ဝိဉာဥ်တသောင်းအားဖြည့်အစီရင်
Vol. 7 Ch. 65
မင်ယုရှန်းက ဓားချက်တခုထုတ်ဖော်ကာ သွေးဝိဉာဥ်ကျင့်ကြံသူတဦးအား အလစ်ငိုက် အဆုံးသတ်ပေးပြီးနောက် တိုက်ပွဲအလယ် ခုန်ဝင်သွားတော့သည်။
မင်ယုရှန်းဝင်လာသည်ကို သတိထားမိလျင် အခြေနေပြောင်းလဲသွားမည်ကို စိုးရိမ်သွားသည့် အကြီးကဲလုက လေဟာနယ်တနေရာအားကြည့်ကာ အော်ဟစ်လိုက်သည်။
“သေွးသခင်ငယ် အစီရင်စလို့ရပြီ”
ကျယ်လောင်တဲ့ရယ်သံကြီးတခု ချက်ချင်းထွက်ပေါ်လာကာ ကောင်းကင်တခုလုံးအား ဖုံးလွှမ်းသွားစေသည့် သွေးနီရောင်မျက်နှာကြီးတခု လေထဲပေါ်လာသည်။
ကြောက်မက်ဖွယ်မျက်နှာကြီးက ကျယ်လောင်စွာရယ်မောနေပြီး ရယ်သံကြောင့် အစီရင်ထဲရှိ အဆင့်နိမ့်ကျင့်ကြံသူများမှာ သွေးများအန်ထွက်လာကာ မြေပေါ်လဲကျသွားကြသည်။
“မဟာယာနအဆင့်”
ကျင်းလုံတို့လည်း မျက်နှာပုံရိပ်ကြီးအားကြည့်ကာ ထိတ်ခနဲ ဖြစ်သွားကြသည်။ သူတို့အထဲ၌ ကပ်ဘေးဖြတ်ကျော်အဆင့် အထွဋ်အထိပ်က အမြင့်ဆုံးဖြစ်ကာ အဆင့်နှစ်ခုကြားကွာခြားချက်က ကောင်းကင်မြေပြင်ပမာ ဖြစ်သည်။
မကြာမီလေထဲ၌ မျက်နှာဖုံးတပ်ထားသည့် လူတဦးထပ်မံထွက်ပေါ်လာပြီးနောက် မျက်နှာပုံရိပ်ကြီး ပျောက်ကွယ်သွားကာ ကွင်းပြင်ကျယ်အား ဖုံးလွှမ်းထားသည့် အစီရင်ကြီးတခု ထွက်ပေါ်လာသည်။
ဟမ်…..
အစီရင်ထွက်ပေါ်လာသည်နှင့် အကြီးကဲလုတို့အဖွဲ့မှာ စိတ်သက်သာရာရသွားကြပြီး အစီရင်ကြောင့် ကုန်ခမ်းသွားသည့် ချီဓာတ်များ မြင့်တက်လာကာ သွေးများဆူပွက်လာကြတော့သည်။
“အစီရင်ကိုချိုးဖြတ်ကြ”
ကောင်းကင်တခုလုံး နီရဲနေပြီး သွေးနီရောင်အလင်းတန်းများကြား ပြေးလွှားပျံသန်းနေသည့် ဝိဉာဥ်ပုံရိပ်များထွက်ပေါ်နေကာ ထိုပုံရိပ်များက ကျင်းလုံရဲ့ လှံတံအားတိုက်ရိုက်ပင် ခါထုတ်လိုက်သည်။
“ဒါ.. ဝိဉာဥ်တသောင်း အားဖြည့်အစီရင်ပဲ သူက တစုံရှိတယ် ကျင့်ကြံသူတွေရဲ့ သွေးနဲ့ချီဓာတ်ကိုအားဖြည့်ပေးတာဆိုတော့ နောက်တစုံက..”
