မြင့်မြတ်သွေးနတ်ဆိုး ဧကရာဇ်
Vol. 41 Ch. 466
"ကျွန်တော်လည်း မသိဘူး"
နှင်းနတ်ဆိုးအရှင်က ခေါင်းခါပြလိုက်သည်။
"ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်က ထွက်ပေါ်လာကတည်းက ဒီပညာရပ်ကို ကျင့်ကြံခဲ့တာ... သူက မီးတောက်တွေကို သူ့စိတ်ကြိုက် ထိန်းချုပ်နိုင်တယ်... အဲ့ဒါက ကျွန်တော်အတွက် ဆန့်ကျင်ဘက်သက်ရောက်မှုမျိုး ရှိနေတာကြောင့် ကျွန်တော်က သူနဲ့ သိပ်မဆက်ဆံဖြစ်ဘူး"
ကျန်းရွှမ်က ခေါင်းညိတ်ပြလိုက်၏။
နှင်းနတ်ဆိုးအရှင် ကျင့်ကြံသော အေးစက်သည့်ရေခဲစွမ်းအားသည် ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်၏ ကံကြမ္မာမီးတောက်နှင့် ယှဉ်တွဲနေရန် ကောင်းမွန်သောအတွဲအဖက် မဟုတ်သည်မှာ အမှန်ပင်။
နတ်ဆိုးကျင့်ကြံသူ၏ နောက်မှလိုက်ကာ သူတို့သည် ရှေ့သို့လျှောက်လှမ်းလာခဲ့ကြပြီး မကြာမီတွင် မီးတောင်အတွင်းသို့ ရောက်ရှိသွားကြသည်။ သူတို့၏ရှေ့မှောက်တွင် အလွန်ပူပြင်းသော ကြက်သွေးရောင်ချော်ရည်များ ထွက်ပေါ်လာလေ၏။ ဤနေရာတွင် သူတို့၏ကျင့်ကြံဆင့်များဖြင့်ပင်လျှင် အနည်းငယ် မွန်းကြပ်သကဲ့သို့ ခံစားနေရသည်။
"ဒီနေရာမှာ ခဏစောင့်ပေးကြပါ... ငါက သခင့်ဆီ အကြောင်းကြားပေးပါမယ်"
နတ်ဆိုးကျင့်ကြံသူက ဦးညွှတ်ပြီး သူ၏လက်ကိုပူးဆုပ်ကာ အရိုအသေပြုလိုက်သည်။
ကျန်းရွှမ်က ခေါင်းညိတ်ပြလိုက်ရာ နတ်ဆိုးကျင့်ကြံသူသည် အတွင်းပိုင်းသို့ အလျင်အမြန် ပျံသန်းဝင်ရောက်သွားသည်။ မကြာမီမှာပင် အရပ်ရှည်ပြီး သန်မာထွားကြိုင်းသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်လာပေ၏။
သူသည် အရပ်နှစ်မီတာကျော်ရှိပြီး မီးတောက်များကဲ့သို့ နီမြန်းသော ဆံပင်များ ရှိသည်။ သူ၏ လက်များကို ချော်ရည်သံကြိုးများဖြင့် ရစ်ပတ်ထားပြီး သူ၏ရင်ဘတ်ပေါ်ရှိ ကောင်းကင်လောင်ကျွမ်း ဖီးနစ်ငှက်အမှတ်အသားသည် အဆက်မပြတ် လှုပ်ရှားနေသကဲ့သို့ ထင်ရသည်။
"မင်းတို့နှစ်ယောက်က ဘာကိစ္စရှိလို့ ရုတ်တရက်ကြီး ရောက်လာကြတာလဲ"
သူသည် အနားသို့ရောက်မလာမီကပင် အနည်းငယ် စိတ်တိုနေသောအသံ ထွက်ပေါ်လာသည်။
"ဘာလဲ... ငါတို့က မင်းဆီ လာလည်လို့တောင် မရတော့ဘူးလား"
နှင်းနတ်ဆိုးအရှင်က မဲ့ပြုံးပြုံးလိုက်သည်။
"ပြောစရာရှိရင် မြန်မြန်ပြော... လေလည်စရာရှိရင်လည်း မြန်မြန်လည်ထုတ်လိုက်... ငါက ကောင်းကင်ကံကြမ္မာ နယ်ပယ်ကို တက်လှမ်းဖို့ ကြိုးစားနေတာ... မင်းတို့နဲ့ ငြင်းခုံနေဖို့ အချိန်မရှိဘူး"
ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်က သူ၏ လက်ကြီးကို ဝှေ့ယမ်းလိုက်ရာ သံကြိုးများ တချွင်ချွင် မြည်ဟီးသွားလေသည်။
"အရှင်ဧကရာဇ်က ကိစ္စတစ်ခု ဆွေးနွေးဖို့အတွက် မင်းကို လာရှာခိုင်းလိုက်တာပဲ...."
