အသက်ပင်လယ်နယ်ပယ် ပထမအဆင့်
Vol. 41 Ch. 469
"သူ... သူက ထာဝရနှလုံးသားကို ပိုင်ဆိုင်ထားတယ်လို့ အရှင်မင်းကြီးက ပြောလိုက်တာလား"
တစ္ဆေအရိုး နတ်ဆိုးအရှင်၏ မျက်လုံးများ တောက်ပသွားသည်။
ဤနှလုံးသားသည် မည်မျှထိ စွမ်းအားကြီးမားကြောင်း ကျင့်ကြံသူတိုင်း သိရှိကြသည်။ သူ၏ရှေ့မှ နတ်ဆိုးဧကရာဇ်ပင်လျှင် ထိုနှလုံးသားကို ဖွဲ့စည်းနိုင်ခြင်း မရှိခဲ့သည်က ထိုအရာ၏တန်ဖိုးရှိမှုကို ပြသနေသည်။
အကယ်၍ သူသာ ထိုနှလုံးသား ရယူပြီး သူ၏ ခန္ဓာကိုယ်ထဲတွင် အစားထိုးနိုင်ခဲ့လျှင် ကောင်းကင်ကံကြမ္မာနယ်ပယ်သို့ လွယ်လင့်တကူ တက်လှမ်းနိုင်မည်ဖြစ်ပြီး လက်ရှိခေတ်ကာလ၏ အထွတ်အထိပ် တည်ရှိမှုများအနက်မှတစ်ယောက် ဖြစ်လာပေလိမ့်မည်။
"ဒါ့ပြင်... ငါ မမှားဘူးဆိုရင် သူက ပထမတန်းစား ကောင်းကင်ကံကြမ္မာကို ခုဏက ဆင့်ခေါ်အသုံးပြုလိုက်တာပဲ... အဲ့ဒီလိုမဟုတ်ရင် သူက ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်ကို ဒီလောက်ထိမြန်မြန် သတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ထိုသို့ပြောဆိုရင်း မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"သွားကြစို့"
"ဘယ်ကိုလဲ"
တစ္ဆေအရိုး နတ်ဆိုးအရှင် ကြက်သေသေသွားသည်။
"အိမ်ရှေ့စံယွမ်ချင်းက ကောင်းကင်ဥပဒေသ မြို့တော်မှာ ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာ ဆက်ခံသူကို ကွပ်မျက်မယ်ဆိုပြီး လွန်ခဲ့တဲ့ ရက်အနည်းငယ်က လူသိရှင်ကြား သတင်းထုတ်ပြန်ခဲ့တယ်... ငါ သိသလောက်ဆိုရင် အဲ့ဒီလူက ကျန်းရွှမ်နဲ့ နက်ရှိုင်းတဲ့သံယောဇဉ် ရှိတယ်... ငါ မမှားဘူးဆိုရင် ကွပ်မျက်မယ်ဆိုတာက သူ့ကို ထောင်ချောက်ထဲ ဝင်လာအောင် မျှားခေါ်တဲ့ အကွက်ပဲ"
မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်က မဲ့ပြုံးပြုံးလိုက်သည်။
"ဒီလို အခွင့်အရေးမျိုးမှာ ငါတို့ နတ်ဆိုးမျိုးနွယ်က ဘယ်လိုလုပ်ပြီး မပါဘဲ နေနိုင်မှာလဲ... ငါတို့ ဒီကိစ္စကို သေချာကိုင်တွယ်နိုင်ရင် ဒီ ထာဝရနှလုံးသားကို ငါ ရနိုင်လောက်တယ်... ပြီးရင် ငါက ထာဝရရွှေခန္ဓာကိုယ်ကို ဖွဲ့စည်းနိုင်လိမ့်မယ်"
"အရှင်မင်းကြီးရဲ့အောင်မြင်မှုအတွက် လက်အောက်ငယ်သားက ကြိုတင်ပြီးဂုဏ်ပြုပါတယ်..."
