ကံတရား ရှာဖွေနည်း
Vol. 41 Ch. 475
ကံတရားများ သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ ကျန်းရွှမ်သည် တိမ်တိုက်များကြားသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ လုပ်သမျှ အရာအားလုံးတွင် ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။
ဤယုံကြည်မှုသည် စွမ်းအားကြောင့် မဟုတ်ဘဲ ကံတရားကြောင့်ပင်။
ယခင်ကဆိုလျှင် ကောင်းကင်ဥပဒေသ မြို့တော်သို့ ဝင်ရောက်ခြင်းသည် သေလမ်းဟု ခံစားရသော်လည်း ယခုချိန်တွင်မူ ခုန်းရှီကို သေချာပေါက် ကယ်တင်နိုင်မည် ဟူသော ယုံကြည်ချက်တစ်ခု အလိုအလျောက် ပေါက်ဖွားလာသည်။
မည်သည့် ခက်ခဲသော အခြေအနေမျိုးမဆို ဘေးဒုက္ခမှ ကံကောင်းခြင်းအဖြစ် ကံဆိုးမှုမှ ကောင်းချီးအဖြစ် ပြောင်းလဲသွားနိုင်သည်။
ဤသည်မှာ ကံတရားက ယူဆောင်လာသော စွမ်းအားပင်။
ထိုပြင် ဤသည်မှာ ကံတရား၃ပိဿာသာ ရှိသေးပေ၏။ အကယ်၍ သူသည် ကံတရား၈ပိဿာကို အပြည့်အဝ ရရှိပါက သူ မည်မျှထိ စွမ်းအားကြီးမားသွားမည်ကို မသိနိုင်တော့ချေ။
"ကောင်းပြီလေ... ကံတရားကို ချေးငှားပြီးပြီ..."
လျှူရွှမ်ကျီးက သူမ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။
တိမ်ပင်လယ်ကဲ့သို့ အဆုံးမရှိသော ကံတရားစွမ်းအားများ သူ၏ခန္ဓာကိုယ်ထဲတွင် လှုပ်ရှားနေသည်ကို သူ ခံစားမိလေ၏။ ထိုစွမ်းအားများသည် အမှန်တကယ်ကို ကံတရား၃ပိဿာဖြစ်ကြောင်း ကျန်းရွှမ်က သိရှိသွားသည်။ သူသည် သက်ပြင်းချလိုက်ပြီး ဦးညွှတ်အရိုအသေပြုကာ သူ၏လက်ကိုပူးဆုပ်၍ မေးမြန်းလိုက်သည်။
"ကျွန်တော် နားမလည်တာ တစ်ခု ရှိလို့ပါ... ဂိုဏ်းချုပ်က ဖြေပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
"ပြောပါ...."
လျှူရွှမ်ကျီးက ပြောဆိုသည်။
ကျန်းရွှမ်က ပြောဆိုလိုက်၏။
"ကျွန်တော် ခေါ်လာတဲ့ လူတွေက ကံတရားကို ချေးနိုင်မယ့်လူတွေ ဟုတ်မဟုတ် ဂိုဏ်းချုပ်က ဘယ်လိုနည်းနဲ့ ခွဲခြားသိမြင်နိုင်မှာလဲ"
လျှူရွှမ်ကျီးက တုံ့ပြန်သည်။
"ကျွန်မမှာ ကိုယ်ပိုင်နည်းလမ်း ရှိပါတယ်... ရှင် စိတ်ပူဖို့ မလိုပါဘူး"
ကျန်းရွှမ် ခေါင်းညိတ်လိုက်ပြီး ဆက်လက်၍ မမေးတော့ပေ။
"တခြားကိစ္စ မရှိတော့ရင် သွားလို့ရပါပြီ...ရှင် မြန်မြန် ပြန်လာနိုင်ပါစေ"
လျှူရွှမ်ကျီးသည် ထိုစကားကို ပြောဆိုပြီးသည်နှင့် ဆက်မနေတော့ဘဲ နောက်သို့လှည့်ထွက်သွားကာ အုတ်ကြွပ်မိုးအိမ်ထဲသို့ ဝင်ရောက်သွားလေသည်။
"ဒီနေ့ ကံတရားကိုချေးငှားတာက ဒီမှာပဲ ပြီးဆုံးပါပြီ"
ကလေးငယ်ကလည်း ခေါင်းညိတ်ပြပြီး လှည့်ထွက်သွားသည်။ ထို့နောက် တံခါးကြီးသည် "ကျွီ" ဟူသော အသံဖြင့် တင်းကြပ်စွာ ပိတ်သွားလေ၏။
"ဒါက..."
