← Chapters

ကောင်းကင်ဘုံလျှို့ဝှက်ချက် ချပ်ပြား

Vol. 41 Ch. 472

ကောင်းကင်ဘုံလျှို့ဝှက်ချက် ချပ်ပြား

Vol. 41 Ch. 472

"မင်း ဘာပြောလိုက်တာလဲ"

လူငယ်က နားမလည်နိုင်စွာဖြင့် ကျန်းရွှမ်ကို ကြည့်လိုက်သည်။

"ဘာမှ မဟုတ်ပါဘူး"

ကျန်းရွှမ်က ကိုးရိုးကားရားအပြုံးဖြင့် ပြောဆိုလိုက်၏။

"မင်းကရော... ကံတရားကို ချေးငှားပြီး ဘာလုပ်ချင်တာလဲ"

လူငယ်ကလည်း စိတ်ဝင်တစား တုံ့ပြန်မေးမြန်းသည်။

ကျန်းရွှမ်က အချိန်တခဏကြာမျှ စဉ်းစားလိုက်ပြီးနောက် တုံ့ပြန်အဖြေပေးလိုက်သည်။

"မင်းနဲ့ အတူတူပါပဲ... ဒါပေမဲ့ ငါက ကျန်းရွှမ်ကို တွေ့ချင်ရုံ သက်သက် မဟုတ်ဘူး... သူ့ကို ဖမ်းပြီး သတ်ပစ်ချင်တာ"

လူငယ်၏မျက်နှာအမူအယာ ထူးဆန်းသွားပေ၏။ အချိန်အတော်ကြာပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောဆိုသည်။

"ငါတို့က ကံတရားကို လာပြီးချေးငှားတာလေ... အိပ်မက်လာမက်တာ မဟုတ်ဘူး..."

ကျန်းရွှမ် စိတ်မကျေမနပ် ဖြစ်သွားသည်။

"မင်းက ငါ မအောင်မြင်နိုင်ဘူးလို့ ထင်နေတာလား"

"မင်းဘာသာ အေးအေးဆေးဆေး အောင်မြင်အောင်လုပ်တော့..."

လူငယ်သည် ဘဝမြင့်ရောဂါ ကူးစက်ခံရပြီး သူသည်လည်း အာရုံကြောမကောင်း ဖြစ်သွားမည်ကို စိုးရိမ်သည့်အလား ကျန်းရွှမ်နှင့် ဝေးကွာသောနေရာသို့ ရွှေ့သွားသည်။

ကျန်းရွှမ် စကားမပြောနိုင် ဖြစ်သွားသည်။ သူ ဆက်လက်၍ စောင့်ဆိုင်းသင့်မသင့် စဉ်းစားနေစဉ်မှာပင် သူ့၏ရှေ့ရှိ အုတ်ကြွပ်မိုးအိမ်၏ တံခါး ရုတ်တရက်ပွင့်လာပြီး တိုးညင်းသော "ကျွီ"ဟူသည့်အသံ ထွက်ပေါ်လာသည်။

ထို့နောက် သွယ်လျသော ခြေတံရှည်များရှိသည့် ချောမောလှပသော အမျိုးသမီးတစ်ဦး ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာပြီး ကလေးငယ်တစ်ဦးက သူမနှင့်အတူ လိုက်ပါလာသည်။

"ဒါ ရွှမ်ကျီးဂိုဏ်းရဲ့ ဂိုဏ်းချုပ် လျှူရွှမ်ကျီးပဲ... သူက ဘာလို့ ကိုယ်တိုင် ထွက်လာတာလဲ"

"အရင်တုန်းကဆို အမြဲတမ်း အဲ့ဒီကလေးပဲ ထွက်လာတာ... ဒါက ဂိုဏ်းချုပ်ကိုယ်တိုင် ပထမဆုံးအကြိမ် ထွက်လာတာပဲ"

"ဟုတ်တယ်... သူက ရင်းမြစ်ကမ္ဘာရဲ့ အစွမ်းအထက်ဆုံး ကျင့်ကြံသူတွေထဲက တစ်ဦးဖြစ်တဲ့ ပထမတန်းစားကောင်းကင်ကံကြမ္မာ ထိန်းချုပ်သူလေ... သူ့ကို လူကိုယ်တိုင် မြင်တွေ့ရတာက ဒီနေ့အတွက် ကံကောင်းခြင်းတွေ အကုန်ကုန်သွားပြီနဲ့ တူတယ်"

