သန့်စင်ကံကြမ္မာ နဂါးသစ်ပင် ဗောဓိသတ္တ
Vol. 41 Ch. 467
ဒုတ်...ဒုတ်...ဒုတ်...
ရှေ့တွင်ရှိနေသည့် ဖိနှိပ်ချုပ်ကိုင်နိုင်သော အရှိန်အဝါကို အာရုံခံမိပုံဖြင့် ထာဝရနှလုံးသားသည် ကျုံ့သွားမည့်အစား ပို၍မြန်ဆန်စွာ ခုန်လာသည်။ နှလုံးတစ်ချက်ခုန်လိုက်တိုင်း ယင်ရှားနတ်ဆိုးအရှင်၏ အနှစ်သာရအမြူတေမှ များပြားသော နတ်ဆိုးစွမ်းအားများသည် ကျန်းရွှမ်း၏သွေးများနှင့် ပေါင်းစပ်ကာ သူ၏ခန္ဓာကိုယ်ရှိ ဆဲလ်တစ်ခုစီတိုင်းသို့ စီးဆင်းသွားသည်။
"ကံကြမ္မာရင်းမြစ်စွမ်းအား... ဗုဒ္ဓစွမ်းအားတွေအဖြစ် ပြောင်းလဲသွားစမ်း"
နတ်ဆိုးစွမ်းအားများကို ဆက်တိုက်လောင်ကျွမ်းစေခြင်းသည် သူ့ကို မည်သို့မျှ လွတ်မြောက်နိုင်ခြင်း မရှိမည့် နတ်ဆိုးလမ်းစဉ်သို့ ကျရောက်သွားစေနိုင်ကြောင်း သိထားသဖြင့် ကျန်းရွှမ်၏စိတ် တစ်ချက်လှုပ်ရှားသွားသည်။ ထိုနောက် လဲ့ချန်ယီထံမှ သူ ရရှိထားသော မရေမတွက်နိုင်သော ကံကြမ္မာချပ်ပြားများ ချက်ချင်းပေါက်ကွဲသွားလေ၏။
ယခင်က အပြာရောင်တိမ်တိုက်အရှင်၏ အတ္တကင်းစင်ခြင်းကံကြမ္မာနှင့် ချိတ်ဆက်ခဲ့ဖူးသဖြင့် ကောင်းကင်ဘုံစာကြည့်တိုက်သည် ထပ်တူညီသော ကံကြမ္မာမြစ်တစ်စင်းကို ပုံတူကူးယူထားခဲ့သည်။ သို့ရာတွင် ထိုအရာသည် အလွန်သေးငယ်ပေ၏။ ဤအချိန်အခိုက်အတန့်တွင် သန့်စင်သည့် ကောင်းကင်ကံကြမ္မာစွမ်းအားများ မရပ်မနား ဝင်ရောက်လာပြီး ထိုစွမ်းအင်မြစ်သည် အချိန်တခဏအတွင်း လျင်မြန်စွာ ကြီးထွားလာတော့သည်။
ဒုတိယအဆင့်...တတိယအဆင့်... စတုတ္ထအဆင့်....
အပြာရောင်တိမ်တိုက်အရှင်သည် ကြယ်ရှစ်ပွင့် အထွတ်အထိပ်တွင်ရှိသော ကောင်းကင်ကံကြမ္မာဆရာသခင်တစ်ဦးပင်။ ထို့ပြင် အတ္တကင်းစင်ခြင်းကံကြမ္မာအပေါ် သူ၏ နားလည်သဘောပေါက်မှုသည် ထိုကံကြမ္မာနယ်ပယ်၏ အထွတ်အထိပ် သို့မဟုတ် အဋ္ဌမအဆင့်သို့ ရောက်ရှိနေလေပြီ။
ကျန်းရွှမ်၏နားလည်သဘောပေါက်မှုသည် အပြာရောင်တိမ်တိုက်အရှင်လောက် နက်ရှိုင်းခြင်း မရှိသော်လည်း သူသည် ကံကြမ္မာမြစ်အတွင်းရှိ စွမ်းအားများကို စုစည်းခဲ့ဖူးပြီး စိတ်ခံစားချက်ကံကြမ္မာ၏အကူအညီဖြင့် သေချာစွာ လေ့လာခဲ့ဖူးသည်။ ထို့ကြောင့် သူသည် အားစိုက်ထုတ်ရန် မလိုဘဲ ကောင်းကင်ဘုံစာကြည့်တိုက်အတွင်းရှိ ကံကြမ္မာမြစ်ကို ပဉ္စမအဆင့် အထွတ်အထိပ်သို့ မြှင့်တင်နိုင်ခဲ့သည်။
ဤအချိန်တွင် ကံကြမ္မာမြစ် တစ်ခုလုံးသည် ကြီးမားကျယ်ပြန့်ပြီး လှိုင်းထန်နေပေ၏။ ဤသည်မှာ အပြာရောင်တိမ်တိုက်အရှင်နှင့် နှိုင်းယှဉ်ရန် အလှမ်းကွာဟနေသေးသော်လည်း ထိုစွမ်းအင်မြစ်တွင် ဗုဒ္ဓအရှိန်အဝါများဖြင့် အမှန်တကယ်ကို ပြည့်နှက်နေသည်။
ဝုန်း....
