စုဝေးခြင်း
Vol. 7 Ch. 68
မကြာမီ ကွင်းပြင်ကျယ်ရှိ ကျင့်ကြံသူများမှာ ထိုနေရာမှ ထွက်ခွာလာကြပြီး ဂိုဏ်းအသီးသီးကလည်း ဒဏ်ရာအပြင်းထန် ရထားကြသည့် ဂိုဏ်းသားများအား သယ်ဆောင်ကာ ထွက်ခွာသွားကြတော့သည်။
တိုက်ပွဲကား ပြင်းထန်ခဲ့ပြီး သမာသမတ်ဂိုဏ်းမှ ပါရမီရှင်အချို့နှင့် အကြီးကဲများစွာ သေဆုံးခဲ့ပြီး တော်ဝင်အမတ်အချို့ နန်းတွင်းစစ်သည်များလည်း ထိခိုက်ခဲ့ကြရကာ အရင်းနီးကြီးလွန်းသည်ဟု ဆိုနိုင်သည်။
မြို့တော်ထဲမှာတော့ သေမျိုးနဲ့ကျင့်ကြံသူပေါင်း ၅သိန်းခန့် သွေးမြူများအဖြစ် ပြောင်းလဲသွားခဲ့ပြီး လမ်းမအများစုရှိ အဆောက်အုံများစွာမှာလည်း ရစရာမရှိအောင် ပြိုလဲသွားကြရသည်။
ယန်ချန့်အခန်းထဲမှာတော့ မင်ယုရှန်းက လက်နက်များ ပြန်လည်ပေးလာသည်။ ယန်ချန်က
“ဒီ နှစ်ခုထဲက တခုယူလို့ရပါတယ် လေးဖြစ်ဖြစ် ဓားဖြစ်ဖြစ်ပေါ့”
မင်ယုရှန်းသာမက စုလဲ့ ကျင်းလုံ လီဖူယွဲ့တို့အားလုံး မနာလိုအားကျသွားရသည်။ လက်နက်များကာ သူတော်စင်အဆင့်မြင့် လက်နက်များဖြစ်ပြီး ကျင်းလုံထံပင် တခုမရှိချေ။
“ဒါက တန်ဖိုးကြီးလွန်းနေတယ် ကျမ မယူနိုင်ဘူး”
မင်ယုရှန်းက ငြင်းပယ်သည်။ ယန်ချန်က ခေါင်းယမ်းလိုက်ပြီးနောက်
“လက်နက်ရဲ့တန်ဖိုးဆိုတာ လက်နက်ကို ဘယ်လိုရည်ရွယ်ချက်နဲ့သုံးလဲ ဆိုတဲ့အပေါ် မူတည်တာ ဒါက သာမန်လက်နက်လေးပါ”
ယန်ချန့်စကားကြားတော့ ကျင်းလုံတို့ ဉာဏ်အလင်းပွင့်သွားရသည်။ လက်နက်ရဲ့တန်ဖိုးဆိုသည်ကား ထိုလက်နက်ကို မည်သည့်ရည်ရွယ်ချက်ဖြင့် သုံးသနည်း ဆိုသည့်အချက်ပေါ် မူတည်၍ ကွဲပြားသည်တဲ့လား။
ယန်ချန်ရဲ့ ပြတ်သားတဲ့အမူရာကိုကြည့်၍ မင်ယုရှန်းတယောက် အတန်ကြာတုန့်ဆိုင်းပြီးနောက် ဓားအား လက်ခံလိုက်သည်။ ဓားရှည်က သူမနဲ့သင့်တော်သည်ဟု ခံစားနေရပြီး ထိုလက်နက်ရဲ့စိတ်ဝိဉာဥ်ကလဲ သူမကို ခေါ်ဆောင်သွားရန် အချက်ပြနေခဲ့သည်။
“ခင်ဗျားတို့ ပင်ပန်းသွားကြပြီ”
စုလဲ့က ထိုစကားအားလက်မခံလိုဟန်ဖြင့် ခေါင်းယမ်းကာ တုန့်ပြန်သည်။
