← Chapters

ချေးငှားခြင်း

Vol. 41 Ch. 474

ချေးငှားခြင်း

Vol. 41 Ch. 474

"ရှင်က တကယ့်ကို ကံတရား ကြီးမားတဲ့လူပဲ... ဒီကံတရား ၁ ပိဿာကို... ကျွန်မ ရှင့်ကို အခု ချေးပေးလိုက်မယ်"

ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ် ကြေးမုံက အတည်ပြုလိုက်သည်ကို မြင်တွေ့ချိန်တွင် လျှူရွှမ်ကျီးက အရေးမစိုက်သောဟန်ဖြင့် ထိုလူငယ်ကို လှမ်းကြည့်လိုက်သည်။

"ကျွန်တော်..."

လူငယ်သည် သူ၏စိတ်ကို တင်းထားပြီး အံ့တင်းတင်းကြိတ်လိုက်သည်။

"ဂိုဏ်းချုပ်ကို တင်ပြချင်တာက ဒီလောက်များတဲ့ ကံတရားကို... ကျွန်တော်... ကျွန်တော် ပြန်မဆပ်နိုင်မှာ ကြောက်တယ်..."

"စိတ်မပူပါနဲ့... ရှင်း ချေးယူလိုက်သရွေ့ အရင်းနဲ့ အတိုးကိုပြန်ရဖို့ နည်းလမ်းက သူ့အလိုလိုရှိပြီးသားပါ... အခု ပြန်မဆပ်နိုင်ရင်လည်း နောင်လာမယ့် နှစ်တွေအများကြီးအတွင်းမှာ ဖြည်းဖြည်းချင်း ပြန်ဆပ်လို့ ရပါတယ်"

လျှူရွှမ်ကျီးက ပြောဆိုသည်။

သူမ၏မျက်နှာတွင် မည်သည့်အမူအယာမျှ မရှိသည့်အပြင် သူမ၏လေသံတွင် မည်သည့် စိတ်ခံစားချက်မျှ ပါဝင်ခြင်း မရှိချေ။ ဤသည်မှာ သူမသည် သာမန်ကိစ္စလေးတစ်ခုကို ပြောဆိုနေသည့်အလားပင်။

"ဒါဆိုရင်... ကျွန်တော် ဘယ်လို ပြန်ဆပ်ရမလဲ"

လူငယ်က မေးမြန်းလိုက်သည်။

"ဒါက ရိုးရှင်းပါတယ်... ချေးယူထားတဲ့ ကံကောင်းမှုတွေ ကုန်ဆုံးသွားပြီးတဲ့နောက်မှာ ခင်ဗျားက ကံတရားတွေ လျော့ပါးသွားပြီးတော့ မရေမတွက်နိုင်တဲ့ ကံဆိုးမိုးမှောင်ကျမှုတွေကို ကြုံတွေ့ရလိမ့်မယ်... အဲဒါတွေက ကံဆိုးမှုနဲ့ ဘေးဒုက္ခတွေပဲ... ခင်ဗျားက အဲ့ဒါတွေကို ခံနိုင်ရည် ရှိသရွေ့ ပြန်ဆပ်ပြီးသား ဖြစ်သွားမှာပါ"

ဤတစ်ကြိမ်တွင် လျှူရွှမ်ကျီးက မည်သည့်စကားမျှ မပြောချေ။ ထိုအစား ကလေးငယ်က ရှေ့သို့တိုးလာပြီး ပြောဆိုလိုက်သည်။

"ကျွန်တော် နားလည်ပါပြီ..."