အစီရင်အကြောင်း အနည်းငယ်နားလည်နေသည့် ကျင်းလုံတယောက် လှံတံလွင့်စင်သွားသည်ကိုပင် စိတ်မဝင်စားတော့ပဲ သူ့အကြည့်က မြို့တော်ရှိရာကို ရောက်ရှိသွားသည်။
“သခင်လေးယန်ရှိနေတာပဲ…သွားပြီ”
ထိုချိန် မင်ယုရှန်းက ကျင်းလုံတို့အနီးရောက်လာသည်။ မင်ယုရှန်းကိုမြင်လျင် ကျင်းလုံနဲ့စုလဲ့တို့ အနည်းငယ်အားတက်သွားသော်လည်း ယခုချိန်၌ မင်ယုရှန်းကိုယ်တိုင်ပင် ကူညီနိုင်မည်မဟုတ်ချေ။
“ယု ရှန်း သခင်လေးယန်က”
စုလဲ့က တုန်လှုပ်စွာဖြင့် မြို့တော်ရှိရာကြည့်နေခဲ့ပြီး အစီစဥ်များက သူမထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားသည်ကို သတိပြုမိလိုက်ပြီး တဆက်တည်း မြို့တော်၏ကောင်းကင်ယံထက်တွင်လည်း သွေးနီရောင်အစီရင်ကြီးတခု ပေါ်ထွက်လာတော့သည်။
အစီရင်နှစ်ခုက အပြန်လှန်ချိတ်ဆက်ထားပြီး မြို့တော်ရှိအစီရင်က မြိုတော့်အတွင်းမှ သေမျိုးများ၏ သွေးများတိုက်ရိုက်ပင် စုပ်ယူကာ ကွင်းပြင်ကျယ်ရှိအစီရင်မှတဆင့် အကြီးကဲလုတို့အား အားဖြည့်ပေးလေသည်။
“ဟဲဟဲ.. ထပ်တိုက်ကြတာပေါ့ ကောင်မလေးတို့”
ဓားတထောင်ဂိုဏ်းရဲ့ အကြီးကဲတဦးက ပန်းကိုးပွင့်အကြီးများထဲမှ တဦးထံ ကျယ်လောင်စွာရယ်မောကာ ပြေးဝင်သွားသည်။
“ငါတို့ အစွမ်းကုန်ထုတ်သုံးယုံမှလွဲပြီး အခြားမရှိတော့ဘူး သခင်လေးယန်သာ”
စုလဲ့တို့က မြို့တော်၏ အစီရင်ကိုယန်ချန်မှ ထိန်းချုပ်နိုင်ရန် မျှော်လင့်နေသော်လည်း လက်ရှိတိုက်ပွဲအား ရင်ဆိုင်နိုင်မည်က မသေချာတော့ပေ။
စုလဲ့၏အကြည့်က အကာကွယ်အစီရင်ထဲရှိ တပည့်များအားကြည့်ကာ စိတ်ဓာတ်ကျသွားသည်။ အဆင့်နိမ့်တပည့်များမှာ သွေးအန်နေကြရပြီး အစီရင်မှာလည်း မှိန်ဖျော့လာသည်။
စုလဲ့ရဲ့အကြည့်က နောက်ဆုံးဆုံးဖြတ်ချက်တခုအား ချလိုက်သည်နှယ် စူးရှသွားသည်။
(ငါသေရင်တောင် ရသလောက်အပါခေါ်သွားမယ်)
“တိုက်ကြ”
“မိစ္ဆာတွေကိုသတ်ဖြတ်ကြ”
စူးရှနီရဲနေသည့် မျက်လုံးများနဲ့အတူ ကျင်းလုံတို့အားလုံး ရန်သူကျင့်ကြံသူများထံ တိုးဝင်သွားကြတော့သည်။
ယန်ချန်တယောက် တည်းခိုခန်းပြတင်းပေါက်မှတဆင့် မြို့တော်ကောင်းကင်ယံကို ကြည့်မိလိုက်လျင် ထူးခြားသည့် အစီရင်ကြီးအား သတိပြုမိလိုက်သည်။