ပြင်ပသို့ ထွက်လာသော ပုံရိပ်များကို မြင်လိုက်ရချိန်တွင် နံဘေးပတ်ဝန်းကျင်၌ အသက်ဝင်သော ဆွေးနွေးမှုများ ရုတ်တရက် ထွက်ပေါ်လာသည်။ လူများအားလုံး၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေပြီး သူတို့သည် အလွန်စိတ်လှုပ်ရှားနေကြ၏။

"တကယ့်ကို လျှူရွှမ်ကျီးပဲ... သခင်... သခင့်ရဲ့ ကံတရားက တော်တော်ကောင်းတာပဲ"

ကျန်းရွှမ် စဉ်းစားနေစဉ်မှာပင် နှင်းနတ်ဆိုးအရှင်၏အသံက သူ၏နားထဲတွင် ထွက်ပေါ်လာသည်။

"ပထမတန်းစား ကောင်းကင်ကံကြမ္မာ ထိန်းချုပ်သူလား... ဒါက ကံကောင်းတာ မဟုတ်ဘူး... ကံဆိုးတာ မဟုတ်လား..."

ကျန်းရွှမ်၏မျက်ခွံများ တုန်ခါသွားသည်။

သူ၏ရုပ်ဖျက်နိုင်စွမ်းသည် အလွန်အစွမ်းထက်ပေ၏။ အသက်ပင်လယ်နယ်ပယ်သို့ ရောက်ရှိပြီးနောက် ထိုစွမ်းရည်သည် ပို၍ကောင်းမွန်လာခဲ့ပြီး သူသည် ထိပ်သီးကျင့်ကြံသူ အမြောက်အများကို လှည့်စားနိုင်ခဲ့သည်။ သူသည် မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်ကဲ့သို့ ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်များကိုပင် လှည့်စားနိုင်ခဲ့ပေ၏။

သို့ရာတွင်... ပထမတန်းစား ကောင်းကင်ကံကြမ္မာ ထိန်းချုပ်သူ တစ်ဦးကို လှည့်စားနိုင်မည်ဟု သူ အာမမခံနိုင်ချေ။

ရင်းမြစ်ကမ္ဘာ တစ်ခုလုံးတွင် ထိုကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်မျိုးမှာ ရှစ်ဦးသာ ရှိသည်။ သူတို့သည် အမှန်တကယ်ကို လောကကြီး၏အထွတ်အထိပ်တွင် ရှိနေကြသည်။ ဗုဒ္ဓအရှင်နှင့် နတ်ဆိုးအုပ်စိုးသူအရှင်များသည် သူတို့၏ကျင့်ကြံဆင့်ဖြင့်ပင် ထိုအစွမ်းထက်ပုဂ္ဂိုလ်များကို အနည်းငယ်ခန့် ရိုသေလေးစားမှု ပြသရသည်။ သူသည် အသက်ပင်လယ် ပထမအဆင့်သာ ရှိသေးသည့်တိုင် ထိုကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်နှင့် တိုက်ရိုက် တွေ့ဆုံနေရသည်။ ဤသည်ကို ကံကောင်းသည်ဟု ပြောဆိုနေသလော....

ထာဝရနှလုံးသားသည် ထာဝရရွှေခန္ဓာကိုယ်နှင့် သက်ဆိုင်ပြီး ထိုအရာ၏ဆွဲဆောင်နိုင်မှုသည် အလွန်ကြီးမားပေရာ ပထမတန်းစား ကောင်းကင်ကံကြမ္မာ ထိန်းချုပ်သူတစ်ယောက်ပင်လျှင် တွန်းလှန်ရန် ခက်ခဲပေလိမ့်မည်။

သူတို့ စကားပြောဆိုနေစဉ်မှာပင် လျှူရွှမ်ကျီး အမည်ရှိသော ရွှမ်ကျီးဂိုဏ်း၏ဂိုဏ်းချုပ်သည် အုတ်ကြွပ်မိုးအိမ်ထဲမှ ခြေဗလာဖြင့် ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာသည်။

