← Chapters

သွေးဝိဉာဥ်သခင်ငယ်အတွက် မြှားတချက်

Vol. 7 Ch. 67

သွေးဝိဉာဥ်သခင်ငယ်အတွက် မြှားတချက်

Vol. 7 Ch. 67

မင်ယုရှန်းက ထွက်ပြေးနေသည့် ရန်သူများအား မြှားဖြင့် အဆုံးသတ်နေခဲ့ပြီး ကျင်းလုံ စုလဲ့နဲ့ အခြားသူများကလည်း အလွတ်မခံပေ။

သွေးဝိဉာဥ်သခင်ငယ်လည်း စုလဲ့တို့ဖက်မှ ကျင့်ကြံသူများစွာမှ ဝန်းရံထားခြင်းကို ခံနေရပြီး ဖောက်ထွက်ရန်မတတ်နိုင်တော့ပေ။ အံကိုတင်းတင်းကျိတ်ကာ အရက်စက်ဆုံး သိုင်းကွက်များဖြင့် ခုခံရင်း မြို့တော်၏အစီရင်အား ဖျက်စီးသွားသည့် ငွေရောင်ပုံရိပ်အား ကျိတ်၍ ကျိန်ဆဲနေလေသည်။

“ငါ့ကို ဖိအားပေးဖို့ ကြိုးစားနေတာလား”

ကျယ်လောင်သည့် အော်သံကြီးနဲ့အတူ အနားမှ ကျင့်ကြံသူများကို လွင့်စင်သွားစေကာ သွေးများရွဲနေသည့် ခန္ဓာကိုယ်ကြီးဖြင့် ထိုးဖောက်ထွက်ရန် ကြိုးစားတော့သည်။

“ငါ့ကိုဖိအားပေးလို့ ဖြစ်ရတာ သေလိုက်ကြတော့”

ရန်သူများ တစတစ လျော့နည်းလာပြီး အချို့က လက်နက်ချလိုသော်လည်း ကျင်းလုံတို့က လက်မခံချေ။ တိုက်ရိုက်ပင် သုတ်သင်နေသည့်ဖြစ်၍ သူ့အတွက်လွတ်လမ်း မရှိသည်ကိုမြင်သည့် သွေးဝိဉာဥ်သခင်ငယ်တယောက် နောက်ဆုံးအနေဖြင့် ရုန်းကန်တော့သည်။

ဂါးး

အရိုးခေါင်းသုံးခု ကောင်းကင်၌ ထွက်ပေါ်လာပြီး အရိုးခေါင်းများ၏ မျက်လုံးအစုံက သွေးနီရောင်တောက်ပနေသည်။ နောက်ဆက်တွဲအနေဖြင့် သွေးရောင်ချိန်းကြိုးကြီးများ ထွက်ပေါ်လာကာ အရိုးခေါင်းသုံးခုက ကွင်းပြင်ကျယ်ကို ဖိုခနောက်ဆိုင် နေရာယူလိုက်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ချိန်းကြိုးများစွာ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တခုလုံးအား ပိုက်ကွန်သဖွယ် ဖုံးအုပ်သွားတော့သည်။

“ဟားးးဟားး ခံစားလိုက်ကြစမ်း သွေးချုပ်နှောင်ခြင်းသံကြိုးအောက်မှာ မင်းတို့ဘယ်သူမှ မလွတ်နိုင်ဘူး”

သွေးဝိဉာဥ်သခင်ငယ်က ကျယ်လောင်စွာရယ်မောလိုက်ပြီး သံကြိုးကြီးများကို ပို၍ထွက်ပေါ်လာစေသည်။ ထိုအချိန်မင်ယုရှန်းက ယန်ချန်ဆီကယူလာသည့် ဓားအား ထုတ်ယူကာ ပြင်းထန်တဲ့ ဓားတိုက်ကွက်တခု ထုတ်ဖော်လိုက်သည်။ ရိုးရှင်းသည့် ဓားတလက်ဆီမှ မည်သည့်အရှိန်ဝါမှ ထွက်ပေါ်မလာသော်လည်း ဓားရဲ့ခုတ်ပိုင်းချက်က မထင်မှတ်ထားစွာပင် စုလဲ့ ကျင်းလုံနဲ့အခြားသူများ ချိုးဖြတ်ရန် မတတ်နိုင်သည့် သံကြိုးများကို တို့ဟူးဖြတ်သည့်နှယ် ဖြတ်တောက်သွားသည်။

“ဘာ… သူတော်စင်အဆင့်ဓားတလက်လား”

သွေးဝိဉာဥ်သခင်တယောက် ကြောင်အသွားစဥ်မှာပဲ မင်ယုရှန်းက သံကြိုးများကို မိနစ်ပိုင်းအတွင်း ချိုးဖြတ်လိုက်တော့သည်။

“မကောင်းတော့ဘူး..ငါထွက်ပြေးမှရမယ်”

သွေးဝိဉာဥ်သခင်ငယ်က ချက်ချင်းပဲ လေဟာနယ်ချိုးဖြတ်သည့် တည်နေရာရွေ့ပြောင်းအစီရင်အား ထုတ်ယူလိုက်သည်။ ပြီးနောက် ချက်ချင်းပင် ချေမွလိုက်တော့သည်။

“တည်နေရာကူးပြောင်းပြီး ပြေးတော့မယ် ညီမလေးရှန်း မလွတ်စေနဲ့”

