← Chapters

ကံတရား အချိန်နှစ်ဆယ်သား

Vol. 41 Ch. 470

ကံတရား အချိန်နှစ်ဆယ်သား

Vol. 41 Ch. 470

ဤသည်မှာ ရွှမ်ကမ္ဘာအတွင်းတွင် စွန်းချန် ယုရှောင်ယွီနှင့် တခြားလူများ ကျင့်ကြံရန်အတွက် သီးသန့်သတ်မှတ်ထားသော နေရာအတိအကျပင်။

ဤနေရာတွင် အချိန်စီးဆင်းမှုသည် ပြင်ပကမ္ဘာထက် အဆတစ်သောင်း ပို၍မြန်ဆန်သည်။ သူသည် အပြင်လောကတွင် ရက်အနည်းငယ်သာ နေထိုင်ခဲ့ရသော်လည်း တခြားလူများသည် ဤနေရာအတွင်း၌ ရာစုနှစ်တစ်ခုစာနီးပါး ကျင့်ကြံခဲ့ရပေလိမ့်မည်။

သူ၏ပုံရိပ် တုန်ခါသွားပြီးနောက် ကျန်းရွှမ်သည် ခြံဝင်းအတွင်း၌ ထွက်ပေါ်လာသည်။ မလှမ်းမကမ်းရှိ ကွင်းပြင်တစ်ခုတွင် တည်ကြည်ပြတ်သားသော မျက်နှာရှိသည့် လူငယ်တစ်ဦးသည် ပလ္လင်ခွေထိုင်နေပေ၏။ ထိုလူငယ်၏စွမ်းအားများသည် မငြိမ်မသက်ဖြစ်ပြီး လှုပ်ခတ်နေကာ အချိန်မရွေး အဆင့်တက်တော့မည့် အနေအထား၌ ရှိနေသည်။

"သခင်လေး..."

"ဆရာ..."

စွန်းချန်နှင့်တခြားလူများသည် သူ ထွက်ပေါ်လာသည်ကို မြင်တွေ့ချိန်၌ ဝမ်းသာသွားကြသည်။

ဤသည်မှာ ကျန်းရွှမ်၏ကိုယ်ပိုင်ကမ္ဘာ ဖြစ်သော်လည်း လိုအပ်သော ပစ္စည်းများနှင့် အရင်းအမြစ်အားလုံးကို ရရှိနိုင်သည်။ သူတို့သည် အားလပ်ချိန်များတွင် တိုက်ခိုက်ခြင်းကို လေ့ကျင့်ရန်နှင့် ခန္ဓာကိုယ် ကြံ့ခိုင်စေရန် နေရာအနှံ့အပြားသို့ သွားရောက်နိုင်သောကြောင့် အထီးကျန်ခြင်း မရှိချေ။

ကျန်းရွှမ်သည် သူတို့ကိုကြည့်ပြီး စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

နှစ်တစ်ရာကြာ ပြင်းပြင်းထန်ထန် ကျင့်ကြံပြီးနောက် စွန်းချန်၏ကျင့်ကြံဆင့်သည် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်သို့ ရောက်ရှိခဲ့သည်။ ယုရှောင်ယွီနှင့်လျှူမင်ယွဲ့တို့မှာမူ အနည်းငယ် ပို၍လျှင်မြန်ပြီး ကြယ်စင်မြစ် အဋ္ဌမအဆင့်သို့ ရောက်ရှိခဲ့ကြသည်။

ယုရှောင်ယွီသည် "ဝမ်းနည်းခြင်း" ကံကြမ္မာကို နားလည်သဘောပေါက်ခဲ့ပြီး လျှူမင်ယွဲ့သည် "မိုတောက်" ကံကြမ္မာကို နားလည်သဘောပေါက်ခဲ့သည်။

သို့ရာတွင် သူတို့အနက် အလျှင်မြန်ဆုံး တိုးတက်လာသူမှာ ပါရမီအနည်းဆုံးဖြစ်သော ဟုန်ရီဖြစ်နေသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။ ယခုအချိန်တွင် သူ့ထံမှ ထွက်ပေါ်နေသော စွမ်းအားများအရ သူသည် အသက်ပင်လယ်နယ်ပယ်သို့ တက်လှမ်းရန် ကြိုးစားနေကြောင်း သိသာထင်ရှားစွာ ပြသနေပေ၏။

"ဒါက..."