သူမ၏ ချောမွတ်သော ခြေသလုံးသားများ ပေါ်လွင်နေပြီး သူမ၏လက်ကောက်ဝတ်နှင့် ခြေချင်းဝတ်များတွင် အနီရောင် ဖဲကြိုးများကို ချည်နှောင်ထားသည်။ သူမ တဖြည်းဖြည်း လမ်းလျှောက်လာချိန်၌ ထူးခြားသော ခံစားမှုတစ်ခုကို ပေးစွမ်းနေပေ၏။

ဤဂိုဏ်းချုပ်လျှူသည် လှပရုံသာမက သူမ၏ အရှိန်အဝါသည်လည်း ထူးခြားပြီး သိမ်မွေ့သည်။ မြေပြင်တွင် ဖုန်မှုန့်များ ပြည့်နေသော်လည်း သူမ၏ခြေထောက် မြေပြင်ပေါ်သို့ကျသွားသည်နှင့် တပြိုင်နက် ဖုန်မှုန့်များသည် သူမ ညစ်ပေသွားမည်ကို စိုးရိမ်သည့်အလား အလိုအလျောက် ဖယ်ရှားပေးကြသည်။

ဂိုဏ်းချုပ်လျှူသည် ရပ်တန့်လိုက်ပြီး နတ်မိမယ်တစ်ပါးအလား နေရာမှာပင် ငြိမ်သက်စွာ မတ်တတ်ရပ်နေသည်။

"ဒီနေ့ ကံတရားချေးငှားမှုကို ဂိုဏ်းချုပ် ကိုယ်တိုင် ဦးစီးပါလိမ့်မယ်... အရင်အတိုင်းပဲ ကောင်းကင်ဘုံလျှို့ဝှက်ချက် ချပ်ပြားကို အရိုအသေပြုပြီးတော့ ခင်ဗျားတို့ လိုချင်တဲ့ ကံတရားနဲ့လိုအပ်ချက်တွေကို ပြောဆိုရမယ်"

ကလေးငယ်၏ ကြည်လင်ပြတ်သားသော အသံ ထွက်ပေါ်လာသည်။

ဤကြည်လင်ပြတ်သားသော အသံသည် လူများအားလုံး၏နားထဲသို့ ရောက်ရှိသွားသော်လည်း တစ်ဖက်လူသည် အထူးစွမ်းအားဖြင့် ထိန်းချုပ်ထားသည့်အလား အဝေးသို့ ပျံ့နှံ့မသွားပေ။

ကျန်းရွှမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ထိုအချိန်ကျမှသာ ငယ်ရွယ်ပုံရသော ဤကလေးငယ်သည် မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်ထက် မနိမ့်ကျသော ကျင့်ကြံဆင့် ရှိကြောင်း သူ သတိပြုလိုက်မိသည်။

ဆိုလိုသည်မှာ သူသည် သူ၏နည်းလမ်းများ အားလုံးကို ယခုချိန်၌ ထုတ်သုံးလျှင်ပင် ဤကလေးငယ်ကို နိုင်ချင်မှ နိုင်ပေလိမ့်မည်။

ပထမတန်းစား ကောင်းကင်ကံကြမ္မာ ထိန်းချုပ်သူဟု မျှော်လင့်ထားသည့်အတိုင်း သာမန် လက်အောက်ငယ်သား တစ်ဦးပင်လျှင် အလွန် သာလွန်ထူးကဲပေ၏။

သူသည် အသက်ပြင်းပြင်းရှိုက်လိုက်ပြီး သူ၏နှလုံးသားရှိ ဒွာရကိုးပေါက် ချက်ချင်းပိတ်သွားကာ အသက်ဝင်မှု ရပ်တန့်သွားသည်။ သူ၏အရှိန်အဝါတစ်ခုလုံးသည်လည်း ပြောင်းလဲသွားကာ မည်သည့် ထူးခြားသော အရည်အသွေးမျှ မရှိဘဲ ရိုးရှင်းပြီး အလွန်သာမန်ဆန်သွားသည်။