တစ္ဆေအရိုး နတ်ဆိုးအရှင် အလျင်အမြန် ဦးညွှတ်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
"ဒါပေမဲ့... အရှင်မင်းကြီး... ကောင်းကင်ဥပဒေသ မြို့တော်က ထျန်းလီအင်ပါယာရဲ့ သီးသန့်နယ်မြေလေ... အဲ့ဒီနေရာကို ကျွန်တော်တို့ ဝင်သွားပြီးရင် ပြန်ထွက်လာဖို့ ခက်ခဲလိမ့်မယ်..."
"မင်း ဘာမှစိတ်မပူနဲ့"
မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်က ခေါင်းခါယမ်းလိုက်၏။
"အိမ်ရှေ့စံယွမ်ချင်းရဲ့ ရည်ရွယ်ချက်ကို ငါ မြင်နိုင်သလို တခြားလူတွေလည်း သေချာပေါက် မြင်နိုင်မှာပဲ... အဲ့ဒီအချိန်ကျရင် လူတွေ ရှုပ်ထွေးပြီးတော့ မရေမတွက်နိုင်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေနဲ့ ရှုပ်ယှက်ခတ်နေမှာ သေချာတယ်... ငါတို့က သရုပ်မှန်မပေါ်အောင် နေသရွေ့ ဧကရာဇ်ဖုရှန်းတောင် ငါတို့ကို အတင်းအကြပ် တားရဲမှာ မဟုတ်ဘူး... ပြီးတော့ ထာဝရနှလုံးသားကို ငါ ရပြီးတာနဲ့ အဲ့ဒီဒဏ္ဍာရီလာ ဧကရာဇ်ကိုတောင် ငါ ကြောက်တော့မှာ မဟုတ်ဘူး"
"အရှင်မင်းကြီးက အရာအားလုံးကို သေချာ စဉ်းစားပြီးသားပါလား..."
တစ္ဆေအရိုးနတ်ဆိုးအရှင် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
သူတို့နှစ်ဦးသည် စကားပြောဆိုနေရင်း မူလနေရာမှ ပျောက်ကွယ်သွားတော့သည်။
...
ရွှမ်ကမ္ဘာ အတွင်း၌ ကျန်းရွှမ် ရုတ်တရက် ထွက်ပေါ်လာပြီး အလွန်အမင်း မောဟိုက်နေသည်။
အစောပိုင်းကတိုက်ပွဲသည် အလွန်တိုတောင်းပေ၏။ မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ် ထွက်ပေါ်လာသည်မှ ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်ကို သတ်ဖြတ်လိုက်သည်အထိ အသက်ရှူချိန်တစ်ဝက်ပင် မကြာခဲ့ချေ။ သို့ရာတွင် သူသည် ယင်ရှားနတ်ဆိုးအရှင်၏ အနှစ်သာရအမြူတေထက်ဝက်ခန့်ကို ကုန်ဆုံးစေခဲ့ပြီး စိတ်ခံစားချက်ကံကြမ္မာမြစ်ကို အတင်းအကြပ် ဆင့်ခေါ်ခဲ့ရသည်။
ယခင်က သူသည် ထွက်ပြေးရန်ကိုသာ အာရုံစိုက်နေသဖြင့် မည်သည့်ခံစားမှုမျှ အလွန်သိသာခြင်းမရှိခဲ့ချေ။ သို့ရာတွင် ယခု ဤအကျပ်အတည်း ပြီးဆုံးသွားချိန်၌ သူ၏ခန္ဓာကိုယ်တစ်လုံး အားနည်းသွားသည်ကို ချက်ချင်းခံစားလိုက်ရပြီး သူ၏စွမ်းအား အမြောက်အများ ကုန်ခမ်းသွားသည်။
ဒုတ်...ဒုတ်...ဒုတ်...