ကျန်းရွှမ် ဇဝေဇဝါ ဖြစ်သွားသည်။

"ကျွန်မတို့လည်း မသိဘူး... သူက အစက ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်မှာပဲ ရှိသေးတာ... ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးရက်က သူ ရုတ်တရက်ကြီး ဉာဏ်အလင်းပွင့်သွားပြီး ကောင်းကင်ကံကြမ္မာအပေါ် သူ့ရဲ့နားလည်သဘောပေါက်မှုက ပဉ္စမအဆင့်အထိ ရောက်သွားခဲ့တယ်... အဲဒါကြောင့် သူ့ရဲ့ကျင့်ကြံဆင့်က အခုလို ဆက်တိုက်မြင့်တက်သွားတာပဲ..."

ယုရှောင်ယွီသည် သူမ၏ခန္ဓာကိုယ်ပေါ်ရှိ ခေါင်းလောင်းလေးများ တချွင်ချွင်မြည်အောင် ပြေးလာပြီး အလျင်အမြန် ရှင်းပြလိုက်၏။

"မင်းပြောတာက.. ကောင်းကင်ကံကြမ္မာအပေါ် သူ့ရဲ့နားလည်သဘောပေါက်မှုက ပဉ္စမအဆင့်အထိ ရောက်သွားတယ်..ဟုတ်လား"

ကျန်းရွှမ် မယုံကြည်နိုင် ဖြစ်နေသည်။

သူကိုယ်တိုင်ပင်လျှင် ကံကြမ္မာ ပဉ္စမအဆင့်သို့ အစောပိုင်းကမှ တက်လှမ်းလာခဲ့ခြင်း ဖြစ်သည်။ သူ၏တပည့်သည် သူ့ကို မည်သို့ အမီလိုက်နိုင်ခဲ့သနည်း။

"မဟုတ်သေးဘူး... ငါက ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်ကို သတ်ဖို့ ကြောက်ရွံ့ခြင်းစိတ်ခံစားချက်ကို အသုံးပြုခဲ့တယ်... အဲ့ဒီအချိန်မှာ ငါက ဉာဏ်အလင်းပွင့်ခဲ့ပြီးတော့ စိတ်ခံစားချက်ကံကြမ္မာ တစ်ခုလုံးကို အဆင့်တက်သွားစေခဲ့တာ... ပြီးတော့ ဒီစိတ်ခံစားမှုကို ဟုန်ရီက အတိအကျ နားလည်သဘောပေါက်သွားတာပဲ..."

ကျန်းရွှမ် နားလည်သဘောပေါက်သွားသည်။

ယခင်က ယုရှောင်ယွီ လျှူမင်ယွဲ့နှင့် ဟုန်ရီတို့သည် သူ၏ကောင်းကင်ကံကြမ္မာမှ အတက်အလက်များကို ကျင့်ကြံခဲ့ကြသည်။ တစ်ယောက်သည် မိုတောက် တစ်ယောက်သည် ဝမ်းနည်းခြင်းနှင့် နောက်ဆုံးတစ်ယောက်ကမူ ကြောက်ရွံ့ခြင်းတို့ဖြစ်သည်။

ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင် သေဆုံးခြင်းနှင့်အတူ ကြောက်ရွံ့ခြင်းကံကြမ္မာသည် ပြီးပြည့်စုံသွားခဲ့ပြီး သူ၏တပည့်ဖြစ်သော ဟုန်ရီသည်လည်း အကျိုးကျေးဇူး ခံစားခဲ့ရသည်။ ထိုကြောင့် အချိန်တိုအတွင်းတွင် သူ၏ ကျင့်ကြံဆင့်သည် ဆရာဖြစ်သူကိုပင် အမီလိုက်နိုင်ခဲ့ပေ၏။

ဒါက မဆိုးဘူး....