ထိုကဲ့သို့ ထိပ်သီးကျင့်ကြံသူများနှင့် ရင်ဆိုင်ရချိန်၌ သူ သိုသိုသိပ်သိပ်နေသည်က ပိုကောင်းပေမည်။ ထိုသို့မဟုတ်ပါက တစ်ဖက်လူသည် သူ့အား သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်လျှင် သူ ထွက်ပြေးရန် အခွင့်အရေးပင် ရလိုက်မည် မဟုတ်ချေ။

"ဟုတ်ကဲ့"

လူများအားလုံးသည် သူတို့၏လက်များကို ပူးဆုပ်ကာ တညီတညွတ်တည်း အရိုအသေ ပြုလိုက်ကြသည်။

"ကောင်းကင်ဘုံလျှို့ဝှက်ချက် ချပ်ပြား ဆိုတာ ဘာလဲ"

ကျန်းရွှမ်က စိတ်ဝင်တစား မေးမြန်းလိုက်သည်။

နှင်းနတ်ဆိုးအရှင်သည် ဤနေရာသို့ မရောက်ဖူးသော်လည်း ထိုအကြောင်းကို အနည်းငယ် သိရှိထားသဖြင့် ရှင်းပြသည်။

"ကောင်းကင်ဘုံလျှို့ဝှက်ချက် ချပ်ပြား ဆိုတာ ဂိုဏ်းချုပ်လျှူရဲ့ မှော်ရတနာတွေအများကြီးထဲက တစ်ခုပဲ... အဲဒါက ကောင်းကင်ကံကြမ္မာကို တွက်ချက်နိုင်တယ်... ကောင်းကျိုး ဆိုးကျိုးကို ကြိုတင်ဟောကိန်းထုတ်နိုင်တယ်... အရေးကြီးဆုံးက ကံတရားကို စူးစမ်းလေ့လာနိုင်ပြီးတော့ ကောင်းချီးနဲ့ ကံဆိုးမှုတွေကို ကြိုတင် မြင်တွေ့နိုင်တယ်"

"ကောင်းချီးနဲ့ ကံဆိုးမှုတွေကို ကြိုတင် မြင်တွေ့နိုင်တယ် ဟုတ်လား... အဲ့ဒါက ကောင်းတဲ့အရာပဲ"

ကျန်းရွှမ်သည် တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။

အကယ်၍ အပြာရောင်တိမ်တိုက်အရှင်သာ ဤပစ္စည်းကို ပိုင်ဆိုင်ပြီး ပြဿနာကို ကြိုတင် မြင်တွေ့နိုင်ခဲ့လျှင် ရတနာများစွာ ဆုံးရှုံးခဲ့မည် မဟုတ်ဘဲ သူသည်လည်း ကြီးမားသော အခွင့်အရေးကို ရရှိခဲ့မည် မဟုတ်ပေ။

"ထွက်လာခဲ့စမ်း"

ကလေးငယ်က စကားပြောဆိုပြီးသည်နှင့် သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ စက်ဝိုင်းပုံချပ်ပြားတစ်ခု ရုတ်တရက် ပျံသန်းထွက်လာပြီး လေထုထဲတွင် ဆိုင်းငံ့နေသည်။

ထိုအရာသည် ကြိတ်ဆုံကျောက် အရွယ်အစားရှိပြီး အမျိုးအမည်မသိရသော ပစ္စည်းများဖြင့် ပြုလုပ်ထားသည်။ ထိုရတနာ၏ အစွန်အဖျားတဝိုက်တွင် ကျောက်မျက်၁၀၈လုံးကို မြှုပ်နှံထားပြီး ကောင်းကင်နှင့်မြေပြင်၏အတက်အလက်ဖြစ်သော ကြယ် ၁၀၈ လုံးကို ကိုယ်စားပြုသည်။

ဝီ....

လူများအားလုံး၏အကြည့်အောက်တွင် ထိုချပ်ပြားသည် ချက်ချင်းလည်ပတ်လာပြီး နွေးထွေးသောအလင်းတန်းများကို ထုတ်လွှတ်လိုက်၏။

