ဒီလောက်ထိ ရက်ရက်ရောရော ပေးကမ်းဖို့ရာအတွက်(၂)
Vol. 18 Ch. 242
"သူတို့ကို ခေါ်ထုတ်လာခဲ့"
“…”
ကျယ်လောင်သောအသံသည် လေ့ကျင့်ရေးခန်းမတစ်ခုလုံး ဟိန်း၍ ထွက်ပေါ်လာသည်။
စိတ်အနှောင့်အယှက်ဖြစ်နေသည်ကို တုံ့ပြန်သည့်အနေဖြင့် ဟွာဆန်း၏ ဒုတိယနှင့် တတိယအဆင့် တပည့်များသည် တညီတညာတည်း ပခုံးတွန့်လိုက်ကြသည်။
"ငါ အပြင်ကို ထွက်သွားတာ တစ်လပဲ... ဒါကို မင်းတို့က အလုပ်ပြီးအောင် မလုပ်ဘဲ အသာလေး ကစားနေကြတာလား"
“…”
"ဒါကြောင့် ငါ ဒီနေရာကနေ ထွက်မသွားနိုင်တာ"
ဘတ်ဆန်းက ငူငူငိုင်ငိုင်ဖြင့် ရှေ့ကို လှမ်းကြည့်လိုက်သည်။
'ဒါက မတရားဘူး'
'ဒါက စိတ်ပျက်စရာပဲ’
ချွန်းမြောင်နှင့် တခြားသူများ ထွက်သွားသည့်အချိန်မှာ သူတို့တွေ လုံးဝ ကစားနေတာ မဟုတ်ရပါ။ ယင်းအစား သူတို့မှာ အမှားရှာမတွေ့ရန် ခါတိုင်းထက်ပို၍ လေ့ကျင့်ခဲ့သည်။
ဒါပေမယ့် သူတို့ကို ကျိန်ဆဲနေတုန်းပဲလား။
မဟုတ်ဘူး။ ဒါက မမှန်ဘူး။ သူတို့ ဘယ်လောက်ပဲ လေ့ကျင့်ခဲ့ပါစေ၊ ချွန်းမြောင် အောက်ငေါက်တာကို ခံနေရဦးမှာပင်။ ထို့ကြောင့် ဒီလိုအခြေအနေမျိုးထဲ ရောက်နေရသည်မှာ အားလုံးအတွက် မတရားပါ။ ယင်းအစား သူတို့မှာ အတိုင်းအတာတစ်ခုအထိ မျှော်လင့်ထားခဲ့သည်။
ဒါဆို ဘာမှားခဲ့လို့လဲ။
ဘတ်ဆန်းက ခေါင်းကိုမော့ပြီး သူတို့ကို အော်နေသည့်လူအား ကြည့်လိုက်၏။
'...ဘာလို့ ဆရာတူအစ်ကိုကြီး ဖြစ်နေတာလဲ'
ဒီမြင်ကွင်းက ရင်းနှီးပြီးသားပင်။
သို့သော် မရင်းနှီးသေးသည့် မျက်နှာတစ်ခုဖြစ်နေသည်။
အဘယ်ကြောင့်ဆိုသော သူတို့ရှေ့ကလူက ချွန်းမြောင် မဟုတ်ဘဲ ဘတ်ချုန်းဖြစ်နေခဲ့သည်။
"...ဆရာတူအစ်ကိုကြီး"
ဘတ်ချုန်းက ဘတ်ဆန်းဆီသို့ လျှောက်သွားလေသည်။ ထို့နောက် တောက်ပနေသော မျက်လုံးများကို မြင်လိုက်ရသည့် ဘတ်ဆန်းက ထိတ်လန့်ပြီး တွန့်ဆုတ်သွားလေသည်။
“အား”
“…”
'မဟုတ်သေးပါဘူး ဆရာတူအစ်ကိုကြီးရာ’
‘အဝေးကို တစ်လလောက်ပဲ သွားခဲ့တာပါ... ဒါကို ဘာလို့ ချွန်းမြောင်လိုမျိုး ဖြစ်သွားတာလဲ'
'ဒါက အံ့သြစရာပဲ'
သို့သော် သူတို့ အစိုးရိမ်ရဆုံးဖြစ်သည့် ချွန်းမြောင်ကတော့ သူတို့ကို အာရုံလာပုံမရပေ။
