← Chapters

ဒီလောက်ထိ ရက်ရက်ရောရော ပေးကမ်းဖို့ရာအတွက်(၁)

Vol. 18 Ch. 241

ဒီလောက်ထိ ရက်ရက်ရောရော ပေးကမ်းဖို့ရာအတွက်(၁)

Vol. 18 Ch. 241

ဟွာဆန်းပေါ်သို့ ဗုံးတစ်လုံး ပြုတ်ကျလာသကဲ့သို့ပင်။ဂိုဏ်းတစ်ဂိုဏ်းလုံး ဆူညံပွက်လောရိုက်သွားသည်။

"ဒါ ဘာသဘောလဲ... စီချွမ်မှာ ကုန်သည်အဖွဲ့တစ်ဖွဲ့ ထောင်မယ် ဟုတ်လား"

"ဘယ်လို... စီချွမ်ထန်မိသားစုက ထုလုပ်တဲ့ဓားတွေ ဒီကို ရောက်လာနေပြီတဲ့လား... ဒါဆို ငါတို့ဓားတွေကို ဘာလုပ်ကြမလဲ... ဂိုဏ်းတူညီအစ်ကိုတို့ရေ... အဲဒါတွေကို ကုန်လှောင်ရုံထဲမှာပဲ သိမ်းထားသင့်သလား"

“ယူနန်ကို သယ်သွားရမယ့် ဆန်တွေကရော... ဘယ်သူက စီစဉ်မှာလဲ”

အခြေအနေတစ်ခုချင်းစီက ဂိုဏ်းတစ်ခုလုံးကို ဂျွမ်းပြန်သွားစေလောက်အောင် အလေးအနက် ဖြစ်နေစေသည်။ တစ်ချိန်တည်းမှာပင် ဟွာဆန်းပေါ်တွင် ဒီလိုအရေးပေါ်ကိစ္စများစွာ ပုံကျလာသဖြင့် လုံး၀ ပရမ်းပတာ ဖြစ်နေကြတော့သည်။

"တောက်... ဒီကလေးတွေကတော့လေ"

ဂိုဏ်းထဲတွင် ပျားပန်းခတ်မျှ ရှုပ်ယှက်ခတ်နေသည်ကို မြင်လိုက်ရသောအခါ ဟွမ်ယုန်က ပြုံးလိုက်လေသည်။

"မင်း ဘာလို့ ဒီလောက် ဇာချဲ့နေတာလဲ"

"အကြီးအကဲ... ဒါက ကြီးကြီးကျယ်ကျယ် ကိစ္စမဟုတ်ဘူးလား... ကျွန်တော် ဂိုဏ်းထဲကို ဝင်လာပြီးကတည်းက ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူးလေ"

“အင်း... ဟုတ်သား... မရှိခဲ့ဘူးပဲ”

ဟွမ်ယုန်က ပို၍ပို၍ ပြုံးလာလေသည်။ ထိုအချိန်တွင် ပြုံးလွန်းအားကြီးသဖြင့် ပါးစပ်က နားရွက်တက်ချိတ်တော့မလို ဖြစ်နေသည်။

"ဒါပေမယ့် ဟွာဆန်းမှာ ငါတို့ရဲ့ ချွန်းမြောင်လေး ပြန်လာတာမဟုတ်လား"

“…”

'ငါတို့ချွန်းမြောင်'

ဘဏ္ဍာရေးအကြီးအကဲက ဒီလိုစကားလုံးတွေသုံးတာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူ့လေသံက...

“ဒါက အံ့သြစရာတော့ မရှိပါဘူး... ဒါက တကယ်ကို ဘာမှမဟုတ်သေးဘူး... နောက်ထပ် အံ့အားသင့်စရာတွေ အများကြီး ရှိလာတော့မှာ... ဒါကို ဘာလို့ အခုကတည်းက ပုံကြီးချဲ့နေရတာလဲ”

အန်ဘန်းတစ်ယောက် ဘာမှပြန်မပြောနိုင်တော့ပေ။ ဟွမ်ယုန်၏မျက်နှာမှာ အရမ်းပျော်နေပုံ ပေါက်နေသည်ကို မြင်လိုက်ရသဖြင့် သူလည်း မတတ်နိုင်တော့။ ထိုပျော်ရွှင်မှုကို ဖျက်ဆီးလိုက်ခြင်းက တပည့်တစ်ယောက်အတွက် လုပ်သင့်သောအရာ မဟုတ်ပေ။

