← Chapters

သိုင်းပညာရှင် လေ့ကျင့်ရေးစခန်း

Vol. 1-4 Ch. 52

သိုင်းပညာရှင် လေ့ကျင့်ရေးစခန်း

Vol. 1-4 Ch. 52

“အားလုံး သတိ”

ကျောင်းသားများ စိတ်ငြိမ်သွားသောအခါ လင်းအောင် ရုတ်တရက် ကြွေးကြော် လာသည်။ သူနှင့်အတူ ပါလာသော သိုင်းပညာရှင် နှစ်ယောက် လည်း ကိုယ်ကိုမတ်လာပြီး သုံးယောက်လုံး ပျဉ်ပြားသဖွယ် မတ်မတ်ရပ် လေသည်။

“အလေးပြု”

သုံးယောက်လုံး တစ်ပြိုင်တည်း လှုပ်ရှား၍ အားလုံးကို တပ်ထဲကကဲ့သို့ အလေးပြု လာသည်။ ငါးမိနစ်ကြာပြီးမှ သူတို့ အလေးပြုခြင်းကို ရပ်လိုက် သည်။

“ကျုပ် စစ်သည်တော်ဌာနရဲ့ တတိယဌာနခွဲကိုယ်စား ဒီကလူတိုင်းကို တောင်းပန်ပါတယ်”

လင်းအောင် ထုတ်ဖော်ပြောကြားလာသည်။

“သိုင်းပညာရှင်ဆိုတာ မြင့်မြတ်တဲ့ လူသားတစ်ယောက်ပါ၊ စစ်သည်တော်ဌာနရဲ့ လေ့ကျင့်ရေး အဖွဲ့အစည်းက ကျုပ်တို့နိုင်ငံနဲ့ လူမျိုးကို ကာကွယ်ဖို့ ဖွဲ့စည်းခဲ့တာပါ၊ သိုင်းပညာရှင်တွေ ကြားထဲမှာ သိုးမည်းတွေ ရှိနေလိမ့်မယ်လို့ ကျုပ် လုံးဝ ထင်မထားမိဘူး၊ ဒါ ကျုပ်ရဲ့ တာဝန်ပေါ့လျော့မှုကြောင့်ပါ”

“မင်းတို့ ခံစားခဲ့ရတဲ့ ဒဏ်ရာတွေအတွက် ကျုပ် တောင်းပန်ပါတယ်”

သူ့စကားအဆုံး၌ ထပ်မံ၍ အလေးပြုပြန်သည်။

“သိုင်းပညာရှင်တွေက မြင့်မြတ်တဲ့လူတွေ ဖြစ်နေပါသေးတယ်လို့ ကျုပ် အာမခံပါတယ်၊ ကျေးဇူးပြုပြီး ကျုပ်ကို ယုံကြည်ပေးပါ”

“ကျွန်တော်တို့ ယုံကြည်ပါတယ်”

ရှောင်ကမ်းက ဦးဆောင်၍ ဟစ်ကြွေးလိုက်သောအခါ ချက်ချင်းဆိုသလိုပင် လူအုပ်ထဲမှ လက်ခုပ်ဩဘာသံများ ထွက်ပေါ်လာသည်။

သေနတ်ပါဝင်နေသော ဖြစ်ရပ်အား ကြီးလေးသော ဥပဒေချိုးဖောက်မှုဟု သတ်မှတ်နိုင်သည်။ လင်းအောင်သည် ဤအဖြစ်အား လျှို့ဝှက်ထားရန် ပြောဆိုပြီး ပေါက်ကွဲသံ ထွက်ပေါ်လာခြင်းသည် လျှပ်စစ်စက်ဘီး၏ ဘက်ထရီ ပေါက်ကွဲမှုကြောင့် ဖြစ်ကြောင်း အစီရင်ခံလိုက်သည်။

တစ်ချိန်တည်းမှာပင် ရဲ့လင်းချန်သည် သူ၏ သိုင်းပညာ လေ့ကျင့်ရေးအား အခြားသော နေရာ၌ ပြောင်းရွှေ့လေ့ကျင့်ရန် ဖောင်ဖြည့်ရသည်။

