ပြိုင်ပွဲစတင်ခြင်း ၂
Vol. 7 Ch. 63
တောင်ကြားထဲရှိ ကွင်းပြင်ကျယ်တခုလုံး လူများဖြင့် ပြည့်နှက်နေကာ ထိုအထဲ၌ ပြိုင်ပွဲဝင်မည့် ဂိုဏ်းများ မိသားစုများ ပရိတ်သက်များလည်း ပါဝင်နေသည်။
ပြိုင်ပွဲကျင်းပရေးအား တာဝန်ခံထားသည့် သူတော်စင်နတ်မြတ်ဂိုဏ်းအကြီးကဲတဦးက ပြိုင်ပွဲစင်မြင့်များအား အသေးစိတ်စစ်ဆေးပြီးနောက် အတည်ပြုသည့်ဟန်ဖြင့် ကျင်းလုံတို့ထံ လှမ်း၍ ခေါင်းညိတ်ပြသည်။
ပြိုင်ပွဲဝင်များက အရေတွက် တထောင်ကျော်ရှိနေပြီး ထိုအထဲမှ ပထမအဆင့် ဖြတ်သန်းမှုကို အကုန်လုံးဝင်ရောက်ယှဥ်ပြိုင်ခွင့် ရမည်ဖြစ်ကာ မည်မျှကျန်ရစ်ခဲ့မည်ဆိုတာကတော့ တဦးချင်းတိုက်ပွဲ၌ အဖြေပေါ်လာပေမည်။
ထိုအကြီးကဲက ပြိုင်ပွဲဝင်မည့်သူများအား နေရာယူစေပြီး သက်ဆိုင်ရာဂိုဏ်းအလိုက် အင်အားစုများသီးသန့်ခွဲခြားကာ တဦးချင်းပြိုင်ပွဲစတင်ရန် ကြေငြာလိုက်တော့သည်။ ကျယ်ပြန်သည့်ကွင်းပြင်ကျယ်ထဲ၌ တိုက်ခိုက်ရေးစင်မြင့် အခုနှစ်ဆယ်တိတိ ဆောက်လုပ်ထားခြင်းကြောင့် ပြိုင်ပွဲနှစ်ဆယ်အား တပြိုင်နက်ကျင်းပမည်ဖြစ်သည်။ ထို့ပြင် ထိပ်သီးကျင့်ကြံသူများအား ပြိုင်ပွဲစင်မြင့်များကို ထိပ်တန်းအစီရင်များဖြင့် တည်ဆောက်ထားခြင်းက အပျက်စီးဖြစ်မှုကို လျှော့ချပေးကာ ပရိတ်သက်များအား ထိခိုက်စေမည်ကိုလည်း စိုးရိမ်စရာမလိုတော့ပေ။
ကျန်းရင်ရင်တယောက် ထိပ်သီးပါရမီရှင်များအားကြည့်ရင်း စိတ်လှုပ်ရှားနေလေသည်။ သူမအနေဖြင့် ဂိုဏ်းပြင်ပပြိုင်ပွဲအား ပထမဆုံးပြိုင်ရခြင်းဖြစ်ပြီး သက်တူရွယ်တူလူငယ်များကြား သူမကိုသူမ သက်သေပြနိုင်ရန် ကြိုးစားမည်ဖြစ်သည်။
“ဒီတခေါက်ပြိုင်ပွဲက နည်းနည်းထူးခြားတယ် ထိပ်သီးဂိုဏ်းတွေက ဘာရည်ရွယ်ချက် ခုလိုလုပ်ရတာလဲ”
“ငါလည်း ဘယ်သိမလဲ ပါရမီရှင်လူငယ်တွေကြား အတွေ့ကြုံဖလှယ်တဲ့သဘောနေမှာပေါ့”
“အဲ့လောက်ရိုးရှင်းတယ်လား ငါတော့ နောက်ကွယ်ကမရိုးရှင်းဘူးလို့ ခံစားနေရတယ်”
ထိုသူရဲ့စကားကို အခြားသူအချို့ကလည်း ဝင်ရောက်ထောက်ခံကြပြီး အချို့က ထိပ်သီးဂိုဏ်းကြီးများ၏ အင်အားပြသလိုမှုဟု စွပ်စွဲကြသည်။
“ဘာပဲပြောပြော ပါရမီရှင်တွေတိုက်ခိုက်တာကိုကြည့်ပြီး ငါတို့လည်း အတွေ့ကြုံအချို့ရနိုင်တာပဲ မဟုတ်လား အကောင်းဖက်က တွေးစမ်းပါ”
