← Chapters

ရွှမ်ကျီးဂိုဏ်း

Vol. 41 Ch. 471

ရွှမ်ကျီးဂိုဏ်း

Vol. 41 Ch. 471

"ဒါ... ငါက အဲဒီလောက် အများကြီး လိုတာလား"

ကျန်းရွှမ်၏ပါးစပ် မဲ့ရွဲ့သွားပြီး သူ၏မျက်ခွံများ တဆတ်ဆတ်တုန်ခါသွားသည်။

တစ်ပိဿာလျှင် ၁၀ ကျပ်သား ရှိရာ အချိန်ပိဿာနှစ်ဆယ်ဆိုသည်မှာ နှစ်ရာကျပ်သားဖြစ်သည်။ အပြာရောင်တိမ်တိုက်အရှင်သည် ကံတရား နှစ်မူးသား (၀.၂ ကျပ်သား) သာ ချေးခဲ့သော်လည်း နှင်းနတ်ဆိုးအရှင်ကို နေရာတင် ဖမ်းဆီးနိုင်ခဲ့ရုံသာမက မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်ပင် သတိမထားမိခဲ့ပေ။

သူ၏ကံတရားသည် ကောင်းမွန်သည်ဟု သူ အစဥ်အမြဲ ခံစားခဲ့ရပြီး အဝေးဆုံးတွင် ရှိသော ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်ကို အထူးတလည် သွားရောက်သတ်ဖြတ်ခဲ့သည်။ သို့ရာတွင် သူသည် တစ်ဖက်ရန်သူများ၏တိုက်ခိုက်ခံရပြီး သူတို့၏လက်ချက်ဖြင့် သူ သေလုမျောပါး ဖြစ်ခဲ့ရသည်။

အဆတစ်ထောင် ကွာခြားချက်ကြီးသည် သူ့ကို နောက်ပြောင်နေသလော...

ဤသည်မှာ ချေးငှားသည် ဟုတ်ပါသလော....

သူ လုယက်လျှင်ပင် ဤမျှလောက်ထိ မရနိုင်ချေ။

"သခင် သွားစမ်းကြည့်လိုက်ပါ... သခင့်ကို ကာကွယ်ပေးမယ့် ကံတရားမရှိဘဲနဲ့ သခင်က ကောင်းကင်ဥပဒေသ မြို့တော်ကို ဇွတ်ဝင်သွားမယ်ဆိုရင်...ကျွန်တော်က သခင်ကို စကားသုံးလုံးပဲ ပေးနိုင်မယ်..."

နှင်းနတ်ဆိုးအရှင်က ပြောဆိုသည်။

"ဘယ်စကားသုံးလုံးလဲ"

ကျန်းရွှမ်က စိတ်ဝင်တစား မေးမြန်းလိုက်၏။

နှင်းနတ်ဆိုးအရှင်က ခေါင်းညိတ်ပြလိုက်သည်။

"မင်း...သေ...မှာ..."

ကျန်းရွှမ် ဆွံ့အသွားသည်။

"..."

အချိန်အတော်ကြာပြီးနောက် ကျန်းရွှမ်က မနေနိုင်တော့ဘဲ ထပ်မံ၍ မေးမြန်းလိုက်သည်။

"ကံတရားကို ဘယ်လို ချေးရမလဲ"

"အဲ့ဒါတော့ ကျွန်တော် မသိဘူး... ကျွန်တော်က နတ်ဆိုးမျိုးနွယ်လေ... ပုံမှန်ဆိုရင် ကျွန်တော်က ထိပ်သီးကျင့်ကြံသူတွေကို ရှောင်နေရတာ... ကံတရားကို ပေါ်တင်သွားချေးရအောင် ကျွန်တော်ရဲ့အသက်က အဲ့ဒီလောက်ထိ ရှည်မယ်လို့ မခံစားရဘူး"