ကျင်းလုံက ကျယ်လောင်စွာအော်ဟစ်၍ မင်ယုရှန်းအား သတိပေးလိုက်သည်။ မင်ယုရှန်းက ခေါင်းညိတ်ပြကာ လက်ထဲမှဓားအား သိမ်းကာ လေးတံကိုဆွဲယူပြီး မြှားတချောင်းတပ်လျက် တည်နေရာခုန်ကူးရန်ပြင်နေသည့် သွေးဝိဉာဥ်သခင်ငယ်ထံ ချိန်လိုက်တော့သည်။

“ဒီတိုင်း ထွက်သွားလို့ရမယ်ထင်လား”

မင်ယုရှန်းက ကြိမ်းဝါးလိုက်စဥ် သွေးဝိဉာဥ်သခင်ငယ်က မည်သည့်အရှိန်ဝါမှ မရှိသည့် လေးနဲ့မြှားအား တချက်ကြည့်ကာ လှောင်ရယ်လိုက်သည်။

“ဒီမြှားတချောင်းတည်းနဲ့ တားမလို့လား အဟက်”

“နင့်လောက်ကတော့ မြှားတချောင်းနဲ့တင် လုံလောက်တယ်”

မင်ယုရှန်းတယောက် လေးကိုင်းအား သူမစွမ်းအားအကုန်သုံး၍ ဆွဲတင်လိုက်သည်။ မြှားတံထိပ်ဖူးက နေရောင်အောက် လက်ခနဲ ဖြစ်သွားပြီး ထိုဖြစ်စဥ်ကို မြင်လိုက်ရသည့် စုလဲ့တို့မှာ သူမတို့သာ ထိုမြှားဖြင့် အပစ်ခံရပါက ချက်ချင်းသေဆုံးသွားနိုင်သည်ဟု ခံစားမိလိုက်ကြကာ ထိတ်လန့်သွားကြတော့သည်။

(သခင်လေးယန်ရဲ့လက်နက်လား ယုရှန်းက ဒီလက်နက်ကို တောင်းလာတာ ကံကောင်းတာပဲ)

အတိအကျပင် မင်ယုရှန်းအနေဖြင့် ထိုမျှအဆင့်မြင့်သည့် လက်နက်အားကိုင်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။ ယန်ချန်ပေးလိုက်ခြင်းသာ ဖြစ်ရပေမည်။

အန္တရာယ်ကို သတိထားမိသွားသည့် သွေးဝိဉာဥ်သခင်ငယ်တယောက် ထိတ်လန့်သွားကာ တည်နေရာကူးပြောင်းအဆောင် အသက်ဝင်သည်နှင့် ချက်ချင်းပင် ထွက်ပြေးတော့သည်။

“ရွှီး..”

မြှားတချောင်းက ကောင်းကင်ထက် ထိုးတက်သွားကာ ပျောက်ကွယ်စပြုနေသည့် ပုံရိပ်ကြီးထံ တိုးဝင်သွားပြီး တခဏအကြာမှာပဲ ကျယ်လောင်တဲ့အော်သံကြီးနဲ့အတူ လေထဲမှ သွေးဝိဉာဥ်သခင်ငယ်တယောက် နောက်ဆုံးထွက်သက်အား ရှုထုတ်လိုက်ရင်း ပြုတ်ကျလာတော့သည်။

အဆုံးသတ်ကား လျင်မြန်စွာ ရောက်ရှိသွားသည်ကို မယုံနိုင်ကြသေးချေ။

အကုန်လုံးက မြှားတစင်းပစ်လွှတ်သည်ကို မြင်သော်လည်း တည်နေရာကူးပြောင်းစ ပြုနေသည့် ရန်သူအားထိမှန်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

အချိန်အတော်ကြာသည်ထိ ဆွံ့အနေခဲ့ကြပြီး သတိပြန်ဝင်ချိန်မှာတော့ ကွင်းပြင်ကျယ်တခုလုံး အလောင်းများပြန့်ကျဲနေကာ စေးပျစ်နေသည့် သွေးများ ခန္ဓာကိုယ်အစိတ်ပိုင်းများက နေရာအနှံ့ခြောက်ခြားဖွယ်ရာ ပြည့်နေတော့သည်။ ထိုမြင်ကွင်းအားကြည့်၍ အလောင်းကိုတောင်လိုပုံ နင်းဖြတ်လာသည့် မင်ယုရှန်းပင် အနည်းငယ်တုန်လှုပ်သွားခဲ့ကာ ယန်ချန်ရဲ့လက်နက်များသာမရှိပါက ဒါမှမဟုတ် မြို့တော်ရှိအစီရင်အား ယန်ချန်သာမချိုးဖြတ်ခဲ့ပါက သူမပင် ဒီနေရာ၌ အဆုံးသတ်သွားရမည်ကို သိနေခဲ့သည်။

ကျင်းလုံက မြို့တော်ရှိရာဘက် ဦးညွတ်ကာ ဂါဝရပြုလိုက်စဥ် အခြားသူများကလည်း လိုက်ပါဂါဝရပြုလိုက်ကြသည်။ လေးမြှားနဲ့ ဓားကြောင့်ဖြစ်စေ အစီရင်ချိုးဖြတ်ပေးခြင်းကြောင့်ဖြစ်စေ သူတို့စိတ်ထဲ၌ ယန်ချန်ရဲ့ပုံရိပ်က ထပ်မံမြင့်တက်သွားတော့သည် မဟုတ်လော။

………………………………………………..

All Chapters