ဘတ်ချုန်း၊ ယူယီဆိုး၊ ယွန်းဂျွန်နှင့် ဂျိုဂုတို့က ဒုတိယတန်းနှင့် တတိယတန်းတပည့်များကို ဆော်ဩနေကြသည့်အချိန်တွင် ချွန်းမြောင်က သစ်ပင်ရိပ်အောက်တွင် နောက်ကျောကိုမှီ၍ လှဲလျောင်းနေလေသည်။
'တကယ်ပဲ ဒီနေရာက ဘာဖြစ်နေတာလဲ'
"ဒီဆေးတွေကို သုံးဖို့ မင်းတို့မှာ အရည်အချင်းမရှိဘူး... မင်းတို့ တစ်လအတွင်းမှာ တိုးတက်မှု ရှိအောင် ဘာလုပ်ခဲ့ကြလဲ... မင်းတို့အားလုံး ထိုင်းမှိုင်းနေကြတုန်းပဲ"
'အ'
'ထိုင်းမှိုင်းနေတာလား... ငါတို့က'
ထိုစဉ်
ဘတ်ချုန်းက ဒေါသထွက်နေသော အသံဖြင့် ဘတ်ဆန်းကို ပြောလိုက်၏။
"ဘတ်ဆန်း"
"အာ... ဟုတ်ကဲ့ ဆရာတူအစ်ကိုကြီး"
"မင်း ဘာတွေ လုပ်နေခဲ့တာလဲ"
'အာ'
'...ငါ'
ဘတ်ဆန်းက ဘတ်ချုန်းအား ငေးကြောင်ကြောင်လေး ကြည့်နေလေသည်။
“ငါမရှိတုန်း မင်းက သူတို့ကို အုပ်ထိန်းရမယ့် အကြီးဆုံးတပည့်ပဲ... မင်း သူတို့ကို ဒီလိုဖြစ်လာအောင် ဘယ်လိုများ စီစဉ်ထားခဲ့တာလဲ"
"အာ"
'မဟုတ်တာ တကယ်ပဲ ဘာတွေ ပြောနေတာလဲ'
တကယ်တော့ ဘတ်ချုန်းက ဘတ်ဆန်းအား ဒီလိုစကားမျိုး ပြောမည့်သူမဟုတ်ပေ။ အနည်းဆုံးတော့ တိုက်ရိုက်ပြောမှာ မဟုတ်ချေ။
'ဒါပေမဲ့ ဘာဖြစ်လို့လဲ…'
'ဒီလူတွေက ဘာလို့ ဒီလောက် ထူးထူးဆန်းဆန်း ဖြစ်ပြီး ပြန်လာကြတာလဲ'
ဘတ်ချုန်းက ဒီလိုကိစ္စတွေ ပြောဖို့တောင် စိတ်ကူးရလာခဲ့သည်။ သူ တစ်ကြိမ်ပြောလိုက်တိုင်း ပို၍ ထိတ်လန့်ဖွယ်အကြောင်းများ ထွက်လာတတ်သည်။
"ငါ ပြောဖို့တောင် မလိုဘူး"
ဘတ်ချုန်းက သူ့ဓားကိုဆွဲကာ ညွှန်ပြလိုက်သည်။
“အရင်ဆုံး ငါတို့က လေ့ကျင့်ရေးဆင်းရမယ်... နောက်ဆုံးမှ တောင်ထိပ်ကို ရောက်တဲ့ လူတွေက နောက်တစ်ကြိမ် ပြန်ပြေးရမယ်”
“…”
“ပြေးတော့”
"အားးးးး"
"ငါ... ငါအရင်သွားမယ်"
ခဏတာ ရပ်နားပြီးနောက် တပည့်များသည် အစွမ်းကုန် တောင်ထိပ်သို့ ပြေးကြလေသည်။
“တက်စ်”
ဘတ်ချုန်းက သူ့လျှာကို မထိတထိ ကိုက်လိုက်၏။
ဒါကိုကြည့်နေသည့် ယွန်းဂျွန်က ခေါင်းကို အသာလေးလှည့်ပြီး ချွန်းမြောင်၏ တပည့်များကို ကြည့်လိုက်၏။
"မင်းတို့ ဘာလုပ်နေကြတာလဲ"
"အမ်"
"မင်းတို့ရဲ့ ဆရာတူဦးလေးတွေ သွားတဲ့နေရာနဲ့ ဆန့်ကျင်ဘက် တခြားတောင်ထိပ်ကို သွားကြ"
“…အာ”
