← Chapters

သွေးမြစ် အင်မော်တယ်သုတ်သင်ခြင်း နည်းစနစ်

Vol. 41 Ch. 468

သွေးမြစ် အင်မော်တယ်သုတ်သင်ခြင်း နည်းစနစ်

Vol. 41 Ch. 468

ကျန်းရွှမ်က လက်ဝှေ့ယမ်းလိုက်ရာ သူ၏ရှေ့မှ မြင်ကွင်း ပျောက်ကွယ်သွားသည်။

ဤအချိန်တွင် ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်သည် ဗုဒ္ဓဂိုဏ်း၏စွမ်းအားကို မည်သည်ကြောင့် ဤမျှထိ ကြောက်ရွံ့နေရသနည်း နှင့် မြင်လိုက်ရုံဖြင့် သူ မည်သည်ကြောင့် ထွက်ပြေးချင်နေခဲ့သနည်းဆိုသည်ကို ကျန်းရွှမ် နားလည်သဘောပေါက်သွားသည်။

အကြောင်းအရင်းမှာ သူ၏မသိစိတ်ထဲတွင် သူသည် ဗုဒ္ဓဂိုဏ်း၏အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီး မတတ်သာ၍သာ နတ်ဆိုး ဖြစ်လာခဲ့ရသောကြောင့်ပင်။ ဗုဒ္ဓဂိုဏ်းမှ ဗောဓိသတ္တတစ်ပါးကို ပြန်လည်မြင်တွေ့လိုက်ရချိန်၌ သူ့ကို လာရောက်ဖမ်းဆီးသည်ဟု အလိုအလျောက် ခံစားလိုက်ရပြီး အပြစ်ရှိစိတ်နှင့်ကြောက်ရွံ့မှုများ သူ၏စိတ်အတွင်း၌ ပျံ့နှံ့လာကာ သူ့ကို ခုခံနိုင်စွမ်း ကင်းမဲ့သွားစေသည်။

ဤသည်မှာ *မစ်ဆူအီ ဟီဆာရှီနှင့် တူညီသည်။ သူသည် လမ်းမှားရောက်သွားခဲ့သော်လည်း သူ၏စိတ်ရင်းအမှန်အားဖြင့် ဘတ်စကက်ဘောကစားနည်းကို ချစ်မြတ်နိုးသော ပါရမီရှင်တစ်ဦး ဖြစ်နေဆဲပင်။ ထို့ကြောင့် နည်းပြအန်ဇိုင်းကို ပြန်လည်မြင်တွေ့လိုက်ရချိန်၌ သူသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ လမ်းမှန်သို့ ပြန်ရောက်လာခဲ့သည်။

ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်သည်လည်း ထပ်တူထပ်မျှပင်။ သူသည် မီးတောက်များ စုဝေးလာမှုမှ ဖြစ်တည်လာသော်လည်း နွေးထွေးသော နှလုံးသားတစ်ခုကို ပိုင်ဆိုင်ထားသည်။ သူ နတ်ဆိုးဖြစ်လာရခြင်းမှာ အခြေအနေအရ ဖြစ်ပြီး သူ၏ အတွင်းစိတ်ထဲတွင် ကြောက်ရွံ့မှု အနည်းငယ် ရှိနေဆဲ ဖြစ်သည်။ သို့ရာတွင် သူသည် ဤလမ်းကြောင်းကို လျှောက်လှမ်းခဲ့ပြီးဖြစ်ရာ နောက်ပြန်လှည့်ရန် လမ်းမရှိတော့ပေ။

သူ နောက်ပြန်လှည့်ရန် လမ်းမရှိလျှင် နောက်ပြန်လှည့်ရန် မလိုအပ်တော့ချေ။ ကျန်းရွှမ်သည်လည်း သူ့ကို နောက်ပြန်လှည့်ရန် အခွင့်အရေး ပေးမည် မဟုတ်ပေ။