သူ၏နှလုံးသား သုံးကြိမ်ခုန်လိုက်ခြင်းနှင့်အတူ မရေမတွက်နိုင်သော အားဖြည့်ဆေးလုံးများနှင့် အဖိုးတန်ဆေးပင်များသည် လေပြင်းမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲကာ သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ သူ့ထံမှ အားနည်းသောခံစားချက်သည် ပျောက်ကွယ်သွားပြီး သူ၏ချီစွမ်းအားများ ပြန်လည်၍ပြည့်ဝလာသည်။ ကျန်းရွှမ်သည် သူ၏စိတ်ကို ကောင်းကင်ဘုံစာကြည့်တိုက်ထံသို့ ချက်ချင်းအာရုံစိုက်လိုက်၏။
ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်ကို သတ်ဖြတ်ရန် သူသည် ကြောက်ရွံ့ခြင်း စိတ်ခံစားချက်ကို အသုံးပြုခဲ့သည်။ သူ နားလည်သဘောပေါက်ထားသော စိတ်ခံစားချက်ကံကြမ္မာသည် ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသဖြင့် သူ စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။
စာကြည့်တိုက်၏အထက်တွင် စိတ်ခံစားချက်ကံကြမ္မာမြစ်သည် ဤအချိန်၌ ယန်စီမြစ်ကဲ့သို့ လှိုင်းလေထန်နေပြီး အဆုံးမရှိသော လေဟာနယ်၏ နက်ရှိုင်းသောနေရာအထိ ရှည်လျားစွာ တည်ရှိနေသည်။
သူ ထိုအရာကို ဂရုတစိုက်အာရုံခံကြည့်လိုက်ချိန်၌ တစ်စုံတစ်ခု ကွဲပြားနေသည်ကို သူ ချက်ချင်းသတိပြုလိုက်မိသည်။
ယခင်က သူသည် တိုက်ပွဲတွင် စိတ်ခံစားချက်ကံကြမ္မာကို အသုံးပြုလျှင်ပင် ဓားနည်းစနစ်များဖြင့်သာ အသုံးပြုခဲ့သည်။ ယခုချိန်တွင်မူ သူသည် ရန်သူကိုချေမှုန်းရန် နောက်ဆုံး ကောက်ရိုးတစ်မျှင်အဖြစ် ကြောက်ရွံ့မှုကို အသုံးပြုခဲ့သည်။ ဆိုလိုသည်မှာ သူသည် ဤစွမ်းအားကို အပြည့်အဝပိုင်နိုင်စွာ တတ်မြောက်သွားလေပြီ။
စတုတ္ထအဆင့် ကောင်းကင်ကံကြမ္မာ စွမ်းအားဖြင့် ကောင်းကင်ကံကြမ္မာ အဋ္ဌမအဆင့်မှအစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ကို သတ်ဖြတ်နိုင်ခြင်းမှာ... ဤအကျိုးအမြတ်သည် စိတ်ကူးယဥ်ကြည့်၍ မရနိုင်အောင်ပင်။
ဝုန်း....
သူ နားလည်သဘောပေါက်လိုက်သည်နှင့် ထူထပ်သိပ်သည်းနေပြီးဖြစ်သော မြစ်သည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားပြီး နောက်ထပ် အဆတစ်ရာခန့် ကျယ်ပြန့်သွားသည်။ အချိန်တခဏအတွင်းမှာပင် သတင်းအချက်အလက် ရောင်းချခြင်းမှ ရရှိသော ကောင်းကင်ကံကြမ္မာစွမ်းအားများသည် မြစ်ထဲသို့စီးဝင်လာပြီး ကံကြမ္မာမြစ်တစ်ခုလုံးကို ပြည့်နှက်သွားစေသည်။
သို့ရာတွင် အစောပိုင်းက တိုက်ပွဲ၌ ထိုကံကြမ္မာမြစ်မှ စွမ်းအားအမြောက်အများကို သုံးစွဲခဲ့ရသဖြင့် အချိန်တခဏသာ စီးဆင်းပြီး လုံးလုံးလျားလျား ကုန်ခမ်းသွားပေ၏။
ကံကြမ္မာချပ်ပြား နှစ်ဆယ့်ငါးသန်းသည် ကောင်းကင်ကံကြမ္မစွမ်းအား နှစ်ရာငါးဆယ့်ဘီလီယံနှင့် ညီမျှသော အကျိုးပြုရမှတ်ငါးထောင်ပင်။ ယခင်ကဆိုလျှင် ဤပမာဏသည် သူ နှစ်ပေါင်းများစွာကြာအောင် စိတ်အေးလက်အေး ကျင့်ကြံရန် လုံလောက်သော်လည်း ယခုချိန်တွင်မူ မြစ်ကြမ်းပြင်ကိုပင် မဖုံးလွှမ်းနိုင်ပေ...