သူ၏ စိတ်ခံစားချက်ကံကြမ္မာအပေါ် နားလည်သဘောပေါက်မှုသည် တပည့်များကို အမှန်တကယ် ကူညီပေးနိုင်ပြီး သူတို့၏အဆင့်ကိုလည်း အတင်းအဓမ္မ ဆွဲတင်ပေးနိုင်ပုံရသည်။ သေချာသည်မှာ အကယ်၍ သူတို့ကိုယ်တိုင် ဉာဏ်အလင်းပွင့်သွားရင်လည်း သူ့အတွက် များစွာ အထောက်အကူ ဖြစ်စေပေလိမ့်မည်။

သူသည် တခြားတပည့်နှစ်ယောက်ကို ကြည့်လိုက်ရာ ကြယ်စင်မြစ်နယ်ပယ် အဋ္ဌမဆင့်သို့ ရောက်ရှိနေသည်အား မြင်တွေ့လိုက်ရသည်။ ဤသည်မှာ ကောင်းကင်ကံကြမ္မာအပေါ် သူတို့၏နားလည်သဘောပေါက်မှုသည် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီဟု ဆိုလိုခြင်းပင်။ သူသည် ကံကြမ္မာ စတုတ္ထအဆင့်မှ ပဉ္စမအဆင့်သို့ ဤမျှထိ လျင်မြန်စွာ တက်လှမ်းနိုင်ခဲ့ခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။

ကြည့်ရသည်မှာ သူ၏တပည့်များသည်လည်း သူ့ကို ကူညီထောက်ပံ့ခဲ့ပုံရသည်။

ရင်းမြစ်ကမ္ဘာရှိ ကောင်းကင်ကံကြမ္မာ ကျင့်ကြံသူများသည် တပည့်များကို အသုံးချခံများအဖြစ် သဘောထားကြ၏။ သို့ရာတွင် ထိုကိစ္စကို လူအများက လက်ခံထားကြပြီး ကောင်းကင်ကံကြမ္မာကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေရခြင်းအပေါ် ဂုဏ်ယူနေကြသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။ အဓိက အကြောင်းအရင်းမှာ ဤအချက်ကြောင့် ဖြစ်နေပေ၏။

ဤသည်မှာယခင်က မိုပိုင်ယဲ့နှင့် တူညီသည်။ သူသည် မိုဟုန်နှင့် အခြားသူများကို အမှီပြု၍ ကျင့်ကြံခဲ့သောကြောင့် ယခင်က စွမ်းအားနှင့်အဆင့်အတန်းမျိုးကို ရရှိခဲ့ခြင်း ဖြစ်သည်။

"ငါ့ရဲ့ရွှမ်ကမ္ဘာက အခု လုံးဝတည်ငြိမ်သွားပြီ... ဒီနေ့ကစပြီးတော့ မင်းတို့တွေက ကျင့်ကြံရင်းနဲ့ ကံကြမ္မာကို ပြန့်ပွားအောင် လုပ်ရမယ်"

ဤအချက်ကို နားလည်သွားသဖြင့် အကြံတစ်ခု ထွက်ပေါ်လာပြီး ကျန်းရွှမ်၏မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်။

"ကံကြမ္မာကို ပြန့်ပွားအောင် လုပ်ရမှာလား"

ယုရှောင်ယွီနှင့်လျှူမင်ယွဲ့တို့ နှစ်ယောက်လုံး အနည်းငယ် နားမလည်နိုင် ဖြစ်သွားကြသည်။

"အမှန်ပဲ"

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။ ဟုန်ရီ အပြည့်အဝ အဆင့်တက်ပြီးနောက် သူသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။

"ငါနဲ့ လိုက်ခဲ့ကြ...."