ထာဝရနှလုံးသား၏ ထုတ်ယူမှုအောက်တွင် ဥာဏ်ပညာတိုက်ပွဲ ဗောဓိသတ္တနှင့် သန့်စင်ကံကြမ္မာ နဂါးသစ်ပင်ဗောဓိသတ္တတို့၏ အမွေအနှစ်များမှ ဆန္ဒများနှင့် ရောနှောထားသော စွမ်းအားများ ပွင့်အံ့ထွက်လာသည်။ ထို့နောက် ကြီးမားသော ဝမ့်(စကြာ)အက္ခရာစာလုံးကြီးတစ်လုံးသည် လေဟာနယ်ထဲတွင် ပေါ်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
"သေစမ်း"
စိတိဝိညာဉ်ဆင့်ခေါ်ဓားသည် လေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး ယင်ရှားနတ်ဆိုးအရိုးနှင့်အတူ ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်ထံသို့ တစ်ပြိုင်နက်တည်း ထိုးစိုက်လိုက်သည်။
"မင်း... မင်းက ဗုဒ္ဓဂိုဏ်းကလား... မင်း... မင်းက ငါ့ရဲ့ ကံကြမ္မာမီးတောက် ကြာပန်းနီကို လုချင်နေတာလား"
ထူထပ်သိပ်သည်းသော ဗုဒ္ဓအရှိန်အဝါများ လွှမ်းခြုံသွားသည်ကို မြင်လိုက်ရချိန်၌ ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်၏ ယခင်က တည်ငြိမ်မှုများ ဆုံးရှုံးသွားသည်။ သူ၏ နှလုံးသား နက်ရှိုင်းသောနေရာတွင် ဖုံးကွယ်ထားသော မှတ်ဉာဏ်တချို့ နိုးထလာသည့်အလား သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ဖြတ်ပြေးသွားပေ၏။
ဝှစ်...
ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်၏ ခန္ဓာကိုယ်အနှံ့အပြား၌ လောင်ကျွမ်းနေသော မီးကြာပန်းသည် သူ၏ခန္ဓာကိုယ်ထဲသို့ ချက်ချင်းပြန်ဝင်သွားသည်။
သူ၏ကိုယ်ပိုင်စွမ်းအားသည် ကျန်းရွှမ်ထက် မနိမ့်ကျချေ။ ထို့ပြင် သူသည် ကံကြမ္မာမီးတောက် ကြာပန်းနီကို အသုံးပြုထားပါက ပို၍ပင်သာလွန်နိုင်ပေ၏။ ထို့ကြောင့် သူတို့နှစ်ဦး၏လျှို့ဝှက်တိုက်ခိုက်မှုသည် လျင်မြန်သော်လည်း ရန်သူ၏ပိတ်ဆို့ခြင်းကို ခံလိုက်ရပြီး လုံးလုံးလျားလျား သက်ရောက်ခြင်းမရှိခဲ့ပေ။
ယခုအချိန်၌ သူသည် ကြောက်ရွံ့မှုကြောင့်ကံကြမ္မာမီးတောက် ကြာပန်းနီကို ဆန္ဒအလျောက် ပြန်လည်ရုပ်သိမ်းလိုက်ရာ သူ၏ ကိုယ်ပိုင်စွမ်းအားကို လျော့နည်းသွားစေသည်နှင့် တူညီသည်။ အရေးကြီးဆုံးအချက်မှာ သူ၏ တိုက်ခိုက်လိုစိတ်သည် ယခင်ကကဲ့သို့ ပြင်းထန်မှုမရှိတော့ခြင်းပင်။ အရိုးနှင့် ဓား ပျံ့လွင့်လာသည်ကို မြင်တွေ့ချိန်၌ သူသည် ခုခံရန် စိတ်ကူးမရှိတော့ဘဲ နောက်သို့ချာခနဲလှည့်ကာ ထွက်ပြေးလိုက်၏။
"အရူးကောင်... သူက သန့်စင်ကံကြမ္မာ နဂါးသစ်ပင်ဗောဓိသတ္တ မဟုတ်ဘူး"
လေထုထဲတွင် ပျံသန်းလာသော မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်သည် ဆဲရေးခြင်းမပြုဘဲ မနေနိုင်တော့ချေ။
ထိပ်သီးကျင့်ကြံသူများအကြားရှိ တိုက်ပွဲတွင် အရှိန်အဝါ စိတ်ဓာတ် စွမ်းအားနှင့် လှုပ်ရှားမှုများ မရှိမဖြစ်လိုအပ်သည်။ မူလက သူတို့သည် သရေကျနိုင်သော်လည်း ဤကောင်စုတ်၏ကြောက်ရွံ့မှုကြောင့် အနိုင်အရှုံးကို ဆုံးဖြတ်ပြီးသား ဖြစ်သွားပေ၏။
သို့ရာတွင် သူ၏လက်အောက်ငယ်သားကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ရန်မှာ သူကိုယ်တိုင်ပင်လျှင် ခက်ခဲမည်ဖြစ်သောကြောင့် သူ၏ရှေ့မှလူသည်လည်း သေချာပေါက် လုပ်ဆောင်နိုင်မည် မဟုတ်ချေ။ ထိုအရူးကောင်သည် တိုက်ခိုက်မှုတစ်ခုကို ရှောင်တိမ်းနိုင်သည်နှင့် သူနှင့်တစ္ဆေအရိုး နတ်ဆိုးအရှင်တို့ ထိုနေရာသို့ ရောက်ရှိသွားပေမည်။ ထိုအချိန်ကျပါက တစ်ဖက်ရန်သူများသည် မည်သူမည်ဝါဖြစ်နေပါစေ သေဆုံးရပေမည်။
ဓားချီများသည် လေထုကို ထိုးခွင်းသွားသည့်အသံများ မြည်ဟီးလာကာ ငိုရှိုက်သံကဲ့သို့ အသံများ ထွက်ပေါ်လာသည်။ ယင်ရှားနတ်ဆိုးအရိုးသည် အလွန်လျှင်မြန်ပေ၏။ ထိုလက်နက်နှစ်ခုမှ ထုတ်လွှတ်ထားသော စွမ်းအားကြီးမားသည့် အရှိန်အဝါသည် အသက်ရှူချိန် တစ်ထောင်ပုံ တစ်ပုံအတွင်း ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်၏ကျောဘက်သို့ ရောက်ရှိသွားသည်။
ဝုန်း....