ပထမတန်းစား ကောင်းကင်ကံကြမ္မာသည် ကောင်းမွန်သော်လည်း အဆင့်မြင့်လေလေ ကုန်ကျစရိတ် ပိုများလေလေပင်။ ဤသည်မှာ အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုအလားပင်။
"ကြည့်ရတာတော့... လုံလောက်ဖို့ အဝေးကြီး လိုနေသေးပုံပဲ"
ကျန်းရွှမ် အချိန်တခဏကြာမျှ စကားမပြောနိုင် ဖြစ်သွားသည်။
"ထားလိုက်တော့... ကောင်းကင်ကံကြမ္မာစွမ်းအားကိစ္စကို ငါ နောက်မှ စဉ်းစားတော့မယ်... မြစ် ကျယ်ပြန့်လာတယ် ဆိုတာက စိတ်ခံစားချက်ကံကြမ္မာအပေါ် ငါ့ရဲ့ နားလည်မှုက ပဉ္စမအဆင့်ကို ရောက်သွားပြီလို့ ဆိုလိုတာပဲ... ဆိုလိုတာကတော့ ငါ အခု အသက်ပင်လယ်နယ်ပယ်ကို တက်လှမ်းဖို့ ကြိုးစားလို့ ရပြီ..."
အချိန်တခဏအကြာတွင် ကျန်းရွှမ် ဝမ်းသာသွားသည်။
သူသည် ကြယ်စင်မြစ်နယ်ပယ် နဝမအဆင့်အထွတ်အထိပ်သို့ ရောက်ရှိသည်မှာ မကြာသေးချေ။ ထိုကြောင့် သူသည် အသက်ပင်လယ်နယ်ပယ်သို့ ဤမျှထိ မြန်မြန်ဆန်ဆန် တက်လှမ်းခွင့် ရလိမ့်မည်ဟု သူ တွေးထင်မထားခဲ့ချေ။
အသက်ပင်လယ်နယ်ပယ်သို့ ရောက်မှသာ သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း အမှန်တကယ် ရှိလာမည်ဖြစ်ပြီး ကံကြမ္မာမြစ်ကို ထပ်မံဆင့်ခေါ်လျှင်လည်း တန်ပြန်ဒဏ်ကို ခံစားရတော့မည် မဟုတ်ပေ။
သို့ရာတွင် သူ ဂရုတစိုက်တွေးကြည့်မိချိန်၌ ဤသည်မှာ အဓိပ္ပာယ်ရှိပေ၏။ ထာဝရနှလုံးသားကို ပိုင်ဆိုင်ပြီးနောက် သူသည် အသက်ပင်လယ်နယ်ပယ် နဝမအဆင့် အထွတ်အထိပ်တွင်ရှိသော အစွမ်းထက်ပုဂ္ဂိုလ်များနှင့် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ရသည်။ အစောပိုင်းကဆိုလျှင် ကောင်းကင်ကံကြမ္မာနယ်ပယ်တွင်ရှိသော မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်နှင့်ပင် တစ်ကြိမ် ထိပ်တိုက်တွေ့ခဲ့ရသည်။
ထိုကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ရခြင်းသည် သူ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို များစွာအထောက်အကူ ပြုစေပြီး လျင်မြန်စွာအဆင့်တက်ခြင်းသည် သူ ရှောင်လွှဲ၍ မရနိုင်သော ကိစ္စပင်။
ဤသည်မှာ တစ်စုံတစ်ယောက်သည် ကြက်တောင်ရိုက်ကစားနည်းကို စတင်သင်ယူခါစ ဖြစ်သော်လည်း လင်တန်နှင့်လီချောင်ဝေတို့ကဲ့သို့ ကစားသမားများနှင့် မကြာခဏ ယှဉ်ပြိုင် ကစားရသည့်အလားပင်။ ထိုလူသည် လျင်မြန်စွာ တိုးတက်မလာဘဲ နေမည်မဟုတ်ချေ။
"အဆင့်တက်မယ်"