နှင်းနတ်ဆိုးအရှင်က မတ်တတ်ရပ်လိုက်ပြီး ရှေ့သို့ ဖြည်းဖြည်းချင်း ချဥ်းကပ်သွားသည်။ ကျန်းရွှမ်သည် သူ၏ရည်ရွယ်ချက်ကို သိသည့်အတွက် ဖြည်းဖြည်းချင်း ရှေ့သို့လျှောက်လှမ်းသွားလိုက်၏။
သူတို့သုံးယောက်ကြား အကွာအဝေးသည် ဆယ်မီတာအတွင်းသို့ ရောက်ရှိသည်နှင့် တပြိုင်နက် သူတို့သည် အငိုက်ဖမ်း၍ ဝင်ရောက်တိုက်ခိုက်ပြီး တစ်ချက်တည်းဖြင့် အသေသတ်နိုင်ပေမည်။
"ဘာဆွေးနွေးမှာလဲ"
ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်က မျက်မှောင်ကြုတ်လိုက်သည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က နှင်းနတ်ဆိုးအရှင် ချောင်းမြောင်းတိုက်ခိုက်ခံရပြီးတော့ ဖမ်းဆီးခံလိုက်ရတယ်... အခုထိ သေလား ရှင်လားဆိုတာ မသိရသေးဘူး"
နှင်းနတ်ဆိုးအရှင်သည် မည်သို့ပြန်ဖြေရမည်ကိုမသိဘဲ တွေဝေတုံ့ဆိုင်းနေသည်ကို မြင်တွေ့ချိန်၌ ယင်ရှားနတ်ဆိုးအရှင်အဖြစ် ရုပ်ဖျက်ထားသော ကျန်းရွှမ်က ဝင်ရောက်ပြောဆိုလိုက်သည်။
"ဖမ်းသွားတယ် ဟုတ်လား... ဘယ်သူ လုပ်တာလဲ"
ဤသတင်းကို ပထမဆုံးအကြိမ် ကြားလိုက်ရသည့်အလား ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်၏မျက်ခုံးများ မြင့်တက်သွားသည်။
"ဗုဒ္ဓဂိုဏ်းရဲ့လက်ချက် ဖြစ်ပုံရတယ်"
ကျန်းရွှမ်က ပြောဆိုသည်။
သူသည် စကားပြောဆိုနေရင်း သူ သတ်မှတ်ထားသော နေရာသို့ ရောက်ရှိသွားလေပြီ။ သူ၏ မျက်လုံးများထဲတွင် စူးရှသော အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားပေ၏။ သူ လှုပ်ရှားရန် ဟန်ပြင်လိုက်စဉ်မှာပင် အလွန်အစွမ်းထက်သော စွမ်းအားတစ်ရပ် ရုတ်တရက် ဆင်းသက်လာသည်ကို ခံစားလိုက်ရသည်။
ထိုစွမ်းအားသည် တောင်တန်းတစ်ခုလုံးကို လွှမ်းခြုံထားသည်။
ဤအရှိန်အဝါသည် အလွန်အစွမ်းထက်ပေ၏။ ကျန်းရွှမ်သည် ထိုအရှိန်အဝါပိုင်ရှင်နှင့် မတိုက်ခိုက်ဖူးသော်လည်း သူ၏လက်ရှိစွမ်းအားဖြင့် လုံးလုံးလျားလျား ယှဉ်နိုင်မည် မဟုတ်ကြောင်း နားလည်လိုက်သည်။