“ညီလေးရဲ့ ငါ မင်းကို ဒီကိစ္စအတွက် ကျေးဇူးတင်ပါတယ်”

လင်းအောင် စိတ်ရင်းအတိုင်း ပြောလိုက်သည်။ ယခုအထိ သူ အပြစ်ရှိသလို ခံစားနေရသေးသည်။

“စစ်သည်တော်ဌာနကို အမည်းစက် အထင်မခံနိုင်ဘူး”

ရဲ့လင်းချန်ကြောင့်သာ မဟုတ်လျင် စွန်းချောင်နှင့် စွန်းဝေတို့က သူတို့လုပ်နေကြအတိုင်း မည်မျှ ကြာကြာ လုပ်နေမလဲ ဆိုသည်ကို မည်သူက သိနိုင်မည်နည်း။ ကျောင်းသား မည်မျှလောက်က သူတို့၏ နှိပ်စက်မှုကို ခံစားရမည်နည်း။ ဤ‌အဖြစ်အား တွေးမိရုံနှင့်တင် စိုးထိတ်ရသည်။

“အစ်ကိုလင်း အကောင်းမြင်စိတ်လေးထားပါဗျာ၊ ဒီကိစ္စက ခင်ဗျားနဲ့မှ မဆိုင်တာ”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်မိသည်။ လင်းအောင်ထံမှ သိုင်းပညာရှင်အများစု၏ အရိပ်ကို သူ မြင်နေရသည်။ ဤသို့သော လူများရှိနေလျင် တရုတ်ပြည်က အပြင်လူများကို ကြောက်စရာ လိုပါမည်လော။

“ငါ ဒီကိစ္စကို မမေ့နိုင်သေးဘူး”

လင်းအောင် သက်ပြင်းချလိုက်သည်။

“ငါ ဒီအဖြစ်ကို သေချာပေါက် မှတ်မိနေမှာ၊ သိုင်းပညာရှင်တွေက ငါတို့ရဲ့ အရင်းအမြစ်ပဲ၊ ငါတို့ အစွန်းအထင်း အထင်ခံ၊ ပျက်စီးခံလို့ မရဘူး”

တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် လင်းအောင် ဆက်ပြောလိုက်သည်။

“ဟုတ်သားပဲ၊ မင်းလည်း ထုတ်ပိုးသင့်ပြီ၊ ငါ မင်းကို ငါတို့စခန်းဆီ ခေါ်သွားမယ်”

“ကျွန်တော်တို့ ဒီနေ့ သွားမလို့လား”

ရဲ့လင်းချန် အံ့ဩကာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ အချိန်ကား ညခုနစ်နာရီ ရှိနေလေပြီ။

“အစက မနက်မှ ခေါ်မလို့ပဲ၊ ဒါပေမဲ့ ငါတို့ နှောင့်နှေးနေတာလေး ရှိလို့”

လင်းအောင်က ဟန်လုပ်၍ ပြောလေသည်။

“ငါက မင်းအထက်လူကြီးဆိုတာ မမေ့နဲ့ဦး၊ ဒါ အမိန့်ပဲ”

“ဟုတ်ကဲ့ပါ ဆာ”

ရဲ့လင်းချန်ကလည်း သူနှင့်အတူ ဟန်လုပ်၍ အလေးပြုလိုက်သည်။

…

ဂျစ်ကားက အရှိန်ဖြင့် မောင်းနှင်နေ၏။ လမ်းတွင် လေးယောက်သား လမ်းဘေးဆိုင်၌ ရပ်ကာ ညစာစားပြီးမှ ခရီးဆက်ကြသည်။

“အစ်ကိုလင်း ခင်ဗျား စွန်းချောင်နဲ့ စွန်းဝေကို ဘယ်လို အပြစ်ပေးဖို့ စီစဉ်ထားလဲ”

ရဲ့လင်းချန်က ကားစီးနေစဉ်အတွင်း မေးလိုက်သည်။ ထိုလူနှစ်ယောက်အကြောင်း ပြောသောအခါ လင်းအောင်၏ မျက်နှာက သုန်မှုန်လာသည်။