“ဒါတော့ဟုတ်တယ် ပါရမီရှင်ဆိုတာဘာလဲ ငါတို့ထက်ပိုပါရမီရှိရုံနဲ့ ပါရမီရှင်လို့သက်မှတ်တာမဟုတ်ဘူး ကြိုးစားလိုစိတ် ကျင့်စဥ်တွေအပေါ် ထက်မြတ်တဲ့အမြင်နဲ့ နားလည်အသုံးချနိုင်မှု ဒါတွေကို ပါရမီရှင်လို့ သက်မှတ်ကြတာ”
အနည်းငယ် အိုမင်းနေသည့် အဖိုးအိုတဦးက ဝင်ရောက်ပြောဆိုလာသည်။ ထိုအဖိုးအိုက အခြေတည်ဝိဉာဥ်အဆင့် လေလွင့်ကျင့်ကြံသူတဦးဖြစ်ကာ သက်တမ်းအရ နောက်တဆင့်တက်ရန် မဖြစ်နိုင်တော့ပေ။ ထို့အပြင် အရင်းအမြစ်များ ရှားပါးခြင်းကြောင့်လည်း ပါဝင်သည်။ ကျင့်ကြံရေးလောက၌ ဂိုဏ်းတခုခုစီ မဝင်ရောက်ပါက အရင်းအမြစ်များ ကိုယ်တိုင်ရှာဖွေရန် လိုအပ်ပြီး ကျင့်ကြံဆင့်တိုးမြင့်ရန် အလွန်ခက်ခဲပါသည်။
“ပန်းကိုးပွင့်ဂိုဏ်းက သူတော်စင်မလေးက ဒီနှစ် အခြေတည်ဝိဉာဥ်အဆင့်ရောက်သွားပြီ မဟုတ်လား”
“ဟုတ်လား ငါလည်းကြားမိတယ် ဒါပေမယ့် သူတော်စင်နတ်မြတ်ဂိုဏ်းက ဂိုဏ်းသခင်ငယ်လေးကလည်း အခြေတည်ဝိဉာဥ်အဆင့်ပဲလေ သူက ဓားဆန္ဒကိုတောင် သိနေပြီလို့ သတင်းကြီးတယ်”
“ငါတော့ ဒီပြိုင်ပွဲကို မစောင့်နိုင်တော့ဘူးဟေ့ ကြည့်စမ်း ဟိုးဘက်အဖွဲ့ထဲမှာ ဗုဒ္ဓဂိုဏ်းရဲ့ လူငယ်ကိုယ်တော်တပါးတွေ့လား သူက အခြေတည်ဝိဉာဥ်ကိုမှ အလယ်လတ်နော် သူ့ကိုကျင့်ကြံဆင့်အရ ယှဥ်နိုင်တာဆိုလို့ မဟူရာဂိုဏ်းက ချူလင်းနဲ့ တေးသံသာဂိုဏ်းက ကျန်းရင်ရင်ပဲရှိလိမ့်မယ်”
“ကျန်းရင်ရင်က ဘယ်သူလဲ”
“မင်းမသိဘူးလား တေးသံသာဂိုဏ်းရဲ့ ကြိုးကြာတောင်ထွဋ်သခင်မရဲ့ တပည့်ခေါ်ယူမှုကိုတောင် ဆိုင်းငံ့ခဲ့တဲ့ ပါရမီရှင်လေ ချီစုဆောင်းခြင်းအဆင့်ကနေ ရွှေအမြူတေထိ ခုန်တက်သွားတာ သိပ်မကြာခင်ကပဲ အခြေတည်ဝိဉာဥ်အဆင့်ရောက်ပြီး အလယ်လတ်တောင်ဖြစ်နေသေးတယ်”
အကုန်လုံးရဲ့အကြည့်က ကျန်းရင်ရင်ရှိရာကို ရောက်ရှိလာကြပြီး ချူလင်း ဗုဒ္ဓလူငယ်ကိုယ်တော်တို့က ပြိုင်ပွဲအားဗိုလ်စွဲရန် တစ် ပြေးနေကြလေသည်။
“ငါတော့ ချူလင်းဘက်က လောင်းမယ် မဟူရာဂိုဏ်းက ချူလင်းကို လုံးဝပုံအောထားတာ ဒါကြောင့် သူ့ရဲ့တိုးတက်မှုက ဗုဒ္ဓကိုယ်တော်လေးကို သေချာပေါက်ယှဥ်နိုင်လိမ့်မယ်”
“အမှန်ပဲ”
ကျင့်ကြံသူများကြား တီးတိုးဆွေးနွေးမှု စတင်နေချိန်မှာပဲ တာဝန်ခံအကြီးကဲက ပြိုင်ပွဲဝင်များအား မဲခွဲခြင်းစတင်တော့သည်။
“တေးသံသာဂိုဏ်း မဟူရာဂိုဏ်း သူတော်စင်နတ်မြတ်ဂိုဏ်း ပန်းကိုးပွင့်ဂိုဏ်း အရိုးတစ္ဆေဂိုဏ်း ….. ပြိုင်ပွဲဝင်တွေ ကိုယ့်နေရာကိုယ်ယူကြပါ”