"ဒုက္ခပဲ... မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ် ရောက်လာပြီ... သူက ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာတာလဲ"
သူ တွေးတောနေစဉ်မှာပင် နှင်းနတ်ဆိုးအရှင်၏ စိုးရိမ်ပူပန်တကြီး ပြောဆိုသံကို သူ၏နားထဲတွင် ကြားလိုက်ရသည်။
"မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်... ကောင်းကင်ကံကြမ္မာနယ်ပယ် ကျင့်ကြံသူလား"
ကျန်းရွှမ်၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။
ကျင့်ကြံဆင့်နယ်ပယ်များကို ရင်းမြစ်ရေအိုင်နယ်ပယ် ကြယ်စင်မြစ်နယ်ပယ် အသက်ပင်လယ်နယ်ပယ်နှင့် ကောင်းကင်ကံကြမ္မာနယ်ပယ်ဟူ၍ ခွဲခြားထားသည်။
ကောင်းကင်ကံကြမ္မာ နယ်ပယ်သည် အသက်ပင်လယ်နယ်ပယ်ကို ကျော်လွန်သော ထိပ်သီးကျင့်ကြံသူအဆင့် ဖြစ်ပြီး ဗုဒ္ဓဂိုဏ်းကမူ ဗောဓိသတ္တအဆင့်ဟု ခေါ်ဆိုကြသည်။
သူတို့နှစ်ယောက်လုံး ရုပ်ဖျက်ထားကြခြင်း ဖြစ်သည်။ သူတို့သည် ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်ကို လှည့်စားနိုင်သော်လည်း ဗောဓိသတ္တအဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦးကို လှည့်စားရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။
အရေးကြီးဆုံးအချက်မှာ တစ်ဖက်လူသည် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားသဖြင့် ရုတ်တရက် ရောက်ရှိလာခြင်းဖြစ်သလော။
"တိုက်ခိုက်မယ်...."
တစ်ဖက်လူ အပြည့်အဝ ရောက်ရှိလာပါက လှုပ်ရှားရန် မဖြစ်နိုင်တော့ကြောင်း သိလိုက်သဖြင့် ကျန်းရွှမ်၏မျက်နှာ တည်ကြည်လေးနက်သွားသည်။ သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏လက်ထဲရှိ ယင်ရှား နတ်ဆိုးအရိုးကို ချက်ချင်းပစ်လွှတ်လိုက်ပြီး သူ၏ရှေ့ရှိ ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်ကို ထိုးစိုက်လိုက်၏။
မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ် ထွက်ပေါ်လာပြီး သူတို့အကြောင်း ပေါ်လွင်သွားမည့်အစား ဤကောင်စုတ်ကို ချက်ချင်းသတ်ဖြတ်ပြီး ထွက်ပြေးသည်က ပိုကောင်းပေလိမ့်မည်။
ဝုန်း...