ကျန်းရွှမ်သည် ဧရာမနဂါးကြီးတစ်ကောင်ကို နင်းလျှောက်နေသကဲ့သို့ မြစ်မျက်နှာပြင်ပေါ်တွင် ခြေချလိုက်ပြီး သူ၏လက်ချောင်းများကို ပေါ့ပါးစွာ ခါလိုက်သည်။ အချိန်တခဏအတွင်းမှာပင် မရေမတွက်နိုင်သော စိတ်ခံစားချက်ကြိုးမျှင်များသည် ထွက်ပြေးနေသော ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားပေ၏။ ထို့နောက် သူ၏စိတ်ခံစားချက်များကို မွှေနှောက်ကာ မူလက ထိတ်လန့်မှု လှိုင်းဂယက်ငယ်လေးများကို ကြီးမားသော ဒီရေလှိုင်းလုံးကြီးများအဖြစ်သို့ ပြောင်းလဲသွားစေသည်။

"သေလိုက်တော့"

ကြီးမားသော ကြောက်ရွံ့မှုများက သူ၏ နှလုံးသားကို ဖုံးလွှမ်းသွားသည်။ ယခင်က ပြိုင်ဘက်ကင်းခဲ့သော ချော်ရည်သံကြိုးများနှင့် မီးတောက်ဖီးနစ်အမှတ်အသားတို့သည် စွမ်းအားများကို ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ဘဲ လေထုထဲမှ ပြုတ်ကျသွားသည်။

ဤအတားအဆီးနှစ်ခု ပျောက်ကွယ်သွားချိန်တွင် ထိတ်လန့်ကြောက်ရွံ့မှုကြောင့် ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်၏ တိုက်ခိုက်လိုစိတ်များ ပျောက်ဆုံးသွားပေ၏။ ထိုအချိန်မှာပင် စိတ်ခံစားချက် ဓားချီသည် ပြင်းထန်စွာ တုန်ခါသွားပြီး အကာအကွယ်များကို ထွင်းဖောက်ကာ သူ၏မျက်ခုံးနှစ်ခုကြားသို့ ထိုးစိုက်သွားသည်။

"ငါ... ငါ..."

ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်၏ နှုတ်ခမ်းများ တုန်ရီနေပြီး သူ၏ အသိစိတ်များ လျှင်မြန်စွာ ပျောက်ကွယ်သွားသည်။

"အောင်မြင်ပြီ..."

ထိုနတ်ဆိုးအရှင် သေဆုံးသွားသည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်သည် လေထုထဲသို့ လက်ဆန့်တန်းလိုက်ပြီး စိတ်ဝိညာဉ်ဆင့်ခေါ်ဓား ယင်ရှား နတ်ဆိုးအရိုးနှင့် ရန်သူ၏အလောင်းတို့ကို သူ၏ရွှမ်ကမ္ဘာထဲသို့ သိမ်းဆည်းလိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် စိတ်ခံစားချက်ကံကြမ္မာအပေါ် သူ၏နားလည်သဘောပေါက်မှု ပို၍နက်ရှိုင်းလာသည်ကို သူ ဝိုးတဝါး ခံစားမိသည်။

သို့ရာတွင် ဤသည်မှာ သူ လေ့လာဆင်ခြင်ရန် အချိန်မဟုတ်ကြောင်း သိရှိသဖြင့် ကျန်းရွှမ်သည် နှင်းနတ်ဆိုးအရှင်ကို ရွှမ်ကမ္ဘာထဲသို့ ပြန်ထည့်လိုက်၏။ ထို့နောက် သူသည် နံဘေးတစ်ဖက်ရှိ ကျောက်နံရံဆီသို့ ပြင်းထန်စွာ ခုန်တက်လိုက်သည်။

"မင်းက ဘယ်သူပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး... ငါ့ရဲ့လက်အောက်ငယ်သားကို သတ်ပြီးတော့ မင်းက ထွက်ပြေးချင်သေးတာလား... အိပ်မက်မက်နေလိုက်..."