“စွန်းချောင်က သိုင်းလေ့ကျင့်ချိန်အတွင်း ကျောင်းသားတွေကို နှိပ်စက်တယ်၊ သူက မကောင်းတဲ့ မှတ်တမ်းတွေ အတော်လေး ပုံနေပြီ၊ အဲ့ဒါက သူ့ကို အနည်းဆုံး ထောင်ဒဏ် နှစ်နှစ်ဆယ် ချလို့ရတယ်၊ စွန်းဝေက သူ့ကို ကာကွယ်ရုံတင်မကဘဲ သူ့အခွင့်အာဏာကို သုံးပြီး အနိုင်ကျင့်တဲ့အပြင် ကိုယ်ရေးကိုယ်တာကိစ္စအတွက် သေနတ်ကို သုံးတယ်၊ သူ့အပြစ်က ပိုကြီးတယ်၊ သူ သေဒဏ်က လွတ်ရင်တောင် ထောင်ဒဏ် တစ်သက်တစ်ကျွန်းတော့ ရှောင်လို့ရမှာ မဟုတ်ဘူး”

ရဲ့လင်းချန် ခေါင်းညိတ်၍ ဆက်မေးလေသည်။

“အစ်ကိုလင်း ဝံပုလွေပြာ အထူးလေ့ကျင့်ရေးဆိုတာ ဘာလဲ”

“ဝံပုလွေပြာ အထူးလေ့ကျင့်ရေးဆိုတာ စစ်သည်တော်ဌာနရဲ့ အထူးလေ့ကျင့်ရေးတွေထဲက တစ်ခုပဲ၊ ရှီဟိုင် စီရင်စုမှာ ရှိတာ၊ အဲ့ဒါအပြင် မြို့တော်ထဲက မြောက်ဘက်ခရိုင် အထူးလေ့ကျင့်ရေးကို နဂါး အထူးလေ့ကျင့်ရေးလို့ ခေါ်တယ်၊ ကျန်းပေ စီရင်စုထဲက အရှေ့ဘက်ခရိုင် အထူးလေ့ကျင့်ရေးကို ကျားရိုင်းလို့ ခေါ်တယ်၊ နောက်ဆုံး အနေနဲ့ ဟွေကျိုး စီရင်စုမှာရှိတဲ့ တောင်ဘက်ခရိုင် အထူးလေ့ကျင့်ရေးကို သိမ်းငှက်မုဆိုးလို့ ခေါ်တယ်၊ အားလုံး ပေါင်းလိုက်ရင် ကျားတစ်ကောင်ရဲ့ ခွန်အား၊ နဂါးတစ်ကောင်ရဲ့ အစွမ်း၊ ဝံပုလွေရဲ့ အကြားစွမ်းရည်နဲ့ သိမ်းငှက်ရဲ့ အမြင်ကို ကိုယ်စားပြုတာပေါ့”

လင်းအောင် ငြိမ်သွားပြီးမှ ရဲ့လင်းချန်ကို စဉ်းစားစ ပြုလာသည်။

“ညီလေးရဲ့ စွန်းဝေက ဝံပုလွေပြာ အထူးလေ့ကျင့်ရေးမှာ တစ်လ လေ့ကျင့်ခဲ့တာ၊ သူ့အတိုက်အခိုက်က အားကျစရာပဲ၊ သူ့ကို မင်း နိုင်တာ အံ့ဩစရာ မဟုတ်ပင်မယ့် သူ သေနတ်ကိုင်ထားတုန်း မင်း သူ့ဆီက လက်နက်သိမ်းလိုက်နိုင်တာက အံ့ဩစရာကောင်းတဲ့ စွမ်းဆောင်မှုပဲ”

ထိုအရာက သေနတ်ဖြစ်ပြီး သာမန်လူတစ်ယောာက်၏ ခန္ဓာကိုယ်က ၎င်းကို မည်သို့ ယှဉ်နိုင်မည်နည်း။

“ကျွန်တော် ကံကောင်းသွားလို့ပါ”