ချောက်…

ထိုအချိန်တွင် ဘဏ္ဍာရေးရုံးခန်း တံခါးမကြီး ပွင့်လာပြီး ခြင်းတောင်းကြီးတစ်လုံးနှင့် တပည့်တစ်ဦး ဝင်လာလေသည်။

"ဘဏ္ဍာရေးအကြီးအကဲ... ကျွန်တော် အဲ့ဒါကို ယူလာခဲ့ပါပြီ"

“အိုး”

ဟွမ်ယုန်က ထိုတပည့်ဆီသို့ ခုန်ပေါက်ပြေးသွားလေသည်။

ခြင်းတောင်းကြီးပေါ်မှ အဝတ်ကို ဖယ်လိုက်သောအခါ ငါးရှဉ့်ကောင်ကြီးများ၊ လျှော်ပင်များနှင့် ချည်နှောင်ထားသော ကြက်များကို မြင်လိုက်ရသည်။

"...ဒါ... ဒါက ဘာတွေလဲ"

"သူတို့ ယူနန်ကို သွားရတာ ပင်ပန်းနေလောက်ပြီမို့ ကြက်စွပ်ပြုတ်လိုမျိုး ကောင်းတာတစ်ခုခု ကျွေးရင် သူတို့တွေ ပိုသက်သာမှာ မဟုတ်ဘူးလား"

"ဒါပေမယ့် ကြက်စွပ်ပြုတ်ထဲမှာ ငါးရှဉ့်မပါဘူးလေ"

"ဘာလဲ... ဘာလို့လဲ"

“…”

“…”

အန်ဘန်းက နှစ်ကြိမ်ခန့် ချောင်းဆိုးလိုက်လေသည်။

‘အခု ဒါက အရေးမကြီးပါဘူး’

“အာ... မဟုတ်တာ... ဟွာဆန်းက အသားစားတာကို တားမြစ်မထားဘူးလေ... အသားစားမှ ကလေးတွေ ကောင်းကောင်းမွန်မွန် အရွယ်ရောက်လာမှာပေါ့... တာအိုကျင့်ကြံသူတွေလို့ ခေါ်နေကြပေမဲ့ သူတို့က ကလေးတွေပဲ ရှိသေးတာလေ”

"ကောင်းပါတယ်... ဒါကို စားလို့ သေရမယ်ဆိုရင်တောင် သေပျော်ပါတယ်... သူတို့လည်း ပျော်ကြမှာပါ”

'အနည်းဆုံးတော့ ကျွန်တော်တို့ ငါးရှဉ့်ရဲ့ ဆန္ဒကို နားထောင်သင့်တာ မဟုတ်ဘူးလား'

'အကြီးအကဲ... ဒီလိုမျိုးတွေ လုပ်နေတာ တကယ် အဆင်ပြေရဲ့လား'

ထိုအတွေးများကို လျစ်လျူရှုထားသော ဟွမ်ယုန်က တီးတိုးလေး ပြောလိုက်၏။

“ကလေးတွေက သေလုမြောပါး ပင်ပန်းနေတဲ့ မျက်နှာတွေနဲ့ ပြန်လာခဲ့တာမဟုတ်ဘူးလား... ချွန်းမြောင်ကို ကောင်းကောင်း ကျွေးမွေးပြီး ပျိုးထောင်မှ ဟွာဆန်းလည်း တိုးတက်လာမှာပေါ့”

"အကြီးအကဲက သူတို့ကို အပျင်းထူအောင် လုပ်နေတာလား"

“အမ်”

"ကျွန်တော့်မြေး အရွယ်တွေကိုတောင် ဒီလိုမျိုး လုပ်ပေးမှာ မဟုတ်လောက်ဘူး"

"မင်းရဲ့မြေးတွေနဲ့ ချွန်းမြောင်ကို မင်း ဘယ်လိုများ နှိုင်းယှဉ်ရဲရတာလဲ"

'အကြီးအကဲမှာ အဖြေမရှိပါဘူး... ဒါကြောင့် အော်နေတာ ရပ်လိုက်ပါတော့'