မဲခွဲခြင်းစတင်ချိန်မှာတော့ ပရိတ်သက်ရဲ့ အားပေးမှုက စတင်လာကာ ဆိုင်ရာဆိုင်ရာအသီးသီးအား အော်ဟစ်အားပေးစပြုလာသည်။
“ပထမအဆင့်တဦးချင်းပြိုင်ပွဲ စတင်ပါပြီ”
ထိုအသံနဲ့အတူ ပထမအဆင့်ပြိုင်ပွဲများ စတင်ခဲ့ပြီး ကျန်းရင်ရင်ကမူ ယနေ့အတွက် တိုက်ခိုက်ရမည့်စာရင်း၌ မပါဝင်ခဲ့ပဲ ကုလင်တယောက်သာ မဲပေါက်သွားခဲ့သည်။
“သူတော်စင်နတ်မြတ်ဂိုဏ်း ဟုန်တ အနိုင်ရတယ်”
“သူတော်စင်နတ်မြတ်ဂိုဏ်း ကျန်းဖူ အနိုင်ရတယ်”
“တောက်လျန် အနိုင်ရတယ်”
မိသားစုကြီးများကိုမူ အမည်ထည့်မကြေငြာပဲ ပြိုင်ပွဲဝင်သူ၏ အမည်ကိုသာကြေငြာလေသည်။
“တေးသံသာဂိုဏ်း ကုလင် အနိုင်ရတယ်”
ပြိုင်ပွဲက နေ့တဝက်တာကျိုးချိန်မှာတော့ ဇာတ်ရှိန်မြင့်စပြုလာပြီး ပရိတ်သက်များကလည်း အော်ဟစ်အားပေးလာကြတော့သည်။
ထိုအချိန် ကျင်းလုံတို့က စိတ်အာရုံကိုဖြန့်ကျက်ကာ တောင်ကြားတခုလုံးအား တလက်မ မကျန်စ်စဆေးနေပြီး တစုံတရာထူးခြားလာမလား စောင့်ကြည့်နေလေသည်။
“ဘာမှမထူးသေးဘူး သူတို့မလှုပ်ရှားတော့တာလား”
တုံစန်းရဲ့အမေးကို ဖေးလုံက
“မဖြစ်နိုင်ဘူး ဒါပေမယ့် မလှုပ်ရှားတော့လဲ ပြိုင်ပွဲက ဆက်ကျင်းပရမှာပဲ ဒါက ကျုပ်တို့ဂိုဏ်းတွေအတွက် အကျိုးရှိတယ်”
ဖေးလုံနဲ့တုံစန်းတို့ စကားပြောနေစဥ်မှာပဲ စုလဲ့တယောက် တစုံတခုအား အာရုံခံမိသွားကာ ချက်ချင်းပင် မျက်နှာပျက်သွားတော့သည်။
“ဘာလို့လဲ တခုခုအာရုံခံမိတာလား”
ကျင်းလုံတယောက် ထိတ်ခနဲ ဖြစ်သွားကာ သူ့ရဲ့စိတ်ဝိဉာဥ်အာရုံအား ထပ်မံဖြန့်ကျက်လိုက်ချိန်မှာတော့ ခပ်ဝေးဝေးတနေရာမှ ပြိုင်ပွဲကွင်းရှိရာ တောင်ကြားသို့ အရှိန်မြင့်လာကြသည့် ထိပ်သီးတည်ရှိမှုများအား အာရုံခံလိုက်မိတော့သည်။
“မကောင်းတော့ဘူး ရောက်လာကြပြီ”
ချက်ချင်းပဲ နေရာမှထကာ ကောင်းကင်သို့ပျံတက်သွားကြတော့သည်။ အောက်ဘက်တွင်တော့ ပြိုင်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး မည်သူမှ ထိုအဖြစ်ပျက်ကို သတိမထားမိသေးချေ။
အဝေးမှရောက်လာကြသည့် အရှိန်ဝါများက မိနစ်ပိုင်းအတွင်း နီးကပ်လာကာ မကြာခင်မှာပဲ ကြောက်မက်ဖွယ်အရှိန်ဝါကြီး ဆယ်ခုထက်မနည်း ရောက်ရှိလာတော့သည်။
“ဟားးးး ဧကရာဇ်ကိုယ်တိုင်ထွက်ကြိုတာလား ဂုဏ်ယူမိပြီဗျာ မဖိတ်ခေါ်ပဲရောက်လာလို့ အားနာမိပါရဲ့”
.