လူငယ်က ခေါင်းညိတ်လိုက်သည်။

သူ ချေးယူထားသော ကံကောင်းမှုများကို ကိစ္စတစ်ခုတည်းတွင် အကုန်အစင် သုံးစွဲလိုက်ရမည်ဖြစ်ရာ ကျန်ရှိနေသော အရာများသည် ကံဆိုးမိုးမှောင်ကျမှုများသာ ဖြစ်ပေလိမ့်မည်။

သို့ရာတွင် အကယ်၍ သူသာ ဤကံကောင်းမှုကြောင့် ကျန်းရွှမ်၏သတင်းအချက်အလက်ကို အမှန်တကယ် ရရှိပြီး အိမ်ရှေ့စံယွမ်ချင်းထံသို့ အောင်မြင်စွာ သတင်းပေးနိုင်ခဲ့လျှင် ထိုက်တန်ပေမည်။ ဤအကျိုးအမြတ်သည် သူ့ကို ငွေကြေးရှာဖွေခြင်းမှ ကင်းလွတ်ခွင့်ကို ရရှိစေမည်ဖြစ်ပြီး သူ၏ဘဝတသက်လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ရန် လိုတော့မည် မဟုတ်ချေ။

ထိုသတင်းများ ပျံ့နှံ့နေသည်မှာ ရက်အနည်းငယ် ကြာနေပြီဖြစ်ရာ ကျန်းရွှမ်၏ သတင်းအချက်အလက်ကို ပေးနိုင်ရုံမျှဖြင့် ဆုလာဘ်သည် "မြို့စား အဆင့်အတန်း" သို့ ရောက်ရှိနေလေပြီ။

မြို့စားတစ်ယောက်ဟူသည်မှာ အဆင့်နှစ်မြို့သားထက်ပင် အဆင့်ပို၍မြင့်မားသည်။ အကယ်၍ ထိုအရာကို အကျိုးပြုရမှတ်များ အဖြစ် ပြောင်းလဲလိုက်ပါက သေချာပေါက် သုံးထောင်ကျော်ပေလိမ့်မည်။

ထိုအရာမျိုးကို ရရှိနိုင်ပါက သူသည် တခြားမည်သည့်အရာကို လိုအပ်အုံးမည်နည်း။

"ခင်ဗျား...ချေးမှာလား မချေးဘူးလား"

သူ နားလည်သွားသည်ကို မြင်တွေ့ချိန်၌ ကလေးငယ်က မေးမြန်းလိုက်သည်။

"ချေးမယ်"

လူငယ်က အံ့တင်းတင်းကြိတ်၍ တုံ့ပြန်အဖြေပေးလိုက်၏။

"ကောင်းပြီလေ..."

ကလေးငယ်က ခေါင်းညိတ်လိုက်ပြီး သူ၏နံဘေးရှိ လျှူရွှမ်ကျီးကို ကြည့်လိုက်သည်။

"ဂိုဏ်းချုပ်... သူ့ကို ကံတရား ပေးသနားလိုက်ပါတော့"

"အင်း"

လျှူရွှမ်ကျီးက ခေါင်းညိတ်လိုက်ပြီး ကြက်သွန်မြိတ်များကဲ့သို့ သွယ်လျသော သူမ၏ လက်ချောင်းများကို ဝှေ့ယမ်းလိုက်ရာ လေထုထဲတွင် ကံကြမ္မာမြစ်တစ်စင်း ချက်ချင်းထွက်ပေါ်လာသည်။

ဤကံကြမ္မာမြစ်သည် ယခင်က သူ မြင်ဖူးသမျှ အရာများနှင့် လုံးလုံးလျားလျား မတူပေ။ ဤအရာသည် မိုးကောင်းကင်တွင် မျောလွင့်နေသော အဖြူရောင်တိမ်တိုက်များနှင့် တူပြီး ဖြူစင်ပေါ့ပါးပြီး သိမ်မွေ့နူးညံသောခံစားချက်ကို ပေးစွမ်းသည်။

ကံတရားဟူသည်မှာ ကောင်းကင်ဘုံနှင့် သက်ဆိုင်သော အရာပင်။ ထိုအရာကို နားလည်သဘောပေါက်ပြီး ကံကြမ္မာဖွဲ့စည်းနိုင်ခြင်းကြောင့် ဤလျှူရွှမ်ကျီးသည် သူ တွေးထင်ထားသည်ထက် ပို၍ကြောက်မက်ဖွယ်ကောင်းကြောင်း ပြသနေသည်။