“ဆရာတူဦးလေးတွေထဲက တဝက်လောက်က ပြန်ပြေးလာလိမ့်မယ်... မင်းတို့တွေ… အမ်….ဟုတ်သား”
ယွန်းဂျွန်က တောက်ပစွာပြုံးလိုက်သည်။
"မင်းတို့ထဲက ဆယ်ယောက်ကလွဲရင် ကျန်တဲ့သူတွေက နောက်ထပ် ပြန်ပြေးကြလိမ့်မယ်"
“…”
“သွား”
"အာ"
“ပြီးတော့”
“…”
တပည့်အနည်းငယ်ကတော့ ဖြစ်ပျက်နေသမျှကို နားလည်ပြီး ကြာပန်းတောင်ထိပ်ကို စတင် ပြေးလာခဲ့သည်။ ကျန်တဲ့လူတွေက အခြေအနေကို နောက်ကျမှသိပြီး သူတို့အနောက်ကနေ ပြေးလိုက်ကြ၏။
သူတို့တွေက အားအင်အပြည့်နှင့် ပြေးနေချိန်မှာတောင် ပါးစပ်များကလည်း ကောင်းကောင်းအလုပ်လုပ်ပုံရသည်။
"အာ မဟုတ်သေးပါဘူး... ဆရာတူအစ်ကိုကြီးက ဘာလို့ ဒီလိုလုပ်ရတာလဲ"
"ဘာလို့ ဆရာတူအစ်ကိုကြီးဂျိုဂုက သူ့ကို မတားတာလဲ"
"ငါလည်း ဘယ်သိပါ့မလဲ"
ဒါကို ကြားနေရသည့် ချွန်းမြောင်က ဘာမှမပြောပေ။ သို့သော် သူတို့ဘက်တွင် အချိန်အတော်ကြာအောင် ရှိနေပေးခဲ့သည့် ဘတ်ချုန်းနှင့် ယွန်းဂျွန်တို့က သူတို့ကို စိတ်အနှောင့်အယှက် ဖြစ်နေကြသည်။
'ဒီလို ထူးဆန်းတဲ့ အခြေအနေကြီးက ဘာလဲ'
တပည့်များ ပြေးသွားကြသည်ကို မြင်သည့် ယွန်းဂျွန်က သူ့လျှာသူ မထိတထိကိုက်လိုက်၏။
ယွန်းဂျွန်က ခေါင်းကို နှစ်ကြိမ်လောက် ခါယမ်းလိုက်ပြီးနောက် ဘတ်ချုန်းကို ကြည့်ကာ ပြောလိုက်၏။
"ဆရာတူအစ်ကိုကြီး"
ဘတ်ချုန်းက သက်ပြင်းချလိုက်ပြီး ဒေါသသံဖြင့် ပြောလိုက်၏။
"ငါတို့ ပုံမှန် လေ့ကျင့်ရေး မဆင်းတဲ့အခါ ချွန်းမြောင် ဘာလို့ အရမ်း ဆန္ဒစောလဲဆိုတာ နားလည်နိုင်သွားပြီ... ငါတို့ ထွက်သွားတာ တစ်လပဲ ရှိသေးပေမယ့် ဘယ်လိုတောင် အားထုတ်မှု လျော့သွားလဲဆိုတာ ကြည့်လိုက်ပါဦး”
“ကျွန်တော်လည်း နားလည်သွားပြီ… အခု နည်းနည်းတော့ နားလည်သွားပြီ”
ဘတ်ချုန်း၏ မျက်လုံးများမှာ တောက်ပလာသည်။
"သုံးရက်... သုံးရက်လောက်ကြာရင် ငါသူတို့ကို တန်းစီခိုင်းမယ်”
ဒီမြင်ကွင်းကို အနောက်ကနေကြည့်နေသော ချွန်းမြောင်က ပြုံးလိုက်လေသည်။
အခုအချိန်မှာတော့ ဘတ်ချုန်း၊ ယွန်းဂျွန်၊ ဂျိုဂုနှင့် ယူယီဆိုးတို့၏ အပြုအမူက တခြားတပည့်များကို လုံးဝ အံ့ဩထိတ်လန့်စေခဲ့သည်။