ကျန်းရွှမ်သည် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
ရိုးရိုးသားသား ပြောဆိုရလျှင် တစ်ဖက်လူသည် သူ၏သရုပ်မှန်နှင့် သူ ကံတရားကို ချေးငှားသည့် ရည်ရွယ်ချက်အား မသိဟု ပြောဆိုပါက သူ ယုံကြည်မည် မဟုတ်ချေ။ သို့ရာတွင် သူမသည် ထိုကိစ္စကို အရေးစိုက်ခြင်း မရှိသဖြင့် သူ ဘေးကင်းလုံခြုံသွားလေပြီ။
သူ ဤနေရာမှ အမြန်ဆုံးထွက်သွားသည်က ပိုကောင်းပေမည်။
သို့ရာတွင်...
သူသည် ကံတရား၃ပိဿာကို ချေးယူနိုင်ခဲ့သော်လည်း ၈ပိဿာနှင့် နှိုင်းယှဉ်လျှင် ကွာဟချက် ကြီးမားနေဆဲပင်။ ကောင်းကင်ဥပဒေသမြို့တော် မဖွင့်မီ ထိုကံတရားများကို လုံလောက်အောင် စုဆောင်းနိုင်မည့် နည်းလမ်းအား သူ ရှာမတွေ့ပါက ထိုကိစ္စ အောင်မြင်နိုင်ခြေ အလွန်နည်းပါးနေပေမည်။
သို့ရာတွင် သူသည် ကံတရားကို မည်သို့ ရှာဖွေရမည်နည်း....
သူသည် တခြားလူများကို ချေးခိုင်းရမည်လော...
သူ ခေါင်းမော့ပြီး သူ၏ရှေ့ရှိ လူအုပ်ကြီးကို ကြည့်လိုက်၏။
ဤလူများအားလုံးသည် ကံတရား ချေးငှားလိုကြသော်လည်း လူအများစုမှာ ၉ မူးသားခန့်သာ ရှိကြသည်။ ကံတရား ၁ ပဲသားကိုပင် ချေးဝံ့သူဟူ၍ သိပ်မရှိကြချေ။ ဤလူများကို အားကိုးပြီး ကံတရား၆ပိဿာကို စုဆောင်းရန်မှာ ကောင်းကင်ဘုံကို တက်လှမ်းသလောက် ခက်ခဲပေလိမ့်မည်။
အရေးကြီးဆုံး အချက်မှာ ဤလူများသည် သူ ခေါ်လာခြင်း မဟုတ်ဘဲ ကြိုတင်စောင့်ဆိုင်းနေသော ဖောက်သည်များ ဖြစ်နေခြင်းပင်။ အကယ်၍ ဤလူများမှ ချေးငှားလျှင်ပင် လျှူရွှမ်ကျီးက မည်သို့မျှ အသိအမှတ်ပြုမည် မဟုတ်ချေ။
ထိုကြောင့် ကံတရားချေးမည့်လူများကို သူကိုယ်တိုင် ရှာဖွေရပေမည်။
'ငါ ဘယ်သူ့ကို ရှာရမလဲ'
သူ စဉ်းစားနေစဉ်မှာပင် အသံတစ်သံ ထွက်ပေါ်လာသည်။
"ညီအစ်ကို... မင်းက ဘာလုပ်ချင်နေတာလဲ... သေချာပေါက် သေဆုံးရမယ့် အခြေအနေ ဖြစ်နေတာတောင်....မင်းက ဒီလောက်များတဲ့ ကံတရားကို သုံးဖို့ လိုအပ်နေသေးတာလား"
ကျန်းရွှမ် မော့ကြည့်လိုက်သည်။ ဤသည်မှာ တခြားသူ မဟုတ်ဘဲ သူ့ရှေ့တွင် တန်းစီခဲ့ပြီး ကံတရား ၁ပိဿာ ချေးယူခဲ့သော လူငယ်ပင်။
ထိုလူငယ်သည် ထွက်မသွားသေးဘဲ စိတ်ဝင်တစားအမူအယာဖြင့် ကျန်းရွှမ်ကို ကြည့်နေပေ၏။
"ငါ..."
