သခင်လေးယန်ကို နှုတ်ဆက်ပါတယ်
Vol. 7 Ch. 69
ယန်ချန်တယောက် လွန်ခဲ့သည့်ရက်အနည်းငယ်က ဖော်စပ်ထားသည့်ဆေးဝါးအချို့နှင့် အသင့်ရှိပြီးသား ဆေးဝါးများအား စနစ်၏အကဲဖြတ်မှုအောက်၌ သူကိုယ်တိုင်ထုလုပ်ခဲ့သည့် လက်နက်အချို့နဲ့အတူ ကျင့်ကြံသူလူတစုအား မျှဝေရန် ဆုံးဖြတ်လိုက်သည်။
မင်ယှရှန်းထွက်ခွာသွားချိန်၌ သူကိုယ်တိုင်ဆွဲထားသည့် ပန်းချီကားတချပ် လက်ဆောင်ပေးပြီးနောက် သူ့အနေဖြင့် စနစ်၏ စည်းမျဥ်းကြောင့် မကျင့်ကြံနိုင်သေးသော်လည်း သူတတ်ကျွမ်းထားသည့် ပညာရပ်များက ကျင့်ကြံသူများကို အထောက်ကူပြုနိုင်သည်အား တွက်ဆမိသွားခဲ့သည်။
ထို့ကြောင့် ကျင့်ကြံသူများသာ မှန်ကန်သည့်လုပ်ရက်များ လုပ်ဆောင်ပြီး သမာသမတ်ရှိပါက သူ့အနေဖြင့် သူ့ရဲ့စွမ်းဆောင်မှုအသေးမွှားများကို မျှဝေရန်မှာ သူမလုပ်နိုင်သည့် အရာမဟုတ်ချေ။ မည်သို့ပင်ဆိုစေကာမူ သက်မှတ်ထားသည့် အနှစ်တရာလုံး ဘေးကင်းကင်းနဲ့ ရှင်သန်လိုပါက အကာကွယ်အချို့တော့ လိုအပ်မည်မဟုတ်လော။
ယန်ချန့်ဆီမှ သတင်းစကားအား ကြားပြီးနောက် ကျင်းလုံ စုလဲ့တို့က တိုက်ပွဲ၌ ပါဝင်ခဲ့ကြသည့် အင်အားစုများအား တရားဝင်ဖိတ်ခေါ်လိုက်တော့သည်။ ထိုအင်အားစုများမှာ ဆုံးရှုံးမှုကြီးမားခဲ့ကြပြီး ဥပမာအားဖြင့် ပန်းကိုးပွင့်ထဲမှ နှစ်ပွင့်မှာ တိုက်ပွဲ၌ အသက်ပေးခဲ့ရသည် မဟုတ်လော။
မဟူရာနတ်ဂိုဏ်း၌ တုံစန်းမှာ သတင်းပေးပို့ချက်အား ရရှိချိန်၌ အချိန်အတော်ကြာ မှင်သက်သွားခဲ့သေးသည်။ သူ့အနေဖြင့် ယန်ချန်နဲ့တွေ့ဆုံလိုသော်လည်း တဖက်ပုဂ္ဂိုလ်အား စိတ်အနှောင့်ယှက်ပြုမိမည်စိုး၍ သည်းခံနေခဲ့ရခြင်းဖြစ်ပြီး ယခုတော့ သူ့အားတရားဝင်ဖိတ်ကြားလာပြီ ဖြစ်သည်။
“သွားကြစို့ သခင်လေးယန်နဲ့တွေ့ဖို့ အခုသွားမယ် အကြီးကဲတွေ စုရုံးလိုက်တော့”
မကြာမီ မဟူရာဂိုဏ်းတခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး ထိုအဖြစ်ပျက်များက သူတော်စင်နတ်မြတ်ဂိုဏ်း ပန်းကိုးပွင့်ဂိုဏ်း ဗုဒ္ဓဂိုဏ်းနှင့် အခြားအင်အားစုများ အသီးသီးကိုလည်း ရိုက်ခတ်သွားလေသည်။
“ဘာ သခင်လေးယန်က ငါတို့ကိုတွေ့မယ်တဲ့လား မဖြစ်သေးဘူး ဒါအခွင့်ရေးကြီးပဲ နောက်ကျလို့မဖြစ်ဘူး မြန်မြန်ပြင်ဆင်ကြဟေ့”
“အော်မီထော်ဖော ဗုဒ္ဓက ကြည့်ရှုစောင်မလာတာပါပဲ”
“အကြီးကဲတို့ မြန်မြန်ပြင်ဆင်ကြတော့ ကျမတို့ ပန်းကိုးပွင့်ဂိုဏ်းကလည်း အခွင့်ရေးကို အရယူကြရမယ်”