အမှန်အားဖြင့် ပထမတန်းစား ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်ပြီး ထိုအရာ၏ ထိန်းချုပ်သူ ဖြစ်လာခဲ့သော မည်သူမဆို ရိုးရှင်းမည် မဟုတ်ပေ။

ကျန်းရွှမ်သည် တိတ်တဆိတ် သတိထားနေပြီး ဆက်လက်၍ စောင့်ကြည့်လိုက်၏။

ကံကြမ္မာမြစ်ကို ဆင့်ခေါ်ပြီးနောက် လျှူရွှမ်ကျီးသည် ထိုအရာကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး မြစ်လက်တက်တစ်ခုကို ခွဲထုတ်ကာ သူ့ရှေ့ရှိ လူငယ်ထံသို့ တိုက်ရိုက်လောင်းထည့်ပေးလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မရေမတွက်နိုင်သော ကံကြမ္မာစွမ်းအားပမာဏသည် မြစ်တစ်စင်းက ပင်လယ်ထဲ စီးဝင်သည့်အလား ထိုလူငယ်ထံသို့ စီးဝင်သွားလေသည်။

"ဒါက... ၁ပိဿာလား"

ကျန်းရွှမ် အံ့အားသင့်သွားသည်။

အကယ်၍ သူ့ရှေ့မှ ကံတရားကံကြမ္မာမြစ်ကို သာမန်မြစ်အဖြစ် ပြောင်းလဲလိုက်လျှင် တန်ချိန် သန်းပေါင်းများစွာသော ရေများ ပါဝင်နေပေလိမ့်မည်။ ဤမြစ်အတွင်းမှရေများဖြင့် အနားတစ်ဖက်လျှင် တစ်ကီလိုမီတာနှင့် အနက် ၁၀ မီတာ ရှိသော ရေကန်ကြီး အမြောက်အများကို ဖြည့်နိုင်ပေလိမ့်မည်။

ဤမျှထိများပြားသော ကံတရားကံကြမ္မာစွမ်းအားများသည် ၁ပိဿာသာ ရှိနေသလော....

နှင်းနတ်ဆိုးအရှင်သည် စွမ်းအားပမာဏ အမြောက်အများဟု ပြောဆိုခဲ့သည်မှာ မဆန်းတော့ပေ။

"ကောင်းပြီလေ... ကံတရားကို ချေးပြီးပြီ..."

လျှူရွှမ်ကျီးက သူမ၏လက်ကို ပြန်ရုတ်သိမ်းလိုက်ရာ စီးဝင်နေသော ကံတရားစွမ်းအားများ ရပ်တန့်သွားသည်။ ယခုအချိန်၌ လူငယ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အဖြူရောင် အလင်းတန်းများဖြင့် တောက်ပနေပြီး အဝေးမှကြည့်လျှင် သန့်စင်သော နတ်ဘုရားတစ်ပါးနှင့် တူညီနေပေ၏။

"ပြီးသွားပြီလား"

ထိုလူငယ် ကြက်သေသေသွားသည်။ သူ၏ခန္ဓာကိုယ်တွင် အပြောင်းအလဲများ ရှိမရှိ စမ်းသပ်ရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ၏ရင်ဘတ် ဖောင်းကားလာသည်ကို ခံစားလိုက်ရပြီး အလိုအလျောက် လေတက်သွားသည်။

ဝုန်း....

နောက်ထပ်အချိန်တခဏတွင် သူ၏အရှိန်အဝါ မြင့်တက်လာသည်။ လေတက်လိုက်သော အရှိန်ဖြင့် သူသည် လက်ရှိ ကျင့်ကြံဆင့်ကို အမှန်တကယ် ကျော်ဖြတ်သွားပြီး ယခင်က သူ့ကို ကန့်သတ်ထားသော အတားအဆီးများကို ချိုးဖျက်လိုက်၏။

ထိုမျှသာမက သူ ခေါင်းကုတ်ရန် လက်မြှောက်လိုက်စဥ်တွင် ငှက်ဥတစ်လုံးသည် သူ၏လက်ဝါးထဲသို့ အမှတ်မထင် ပြုတ်ကျလာရာ လူများအားလုံး၏မျက်လုံးများ ပြူးကျယ်သွားကြသည်။

"ဒါက သတ္တမအဆင့် ရင်းမြစ်သားရဲဖြစ်တဲ့ ကောင်းကင်လောင်ကျွမ်း တိမ်တိုက်လင်းတရဲ့ ဥမလား... အကောင်ပေါက်လာရင် သူက သတ္တမအဆင့် ရင်းမြစ်သားရဲပျံကို ရမှာပေါ့..."