ချော်ရည်သံကြိုးများသည် အရှင်သခင်ကို အလိုအလျောက် ကာကွယ်ပေးလိုက်ပြီး တိုးဝင်လာသော တိုက်ခိုက်မှု အများစုကို ပိတ်ဆို့ဟန့်တားလိုက်သည်။ အဆက်မပြတ် လည်ပတ်နေသော မီးတောက်ဖီးနစ်အမှတ်အသားသည် မီးပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး ပြင်ပသို့ ပွင့်အံ့ထွက်လာသည်။
ဤဟန့်တားပိတ်ဆို့မှုကို ခံလိုက်ရသဖြင့် ကောင်းကင်ဘုံသောကဓားသိုင်း၏ စွမ်းအားသည် ထက်ဝက်ကျော် လျော့နည်းသွားပြီး ပျက်ပြယ်လုနီးပါး ဖြစ်သွားပေ၏။
ကောင်းကင်ဘုံသောကဓားသိုင်း စွမ်းအားကြီးမားရခြင်း၏ အကြောင်းအရင်းမှာ စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်သောကြောင့်ပင်။ ဤအချိန်တွင် ကျန်းရွှမ်၏ စိတ်ခံစားချက်ကံကြမ္မာအပေါ် နားလည်သဘောပေါက်မှုသည် ပဉ္စမအဆင့် အထွတ်အထိပ်တွင်သာ ရှိနေသေးသည်။ ထိုကြောင့် ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်၏ အဋ္ဌမဆင့် အထွတ်အထိပ်နှင့် နှိုင်းယှဉ်ပါက များစွာနိမ့်ကျနေဆဲပင်။ ထို့ကြောင့် သူသည် ထိုဓားနည်းစနစ်၏ အားသာချက်ကို အပြည့်အဝ အသုံးမပြုနိုင်ဘဲ သာမန်ဓားနည်းစနစ်များထက် အနည်းငယ်သာ ပို၍အားကောင်းသည်။
"ကြောက်ရွံ့တယ်ဆိုတာ စိတ်ခံစားမှု တစ်မျိုးပဲ... အဲ့ဒါကြောင့် ငါ အဲဒါကို အသုံးပြုရမယ်"
ဤတိုက်ခိုက်မှုက ရန်သူကို သတ်နိုင်မည် မဟုတ်ကြောင်း သူ သိရှိသွားသည်။ ထိုသို့ဆိုလျှင် သူ၏အခွင့်အရေး ဆုံးရှုံးရုံသာမက မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်၏ ဖမ်းဆီးခြင်းကို ခံရနိုင်ကာ သူ ထွက်ပြေးရန် အခွင့်အရေး ဆုံးရှုံးသွားနိုင်ကြောင်း သူ သိရှိသွားပေ၏။ ထိုကြောင့် ကျန်းရွှမ်၏မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။ ထို့နောက် သူသည် ကျယ်လောင်စွာ အော်ဟစစ်လိုက်ရာ သူ၏နှလုံးခုန်နှုန်း မြန်ဆန်လာလေ၏။