သူ လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက် နံဘေးမှ နှင်းနတ်ဆိုးအရှင်ကလည်း ခြေတစ်လှမ်း ရှေ့တိုးကာ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
သူသည် ကိုယ်ပိုင်ရုပ်ခန္ဓာကိုယ်ကို အသုံးမပြုထားခြင်းနှင့် သူ အဓိက ကျင့်ကြံသော ရေခဲစွမ်းအားများသည် ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်၏ဖိနှိပ်မှုကို ခံထားရသောကြောင့် သူ၏စွမ်းအားသည် အလွန်ပြင်းထန်ခြင်း မရှိပေ။
သို့ရာတွင် သူ၏အဓိကရည်ရွယ်ချက်မှာ တစ်ဖက်ရန်သူကို အာရုံနောက်စေပြီး ကျန်းရွှမ်ကို ကူညီရန်ပင်။
"မင်းတို့က ယင်ရှားနဲ့ပုပ်သိုးနှလုံးသားတို့ မဟုတ်ဘူး... မင်းတို့က ဘယ်သူတွေလဲ"
ဤအချိန်တွင် တစုံတစ်ခု မှားယွင်းနေကြောင်း ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်က သတိပြုမိသွားသည်။ သူ၏ရင်ဘတ်ပေါ်ရှိ ဖီးနစ်အမှတ်အသားသည် ရုတ်တရက် လောင်ကျွမ်းသွားပေ၏။ အချိန်တခဏအတွင်းမှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို မီးတောက်များ လွှမ်းခြုံသွားသည်။ ထို့နောက် သူ၏လက်ကောက်ဝတ်ကို လှုပ်ခါလိုက်ရာ ပခုံးပေါ်ရှိ ချော်ရည်သံကြိုးသည် အလျားလိုက်ရိုက်ခတ်သွားပြီး ရှေ့ရှိလေဟာနယ်ကို ဆုတ်ဖြဲလိုက်သည်။
"ပျက်စီးစမ်း"
ထိုတိုက်ခိုက်မှုသည် အလွန်ပြင်းထန်သဖြင့် ကျန်းရွှမ်၏နှလုံးသား ရုတ်တရက် ပြင်းပြင်းထန်ထန်ခုန်သွားသည်။ အချိန်တခဏအတွင်းမှာပင် ယင်ရှားနတ်ဆိုးအရှင်၏ အနှစ်သာရအမြူတေသည် ချက်ချင်းအသက်ဝင်သွားသွားပေ၏။ ထို့နောက် ကျန်းရွှမ်၏လက်မှ စွမ်းအားအမြောက်အများ ထွက်ပေါ်လာကာ ယင်ရှားနတ်ဆိုးအရိုးကို အားဖြည့်ပေးလိုက်ပြီး ရှေ့မှနတ်ဆိုးအရှင်ထံသို့ တိုးဝင်သွားသည်။
ထိုနောက် စိတ်ဝိညာဉ်ဆင့်ခေါ်ဓားသည် ကျန်းရွှမ်၏လက်ထဲတွင် ထွက်ပေါ်လာသည်။ သူသည် ထိုဓားကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ လင်းလက်တောက်ပသော ဓားချီများသည် ဖိတ်စင်ကျလာသော မင်ရည်များအလား ပင်လယ်ထဲသို့ ကြယ်များ ကြွေကျလာသည့်အလား လှိုင်းထန်လာပေ၏။ ဤသည်က ခွန်ပန်တစ်ကောင်မှ ရေထုကို ရိုက်ခတ်လိုက်သည်နှင့်တူညီကာ ကောင်းကင် မြေပြင်နှင့် တောင်တန်းများကို တုန်ခါသွားစေသည်။
ယခုချိန်၌ သူ့ထံတွင် နောက်ဆုတ်ရန် လမ်းမရှိတော့သည့်အတွက် သူ၏ကျင့်ကြံဆင့်စွမ်းအားများကို အကုန်အစင် အသုံးပြုပြီး ဤနတ်ဆိုးအရှင်ကို အချိန်တိုအတွင်း၌ သတ်ဖြတ်ရပေမည်။