ကျယ်လောင်တဲ့အသံနဲ့အတူ အဘိုးအိုတဦးထွက်ပေါ်လာကာ ထိုလူကိုမြင်ချိန်မှာတော့ စုလဲ့တယောက် မျက်နှာပျက်သွားတော့သည်။
“ဓားတထောင်ဂိုဏ်းရဲ့ ထိပ်တန်းအကြီးကဲ လုချင်ကျန်း”
ဖေးလုံ တုံစန်းတို့သာမက ပန်းကိုးပွင့်အကြီးကဲများပါ အမူရာလေးနက်သွားကြသည်။ ရောက်လာသည်က အကြီးကဲလုတဦးတည်း မဟုတ်ချေ။ ပြင်းထန်တဲ့အရှိန်ဝါများကို သယ်ဆောင်ထားသည့် အကြီးကဲဆယ်ဦးကျော် ရောက်ရှိလာခြင်းဖြစ်ပြီး မကြာမီ ကောင်းကင်ထက်၌ နောက်ထပ် ထိပ်တန်းကျင့်ကြံသူ တစ်ရာကျော်ပေါ်ထွက်လာကာ အနိမ့်ဆုံးက အတိဒုက္ခအဆင့်အစောပိုင်းဖြစ်နေကြသည်။
“အတိဒုက္ခအဆင့်တစ်ရာကျော်..ကောင်းကင်ဘုံ”
မူလက သတိမထားမိသည့် ပြိုင်ကွင်းမှလူများမှာ ပြင်းထန်တဲ့အရှိန်ဝါတွေကို ခံစားမိချိန်မှာတော့ သတိပြုမိသွားကြသည်။
“သူ တို့က ဓားတထောင်ဂိုဏ်းကမဟုတ်လား ဘယလာလုပ်ကြတာလဲ”
“ငါတော့ မကောင်းတဲ့ခံစားချက်ကြီး ရနေပြီ”
အကုန်လုံးက ထိတ်လန့်စပြုနေချိန်မှာပဲ စုလဲ့ရဲ့စကားသံက ထွက်ပေါ်လာသည်။
“လု ချင်ကျန်း ဒါကဘာသဘောလဲ”
သူမရဲ့အမေးကို အကြီးကဲလုက ကောက်ကျစ်စွာပြုံး၍ တုန့်ပြန်လာသည်။
“ဘာသဘောနဲ့မှမဟုတ်ပါဘူး ဒီလိုပွဲကြီးပွဲကောင်းကို မင်းတို့ကမဖိတ်တော့ ကိုယ့်ဘာသာကိုယ် လာခဲ့ရတာပေါ့ ဟားးး”
“ရှင့်ကို မကြိုဆိုဘူး ထွက်သွားစမ်း”
ပန်းကိုးပွင့်အကြီးကဲများထဲမှ တဦးက အော်ဟစ်ပြောဆိုလိုက်သည်။ ထိုစကားကိုကြားလျင် အကြီးကဲလုဘေးရှိ အကြီးကဲလုန်က ရယ်မောကာ ပြန်ပြောသည်။
“ကောင်မလေး သိပ်မကြာခင် မင်းအခုလိုလေသံနဲ့ ပြောနိုင်ဦးမလား စောင့်ကြည့်မယ်”
ကျင်းလုံက ထိုသူများကို တိတ်တဆိတ်စိုက်ကြည့်နေပြီး ဓားတထောင်ဂိုဏ်းနဲ့ သွေးဝိဉာဥ်ဂိုဏ်းကြား ပက်သက်မှုရှိနေသည်ကို တွေ့လိုက်ရ၍ မှင်သက်နေမိသော်လည်း သတိမပြတ်တော့ထားနေသေးသည်။
“နင်တို့က ကောင်းသောလာခြင်းနဲ့မှ မဟုတ်ပဲ ဒီတော့ ငါတို့ကိုရိုင်းတယ်မထင်နဲ့တော့”
စုလဲ့က ထပ်မံထိန်းချုပ်မနေတော့ပဲ သူမကပင် စတင်တိုက်ခိုက်တော့သည်။ သေချာပေါက်ပင် ဓားတထောင်ဂိုဏ်းက သွေးဝိဉာဥ်ဂိုဏ်းနဲ့ ပူးပေါင်းထားခြင်း ဖြစ်ပြီး ရောက်လာသူများကြား သွေးဝိဉာဥ်ဂိုဏ်းမှလူများ ပါဝင်လာသည်ကို အာရုံခံလိုက်မိ၍ ဖြစ်သည်။
…………………………………………..