ဒုတ်...ဒုတ်...ဒုတ်...
အသက်ရှူချိန်တစ်ထောင်ပုံတစ်ပုံအတွင်း ထိုအရာသည် အကြိမ်ပေါင်းဆယ်နှင့်ချီ၍ ခုန်လှုပ်သွားပေ၏။ ယခင်က ကျန်းရွှမ် ရရှိထားသော ယင်ရှားနတ်ဆိုးအရှင်၏ အနှစ်သာရအမြူတေသည် ချက်ချင်းဆိုသလိုပင် တစ်ဝက်ခန့် ကုန်ဆုံးသွားသည်။
ဤသည်မှာ ထာဝရနှလုံးသား၏စွမ်းအားပင်။ ပုံမှန်အားဖြင့် ကျင့်ကြံနေစဥ်နှင့်သာမာန်နေထိုင်စဉ် အတောအတွင်းတွင် ထိုနှလုံးသားသည် ဆယ်နှစ်မှ တစ်ကြိမ် သို့မဟုတ် နှစ်ရာချီမှ တစ်ကြိမ်သာ ခုန်ပြီး ထွက်ပေါ်လာသော စွမ်းအားသည် ခန္ဓာကိုယ်၏ပုံမှန်လုပ်ငန်းဆောင်တာကို ထိန်းသိမ်းပေးသည်။ သို့ရာတွင် တိုက်ပွဲအတွင်းတွင်မူ ထိုအရာသည် အသက်ရှူတစ်ရှိုက်အတွင်း အကြိမ်ပေါင်း သောင်းနှင့်ချီ သို့မဟုတ် သန်းနှင့်ချီ၍ လွယ်လင့်တကူ ခုန်လှုပ်နိုင်သည်။
"စိတ်ခံစားချက်ကံကြမ္မာ... ထွက်လာခဲ့စမ်း"
ကျန်းရွှမ်သည် စွမ်းအားများ သူ၏ခန္ဓာကိုယ်အနှံအပြား၌ ပြည့်နှက်သွားသည်ကို ခံစားမိချိန်၌ သူ၏အရှိန်အဝါကို ဖုံးကွယ်မထားတော့ချေ။ သူ တစ်ချက်အော်ဟစ်လိုက်ခြင်းနှင့်အတူ သူ၏ခေါင်းအထက်ရှိ ပုံရိပ်ယောင်လေဟာနယ်ထဲတွင် ကြယ်စင်မြစ်တစ်ခု ထွက်ပေါ်လာသည်။
ထိုကြယ်စင်မြစ်သည် တဖြည်းဖြည်း စုဝေးသွားပြီး ကံကြမ္မာမြစ်၏မြည်ဟီးသံသည် ဝေးလံသောနေရာရှိ မိုးခြိမ်းသံကဲ့သို့ အသံအဖြစ်မှ သောင်းနှင့်ချီသော စစ်မြင်းများ ဝင်ရောက်တိုက်ခိုက်သံအဖြစ် ချက်ချင်းပြောင်းလဲသွားသည်။
ဤအချိန်အခိုက်အတန့်တွင် အဆုံးအစနှင့် အကျယ်အဝန်းကို သာမန်မျက်စိဖြင့် မမြင်နိုင်သော ကံကြမ္မာမြစ်တစ်စင်းကို လေဟာနယ်၏ နက်ရှိုင်းသော နေရာမှနေ၍ သူ အတင်းအကြပ် ဆွဲထုတ်လိုက်၏။
"ဒါ... ဒါက..."