"ဒါက ကံတရား ၁ပိဿာကြောင့် ဖြစ်လာတဲ့ အကျိုးဆက်လား... အရမ်းကြောက်ဖို့ ကောင်းလွန်းတယ်..."

ပတ်ဝန်းကျင်နေရာတဝိုက်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ကံတရားကို ရရှိပြီးနောက် အသက်ရှူချိန် နှစ်ဆယ်စာ မပြည့်မီမှာပင် သူသည် ကျင့်ကြံဆင့်အတားအဆီးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ရုံသာမက သတ္တမအဆင့် သားရဲဥကိုလည်း ရရှိသွားခဲ့သည်။

လူများအားလုံးသည် ကံတရားကို ချေးယူလိုကြသည်မှာ မဆန်းတော့ချေ။ တစ်စုံတစ်ယောက်သည် ကံတရားကို ရရှိသွားချိန်၌ အမှန်တကယ်ကိုပင် မသမာနည်း သုံးထားသကဲ့သို့ ဖြစ်နေသည်။ သူ လုပ်သမျှ အရာအားလုံးသည် ကောင်းကင်ဘုံကို အာခံနေသည့်အလားပင်။

"ကဲ... ဒီနေ့ ကံတရား ချေးငှားတာ ပြီးပြီ... ထပ်ချေးချင်ရင် ဆက်ပြီးတန်းစီစောင့်ဆိုင်းကြပါ..."

လူအများ၏ထိတ်လန့်တုန်လှုပ်မှုကို လျစ်လျူရှုပြီး ကလေးငယ်သည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်၏။

"ဟုတ်ကဲ့"

လူများအားလုံးသည် စည်းကမ်းကို သိထားကြသဖြင့် တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။

ကံတရား ချေးငှားတိုင်း ဤလုပ်ငန်းစဉ်အတိုင်းသာဖြစ်သည်။ တစ်ရက်လျှင် တစ်ကြိမ်သာ အခွင့်အရေး ရရှိပေမည်။ ဤတစ်ကြိမ်တွင် အရွေးမခံရပါက စောင့်ဆိုင်းရုံသာ ရှိပြီး နောက်ဆုံး၌ ပထမနှင့်ဒုတိယနေရာမှ လူများကဲ့သို့ ပုပ်ပွနေသော အလောင်းကောင်များ ဖြစ်သွားကြရသည်။

လူများအားလုံးသည် ပလ္လင်ခွေထိုင်ကာ တိတ်ဆိတ်စွာ ကျင့်ကြံရင်း မနက်ဖြန်အတွက် စောင့်ဆိုင်းရန် ဟန်ပြင်လိုက်စဉ်မှာပင် လျှူရွှမ်ကျီး၏အသံ ထပ်မံ၍ ထွက်ပေါ်လာသည်။

"ဒီနေ့ အသက်ရှင်နိုင်ခြေဆယ်ခု သေဆုံးမှု မရှိတဲ့ လူတစ်ယောက်နဲ့ သေဆုံးနိုင်ခြေဆယ်ခု အသက်ရှင်သန်မှု မရှိတဲ့ လူတစ်ယောက် ထွက်ပေါ်လာတာကြောင့်... ဒီဂိုဏ်းချုပ်အနေနဲ့ ခြွင်းချက်ထားပြီးတော့ သေဆုံးနိုင်ခြေဆယ်ခု အသက်ရှင်မှု မရှိနိုင်တဲ့ လူကိုပါ ကံတရား ချေးပေးပါမယ်"

"ကျွန်တော့်ကိုလား"