နှင်းနတ်ဆိုးအရှင်က မျက်လုံးလှန်ကြည့်လိုက်သည်။

"ကောင်းပြီလေ"

သူ တကယ် မသိကြောင်း တွေ့လိုက်ရသဖြင့် ကျန်းရွှမ်သည် ရွှမ်ကျီးဂိုဏ်း၏တည်နေရာကို တခြားလူများထံ၌ သူ စုံစမ်းမေးမြန်းရတော့သည်။ အစပိုင်းတွင် သူ မသေချာသော်လည်း လူအနည်းငယ်ကို မေးမြန်းပြီးနောက် တစ်စုံတစ်ယောက်သည် နေရာအတိအကျကို သိထားပေ၏။

ထိုသူ ညွှန်ပြသော လမ်းညွှန်ချက်အတိုင်း သူ တစ်နာရီခန့် ခရီးနှင်ပြီးနောက် အဆောက်အအုံငယ်တစ်လုံးက သူ၏မြင်ကွင်းထဲတွင် ထွက်ပေါ်လာသည်။

အလုံးစုံသိမြင်ဂိုဏ်းနှင့်နှိုင်းယှဉ်လျှင် ဤနေရာသည် များစွာနိမ့်ကျပြီး သာမန်အိမ်များထက်ပင် နိမ့်ကျကာ ယိုယွင်းပျက်စီးနေသော အုတ်ကြွပ်မိုးအခန်းလေးခန်းသာ ရှိသည်။

"ဒါက ရွှမ်ကျီးဂိုဏ်း ဟုတ်ရဲ့လား"

ကျန်းရွှမ် မယုံကြည်နိုင် ဖြစ်နေသည်။

ကံတရားကောင်းကင်ကံကြမ္မာနှင့် ဧကရာဇ်ဖုရှန်း၏"အာဏာ"ကံကြမ္မာတို့သည် အဆင့်တူညီကြသော်လည်း ကွာခြားချက်သည် အလွန်ကြီးမားပေ၏။

တော်ဝင်နန်းတော်၏ အိမ်သာများသည်ပင် ဤအဆောက်အအုံထက်ပို၍ ခမ်းနားထည်ဝါပေလိမ့်မည်။

သူသည် ထူးဆန်းသည်ဟု ခံစားနေရသော်လည်း ရှေ့သို့ ဖြည်းဖြည်းချင်း တိုးသွားပြီး မကြာမီမှာပင် ထိုနေရာသို့ ရောက်ရှိသွားသည်။ ဤအချိန်တွင် တံခါး၏အပြင်ဘက်၌ လူပေါင်းရာနှင့်ချီ၍ တန်းစီနေကြသည်။

အုတ်ကြွပ်မိုး အခန်းများအောက်ရှိ ထုတ်တန်းများပေါ်တွင် "ရွှမ်ကျီးဂိုဏ်း" ဟူသော စာလုံးတချို့ကို ကောက်ကောက်ကွေ့ကွေ့ ရေးသားထားသည်အား သူ မြင်တွေ့လိုက်ရသည်။

မည်သည့်ရှုထောင့်မှ ကြည့်စေကာမူ ဤနေရာသည် သင့်လျော်သော ဂိုဏ်းတစ်ဂိုဏ်းနှင့် မတူဘဲ ပထမတန်းစား ကောင်းကင်ကံကြမ္မာနှင့်လည်း မသက်ဆိုင်သည့်အလားပင်။

တန်းစီနေသော လူများကို သေချာကြည့်လိုက်ချိန်၌ ချက်ချင်းဆိုသလိုပင် ကျန်းရွှမ် အံ့အားသင့်သွားသည်။