လေထုထဲတွင် ပျံသန်းနေသော မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်သည် နေရာတွင် ကြက်သေသေသွားသည်။ တစ်ဖက်လူသည် ဤမျှထိ စွမ်းအားကြီးမားသော ကံကြမ္မာမြစ်ကို ရုတ်တရက် ဆင့်ခေါ်နိုင်လိမ့်မည်ဟု သူ ထင်မှတ်မထားမိချေ။
ဤကံကြမ္မာမြစ်သည် အလွန်စွမ်းအားကြီးမားပြီး သူ နားလည်သဘောပေါက်ထားသည်ထက်ပင် ပို၍ကျယ်ပြန့်သည်။
သူသည် ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်ထားလေရာ တစ်ဖက်လူသည် မည်သည့်အရာကို နားလည်သဘောပေါက်ထားသနည်း....
ပထမတန်းစား ဖြစ်နေသလော....
ပထမတန်းစား ကောင်းကင်ကံကြမ္မာကို ပိုင်ဆိုင်ထားသော ထိပ်သီးကျင့်ကြံသူတစ်ဦးသည် သူ၏လက်အောက်ငယ်သားကို လာရောက်၍ အမဲလိုက်သည်ခဲ့သလော....
ဒါ... ဒါ မဖြစ်နိုင်ဘူး မဟုတ်လား...
ဤလက်အောက်ငယ်သားက တစ်ဖက်လူ၏ ဤကဲ့သို့ လုပ်ဆောင်မှုကို ခံယူရလောက်အောင် သူ့ထံတွင် မည်သည့်ကောင်းမှုကုသိုလ်နှင့်အရည်အချင်းများ ရှိနေသနည်း....
"စိတ်ခံစားချက်ကံကြမ္မာ... သူ့ရဲ့ ကြောက်ရွံ့မှုကို မြှင့်တင်လိုက်စမ်း..."
ကံကြမ္မာမြစ်ကို ဆွဲထုတ်ပြီးသည်နှင့် ကျန်းရွှမ်သည် စစ်နတ်ဘုရားတစ်ပါးအလား မြစ်မျက်နှာပြင်ပေါ်သို့ တက်လှမ်းလိုက်သည်။ သူသည် ကျယ်လောင်စွာ အော်ငေါက်လိုက်ရာ ကြောက်ရွံ့မှုခံစားချက်ကြောင့် ဖြစ်ပေါ်လာသော မရေမတွက်နိုင်သည့် လှိုင်းလုံးများသည် ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်ကို ချက်ချင်းဝါးမြိုသွားတော့သည်။
ဝီ...