(အစီရင်လား တနေရာမှာတွေ့ဖူးသလိုပဲ)
ယန်ချန်တယောက် အစီရင်များမည်သည့်နေရာ၌ တွေ့ဖူးသည်ကို စဥ်းစားနေစဥ် ရုတ်တရက် အဖြူရောင်ကြောင်လေးတကောင် သူ့ပုခုံ၌ ထွက်ပေါ်လာသည်။
“ဟင်..မင်းဘယ်ကရောက်လာတာလဲ ဘယ်ကိုပျောက်နေတာလဲ”
ယန်ချန်ရဲ့အမေးကိုကြားလျင် ကြောင်လေးက လက်သည်းများအား လေထဲအနည်းငယ်ဝေ့ယမ်းကာ ပြန်ဖြေသည်။
“သခင်လေးနဲ့အမြဲရှိနေတာပါ ဘယ်မှထွက်မသွားပါဘူး”
ယန်ချန်တယောက် မှင်သက်သွားသည်။ ဒီကောင်က စကားပါပြောတတ်နေတာလားဟ။
“သခင်လေး ကိစ္စတွေကိုအသာထား ဒီအစီရင်ကြီးကို ရင်းနီးတယ်မထင်ဘူးလား”
ယန်ချန်တယောက် နောက်မှစပ်စုရမည်ဟုတွေးကာ အစီရင်ကြီးအား ပြန်လည်ကြည့်လိုက်သည်။ တခဏကြာတော့
“ဒါ တောင်အတွင်းပိုင်းမှာ မင်းကိုကယ်ထုတ်တုန်းက အစီရင်တဲ့အတူတူပဲ မဟုတ်လား”
“တဝက်တော့တူတယ် ဒီအစီရင်ထဲမှာ အားဖြည့်အစီရင်ထပ်ပေါင်းထားတာ သခင်လေးဖြေရှင်းနိုင်လား မဟုတ်ရင် မြို့ထဲက သေမျိုးတွေ သေကြေကြရလိမ့်မယ်”
ယန်ဟုန်ရဲ့စကားကိုကြားလျင် ယန်ချန်တယောက် လေးနက်သွားသည်။ မြို့ထဲသေမျိုးမည်မျှ ရှိနေသနည်း။ ထူးဆန်းစွာဖြင့် သူတို့သာမည်သည့်အရာမှ မဖြစ်သေးသော်လည်း မဖြစ်လာဟု သူမတွက်ဆရဲပေ။
“လွယ်ပါတယ် အစီရင်က အဓိကနေရာက အလယ်တည့်တည့်မှာရှိတယ် ဒါပေမယ့် အစီရင်ဗဟိုသုံးခုရှိနေတာ ငါဘလိုဖျက်စီးရမလဲ ငါလေပေါ်မပျံနိုင်ဘူးကွ”
“မပူပါနဲ့ နေရာသာပြောလိုက်ပါ ကျတော့်တာဝန်ထား”
ကြောင်ပေါက်လေးက ထိုသို့ပြောလာလျင် ယန်ချန်တယောက် အစီရင်ဗဟိုသုံးခုအား အလျင်မြန်ရှာတော့သည်။ အစီရင်က သာမန်ထက်အနည်းငယ်သာ ပိုသည့်အဆင့်ဖြစ်၍ ယန်ချန့်အတွက် မခက်ခဲပေ။ မိနစ်အနည်းငယ်ကြာတော့ ကြောင်ပေါက်လေးအား ဗဟိုသုံးခုရဲ့ တည်နေရာအား ပြောပြလိုက်တော့သည်။
“ရပြီ.. အလယ်တည့်တည့်မှာတခု မြောက်ဘက်ထောင့်နဲ့ တောင်ဘက်ထောင့်မှာ တခုစီရှိတယ် သုံးခုလုံးဖျက်စီးနိုင်မှ အစီရင်လည်ပတ်တာရပ်သွားလိမ့်မယ်”
ယန်ချန်ထိုသို့ပြောရင်း ကြောင်လေးအား လှည့်ကြည့်ချိန်မှာတော့ မရှိတော့ချေ။
(မြန်လိုက်တာဟ ဒီကြောင်လည်း ထိပ်သီးကျင့်ကြံသူပဲလား)
……………………………………………….