သူ့ရှေ့မှလူသည် ဤမျှထိ ပြင်းထန်သော တိုက်ခိုက်မှုကို ရုတ်တရက် ထုတ်လွှတ်နိုင်လိမ့်မည်ဟု ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်က တွေးထင်မထားမိချေ။ သူသည် ဆက်လက်၍ မေးခွန်းထုတ်မနေဘဲ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ရုတ်ချည်းဆိုလိုပင် ကြာပန်းပုံစံ မီးတောက်နီတစ်ခုက သူ၏ရှေ့တွင် ထွက်ပေါ်လာလေ၏။
"ဒါက... ဗုဒ္ဓဂိုဏ်းရဲ့ ကံကြမ္မာမီးတောက် ကြာပန်းနီပဲ... မင်းက နတ်ဆိုးမဟုတ်ဘူးလား"
ကျန်းရွှမ် ဇဝေဇဝါဖြစ်သွားသည်။
ကံကြမ္မာမီးတောက် ကြာပန်းနီကို သံသရာမျှော်စင်၏ဒုတိယထပ်တွင် သူ ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသည်။ ဤသည်မှာ သန့်စင်ကံကြမ္မာ နဂါးသစ်ပင်ဗောဓိသတ္တ၏ ထူးခြားသောနည်းစနစ်ဖြစ်သော်လည်း ယခုအချိန်၌ မဟာနတ်ဆိုးတစ်ကောင်ထံ၌ ထွက်ပေါ်လာသည်။ ဤသည်မှာ အလွန်ထူးဆန်းသော ကိစ္စတစ်ရပ်ပင်။
"ကံကြမ္မာမီးတောက် ကြာပန်းနီက အစကတည်းက နတ်ဆိုးဂိုဏ်းရဲ့ ထူးခြားတဲ့ စွမ်းရည်တစ်ခုပဲ... အဲ့ဒါကို အရှက်မရှိတဲ့ ဗုဒ္ဓဂိုဏ်းသားတွေက အတင်းအဓမ္မ လုယူသွားပြီးတော့ သူတို့ပိုင်ပစ္စည်းလို့ ပြောနေကြတာ..."
ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်က တုတ်ခိုင်သန်မာသောလက်ဖြင့် ရိုက်နှက်လိုက်သည်။ ချော်ရည်သံကြိုးနှင့် ယင်ရှားနတ်ဆိုးအရိုးတို့ ထိပ်တိုက်တွေ့ဆုံသွားပြီး လေဟာနယ်ကို ဆုတ်ဖြဲလိုက်သည့်အလားပင်။
ကျန်းရွှမ် ထုတ်လွှတ်လိုက်သောဓားချီသည် အက်ကွဲသွားသော လေဟာနယ်၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရပြီး ချက်ချင်းရပ်တန့်သွားကာ ထိရောက်သော ထိခိုက်မှုများကို မဖြစ်စေခဲ့ချေ။
"ငါ့ရဲ့ မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ် နယ်မြေကို လာပြီး လူသတ်ရဲတယ်ပေါ့"
ထိုအချိန်မှာပင် အေးစက်စက် အော်ငေါက်သံတစ်သံ ထွက်ပေါ်လာပြီးနောက် မီးတောင်အထက်တွင် ဆံပင်နီများ သွေးရောင်မျက်လုံးများရှိကာ အင်္သချေစိတ်ဝိညာဉ်ဝတ်ရုံကို ဝတ်ဆင်ထားသော အရပ်ရှည်ရှည် လူတစ်ဦး ပေါ်လာလေသည်။ သူ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် မလှုပ်ရှားရသေးခင်မှာပင် တစ်စုံတစ်ယောက်၏စိတ်ဝိညာဉ်ကို အမှုန်အမွှားဖြစ်အောင် ဆုတ်ဖြဲတော့မည့်အလား တွန်းလှန်၍မရသော
ဖိအားအရှိန်အဝါကို ထုတ်လွှတ်ထားသည်။
"သူ ရောက်လာတာ မြန်လိုက်တာ"
နှင်းနတ်ဆိုးအရှင် ထိတ်လန့်တုန်လှုပ်သွားသည်။