သူ အမေးခံလိုက်ရသဖြင့် ကျန်းရွှမ်က တုံ့ပြန်အဖြေပေးရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် သူ၏ခန္ဓာကိုယ်ထဲရှိ ကံတရားမှ အကျိုးသက်ရောက်မှု ရှိလာသကဲ့သို့ ခံစားလိုက်ရသည်။ ဉာဏ်အလင်းပွင့်မှုတစ်ခု သူ၏စိတ်ထဲသို့ ဝင်ရောက်လာပြီး ချက်ချင်းဆိုသလိုပင် အတင့်ရဲသော အကြံတစ်ခု ထွက်ပေါ်လာသည်။
"ညီအကို.. ငါတို့ သီးသန့် စကားပြောလို့ ရမလား"
ကျန်းရွှမ်၏မျက်နှာပေါ်တွင် အပြုံးများဖြင့် ပြည့်နှက်နေသည်။
"သေချာတာပေါ့..."
လူငယ်က ခေါင်းညိတ်လိုက်သည်။
သူ၏ ကျင့်ကြံဆင့်သည် ကျန်းရွှမ်ထက် မြင့်မားပြီး ကံတရားက သူ့ကို ကာကွယ်ပေးထားသဖြင့် တစ်ဖက်လူ၏ ချောင်းမြောင်းတိုက်ခိုက်ခြင်း သို့မဟုတ် ထိခိုက်စေခြင်းကို စိုးရိမ်ရန်မလိုချေ။
သူတို့နှစ်ယောက်သည် တစ်ယောက်ပြီး တစ်ယောက် အဝေးသို့ ပျံသန်းသွားကြပြီး မျက်စိတစ်မှိတ်အတွင်း မူလနေရာမှ ပျောက်ကွယ်သွားကြသည်။
"ဒီနေ့ တစ်ရက်တည်းနဲ့ ကံတရား ၄ပိဿာကို ရွှမ်ကျီးဂိုဏ်းက ချေးပေးလိုက်တယ်... မကြာခင်မှာ ကိစ္စကြီးတစ်ခု ဖြစ်လာမှာကို ငါ စိုးရိမ်မိတယ်"
"ငါကတော့ ကိစ္စကြီးတာ မကြီးတာ ဂရုမစိုက်ဘူး... သူတို့နှစ်ယောက်က ဒီကံတရားကို ဘယ်လို ပြန်ဆပ်ကြမလဲ ဆိုတာပဲ ငါ တွေးနေမိတယ်"
"ပြန်ဆပ်တာက ရိုးရှင်းပါတယ်... လူတစ်ယောက်ရဲ့ဘဝမှာ ကံတရားဆိုတာက မျှတနေတာလေ... သူတို့က ဒီလောက်ထိ အများကြီး ချေးထားမှတော့ အနာဂတ် ကောင်းချီးတွေနဲ့ပဲ ပြန်ပေးဆပ်ရမှာပေါ့... ငါ မမှားဘူးဆိုရင် ဒီနှစ်ယောက်က ဒီကံတရားတွေကို သုံးပြီးတာနဲ့ သူတို့ရဲ့ အနာဂတ် ဘဝတွေမှာ ကံဆိုးမိုးမှောင်ကျမှုတွေကို ဆက်တိုက်ကြုံတွေ့ရလိမ့်မယ်"
"အင်း... ငါလည်း အဲ့ဒီလိုပဲ ထင်တယ်..."