သူသည် သူ၏လက်ဝါးကို ညင်သာစွာဖမ်းဆုပ်လိုက်ရာ သူ၏ရှေ့တွင် လေဟာနယ်တံခါးပေါက်ငယ်တစ်ခု ထွက်ပေါ်လာသည်။ သူ အတွင်းသို့ ဝင်ရောက်သွားပြီးနောက် ယုရှောင်ယွီ စွန်းချန် လျှူမင်ယွဲ့နှင့် ဟုန်ရီတို့လည်း နောက်မှ ထပ်ချပ်မကွာလိုက်ပါလာကြသည်။

တံခါးပေါက်ကို ဖြတ်သန်းပြီးနောက် သူတို့သည် ကြီးမားသော မြို့ကြီးတစ်မြို့ထဲသို့ ချက်ချင်း ရောက်ရှိသွားကြသည်။

ဤမြို့ထဲတွင် လူပင်လယ်ကြီးကဲ့သို့ လူများဖြင့် စည်ကားနေသော်လည်း ကျင့်ကြံသူများအားလုံး၏ စွမ်းအားသည် အလွန်အားနည်းနေပေ၏။

"ဆရာ... ဒါ... ဒါက ဘယ်လိုနေရာမျိုးလဲ"

ယုရှောင်ယွီ အံ့အားသင့်သွားသည်။

ဤနေရာရှိ လူများသည် စက္ကူနှင့် ပြုလုပ်ထားသည့်အလားပင်။ သူမ၏ လက်ရှိစွမ်းအားကို ထည့်မပြောနှင့် ယခင်က မကျင့်ကြံဖူးသော ဆုရှင်းပင်လျှင် ခွာတစ်ချက် ပေါက်လိုက်ရုံဖြင့် မရေမတွက်နိုင်သော လူများကို သေစေနိုင်ပြီး ကြီးမားသော မြေငလျင်ကို လှုပ်ခတ်သွားစေနိုင်သည်။

"ဒါတွေက ငါ ဖန်ဆင်းထားတဲ့ သက်ရှိတွေပဲ.."

ကျန်းရွှမ်က အပြုံးဖြင့် ပြောဆိုသည်။

ကမ္ဘာတစ်ခုကို ဖန်ဆင်းပြီးနောက် သူသည် သက်ရှိများကို ဖန်ဆင်းရန် သဘာဝအလျောက် သင်ယူခဲ့သည်။ သို့ရာတွင် ဤကမ္ဘာသည် အားနည်းနေသေးသဖြင့် သက်ရှိများ၏ စွမ်းအားသည် သန်မာအားကောင်းခြင်း မရှိပေ။

လူများအားလုံးသည် သူ စတင်ကူးပြောင်းရောက်ရှိလာစဉ်ကကဲ့သို့ သာမန်လူများကြားမှ သာမန်လူများသာ ဖြစ်ကြ၏။

ရင်းမြစ်ကမ္ဘာမှ ယုရှောင်ယွီနှင့်တခြားလူများ၏ အမြင်အရ ဤစွမ်းအားအဆင့်သည် ပုရွက်ဆိတ်များကဲ့သို့ အားနည်းနေသည်မှာ အမှန်ပင်။

သို့ရာတွင် ရွှမ်ကမ္ဘာသည် ကမ္ဘာသစ်နှင့် ပေါင်းစပ်သွားပြီးနောက် လုံးလုံးလျားလျား တည်ငြိမ်သွားသည်နှင့်အမျှ ရင်းမြစ်စွမ်းအင် အမြောက်အများ ဝင်ရောက်လာပေမည်။ ထိုကြောင့် သူတို့၏ရုပ်ခန္ဓာကိုယ်များနှင့်စွမ်းအားများသည်လည်း စဉ်ဆက်မပြတ် တိုးတက်နေသည်။ အချိန်လုံလောက်စွာ ပေးနိုင်လျှင် သူတို့၏စွမ်းအားသည် ရင်းမြစ်ကမ္ဘာ၏ပျမ်းမျှအဆင့်သို့ ရောက်ရှိရန်မှာ ပြဿနာတစ်ရပ် မဟုတ်နိုင်တော့ချေ။

သို့ရာတွင် ဤအတိုင်း စောင့်နေမည်ဆိုပါက နှစ်ပေါင်း သောင်းနှင့်ချီ သိန်းနှင့်ချီနိုင်သည့်အပြင် သန်းနှင့်ချီ၍ပင် ကြာမြင့်နိုင်သည်။ ကျန်းရွှမ်သည် ဒေသအချို့တွင် အချိန်စီးဆင်းမှုကို ပြောင်းလဲနိုင်သော်လည်း ကမ္ဘာတစ်ခုလုံးကို ပြောင်းလဲရန်မှာမူ မဖြစ်နိုင်သေးချေ။