ရက်အနည်းငယ်အတွင်း ပြိုလဲသွားသည့် မြို့တော်ကြီးမှာ ပြန်လည်စည်ကားလာပြန်သည်။ လမ်းမများပေါ်၌ အင်အားစုအသီးသီးမှ ကျင့်ကြံသူများ သွားလာနေကာ ပြီးခဲ့သည့်တိုက်ပွဲ၌ မြို့တော်၏ အစီရင်အားချိုးဖြတ်ပေးခဲ့သည့် ယန်ချန်ရဲ့ပုံရိပ်က ယန်ချန်ကိုယ်တိုင်ပင် တွေးမိလိမ့်မည် မဟုတ်ချေ။
“ဖေဖေ.. ဒီတကြိမ်လည်း မြို့တော်ကြီးက စည်ကားလာပြန်ပြီ”
မိန်းမငယ်လေးက လမ်းမပေါ်သွားလာနေသည့် လူများအားကြည့်၍ တီးတိုးပြောလိုက်သည်။ သက်လတ်ပိုင်းလူက ထိုမြင်ကွင်းကိုကြည့်၍ သက်ပြင်းချလိုက်သည်။
“အဖေ ကြားရသလောက် သခင်လေးယန်ဆိုတဲ့ ပုဂ္ဂိုလ်ကို တွေ့ဖို့ရောက်လာကြတာတဲ့”
“သခင်လေးယန်ဟုတ်လား ဘယ်လိုလူမျိုးလဲ ဧကရာဇ်ထက်တောင် သူကဂုဏ်သိက္ခာမြင့်မာတယ်လား”
သမီးဖြစ်သူရဲ့စကားအားကြားလျင် သက်လတ်ပိုင်းလူကြီးက အနည်းငယ်ပြုံးသည်။ ပြီးနောက်
“အဖေတို့ရဲ့ အသက်သခင်ကျေးဇူးရှင်ကြီးပေါ့ သွားကြစို့သမီး ဆိုင်ပိတ်လိုက် တွေ့ဆုံဖို့အခွင့်မရှိရင်တောင် သတင်းတော့ အဖေတို့သွားနားထောင်ကြမယ်”
ထိုသို့ဖြစ်ရခြင်းမှာ အစောင့်ရှောက်ဇနီးမောင်နှံမှတဆင့် ကျင့်ကြံသူများကြား ယန်ချန်၏ အစီရင်ဗဟိုချက်အား အလျင်မြန်တွေ့ရှိသွားကာ ချိုးဖြတ်ခဲ့သည့်အကြောင်း ပျံ့နှံ့သွားခြင်းဖြစ်သည်။ ကြောင်တကောင်အကြောင်း ထည့်မပြောခဲ့ချေ။
ယန်ချန်… “ငါမလုပ်ဘူး ကြောင်ကွ ကြောင်လုပ်တာဟ”
ကျင်းလုံကလည်း ယန်ချန်နဲ့ပက်သက်၍ ကောလဟာလအချို့ ကြားလိုက်ရချိန်မှာတော့ ဆက်လက်ဖုံးကွယ်ရန် မဖြစ်နိုင်တော့သည်ကို နားလည်သွားပြီး အချို့ကိစ္စများအား ထုတ်ဖော်လိုက်ရတော့သည်။ ဥပမာ ကျန်းရင်ရင်ရဲ့ ကျင့်ကြံမှုတိုးတက်ခြင်းနှင့် ပြိုင်ပွဲမတိုင်မီ အင်အားစုများအား ဖြန့်ဝေခဲ့သည့် ယန်ချန်၏ ဆေးရည်အကြောင်းတို့ ဖြစ်သည်။ ထိုအချက်က ကျင်းတိုင်းပြည်၏ ကျင့်ကြံရေးလောကအား ဗုံးတလုံးချလိုက်သည်နှယ် ပေါက်ကွဲသွားစေကာ လှုပ်ခတ်မှုက ကြီးမားသွားတော့သည်။ ယန်ချန်ကတော့ ထိုအချင်းအရာများကို မသိချေ။
ပြန်လည်စည်ကားနေသည့် မြို့တော်ကြီးအားကြည့်ကာ စိတ်ကျေနပ်နေခဲ့ပြီး လူသားများ၏ ပြာပုံကြားမှရုန်းထွက်နိုင်သည့် စိတ်ဓာတ်အား ကျိတ်၍ ချီးကျူးနေမိသည်။