အပိုင်း ၆၆
ကြောင်တကောင်မှ အစီရင်အားဖျက်စီးခြင်း
ဓားတထောင်ဂိုဏ်းနဲ့ သွေးဝိဉာဥ်ကျင့်ကြံသူများမှာ အစီရင်ရဲ့ထောက်ပံ့မှုကြောင့် လျော့နည်းသွားတဲ့ ချီစွမ်းအင်များ လျင်မြန်စွာပြန်ပြည့်လာကာ မြို့တော်ကြီးထဲမှာတော့ ကမ္ဘာပျက်နေခဲ့သည်။
လမ်းပေါ်ရှိ သေမျိုးများသာမက အဆင့်နိမ့်ကျင့်ကြံသူအချို့ သွေးမြူများအဖြစ် စတင်ပြောင်းလဲသွားကာ ထိုမြင်ကွင်းက ကမ္ဘာပျက်ကပ်တခုနှယ် ခြောက်ခြားစရာ ကောင်းလွန်းနေသည်။
“ကယ်..ကယ်ကြပါဦး”
“အား..ဘာကြီးလဲ”
“မေမေ…ဖေဖေ..သားကြောက်တယ်”
သွေးပျက်နေသည့် အော်ဟစ်ငိုယိုသံများ ခြောက်ခြားစရာ အကူညီတောင်းသံများ စတင်လာပြီး လမ်းမများပေါ်၌ လူများပြေးလွှားနေကြသည့်မြင်ကွင်းကို ယန်ချန်တယောက် တုန်လှုပ်စွာကြည့်နေမိသည်။ လမ်းတခုရှိ ဆိုင်လေးအတွင်းမှာတော့ သက်လတ်ပိုင်းလူကြီးက သမီးဖြစ်သူအား တင်းကြပ်စွာပွေ့ဖက်ထားကာ တခြားသူအချို့မှာမူ နာနာကျင်ကျင်အော်ဟစ်ရင်း သွေးမြူများအဖြစ် ပြောင်းလဲသွားကြလေသည်။
(မြန်မြန်..မြန်မြန်လုပ်ပါဟ သေကုန်တော့မယ်)
ယန်ချန်တယောက် ကောင်းကင်ပေါ်ပျံတက်သွားတဲ့ ကြောင်လေးကိုသာ အမြန်တိုက်တွန်းနေခဲ့ပြီး အခန်းတွင်း ကုတင်ထက်မှာတော့ ရှုယင်မှာ သမီးဖြစ်သူကိုတင်းကျပ်စွာဖက်ရင်း တုန်ယင်နေသည်။
ပြင်းထန်တဲ့ ဖိအားကြောင့် အဆောက်အုံများ စတင်အက်ကွဲလာသည်။ လေထုကသွေးညှီနံ့များဖြင့် ပြည့်နှက်သွားပြီး ဆယ့်ငါးသန်းနီးပါး လူဦးရေရှိနေသည့်မြို့တော်ကြီးက မိနစ်ပိုင်းအတွင်းမှာပင် သိန်းဂဏန်းခန့် သေကျေပျက်စီးသွားရသည်။
တဖက်ကွင်းပြင်ကျယ်တွင်လည်း စုလဲ့တို့အဖွဲ့မှာ ဒဏ်ရာအပြင်းအထန်ရနေကြပြီး လီဖူယွဲ့ ကျန်းရင်ရင် တုံစန်း ပန်းကိုးပွင့်အကြီးကဲများသာမက တော်ဝင်အမတ်များ စစ်သူကြီးများနှင့် အခြားထိပ်တန်းကျင့်ကြံသူများစွာကလည်း အဆုံးသတ်အား ခန့်မှန်းမိသွားကြကာ စိတ်ဓာတ်ကျနေသည့် ခံစားမှုကို မထိန်းချုပ်နိုင်ကြတော့ချေ။
“ဟားးးး သေလိုက်တော့ ပုရွတ်ဆိတ်လေးတွေ”
အကြီးကဲလုန်က ပြင်းထန်တဲ့လက်ဝါးရိုက်ချက်တခုအား ဖော်ထုတ်ရင်း ကျင်းလုံကိုလွင့်စင်သွားစေကာ မင်ယုရှန်းမှာတော့ သွေးဝိဉာဥ်ကျင့်ကြံသူ နှစ်ဦးအား ထိန်းချုပ်ထားရင်း ဖိအားများနေခဲ့သည်။
“ဒါက အဆုံးသတ်ပဲ ငါတို့မတားဆီးနိုင်တော့ဘူး”
ကျင်းလုံတယောက် သွေးတပွက်အန်ထုတ်ကာ စိတ်ရှုပ်ထွေးနေသည့် အကြည့်ဖြင့် မြို့တော်ရှိရာဘက်သို့ ကြည့်နေခဲ့သည်။
(သခင်လေးယန်က မလှုပ်ရှားဘူးလား)
ဝုန်း…
ကောင်းကင်ထက်မှ သွေးများပြန့်ကျဲသွားကာ အကာကွယ်အစီရင်လည်း ကျိုးသွားလေပြီ။
“သွားပြီ..”