“သခင်လေးယန်ရဲ့ အကူညီသာမပါရင် ကျမတို့ ဒီနေရာမှာတောင် ရှိနေတော့မှာမဟုတ်ဘူး ကျင်းတိုင်းပြည်ရဲ့ ကျင့်ကြံသူနဲ့ သေမျိုးပြည်သူတွေအစား ကျေးဇူးတင်မိပါတယ်”
ယန်ချန် နှုတ်ဆိတ်ကာနေနေပြီး မည်သည်မှ ထုတ်မပြောလိုက်ချေ။
(အစီရင်ကိုချိုးဖြတ်သွားတာက ကြောင်တကောင်ပါ ငါက ဗဟိုချက်ကိုပြရုံလေးပဲ)
ကျင်းလုံက ဒီရက်ပိုင်းအတွင်း ရှုယင်တို့သားအမိအား အနီးကပ်စောင့်ရှောက်ပေးခဲ့ကြသည့် ဇနီးမောင်နှံအား လက်ဆောင်ပစ္စည်းများစွာပေး၍ ပြန်လွှတ်လိုက်သည်။ တိုက်ပွဲကြီးပြီးဆုံးသွားသော်လည်း ဖြေရှင်းစရာ ကိစ္စများစွာကျန်နေသေးပြီး ထိုအထဲ၌ ဓားတထောင်ဂိုဏ်းအား သုတ်သင်ရမည့် အရေးက ထိပ်ဆုံးဖြစ်သည်။
“သခင်လေးယန် ကျုပ်ပြန်ပါဦးမယ်”
စုလဲ့ကလည်း နှုတ်ဆက်လာသည်။ သူမသည်လည်း ဂိုဏ်းအရေးကိစ္စအချို့ ကိုင်တွယ်ရဦးမည်ဖြစ်ကာ ယန်ချန်တို့အနား၌ လီဖူယွဲ့ ကျန်းရင်ရင်တို့သာ ကျန်ခဲ့မည်ဖြစ်သည်။
“သခင်လေးယန် ခွင့်ပြုပါဦး”
ယန်ချန်က ခေါင်းညိတ်ပြလိုက်သည်။ ထိုသူများက ရက်စက်သည့်ကျင့်ကြံရေးလောကထဲမှ ရှားပါးသူရဲကောင်းများပြီး ယန်ချန်ကိုယ်တိုင်လည်း လေးစားနေမိသည်။
“သြော်..ဒါနဲ့ မနက်ဖန်ကျရင် တိုက်ပွဲမှာပါဝင်ပြီး ဒဏ်ရာရသွားကြတဲ့သူတွေအတွက် ဒဏ်ရာကုသဖို့ ဆေးရည်အချို့ ကျတော်ထောက်ပံ့ပေးပါမယ် ဂိုဏ်းချုပ်စုက စီစဥ်ပေးပါဦး”
ဆေးရည်ဖော်စပ်ပေးခြင်းက သူတတ်ကျွမ်းသည့် ပညာဖြစ်ပြီး ထိုမျှအကူညီလေးကသာ တဖက်သူတွေအပေါ် ထိရောက်သည့် အကူညီဖြစ်စေပါက တုန့်ဆိုင်းနေမည်မဟုတ်ချေ။
ကျင်းလုံနဲ့ စုလဲ့တို့ ဝမ်းသာသွားကာ တယောက်ကိုတယောက် ကြည့်လိုက်ကြသည်။ ပြီးနောက် ကျင်းလုံက
“ဒီလိုလုပ်ပါလား သခင်လေး ကျုပ်တို့ တိုက်ပွဲတုန်းက ပါဝင်ပြီး ထိခိုက်ခဲ့ကြတဲ့ အင်အားစုတွေကို ဖိတ်ခေါ်လိုက်ပါမယ် သခင်လေးကိုယ်တိုင် သူတို့ကို ကူညီပေးလို့ရမလား”
ယန်ချန် ထိုစကားအားအနည်းငယ် စဥ်းစားဟန်ပြုလိုက်သည်။ သူ့၌ ဖော်စပ်ပြီးသား ဒဏ်ရာကုသဆေးရန် အမြောက်မြားရှိပြီး ထိုအရာများကို တွေ့ဆုံ၍ ပေးလိုက်ခြင်းက ကျင့်ကြံသူများကြား သူ့ပုံရိပ်တခု တည်ဆောက်ရာ ရောက်ပြီးနောင်၌ အကူညီတခုခု လိုအပ်ပါက အဆင်ပြေလောက်မည်ဟု တွေးမိကာ ထိုအချက်အား လက်ခံလိုက်သည်။
