတွေရောမပါနိုင်အောင် ကြပ်မတ်ထားတယ်”

ကျင်းလုံက ခေါင်းညိတ်ပြလိုက်သည်။

“အကုန်လုံးအဆင်ပြေပြေဖြစ်နေရင်တောင် သတိမပေါ့ဆကြနဲ့ ကျုပ်ရဲ့အာရုံနဲ့ခုထိ သူလျှိုတွေကို မတွေ့သေးဘူး ဒါကနည်းနည်းမသင်္ကာစရာကောင်းတယ် တဖက်သူမှာ ဖုံးကွယ်နိုင်တဲ့ရတနာအချို့ ရှိနေမှာစိုးရတယ်”

ကျင်းလုံရဲ့စကားကို ပန်းကိုးပွင့်ဂိုဏ်းမှ အကြီးကဲပန်းတပွင့်ကလည်း ထောက်ခံသည်။

“အရှင်မင်းကြီးပြောတာမှန်တယ် ရက်အနည်းငယ်ကြာတာတောင် တယောက်မှ မဖမ်းမိသေးဘူး သူတို့က ကြွက်တွေလိုအပုန်းကောင်းနေတာလား ကျမတို့ပဲ မရှာနိုင်လောက်အောင် ညံ့နေတာလား မပြောတတ်တော့ဘူး”

ထိုစကားကြားတော့ ကျန်တဲ့သူများလည်း အနည်းငယ်စိတ်လေးသလို ခံစားသွားရသည်။ ပြိုင်ပွဲကြေငြာပြီး တရားဝင်စတင်ရန်သက်မှတ်သည့်နေ့ကစ ယနေစတင်တော့မည်နေ့အထိ သူလျှိုတဦးမှ ဖမ်းမမိခြင်းက စိတ်ဖိစီးစေသည်။

ထိုအချိန် ပြိုင်ပွဲပြင်ဆင်နေသည့် အကြီးကဲထံမှ ပြိုင်ပွဲစတင်ရန် အသင့်ဖြစ်ပြီးဖြစ်ကြောင်း သတင်းပေးပို့လာသည်။ ဖေးလုက ထိုသတင်းအား လက်ခံပြီးနောက် ကျင်းလုံနဲ့အခြားသူများ အသိပေးကာ ပြိုင်ပွဲစတင်မည့်အကြောင်း အသိပေးကြေငြာလိုက်တော့သည်။

ပြိုင်ပွဲကွင်းပြင်က မီတာထောင်ပေါင်းများစွာကျယ်ဝန်းကာ ပတ်ပတ်လည်၌ ပွဲကြည့်စင်များစွာဝန်းရံထားပြီး ကျင်းလုံတို့ရှိသည့်နေရာက အကောင်းဆုံးနေရာတခုဖြစ်သည်။ ပွဲကြည့်စင်မြင့်ပေါ်၌ ကျင့်ကြံသူများသာမက သေမျိုးများလည်းရှိနေကာ စတင်ကြောင်းကြေငြာသည်နှင့် ပရိတ်သက်များ တဖြေးဖြေးထပ်မံဝင်ရောက်လာကြတော့သည်။

“အိုး ဆိုင်ထဲကလူတွေ ကသုတ်ကရိုက်နဲ့ ဘယ်ထွက်သွားကြတာလဲ”

ရှုယင်ကသိလိုဟန်ဖြင့် ပတ်ဝန်းကျင်အားအနည်းငယ် ဝေ့ဝဲကြည့်ကာမေးလိုက်သည်။ အစောင့်ရှောက်တဦးက ပြုံး၍ ဖြေသည်။

“ပြိုင်ပွဲစတင်ပြီလေ ပြိုင်ပွဲကြည့်ဖို့သွားကြတာနေမှာပါ”

“ဒါဆို လမ်းမတွေက စည်ပါဦးမလား”

ရှုယင်ရဲ့အကြည့်တွေက သိသာစွာပင် လူလျော့သွားသည့် လမ်းမကြီးများအားကြည့်ရင်း မေးလိုက်ပြန်သည်။ အစောင့်ရှောက်နှစ်ဦးထဲမှ ဇနီးဖြစ်သူက

“နေ့ဘက်မှာတော့ လူနည်းသွားနိုင်တယ် ဒါပေမယ့် ပြိုင်ပွဲက လဝက်ကြာမှာဆိုတော့ ညဘက်တွေမှာ လူပြန်စည်လာမှာ သေချာပါတယ် သခင်မတို့နောက်ရက်တွေဆို နေ့ဘက်အနားယူပြီး ညဘက်မှာထွက်လည်ကြပေါ့”

ရှုယင်က ခေါင်းညိတ်ပြလိုက်သည်။ ယင်ယင်လေးက ညဘက်ထွက်လည်ရမည်ကြားတော့ ဝမ်းသာသွားသည်။

“ညဘက်ထွက်လည်မှာလား ဒါဆိုဦးဦးကိုပါ ခေါ်လို့ရပြီ”

သူမလေးက ယန်ချန့်ကိုပါ အတူခေါ်ချင်သော်လည်း ယန်ချန့်၌ အလုပ်များရှိသည်ဟု ရှုယင်က ပြောထား၍ ယန်ချန်မလိုက်ပါနိုင်သည့်အပေါ် အရင်ရက်များက စိတ်မကောင်းဖြစ်နေသေးသည်။

“ဒါပေါ့ ဦးဦးကိုပါ မေမေတို့နဲ့လိုက်ဖို့ပြောလိုက်မယ် ဟုတ်ပြီလား ဒါပေမယ့် ယင်ယင်က မေမေ့စကားနားထောင်ရမယ်နော်”

