ကံတရား ၈ ပိဿာ
Vol. 41 Ch. 473
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ"
လူငယ်သည် စိတ်လှုပ်ရှားစွာဖြင့် ဦးညွှတ်အရိုအသေပြုပြီး သူ လုပ်ဆောင်မည့် အကြောင်းအရာ အသေးစိတ်ကို သူ၏စိတ်ထဲတွင် တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။
ကောင်းကင်ဘုံလျှို့ဝှက်ချက် ချပ်ပြားသည် တောက်ပလာကာ အချိန်တခဏအတွင်းမှာပင် အစိမ်းရောင် အလင်းတန်းဆယ်တန်း ထွက်ပေါ်လာကာ မိုးကောင်းကင်သို့ မြင့်တက်သွားသည်။
"ဒါက အသက်ရှင်သန်နိုင်ခြေဆယ်ခုရှိပြီးတော့ သေဆုံးမှု မရှိတဲ့ ကိစ္စလား... ဒီလောက် ရိုးရှင်းတာကို ကံတရား ချေးငှားဖို့ လိုသေးတာလား"
"သူ ရူးနေတာလား... တခြားလူတွေက အန္တရာယ်ကို ကြောက်လို့ လာပြီးချေးငှားကြတာလေ... သူ့ရဲ့ကိစ္စက အကျပ်အတည်း လုံးဝမရှိဘူးလေ... အားစိုက်ထုတ်မှု နည်းနည်းလောက်ဆို လုံလောက်ပြီ... သူက ဘာလို့ အချိန်ဖြုန်းနေတာလဲ"
"ဒါပေမဲ့ ဒီလောက်ထိ ရိုးရှင်းတဲ့ ကိစ္စက ကံတရား အများကြီးလိုမယ်လို့ မထင်ဘူး..."
"ကံတရား မူးသားတစ်ဝက်...အဲ့ဒီထက် မပိုဘူး... ပိုရင် ငါ ချေးစားပြမယ်"
ထိုအလင်းတန်း ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လူအများကြားမှနေ၍ တိုင်ပင်ဆွေးနွေးသံများ ချက်ချင်းထွက်ပေါ်လာသည်။
အစိမ်းရောင် အလင်းတန်းဆယ်တန်းမှတဆင့် ဤလူငယ် ကံတရားကို ချေးငှားချင်သောကိစ္စသည် လုံးဝအန္တရာယ် မရှိကြောင်းနှင့် အလွန် ချောမွေ့ကြောင်း ညွှန်ပြနေသည်။ ထိုကဲ့သို့သော ကိစ္စများသည် ပုံမှန်အားဖြင့် ကံတရား မလိုအပ်ဘဲ လွယ်လင့်တကူ ပြီးမြောက်နိုင်သည်။ ဤကောင်စုတ်လေးသည် မည်သည်ကြောင့် ဤနေရာတွင် လာရောက်တန်းစီပြီး အချိန်ဖြုန်းနေသည်ကို မည်သူမျှ မသိကြချေ။
ဝီ....
လူများအားလုံး တီးတိုးပြောဆိုနေကြစဉ်မှာပင် ကောင်းကင်ဘုံလျှို့ဝှက်ချက် ချပ်ပြားပေါ်ရှိ အလင်းတန်းများ ထပ်မံ၍တုန်ခါသွားပြီး ချေးယူရန် လိုအပ်သော ကံတရားပမာဏ ထွက်ပေါ်လာသည်။
ကိန်းဂဏန်းများကို ရှင်းလင်းစွာ မြင်လိုက်ရချိန်၌ ဆွေးနွေးမှုများ ရုတ်တရက် ရပ်တန့်သွားပြီး တစ်စုံတစ်ယောက်မှ လည်ပင်းညှစ်ထားသကဲ့သို့ ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်သွားသည်။
"ကံတရား ၁ပိဿာ ချေးရန် လိုအပ်သည်"
"၁ပိဿာလား"
"အဲဒါ မူးသား၁၀၀၀၀ပဲ"
လူအများသည် အံ့အားသင့်သွားရုံသာမက ကျန်းရွှမ်သည်လည်း နေရာမှာပင် ကြက်သေသေသွားသည်။