သူတို့တွေက ယူနန်ကိုသာ ရောက်ဖူးသော်လည်း ဟွာဆန်းရှိ တပည့်များအားလုံး အားနည်းနေသဖြင့် မတုန်လှုပ်ဘဲ မနေနိုင်ကြတော့ပေ။
သူတို့ စိတ်လှုပ်ရှားလွယ်ရသည့် အကြောင်းရင်း တစ်ခုမျှသာ ရှိသည်။
‘သူတို့က ခွန်အား အစစ်အမှန်ကို မမြင်ဖူးကြဘူးပဲ’
ခွန်အားသည် နှိုင်းယှဉ်စရာဖြစ်သည်။
ဘတ်ချုန်းနှင့် အခြားလူများသည် ယူနန်သို့သွားရာ လမ်းတွင် အဆက်မပြတ် ရိုက်နှက်ခံခဲ့ရသည်။ မဟုတ်ဘူး… ချွန်းမြောင်က သူတို့ကို လေ့ကျင့်ပေးခဲ့သည်။ ထို့ကြောင့် သူတို့အခုလက်ရှိပုံစံနှင့် ဟွာဆန်းက မထွက်ခွာခင်က ပုံစံနှင့် နှိုင်းယှဉ်လို့မရနိုင်ပေ။
လေ့ကျင့်ရေးအပြင် သူတို့ ဟွာဆန်းမှ မထွက်ခွာမီ စိတ်ဝိညာဉ်တက်ကြွဆေးကို သောက်ခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်များမှာ အတော်လေး ကောင်းမွန်လာခဲ့သည်။ တစ်နည်းအားဖြင့် သူတို့၏ ယူနန်ခရီးစဉ်သည် သူတို့၏ရင့်ကျက်တိုးတက်လာမှုကို အထောက်အကူ ဖြစ်စေခဲ့သည်။
ဒါပေမယ့် ဒါအကုန်ပဲလား။
ချွန်းမြောင်နှင့် ထန်မိသားစု သခင်ကြီး၏ သိုင်းပညာကို ကြည့်ရင်း သူတို့ ရည်မှန်းချက်ထားရမယ့် စွမ်းအားအဆင့်ကို နားလည်ကြခဲ့ကြသည်။ ထန်မိသားစု အကြီးအကဲကို တိုက်ခိုက်သောအချိန်တွင် တကယ့်တိုက်ပွဲက ဘယ်လိုလဲဆိုတာ ခံစားလိုက်ရသည်။
ထို့အပြင် သားရဲနန်းတော်နှင့် သူ၏စစ်သည်များ၏ ခွန်အားသတ္တိကိုလည်း သူတို့ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။
စစ်မှန်သော ခွန်အားကို သူတို့ နားမလည်ခဲ့ရင်မှ ပို၍ ထူးဆန်းနေပေလိမ့်မည်။
ထို့ကြောင့် သူတို့ထွက်သွားပြီးကတည်းက အများကြီး မပြောင်းလဲသည့် တပည့်များကို တွေ့ရသောအခါ သူတို့တွေ ဘယ်လိုများ ဒေါသမထွက်ဘဲ နေနိုင်ကြပါ့မလဲ။
ယခုအချိန်မှစ၍ ဘတ်ချုန်းနှင့် ယွန်းဂျွန်တို့သည် သူတို့အား လုံလောက်ပြီဟု သူတို့ထင်မှတ်ထားသော အဆင့်ထိ တွန်းပို့ကြတော့မှာဖြစ်သည်။
‘ဟုတ်တယ်... ဒါက ဂိုဏ်းတစ်ဂိုဏ်း တိုးတက် အားကောင်းလာတဲ့ ပုံစံမျိုးပဲ’
တစ်ခါမှမမြင်ဖူးသေးသော ဆရာသခင်တစ်ယောက် ပေါ်လာသည့်အခါ သူ့ပတ်ဝန်းကျင်က တခြားသူတွေကို သူကျေနပ်တဲ့အထိ ဆက်ပြီး ဆုပ်ကိုင်ထားလိမ့်မည်။ ထို့အတူ ဆရာသခင်ဆီက အရိုက်ခံရပြီးနောက် သန်မာလာသူလည်း ထိုနည်းအတိုင်းပင်။ ဒီလိုအဖြစ်မျိုးကို အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ လုပ်ခဲ့မည်ဆိုလျှင် လူတိုင်းကလည်း တူညီသောအရာကိုပင် ကျော်ဖြတ်ရလိမ့်မည်။
