အဲ့ဒါကို မပြောသေးပါနဲ့ဦး(၁)
Vol. 18 Ch. 246
"ပြီးပြီ"
“အိုး”
ဟွာဆန်းတပည့်များအားလုံးမှာ အတော်လေး မောပန်းနွမ်းနယ်ပြီး အားယုတ်ကုန်ကြလေသည်။ သူတို့ရှေ့တွင်ချထားသော ပိုးထည်ပေါ်တွင် ခရမ်းရောင်ဖျော့ဖျော့ အရောင်ရှိသော ဆေးပြားများကို သပ်သပ်ရပ်ရပ်စီချထားသည်။
“အာ…”
အံ့ဩတုန်လှုပ်သွားသော ဟွမ်ဂျုံက ထိုနေရာကို လှမ်းကြည့်၍ ဘာမှမပြောနိုင်ပေ။
"အခုက တကယ်ပြီးသွားပြီလား"
အန်ဂန်းက ဟွမ်ဂျုံ၏မေးခွန်းကြောင့် ခေါင်းညိတ်ပြလိုက်သည်။
လုံးဝကို မျက်တွင်းကျနေပုံပေါ်ပေမဲ့ ထိုပုံစံအောက်မှာတော့ ဖုံးကွယ်ထားလို့မရနိုင်သည့် မာန်မာနတစ်ခုရှိနေသော မျက်နှာမျိုးဖြစ်သည်။
“ဒါက ပြီးပြည့်စုံသွားပြီ... ကျွန်တော်တို့ ဖော်စပ်ဖို့ ကြိုးစားခဲ့တဲ့အရာနဲ့တော့ လုံးဝမတူပါဘူး... ဒါပေမယ့်…”
ဟုတ်ပေသည်။
အဘယ်ကြောင့်ဆိုသော် စိတ်ဝိညာဉ်တက်ကြွဆေးတွင် ခရမ်းရောင်အရောင် မရှိပေ။
"ဒါပေမယ့် ဒါကစိတ်ဝိညာဉ်တက်ကြွဆေးထက် ပိုပြီး အကျိုးအာနိသင်ရှိတာတော့ သိသာပါတယ်"
"အိုး'
ဟွမ်ဆန်းကတော့ ဆေးကိုကြည့်ရုံနှင့်ပင် စိတ်လှုပ်ရှားသလို ခံစားနေရသည်။
သို့ရာတွင် လောကကြီးတွင် စိတ်ခံစားမှုနောက်ကွယ်မှာ အကြောင်းပြချက်ရှာနေသည့်သူတွေက အမြဲရှိနေသည်။
"အဲဒါကို မင်းက ဘယ်လိုသိလဲ"
"အမ်"
အန်ဂန်းက ခေါင်းကို လှည့်ကြည့်လိုက်သောအခါ ဟွမ်ယုန်က သူ့ကို ထူးဆန်းနေသော မျက်လုံးများနှင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ဒါကိုကြည့်ရုံနဲ့ သူ့ရဲ့အာနိသင်ထိရောက်မှုကို မြင်နိုင်တယ်လား... ဒါကို လုံးဝ မင်း ဖော်စပ်ခဲ့တာမဟုတ်ဘူးလေ... ဆေးဖော်တာ ပြီးအောင်လည်း ချွန်းမြောင်ပဲ လုပ်ခဲ့တာလေ… ဒါဆို ဆေးရဲ့အာနိသင် ထိရောက်မှုကို မင်းက ဘယ်လိုလုပ် သေချာသိနိုင်မလဲ”
“အာ… အဲဒါက…”
အန်ဂန်းကစကားထစ်သွားရာ ဟွမ်ယုန်၏ သံသယများမှာ ပိုတိုးလာခဲ့သည်။