သူ ကိုယ်တိုင် ရှိနေသည့်တိုင် သူ၏လက်အောက်ငယ်သား အသတ်ခံလိုက်ရသဖြင့် မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ် ဒေါသထွက်သွားသည်။ သူသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော အငြိုးကြီးဝိညာဉ်များဖြင့် ပြည့်နှက်နေသည့် ကျယ်ပြန့်သည့် သွေးပင်လယ်ကြီးတစ်ခု ထွက်ပေါ်လာကာ ငရဲဘုံအလားပင်။

မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ် ကျင့်ကြံထားသော 'သွေးမြစ် အင်မော်တယ်သုတ်သင်ခြင်း နည်းစနစ်' သည် သူ၏စွမ်းအားများကို လောကကြီးတစ်ခုလုံးအား နစ်မြုပ်သွားစေနိုင်သည့် သွေးပင်လယ်ကြီးအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိသည်။ ယခုချိန်၌ သူ၏စွမ်းအားကို အပြည့်အဝ ထုတ်သုံးလိုက်ချိန်တွင် မီးတောင်အတွင်းရှိ ပူပြင်းသော အပူချိန်သည် ချက်ချင်းဆိုသလိုပင် အေးစက်သွားပြီး ကျောချမ်းဖွယ်ခံစားချက်ကို ပေးစွမ်းနိုင်သည်။

ကျန်းရွှမ်သည် အဝေးသို့ မပျံသန်းရသေးခင်မှာပင် သူ၏စိတ်ဝိညာဉ်ကို ဆုတ်ဖြဲပစ်တော့မည့်အလား သတ်ဖြတ်လိုခြင်းအရှိန်အဝါများက သူ၏စိတ်ထဲသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် သွေးနီရောင်ပင်လယ်ကြီးတစ်ခုက သူ ရှေ့ဆက်သွားမည့်လမ်းကို ပိတ်ဆို့ထားသည်အား သူ မြင်တွေ့မိလေ၏။

အကယ်၍ သူသည် ထိုပင်လယ်ထဲသို့ ကျရောက်သွားပါက မရေမတွက်နိုင်သော အငြိုးကြီးစိတ်ဝိညာဉ်များ၏ ဖမ်းဆုပ်ခြင်းကို ခံရမည်ဖြစ်ပြီး သူ လွတ်မြောက်ရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။

ဝုန်း....

သူသည် ဤအခြေအနေကို သတိပြုမိပြီး မည်သို့ပြုလုပ်ရမည်ကို စဉ်းစားတွေးတောလိုက်သည်။ ထိုအချိန်မှာပင် ကောင်းကင်နှင့် မြေပြင်ကို ဖျက်ဆီးနိုင်လောက်သည့် လွှမ်းမိုးသော သတ်ဖြတ်ခြင်းအရှိန်အဝါများသည် သွေးပင်လယ်အတွင်းမှ ဆင်းသက်လာပေ၏။

အကယ်၍ မိုယွင်ကျောက်စိမ်းထဲတွင် ပါဝင်သော သတ်ဖြတ်ခြင်းအရှိန်အဝါသည် ရေတစ်စက်မျှသာ ဖြစ်ပါက ယခု ထွက်ပေါ်လာသော အရာသည် ပစိဖိတ်သမုဒ္ဒရာကြီး ဖြစ်ပေလိမ့်မည်။

ဤအရာနှစ်ခုသည် လုံးလုံးလျားလျား မတူညီသော အတိုင်းအတာများ ဖြစ်ကြသည်။

"ဒါက... သူ လူဘယ်နှယောက်တောင် သတ်ခဲ့တာလဲ"

ကျန်းရွှမ်၏ဦးရေပြား ထုံကျင်သွားသည်။

သာမန် စစ်မြေပြင်တစ်ခုတွင် သေဆုံးသူ သောင်းနှင့်ချီ သို့မဟုတ် သိန်းနှင့်ချီ၍ ရှိနိုင်ပြီး ထိုအရာကို စစ်ပွဲကြီးတစ်ခုအဖြစ် သတ်မှတ်ကြသည်။ သို့ရာတွင် ဤနတ်ဆိုးဧကရာဇ်အတွက်မူ ဤသည်မှာ ကလေးကစားစရာ သက်သက်သာ ဖြစ်နေပေလိမ့်မည်။

သူ၏သွေးပင်လယ်ထဲတွင် ကြယ်စင်မြစ်နယ်ပယ် ကျင့်ကြံသူ တစ်သန်းကျော်နှင့် သာမန်လူပေါင်း သန်းဆယ်နှင့်ချီ သို့မဟုတ် သန်းရာနှင့်ချီ၍ပင် ပါဝင်နိုင်ခြေ ရှိသည်။

