← Chapters

တိုက်ပွဲအစ

Vol. 7 Ch. 64

တိုက်ပွဲအစ

Vol. 7 Ch. 64

ဖေးလုံ တုံစန်း ပန်းကိုးပွင့်အကြီးကဲများသာမက ကွင်းပြင်၌ရှိနေကြသည့် လီဖူယွဲ့ ချင်ဖုန်း ချူလင်းယုတို့အပြင် ဂိုဏ်းအသီးသီးမှ အကြီးကဲများလည်း လေထဲခုန်တက်လာကြကာ ပြင်းထန်တဲ့တိုက်ပွဲကြီးအား ပါဝင်ဆင်နွဲကြတော့သည်။

ကျင်းလုံက အကြီးကဲလုန်အား ရင်မဆိုင်ခင်မှာပဲ အကာကွယ်အဆောင်အား အသက်သွင်းလိုက်ပြီးနောက် ကွင်းပြင်ကျယ်တခုလုံးအား ဖုံးလွှမ်းသွားစေသည်။ ပြီးနောက် ချင်းချင်းပဲ ဧကရာဇ်လှံအားထုတ်ယူကာ အနီးဆုံးရှိ အကြီးကဲလုန်ထံ ပြေးဝင်သွားတော့သည်။

“ငါတို့ကို ကြိုမပြင်ထားဘူးလို့ ထင်နေတာလား”

စုလဲ့က ဒေါသတကြီးဖြင့် အပြင်းထန်ဆုံးတိုက်ကွက်အား ထုတ်ဖော်ကာ အကြီးကဲလုအား တိုက်ခိုက်လိုက်သည်။ အကြီးကဲလုကလည်း စုလဲ့ရဲ့တိုက်ခိုက်မှုအား ခုခံရန် ကြိုးစားလိုက်ပြီး ပြင်းထန်တဲ့တိုက်ကွက်နှစ်ခု ထိခတ်သွားချိန်မှာတော့ လေဟာနယ်ပါ တွန့်ခေါက်သွားလေသည်။

မြေပြင်ရှိ အဆင့်နိမ့်ကျင့်ကြံသူများ သေမျိုးပရိတ်သက်များကတော့ ထိတ်လန့်တုန်လှုပ်နေကြပြီး အကာကွယ်အစီရင်ကြီး ပျက်စီးသွားမည်ကို စိုးရိမ်နေကြသည်။

“ဟမ့် ဒီလောက်ပဲလား”

မျက်နှာဖုံးစွပ်ထားတဲ့ သွေးဝိဉာဥ်ဂိုဏ်းအကြီးကဲတဦးမှ မဟူရာဂိုဏ်းမှ အကြီးကဲတဦးအား တိုက်ကွက်အနည်းငယ်ဖြင့် အဆုံးသတ်လိုက်သည်ကိုမြင်လျင် အခြားသူများလည်း ထိတ်ခနဲ ဖြစ်သွားကြတော့သည်။

“သတိထားကြ”

တုံစန်းက သူ့လူများကိုအော်ဟစ် အသိပေးလိုက်သည်။ သွေးဝိဉာဥ်ဂိုဏ်းမှ ကျင့်ကြံသူများ၏ တိုက်ကွက်များမှာ ထူးဆန်းပြီး ပြင်းထန်သည့်အတွက် တိုက်ပွဲစပြီးမကြာခင်မှာပဲ ကျင်းလုံတို့ဘက်မှ စတင်အရေးနိမ့်လာသည်။

“ဝုန်း”

လှံတံနဲ့တောင်ဝှေ့တို့ ထိပ်တိုက်တွေ့သွားကာ ပြင်းထန်တဲ့ဖိအားကြောင့် အကြီးကဲလုန်လွင့်စင်သွားခဲ့ရသည်။

“ငါ့ဓားချက်ကိုမြည်းကြည့်လိုက်”