“မဟုတ်ဘူး…”
ထို့နောက် အန်ဂန်းက ကြွေးကြော်ဟစ်အော်လေသည်။
"အားးးး... ပုရွက်ဆိတ်မျက်လုံးနဲ့တောင် ဒီဆေးလုံးက ဘာအတွက်လဲဆိုတာ သိနိုင်တယ်... အစကတည်းက ကျွန်တော် လုပ်ခဲ့တဲ့ အချိန်တုန်းကတောင်မှ ကောင်းတဲ့အရာတစ်ခုမှန်း သိနေခဲ့တာ… ပြီးတော့ အခု မင်းပြောနေတာက ငါက ဆေးကို ပြီးအောင် မဖော်နိုင်ခဲ့ဘူးဆိုတော့ သူ့ရဲ့အကျိုးအာနိသင်ကိုပါ မဆုံးဖြတ်နိုင်ဘူးလို့ ပြောနေတာလား”
"ငါ... ငါ... မင်းကများ ဘယ်လိုလုပ် အော်ရဲရတာလဲ"
ချွန်းမြောင်အတွက်တော့ ဟွမ်ယုန်က ကမ္ဘာပေါ်မှာ အကြင်နာတတ်ဆုံးသူဖြစ်သည်။ သို့သော် တခြားသူတွေအတွက်တော့ ဟွမ်ယုန်က ကြောက်စရာကောင်းသည့် အကြီးအကဲတစ်ယောက်သာ ဖြစ်သည်။
ထို့ကြောင့် သူက မျက်လုံးများကို ဖွင့်ပြီး အန်ဂန်းကို စိုက်ကြည့်လိုက်သောအခါ ကြောက်လန့်သွားခဲ့သည်။
ဟွမ်ယုန်က ပြုံးပြီး သူ့ကို ဖျောင်းဖျလေသည်။
"သူပြောတာ မှားနေခဲ့လို့လား"
"ကျွန်တော်တို့ သူ့ကို တကယ်ပဲ စားခွင့်ပြုရမှာလား"
"တော်လောက်ပြီ... သူက ငါတို့ဂိုဏ်းအတွက် အခက်အခဲတွေ အများကြီးကို ရင်ဆိုင်ခဲ့ရတဲ့ ဆေးစပ်ခန်းမရဲ့ ခေါင်းဆောင် မဟုတ်ပါလား”
မကျေမနပ်ဖြစ်နေသေးသည့် အရိပ်အယောင်များရှိနေသေးသော်လည်း ဟွမ်ယုန်က ဟွမ်ဂျုံကို မလွန်ဆန်နိုင်သောကြောင့် ထိုကိစ္စကို လျစ်လျူရှုထားလိုက်၏။
ဟွမ်ဂျုံက အန်ဂန်းကို ကြည့်ပြီး ပြောလိုက်၏။
“ဟုတ်သား... အကျိုးသက်ရောက်မှုက ဘယ်လိုလဲ"
အန်ဂန်းက သက်ပြင်းချပြီး ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်သည်။
“နည်းနည်းလေးပဲ စားဖူးတာကြောင့် သေချာမသိပေမယ့် စိတ်ဝိညာဉ်တက်ကြွဆေးထက်တော့ မနိမ့်ဘူးဆိုတာ သေချာသလောက်ပါပဲ... ဆေးတစ်လုံးလုံး စားကြည့်လိုက်ရင်တော့ ကျွန်တော် သေချာပြောနိုင်မှာပါ... ဒါကြောင့် ကျွန်တော် နောက်တစ်လုံး ထပ်စား….”