တခြားလူတွေက ဤလူငယ်၏အတွေးကို မသိနိုင်သော်လည်း သူကမူ ရှင်းရှင်းလင်းလင်း သိနေသည်။ ဤလူငယ်သည် သူ့ကို ရှာဖွေပြီး အိမ်ရှေ့စံမင်းသားယွမ်ချင်းဆီသို့ သတင်းသွားရောင်းရုံသက်သက် ဖြစ်ပေ၏။ ထိုကိစ္စသည် အလွန်မခက်ခဲသင့်ချေ။
'ဘာလို့ ကံတရား အဲဒီလောက် အများကြီး ကုန်တာလဲ'
နှင်းနတ်ဆိုးအရှင် ပြောခဲ့သော ဈေးနှုန်းအရ ၁ပိဿာဟူသည်မှာ အလွန်ကြီးမားသော ပမာဏပင်။ အပြာရောင်တိမ်တိုက်အရှင်သည် နှင်းနတ်ဆိုးအရှင်ကို ဖမ်းဆီးရန် ကံတရား ၂ မူးသားသာ ချေးယူခဲ့သည်။ ဤသည်မှာ ယခု လိုအပ်သော ပမဏနှင့် အလွန်အလှမ်းကွာဟနေသည်။
လူအများ၏ ထိတ်လန့်တုန်လှုပ်မှုနှင့် မတူညီဘဲ လူငယ်သည် လုံးလုံးလျားလျား ကြက်သေသေနေပြီး သူ၏နှုတ်ခမ်းများ တုန်ရီနေကာ သူ၏အမြင်အာရုံ ဝေဝါးနေပေ၏။
"ဒီလောက်ထိ အများကြီး လိုတာလား"
ဤမျှထိ များပြားသော ကံတရားများကို ရွှမ်ကျီးဂိုဏ်းမှ ယခုချိန်၌ သူ့ကို ချေးပေးလျှင်ပင် သူ မယူရဲချေ။
အကြောင်းအရင်းမှာ သူ ပြန်မဆပ်နိုင်သောကြောင့်ပင်။
"အသက်ရှင်သန်နိုင်ခြေ ဆယ်ခုရှိပြီးတော့ သေဆုံးမှု မရှိတဲ့ ကိစ္စကို ကံတရား ၁ပိဿာတောင် တောင်းရဲတယ်... ဒီကောင်က ကံတရား အရောင်းအဝယ် လုပ်တဲ့လူများ ဖြစ်နေမလား"
"ဖြစ်နိုင်တယ်... မဟုတ်ရင် ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ အများကြီး တောင်းရဲမှာလဲ"
အချိန်တခဏကြာ တိတ်ဆိတ်သွားပြီးနောက် တစ်စုံတစ်ယောက်က ခန့်မှန်းလိုက်သည်။
ကံတရားကို ချေးငှား၍ရသဖြင့် ရောင်းဝယ်၍လည်း ရပေ၏။ မူလက မှောင်ခိုဈေးကွက်တွင် ကံတရားကို ခိုးရောင်းသူများ ရှိသော်လည်း ရွှမ်ကျီးဂိုဏ်းက မိသွားသည်နှင့် သနားညှာတာမှု မရှိဘဲ ချက်ချင်းသတ်ဖြတ်ခံရသည်။
ဤကဲ့သို့ ဆက်တိုက်ဖြစ်ပွားပြီးနောက် မည်သူမှ ဤစည်းကမ်းကို မဖောက်ဖျက်ရဲကြတော့ပေ။
ဤလူကမူ ထိုကဲ့သို့ ကြားခံလူတစ်ယောက် ဖြစ်ပုံရသည်။ ထိုသို့မဟုတ်ပါက အန္တရာယ်မရှိသော ကိစ္စတစ်ခုအတွက် မည်သည်ကြောင့် ဤကဲ့သို့ ပမာဏမျိုးကို တောင်းဆိုမည်နည်း။
ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ ကလေးငယ်၏ မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်များ ဖြတ်သန်းသွားသော်လည်း သူ၏မျက်နှာပေါ်တွင် မည်သည့်အမူအယာမျှ မရှိချေ။
ထိုအစား သူသည် ကျန်းရွှမ်ကို ကြည့်လိုက်၏။
"နောက်ဆုံးတစ်ယောက်... စတော့"
ကျန်းရွှမ်၏မျက်နှာတွင် အခက်တွေ့နေသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။