ဤလူများ အားလုံးသည် အသက်ပင်လယ်နယ်ပယ် ထိပ်သီးကျင့်ကြံသူများ ဖြစ်ကြပြီး သူတို့အနက်မှ ဆယ်ယောက်ကျော်သည် အသက်ပင်လယ်နယ်ပယ် နဝမအဆင့် အထွတ်အထိပ်သို့ပင် ရောက်ရှိနေကြသည်။ သူတို့သည် ယခင်က သူ တွေ့ခဲ့ရသော အပြာရောင်တိမ်တိုက်အရှင်ထက် စွမ်းအားနိမ့်ကျခြင်း မရှိပေ။

ယခင်က သူ နေရာမှား၍ ရောက်လာခဲ့သည်ဟု ခံစားခဲ့ရသော်လည်း ဤအရာကို မြင်လိုက်ရချိန်၌ သူ၏စိတ် အနည်းငယ် တည်ငြိမ်သွားသည်။ သို့ရာတွင် သူ၏ရှေ့တွင် လူအမြောက်အများ ရှိနေသဖြင့် သူ၏အလှည့်သို့ရောက်ရန် အချိန်မည်မျှကြာအုံးမည်ကို သူ မသိရှိချေ။

ဤအချက်ကို တွေးတောမိသဖြင့် သူသည် သူ၏ရှေ့ရှိ လူငယ်တစ်ဦးကို မေးမြန်းလိုက်၏။

"ညီအစ်ကို... တန်းစီနေတာ ဘယ်လောက်ကြာပြီလဲ"

တစ်ဖက်လူ၏ အချိန်ပေါ် မူတည်၍ သူ့အလှည့်ရောက်ရန် မည်မျှထိကြာမည်ကို ခန့်မှန်းနိုင်သည်။ ရက်ပေါင်းများစွာ ကြာမြင့်မည်ဆိုပါက သူ ဤနေရာ၌ အလဟဿ ထိုင်စောင့်နေရန် အချိန်မရှိပေ။

"ကျွန်တော်လား... သုံးရက် ရှိပြီ"

လူငယ်က သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။

ကျန်းရွှမ်၏မျက်ခွံများ တုန်ခါသွားသည်။

"တခြားလူတွေကရော"

သုံးရက် စောင့်ပြီးသည့်တိုင် ဤလူငယ်သည် နောက်ဆုံး၌သာ ရှိနေသဖြင့် တိုးတက်မှုမှာ အလွန်နှေးကွေးသည်။

"သူတို့လား... အဲဒါတော့ မသိဘူး... တချို့က ဒီမှာ နေတာ နှစ်ဝက်လောက် ရှိပြီ... တချို့က သုံးနှစ်... အရှေ့ဆုံးက လူတွေကို သေချာ ကြည့်လိုက်အုံး..."

လူငယ်က လက်ညှိုးညွှန်ပြလိုက်သည်။

ကျန်းရွှမ်သည် ဇဝေဇဝါဖြင့် လှမ်းကြည့်လိုက်ရာ ထူးဆန်းသော အမူအယာတစ်ရပ်က သူ၏မျက်နှာပေါ်တွင် ထင်ဟပ်လာသည်။ အချိန်တခဏအကြာတွင် သူ ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။

"အဲ့ဒီ နှစ်ယောက်က... သေပြီးတော့ ပုပ်ပွနေပြီ မဟုတ်လား"

အရှေ့ဆုံးရှိ လူနှစ်ယောက်သည် မြေကြီးပေါ်တွင် မလှုပ်မယှက် ထိုင်နေကြ၏။ သူတို့၏ ခန္ဓာကိုယ်များသည် ရှုံ့တွကာ မည်းနက်နေပြီး ယင်ကောင်များ ဝိုင်းအုံနေသည်။ ထိုလူနှစ်ယောက်သည် အသက်မရှိတော့ကြောင်း သိသာထင်ရှားသည်။

"အမှန်ပဲ... အဲ့ဒီလူနှစ်ယောက်က ဒီမှာ နှစ်ငါးဆယ်ကျော် နေခဲ့တာ... ဒါပေမဲ့ သူတို့ မအောင်မြင်ခဲ့ဘူး..."