တိတ်တဆိတ် ထွက်ခွာရန် စီစဉ်နေသော ကျန်းရွှမ်သည် တစ်ဖက်လူ၏သတိထားမိခြင်းကို ခံရလိမ့်မည်ဟု မျှော်လင့်မထားထားပေ။ သူ့ထံ၌ ရွေးချယ်စရာ မရှိတော့သဖြင့် သူ၏လက်ကို ပူးဆုပ်ပြီး ဦးညွှတ်အရိုအသေပြုလိုက်၏။

"ဂိုဏ်းချုပ်လျှူက ကျွန်တော့်ကို ကံတရား ချေးပေးဖို့ စီစဉ်နေတာလား"

"ရှင် လက်မခံရဲဘူးလား"

လျှူရွှမ်ကျီးက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

"မဟုတ်ပါဘူး... ဂိုဏ်းချုပ်ကသာ ချေးပေးမယ်ဆိုရင် ကျွန်တော်က ငြင်းပယ်မှာ မဟုတ်ပါဘူး"

ကျန်းရွှမ်က သူ၏လက်ကိုပူးဆုပ်၍ ပြောဆိုသည်။

သူ၏အတွေးသည် အစောပိုင်းက လူငယ်နှင့် မတူညီပေ။

အကယ်၍ သူ ကံတရားကို ချေးယူ၍ရပါက ငြင်းဆန်မည် မဟုတ်ချေ။ သူ ကံတရားကို ချေးငှားခြင်းမပြုဘဲ ခုန်းရှီကို သွားကယ်လျှင် သူ သေချာပေါက် သေဆုံးရပေမည်။

ကံတရားရှိနေလျှင် သူ အသက်ရှင်သန်ရန် မျှော်လင့်ချက် ရောင်ခြည် ရှိနေသေးသည်။ သူ အသက်ရှင်နေသရွေ့ အကြွေးဆိုသည်မှာ အနှေးနှင့်အမြန် ပြန်ဆပ်၍ရပေမည်။

"ဟုတ်တယ်... ဒါပေမဲ့ ကံတရား၈ပိဿာဆိုတာ က တကယ့်ကို များလွန်းတယ်... ကျွန်မ ရှင့်ကို ၃ပိဿာ အရင် ချေးပေးမယ်... ရှင် အဲ့ဒါကို မသုံးခင် ပြန်ဆပ်နိုင်ရင် ကျန်တဲ့ ၅ပိဿာကို ဆက်ချေးပေးမယ်"

လျှူရွှမ်ကျီးက ပြောဆိုသည်။

"မသုံးခင် ပြန်ဆပ်ရမယ် ဟုတ်လား... ကျွန်တော်က ဘယ်လို လုပ်ရမှာလဲ"

ကျန်းရွှမ် ဇဝေဇဝါ ဖြစ်သွားသည်။

ကံတရားကို မသုံးရသေးခင် ပြန်ဆပ်ရမည်ဟု ဆိုသလော.....

သူ့ထံ၌ ဤကဲ့သို့ လုပ်နိုင်စွမ်းရှိလျှင် အစကတည်းက ကံတရားကို ချေးငှားရန် လိုအပ်မည် မဟုတ်ချေ။

"အဲဒါက ရှင့်ရဲ့ပြဿနာလေ"

လျှူရွှမ်ကျီးက ပြောဆိုသည်။

"ပြောရမယ်ဆိုရင်... ရှင်က တခြားလူတွေကို ခေါ်လာပြီး ကံတရားကို ချေးခိုင်းလို့လည်း ရတယ်... ကံတရား ချေးငှားချင်တဲ့ လူတွေကို ရှင် ရှာတွေ့သရွေ့ သူတို့ ၁ ကျပ်သား ချေးတိုင်း ရှင့်ကိုအကြွေး ၅ မူးသား လျှော့ပေးမယ်"

ကျန်းရွှမ် တိတ်ဆိတ်သွားသည်။

ဤသည်မှာ အွန်လိုင်းငွေတိုးချေးစားသည်နှင့် တူညီနေပေ၏။

'ခင်ဗျား ငွေချေးပြီး ပြန်မဆပ်နိုင်လည်း ကိစ္စမရှိဘူး... ဆွေမျိုးတွေ သူငယ်ချင်းတွေကို ခေါ်လာပြီး ချေးခိုင်းလိုက်... ချေးတဲ့လူ များလေလေ ခင်ဗျားရဲ့ အကြွေး လျော့လေပဲ...'