ထိုသို့မဟုတ်ပါက ဤမျှထိ ကြီးမားသော စွမ်းအားမျိုး ရှိနေရန်မှာ မဖြစ်နိုင်ချေ။

လေပြင်းမုန်တိုင်းကဲ့သို့ တဝုန်းဝုန်းထနေသော သတ်ဖြတ်ခြင်းအရှိန်အဝါသည် ကျန်းရွှမ်၏ စိတ်ထဲသို့ ချက်ချင်းဝင်ရောက်လာပြီး သူ၏ စိတ်ဝိညာဉ်ကို ဆုတ်ဖြဲပစ်ရန် ကြိုးစားနေသည့်အလားပင်။

အကယ်၍ တခြားလူသာဆိုလျှင် ပျံသန်းရန် မဆိုထားနှင့် လမ်းလျှောက်ရန်ပင် အလွန်ခက်ခဲပေလိမ့်မည်။ သို့ရာတွင် ကျန်းရွှမ်ကမူ မတူညီချေ။ ကမ္ဘာတစ်ခု၏ အရှင်သခင်အနေဖြင့် သူ၏စိတ်စွမ်းအားသည် ဤသတ်ဖြတ်လိုခြင်းအရှိန်အဝါကို မဆိုထားနှင့် ကမ္ဘာတစ်ခုလုံးမှ သက်ရှိများ၏ စိတ်ခံစားမှုအားလုံးကို လက်ခံနိုင်စွမ်း ရှိသည်။

သူ၏ စိတ်ဝိညာဉ် တုန်ခါသွားပြီး ရွှမ်ကမ္ဘာနှင့် ဆက်သွယ်လိုက်ရာ သူ့ကို မူးဝေစေခဲ့သော စွမ်းအားများသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပေ၏။

"အခွင့်ကောင်းပဲ...."

တစ်ဖက်လူမှ သတ်ဖြတ်လိုခြင်းအရှိန်အဝါကို ထုတ်လွှတ်လိုက်ခြင်းသည် သူ့ကို ထိန်းချုပ်မှု လွတ်ကင်းသွားစေပြီး ရှေ့ရှိသွေးမြစ်ထဲသို့ ကျရောက်သွားကာ စဉ်းတီတုံးပေါ်မှ ငါးတစ်ကောင် ဖြစ်လာစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သူ သိရှိထားသည်။ ကျန်းရွှမ်သည် အထိအခိုက်မရှိဘဲ နေနိုင်လိမ့်မည်ဟု တစ်ဖက်လူမှ လုံးလုံးလျားလျား ထင်မှတ်ထားမိမည် မဟုတ်ချေ။

ကျန်းရွှမ်၏မျက်လုံးများ တောက်ပသွားပြီး သူသည် ရုတ်တရက် လမ်းကြောင်းပြောင်းကာ မီးတောင်အတွင်းရှိ ဆူပွက်နေသော ချော်ရည်များဆီသို့ ဦးတည်သွားလိုက်သည်။

သူ ထိုနေရာသို့ မရောက်မီမှာပင် ဓားချီတစ်လှိုင်းဖြင့် အက်ကြောင်းတစ်ခုကို ဖွင့်လိုက်သည်။ သူ ချော်ရည်များထဲသို့ ဝင်ရောက်သွားသည်နှင့် တပြိုင်နက် လေဟာနယ်သည် တုန်ခါသွားပြီး လှိုင်းဂယက်များအဖြစ် ပြောင်းလဲကာ သူသည် မူလနေရာမှ ပျောက်ကွယ်သွားပေ၏။

"ထွက်ပြေးသွားတာလား"

မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်သည် သူ၏လက်ဖြင့် ပြင်းပြင်းထန်ထန် ဖိနှိပ်လိုက်ရာ လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် မီးတောင်တစ်ခုလုံး အမှုန်အမွှားဖြစ်သွားလေသည်။ ချော်ရည်များ နေရာအနှံ့အပြားသို့ လွင့်စင်သွားပြီး ပူပြင်းသော အပူလှိုင်းများသည် မိုးကောင်းကင်ယံကို ဖုံးလွှမ်းသွားသော်လည်း တစ်ဖက်လူ၏အရိပ်အယောင်ကို မတွေ့ရတော့ချေ။