သူတို့နှစ်ယောက် ထွက်ခွာသွားသည်ကို မြင်တွေ့ချိန်၌ လူအများသည် တက်တက်ကြွကြွ ဆွေးနွေးလိုက်ကြ၏။ ရှေ့ဆုံးရှိ အလောင်းနှစ်လောင်းပင်လျှင် မလှုပ်မယှက် ရှိနေသော်လည်း ဂရုတစိုက် နားထောင်နေသည့်အလားပင်။
အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားပြီးနောက် ပုံရိပ်နှစ်ခုသည် အပျက်အစီးများကြားသို့ ဆင်းသက်လိုက်ကြသည်။
"ညီအစ်ကို... ပြောစရာ ရှိရင် ဒီနေရာမှာ ပြောလို့ ရပါပြီ"
ထိုလူငယ်သည် ကျန်းရွှမ် မကောင်းကြံစည်မည်ကို စိုးရိမ်သဖြင့် သူ အစောပိုင်းက ချေးယူထားသော ကံတရားကို တိတ်တဆိတ် အသက်သွင်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း အဖြူရောင်ချီစွမ်းအားများသည် သူ၏ခန္ဓာကိုယ် အတွင်း၌ လည်ပတ်သွားပြီး သူ၏ဆဲလ်တစ်ခုစီတိုင်းသို့ ပျံ့နှံ့သွားသည်။
"ကောင်းပြီလေ"
ကျန်းရွှမ်သည် များစွာတွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်လိုက်၏။ ထို့နောက် သူ၏လက်ကို မျက်နှာပေါ်သို့ ပွတ်သပ်လိုက်ရာ ချက်ချင်းဆိုသလိုပင် သူ၏မူလရုပ်ရည် ထွက်ပေါ်လာသည်။
"မင်း... မင်းက ကျန်းရွှမ်လား"
လူငယ်သည် ထိတ်လန့်သွားပြီး သူ၏ အသက်ရှူနှုန်း ရုတ်တရက် လျှင်မြန်ဆန်လာသည်။
ဒီကံတရားက သောက်ကျိုးနည်း ထိရောက်လွန်းတယ်....
သူ အစောပိုင်းကမှ ကံတရားကို ချေးယူခဲ့သော်လည်း ယခုချိန်၌ တစ်ဖက်လူကို သူ မြင်တွေ့လိုက်ရလေပြီ။
"အမှန်ပဲ..."
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
"မင်း ကံတရားကို ချေးရတဲ့ ရည်ရွယ်ချက်ကို ငါ သိတယ်... မင်းက အခု အိမ်ရှေ့စံမင်းသားယွမ်ချင်းဆီကို သွားပြီးတော့ ဒီသတင်းကို ပေးပို့ပြီး ဆုလာဘ်တွေ ယူလို့ရပြီ"
"တကယ်လား"
လူငယ်၏ခန္ဓာကိုယ်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေပြီး ပျော်ရွှင်မှုသည် ဤမျှထိမြန်မြန် ရောက်လာလိမ့်မည်ဟု သူ မျှော်လင့်ထားမထားမိချေ။
သူသည် စမ်းသပ်လိုသည့်သဘောဖြင့် ကံတရား လာရောက်ချေးငှားကြည့်ခြင်းပင်။ သူ ချေးငှား၍ရရုံသာမက သူ၏ဆန္ဒသည် ဤမျှထိ မြန်မြန်ဆန်ဆန် ပြည့်ဝလာလိမ့်မည်ဟု သူ တွေးထင်မထားမိချေ။
"သေချာတာပေါ့..."