"ကျွန်တော် မချေးတော့ဘဲ ပြန်ထွက်သွားလို့ ရမလား"
တစ်ဖက်လူသည် သူ့ကို ရှာရန်သက်သက်ဖြင့် ကံတရား ၁ပိဿာ လိုအပ်နေသည်။ ထိုကြောင့် အိမ်ရှေ့စံမင်းသားယွမ်ချင်း၏ အလွန်ခိုင်ခံ့သောပိုက်ကွန်မှ ထွက်ပြေးရန်အတွက် သူ လိုအပ်မည့် ကံတရား ပမာဏကို စဉ်းစားကြည့်နိုင်သည်။
သူ ဖွင့်ဟတောင်းဆိုလိုက်သည်နှင့် ပစ်မှတ်ဖြစ်လာပြီး ပထမတန်းစွာ ကောင်းကင်ကံကြမ္မာပိုင်ရှင် လျှူရွှမ်ကျီး၏ ရှာဖွေတွေ့ရှိခြင်းကို ခံရနိုင်သည်။ ထိုအစား သူ ဤအတိုင်း လက်လျှော့လိုက်သည်က ပိုကောင်းပေလိမ့်မည်။
"ခင်ဗျား တန်းစီလိုက်ကတည်းက ကောင်းကင်ဘုံလျှို့ဝှက်ချက် ချပ်ပြားရဲ့ သတ်မှတ်ခြင်းကို ခံလိုက်ရပြီးပြီ... အခုမှ ပြန်ဆုတ်ဖို့ နောက်ကျသွားပြီ... ခင်ဗျား လိုချင်တာကို မြန်မြန်တွေးတောလိုက်... မဟုတ်ရင် ဒါက ရွှမ်ကျီးဂိုဏ်းရဲ့အာဏာကို မလေးစားတာနဲ့ ရွှမ်ကျီးဂိုဏ်းရဲ့ စည်းမျဉ်းတွေကို စိန်ခေါ်တာ ဖြစ်လို့ ကျွန်တော်ကိုယ်တိုင် ခင်ဗျားကို သတ်ပစ်မယ်"
ကလေးငယ်က ကျန်းရွှမ်ကြည့်ပြီး ပြောဆိုသည်။
"ကောင်းပြီလေ... ကျွန်တော် အခုပဲ စလိုက်မယ်"
ကျန်းရွှမ်၏နှုတ်ခမ်း မဲ့ရွဲ့သွားပြီး သူသည် တုံ့ဆိုင်းနေဝံ့ခြင်း မရှိတော့ချေ။ သူသည် လေထဲရှိ ချပ်ပြားကို ချက်ချင်းကြည့်ကာ သူ၏စိတ်ဆန္ဒများကို စိတ်ထဲမှနေ၍ တိတ်တဆိတ် ရွတ်ဆိုလိုက်၏။
ဝီ...
ချပ်ပြား တုန်ခါသွားပြီး အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအလင်းတန်းများ၏အရောင်ကို မြင်လိုက်ရချိန်တွင် ပတ်ဝန်းကျင်နေရာတဝိုက်မှ ဆူညံသံများ ထွက်ပေါ်လာသည်။
"အနီရောင် အလင်းတန်းဆယ်တန်းလား..."
"ဒါက... သေဆုံးနိုင်ခြေဆယ်ခု...အသက်ရှင်သန်မှု မရှိနိုင်တဲ့ အခြေအနေလား"
"ဒီလူက ကံတရားကို ချေးငှားဖို့လိုတာ မဆန်းတော့ပါဘူး... ဒီလို အခြေအနေမျိုး မမြင်ရတာ နှစ်တော်တော်ကြာနေပြီ မဟုတ်လား"
"အရှေ့က အလောင်းကောင်က ခေါင်းညိတ်ပြနေတယ်... ဒါမျိုးကို မတွေ့ရတာ နှစ်ပေါင်းငါးဆယ်ကျော်လောက် ရှိပြီ ထင်တယ်..."
"ဒီနေ့တော့ ငါတို့ တကယ်ကို ဗဟုသုတ ရသွားပြီ...အသက်ရှင်သန်နိုင်ခြေဆယ်ခု သေဆုံးမှု မရှိတဲ့ လူတစ်ယောက်နဲ့ သေဆုံးနိုင်ခြေဆယ်ခု အသက်ရှင်သန်နိုင်မှု မရှိတဲ့ လူတစ်ယောက်... ပထမတစ်ယောက်က ကံတရား၁ပိဿာ လိုအပ်တယ်...ဒီတစ်ယောက်က ဘယ်လောက်များများ လိုအပ်နိုင်လဲ"
"တကယ့်ကိုပဲ..."