ဤရန်သူသည် သူ၏ အစွမ်းကုန်တိုက်ခိုက်မှုမှ အမှန်တကယ် လွတ်မြောက်သွားပုံရသည်။

"သူ ဘယ်လို လုပ်လိုက်တာလဲ"

မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ တဝုန်းဝုန်းထနေသည်။

သူ အစောပိုင်းက ထုတ်ဖော်သုံးလိုက်သော သတ်ဖြတ်ခြင်းလှုပ်ရှားမှုသည် ဗုဒ္ဓဂိုဏ်းမှ ဗောဓိသတ္တတစ်ပါးကိုပင် ထိခိုက်စေနိုင်ပြီး ဖမ်းဆီးနိုင်စွမ်း ရှိသည်။ သို့ရာတွင် တစ်ဖက်လူကမူ လုံးလုံးလျားလျား ထိခိုက်မှု မရှိခဲ့ချေ...

ဤသည်မှာ သူ၏ သတ်ဖြတ်ခြင်းအရှိန်အဝါသည် အနည်းငယ်မျှ အသုံးမဝင်သည့်အလားပင်။

ဤကိစ္စသည် အလွန်ထူးဆန်းပေ၏။

"သူက... နတ်ဆိုးဧကရာဇ်ရဲ့ မျက်စိရှေ့မှာတင် လူသတ်ပြီးတော့ အောင်အောင်မြင်မြင် ထွက်ပြေးသွားနိုင်ခဲ့တယ်... သူက တကယ်ပဲ ဗုဒ္ဓဂိုဏ်းက ဗောဓိသတ္တတစ်ပါး ဖြစ်နေမလား"

တစ္ဆေအရိုး နတ်ဆိုးအရှင်သည် မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်အနားသို့ ရောက်လာပြီး သူ၏ခန္ဓာကိုယ် အနည်းငယ် တုန်ရီကာ ကြောက်ရွံ့နေသည်။

သူနှင့် အဆင့်တူ သို့မဟုတ် သူ့ထက်ပင် သာလွန်နိုင်သော ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်သည် လွယ်လင့်တကူ အသတ်ခံလိုက်ရသည်။ သူ၏ကိုယ်ပိုင်စွမ်းအားဖြင့်ဆိုလျှင် ထိုရန်သူနှင့် တွေ့ဆုံပါက ကြာရှည်တောင့်ခံနိုင်မည် မဟုတ်ချေ။

"ငါက ဗုဒ္ဓဂိုဏ်းက ဗောဓိသတ္တ အများစုနဲ့ တိုက်ခိုက်ဖူးတယ်... သူက အဲဒီ့ထဲက တစ်ယောက်မဟုတ်ဘူး... ပြီးတော့ သူ့ရဲ့စွမ်းအားတစ်စိတ်တစ်ပိုင်းမှာ နတ်ဆိုးစွမ်းအင်တွေ ပါဝင်နေတယ်... ငါ မမှားဘူးဆိုရင် သူက ယင်ရှားနတ်ဆိုးအရှင်ရဲ့အနှစ်သာရအမြူတေကို သန့်စင်ပြီးတော့ အဲ့ဒီစွမ်းအားကို ရယူအသုံးပြုလိုက်တာပဲ"

မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်သည် သူ၏ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ အောက်ဘက်ရှိမီးတောက်များမှ လာသော လေပူများကြောင့် သူ၏ပွယောင်းယောင်းဝတ်ရုံ တဖျတ်ဖျတ်လူးလွန့်နေသည်။

"အနှစ်သာရအမြူတေကို သန့်စင်လိုက်တာလား... အရှင်မင်းကြီး ဆိုလိုတာက... ယင်ရှားနတ်ဆိုးအရှင် သေပြီပေါ့"