အကာကွယ်စီရင် မရှိတော့တာကြောင့် အဆင့်နိမ့်ကျင့်ကြံသူများမှာ ထိပ်တန်းကျင့်ကြံသူများ၏ ဖိအားကြောင့် တိုက်ရိုက်ပင် ကျေမွကာ အသားစပင်ရှာမရတော့ချေ။
သွေးဝိဉာဥ်သခင်ငယ်က ထိုမြင်ကွင်းကို အားပါးတရကြည့်ရင်း ကျယ်လောင်စွာရယ်မောနေပြီး ကျင်းတိုင်းပြည်တခုလုံးက မကြာခင်သွေးဝိဉာဥ်ကျင့်ကြံသူများ၏ ထိန်းချုပ်မှုအောက် ရောက်ရတော့မည်ဖြစ်သည်။
ထိုစဥ် သွေးနီရောင်လွှမ်းထားသည့် အစီရင်ကြီးက စတင်အရောင်မှိန်လာသည်။ ပထမ မြောက်ဘက်မှ အဖြူရောင်အလင်းတန်းတခု လှုပ်ရှားသွားပြီးနောက် မိနစ်အနည်းငယ်အကြာမှာပဲ နောက်ထပ် အဖြူရောင်အလင်းတန်းက ထပ်မံလှုပ်ရှားသွားပြန်ကာ တတိယအကြိမ် လှုပ်ရှားသွားပြီးနောက်မှာတော့ အစီရင်ကြီးက လုံးဝ ပျောက်ကွယ်သွားတော့သည်။
သွေးဝိဉာဥ်သခင်ငယ်တယောက် မှင်သက်စွာဖြင့် မြို့တော်ရှိရာကြည့်လိုက်မိသည်။ သိသာစွာပင် အစီရင်ထောက်ပံ့မှုက လမ်းတဝက်၌ ပြတ်တောက်သွားခဲ့၍ ဘေးထွက်ဆိုးကျိုးအနေဖြင့် ရန်သူကျင့်ကြံသူများမှာ ပြင်းထန်တဲ့အတွင်းဒဏ်ရာများ ကိုယ်စီရရှိသွားကြပြီး အချို့ကတော့ တိုက်ရိုက်ပင် ကောင်းကင်မှပြုတ်ကျသွားသည်။
“မဟုတ်သေးဘူး ဘာလို့လဲ ဘယ်သူလုပ်တာလဲ”
အပြောင်းလဲအား သတိထားမိသည့် ကျင်းလုံက မြို့တော်ရှိရာဘက်သို့ ကြည့်လိုက်လျင် အဖြူရောင်ကြောင်တကောင်က လေထဲ၌ မိနစ်အနည်းငယ်ကြာ ရပ်နေခဲ့ပြီး တခဏအကြာမှာတော့ မြေပြင်ပေါ်ခုန်ချသွားကာ ထိုနေရာက ယန်ချန်ရှိတဲ့တည်းခိုခန်း ဖြစ်နေလေသည်။
(နောက်ဆုံးတော့ သခင်လေးယန်က ဒီတိုင်းကြည့်မနေခဲ့ဘူး)
ကျင်းလုံတို့အဖွဲ့လည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီးနောက် မျက်နှာပျက်ယွင်းနေကြသည့် သွေးဝိဉာဥ်သခင်ငယ်တို့ဘက် လှည့်ကြည့်လိုက်ကြသည်။
“အားး.. ဘာလို့လဲ အောင်မြင်ခါနီးကျမှ”
အကြီးကဲလုန်ရဲ့ မကျေမနပ်ရေရွတ်သံက မဆုံးလိုက်ပေ။ ကျင်းလုံရဲ့လှံသွားက ဘေးထွက်ဆိုးကျိုး ခံစားနေရသည့် အကြီးကဲလုန်၏ ရင်ဘတ်အား တိုက်ရိုက်ထိုးဖောက်သွားတော့သည်။
“မကောင်းတော့ဘူး နောက်ဆုတ်ကြ”
သွေးဝိဉာဥ်သခင်ငယ်က သူကိုယ်တိုင်လည်း အစီရင်၏ ဘေးထွက်ဆိုးကျိုးကို ခံစားလိုက်ရ၍ ထပ်မံတိုက်ခိုက်ရန် မဖြစ်နိုင်တော့သည်ကို သိကာ ချက်ချင်းပင် ထွက်ပြေးရန်ကြံတော့သည်။
“နောက်ဆုတ်ကြ..”