ကျန်းရွှမ်၏မျက်ခွံများ တုန်ရီသွားသည်။
လူတစ်ယောက်ကို ကယ်တင်ရန် ကောင်းကင်ဥပဒေသမြို့တော်ကို သွားသည်မှာ အလွန် အန္တရာယ်များမည်ကို သူ သိရှိထားသည်။ ယခု ကြည့်ရသလောက် ဤသည်မှာ အမှန်ဖြစ်ပုံရသည်။
ဤကဲ့သို့ မရေရာသော အခြေအနေအတွက် မျှော်လင့်ချက် ရောင်ခြည်သန်းရန် ကံတရား မည်မျှထိ လိုအပ်မည်ကို သူ မသိရှိချေ။
ဤအတွေးဖြင့် သူ စိုးရိမ်တကြီး လှမ်းကြည့်လိုက်ရာ လေထဲရှိ ကောင်းကင်ဘုံလျှို့ဝှက်ချက် ချပ်ပြားသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားသည်ကို မြင်တွေ့လိုက်ရသည်။
ထို့နောက် ဂဏန်းတစ်ချို့ ထွက်ပေါ်လာပေ၏။
၈ ပိဿာ...
"ကံတရား ၈ ပိဿာလား..."
လက်ရှိနေရာတွင်ရှိနေသူ အားလုံး တစ်ယောက်ကို တစ်ယောက် ကြည့်ကာ စကားမပြောနိုင် ဖြစ်သွားကြသည်။ အရှေ့ရှိ အလောင်းကောင် နှစ်လောင်းပင်လျှင် အပုပ်နံ့များထွက်နေမှု ရပ်တန့်သွားပြီး အံ့အားသင့်သွားကြသည့်အလားပင်။
ကံတရား ၈ ပိဿာ ဆိုသည်မှာ ၈၀၀ကျပ်သားပင်။
ဤကံတရား ချေးငှား၍ ရယူရန်မှာ မဖြစ်နိုင်သလောက်နီးပါးဖြစ်ပြီး ခိုးယူမှသာ ရပေမည်။
"ငါ့ရဲ့အရင်ခန့်မှန်းချက်က နည်းလွန်းနေသေးပုံပဲ..."
ကျန်းရွှမ်က သူ၏နားထင်ကို ပွတ်သပ်လိုက်သည်။
ဤနေရာသို့ မလာမီ သူနှင့် နှင်းနတ်ဆိုးအရှင်တို့သည် ခုန်းရှီကို ကယ်တင်ပြီး ကောင်းကင်ဥပဒေသမြို့တော်မှ အသက်ရှင်ရန် ထွက်ပြေးနိုင်ရန်အတွက် ကံတရား၂ပိဿာ မရှိလျှင် မဖြစ်နိုင်ဟု ခန့်မှန်းခဲ့ကြသည်။ ယခုချိန်၌မူ ၈ပိဿာ လိုအပ်နေသည်။
ဤကိစ္စသည် သူ တွေးထင်ထားသည်ထက် ပို၍ခက်ခဲပြီး အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် ထောင်ချောက်အမြောက်အများ ပြင်ဆင်ထားပုံရပေ၏။
"စိတ်ဝင်စားစရာပဲ"
တစ်ချိန်လုံး အမူအယာကင်းမဲ့နေခဲ့သော လျှူရွှမ်ကျီးက ရုတ်တရက် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ ကံတရား၈ ပိဿာ လာချေးမည့်သူ တစ်ယောက် ရှိနေခြင်းသည် သူမအတွက်ပင် မယုံနိုင်စရာ ဖြစ်နေပုံရသည်။
"ခင်ဗျားတို့ အားလုံးက ကောင်းကင်ဘုံလျှို့ဝှက်ချက် ချပ်ပြားကို ကိုယ်ချေးချင်တဲ့ ကံတရား အကြောင်း ပြောပြပြီးပြီဆိုတော့ အခု ဂိုဏ်းချုပ်က ရွေးချယ်ပါလိမ့်မယ်..."