“ ဆေးကဖော်လို့ ပြီးသွားပြီလေ... သူ့ရဲ့အာနိသင်ကို အခုမှ သိရင်လည်း ကျွန်တော်တို့ ဘာတတ်နိုင်တော့မှာလဲ”
“မဟုတ်ဘူး... ဆေးတစ်လုံးလောက်သာ…”
“…”
ဟွမ်ဂျုံက ဘာမှ မပြောဘဲ ဝါးလုံးကွဲ ရယ်မောလိုက်လေသည်။ ဆိုလိုသည်မှာ သူ့အတွက် နောက်ထပ် ဆေးတစ်လုံး သောက်ရန် ဘယ်တော့မှ အချိန်မရှိတော့မှာဟုပင်။
ထို့ကြောင့် သူ ဝမ်းနည်းသွားတာဖြစ်သည်။
“ဟုတ်သား… ဒါပေမယ့် ဆေးလုံးက စိတ်ဝိညာဉ်တက်ကြွဆေးထက် သေးတဲ့ပုံပဲ”
“ကျွန်တော်တို့က တပည့်တွေ အများကြီးအတွက် ကြိုးစားနေတာမို့ နည်းနည်းတော့ သေးငယ်မှ ဖြစ်မှာမို့ပါ”
“အမ် အဲ့ဒီလိုလား"
“ပါဝင်ပစ္စည်းပမာဏနည်းနေလို့ပါ... ပြီးတော့ တချို့ပစ္စည်းတွေက ရှားပါးပစ္စည်းတွေနဲ့ယှဉ်ရင် ရှာရလွယ်ပေမဲ့ ကျွန်တော်တို့ဆီမှာ ရှားပါးပစ္စည်းတွေက အများကြီးမရှိလို့ပါ"
“အမ် အဲဒါက နည်းနည်းတော့ ကံမကောင်းပေမယ့် အခုချိန်မှာတော့ ငါတို့လည်း မတတ်နိုင်ဘူးလေ”
ဟွမ်ဂျုံက ခေါင်းညိတ်လိုက်သည်။
ဒီလိုဆေးတစ်ဖုံကို နောက်တစ်ကြိမ် ဖန်တီးရန် ၎င်းတို့အတွက် အချိန်များစွာ ယူရမည်ဟု ဆိုလိုနေတာဖြစ်သည်။ သို့သော် ဟွမ်ဂျုံကတော့ နောင်တမရပေ။
'လောဘလွန်ကဲတာက ဘယ်တော့မှ မကောင်းပါ'
ယခုဆို ဤဆေး၏အဆင့်သည် အခြားဂိုဏ်းများက ဓားများဖြင့် သူတို့ကို ချိန်ရွယ်လာလောက်သည်အထိ လုံလောက်ပါသည်။ သူတို့ လိုချင်သလောက် များများ ဖော်စပ်နိုင်မည်ဟု မျှော်လင့်ခြင်းသည် အခြားမဟုတ်ဘဲ သိုလှောင်စုဆောင်းသူများကဲ့သို့ ပြုမူခြင်းသာဖြစ်သည်။
သူ့မှာရှိတာလေးကိုကြည့်ပြီး အလိုကြီးနေမယ့်အစား ပျော်ရွှင်နေသင့်တယ်မဟုတ်လား။
“အင်း…”
ဟွမ်ဂျုံက ချွန်းမြောင်ကို လှည့်၍ ကြည့်လိုက်လေသည်။
"ငါတို့ ကလေးတွေကို ခေါ်ပြီး ဒါကို သူတို့ကို ပေးလိုက်သင့်လား"
ချွန်းမြောင်က ခေါင်းယမ်းလိုက်သည်။
"မပေးသင့်သေးပါဘူး"
"ဟမ်"
ချွန်းမြောင်က ဟွမ်ဂျုံ၊ ဟွမ်ဆန်းနှင့် ဟွမ်ယုန်တို့အား ကြည့်လိုက်၏။
"အရာရာတိုင်းမှာ အရေအတွက်ဆိုတာရှိပါတယ်... ဒါပေမယ့် ခေါင်းဆောင်တို့သုံးယောက်က ဒါကို အရင်ယူရမယ်လေ"
“…”
သုံးယောက်သား အံ့အားသင့်သွားကြလေသည်။
"... ငါတို့က"
“ဟုတ်ကဲ့”
ချွန်းမြောင်က သူတို့ သုံးယောက်ဆီသို့ လျှောက်လာပြီး ဆေးသုံးလုံးယူကာ ပေးလိုက်လေသည်။
“အခု”
“…”
ဟွမ်ဂျုံက ပြုံးလိုက်၏။
“ငါတို့ကို တွေးပေးလို့ ကျေးဇူးတင်ပါတယ်... ဒါပေမယ့် ချွန်းမြောင် ငါတို့က အသက်ရှည်ရှည်နေရခဲ့ပြီမို့ ငါတို့အစား သေးသေးလေးကို စားရတာထက် ငါတို့တပည့်တစ်ယောက်က တစ်ခုပိုစားရတာ..."