ထို့နောက်
သေချာပေါက် လူတွေက သန်မာလာလိမ်မ့ည်။
ယခုအခါ ဘတ်ချုန်းနှင့် ယွန်းဂျွန်တို့ ထိမိခဲ့ကြသည့် ချွန်းမြောင်၏စမ်းချောင်းသည် နောက်ဆုံးတွင် မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းစပြုနေပြီဖြစ်သည်။
ထိုအချိန်တွင် ချွန်းမြောင်က သူတို့လုပ်ခဲ့သော အမှားမှန်သမျှကို ဖြည်းဖြည်းချင်း စောင့်ကြည့်ပြီး အမှန်ပြင်ပေးရတော့မှာဖြစ်သည်။
"တစ်နှစ်အတွင်းမှာ လူတိုင်းက ကိုယ့်ဘာသာကိုယ် လေ့ကျင့်ကြလိမ့်မယ်"
သို့မှသာ ဟွာဆန်းက သူ့ကိုယ်သူ ဂိုဏ်းကောင်းတစ်ဂိုဏ်းဟု ခေါ်နိုင်မည်ဖြစ်သည်။
ဂုဏ်သတင်းကြီးသော ဂိုဏ်းတစ်ဂိုဏ်းသည် ထူးချွန်ထက်မြက်သောနေရာကို ရည်ညွှန်းခြင်းမဟုတ်သော်လည်း မျိုးဆက်သစ်များအတွက် အောင်မြင်မှုရရှိရန် အရင်းအမြစ်များရှိသည့်နေရာကို လမ်းညွှန်ပြသည့် နေရာဖြစ်သည်။
ချွန်းမြောင်က ပြုံးလိုက်သည်။
'အခုတော့ ငါလည်း နည်းနည်းလောက်ပိုပြီး အေးအေးဆေးဆေး အနားယူလို့ရပြီ'
သူစိုက်ပျိုးထားသည့် မျိုးစေ့များ အညှောင့်ပေါက်လာသည်ကို ကြည့်ရတာ အမြဲ ပျော်စရာကောင်းလှသည်။ ဟွာဆန်း၏ လက်ရှိလေထုကို အကျိုးရှိရှိ အသုံးချပြီး ဆေးလုံးများကို သူတို့နည်းသူတို့ဟန်နှင့် ဖော်စပ်နိုင်လျှင် ဟွာဆန်းသည် ချက်ချင်း တိုးတက်လာလိမ့်မည်။
အဲ့ဒီနောက် အရင်လို ဂုဏ်သတင်းကြီးဖို့ မကြာလောက်တော့ပါဘူး...
"ချွန်းမြောင်…"
“….”
ချွန်းမြောင်က လှည့်ကြည့်လိုက်သည်။
ဂိုဏ်းခေါင်းဆောင်နှင့် အကြီးအကဲများသည် ဆေးစပ်ခန်းမအကြီးအကဲနှင့်အတူ အဝေးမှ ပြေးလာနေသည်ကို မြင်နေရသည်။
“…”
သူတို့၏ စိတ်ပျက်နေသော မျက်နှာများကို မြင်သောအခါ သူ သက်ပြင်းချမိပါသည်။
'အင်း'
'ငါ အေးအေးဆေးဆေး နေလို့ရနိုင်ပါ့မလား’
'တစ်ခုခုတော့ ဖြစ်ပြန်ပြီနေမှာ'
'ငါသေသွားသင့်တာ'
ချွန်းမြောင်က ခေါင်းမော့ပြီး ကောင်းကင်ကို မော့ကြည့်လိုက်၏။
"အိုးဘုရား... ငါ့ရဲ့ ဆရာတူအစ်ကိုကြီး..."