ကလေးငယ်သည် သူ၏မျက်လုံးများထဲမှ ထိတ်လန့်တုန်လှုပ်မှုကို ဖိနှိပ်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ လူများအားလုံးသည် ချက်ချင်းဆိုသလိုပင် အသက်ရှူအောင့်ထားကြပြီး ဤပထမတန်းစား ကောင်းကင်ကံကြမ္မာ ထိန်းချုပ်သူက မည်ကဲ့သို့ ရွေးချယ်မည်ကို သိလိုကြသည်။
"ရှင်တို့အားလုံးက ကံတရားကို လာချေးကြတာ ဆိုတော့ ကျွန်မ ကိုယ်တိုင် ရွေးချယ်ဖို့ မသင့်တော်ဘူး... ဒီလို လုပ်ကြရအောင်... ရွေးချယ်ခွင့်ကို ကံတရားရဲ့လက်ထဲပဲ ထည့်ပေးလိုက်မယ်"
ကြည်လင်သောအသံ ထွက်ပေါ်လာပြီးနောက် လျှူရွှမ်ကျီး၏မျက်ခုံးများ မြင့်တက်သွားကာ သူမ၏စကားသံက ပဲ့တင်ထပ်သွားသည်။ ရုတ်ချည်းဆိုသလိုပင် သူမသည် သူမ၏သွယ်လျသော လက်ကို ဝှေ့ယမ်းလိုက်ရာ ကြေးမုံမှန်တစ်ချပ်က လေထုထဲသို့ ပျံ့လွင့်လာသည်။
"ဒါ ရွှမ်ကျီးဂိုဏ်းရဲ့ နောက်ထပ်မှော်ရတနာ တစ်ခုဖြစ်တဲ့ ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ် ကြေးမုံပဲ"
နှင်းနတ်ဆိုးအရှင်၏ အသံ ထွက်ပေါ်လာသည်။
"ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ် ကြေးမုံက ကောင်းကင်ဘုံကနေ ခိုးယူပြီးတော့ နေမင်းကြီးနဲ့တောင် အလဲအလှယ်လုပ်နိုင်တဲ့ စွမ်းရည် ရှိတယ်... ဒဏ္ဍာရီတွေအရဆိုရင် အဲဒါက အနာဂတ် ကံတရားကို ခိုးယူပြီး ပစ္စုပ္ပန်မှာ ပေါင်းထည့်ပေးနိုင်တယ်လို့ ဆိုကြတယ်... ကောင်းကင်ဘုံလျှို့ဝှက်ချက် ချပ်ပြားနဲ့ ယှဉ်ရင် ဒါက ပိုပြီးအားကောင်းရုံပဲရှိမယ်...မလျော့နည်းနိုင်ဘူး"
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
ပထမတန်းစား ကောင်းကင်ကံကြမ္မာ ထိန်းချုပ်သူတစ်ဦးသည် စွမ်းအားကြီးရုံသာမက မှော်ရတနာ အမြောက်အများကိုလည်း ပိုင်ဆိုင်ထားသည်မှာ သဘာဝကျသောကိစ္စပင်။ ထိုသို့မဟုတ်ပါက သူမသည် မည်ကဲ့သို့နည်းလမ်းဖြင့် လူဆိုးများကို ဟန့်တားပြီး လောကကြီးအနှံ့အပြား၌ သူမ၏အာဏာကို တည်ဆောက်နိုင်မည်နည်း။
"ကောင်းကင်ဘုံ လျှို့ဝှက်ဆန်းကြယ်ကြေးမုံ... ကောင်းကင်ဘုံလျှို့ဝှက်ချက်တွေကို ပိုင်းခြားပြီး ကံတရားကို ကြားဖြတ်ယူလိုက်စမ်း..."
"ကျွန်မရဲ့ စွမ်းအားကို အဲ့ဒီထဲကို ထည့်လိုက်တာနဲ့ ဒီနေ့ ကျွန်မ ကူညီပေးရမယ့်သူကို အလိုအလျောက် ရွေးချယ်ပေးလိမ့်မယ်"
လျှူရွှမ်ကျီးက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး သူမ၏အင်္ကျီလက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ အချိန်တခဏအတွင်းမှာပင် စူးရှတောက်ပသော အဖြူရောင်အလင်းတန်းတစ်တန်းက ကြေးမုံထဲသို့ တိုးဝင်သွားပေ၏။
ဝီ....
တိုးညင်းသော အသံ ထပ်မံ ထွက်ပေါ်လာပြီး ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ် ကြေးမုံသည် အလင်းတန်းများဖြင့် တောက်ပလာသည်။ နောက်ထပ်အချိန်အခိုက်အတန့်တွင် အလင်းတန်းနှင့်ပုံရိပ်များ စီးဆင်းသွားပြီး ပုံရိပ်ယောင်တစ်ခုက ထိုအရာအတွင်း၌ တဖြည်းဖြည်း ထွက်ပေါ်လာသည်။
ဤသည်မှာ ကံတရား ၁ပိဿာ ချေးလိုခဲ့သော လူငယ်မှလွဲ၍ တခြားလူ မဟုတ်ပေ။
"ကျွန်တော်... ကျွန်တော်လား"
လူငယ်သည် နေရာမှာပင် ကြက်သေသေသွားပြီး သူ၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများအစား ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
အရွေးခံရသည် ဆိုသည်မှာ သူ ချေးရတော့မည်ဟု ဆိုလိုခြင်းပင်... သို့ရာတွင် ဤသည်မှာ ကံတရား ၁ပိဿာ ဖြစ်နေသည်။ သူ မည်သို့ ပြန်ဆပ်ရမည်နည်း။
'ငါတော့ အဆုံးသတ်သွားပြီ'