ကျန်းရွှမ် ခေါင်းညိတ်ပြပြီး ဆက်လက်၍ ပြောဆိုသည်။
"ဒါ့ပြင် ငါက ကံတရားတွေကို ဘာလို့ ဒီလောက်ထိ အများကြီး ချေးငှားဖို့ လိုအပ်တယ် ဆိုတာ မင်းကို ပြောပြလို့ ရတယ်... မင်းက အဲ့ဒီသတင်းကိုလည်း အိမ်ရှေ့စံမင်းသားယွမ်ချင်းဆီ ပြောပြနိုင်တယ်"
"ဘာလို့ အဲ့ဒီလောက် အများကြီး ချေးတာလဲ" လူငယ် စိတ်ဝင်စားသွားသည်။
သူ အမှန်တကယ်ကို ဤကိစ္စအား သိချင်နေသည်။
ရိုးရိုးသားသား ပြောရရင် သူသာမက ယခင်က ကံတရားချေးသည့်နေရာတွင် ရှိနေသူအားလုံးသည်လည်း သိချင်နေကြပေလိမ့်မည်။
ကံတရား၈ပိဿာဆိုသည်မှာ အမှန်တကယ်ကို အလွန်များပြားပေ၏။
ကျန်းရွှမ်က ပြောဆိုသည်။
"ဒါက ရိုးရှင်းပါတယ်... ငါက ဗုဒ္ဓဂိုဏ်းဆီ သွားပြီး ပစ္စည်းတစ်ခု ချေးငှားချင်လို့ပဲ... ကံတရား မလုံလောက်ရင် ငါက အလွယ်တကူ အဖမ်းခံရနိုင်တယ်လေ"
"ပစ္စည်းတစ်ခု ချေးငှားချင်လို့လား"
လူငယ်၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအယာတစ်ရပ် ထင်ဟပ်လာသည်။
"ဗုဒ္ဓဂိုဏ်းက အခု မင်းကို လိုက်ဖမ်းနေတာ မဟုတ်လား"
သူသည် ကျန်းရွှမ်ကို လိုက်ရှာနေသူဖြစ်သဖြင့် ထိုကိစ္စအကြောင်း သတင်းအချက်အလက်များ အားလုံးကို သူ သိရှိထားသည်။ ဗုဒ္ဓဂိုဏ်းသည် ကျန်းရွှမ်အား ဖမ်းဆီးရန် ဆုငွေထုတ်ထားရုံသာမက သူတို့၏ကမ်းလှမ်းမှုသည် အိမ်ရှေ့စံမင်းသားယွမ်ချင်း ပေးသည်ထက်ပင် ပိုများနေပေ၏။
"ဟုတ်တယ်... သူတို့က ငါ့ကို လိုက်ဖမ်းနေလို့ပဲ ငါက ပစ္စည်းတစ်ခု သွားပြီးချေးငှားဖို့ လိုအပ်နေတာပေါ့..."
ကျန်းရွှမ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ကောင်းပြီလေ"
သူ မပြောလိုသည်ကို တွေ့လိုက်ရသဖြင့် လူငယ်က ဆက်မမေးတော့ပေ။ အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းနေပြီးနောက် သူက မေးမြန်းလိုက်သည်။
"မင်းက ဘာလို့ ငါ့ကို ဒါတွေ ပြောပြနေတာလဲ"
"ဒါက ရိုးရှင်းပါတယ်... မင်း အိမ်ရှေ့စံဆီ သွားပြီး ဆုလာဘ်အနေနဲ့ အရင်းအမြစ်တွေကို ရလာရင် ဘယ်လို ရတနာ ဒါမှမဟုတ် ဘယ်လို ဆုလာဘ်မျိုးပဲ ရရ... ငါက တစ်ဝက် လိုချင်တယ်"
ကျန်းရွှမ်က ပြောဆိုသည်။
"ကိုယ့်ရဲ့သတင်းအချက်အလက်ကို ကိုယ်ရောင်းပြီး ဆုလာဘ်တစ်ဝက် တောင်းတာလား"
လူငယ်၏မျက်လုံးများ ပြူးကျယ်သွားသည်။
ဤလှုပ်ရှားမှုသည် အလွန်အတင့်ရဲသည် မဟုတ်လော...