လူငယ်က ရှင်းပြသည်။

ကျန်းရွှမ်၏ အမြင်အာရုံ မိုက်ခနဲ ဖြစ်သွားသည်။

"ဒါဆိုရင် သူတို့က ဒီမှာ ဘာကို စောင့်နေကြတာလဲ"

ဤလူများသည် ရူးသွပ်နေကြသလော....

ကံတရားကို ချေးငှားခြင်းဆိုသည်မှာ ပို၍ကောင်းမွန်သောဘဝဖြင့် ရှင်သန်ရန်အတွက်ပင်။ အကယ်၍ သူတို့သည် ဤနေရာ၌ သေဆုံးသွားလျှင် ကံတရားကို ချေးငှားသည်မှာ မည်သို့ အသုံးဝင်တော့မည်နည်း...

"မင်း နားမလည်ဘူး မဟုတ်လား... ဒါက အနာဂတ် မျိုးဆက်တွေအတွက် ချန်ထားခဲ့ဖို့ ကံတရား စုဆောင်းနေတာလေ... သူတို့ သေသွားပေမဲ့ သူတို့မျိုးဆက်တွေရဲ့ ကံတရားက မီးဖိုလို တောက်လောင်နေသရွေ့ အကျိုးအမြတ်တွေ အများကြီး ရနေမှာပဲ"

လူငယ်က သူ့ကို အရူးတစ်ယောက်ကဲ့သို့ ကြည့်လိုက်သည်။

"အနာဂတ် မျိုးဆက်တွေအတွက် ချန်ထားခဲ့ဖို့လား"

ကျန်းရွှမ် ကြက်သေသေသွားသည်။

"အမှန်ပဲ... ကံတရားကို ချေးငှားတယ်လို့ ခေါ်မှတော့ ပေးဆပ်ရတာတွေ ရှိမှာပဲလေ... သူတို့က သူတို့ရဲ့အသက်တွေနဲ့ ဆယ်စုနှစ်ချီတဲ့ အခွင့်အရေးတွေနဲ့ ပေးဆပ်လိုက်တဲ့အတွက် အနာဂတ် မျိုးဆက်တွေက ပြန်ပေးဆပ်စရာ မလိုဘဲနဲ့ တိုက်ရိုက်ခံစားလို့ ရတာပေါ့"

လူငယ်က စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။

"ပြန်ပေးဆပ်ရတာလား...."

ကျန်းရွှမ် ထိတ်လန့်တုန်လှုပ်သွားသည်။

"ဒါပေါ့... ချေးပြီး ပြန်မပေးရအောင် မင်းကိုယ်မင်း လူလိမ်လို့ ထင်နေတာလား"

လူငယ်က မျက်လုံးလှန်ကြည့်လိုက်သည်။

"အမ်... ဒါက..."

ကျန်းရွှမ် အချိန်တခဏမျှ ကြက်သေသွားပြီးနောက် တစ်စုံတစ်ခုကို ချက်ချင်းတွေးတောမိလိုက်သည်။

သံသရာအမွေအနှစ်မျှော်စင်ပဲ ဖြစ်စေ အရပ်ဆယ်မျက်နှာ ဗောဓိနတ်ဆိုးနှိပ်နင်းခြင်းကြိုး ဖြစ်စေ ထိုအရာများသည် အလွန်စွမ်းအားကြီးမားသော ရတနာများ ဖြစ်ပြီး ရင်းမြစ်ကမ္ဘာ တစ်ခုလုံးတွင် ကျော်ကြားသည်။ သို့ရာတွင် ထိုအရာများသည် သူ၏လက်ထဲသို့ လွယ်လင့်တကူ ရောက်ရှိလာခဲ့ပြီး သူ လွယ်လင့်တကူ သန့်စင်နိုင်ခဲ့သည်။ ထို့ပြင် သူသည် နှင်းနတ်ဆိုးအရှင်၏အနှစ်သာရအမြူတေကို လွယ်လင့်တကူ လုယူနိုင်ခဲ့ပြီး အပြာရောင်တိမ်တိုက်အရှင်ကို ကြီးမားသော ဆုံးရှုံးမှု ဖြစ်စေခဲ့သည်။

ဤသည်မှာ အပြာရောင်တိမ်တိုက်အရှင်သည် ကံတရားနှစ်မူးသားကို ချေးယူပြီးနောက် တန်ပြန်ဒဏ်ကို ခံစားခဲ့ရသောကြောင့် ဖြစ်နေသလော....