လက်အောက်ငယ်သား တစ်ဦးအနေဖြင့် သူသည် ဤပုဂ္ဂိုလ်ကို သူ၏စိတ်နှလုံးသားထဲမှ ကြောက်ရွံ့နေမိသည်။ ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်ကို သူ၏စွမ်းအား ဆယ်ပုံ ခုနစ်ပုံ ရှစ်ပုံခန့် ထုတ်ဖော်အသုံးပြု၍ တိုက်ခိုက်နိုင်သော်လည်း ဤပုဂ္ဂိုလ်၏ရှေ့တွင်မူ ဆယ်ပုံ ငါးပုံပင်လျှင် ထုတ်သုံးနိုင်မည် မဟုတ်ချေ။
"နတ်ဆိုးဧကရာဇ်တစ်ယောက်တည်း မဟုတ်ဘူး... သူ့ရဲ့ဘေးက တစ်ယောက်က တစ္ဆေအရိုး နတ်ဆိုးအရှင် မဟုတ်လား"
ကျန်းရွှမ်၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။
မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်နှင့် မလှမ်းမကမ်းအကွာတွင် အရိုးချပ်သံချပ်ကာကို ဝတ်ဆင်ထားသော ခါးကုန်းကုန်း အဘိုးအိုတစ်ဦး ရှိနေသည်။ သူသည် လူရေခွံစိတ်ဝိညာဉ်အလံကို ကိုင်ဆောင်ထားပြီး သူ၏နံဘေး၌ အငြိုးကြီးစိတ်ဝိညာဉ်များ ဝန်းရံနေကာ ကျောချမ်းဖွယ်ခံစားချက်ကို ပေးစွမ်းနေသည်။
ဤမျှထိ စွမ်းအားကြီးမားသူ၏နံဘေးတွင် မတ်တတ်ရပ်နေသဖြင့် ထိုအဘိုးအိုသည် မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်၏လက်အောက်ရှိ နောက်ဆုံးနတ်ဆိုးအရှင် ဖြစ်မည်မှာ စဥ်းစားတွေးတောနေရန်ပင် မလိုတော့ချေ။
"အခု ပြဿနာ တက်ပြီ..."
မူလက သူတို့သည် ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်ကို ချောင်းမြောင်းသတ်ဖြတ်ပြီးနောက် ချက်ချင်းထွက်ခွာသွားရန် စီစဉ်ထားသည်။ ယခုအချိန်၌ မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ် ထွက်ပေါ်လာရုံသာမက တစ္ဆေအရိုး နတ်ဆိုးအရှင်လည်း လိုက်ပါလာသည်။
လက်ရှိအခြေအနေအရ သူသည် နှင်းနတ်ဆိုးအရှင်ကို အားကိုး၍ မရနိုင်တော့ဘဲ သူတစ်ယောက်တည်းဖြင့် နတ်ဆိုးအရှင်နှစ်ယောက်နှင့် နတ်ဆိုးဧကရာဇ်တစ်ယောက်ကို ရင်ဆိုင်ရပေမည်။
နတ်ဆိုးဧကရာဇ်ဟူသည်မှာ ဗောဓိသတ္တနယ်ပယ်နှင့် ယှဉ်နိုင်သော ထိပ်သီးကျင့်ကြံသူတစ်ယောက်ပင်။ ဤကဲ့သို့ ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ကို သူ့ကဲ့သို့လူစားမျိုး ဆယ်ယောက်ခန့်ပေါင်း၍ တိုက်ခိုက်လျှင်ပင် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။ ထို့ပြင် အသက်ပင်လယ် နဝမအဆင့် အထွတ်အထိပ်တွင်ရှိသော နတ်ဆိုးအရှင်နှစ်ယောက် ရှိနေသေးသည်ကို ထည့်ပြောရန်ပင် မလိုတော့ချေ။
ဤသည်မှာ ပြီးခဲ့သည့်တစ်ကြိမ်က အိမ်ရှေ့စံ ယွမ်ချင်း အပြာရောင်တိမ်တိုက်အရှင်နှင့် ရန်ချူးယောင်တို့ကို သူ ရင်ဆိုင်ခဲ့ရသည်ထက် ပို၍ခက်ခဲသော သေလမ်း ဖြစ်နေလေပြီ။