အဓိကအချက်မှာ သတင်းအချက်အလက် ပေါက်ကြားသွားလျှင် သူ အသက်ဆက်ရှင်နိုင်မည်လော...
"ငါ သေသွားရင် ငါတို့ရဲ့သဘောတူညီချက် ပျက်ပြယ်သွားပြီလေ.. မင်း ရလာတဲ့ အရင်းအမြစ်တွေကို ခွဲပေးဖို့ မလိုတော့ဘူး"
ကျန်းရွှမ်က ပြုံးလိုက်သည်။
"ကောင်းပြီလေ... ငါ သဘောတူတယ်"
လူငယ်က ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်၏။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူ အကျိုးအမြတ်များ အလကား ရရှိခြင်းဖြစ်သဖြင့် သူ မည်သည်ကြောင့် မလုပ်ဘဲ နေရမည်နည်း....
"ဒါဆို သဘောတူလိုက်ပြီ... ဒါ ငါ့ရဲ့ ဆက်သွယ်ရေးအဆောင်လက်ဖွဲ့ပဲ... မင်းက သတင်းပို့ပြီးတာနဲ့ ငါ့ဆီ ချက်ချင်းသတင်းပို့ပေးရမယ်... ဆုလာဘ်တွေ ရပြီးရင်လည်း မင်း ငါ့ကို ရှာရတာ အဆင်ပြေတာပေါ့..."
ကျန်းရွှမ် ဆက်သွယ်ရေးအဆောင်လက်ဖွဲ့တစ်ခုကို ပစ်ပေးလိုက်သည်။
လူငယ်က ထိုအရာကို ပေါ့ပေါ့ပါးပါး ဖမ်းယူပြီး ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ... မင်းက ငါ့ကို ဒီလောက်ထိ ယုံကြည်မှတော့ ငါလည်း ဖုံးကွယ်မနေတော့ပါဘူး... ငါ့နာမည်က ဟူရှန်း ပါ... တကယ်လို့ မင်း အသက်ရှင်နိုင်ရင် ငါက မင်းကို အစ်ကိုအဖြစ် အသိအမှတ်ပြုပါ့မယ်"
ဟူရှန်းသည် ထိုသို့ပြောဆိုပြီးသည်နှင့် လှည့်ထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်း လေထုထဲတွင် ပျောက်ကွယ်သွားသည်။ သူသည် အချိန်တစ်ခဏခန့် နောက်ကျသွားလျှင် တစ်ဖက်လူ၏ သတ်ဖြတ်ခြင်းကို ခံရမည်အား စိုးရိမ်နေသည့်အလားပင်။
"သခင်က ဘာလုပ်မလို့လဲ"
ထိုအချိန်မှာပင် နှင်းနတ်ဆိုးအရှင်၏ မေးခွန်းထုတ်သံ ထွက်ပေါ်လာသည်။
ကိုယ့်ရဲ့သတင်းအချက်အလက် ကိုယ်တိုင် ထုတ်ဖော်ပြီး ဗုဒ္ဓဂိုဏ်းဆီတောင် သွားအုံးမယ်တဲ့... ဒါက သေလမ်းရှာတာ မဟုတ်ဘူးလား...
ဒီကောင် ဘာတွေ တွေးနေတာလဲ.... ငါ ဘာလို့ နားမလည်နိုင်တော့တာလဲ....
"ဒါက ရိုးရှင်းပါတယ်..."
ကျန်းရွှမ်က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"ကံတရားကို ဘယ်လို ရှာရမလဲဆိုတာ ငါ စဉ်းစားလို့ ရသွားပြီ"