“ဟုတ်ကဲ့”

ယင်ယင်က သိတတ်လိမ္မာသည့်ပုံစံဖြင့် ခေါင်းလေးညိတ်ကာ မိခင်ဖြစ်သူအား ရယ်ပြလိုက်သည်။

“ပြိုင်ပွဲစပြီထင်တယ်”

မင်ယုရှန်းက တောင်ကြားမှ ပြိုင်ပွဲစတင်ပြီဆိုသည့်အကြောင်း အာရုံခံမိ၍ တီးတိုးပြောသည်။ သူမရဲ့သွေးကြောများက နောက်ထပ်အနည်းငယ် ကုသပြီးလျင် အပြည့်အဝပြန်ကောင်းပြီဖြစ်ကာ မူလက ကျင့်ကြံဆင့်ပြန်ရရန် အချိန်ကြာမည်ဟု ထင်ထားသော်လည်း ယန်ချန့်ဆေးပညာက သူမကို တုန်လှုပ်သွားစေကာ ကုသနေချိန်မှာပဲ သူမရဲ့ မူလကျင့်ကြံဆင့်ဖြစ်သည့် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် အထွဋ်အထိပ်အား ပြန်လည်ရရှိသွားခဲ့ပြီး ချီစွမ်းအင်များလည်း သိသိသာသာတိုးတက်သွားသည်။ သူမသာ နိယာမအချို့ ဆုပ်ကိုင်မိပါက မဟာယာနအဆင့်အား ထပ်မံတက်လှမ်းနိုင်မည်ဖြစ်သော်လည်း ထိုအဆင့်ကတော့ အချိန်ကြာပေဦးမည်။

“ပြိုင်ပွဲစပြီလား”

ယန်ချန်ကထိုသို့မေးရင်း အပ်များအားထုတ်ယူကာ သိမ်းဆည်းလိုက်သည်။ တဆက်တည်း

“အပ်စိုက်ကုသတဲ့လုပ်ငန်းစဥ်ကတော့ ပြီးပြီ ဒီရက်ပိုင်းမင်းကိုနာကျင်စေမိတာတွေအတွက် အားနာပါတယ်”

(ဒီအမျိုးသမီးက နုနယ်သလိုထင်ရပေမယ့် အတော်လေးစိတ်ဓာတ်မာတယ် တော်ရုံလူမခံနိုင်တဲ့ နာကျင်မှုကို အသံတချက်တောင်မထွက်ဘူး ဒါက ကျင့်ကြံသူနဲ့ သာမန်သူကြား ကွာဟချက်ထင်ပါနဲ့ ငါကကော…)

ယန်ချန့်စကားကြားတော့ မင်ယုရှန်းက ခေါင်းယမ်းလိုက်သည်။

“မဟုတ်တာပဲ ရှင့်ကိုကျမကတောင် ကျေးဇူးတင်ရဦးမှာပါ နာကျင်မှုအတွက်ကတော့ ဒီလောက်က မပြောပလောက်ပါဘူး”

သူမက ကုသမှုဖြစ်စဥ်ပြီးဆုံးသည်အထိ မယုံနိုင်သေးပဲ သွေးကြောများအသစ်ပြောင်းလဲသွားခြင်းကိုလည်း အသားမကျသေးပေ။

“အပ်စိုက်ကုသတာ ပြီးပြီဆိုပေမယ့် အခြားရောဂါရှိမရှိကို ကျတော်ထပ်စစ်ဆေးပေးမယ်”

ယန်ချန်က မင်ယုရှန်းနဲ့အချိန်တချို့ ထပ်ရှိရင်း ပို၍ရင်းနီးလိုသည့်အတွက် ထိုသို့ပြောလိုက်သော်လည်း မင်ယုရှန်းဘက်က မငြင်းဆန်လာသည့်အခါမှာတော့ ကျိတ်၍ဝမ်းသာသွားသည်။

(ရှောင်ရှန်းရှန်း အရင်ဘဝတုန်းက မင်းကိုမပိုင်ဆိုင်ရပေမယ့် ဒီဘဝမှာတော့ မင်းနဲ့တူတဲ့ အဟမ်း.. ငါအရမ်းတွေးနေပြီ သူက ကျင့်ကြံသူပြီးတော့ ဧကရီ ငါကသေမျိုး မဖြစ်နိုင်လောက်ပါဘူး)

ယန်ချန့်အတွေးများရှုပ်ထွေးနေစဥ် မင်ယုရှန်းသည်လည်း ယန်ချန့်အားရံဖန်ရံခါ ခိုးကြည့်နေမိသည်။ ဆေးကုသသည့်ရက်အနည်းငယ်အတွင်း သူမသည်လည်း မသိစိတ်က ယန်ချန့်အပေါ် ခင်တွယ်နေပြီး ကုသမှုပြီးဆုံး၍ စုလဲ့တို့၏ကိစ္စများ ရှင်းလင်းပြီးပါက တိုင်းပြည်ကိစ္စရပ်များ ကိုင်တွယ်ရန် သူမပြန်ရတော့မည်ဖြစ်သည်။ ထိုအကြောင်းတွေးမိလျင် အနည်းငယ်မျက်နှာညှိုးကျသွားလေသည်။

ယန်ချန်ကတော့ ထိုအမူအရာကို သတိမပြုမိပဲ ဆေးရည်အချို့ ထပ်မံဖော်စပ်နေကာ သူ့စိတ်ထဲမှာတော့ မင်ယုရှန်း၏ ရောဂါအား အကောင်းဆုံးကုသပေးရန် ဆုံးဖြတ်ထားလေသည်။

……………………………………………….

All Chapters