ဤသည်က ဖြစ်နိုင်ခြေ ရှိပေ၏။

အရာအားလုံးသည် ကံကြမ္မာ၏သတ်မှတ်ချက်အတိုင်း ဖြစ်သော်လည်း ကံတရား မလုံလောက်လျှင် တစ်စုံတစ်ယောက်ထံ၌ ကံကြမ္မာရှိနေသည့်တိုင် ဆုံးရှုံးသွားပေလိမ့်မည်။

ဤကဲ့သို့ တွက်ဆကြည့်မည်ဆိုရင် ကံတရား နှစ်မူးသား ချေးသည်က အမှန်တကယ့်ကို အရှုံးပေါ်ခြင်းပင်။

"မဟုတ်သေးဘူး... ငါ သိတဲ့လူတစ်ယောက်က လွန်ခဲ့တဲ့ ရက်နည်းနည်းအကြာကမှ ကံတရား နှစ်မူးသား ချေးခဲ့တာ... အရှေ့ဆုံးက လူတွေက ဒီမှာရှိနေတာ နှစ်ငါးဆယ်ကျော်ပြီလို့ မင်း ပြောခဲ့တာ မဟုတ်လား..."

ရုတ်တရက် ကျန်းရွှမ်သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားသည်။

အပြာရောင်တိမ်တိုက်အရှင်သည် နှင်းနတ်ဆိုးအရှင်ကို ဖမ်းဆီးရန် ကံတရားကို ချေးယူခဲ့သည်။ ဤသည်မှာ အများဆုံး အချိန်တစ်လထက် မပိုနိုင်သေးသော်လည်း အရှေ့ဆုံးမှ လူများ သေဆုံးနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေလေပြီ။

သူ ထိုသို့ပြောသည်ကို ကြားလိုက်ရချိန်၌ လူငယ်က ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။

"မင်းက ရွှမ်ကျီးဂိုဏ်းရဲ့ ချေးငှားမှုနည်းလမ်းကို လုံးဝနားမလည်ဘူးပဲ... ဒါတောင် ဒီနေရာကို မဆင်မခြင် လာရဲတာလား..."

ကျန်းရွှမ် အံ့အားသင့်သွားသည်။

"ချေးငှားမှုနည်းလမ်းလား"

လူငယ်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်... တောင်တန်းတွေမှာ ပုံသေပုံစံ မရှိသလို ကံတရားမှာလည်း ပုံသေဦးတည်ချက် မရှိဘူး... ဒါကြောင့် ရွှမ်ကျီးဂိုဏ်းရဲ့ ကံတရား ချေးငှားမှုကလည်း ကျပန်းပဲ... ဦးတည်ချက် မြင့်မားနေတဲ့အချိန်ဆိုရင် ကံတရား ချေးဖို့ တံခါးဖွင့်ပေးပြီး နိမ့်ကျနေတဲ့အချိန်ဆိုရင် ဧည့်သည်တွေကို တံခါးပိတ်ထားတတ်တယ်... ပြီးတော့ ဘယ်သူ့ကို ချေးမယ် ဘယ်သူ့ကို မချေးဘူး ဆိုတာက တန်းစီတာပေါ် မမူတည်ဘူး၊ ကံတရားပေါ် မူတည်တယ်... သေချာတာတစ်ခုကတော့ ရှေ့ဆုံးကိုရောက်လေလေ အခွင့်အရေး ပိုများလေလေပဲ... ဥပမာအနေနဲ့ အရှေ့ဆုံးက ပုပ်ပွနေတဲ့ နှစ်ယောက်ဆိုရင် အစတုန်းက အရွေးမခံရပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သေချာပေါက် အခွင့်အရေး ရှိလာမှာပဲ..."