“ဘာပဲဖြစ်ဖြစ် မင်းတို့လူတွေက ဒါတွေကို ဂရုစိုက်ထားကြ... ငါ့မှာ တခြားလုပ်စရာတွေ ရှိသေးတယ်"

"ကျ... ကျွန်တော်တို့ကလား"

“ဟုတ်တယ်လေ”

ဟွမ်ယုန်က တပည့်၏စကားကို နားမထောင်ဘဲ လှည့်ထွက်သွားလေသည်။ ထို့နောက် တက်ကြွစွာဖြင့် မီးဖိုချောင်ဆီသို့ ဦးတည်သွား၏။

ဒါကိုမြင်သော အန်ဘန်းက ထိတ်လန့်သွားပုံရပြီး ပြုံးလျက်နှင့် သက်ပြင်းကို အသာချလိုက်၏။

'ဒါကို သူက အတော်လေး သဘောကျနေတာပဲ'

အတိတ်တုန်းက ဟွမ်ယုန်အကြောင်း တွေးမိသောအခါ သတိရမိသမျှ သက်ပြင်းတွေချည်း အဆက်မပြတ် ချနေမိလေသည်။

ဟွမ်ယုန်၏ နေ့စဉ်ဘဝမှာ တစ်နေ့လုံး စာအုပ်များဖတ်ခြင်း၊ သက်ပြင်းချလိုက်၊ တွေးတောလိုက်၊ သက်ပြင်းပြန်ချလိုက်နှင့်သာ ကုန်ဆုံးခဲ့သည်။ နဖူးမှာ အရေးအကြောင်းများ ရှိနေပြီး မျက်လုံးတွေလည်း ချိုင့်ဝင်နေခဲ့သည်။

သူသည် ဟွာဆန်းမှ လူများကို ကျွေးမွေးရန် ဝန်ပိပြီး ကိုယ်အလေးချိန် ကျနေသူတစ်ဦးဖြစ်သည်။

ထိုသူမှာ အန်ဘန်း မှတ်မိသော ဟွမ်ယုန်ဖြစ်သည်။

ထို့ကြောင့် သူပျော်ပြီး ပြုံးနေတာမြင်ရလျှင် အန်ဘန်းမှာ စိတ်သက်သာရာ ရမိသည်။

'အများကြီး ပြောင်းလဲသွားပြီပဲ'

လွန်ခဲ့သည့် နှစ်နှစ်အတွင်းတွင် ဂိုဏ်းတစ်ခုလုံး ပြောင်းလဲသွားသလို ခံစားရသည်။ သူကိုယ်တိုင်တောင် ပြောင်းလဲသွားပြီဟု ခံစားရ၏။ ဟွမ်ယုန်က ဒီလို ပြုံးနေခဲ့တာ ဘယ်အချိန်တုန်းက နောက်ဆုံးများလဲ။

“ဟွန်း... ကောင်းပါပြီ”

ဟွမ်ယုန်က ချွန်းမြောင်ကို သဘောကျမှန်း သူသိပါသည်။ ဟွမ်ယုန် ဟွာဆန်းကို စဝင်ကတည်းက ခစားခဲ့သည့် အန်ဘန်းအပေါ်ထက်တောင် ပိုပါသေးသည်။

သို့သော် ထိုကလေးကို သဘောမကျရသည့် အကြောင်းရင်းမှာ သူလုပ်သမျှ အရာအားလုံးသည် နောက်ဆုံးတွင် ဟွာဆန်းကို ကူညီပေးခဲ့တာဖြစ်ကြောင်း သိနေသောကြောင့် ဖြစ်သည်။

“တပည့်တို့... ကျွန်တော်တို့ ဘာလုပ်ကြမလဲ"

"ဒါကို ငါတို့ဘာသာ တကယ် လုပ်ရမှာလား"

အန်ဘန်းက တပည့်များ အံ့အားသင့်သွားသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်၏။

"တွန့်ဆုတ်မနေနဲ့"

“ဒါပေမယ့်…”

"ငါတို့က နောက်ပြန်ဆုတ်ရမှာလား... ဆေးစပ်ခန်းမက အလုပ်များနေမှန်း သိနေတာတောင်လား"

“အာ…”