ချူလင်းယုက သွေးဝိဉာဥ်ဂိုဏ်းမှ ကျင့်ကြံသူနှင့်တိုက်ခိုက်နေပြီး ထိုချိန်မှာပဲ ဧကရာဇ်ဘက်မှ တပ်ကူများဖြစ်သည့် စစ်သူကြီးများ တော်ဝင်အမတ်များလည်း ရောက်ရှိလာကာ နှစ်ဖက်အင်အားက ကွာဟမှုနည်းသွားတော့သည်။

“အဖိုးကြီးလု ဒီနေရာက ရှင့်ကိုမြုပ်နှံမယ့်နေရာပဲ”

စုလဲ့က ဓားကိုမြှောက်ကာ များပြားသည့် ဓားပုံရိပ်ယောင်များကို ထုတ်ဖော်လိုက်သည်။ ဓားများက ပုံရိပ်ယောင်များဖြစ်သော်လည်း ကြောက်မက်ဖွယ်လျှပ်စီးများ ပြည့်နေပြီး အကြီးကဲလုတယောက် ထုံကျင်သွားသလို ခံစားလိုက်ရကာ သတိကြီးကြီးထား၍ အနောက်အားဆုတ်ခွာလိုက်သည်။

တဖက်တွင် ကျင်းလုံနဲ့အကြီးကဲလုန်တို့ တိုက်ပွဲ၌ အကြီးကဲလုန်ခမျာ ဖိနှိပ်ခံနေရပြီး အခြားတဖက် အကြီးကဲများတိုက်ပွဲတွင်တော့ သွေးဝိဉာဥ်ကျင့်ကြံသူများက အဆက်မပြတ်ဖိနှိပ်နေသည့်အတွက် လီဖူယွဲ့ ချူလင်းယုနဲ့ ချင်ဖုန်းအပါဝင် သမာသမတ်ဂိုဏ်းမှ အကြီးကဲများမှာ အခြေနေမကောင်းလှပေ။

အတိဒုက္ခအဆင့်အောက် ကျင့်ကြံသူများဖြစ်သည့် ကျန်းရင်ရင်တို့အဖွဲ့မှာ တိုက်ပွဲအားစောင့်ကြည့်နေကြပြီး လိုအပ်ပါက အစီရင်မှထွက်ကူရန် ပြင်ဆင်နေကြသည်။

“အစီရင်ကိုထိန်းချုပ်ထား”

ကျင်းလုံက လက်ဝဲလက်ယာ စစ်သူကြီးနှစ်ဦးအား အော်ဟစ်အသိပေးလိုက်ပြီး အခြေနေမျှတနေသည့် တိုက်ပွဲအား အမြန်အဆုံးသတ်ရန်လိုအပ်ကြောင်း ခံစားမိသွားသည်။ ဟုတ်ပေသည် အကာကွယ်အစီရင်ကား ဧကရာဇ်အဆက်ဆက် လက်ဆင့်ကမ်းလာသည့် အစီရင်ကြီးဖြစ်ကာ ထိုအစီရင်ဖြင့် သွေးဝိဉာဥ်ကျင့်ကြံသူများထံမှ မည်မျှကြာအောင် ကာကွယ်နိုင်မည်မှန်း သူမခန့်မှန်းချေ။

“ဟားးး ပုရွတ်ဆိတ်လေးတွေ သေလိုက်တော့”

ဒေါသပေါက်ကွဲလာသည့် အကြီးကဲလုက ပြင်းထန်တဲ့လက်ဝါးပုံရိပ်ကြီးဖြင့် ပုံရိပ်ယောင်ဓားများကို တိုက်ရိုက်ချိုးဖြတ်ကာ လေထဲမှပင် စုလဲ့အားရိုက်ချတော့သည်။

“မကောင်းတော့ဘူး ငါရှောင်ရမယ်”