အခွင့်အရေး ရောက်လာပြီဖြစ်ကြောင်း သိလိုက်သဖြင့် ကျန်းရွှမ်သည် ချက်ချင်းပလ္လင်ခွေ ထိုင်လိုက်၏။ ထို့နောက် သူ ယခင်က ရရှိထားသော အရင်းအမြစ်များကို စုစည်းကာ စွမ်းအားများကို လျင်မြန်စွာ စုပ်ယူလိုက်သည်။
အချိန်မည်မျှ ကြာသွားသည် မသိရသော်လည်း ပြင်းထန်သော တုန်ခါသံတစ်သံက သူ၏ နားထဲတွင် ပဲ့တင်ထပ်သွားပြီး သူ၏အရှိန်အဝါ လျင်မြန်စွာ မြင့်တက်လာသည်။
သူသည် အသက်ပင်လယ်နယ်ပယ်သို့ အမှန်တကယ်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့လေပြီ။
သို့ရာတွင် ကံကြမ္မာမြစ်ထဲတွင် ကောင်းကင်ကံကြမ္မာစွမ်းအား ရှားပါးမှုကြောင့် သူသည် အသက်ပင်လယ်နယ်ပယ် ပထမအဆင့် အစောပိုင်းသို့သာ ရောက်ရှိပြီး ရပ်တန့်သွားကာ ထပ်မံ၍ တိုးတက်လာခြင်း မရှိတော့ပေ။
ထိုသို့ဆိုသည့်တိုင်အောင် သူ အလွန်စိတ်ကျေနပ်နေမိသည်။
အသက်ပင်လယ်နယ်ပယ်နှင့် ကြယ်စင်မြစ်နယ်ပယ် နဝမအဆင့် အထွတ်အထိပ်သည် အဆင့်တစ်ဆင့်သာ ကွာခြားသော်လည်း မိုးနှင့်မြေပမာ ကွာခြားလှသည်။
တခြားအရာများကို ဘေးဖယ်ထားလျှင်ပင် ဤအချိန်တွင် သူသည် အလင်းတေးဆို သားမွှေးဝတ်ရုံကို မသုံးလျှင်ပင် သူကိုယ်တိုင် ပျံသန်းနိုင်လေပြီ။ သို့ရာတွင် သူ၏အရှိန်နှုန်းသည် ဝတ်ရုံဝတ်ထားသလောက် မြန်ဆန်မည် မဟုတ်ပေ။
"ငါ့ရဲ့ကျင့်ကြံဆင့် မြင့်တက်သွားပြီဆိုတော့ ငါ ရုပ်ဖျက်ထားရင် တခြားလူတွေ သံသယဝင်တော့မှာ မဟုတ်ဘူး..."
အမှန်အားဖြင့် အရေးကြီးဆုံးအချက်မှာ သူသည် လူတစ်ယောက်ကို ကယ်တင်ရန် ကောင်းကင်ဥပဒေသ မြို့တော်သို့ ခိုးဝင်ရပေမည်။ အိမ်ရှေ့စံယွမ်ချင်းသည် ဤနေရာသို့ ဝင်ရောက်လာသူတိုင်းကို စုံစမ်းစစ်ဆေးမည်မှာ သေချာပေါက်ပင်။
နတ်ဆိုးမျိုးနွယ်၏အနှစ်သာရအမြူတေကို အသုံးပြုပြီး သူသည် အသက်ပင်လယ်နယ်ပယ် နဝမအဆင့် အထွတ်အထိပ် စွမ်းအားကို ထုတ်ဖော်အသုံးပြုနိုင်သည်။ သို့ရာတွင်သူ၏အစစ်အမှန် ကျင့်ကြံဆင့်နယ်ပယ်သည် ထိုအဆင့်သို့ မရောက်သေးရာ ထိုကဲ့ အထူးသီးသန့် နတ်ဘုရားနယ်မြေအတွင်းသို့ ဝင်ရောက်ခြင်းသည် သူ၏သရုပ်မှန်ကို ပေါ်လွင်သွားစေနိုင်သည်။
ယခုအချိန်၌ သူသည် အသက်ပင်လယ်နယ်ပယ်သို့ တက်လှမ်းနိုင်ပြီဖြစ်သဖြင့် သူ့ထံတွင် နည်းလမ်းများ ပို၍ရှိလာပြီး ပို၍ကျွမ်းကျင်စွာ ရုပ်ဖျက်နိုင်လေပြီ။ ထိုကြောင့် သူသည် တစ်ဖက်လူများ၏ နတ်ဘုရားနယ်မြေသို့ ဝင်ရောက်လျှင်ပင် သူ့ကို ရှာဖွေတွေ့ရှိနိုင်တော့မည် မဟုတ်ပေ။
"အနှစ်သာရအမြူတေသုံးလုံးထဲက တစ်လုံးရဲ့ တစ်ဝက်ကို သုံးလိုက်ပြီဆိုတော့ နှစ်လုံးခွဲ ကျန်သေးတယ်..."