ရဲ့လင်းချန် နှာခေါင်းပွတ်လိုက်မိသည်။ ထိုအဖြစ်ကို သူ ပြန်တွေးမိတိုင်း ကြောက်နေတုန်းပင်။ အသေးစိတ် ပြောပြီးနောက် လင်းအောင်သည်လည်း ထိုအထူးလေ့ကျင့်ရေးကို လေ့ကျင့်ဖူးကြောင်း ရဲ့လင်းချန် သိလိုက် ရသည်။ သို့သော် သူက ဝံပုလွေပြာအစား မြို့တော်ထဲမှ နဂါး အထူးလေ့ကျင့်ရေး၌ ပါဝင်ခဲ့ခြင်း ဖြစ်သည်။

အထူးလေ့ကျင့်ရေး စခန်းလေးခုက တစ်ခုနှင့်တစ်ခု အထူးတလည် သာလွန်ခြင်း မရှိသော်လည်း အချင်းချင်းကြား၌ ပြိုင်ဆိုင်မှု ရှိနေသေးကာ တစ်ယောက်ချင်း ယှဉ်တိုက်ခြင်းက ဖြစ်နေကြပင်။ ထိုသိုင်းပညာရှင်များသည် စစ်သည်တော်ဌာနတွင်းမှ ထိပ်သီးများ ဖြစ်ကြသည်။ ပြင်းထန်သော လက်ရွေးစင် ရွေးချယ်ပွဲကို ဖြတ်ကျော်နိုင်သူများသာ အထူးလေ့ကျင့်ရေးကို ဝင်နိုင်သည့် အခွင့်အရေး ရှိသည်။

သို့သော် အထူးလေ့ကျင့်ရေး၌ ပါဝင်နိုင်ခြင်းက စခန်းတွင်းမှ သူတို့၏ ရာထူးကို အာမမခံနိုင်ပါ။ ဥပမာပြောရလျင် ဝံပုလွေပြာ လေ့ကျင့်ရေးကို လက်ရွေးစင် ဆယ်ယောက် သွားရနိုင်သော်လည်း အဆုံးသတ်၌ တစ်ယောက်သာ တရားဝင် ပူးပေါင်းခွင့်ရလေသည်။

လင်းအောင်ဖြစ်စေ၊ စွန်းချောင် ဖြစ်စေ၊ နှစ်ယောက်လုံး သိုင်းပညာရှင်များ၏ အထူးအဆင့်အတွင်း ဝင်အောင် မလုပ်နိုင်ခဲ့ပါ။

မည်သို့ပင်ဖြစ်စေ အထူးလေ့ကျင့်ရေး၌ ပါဝင်ခွင့်ရရုံနှင့်တင် ထိုလူ၏ အစွမ်းအစနှင့် အလားအလာက သာမန် သိုင်းပညာရှင်ထက် သာလွန်ကြောင်း ပြသနေ၏။

ညကိုးနာရီတွင် ဂျစ်ကားက မြို့ပြင်တွင်းမှ ခြံဝင်းတစ်ခုထဲသို့ မောင်းဝင်လာသည်။ ခြံဝင်းသည် တောအုပ်တွင်း၌ ရှိသော ကျေးလက်နယ်မြေ ဖြစ်သည်။ အနီးပတ်ဝန်းကျင် ငါးကီလိုမီတာအတွင်း ကားလမ်းမရှိပါ။ ရဲ့လင်းချန်သာ တစ်ယောက်တည်း လာလျင် ဤနေရာအား ဘယ်သောအခါမှ ရှာတွေ့မည် မဟုတ်ပါ။

ခြံဝင်းက အနည်းငယ် အိုမင်းဟောင်းနွမ်းနေ၏။ နံရံအချို့က နှစ်ပေါင်းများစွာ လျစ်လျူရှုထားမှုကြောင့် ပြိုနေသည်။ ၎င်းအား ဂန္တဝင် ရှေးခေတ်ပုံစံအတိုင်း ပြင်ဆင်ထားခြင်း ဖြစ်သည်။

ညအချိန်တွင် ခြံဝင်း အလင်းမရှိသကဲ့သို့ မှောင်မည်းနေ၏။ သူတို့၏ ရောက်ရှိလာမှုက ဤနေရာ၏ တိတ်ဆိတ် ငြိမ်သက်မှုကို ဖြိုခွဲသွားသည်။