အန္တရာယ်များလာသည်ဟု ခံစားမိနေသည့် စုလဲ့ကလည်း ချက်ချင်းပဲ ဓားချက်တခုထုတ်ဖော်ကာ လက်ဝါးပုံရိပ်ကြီးအား ခုတ်ပိုင်းလိုက်ပြီး တိမ်ခြေလှမ်းကျင့်စဥ်ဖြင့် နောက်ဆက်တွဲ ခွန်အားကိုရှောင်တိမ်းလိုက်ရသည်။ ပုံရိပ်ကြီးက ဓားဖြင့်ခုတ်ပိုင်းခံလိုက်ရသော်လည်း ပြတ်တောက်မသွားပဲ အရှိန်အနည်းငယ်နှေးသွားကာ မူလက စုလဲ့ရှိနေသည့်နေရာအား ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

“မဆိုးဘူး နောက်တကွက် ထပ်တောင့်ခံနိုင်မလား ကြည့်ကြသေးတာပေါ့”

အကြီးကဲလုက ထပ်မံကျိန်းဝါးကာ တိုက်ခိုက်တော့သည်။

“အဘိုးကြီးဖေး ငါ့ကိုကူဦး”

သွေးဝိဉာဥ်ကျင့်ကြံသူများ ဝိုင်းရံခံနေရသည့် တုံစန်းက ဖေးလုံထံ အော်ဟစ်အကူညီတောင်းလိုက်ရတော့သည်။ ဖေးလုံက အနီးရှိ ကျင့်ကြံသူများကို လွင့်စင်သွားအောင် ဖိအားပေးပြီးနောက် တုံစန်းရှိရာ ခုန်ဝင်သွားကာ ရန်သူများအား အပြင်းအထန် တိုက်ခိုက်လိုက်သည်။

တိုက်ပွဲက ကောင်းကင်တခုလုံး ပြင်းထန်စွာဖြစ်ပေါ်နေပြီး ဒဏ်ရာအပြင်းထန်ရသွားသူများမှာ တိုက်ရိုက်ပင်ပြုတ်ကျသွားတော့သည်။

“ဟမ်.. တိုက်ပွဲဖြစ်နေတာလား မကောင်းတော့ဘူး စီနီယာအစ်ကိုတို့ တိုက်ခိုက်ခံနေရပြီ”

ကုတင်ထက် ထိုင်နေသည့် မင်ယုရှန်းတယောက် တိုက်ပွဲအား အာရုံခံမိကာ ဆတ်ခနဲ ဖြစ်သွားသည်။ ယန်ချန်က မေးလိုက်သည်။

“တခုခုဖြစ်လို့လား”

“ဟုတ်တယ် ပြိုင်ပွဲကွင်းပြင်မှာ တိုက်ပွဲအကြီးကျယ်ဖြစ်နေတယ် ကျမသွားကူမှရမယ်”

ယန်ချန်တယောက် ပြတင်းပေါက်မှတဆင့် ကွင်းပြင်ရှိရာ ကြည့်လိုက်ချိန်မှာတော့ များပြားသည့်ထိပ်သီးကျင့်ကြံသူများ လေထဲ၌ အပြင်းအထန်တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရသည်။

(ကောင်းကင်ဘုံ ရုပ်ရှင်တွေထဲထက်တောင် ကြည့်ရမိုက်သေးတယ်)

ယန်ချန်တယောက် တိုက်ပွဲအား အာရုံစိုက်နေစဥ်မှာပဲ မင်ယုရှန်းက ဝတ်ရုံအားအလျင်မြန်ပြုပြင်ကာ လှမ်းမေးသည်။

“ရှင့်မှာလက်နက်တခုခုရှိလား”

ယန်ချန်က အနည်းငယ်တုန့်ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ပြကာ သိုလှောင်လက်စွပ်ထဲမှ သူကိုင်နေကြ လေးမြှားနဲ့ လက်စွဲတော်ဓားအား ထုတ်ပေးလိုက်သည်။

“ဒါပဲရှိတယ် အသုံးဝင်မဝင်တော့မသိဘူး”