'ငါ့ကို ဒီလိုမြင်ရတာ… မင်းပျော်နေလား'
'အိုး'
သူ့ဆရာတူအစ်ကိုကြီး၏ ရယ်သံကို ကြားလိုက်ရသလို ခံစားလိုက်ရသည်။
သိပ်ကောင်းချင်ယောင်ဆောင်မနေပါနဲ့ လူယုတ်မာကောင်... အားလုံးကို ပေါင်းလိုက်ရင်တောင်မှ မင်းကိုရင်ဆိုင်ဖို့ ငါဖြတ်သန်းခဲ့ရတဲ့ နာကျင်မှုနဲ့ လားလားမှ မနီးစပ်သေးဘူး။
“အား”
ချွန်းမြောင်က အော်ရင်း နိုးလာလေသည်။ ထိုအချိန်တွင် ဂိုဏ်းခေါင်းဆောင်၊ အန်ဂန်းနှင့် အခြားသော အကြီးအကဲများမှာ ရောက်ရှိလာကြပြီဖြစ်သည်။
သူက ခေါင်းညိတ်ကာ ပြောလိုက်၏။
"ကျွန်တော် ဂိုဏ်းခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်"
“မဟုတ်ဘူး... အခုက ဒီလိုလုပ်နေရမယ့်အချိန်မဟုတ်ဘူး”
"အာ"
"ငါတို့နဲ့လိုက်ခဲ့... ဒါကို မင်းမြင်မှဖြစ်မှာ"
ဂိုဏ်းခေါင်းဆောင်က ချွန်းမြောင်ကို ဆွဲ၍ စတင်ပြေးလေတော့သည်။
ဂိုဏ်းခေါင်းဆောင်က သူ့လည်ပင်းကို ကိုင်ထားသောကြောင့် အခုအချိန်မှာ လေထဲမှာ ပျံနေသည့် ချွန်းမြောင်က သူတွေးမိသည့်အရာကြောင့် ပြုံးလိုက်၏။
'ဒီလူက အစွန်းရောက်လွန်းတယ်’
“ဟီးဟီးဟီး”
“ကြည့်”
“…”
"ဒါကို မင်း ငါ့ကို ဒီအတွက် ဘာလုပ်စေချင်လဲ"
ချွန်းမြောင်က သူ့ရှေ့ရှိ အိုးအကြီးကြီးကို စူးစူးရဲရဲ စိုက်ကြည့်နေလေသည်။
"ဒါကဘာလဲ"
"သေချာကြည့်... အထဲမှာ"
"အမ်"
ချွန်းမြောင်က အရှေ့သို့ တိုးပြီး အိုးအောက်ခြေကို လှမ်းကြည့်လိုက်၏။
"အာ... ဘာလို့ အိုးက အက်ကွဲသွားတာလဲ... တစ်ယောက်ယောက်က ထိုးလိုက်လို့လား"
“လက်သီးနဲ့ထိုးတာမဟုတ်ဘူး... ငါတို့က ချီကို အဲဒီထဲကို ထည့်လိုက်တာ"
"အာ... အိုးထဲကိုလား... ဓားထဲကို မဟုတ်ဘဲ အိုးထဲကိုလား... အိုးတွေကိုသုံးတဲ့ နည်းလမ်းသစ်တစ်မျိုးကို တီထွင်ဖို့ ကြိုးစားနေကြတာလား”
“မဟုတ်ဘူး”
ဟွမ်ဂျုံက စိတ်ပျက်သွားသလိုမျိုး သူ့ရင်ဘတ်ကို ထုရိုက်လိုက်၏။
ထို့နောက် သူ့ဘေးနားရှိ အန်ဂန်းက ရှင်းပြဖို့ ကြိုးစားလေသည်။
“ဒါက စိတ်ဝိညာဉ်တက်ကြွဆေး ဖော်တဲ့အချိန်မှာ အထူးခြားဆုံးလို့ ပြောလို့ရတဲ့ လုပ်ငန်းစဉ်ပါ... သေချာပေါက် ပစ္စည်းတွေက ရှားပါးပေမယ့် ဒါကတော့ မတူပါဘူး... နောက်ဆုံးအဆင့်က ဆေးကို ချီနဲ့ အပူပေးရမှာပဲ”
"...ဘာတွေများထူးခြားနေတာလဲ"
"လုပ်ငန်းလည်ပတ်ပုံ အတိအကျကို မသိပေမယ့် ဒါကိုလုပ်ရင် ချီက ဆေးလုံးထဲကို စိမ့်ဝင်ပြီး သန့်စင်သွားပုံရတယ်"
'အာ... အဲ့ဒီလိုလား'
‘ဘာ့ဆွန်းဆိုတဲ့လူက တော်တော်တော်တာပဲ'
"စိတ်ဝင်စားဖို့ကောင်းတယ် မဟုတ်လား"
“ဒါကြောင့် ငါတို့ရှေ့ဆက်လုပ်ပြီး အမှားတစ်ခုခုမလုပ်မိခင်မှာ စမ်းကြည့်ချင်လို့ ဂိုဏ်းခေါင်းဆောင်ကို အကူအညီတောင်းခဲ့တယ်... အိုးက ခံနိုင်ရည်မရှိဘူး… ဒါနဲ့ဆို ၃ ကြိမ်မြောက် ရှိနေပြီ”
“…”
"တကယ်လို့ ငါတို့ ဒါကို မစမ်းသပ်ဘူးဆိုရင် ပါဝင်ပစ္စည်းတွေအားလုံးကို ဖြုန်းတီးပစ်ရာကျလိမ့်မယ်"
"ဒါဆို အကုန်လုံးကို ထည့်လိုက်..."