"အခု လူတိုင်း အစဉ်လိုက် အရိုအသေပြုပြီးတော့ ကိုယ် ကံတရား ချေးချင်တဲ့ ကိစ္စကို စိတ်ထဲကနေ တိတ်တဆိတ် ပြောဆိုကြပါ... ကောင်းကင်ဘုံလျှို့ဝှက်ချက် ချပ်ပြားက ခင်ဗျားတို့ရဲ့ ကိုယ်ပိုင် ကံတရားနဲ့ ကိစ္စရပ်ရဲ့ ခက်ခဲမှုအပေါ် မူတည်ပြီး ချေးယူဖို့ လိုအပ်တဲ့ ကံတရား ပမာဏကို အလိုအလျောက် တွက်ချက်ပေးလိမ့်မယ်"

ကလေးငယ်က ဆက်လက်၍ ပြောဆိုသည်။

"နောက်ဆုံးကျရင် ဂိုဏ်းချုပ်က လူတစ်ယောက်ကို ကျပန်းရွေးချယ်ပြီးတော့ ကံတရားကို ချေးငှားပေးလိမ့်မယ်"

"ဟုတ်ကဲ့ပါ"

လူများအားလုံး ထပ်မံ၍ ခေါင်းညိတ်လိုက်ကြသည်။

ဤနေရာသို့ ရောက်ရှိနေသည်မှာ အချိန်ကြာမြင့်နေသူများသည် ဤစည်းမျဉ်းကို သိထားပြီးဖြစ်သည်။ မလှမ်းမကမ်းရှိ လူငယ်ပင်လျှင် ဤအကြောင်းကို ကြားသိဖူးပြီး ဖြစ်ပေ၏။

လူအုပ်ထဲတွင် ဤကိစ္စကို မသိသူမှာ ကျန်းရွှမ် တစ်ဦးတည်းသာ ဖြစ်ကောင်း ဖြစ်နိုင်သည်။

သို့ရာတွင် ကလေးငယ်၏စကားများကို နားထောင်ပြီးနောက် သူ နောက်ဆုံးတွင် နားလည်သဘောပေါက်သွားသည်။

တစ်ဖက်လူက တန်းစီသည်မှာ အသုံးမဝင်ဘဲ ကံတရားအပေါ် မူတည်သည်ဟု ပြောခဲ့တာ မဆန်းတော့ချေ။ ယခုကြည့်ရသလောက် ဤသည်မှာ အမှန်ဖြစ်ပုံရသည်။

"ထားလိုက်တော့... ငါ နောက်မှ တစ်ခုခုကို ပြီးစလွယ် ပြောလိုက်မယ်... ပြီးတာနဲ့ ငါ ထွက်သွားလို့ရရင် ထွက်သွားလိုက်မယ်..."

ကျန်းရွှမ်က သူ၏စိတ်ထဲမှ တွေးတောလိုက်သည်။

ပထမတန်းစား ကောင်းကင်ကံကြမ္မာ ထိန်းချုပ်သူ၏ရှေ့သို့ ကိုယ့်ကိုယ်ကိုယ် တွန်းပို့မည့်အစား သူ ကံတရားကို မချေးငှားဘဲ နေသည်က ပိုကောင်းပေမည်။

အိမ်ရှေ့စံယွမ်ချင်း ကြိုတင်ပြင်ဆင်ထားသော ကောင်းကင်ဥပဒေသမြို့တော်ကို သူ ရင်ဆိုင်ရပါက ကံတရား မရှိလျှင်ပင် အခွင့်အရေး ကောင်းများရှာပြီး သူ ထွက်ပြေးရန် အခွင့်အရေး ရှိနိုင်သေးသည်။ သို့ရာတွင် ပထမတန်းစား ကောင်းကင်ကံကြမ္မာ ထိန်းချုပ်သူကို ရင်ဆိုင်ရလျှင် သူ၏ကံတရား မည်မျှထိ ကောင်းနေပါစေ အကယ်၍ တစ်ဖက်လူသာ သူ့ကို သတ်လိုပါက သူ အသာတကြည် အသေခံရုံသာ ရှိပေတော့မည်။

သူ ဤစွန့်စားမှုကို မလုပ်ချင်ပေ။

"အဲ့ဒီအလောင်းကောင်... အရင် လာခဲ့"

ကလေးငယ်က ရှေ့ဆုံးရှိ အလောင်းကောင်ကို ကြည့်လိုက်သည်။

အလောင်းကောင်သည် နှုတ်ဆိတ်နေသော်လည်း ကောင်းကင်ဘုံလျှို့ဝှက်ချက် ချပ်ပြားသည် ရုတ်တရက် တုန်ခါသွားပြီး အစိမ်းရောင်အလင်းတန်းနှင့်အတူ ကိန်းဂဏန်းတစ်ချို့ ထွက်ပေါ်လာသည်။