သူ့ရှေ့မှ ဤအမျိုးသမီးသည် အမှန်တကယ်ကို အတွက်အချက်ကောင်းသည်။

'ဒါပေမဲ့... ငါက ဘယ်သူ့ကို ခေါ်လာပြီး ချေးခိုင်းရမှာလဲ'

'စွန်းချန်လား...ယုရှောင်ယွီ ဒါမှမဟုတ် လျှူမင်ယွဲ့လား'

သူ ကောင်းကောင်းသိကျွမ်းသူဟူ၍ ဤလူများသာ ရှိသည်။ ထို့ပြင် သူတို့ထံတွင် အခြေခံအားဖြင့် ပြန်ဆပ်နိုင်စွမ်း မရှိချေ။ သူတို့ကို ချေးခိုင်းပြီးနောက် သူကိုယ်တိုင် ပြန်ဆပ်ရန် နည်းလမ်း ရှာရန်မှာမူ မဖြစ်နိုင်ချေ။

ထိုသို့ဆိုပါက သူကိုယ်တိုင် ချေးငှားသည်နှင့် မည်သည့်ကွာခြားချက် ရှိမည်နည်း။

"ရှင် သဘောတူရင် အခု ကံတရား၃ပိဿာပေးမယ်... ဒီကံတရားကို မသုံးခင် ရှင် ကျွန်မကို အကြွေး၆ပိဿာ ပြန်ဆပ်နိုင်ရင် ကျန်တဲ့ ၅ပိဿာကိုပါ ထပ်ချေးပေးမယ်..."

လျှူရွှမ်ကျီးက ပြောဆိုသည်။

"ကောင်းပြီလေ... ကျွန်တော် ချေးမယ်"

သူသည် အချိန်တခဏမျှ စဉ်းစားပြီးနောက် ပို၍ကောင်းမွန်သောနည်းလမ်း မရှိကြောင်း တွေ့ရှိလိုက်သဖြင့် ကျန်းရွှမ်၏မျက်လုံးများ တောက်ပသွားပြီး အံ့တင်းတင်းကြိတ်လိုက်သည်။

ဤကယ်တင်ရေးအစီအစဥ် မအောင်မြင်လျှင် သူ သေချာပေါက် သေရမှာ ဖြစ်သဖြင့် အကြွေးဘယ်လောက်များများ အရေးမကြီးတော့ချေ။ သူ အောင်မြင်ခဲ့လျှင် အများဆုံးအနေဖြင့် ကံဆိုးမိုးမှောင်ကျမှုများကို ရက်အနည်းငယ်ခန့် ပို၍ခံစားရရုံသာ ရှိပေမည်။ ကမ္ဘာတစ်ခု၏ အရှင်သခင်အနေနှင့် ဤကံဆိုးမှုများကို သူ ခံနိုင်ရည် ရှိကောင်း ရှိနိုင်ပေမည်။

"ကောင်းပြီလေ... ရှင်ရဲ့စကားတွေကို ရှင်တာဝန်ယူရမယ်"

လျှူရွှမ်ကျီးက ခေါင်းညိတ်လိုက်ပြီး သူမ၏ သွယ်လျသောလက်ကို ဝှေ့ယမ်းလိုက်ရာ ယခင်က ကံကြမ္မာမြစ် ပြန်လည်၍ ထွက်ပေါ်လာသည်။ အချိန်တခဏအတွင်းမှာပင် မရေမတွက်နိုင်သော အဖြူရောင်တိမ်တိုက်များသည် ကျန်းရွှမ်၏ခန္ဓာကိုယ်ထဲသို့ အရူးအမူး တိုးဝင်လာပေ၏။

All Chapters