ချွန်းမြောင်က ခေါင်းကုတ်လိုက်လေသည်။
"ဒါဆို အခြေခံအားဖြင့်တော့ ဆေးလုံး ဖော်စပ်ဖို့အတွက် ချီကို အိုးထဲ ထည့်ထားဖို့ လိုတယ်... ဒါပေမယ့် အဲဒီသံအိုးက ချီရဲ့အားကို ခံနိုင်ရည်မရှိဘူးပေါ့"
“ဟုတ်တယ်”
"ဒါဆို ချီဓာတ်ပါတဲ့ ဓားနဲ့ လုပ်လို့ မရဘူးလား"
“ချီနဲ့ပတ်သက်ရင် ဓားနဲ့အိုးတွေက တော်တော် ကွာခြားတယ်... အခြေခံအားဖြင့် ဓားဆိုတာ တိုက်ခိုက်ဖို့ပဲလေ... ဒါပေမယ့် အိုးတစ်လုံးနဲ့ဆို ဒီလိုမျိုး ချီက အလုပ်မဖြစ်ပါဘူး... ငါ ထန်စုစုကို မေးခဲ့ပေမယ့် ချီကိုလက်ခံနိုင်တဲ့ အိုးလုပ်ရတာ ခက်တယ်လို့ သူတောင် ပြောတယ်”
“အာ... ဒါဆို"
“ငါတို့ အေးတဲ့သံသတ္တုကို သုံးသင့်တယ်လို့ ထင်တယ်... ဒါပေမယ့် အဲဒါကို ရှာတွေ့ဖို့က ခက်ခဲတယ်... ဒီလောက်ကြီးတဲ့ အိုးကြီးတစ်လုံး လုပ်ဖို့ထက်တောင် အတော်လေး ခက်ခဲရှားပါးတယ်”
"...အိုးသေးသေးလေးတွေထဲမှာ လုပ်လို့မရဘူးလား"
အန်ဂန်းက ခေါင်းယမ်းလိုက်လေသည်။
“အဲ့ဒီလို လုပ်ဖို့ မစဉ်းစားဖူးပေမယ့် တစ်စုတည်းကို စနစ်တကျ လုပ်တာက ဆေးဖော်ဖို့ အကောင်းဆုံး နည်းလမ်းပါပဲ... ပမာဏက နည်းနည်းလေးပဲ ဖြစ်ဖြစ် ပြောင်းလဲသွားတာနဲ့ အကျိုးသက်ရောက်မှုက မသိနိုင်တော့ဘူး”
ဒါက ဆုပ်လည်းစူး စားလည်းရူးပဲ။
“ဒါဆို အဓိကအချက်က… အိုးထဲမှာ ထည့်ထားရမယ့် ချီဓာတ်ပမာဏများများကို ခံနိုင်ရည်ရှိလောက်အောင် ခိုင်ခံ့တဲ့ ပစ္စည်းကို ရှာရမှာပဲ”
“ဟုတ်တယ်”
ချွန်းမြောင်၏ မျက်နှာသည် တအုံ့နွေးနွေးဖြစ်လာတော့သည်။
'မဟုတ်သေးဘူး... ဒါဘာလဲ'
သူက ပြဿနာတစ်ခုကို ဖြေရှင်းပြီးမှ နောက်တစ်ခု ပေါ်လာပြန်သည်။ ထိုပြဿနာကို ဖြေရှင်းပြီးသောအခါ နောက်ထပ်ပြဿနာ ထပ်ပေါ်လာလိမ်ဦးမည်။
'ဒါက လုံးဝအဆင်မပြေဘူး... တစ်ယောက်ယောက်က ငါ့ကို သောက်ကျိုးနည်း တမင်တကာ နှောင့်ယှက်နေသလိုပဲ'