'ဆေးစပ်ခန်းမ' ဟူသော စကားလုံး ဝင်လာသောအခါ တပည့်များအားလုံးက ခေါင်းညိတ်ကာ သဘောတူကြလေသည်။ ထို့နောက် သူတို့က သနားကြင်နာသော မျက်လုံးများဖြင့် ဆေးစပ်ခန်းမဘက်သို့ ကြည့်လိုက်ကြသည်။

"ခရမ်းရောင် ဂျင်ဆင်း နှစ်ခု အပြည့်"

"နှစ်ခု အပြည့်"

တစ်စုံတစ်ခုကို ဖြတ်တောက်နေသံအား သူတို့ ကြားနေရသည်။ ညွှန်ကြားချက်များကို နားထောင်ကြည့်ရုံဖြင့်ပင် အမှားသေးသေးတစ်ခုတောင် မရှိရလေအောင် အရာအားလုံးကို ဂရုတစိုက် ကိုင်တွယ်နေကြကြောင်း သိသာပေသည်။

“ပြီးပါပြီ”

"လာယူလှည့်"

“ဟုတ်ကဲ့”

ဆေးစပ်ခန်းမထဲမှ အဖွဲ့ဝင်တစ်ယောက်က အစိတ်အပိုင်းလေးများကို ပြေးယူလာလေသည်။

"ဒီမှာပါ"

ဆေးစပ်ခန်းမ၏ အကြီးအကဲ အန်ဂန်းက တပည့်၏လက်ထဲမှ ဆေးစပ်မည့်ပစ္စည်းများအား ယူလိုက်သည်။ ထို့နောက် ၎င်းတို့ကို ချိန်ခွင်ပေါ်တွင် ဂရုတစိုက် တင်လိုက်၏။ ချိန်ခွင်က ဂဏန်းအမှန်ကို ပေးလာသည်နှင့် အန်ဂန်းက စစ်ဆေးပြီး ပြောလိုက်၏။

"ငါ့ဆီကို နှစ်လျန်လောက် ယူလာဖို့ ပြောနေတာလေ... ပြီးတော့ မင်းက လေးပိုင်း ဖြတ်ထားတယ်... မင်းမျက်လုံးတွေက အလှတပ်ထားတာလား"

“အာ... မဟုတ်ပါဘူး... အဲဒါက…”

"ဘာဖြစ်သွားနိုင်လဲဆိုတာ မင်းသိလား... မင်းကြောင့် သေရေးရှင်ရေးက... မဟုတ်ဘူး... ဒီဆေးက အချိုးအစား မမှန်ဘူးဆိုရင် မင်းက တာဝန်ယူမှာလား... စိတ်ပျက်စရာကောင်းတဲ့ ငတုံးပဲ”

ဒေါသက မီးတောက်များကဲ့သို့ ပေါက်ကွဲထွက်လာကာ ထိုနေရာရှိ အမှုထမ်းအားလုံးမှာ ခေါင်းငုံ့နေကြလေသည်။

"ကျွန်တော်တို့မှာ အပြစ်ရှိပါတယ်"

“တပည့်တစ်ယောက်က တစ်ခုလေးတောင် မတိုင်းတာနိုင်ဘူးလို့ ပြောနေတာလား”

"ဟ... ဟုတ်... ကျွန်တော့်ချိန်ခွင်ပေါ်မှာက အဲဒါက နှစ်လျန်ပဲ ရှိတာပါ"

"ဘယ်လို"

အန်ဂန်းက ဒေါသထွက်နေပုံရသည်။

သို့သော် သူ ဘာမှပြန်မပြောရသေးခင် သူတို့အနောက်မှ အသံတစ်ခု ကြားလိုက်ရသည်။

"ချိန်ခွင်တွေက အရမ်းဟောင်းနေပြီဆိုတော့ ဂဏန်းအမှန်ပြမယ့်ပုံ မပေါ်ဘူး"

"အာ"

အန်ဂန်းက ခေါင်းကို လှည့်ကြည့်လိုက်လေသည်။

သူ့ရှေ့တွင် ထန်စုစုသည် ဟွာဆန်း၏ ဝတ်စုံဖြင့် ချိန်ခွင်များကို ကြည့်နေလေသည်။

“ပြဿနာက ချိန်ခွင်တွေက ဟောင်းနေပြီး မတူညီတဲ့ ဂဏန်းတွေပဲ ဆက်ပြနေတာကြောင့်ပါ... ကျွန်မတို့က တွက်ချက်မှုအားလုံးအတွက် ချိန်ခွင်တစ်ခုတည်းကို အသုံးပြုရမယ်... ဒါမှမဟုတ် ချိန်ခွင်အားလုံးကို အစားထိုးဖို့ လိုပါတယ်"