ထို့ကြောင့် သူ နည်းလမ်းတစ်ခု စဉ်းစားမိလိုက်သည်။ ဤသည်မှာ သူတပည့်များကို ကမ္ဘာအနှံ့အပြား၌ ကောင်းကင်ကံကြမ္မာကို ဖြန့်ဝေခိုင်းရန်ပင်။

ဤသည်က သူ၏စိတ်ခံစားချက်ကံကြမ္မာကို မြှင့်တင်ရန် အတွက်ပင်။

အခြားလူများသည် ကောင်းကင်ကံကြမ္မာကို ဖြန့်ဝေရာ၌ အာဏာကံကြမ္မာကို ဆုပ်ကိုင်ထားသော ထျန်းလီအင်ပါယာပင်လျှင် ကိုယ်ပိုင်အင်ပါယာအတွင်း၌သာ သက်ရောက်မှု ရှိသည်။ ထို့ပြင် နေရာခွဲဝေယူထားသော မရေမတွက်နိုင်သည့် ကောင်းကင်ကံကြမ္မာအင်အားစုများ ရှိနေပေ၏။ သို့ရာတွင် သူသည် မရေမတွက်နိုင်သော သက်ရှိများ ရှိသည့် ကမ္ဘာတစ်ခုကို ပိုင်ဆိုင်ထားသဖြင့် လွတ်လပ်စွာ ဖြန့်ဝေနိုင်သည်။

သူတို့အားလုံးသည် ထိုကံကြမ္မာ လေ့လာသင်ယူပြီး နားလည်သဘောပေါက်သွားသရွေ့ ပထမအဆင့်သို့ ရောက်ရှိသွားလျှင်ပင် ထွက်ပေါ်လာသော ကောင်းကင်ကံကြမ္မာစွမ်းအားနှင့် ထိုးထွင်းသိမြင်မှုများသည် သူ့ကို ပိုမြင့်မားသောနယ်ပယ်များသို့ ရောက်ရှိစေရန် လုံလောက်ပေလိမ့်မည်။

"ဆရာ့ယုံကြည်မှုကို ကျွန်မတို့ အပျက်စီးမခံပါဘူး"

သူ၏ဆိုလိုရင်းကို နားလည်သဘောပေါက်သွားသဖြင့် ယုရှောင်ယွီနှင့်တခြားလူများ၏ မျက်နှာများပေါ်တွင် ခိုင်မာပြတ်သားသော အမူအယာများ ထင်ဟပ်လာသည်။

ဤသည်မှာ ဆရာဖြစ်သူကို ကူညီရုံသာမက သူတို့ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လေလေ တပည့်များများ လက်ခံနိုင်လေလေဖြစ်ကာ သူတို့အတွက်လည်း အကူအညီ ပိုရနိုင်လေလေပင်။

အရေးကြီးဆုံး အချက်မှာ ဤကမ္ဘာတွင် အန္တရာယ် တစိုးတစိမျှမရှိချေ။ သူတို့သည် ရံဖန်ရံခါ၌ နတ်ဘုရားကဲ့သို့ ထူးခြားသောစွမ်းအားများကို ပြသနိုင်ပြီး သင်ယူမှုကို မြှင့်တင်ရန် ပို၍လွယ်ကူစေနိုင်သည်။

"ကောင်းပြီလေ...."

ညွှန်ကြားချက်များ ပေးပြီးနောက် ကျန်းရွှမ်၏ပုံရိပ် တုန်ခါသွားပြီး ရင်းမြစ်ကမ္ဘာသို့ ပြန်လည် ရောက်ရှိသွားသည်။ မကြာမီတွင် သူ၏ရုပ်ရည်သွင်ပြင်ကို ထပ်မံ ပြောင်းလဲလိုက်ပြီး ထျန်းလီမြို့တော်သို့ ရောက်ရှိသွားပေ၏။