ခပ်အုပ်အုပ်အသံတစ်သံ မြည်ဟီးသွားပြီး ကျန်းရွှမ်သည် ယခင်က မမြင်ဖူးသော ပုံရိပ်ယောင်မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။
ကြာပန်းပုံစံ မီးတောက်တစ်ခုသည် မီးတောင်တစ်ခုမှ မွေးဖွားလာပြီး မီးစွမ်းအားကို စုပ်ယူကာ တဖြည်းဖြည်း အသိစိတ် ဝင်လာပြီးနောက် လူသားအဖြစ် ပြောင်းလဲသွားသည်။ သူသည် တစ်နေ့တွင် ဘုန်းတော်ကြီးတစ်ပါးနှင့် တွေ့ဆုံသည်အထိ လောကတွင် လှည့်လည်သွားလာခဲ့သည်။
ထိုဘုန်းတော်ကြီးသည် သဘောထားကြီးပြီး ကြင်နာတတ်ကာ လောကကြီးမှ သက်ရှိများအပေါ် ချစ်ခြင်းမေတ္တာဖြင့် ဆက်ဆံခဲ့လေ၏။ ရက်အနည်းငယ် ဆက်ဆံပြီးနောက် ဤမီးတောက်သက်ရှိသည် လုံးလုံးလျားလျား ယုံကြည်သွားပြီး သူ၏တပည့် ဖြစ်လာခဲ့သည်။
သူတို့သည် မရေမတွက်နိုင်သောနှစ်များ ကြာသည်အထိ အတူတကွ ခရီးသွားပြီး ကျင့်ကြံခဲ့ကြသည်။
ရုတ်တရက် တစ်နေ့တွင် ထိုဘုန်းတော်ကြီးသည် မီးတောက်သက်ရှိကို ဆင့်ခေါ်လိုက်။ ထို့နောက် သူ၏ဆရာသည် သူ၏ဒူးထောက်ငိုယိုမှုကို လျစ်လျူရှုပြီး အစွမ်းထက်သောမှော်ပညာကို အသုံးပြု၍ သူ၏ခန္ဓာကိုယ်ထဲမှ ကံကြမ္မာမီးတောက် ကြာပန်းနီ၏ အမြူတေကို အတင်းအကြပ် ထုတ်ယူလိုက်သည်။
သူသည် စကားတစ်ခွန်းတည်းကိုသာ ပြောဆိုခဲ့ပေ၏။
"ဆရာက ဗောဓိသတ္တနယ်ပယ်ကို တက်လှမ်းတော့မှာ... ဒါကြောင့် တပည့်တစ်ယောက်အနေနဲ့ မင်းက အစွမ်းကုန် ပေးဆပ်ဖို့ တာဝန်ရှိတယ်"
အမြူတေ ထုတ်ယူခံလိုက်ရသော မီးတောက်သက်ရှိသည် မသေဆုံးသော်လည်း စွန့်ပစ်ခံလိုက်ရသည်။ သူ သေလုမျောပါး ဖြစ်နေချိန်တွင် သူသည် မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်နှင့် တွေ့ဆုံခဲ့သည်။ ထိုအချိန်မှစ၍ အတွေးတစ်ချက်ဖြင့် သူသည် နတ်ဆိုးဖြစ်လာကာ နေရာအနှံ့အပြားရှိ အားနည်းသူများကို သတ်ဖြတ်ခြင်း ထိုလူများ၏စွမ်းအားကို စုပ်ယူခြင်းနှင့် သူ၏ကျင့်ကြံခြင်းကို ပြန်လည်ရယူရန် သူတို့၏ စိတ်ဝိညာဉ်များကို သန့်စင်ခြင်းများအား ပြုလုပ်ခဲ့သည်။
ထိုအချိန်မှစ၍ ကမ္ဘာလောကသည် ကြာပန်းနီအရှင်ကို ဆုံးရှုံးလိုက်ရပြီး ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်ကို ရရှိခဲ့လေသည်။
"ဒါကြောင့်ကိုး... သူ့ရဲ့ဆရာက သန့်စင်ကံကြမ္မာ နဂါးသစ်ပင်ဗောဓိသတ္တ ဖြစ်နိုင်တယ်"
ဤအရာအားလုံးကို မြင်တွေ့ပြီးနောက် ကျန်းရွှမ်၏မျက်လုံးများတွင် စာနာမှုများ ပြည့်နှက်သွားသည်။
သို့ရာတွင် စာနာမှုသည် တစ်ကဏ္ဍဖြစ်ကာ သူသည် ဤနတ်ဆိုးအရှင်ကို သတ်ရပေမည်။
အကယ်၍ တစ်စုံတစ်ယောက်သည် တခြားတစ်ယောက်ကြောင့် နာကျင်ရပါက ထိုလူကို နာကျင်အောင် ပြန်လုပ်ရန် နည်းလမ်း ရှာနိုင်သော်လည်း သာမန်လူများကို နာကျင်စေရန် အကြောင်းပြချက် မဖြစ်သင့်ပေ။