“ခေါင်းဆောင်က ဒါကို ရဖို့အတွက် လုံလောက်အောင် အသက်ရှင်ခဲ့ပြီ... ခေါင်းဆောင် ဒီဆေးနဲ့ နောက်ထပ် အနှစ်တစ်ရာလောက် အသက်ရှင်ရမယ်လေ”
“…အာ”
“ဒါတွေကို ခေါင်းဆောင်ရဲ့တပည့်တွေဆီ ထားခဲ့ပြီး နောက်ဆုတ်နေဖို့ မစဉ်းစားပါနဲ့... ဒါကိုစားပြီး နောက်ထပ် အနှစ်၃၀လောက် အလုပ်ကြိုးစားပေးပါ”
“…”
‘ဒါက တပည့်ဝတ္တရား ကျေပွန်တာလား မကျေပွန်တာလားပဲ’
ဟွမ်ဂျုံပင် နားမလည်နိုင်ပေ။
"ငါတို့က…"
ချွန်းမြောင်က ခေါင်းယမ်းလိုက်သည်။
"ဂိုဏ်းချုပ်"
"အမ်"
“ဒါက ဘာမှ ကြီးကြီးမားမားတော့ မဟုတ်သေးပါဘူး”
“…”
ချွန်းမြောင်က စိတ်ပိုင်းဖြတ်ထားသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“အနာဂတ်မှာ ဟွာဆန်းက ပိုပိုပြီး အရများလာလိမ့်မယ်… ကျွန်တော်တို့တွေ ပိုပြီး အောင်မြင်လာလိမ့်မယ်... နောက်ပိုင်းမှာ ဒီလိုဆေးမျိုးက အသေးအဖွဲကိစ္စ ဖြစ်လာလိမ့်မယ်... ဒါကြောင့် အခြေအနေနဲ့အချိန်အခါရ လိုက်လျောညီထွေ နေပေးပါ”
“…”
“ဒါက အရမ်းမြောက်နေတဲ့ အရာမှမဟုတ်တာ”
“ဟီးဟီး... ဟုတ်တယ်... ဟုတ်တယ်... အမှန်ပဲ... ဟီးဟီးဟီး"
ဟွမ်ဂျုံက ဝါးလုံးကွဲ ရယ်လိုက်သောအခါ ဟွမ်ယုန်က ပြုံးပြီး ပြောလိုက်၏။
“ငါ ဒါကို နားလည်ပါတယ်... ငါတို့က ကိုယ့်အတွက်ကို မတွေးဘဲ နေလာခဲ့တာကြောင့်မို့ ဒီလိုမျိုး ထည့်စဉ်းစားရတာ တစ်မျိုးကြီးဖြစ်နေတယ်… ငါတို့က နာကျင်မှုနဲ့ အသားကျနေပြီလေ... တစ်သက်လုံး ဂျင်ဆင်းမြစ်လေး တစ်ခုတောင် မရခဲ့ဖူးဘူးလေ... ဒါပေမဲ့ ဆေးတစ်လုံးရဖို့ဆိုတာ ငါတို့တွေ တစ်ခါမှ မတွေးဖူးတဲ့ အရာတစ်ခုပဲ”
ဟွမ်ဆန်းက မျက်မှောင်ကြုတ်သည်။
"ကလေးကို မပြောသင့်တဲ့အရာတွေရှိတယ်လေ"
"ငါက ဘာများ ပြောလိုက်လို့တုန်း"
ဟာသလုပ်ရန် ရည်ရွယ်ထားခဲ့ပေမဲ့ ချွန်းမြောင်ကတော့ ပြုံးတောင်မပြုံးပေ။
သူ့ရင်ဘတ်က နာကျင်နေသလို ခံစားနေရသည်။
ချွန်းမြောင်က နှုတ်ခမ်းကို ကိုက်လိုက်လေသည်။