ကားမီးရောင်ကြောင့် အဆောက်အဦး၏ တံစက်မြိတ်အောက်၌ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ရပ်နေသည်ကို ရဲ့လင်းချန် မြင်လိုက်ရသည်။

လေးထောင့်ကျကျ မျက်နှာနှင့် အရပ် တစ်ရာခုနစ်ဆယ့်ငါး စင်တီမီတာ မြင့်ကာ ကြံ့ခိုင်ထွားကျိုင်းသော ခန္ဓာကိုယ် ရှိသည်။ ထိုလူက ရပ်နေရုံနှင့်တင် ကြောက်လာအောင် ပြုလုပ်နိုင်၏။

“သူက ဖန့်ဟုန်၊ ဒီဌာရဲ့ တာဝန်ခံပေါ့၊ သူက စည်းကမ်းကြီးတဲ့ စရိုက်ရှိပြီးတော့ ရှေးရိုးဆန်တဲ့လူ၊ သူက အနိမ့်တန်းအဆင့် စောင့်ရှောက်သူလေ၊ သူ့ရှေ့မှာ မင်း စကားအပြောအဆို သတိထားပါ”

လင်းအောင်က ကားထဲမှ မဆင်းခင် စိုးရိမ်သော အမူအရာနှင့် တိတ်တဆိတ် သတိပေးလာသည်။ ရဲ့လင်းချန် ခေါင်းညိတ်၍ တုံ့ပြန်လိုက်သည်။ လင်းအောင် လူတစ်ယောက်ကို ဤမျှ ညွှန်းနေသဖြင့် ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် သာမန် ရှေးရိုးစွဲပုဂ္ဂိုလ် မဖြစ်နိုင်ပါ။

ထို့အပြင် သူက အနိမ့်တန်းအဆင့် စောင့်ရှောက်သူ ဖြစ်ပြီး လင်းအောင်ထက် ရာထူးတစ်ဆင့် မြင့်လေသည်။

“ဆာဖန့်၊ ဒီအချိန်ထိ ရှိနေတုန်းပါလား”

လင်းအောင်က ပြုံး၍ နှုတ်ဆက်လိုက်ပြီး လင်းအောင်ကို ရှေ့တွန်းပို့လိုက်သည်။

“သူက ကျွန်တော် အရင်တုန်းက ပြောဖူးတဲ့ ညီလေးရဲ့လေ”

“အင်း”

ဖန့်ဟုန်က အသိအမှတ်ပြုသလို တစ်ချက်အသံပေး၍ ရဲ့လင်းချန်အား ခေါင်းစခြေဆုံးကြည့်၍ ဘာမှထပ် မှတ်ချက် မပေးချေ။

“ဆာဖန့်”

ရဲ့လင်းချန် နှုတ်ဆက်လိုက်သည်။

“ဟုတ်သားပဲ၊ ဆာဖန့် အခြားသူတွေ ဘယ်မှာလဲ”

လင်းအောင်က ဘေးဘီကို ဝေ့ကြည့်၍ မေးလိုက်သည်။

“သူတို့ အလေးတုံး သယ်ပြီး တောင်တက်နေကြတယ်၊ မင်း သူတို့ကို ညဆယ့်တစ်နာရီ မတိုင်ခင် တွေ့ရမှာ မဟုတ်ဘူး”

ဖန့်ဟုန် အေးအေးလူလူ ပြန်ပြောသည်။ ရဲ့လင်းချန် ရင်တုန်သွားပြီး ခပ်ဝေးဝေးမှ မြင့်မားရှည်လျားသော တောင်ကို လှမ်းကြည့်လိုက်မိသည်။

*တောင်က ဒီလောက် မတ်ပြီး မြင့်နေတာ၊ ပြီးတော့ အလေးတုံးပါ ပါတယ်ဆိုတော့ … ဘယ်လောက် လေးလိုက်မလဲ*

လင်းအောင်က ယင်းနှင့် အသားကျနေသဖြင့် အထူးအဆန်း မဟုတ်ချေ။ သူက လေးနက်သော မျက်နှာထားနှင့် ပြောလိုက်သည်။

“ကျွန်တော် ပီကင်းတက္ကသိုလ်ကို ရောက်သွားတုန်း အဲ့မှာ တစ်ခုခု ဖြစ်ခဲ့တယ်”