“ကောင်းပြီလေ ကျတော်သူတို့နဲ့ တွေ့လိုက်မယ် ဒီရက်ပိုင်း ယင်ယင်လေးက ကြောက်လန့်နေသေးတော့ ခဏအနားယူရဦးမယ် အသင့်ဖြစ်ရင် ဆက်သွယ်လိုက်ပါမယ်”
“ ကျေးဇူးတင်ပါတယ် သခင်လေး”
ကျင်းလုံ စုလဲ့တို့ ထွက်ခွာသွားပြီးနောက် ယန်ချန်က ကျန်းရင်ရင် လီဖူယွဲ့နှင့် အခြားတေးသံသာဂိုဏ်းမှ ဒဏ်ရာရသူအချို့အား ကုသပေးလိုက်သည်။ စနစ်ရဲ့ဆေးပညာက အံ့မခန်းပင်။ ပြင်းထန်သည့် ဒဏ်ရာများကိုတောင် ယန်ချန်က ကုသပေးနိုင်ခဲ့ပြီး ထိုအချက်က ယန်ချန်တယောက် ကျင့်ကြံသူမဖြစ်သေးသည့် သူကိုယ်သူအားငယ်စိတ်ဝင်ရခြင်းအပေါ် အတန်အသင့်လျော့နည်းသွားစေသည်။
မင်ယုရှန်းတယောက် တိတ်ဆိတ်စွာ ထိုင်နေသည်။ ရှုယင်က ယင်ယင်လေးနံဘေး၌ ထိုင်ရင်းသမီးဖြစ်သူအား နှစ်သိမ့်ပေးနေရင်း ရံဖန်ရံခါ၌ သက်ပြင်းဖျော့ဖျော့လေးများ ကျိတ်၍ ချနေသည်။
“ဒဏ်ရာတွေအရှင်းသက်သာပြီလား”
ယန်ချန်က မေးသည်။ မင်ယုရှန်းက
“အင်း.. အကုန်နီးပါးပျောက်သွားပါပြီ ကုသပေးမှုအတွက် ကျေးဇူးတင်ပါတယ်”
“မလိုအပ်ပါဘူး ဒဏ်ရာအရှင်းမပျောက်သေးပဲ တိုက်ပွဲဝင်လိုက်ရတော့ ဒဏ်ရာပြန်ဖြစ်မှာ စိုးနေတာပါ”
ယန်ချန့်စကားကိုကြားတော့ မင်ယုရှန်းတယောက် တိတ်ဆိတ်သွားကာ အခန်းတွင်း လေထုကလည်း ထူးထူးခြား တိတ်ဆိတ်နေသည်။
“ရှင် ဘယ်တော့ပြန်မလဲ”
“ရက်အနည်းငယ်ကြာပေါ့”
ယန်ချန်က ကုတင်ပေါ်ရှိ ယင်ယင်တို့သားအမိအား တချက်ကြည့်ကာ သက်ပြင်းချမိသည်။ မတော်တဆအဖြစ်ပျက်များကြောင့် သူမတို့မှာ တုန်လှုပ်နေကြသေးပြီး ချက်ချင်းပြန်ရန် မဖြစ်နိုင်သေးပေ။
“ကျမ မနက်ဖန်ပြန်တော့မယ် သိပ်မကြာခင် ရှင့်ဆီ လာလည်မှာပါ”
ယန်ချန်က ဘေးတိုက်မြင်နေရသည့် လှပပြီး တည်ငြိမ်တဲ့မျက်နှာဖြူဖြူနုနုလေးအား တချက်ကြည့်လိုက်သည်။ သူမကား ဘယ်အချိန်ကြည့်ကြည့် ရှောင်ရှန်းရှန်းနဲ့ ထပ်တူညီနေခဲ့ပြီး ထိုအချက်က မယုံနိုင်စရာဖြစ်နေသည်။
ယန်ချန်ရဲ့အကြည့်ကို သတိထားမိသည့် မင်ယုရှန်းက အနည်းငယ် မျက်နှာလွှဲလိုက်ကာ နေရာမှ ထရပ်လိုက်သည်။ ပြီးနောက်