ရန်သူများမှာ အလျင်မြန်ပဲ ထွက်ပြေးရန်ကြိုးစားလာကြပြီး တခဏကြာမှင်သက်နေကြသည့် စုလဲ့တို့မှာ ကျင်းလုံရဲ့လှံတိုက်ခိုက်မှုနဲ့အတူ သတိပြန်ဝင်လာပြီးနောက် ဒဏ်ရာကိုဖိနှိပ်၍ စတင်တိုက်ခိုက်တော့သည်။
“တယောက်မှ မလွတ်စေနဲ့ သတ်ကြ”
“သစ္စာဖောက် ဓားတထောင်ဂိုဏ်းသားတွေကို သုတ်သင်ကြ”
“ရွှီး…”
မြှားတံတချောင်းက လေထုကိုထိုးခွင်း၍ အကြီးကဲလုဆီ တိုးဝင်သွားကာ ထွက်ပြေးရန်သာ အာရုံများနေသည့် အကြီးကဲလုတယောက် မရှောင်တိမ်းနိုင်တော့ပဲ အဆုံးသတ်ခံလိုက်ရတော့သည်။
“အားးး”
သွေးပျက်ဖွယ် အော်ဟစ်သံကြီးတခုက ကောင်းကင်တခုလုံး ပျံ့နှံ့သွားပြီး ကောက်ကျစ်ယုတ်မာသည့် အကြီးကဲလုတယောက် သူဒီလိုအဆုံးသတ်ရမည်ကို တွေးထင်ခဲ့မိလိမ့်မည် မဟုတ်ချေ။
အစီရင်မရှိတော့၍ မြို့တော်ကြီးက တည်ငြိမ်သွားကာ ဘေးကင်းသွားကြသည့် သေမျိုးများကတော့ ဆိုင်ရာမိသားစုဝင်များကို စတင်ရှာဖွေကြပြီး အချို့နစ်နာသွားကြသူများမှာ ပြင်းပြင်းထန်ထန် ငိုကြွေးကြတော့သည်။ တည်းခိုခန်းအတွင်းမှာတော့ ယန်ချန် ရှုယင် ယင်ယင်နှင့် အစောင့်ရှောက်နှစ်ဦးတို့ ရှိနေပြီး ကံကောင်းစွာဖြင့် အစောင့်ရှောက်ဇနီးမောင်နှံမှာ တစုံတရာမဖြစ်ခဲ့ပေ။ ဖိအားဒဏ်ကြောင့် ဒဏ်ရာအနည်းငယ်ရခဲ့သော်လည်း ပြင်းထန်မှုမရှိသောကြောင့် စိတ်သက်သာရာ ရသွားခဲ့ကာ စိတ်ရှုပ်ထွေးသည့် အကြည့်များဖြင့် ယန်ချန်နဲ့ ကြောင်လေးအား ငေးကြည့်နေခဲ့ကြသည်။
(ဒီလူက ဘယ်သူလဲ ပြီးတော့ ဒီငွေရောင်ကြောင်လေးကကော)
ကြောက်စရာကောင်းသည့် အစီရင်ကြီး၏ ဗဟိုချက်အား လျင်မြန်စွာရှာတွေ့ခဲ့ပြီး ဖျက်စီးပြခဲ့သည့် ယန်ချန်တို့အား ကြည့်ရင်း အဘယ့်ကြောင့်ဧကရာဇ်မှ အထူးတလည်ဖြစ်နေရသည်ကို နားလည်သွားကြသည်။ ဤလူငယ်က သူတို့စော်ကားလို့ရသည့်သူ မဟုတ်ပေ။
ယန်ချန်က ကြောင်လေး၏ဦးခေါင်းအား ညင်သာစွာပွတ်သပ်ပေးလိုက်ချိန်မှာပဲ ကြောင်လေးက တချက်ကြည့်ကာ ပျောက်ကွယ်သွားသည်။ သေချာသည်က ယန်ချန်ပင် မမြင်နိုင်သည့်နေရာ၌နေ၍ ဒဏ်ရာများကို ကုသရန်ဖြစ်သည်။
“အားလုံးပြီးသွားပါပြီ အစ်မရှု”
ယန်ချန်က ထိတ်လန့်နေသည့် ယင်ယင်လေးအား ပွေ့ချီကာ ရှုယင်၏ ဖြူဖျော့နေသည့် လက်တဖက်အား ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ သူ့အကြည့်က ပြိုင်ပွဲကွင်းပြင်ဘက် ရောက်သွားခဲ့ပြီး ထောက်ပံ့ထားသည့် အစီရင်မရှိတော့ခြင်းကြောင့် ရန်သူများကို ဂိုဏ်းချုပ်စု ယုရှန်းတို့ ကိုင်တွယ်နိုင်လိမ့်မည်ဟု သူတွေးလိုက်မိသည်။
………………………………………………..