ဟွာဆန်း၏အဓိကအချက်မှာ များသောအားဖြင့် ချွန်းတပည့်များမဟုတ်ဘဲ ဘတ်တပည့်များဖြစ်သည်။
လက်ရှိဟွာဆန်းသည် သူတို့ကို ဟွာဆန်း၏အဓိကဖြစ်ရန် လိုအပ်နေသည်။
'ငါ့နှလုံးသားတော့ လောင်ကျွမ်းတော့မှာပဲ'
သူတို့အားလုံး ဟွာဆန်းကို ရောက်လာခဲ့ကြကတည်းက ဘဝတစ်လျှောက် အခက်ခဲများစွာ ကြုံကြရပြီး သူတို့၏ အဖွဲ့ဝင်တပည့်များကို ဂိုဏ်းထဲကနေ ဖြည်းဖြည်းချင်း ထွက်သွားကြသည်ကို ရေတွက်နေခဲ့ရသည်... တစ်ချိန်မှာတော့ ဟွာဆန်းမှာ ဗလာကျင်းအောင် ဘာမှ မရှိတော့သည်ကို တွေ့လိုက်ကြရသည်။ ချွန်းမြောင်အတွက်တော့ အလျှိုလျှို ထွက်သွားကြချိန်၌ ဒီနေရာမှာ နေရစ်ခဲ့သည့် သူများသည် လုံလုံလောက်လောက် နာကျင်ခဲ့ရပြီးပြီဖြစ်သည်။
ထို့ကြောင့်…
“ကျေးဇူးပြုပြီး သောက်လိုက်ပါ”
“မင်းစေတနာကို သိပါတယ်…”
“အာ... ဘာမှမဖြစ်ဘူးရယ်... ကျွန်တော့်မှာ ဘာမှပြောစရာမရှိဘူး... လာပါ သောက်လိုက်... ခင်ဗျားတို့မသောက်ရင် ဆေးတွေကို ထုချေပစ်မှာနော်”
ချွန်းမြောင်၏မျက်နှာ တည်တင်းပြတ်သားနေသည်။
ကြည့်ရတာ သူတကယ်ကို လုပ်မည့်ပုံပင်။
ဟွမ်ဂျုံက သူ့ကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် ဆေးကို ယူလိုက်လေသည်။
“ဒီအတိုင်းသာ သောက်လိုက်ပါ”
"ဂိုဏ်းချုပ်”
"တော်လောက်ပြီ"
ဟွမ်ဂျုံက တောက်ပစွာ ပြုံးလိုက်၏။
“ဒီဆေးလုံးကို အစကနေ အဆုံးထိ ချွန်းမြောင် လုပ်ထားတာမို့ ဒီကလေးမှာ ပေးပိုင်ခွင့်ရှိပါတယ်... ဒါကြောင့် ဒီဆေးကို ဖော်ခဲ့တဲ့လူရဲ့စကားကို ဘယ်လိုများ ငြင်းနိုင်ဦးမှာလဲ”
“…ဟုတ်တယ်”
“ဟီးဟီး... နောက်ဆုံးတော့ ငါ့တပည့်တွေဆီကနေ တပည့်ကျင့်ဝတ်ဖြည့်ဆည်းပေးတာကို ခံယူရမယ့်နေ့ ရောက်လာပြီပေါ့”
ဟွမ်ဂျုံက ပြုံးလိုက်လေသည်။
သူ့မျက်လုံးများမှာ နီရဲလာပေမယ့် သူပျော်နေတာတော့ သိသာသည်။
"ငါတို့ ဒါကို ဒီအတိုင်း စားလိုက်ရုံပဲလား"
အန်ဂန်းက ဖြေလိုက်၏။
“ဟုတ်ကဲ့... ဒါကို သောက်ဖို့အတွက် အထူးတလည် နည်းလမ်း မရှိပါဘူး”