တစ္ဆေအရိုးနတ်ဆိုးအရှင်၏ မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။

"သူတင်မကဘူး... နှင်းနတ်ဆိုးအရှင်နဲ့ ပုပ်သိုးနှလုံးသားနတ်ဆိုးအရှင် လည်း သေပြီ... ငါ့ရဲ့လက်အောက်က နတ်ဆိုးအရှင်ငါးယောက်ထဲမှာ မင်း တစ်ယောက်ပဲ ကျန်တော့တယ်"

မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်သည် သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။

ခန့်ညားထည်ဝါသော နတ်ဆိုးဧကရာဇ် တစ်ပါး၏ လက်အောက်ငယ်သားငါးဦးအနက် လေးဦးသည် အချိန်တိုအတွင်း အသတ်ခံလိုက်ရသည်။ ဤကိစ္စကို သူ တွေးတောလေလေ ဒေါသထွက်လေလေပင်။

ဤသတင်းကို သူ ကြားသိခဲ့ရသဖြင့် သူသည် ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်ကို ကယ်တင်ရန် မျှော်လင့်ချက်ဖြင့် တစ္ဆေအရိုး နတ်ဆိုးအရှင်နှင့်အတူ အပြေးအလွှား ရောက်လာခြင်း ဖြစ်သည်။ သို့ရာတွင် ရန်သူသည် အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

"လူတစ်ယောက်တည်းက နတ်ဆိုးအရှင်လေးယောက်ကို သတ်ခဲ့တာလား...သူက ဗောဓိသတ္တ မဟုတ်ရင် ဘယ်သူလဲ"

တစ္ဆေအရိုး နတ်ဆိုးအရှင်က ထိတ်လန့်တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်သည်။

မည်သည့် ရန်ငြိုးရန်စမျိုးရှိနေသဖြင့် လူတစ်ယောက်တည်းမှ နတ်ဆိုးအရှင်များကို ဤကဲ့သို့ ပစ်မှတ်ထားနေသနည်း...

"ငါ မမှားဘူးဆိုရင် အဲ့ဒါက... မကြာသေးမီက နာမည်ကြီးလာတဲ့ ကျန်းရွှမ် ဖြစ်လောက်တယ်"

မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်၏ မျက်လုံးများ တောက်ပသွားသည်။

"ကျန်းရွှမ်လား"

တစ္ဆေအရိုး နတ်ဆိုးအရှင် ကြက်သေသွားသည်။

ဗုဒ္ဓဂိုဏ်းနှင့် ထျန်းလီအင်ပါယာတို့က သူ့ကို တပြိုင်နက်တည်း ဆုငွေထုတ်ကာ ဖမ်းဆီးမိန့် ထုတ်ပြန်ထားကြသည်။ သူတို့သည် ထျန်းလီမြို့တော်တွင် မရှိသော်လည်း ထိုသတင်းကို ရရှိထားပြီးဖြစ်သောကြောင့် ဤလူ၏ ဒဏ္ဍာရီဆန်သော ဖြစ်ရပ်များကို သိရှိထားကြသည်။

"ငါ မမှားဘူးဆိုရင် သူက ခုဏက ယင်ရှားနတ်ဆိုးအရှင်ရဲ့ အနှစ်သာရအမြူတေကို အသက်သွင်းဖို့ ထာဝရနှလုံးသားကို အသုံးပြုလိုက်တာပဲ... အဲ့ဒါကြောင့် သူက အသက်ပင်လယ်နယ်ပယ် နဝမအဆင့် အထွတ်အထိပ်ရဲ့ ကျင့်ကြံဆင့်စွမ်းအားကို ထုတ်ဖော်အသုံးနိုင်ခဲ့တာပဲ... ဒါဆိုရင် ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးက သူရဲ့လက်ထဲကို ရောက်သွားတာပေါ့... အိမ်ရှေ့စံယွမ်ချင်း ဒီလောက်ထိ စိုးရိမ်ပူပန်နေရတာက မဆန်းတော့ဘူး"

မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်၏ မျက်လုံးများတွင် တစ်စုံတစ်ခုကို နားလည်လိုက်သကဲ့သို့ အရိပ်အယောင်များ ဖြတ်သန်းသွားသည်။

*မစ်ဆူအီ ဟီဆာရှီ=Salm Dunk (Anime/Manga)ဇာတ်ကားမှ ဇာတ်ကောင်

All Chapters