မကြာမီ နန်းတော်အတွင်းရှိ ခန်းမဆောင်ရှိတခု၌ ထိပ်တန်းကျင့်ကြံသူများ စုဝေးရောက်ရှိနေကြပြီး နန်းတော်ပြင်ပမှာတော့ သေမျိုးများ တကိုယ်တော်ကျင့်ကြံသူများ အဆင့်နိမ့်ကျင့်ကြံသူများစွာ စုရုံးနေသည်။
ကျင်းလုံတယောက် နန်းတော်ပြင်ပအားကြည့်ရင်း သက်ပြင်းချလိုက်သည်။
“သခင်လေးယန်ရဲ့ ဂုဏ်သတင်းကို ငါတို့ဖုံးကွယ်ထားဖို့ မဖြစ်နိုင်တော့ဘူး ဒီကိစ္စက သူ့အပေါ်ထိခိုက်မှု မရှိပါစေနဲ့လို့ပဲ ငါမျှော်လင့်တယ်”
စုလဲ့သည်လည်း သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည်။ မူလက ထိပ်သီးအင်အားစုများမှ ကျင့်ကြံသူအချို့ကိုသာ တွေ့ဆုံရန်စီစဥ်ခဲ့သော်လည်း မထင်မှတ်စွာဖြင့် အပြောင်းလဲများ ဖြစ်သွားရသည်။
“ဒီကိစ္စတွေပြီးရင် ကျမတော့ အဆင့်တက်ဖို့ တံခါးပိတ်ကျင့်ကြံတော့မယ်”
ကျင်းလုံကလည်း
“အင်း..ငါကောပဲ”
သူတို့နှစ်ဦးစီ၌ ကိုယ်စီအတွေးများရှိနေသည်ကိုတော့ ထုတ်ဖော်မပြောကြချေ။
မကြာမီ ယန်ချန်တယောက် ရှုယင်တို့သားအမိနှစ်ဦးအား ခေါ်ဆောင်ရန် နန်းတော်ထဲရောက်ရှိချိန်မှာတော့ များပြားသည့် သေမျိုးများ ကျင့်ကြံသူများအား ကြည့်၍ မှင်သက်သွားကြသည်။ သူ့အနေဖြင့် တိုက်ပွဲ၌ ဤမျှပါဝင်ခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။
(တခုခုလွဲနေပြီထင်တယ် ဒီလူတွေက ငါ့ကိုအရမ်းလေးစားသလို ကြည့်နေတာ မနေတတ်တော့ဘူး ငါလည်း ဘာမှမလုပ်ခဲ့ဘူးလေ)
ယန်ချန်လည်း ထိုသူများကိုမည်ကဲ့သို့ ကွေ့ဝိုက်သွားရမည်အား တွေးနေခဲ့ပြီး ခဏကြာမှာတော့ ၎င်းအားမြင်ဖူးသူအနည်းငယ်သာ ရှိသည်ကိုသတိရမိကာ အနည်းငယ်ရှက်ရယ်ရယ် လိုက်တော့သည်။
(အကျိုးနည်း ငါ့ကိုလူတိုင်းတွေ့ဖူးတာမှ မဟုတ်တာ)
နန်းတော်ကြီးက ခမ်းနားထည်ဝါပြီး ဝင်ပေါက်အသီးသီး၌ စစ်သည်တော်များက စောင့်ကြပ်နေကြလေသည်။ နန်းတော်ပြင်ပမှ လူအုပ်ကြီးမှာ သိနားလည်စွာဖြင့် နန်းတော်ထဲ အတင်းဝင်ရောက်ရန် မကြိုးစားကြပေ။
ယန်ချန်က ယင်ယင့်ကိုပွေ့ချီရင်း တဖက်၌ ရှုယင်ရဲ့လက်ကိုဆွဲကာ နန်းတော်ထဲဝင်ရောက်သွားတော့သည်။
“ရပ်…. ဘယ်သူနဲ့တွေ့ချင်တာလဲ ဘာကိစ္စလဲ”
အသေချာပင် အစောင့်များကလည်း ယန်ချန့်အကြောင်းသာ ကြားဖူးပြီး လူကိုတော့မမြင်ဖူးကြချေ။ ယန်ချန်တယောက် နှာခေါင်းပွတ်ကာ မည်ကဲ့သို့ဖြေရမည်အား အကျပ်ရိုက်နေစဥ် စုလဲ့တယောက် နန်းတော်ထဲမှ အလျင်မြန်ထွက်လာကာ ယန်ချန်အား လေးလေးစားစားပင် ခေါ်ဆောင်သွားတော့သည်။