“ကျမ အနားယူတော့မယ် မနက်ဖန်ပြန်မှာဆိုတော့ ခုတခါတည်းနှုတ်ဆက်ပါတယ် သခင်လေးယန်”
“ကောင်းပြီ”
မင်ယုရှန်းလည်း အခန်းထဲမှ ထွက်ခွာသွားသည်။ ရှုယင်က ယန်ချန်ကိုလှမ်းကြည့်နေပြီး သူမ မည်သည့်အရာများအား တွေးနေသည်ကို သူမသာ သိပေလိမ့်မည်။
“ဒီရက်ထဲ နားနားနေနေ နေလိုက်ပါ တွေ့ဆုံတဲ့ကိစ္စပြီးရင်တော့ ကျတော်တို့ ရွာကိုပြန်ကြတာပေါ့”
ရှုယင်က ခေါင်းညိတ်ပြလိုက်ပြီး မျက်နှာလွှဲသွားသည်။ ယန်ချန့်စိတ်ထဲ ရှုယင်တယောက် အနည်းငယ် အမူရာပျက်နေသည်ကို သတိထားမိသော်လည်း အကြောင်းရင်းမှန်အား မခန့်မှန်းနိုင်ချေ။
ထိုသို့ဖြင့် ရက်အနည်းငယ် ကုန်ပြီးနောက် မြို့တော်က ပြန်လည်ပြင်ဆင်မှုများ စတင်နေကာ ယန်ချန်လည်း ထိုရက်များ၌ ယင်ယင့်ကို အချိန်အများစု အဖော်ပြုပေးခဲ့ပြီး ကျန်အချိန်များ၌ ဆေးဝါးများ ဖော်စပ်ရင်းအချိန်ကုန်နေခဲ့သည်။ မိုးကောင်းကင် တည်းခိုခန်းကိုတော့ ကျင်းလုံက အပြည့်အဝ တာဝန်ယူထားသောကြောင့် ကုန်ကျစရိတ်အတွက် စိုးရိမ်စရာမရှိပေ။
နောက်တရက်၌ ယန်ချန်က အကြီးကဲလီမှ တဆင့် ဂိုဏ်းချုပ်စုထံ သတင်းစကားပေးပို့စေသည်။
“အကြီးကဲလီ ဂိုဏ်းအသီးသီးက ကျင့်ကြံသူတွေနဲ့ တွေ့မယ့်ကိစ္စ စီစဥ်ဖို့ ဂိုဏ်းချုပ်စုကို ပြောပေးပါဦး”
လီဖူယွဲ့က လေးလေးစားစားပင် ဦးညွှတ်နှုတ်ဆက်ပြီးနောက် စုလဲ့ထံသတင်းပို့ရန် ထွက်ခွာသွားသည်။
ရက်အနည်းငယ်အတွင်းမှာပဲ ကျင့်ကြံရေးလောက၏ အပြောင်းလဲက ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။ စုလဲ့ ဦးဆောင်သည့် သမာသမတ်ဂိုဏ်းဝင်များက ဓားတထောင်ဂိုဏ်းတခုလုံးအား အမြစ်ပြတ်သုတ်သင်ခဲ့ပြီး ထိုအခြေနေက ကျင်းတိုင်းပြည်၏ ကျင့်ကြံရေးအင်အားစုများ၏ ခွန်အားကို အနည်းနဲ့အများ ထိခိုက်စေခဲ့သည်။
မည်သို့ပင်ဆိုစေ ဂိုဏ်းများ မိသားစုကြီးများဆိုသည်ကား တိုင်းပြည်တခု၏ ထောက်တိုင်များဖြစ်ပြီး အာဏာကိုင်ထားသည့် တော်ဝင်ဧကရာဇ်နီးပါး လွှမ်းမိုးနိုင်ကြသူများ ဖြစ်သည်။
……………………………………………..