မင်ယုရှန်းတယောက် လက်နက်များကိုကြည့်၍ ဆွံ့အသွားသည်။ ဒါက ဘယ်အဆင့်တွေလဲ..။ သို့ပေမယ့် ယခုအချိန်က ထိုအကြောင်းစဥ်းစားရမည့် အချိန်မဟုတ်သည်ကို သတိပြုမိကာ လက်နက်များကိုဆွဲယူလိုက်ပြီး လေထဲခုန်တက်ကာ ကွင်းပြင်ကျယ်ရှိရာ ထွက်သွားတော့သည်။

(သူက ဒဏ်ရာပြန်ကောင်းကာစလေ တိုက်ခိုက်နိုင်ပါ့မလား)

ယန်ချန့်အကြည့်က မြို့တော်အတွင်းရောက်သွားပြီး မြို့တော်ရှိ အဆင့်နိမ့်ကျင့်ကြံသူများမှာ သိသိသာသာ ပြာယာခတ်နေသော်လည်း သေမျိုးများကတော့ အခြေနေအား မရိပ်မိသေးချေ။

(အစ်မရှုတို့ အပြင်မှာမဟုတ်လား တိုက်ပွဲက နည်းနည်းဝေးတော့ မထိခိုက်လောက်ဘူး ဒါပေမယ့် ဂိုဏ်းချုပ်စုတို့ မနိုင်ရင်ကော)

ချက်ချင်းပဲ စိတ်ပူသွားကာ တည်းခိုခန်းအောက်ထပ်အား ပြေးဆင်းသွားချိန်မှာတော့ တိုက်တိုက်ဆိုင်ဆိုင် တည်းခိုခန်းထဲဝင်လာသည့် ရှုယင်နဲ့ယင်ယင်အား တွေ့လိုက်ရကာ အစောင့်ရှောက်နှစ်ဦးမှာလည်း တိုက်ပွဲရဲ့ ပြင်းထန်မှုကို ခံစားမိ၍ထင် မျက်နှာပျက်နေသည်။

“သခင်လေး ကျမတို့ပြန်လာပြီ”

ရှုယင်က မြို့ထဲရှိပြာယာခတ်နေသည့် အခြေနေကိုကြောက်လန့်နေကာ အလျင်မြန် ပြန်လာခြင်းဖြစ်ပြီး သူမစိတ်ထဲ ယန်ချန့်အနားရှိနေတာက လုံခြုံသည်ဟု ခံစားမိသည်။

“ဘာမှမဖြစ်ဘူး အခန်းထဲသွားလိုက် ခြေနေကို သူတို့ထိန်းချုပ်နိုင်မှာပါ”

ယန်ချန်က အစောင့်ရှောက်နှစ်ဦးကို ခေါင်းညိတ်ပြကာ ရှုယင်တို့သားအမိအား အခန်းတွင်းခေါ်ဆောင်သွားသည်။ ယခုအခြေနေ၌ သူတတ်နိုင်သည့်အရာ မရှိသည်ကို ယန်ချန်သိနေခဲ့ပြီး သူလုပ်နိုင်သည်က အခန်းတွင်း၌နေပြီး တိုက်ပွဲအား ဧကရာဇ်တို့အနိုင်ရရန်သာ မျှော်လင့်ရမည်ဖြစ်သည်။

မင်ယုရှန်းတယောက် ရောက်ရှိသွားချိန်မှာတော့ အခြေနေက မကောင်းတော့ပေ။ စုလဲ့ ကျင်းလုံ လီဖူယွဲ့တို့က အနည်းငယ်အဆင်ပြေသော်လည်း တခြားသူများကတော့ ဒဏ်ရာအပြင်းထန်ရနေကြပြီး တချို့ဆိုလျှင် မြေပြင်ထက်ပြုတ်ကျကာ သေဆုံးသွားကြရသည်။

………………………………………………..

All Chapters