ကျန်းရွှမ် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။

"ဒီလိုလည်း ဖြစ်နိုင်တာပဲ..."

ကံတရားအတက်အကျ အကြောင်းကို သူ သိရှိထားသော်လည်း ကံတရားကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်သော ဂိုဏ်းတစ်ဂိုဏ်းထံမှ ကံတရား ချေးငှားရာတွင် ဤစည်းမျဉ်းကို လိုက်နာရလိမ့်မည်ဟု သူ တွေးထင်မထားခဲ့ချေ။

ဤကဲ့သို့ကြည့်မည်ဆိုရင် အပြာရောင်တိမ်တိုက်အရှင်၏ကံတရားက ကောင်းမွန်ပေ၏။ သူ ရောက်လာသည်မှာ မကြာသေးသော်လည်း ကံတရား နှစ်မူးသားကို ချေးယူနိုင်ခဲ့သည်။ သို့သော် သူ၏ နောက်ပိုင်းကံတရားကမူ သိပ်မကောင်းလှပေ။ ရတနာများနှင့်အနှစ်သာရအမြူတေတို့ကို ဆုံးရှုံးခဲ့ရုံသာမက ဖမ်းဆီးခံရပြီး လင်းကျိုးတောင်သို့ ပြန်ခေါ်သွားကာ အကျယ်ချုပ် ကျခံနေရပြီး ယခုထိ ပြန်မထွက်လာသေးချေ။

"ဒါပေါ့...မင်း စောင့်ကြည့်လိုက်အုံး.. ဒီနေ့ ကံကောင်းပြီးတော့ သူတို့က ရုတ်တရက် တံခါးဖွင့်ပြီး ငါ့ကို ရွေးလိုက်ရင် ငါ့အစီအစဉ်တွေကို ပျော်ပျော်ကြီး ဆက်လုပ်လို့ ရပြီ"

လူငယ်က ခေါင်းညိတ်လိုက်သည်။

"မေးပါရစေ... ကံတရားကို ချေးငှားဖို့ လိုလောက်အောင် မင်းမှာ ဘာအစီအစဉ်တွေ ရှိနေလို့လဲ"

ကျန်းရွှမ်က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

သူ့ရှေ့မှ လူသည် အသက်ပင်လယ် အစောပိုင်း အဆင့်သာ ရှိပြီး သူ၏အစစ်အမှန် ကျင့်ကြံဆင့်ထက် မြင့်မားခြင်းမရှိပေ။ ဤကဲ့သို့ စွမ်းအားဖြင့် သူသည်လည်း ကံတရားကို ချေးငှားရန် လိုအပ်နေသလော။ သူ မည်သည့်အရာကို လုပ်ဆောင်လိုသနည်း။

"ငါကလား.. ငါက ကျန်းရွှမ်ကို ရှာပြီးတော့ အိမ်ရှေ့စံယွမ်ချင်းဆီ သတင်းသွားပေးပြီး ဆုလာဘ်တွေအများကြီးကို ရယူဖို့လေ..."

လူငယ်၏မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာပြီး သူ၏မျက်နှာပေါ်တွင် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေသည်။

"ငါ့ရဲ့ဆန္ဒက ရိုးရှင်းတယ်....ဟန်ဆောင်မှု ကင်းတယ်... ပျင်းစရာ ကောင်းတယ်..."

ကျန်းရွှမ်၏မျက်ခွံများ တုန်ခါသွားသည်။

"ဒါဆိုရင် မင်းက ကံတရားကို ချေးငှားဖို့ လိုပုံမရဘူး..."

All Chapters