ထို့နောက် သူက အစောပိုင်းက စွန်းချောင်နှင့် စွန်းဝေတို့၏ အကြောင်းကို ထပ်လောင်း ပြောဆိုလိုက်သည်။ ဖန့်ဟုန်၏ နဂို တင်းမာသော မျက်နှာထားက ပိုမို၍ သုန်မှုန်မာထန်လာ၏။ သူ့ထံမှ လူသတ်ချင်သော အငွေ့အသက်ကို ရဲ့လင်းချန် ခံစားမိသည်။

“မင်းက စွန်းဝေကို အနိုင်ယူခဲ့တာလား”

ဖန့်ဟုန်က ရဲ့လင်းချန်ကို ကြည့်လာသည်။ ရဲ့လင်းချန် ခေါင်းညိတ်ပြလိုက်မိသည်။

“မဆိုးဘူး၊ ငါတို့ စစ်သည်တော်ဌာနက အမှိုက်ကို ရှင်းနိုင်တာပဲ၊ မင်း ငါတို့အတွက် ချီးကျူးထိုက်တဲ့ ကိစ္စကို လုပ်ခဲ့တာပဲ၊ ငါကိုယ်တိုင် ဒါကို မင်းအတွက် မှတ်တမ်းရေးပေးမယ်”

တစ်ခဏမျှ ငြိမ်သွားပြီးနောက် သူ ဆက်ပြောလေသည်။

“စွန်းဝေနဲ့ စွန်းချောင်ကို အချုပ်ခန်းထဲ ပို့လိုက်၊ ငါ အခု အားနေတယ်ဆိုတော့ သူတို့ကို ကောင်းကောင်းလေး စစ်မေးရမယ်”

ထိုသို့ပြောပြီး သူ နောက်လှည့်ကာ ထွက်သွားသည်။ လင်းအောင်ဘေးမှ သိုင်းပညာရှင် နှစ်ယောက်လည်း အချိန်မဆွဲရဲဘဲ စွန်းဝေနှင့် စွန်းချောင်ကို အချုပ်ခန်းထဲ လိုက်ပို့လေသည်။

“အဲ့နှစ်ယောက်တော့ အကြီးအကျယ် ပြဿနာတက်ပြီ”

လင်းအောင်က ပခုံးတွန့်၍ သူတို့ ဒုက္ခရောက်တော့မည်ကို ကျေနပ်သော အသံဖြင့် ပြောလာသည်။

“ဆာဖန့်က မသင့်လျောင်တဲ့ အပြုအမူတွေကို မုန်းတီးတယ်၊ အဲ့လိုလူမျိုးက စစ်သည်တော်ဌာနမှ ရှိနေတယ်ဆိုတော့ ပိုဆိုးတာပေါ့”

“ညီလေးရဲ့ ငါ မင်းကို မင်းအခန်းဆီ ခေါ်သွားပေးမယ်၊ ဒီည ကောင်းကောင်းနား၊ မနက်ကျရင် စစ်သားတွေနဲ့အတူ လေ့ကျင့်ရေးကို လိုက်လုပ်ရမယ်”

“အစ်ကိုလင်း သူတို့က ဒီအချိန်ကြီး အလေးတုံးသယ်ပြီး တောင်တက်နေရသေးတာလား၊ လေ့ကျင့်ရေးက မရက်စက်လွန်းဘူးလား”

“အဲ့တာက … လေ့ကျင့်တာက မင်းကို‌ ကောင်းကောင်း အိပ်ပျော်စေတယ်လေ၊ စိတ်မပူနဲ့ မင်း သန်းခေါင်မတိုင်ခင် တုံးခနဲ အိပ်ပျော်သွားလိမ့်မယ်”

“အလေးတုံးက … ဘယ်လောက်လေးတာလဲ”

“အဟမ်း အဟမ်း သိပ်မလေးပါဘူး၊ တစ်ရာကီလိုဂရမ်တောင် မပြည့်တာ”

“နည်းနည်းလေး တိတိကျကျ ပြောပါလား”

“ကိုးဆယ့်ကိုး ဒဿမကိုး ကီလိုဂရမ်”

“…”

All Chapters