ခုန်းရှီကို သတ်ဖြတ်မည့်အချိန်သည် ငါးရက် လိုသေးသဖြင့် သူ ပြင်ဆင်ရန် အချိန်ရသည်။

ဗုဒ္ဓဂိုဏ်းမှ အရှင်မြတ်များကို ရှာဖွေရန် လင်းကျိုးတောင်ပေါ်သို့ တန်းတန်းမတ်မတ် တက်သွားခြင်းမှာ... သူ မသေချင်သေးသည့်အတွက် ထိုသို့ လုံးလုံးလျားလျား ပြုလုပ်မည် မဟုတ်ပေ။

ထို့ပြင် လွန်ခဲ့သော အကြိမ်ကကဲ့သို့ သတင်းအချက်အလက် ရောင်းချခြင်းမှာလည်း သူ့ကိုယ်သူ ဖော်ထုတ်လိုက်သလိုသာ ဖြစ်ပေလိမ့်မည်။ သူသည် မည်သည့် အကျိုးကျေးဇူးမှ ရရှိမည် မဟုတ်ဘဲ အမဲလိုက်ခံရခြင်းပင် ဖြစ်သွားနိုင်သည်။

လမ်းနှစ်သွယ်စလုံး ပိတ်ဆို့နေသဖြင့် တခြားနည်းလမ်းများကိုသာ သူ စဉ်းစားရပေမည်။

"ထားလိုက်တော့... အရင်ဆုံး ကံသွားချေးလိုက်မယ်"

သူ့ထံတွင် အနှစ်သာရအမြူတေများ ရှိနေသဖြင့် တိုက်ပွဲအတွင်းတွင် ရတနာများကို လုယူနိုင်ပြီး ကောင်းကင်ကံကြမ္မစွမ်းအားများကို ထုတ်ယူနိုင်သည်။ လက်ရှိတွင် အရေးကြီးဆုံးအရာမှာ ကံတရားပင်။

ဤအချက်ကို တွေးတောမိသဖြင့် သူသည် နှင်းနတ်ဆိုးအရှင်နှင့် ထပ်မံ၍ ဆက်သွယ်လိုက်၏။

"ရွှမ်ကျီးဂိုဏ်းက ထျန်းလီမြို့တော်ထဲမှာ ရှိတယ်... သခင် စုံစမ်းကြည့်လိုက်ရင် ရှာတွေ့နိုင်မှာပါ"

နှင်းနတ်ဆိုးအရှင်က ရှင်းပြသည်။

"ကံတရား ဆိုတာက အလေးချိန်လိုပဲ... ကျပ်သား မူးသား ပဲသားဆိုပြီး ခွဲခြားထားတယ်... သခင်က ဒီလို အန္တရာယ်များတဲ့နေရာကို ဝင်သွားမှာဆိုတော့ အရာအားလုံးက သခင်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေမှာ... ကံတရား အနည်းဆုံး နှစ်ပိဿာလောက် မရှိရင် သခင်က အသက်ရှင်ရက် ဘယ်လိုမှ ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး"

"ကံတရား နှစ်ပိဿာ... အဲ့ဒါက ဘယ်လောက်များလဲ"

တစ်ဖက်လူ ရည်ညွှန်းနေသော အတိုင်းအတာများကို ကျန်းရွှမ် နားမလည်ချေ။

"ကျွန်တော် ပြောပြမယ်..."

နှင်းနတ်ဆိုးအရှင်သည် အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းနေပြီးနောက် ပြောဆိုလိုက်၏။

"အပြာရောင်တိမ်တိုက်အရှင် ကျွန်တော်ကို ဖမ်းတုန်းက ကံတရား နှစ်မူးသားပဲ ချေးခဲ့တာ... အဲ့ဒီအချိန်တုန်းက မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်နဲ့ ကျွန်တော် နေတဲ့နေရာက သိပ်မဝေးဘူး... တစ္ဆေအရိုး နတ်ဆိုးအရှင်ကလည်း ဘေးချင်းကပ်နေရာမှာ ရှိနေတာ... ဒါပေမဲ့ ကျွန်တော်က အရှင်လတ်လတ် အဖမ်းခံလိုက်ရတယ်... ဒါကို ကြည့်ရင် အဲ့ဒီ ကံတရား နှစ်မူးသားက ဘယ်လောက်ထိ ကြောက်ဖို့ကောင်းလဲ ဆိုတာ သိသာပါတယ်..."

All Chapters