သူသည် လေထုထဲသို့ လက်ဆန့်တန်းလိုက်ရာ အနှစ်သာရအမြူတေသုံးလုံး ပျံသန်းလာသည်။
ထိုအရာများသည် ယင်ရှားနတ်ဆိုးအရှင် ပုပ်သိုးနှလုံးသားနတ်ဆိုးအရှင်နှင့် ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်တို့ ပိုင်ဆိုင်ခဲ့သော အရာများပင်။
ဤအမဲလိုက်စစ်ဆင်ရေးသည် အတားအဆီးများနှင့် ကြုံတွေ့ခဲ့ရသော်လည်း အောင်မြင်စွာ ပြီးမြောက်ခဲ့သည်ဟု ဆိုရပေမည်။
"ဒါပေမဲ့... ငါ့ရဲ့ကောင်းကင်ကံကြမ္မာစွမ်းအားတွေ ကုန်ခမ်းသွားပြီ... ဗုဒ္ဓဂိုဏ်းက အရှင်တစ်ပါးရဲ့ ကံကြမ္မာမြစ် အကူအညီ မပါဘဲနဲ့ ဒီအနှစ်သာရအမြူတေတွေကို မဆင်မခြင် သုံးရင် ငါ့ကို အကြီးအကျယ် ထိခိုက်စေလိမ့်မယ်... တခြားနည်းလမ်းတစ်ခုကို စဉ်းစားမှ ဖြစ်မယ်..."
ကျန်းရွှမ် စိတ်ညစ်သွားသည်။
ဤအနှစ်သာရအမြူတေများအတွင်းရှိ စွမ်းအားများသည် လုံလောက်သော်လည်း ထိုအရာများချည်သက်သက် သုံးစွဲခြင်းက သူ့ထံသို့ အတွင်းစိတ်နတ်ဆိုး ဝင်ရောက်လာစေနိုင်သည်။ သူသည် ထာဝရနှလုံးသားကို ပိုင်ဆိုင်ထားလျှင်ပင် ထိုအရာကို ပြန်လည်၍ ကုစားနိုင်မည် မဟုတ်ချေ။ ယခင်အကြိမ်များကဲ့သို့ သူသည် အပြာရောင်တိမ်တိုက်အရှင်၏ ကံကြမ္မာမြစ်နှင့် ထပ်မံချိတ်ဆက်နိုင်ခြင်း သို့မဟုတ် လုံလောက်သော ကောင်းကင်ကံကြမ္မာစွမ်းအား ရှာဖွေတွေ့ရှိခြင်းတို့ ရှိနေမှသာ ဖြစ်နိုင်ပေမည်။
သို့ရာတွင် ဤကိစ္စနှစ်ခုစလုံးသည် ဖြစ်လာနိုင်ရန် အလွန်ခက်ခဲပုံရသည်။
"အရင်ဆုံး ထျန်းလီမြို့တော်ကို ပြန်တာ ကောင်းတယ်..."
အချိန်ကြာမြင့်စွာ စဉ်းစားခဲ့သည့်တိုင် အဖြေထွက်မလာသဖြင့် ကျန်းရွှမ်သည် ထျန်းလီမြို့တော်သို့ပြန်ရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ၏မျက်ခုံးများ ရုတ်တရက် မြင့်တက်သွားသည်။ သူ၏ပုံရိပ် တုန်ခါသွားပြီး အချိန်တခဏအကြာတွင် ထူးခြားသော စံအိမ်တစ်ခု အတွင်းသို့ ရောက်ရှိသွားသည်။