“မဟုတ်ဘူး... ကမ္ဘာကြီးထဲက ဘယ်နေရာမှာလဲ... အဲ့ဒီသံက"
ချွန်းမြောင်မှာ လေသင်တုန်းဖြတ်တော့မလို ခံစားလိုက်ရသော်လည်း ရုတ်တရက် ဟန့်တားလိုက်ပြီး ခေါင်းကို စောင်းလိုက်၏။
'ချီစွမ်းအားကို ခံနိုင်ရည်ရှိလောက်အောင် ထူးခြားတဲ့ သံ... ဒီလို အိုးမျိုးလုပ်ဖို့က မလုံလောက်လောက်ဘူးမလား'
'ဒါဆို ဥပမာ...'
"အရမ်းဟောင်းနေတဲ့ သံအေးနဲ့တူတဲ့ဟာ တစ်မျိုးလား"
"ဟုတ်တယ်... အဲ့ဒီလိုသံမျိုးထက် ပိုကောင်းတာ ဘာမှမရှိဘူး”
“…”
“လွယ်တော့ မလွယ်ဘူး... ဒါကြောင့် မင်းနဲ့ အရင်ပြောဖို့ ငါတို့ ဆုံးဖြတ်လိုက်ကြတာ... ဒါကို မြန်မြန်ပြီးအောင်လုပ်ဖို့ နည်းလမ်းကို မင်း စဉ်းစားနိုင်မလား”
'အာ...'
'မြန်မြန်'
“ဟူးဟူးဟူး”
ဟွမ်ဂျုံက ချွန်းမြောင် ရယ်နေသည်ကို မြင်လိုက်ရသဖြင့် သက်ပြင်းရှည်ကြီးကို ချလိုက်၏။
“ဟုတ်ပါတယ်... မင်း ဘယ်လောက်ပဲတော်တော် ဒီလို အဖိုးတန်ပစ္စည်းတွေကို ပမာဏအများကြီး မရနိုင်ဘူးလေ... အကြီးအကဲ ဟွမ် စကားပြောရအောင်…”
“ဒီနေ့”
"အာ"
"အာ ဒီနေ့တော့ မဟုတ်ဘူး... မနက်ဖြန် ယူလာပေးပါ့မယ်"
“…”
ချွန်းမြောင်က ထိုစကားကို ယုံကြည်မှုအပြည့်နှင့် ပြောနေသည်အား မြင်ရသဖြင့် ဟွမ်ဂျုံက အံ့ဩ ထိတ်လန့်သွားလေသည်။
"ဘာ... ဘာကို ယူလာမှာလဲ"
"အနှစ်တစ်ထောင် အေးခဲသံ"
“….”
"အဲ့ဒါကို အိုးလုပ်တဲ့ထဲ ထည့်လို့ရလား"
ဟွမ်ဂျုံနှင့် အန်ဂန်းတို့က ချွန်းမြောင်ကို ကြောင်တောင်တောင်လေးဖြင့် ငေးကြည့်နေကြလေသည်။
'ဒီကောင်တော့ စိတ်လွတ်သွားပြီလား'
သူတို့က ချွန်းမြောင်ကို မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် ကြည့်လိုက်ကြသည်။ သို့သော် ချွန်းမြောင်ကတော့ သူတို့၏ တုံ့ပြန်မှုကို မြင်သောအခါ ပြုံးရုံသာပြုးလိုက်၏။
'သံအေးလား'
‘ဟုတ်ပြီ... ပမာဏအများကြီးရနိုင်တဲ့ တစ်နေရာကို ငါသိပါတယ်'