“အမ် ဟုတ်သား... မြန်မြန်လေး ပြင်ဆင်ကြလေ”
“ဟုတ်ကဲ့”
ဟွမ်ယုန်နှင့် ဟွမ်ဆန်းတို့ကလည်း အခုမှပင် ချွန်းမြောင်ထံမှ ဆေးများ သွားယူလိုက်ကြသည်။
"အခုချက်ချင်း စားလို့ရပါတယ်"
အန်ဂန်းက သူတို့ကို ကြည့်ရင်း တံတွေးမျိုချလိုက်၏။ သူတို့ကို ဂရုတစိုက်နှင့် ပြောပြပေးပြီး တခြားဆေးများကို လုံခြုံအောင်ထားပြီးနောက် နောက်ပြန်ဆုတ်လိုက်၏။ ဆေး၏တည်နေရာကိုပြောင်းလဲခြင်းက ဆေးများကို ပျက်စီးစေမှာ စိုးနေခဲ့သည်။
“သောက်လိုက်ပါ …”
“အမ် ဟုတ်ပါပြီ”
ဟွမ်ဂျုံက သူ့လက်ထဲက ဆေးလုံးကို ခံစားချက်မျိုးစုံ ရောထွေးလျက် ကြည့်လိုက်ပြီး မျက်လုံးကိုမှိတ်၍ လည်ချောင်းထဲသို့ ထိုးထည့်လိုက်၏။
ထို့နောက် ဟွမ်ဆန်းလည်း အလားတူ လုပ်ကာ သူတို့နှစ်ယောက်စလုံး မျက်လုံးတွေကိုမှိတ်ပြီး ကျင့်ကြံပျိုးထောင်ကြလေသည်။
သို့သော် ဟွမ်ယုန်ကတော့ မသောက်ခဲ့ပေ။ ချွန်းမြောင်က သူ့ကို ကြည့်လိုက်၏။
"အကြီးအကဲက သောက်မှာမဟုတ်ဘူးမလား"
ဟွမ်ယုန်က သူ့စကားများကို အလေးထားပုံမပေါ်ပေ။ သူက ချွန်းမြောင်ကို ပြောလာ၏။
"ချွန်းမြောင်"
“ဟုတ်ကဲ့”
"ကျေးဇူးတင်ပါတယ်"
“….”
သူကြည့်ရတာ စိတ်ရင်းဖြင့် ပြောနေတာဖြစ်ပုံရသည်။
“ငါ ဒီစကားတွေ ပြောကိုပြောရမယ်... ကျေးဇူးတင်ပါတယ် ချွန်းမြောင်”
“…ခင်ဗျား ပြောချင်တာကို ပြောပြီးပြီပဲ... ကဲ ကျေးဇူးပြုပြီး သောက်လိုက်ပါတော့”
“မသောက်ဘူး”
ဟွမ်ယုန်က ခေါင်းယမ်းလိုက်လေသည်။
“တစ်ခါတလေမှာ အသံကျယ်ကျယ် ထုတ်ပြောဖို့လိုတဲ့ ကိစ္စတွေရှိတယ်... နှလုံးသားထဲမှာ သိမ်းထားလို့ မကောင်းတဲ့အရာတွေလည်းရှိတယ်”
“…”
"ကျေးဇူးတင်ပါတယ် ချွန်းမြောင်... မင်း ငါတို့ကို အများကြီး ပေးခဲ့ပါတယ်"
“အာ... ဒါကြီးက နေရခက်လိုက်တာ… သောက်လိုက်ပါတော့”
“ဟုတ်သားပဲ... ငါက သောက်လိုက်ရင် မင်းကို ဘယ်သူ့က ပေးတော့မှာလဲ"
ဟွမ်ယုန်က ချွန်းမြောင်ကို ဆက်ကြည့်နေလေသည်။
ဟွမ်ယုန်၏ မျက်လုံးများ...