"ကံတရား ၃ ပဲသား ချေးရန် လိုအပ်သည်"

"တောင်းဆိုတဲ့ ကိစ္စက အသက်အန္တရာယ် မရှိဘူး... ကံတရား ၃ ပဲသား ချေးယူနိုင်ဖို့ မျှော်လင့်တယ်"

ထို့နောက် သူက ဒုတိယ အလောင်းကောင်ကို ကြည့်လိုက်သည်။

ဤအကြိမ်တွင် အနီရောင်နှင့်အစိမ်းရောင် အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး ကိန်းဂဏန်းတချို့ ထွက်ပေါ်လာသည်။

'ကံတရား ၅ ပဲသား ချေးရန် လိုအပ်သည်'

"တောင်းဆိုတဲ့ ကိစ္စအတွက် သေရေးရှင်ရေးအခွင့်အရေး ငါးဆယ်ရာခိုင်နှုန်း ရှိတယ်... ကံတရား ၅ ပဲသား ချေးယူနိုင်ဖို့ မျှော်လင့်တယ်"

ထိုအသံ အဆုံးသတ်သွားချိန်၌ အသက်ရှိသော လူတစ်ယောက်က စတင်၍ အရိုအသေပြုလိုက်သည်။

ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်၏။

ဤလူများသည် ကံတရားကို ပဲသား အနည်းငယ်သာ ချေးယူကြခြင်းဖြစ်ပြီး သူကမူ ပိဿာဖြင့်ချေးရန် လိုအပ်နေသည်။

၁ ပိဿာ ...၁၀၀ကျပ်သား ... ၁၀၀ ၀ပဲသား... ၁၀၀၀၀မူးသား...

ဟူး.... သူ ဤအကြောင်းကို ထုတ်မပြောသည်က ပိုကောင်းပေလိမ့်မည်။

ကံတရာကို ၃ ပဲသား ၅ ပဲသား ချေးယူလိုသောလူများပင်လျှင် မလှုပ်မယှက် သေဆုံးနေသည်မှာ ဆယ်စုနှစ်နှင့်ချီနေလေပြီ။ သူသည် ဤမျှထိ အမြောက်အများ လိုအပ်နေသောကြောင့် နှစ်သောင်းနှင့်ချီပြီး သေဆုံးနေလျှင်ပင် လုံလောက်မည် မဟုတ်ချေ။

မကြာမီမှာပင် ကောင်းကင်ဘုံလျှို့ဝှက်ချက် ချပ်ပြားမှ အလင်းရောင်များ အဆက်မပြတ် ဖြာထွက်လာသည်။ တချို့သည် အနီရောင် အလင်းတန်းနှစ်တန်းနှင့် အစိမ်းရောင် အလင်းတန်းတစ်တန်းကို ပြသပြီး တချို့ကမူ အနီရောင် အလင်းတန်းသုံးတန်းနှင့် အစိမ်းရောင် အလင်းတန်းနှစ်တန်းကို ပြသသည်။

ထိုအရာများသည် သေဆုံးနိုင်ခြေနှစ်ခုနှင့် အသက်ရှင်နိုင်ခြေတစ်ခု သေဆုံးနိုင်ခြေ သုံးခုနှင့် အသက်ရှင်နိုင်ခြေနှစ်ခု အသီးသီးကို ကိုယ်စားပြုသည်။

ကံတရားချေးယူခြင်းနှင့် ပတ်သက်၍ ယခုအချိန်ထိ အများဆုံး ပမာဏမှာ ကံတရား ၉ ပဲသားသာ ရှိသေးပြီး ၁ ပဲသား (၁၀ မူးသား)ပင် ချေးယူမည့်သူ မရှိသေးချေ။

နာရီဝက်ကျော်ကြာပြီးနောက် ကလေးငယ်၏ အကြည့်သည် သူ၏ရှေ့နားရှိ လူငယ်ထံသို့ ကျရောက်သွားသည်။

"ခင်ဗျားရဲ့အလှည့်ပဲ"

All Chapters