“အဲ့လူက ဘယ်သူလဲ သူ့ကိုလာထွက်ခေါ်တာ တေးသံသာဂိုဏ်းက ဂိုဏ်းချုပ်စုလဲ့မဟုတ်လား”
“ဟုတ်တယ်ဟ သူ့ကိုဒီတိုင်းကြီးဝင်သွားတာနော်”
လူအုပ်ကြီးက ခုနကလေးတင် သူတို့အားခပ်တည်တည်ဖြင့် ကျော်ဖြတ်ပြီး ဝင်ရောက်သွားသည့် ယန်ချန်အား အမျိုးမျိုး ပြောဆိုနေစဥ် လူအုပ်ထဲမှ တဦးက ကျယ်လောင်စွာ ထပြောတော့သည်။
“သခင်လေးယန်ဆိုတာ အဲ့လူပဲ ဖြစ်မယ်”
လူအုပ်ကြီးက ဗုံးတလုံးပေါက်သည်နှယ် ဆူပွက်သွားသည်။
“သခင်လေးယန်က ငါတို့ဘေးက ဖြတ်သွားတယ်တဲ့လား”
“အား ငါသတိမထားမိလိုက်ဘူး”
“ရောင်းရင်း သူက သခင်လေးယန်ပါဆိုတာကို မင်းဘယ်လိုပြောနိုင်တာလဲ”
လူတဦးက ပထမဆုံးအသိပေးအော်ဟစ်လိုက်သည့်သူအား ပြန်၍ မေးခွန်းထုတ်လိုက်သည်။
“ဟမ့် မင်းဒါလေးတောင် မတွက်တတ်ဘူး ဒီကျင်းတိုင်းပြည်ထဲမှာ ဂိုဏ်းချုပ်စုကို ဒီလိုယဥ်ယဥ်ကျေးကျေး အမူရာဖြစ်အောင် ဘယ်သူလုပ်နိုင်မှာလဲ ဧကရာဇ်တောင် မရဘူးလေ အဲ့လူက သေချာပေါက် သခင်လေးယန်ပဲ”
“ဟုတ်လောက်တယ် ဟုတ်လောက်တယ်”
“ဂိုဏ်းချုပ်စု ယဥ်ကျေးနေတာကိုကြည့်စမ်း သူ့ခါးတောင် ကွေးတော့မယ် အခုနက ထွက်ကြိုတာ ဧကရာဇိဆိုရင်လည်း ဂိုဏ်းချုပ်စုလို ဖြစ်နေမှာပဲ”
လူအုပ်ကြီးက ထင်ရာပြောနေစဥ် ယန်ချန်ကတော့ နန်းဆောင်ကြီးတခုရှိ ခန်းမထဲအား ဝင်ရောက်သွားတော့သည်။
“သခင်လေးယန်အား နှုတ်ဆက်ပါတယ်”
“သခင်လေးယန်အား နှုတ်ဆက်ပါတယ်”
ရာဂဏန်းမျှရှိသည့် ထိပ်သီးကျင့်ကြံသူများအားလုံး နေရာမှထရပ်ကာ နှုတ်ဆက်လိုက်ချိန်မှာတော့ ပတ်ဝန်းကျင်အား စပ်စုနေသည့် ယင်ယင်တယောက် ခန္ဓာကိုယ်လေး ဆတ်ခနဲ တုန်သွားကာ ယန်ချန်လည်း အနည်းငယ် တုန်လှုပ်သွားရသည်။
(ဒီလူတွေက…အာ…မဟုတ်သေးပါဘူး သူတို့အကုန်လုံးက တောင်တန်းတွေကို နင်းချေပြီး မြေပြင်ကို ထက်ခြမ်းခွဲနိုင်တဲ့သူတွေချည်းပဲ မဟုတ်လား ကောင်းကင်ဘုံ စနစ်ရေ မင်းကငါ့ကို မကျင့်ကြံနိုင်အောင်လုပ်ထားပေမယ့် မင်းရဲ့ပညာရပ်တွေနဲ့ ငါမားမားမတ်မတ် ရပ်တည်နိုင်တော့မယ်ကွ ဟားး)
ယန်ချန်တယောက် စိတ်ထဲ၌ ကျိတ်၍ ကျေနပ်နေသော်လည်း အမူရာကိုတော့ လုံးဝအပျက်မခံ တည်တင်းနေပြီး မြင့်မြတ်သည့်အရှိန်ဝါအား ထိန်းသိမ်းထားလေသည်။ ယန်ချန်ဝင်လာချိန် နှုတ်ဆက်ပြီးနောက် ကျင်းလုံက ယန်ချန် ရှုယင်တို့သားအမိတွက်ပါ နေရာစီစဥ်ပေးကာ တွေ့ဆုံမှုအား စတင်တော့သည်။
……………………………………………….