ဟွမ်ယုန်၏မျက်လုံးများက ဤနေရာတွင် သူ၏ဂိုဏ်းချုပ်ဟောင်း၏ မျက်လုံးများကို သတိရမိစေသည်နှင့် တစ်ပြိုင်နက် သူ့မျက်လုံးများကို ဆက်မကြည့်တော့ဘဲ ချွန်းမြောင်က သူ့ပါးစပ်ကို ပိတ်လိုက်လေသည်။
ဟွမ်ယုန်က သူ့ကို ကြည့်ပြီးနောက် မျိုချလိုက်၏။ ဆေးလုံးက အရည်ပျော်လာသည်နှင့်အမျှ ဟွမ်ယုန်ကလည်း စတင်ကျင့်ကြံလေသည်။ သူ့ခေါင်းထဲတွင် အသံတိုးတိုးလေး တစ်ခုကို ကြားနေရသည်။
-မင်းက ငါ့ကို ကျေးဇူးတင်ရမှာ မဟုတ်ဘူး... ငါကသာ မင်းကို ကျေးဇူးတင်ရမယ့်သူပါ
'ဒါက ထင်ယောင်ထင်မှားဖြစ်နေတာလား’
သို့သော် သူ့မှာ စဉ်းစားဖို့ အချိန်မရှိပေ။ သူ နည်းမှန်လမ်းမှန်နှင့် ကျင့်ကြံရမည်။ ထိုသို့ဖြင့် ဟွမ်ယုန်မှာ လျင်မြန်စွာ စိတ်ဘဝင်ကျသွားလေသည်။
ချွန်းမြောင်က သူတို့သုံးယောက်စလုံး စိတ်နယ်ပယ်ထဲသို့ ရောက်သွားသည်အား ကြည့်ရင်း ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်လေသည်။ ဟွမ်ယုန် ပြောခဲ့တာကို ကြားလိုက်ရပြီးနောက် သူတို့ကို မကြည့်မိဘဲမနေနိုင်တော့ပေ။
‘ငါ တောင်းပန်ပါတယ်’
"ဟွာဆန်းကို ကာကွယ်ရမှာကို ပျက်ကွက်ခဲ့တယ်"
'ဟွာဆန်းကို အဆုံးထိ မကာကွယ်နိုင်ခဲ့ဘူး... ငါကယ်ခဲ့တာက ကန်ဟိုပဲ... ဟွာဆန်းကို မဟုတ်ဘူး'
နောက်ပြီး ဒီလူတွေကတော့ သူ ဟွာဆန်းကို မကာကွယ်နိုင်ခဲ့တဲ့အချိန်မှာ ကာကွယ်ပေးခဲ့ကြသူတွေ ဖြစ်သည်။
အတိတ်တုန်းက သူသေဆုံးသွားချိန်မှာ သူ့ထက်ငယ်တဲ့ သူတို့သုံးယောက်ကို စိတ်ဖိစီးမှုများကြောင့် အသက်ရွယ်ကြီးရင့်မှု ဒဏ်ကို ခံစားနေရသည်အား တွေ့လိုက်ရသည့်အခါ ချွန်းမြောင်၏နှလုံးသား စမ်းတဝါးဝါး ဖြစ်နေသည်ကို မရပ်နိုင်ခဲ့ပေ။
အကယ်၍ ချွန်းမြောင်သာ မသေခဲ့ပါက သူတို့တွေမှာ ဟွာဆန်း၏ ဂုဏ်ယူဖွယ်ရာ တပည့်များ ဖြစ်ပေလိမ့်မည်။
သို့သော် ချွန်းမြောင်က မကာကွယ်နိုင်ဘဲ သေဆုံးသွားခဲ့သည်။
သူမပါဘဲနှင့် ဟွာဆန်းကို ကာကွယ်ရသည်မှာ ဒီကလေးတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့သည့်… ဓားကိုင်ထားသည့် လက်များက အရေတွန့်လာခဲ့သည်။
ရည်မှန်းချက်များ ပြည့်နှက်နေသော သူတို့၏နှလုံးသားများသည် လက်တွေ့ဘဝ၏ တံတိုင်းကြီးရှေ့တွင် ခန်းခြောက်သွားကာ သူတို့၏အိပ်မက်များသည် ထိုအရာ၏ဖိအားအောက်တွင် မြုပ်သွားခဲ့ရသည်။
'တောင်းပန်ပါတယ်'
'ငါ မင်းတို့ကို မကာကွယ်နိုင်ခဲ့ဘူး'
'ငါက မင်းတို့တွေကို ခက်ခဲအောင် လုပ်ခဲ့မိတာ'
'ငါ…'
'မင်းတို့ဘဝထဲက ငယ်ရွယ်တက်ကြွမှုကို ငါ လုယူလိုက်မိတာ'
'ငါ…'
'မင်းတို့က တုံးလိုက်တာကွာ’
'ဟွာဆန်းက မင်းတို့တွေ ဒီမှာနေပြီး မင်းတို့ရဲ့ဘဝကို အဲဒီအတွက် မြှုပ်နှံဖို့ ဘာတွေများ လုပ်ပေးခဲ့လို့လဲ... သူများတွေလိုသာ ဒီနေရာကို စွန့်ပစ်ခဲ့မယ်ဆိုရင် မင်းတို့တွေ အဆင်ပြေပြေနေနိုင်လောက်မှာ'
‘ငတုံးတွေ’
‘အရူးတွေ’
‘ဒါကြောင့်’
'ငါ ပြန်ယူလာပေးမယ်'
'မင်းတို့မမက်ဖူးတဲ့အိပ်မက်ကို'
‘ကမ္ဘာကြီးကို တက်သုတ်နှင်ချင်တဲ့ မင်းတို့ရဲ့ဆန္ဒ’
'ငါ ဖြစ်အောင်လုပ်မယ်'
‘မင်းတို့ကို ဖျာပေါ်မှာ ဆက်ထိုင်ခိုင်းလို့ မရတော့ဘူး... မင်းတို့ ဘယ်ကိုပဲ သွားသွား အခုကစပြီး မင်းတို့ရဲ့ အရိပ်ဖြစ်ပေးမယ်’
‘ဒါကြောင့် ငါ့သားမြေးတွေ မပြောနဲ့ဦး’
'ကိုယ့်ကိုယ်ကို အသက်ကြီးပြီလို့ မပြောကြပါနဲ့... မင်းတို့တွေက ဘာနေနေ အဆင်ပြေတယ်လို့ မပြောကြနဲ့'
'အသက်ကြီးလာတာနဲ့ပဲ မင်းတို့အိပ်မက်တွေက ပျောက်ကွယ်သွားပြီလား'
'မင်းတို့ဆန္ဒတွေက မရှိတော့ဘူးလား'
'မဟုတ်ဘူး... အဲ့ဒီလို မဟုတ်ဘူး... ငါ ဒါကို ဘယ်သူ့ထက်ဆို ကောင်းကောင်းသိတယ်'
'မင်းတို့က စိတ်ရှည်ရှည်ထားပြီး ကိုယ့်ကိုကိုယ် လျစ်လျူရှုခဲ့ကြတယ်'
'မင်းတို့က မအောင်မြင်နိုင်တဲ့ အရာတွေကို အိပ်မက် ဆက်မမက်ကြတော့တာ’
'ငါက မင်းတို့ အိမ်မက်တွေ ပြန်မက်အောင် လုပ်ပေးမယ်'
ချွန်းမြောင်က မျက်လုံးတွေကို မှိတ်ထားလျက် မျက်တောင်များက တုန်ယင်သွား၏။
ထို့နောက် ဖြည်းဖြည်းချင်း လျှောက်ကာ ပြတင်းပေါက်အနီးတွင် မတ်တတ်ရပ်၍ ဝမ်းနည်းနေသော မျက်လုံးများဖြင့် ကောင်းကင်ကြီးကို မော့ကြည့်လေသည်။
‘ဆရာတူအစ်ကိုကြီး’
'ဂိုဏ်းချုပ် ဆရာတူအစ်ကိုကြီး’
'ကျွန်တော်…'
'ဟွာဆန်းအပေါ်မှာ အများကြီး အကြွေးတင်နေသေးတယ်'
‘ဆရာတူအစ်ကိုကြီး...'