"အမ်... ဒီလိုလား"

“ဟုတ်ကဲ့... အရေးကြီးဆုံးအရာက အချိုးအစားပါ... ဒါပေမဲ့ ကျွန်မတို့က ဂဏန်းအတူတူ မပြတဲ့ ချိန်ခွင်တွေကို သုံးနေရင် ဒီလိုမျိုးအမှားတွေ ရှိလာနိုင်ပါတယ်”

“အမ်... ဒါပေမယ့် ချိန်ခွင်တစ်ခုတည်းကိုသုံးရင် အချိန်အများကြီး ယူရလိမ့်မယ်”

အန်ဂန်းက ခေါင်းယမ်းလိုက်လေသည်။

"ဟွာအန်းကိုဆင်းပြီး ချိန်ခွင်အသစ်တွေ ချက်ချင်း ဝယ်လိုက်ပါ... အခုချက်ချင်းနော်... ငွေကို ဘဏ္ဍာရေးအကြီးအကဲက ပေးလိမ့်မယ်”

“ဟုတ်ကဲ့... ဒါဆို ချိန်ခွင်တွေက…”

"ဘာလဲ... ဘာလဲ... အကုန်လုံးကို လဲလိုက်စမ်းပါ... အဟောင်းတွေကို တစ်ခုလေးတောင် ကျန်မနေစေနဲ့... အခုပဲ သွားဝယ်လိုက်ပါ... ပြီးတော့ ဂဏန်းမှန်တာတွေပဲ ဖြစ်ပါစေ"

“ဟုတ်ကဲ့”

အမှုထမ်းများက နောက်ထပ်တစ်ခါ အအော်မခံချင်သောကြောင့် အလန့်တကြားနှင့် ချက်ချင်း ပြေးထွက်သွားကြလေသည်။

အန်ဂန်းက မျက်နက်လှန်ပြပြီး အော်လိုက်၏။

“အားလုံး နားထောင်ကြ”

“ဟုတ်ကဲ့”

ခန်းမထဲက အဖွဲ့ဝင်များမှာ ထိတ်လန့်နေသော မျက်နှာများဖြင့် တုံ့ပြန်နေကြသည်။ သူတို့နဖူးပေါ်မှ ချွေးများကလည်း ရွှဲရွှဲစိုနေကြသည်။

"ဟွာဆန်းရဲ့ ကံကြမ္မာက ချိန်ခွင်လျှာပေါ်ကို ရောက်နေတာ... တစ်ယောက်ယောက်က ကိုယ့်တာဝန်ကို နည်းနည်းလောက်လေးဖြစ်ဖြစ် လစ်လျူရှုထားရင် မင်းတို့ကို ငါတို့ရောက်နေတဲ့ ကြောက်စရာအကောင်းဆုံး တောင်ထိပ်ကနေ ပစ်ချပစ်မယ်... နားလည်ကြလား"

“ဟုတ်ကဲ့”

အန်ဂန်းက သူ့အင်္ကျီလက်ကို မြှောက်လိုက်ပြီး နဖူးပေါ်က ချွေးများကို သုတ်လိုက်၏။

'ကျွတ်... ဒါက လွယ်တော့မလွယ်ဘူး'

ဟုတ်ပါသည်။ ဆေးဖော်စပ်သည့် လုပ်ငန်းစဉ်က ခက်ခဲလှသည်။ ဒီအတွက် အထူးတလည် လေ့ကျင့်ပေးမှု မရှိမှန်း လူတိုင်းသိကြပြီးဖြစ်သည်။ ထို့ကြောင့် ပါဝင်ပစ္စည်းများကို မှန်ကန်သော ပမာဏနှင့် တိုင်းတာပြီး ယာဆွန်းပေးခဲ့သည့် နည်းနာကို လိုက်နာရမှာ ဖြစ်သည်။

ပါဝင်ပစ္စည်းများကို ကိုယ်တိုင်တိုင်းတာသောအခါတွင် စိတ်ဖိစီးကာ ပြဿနာတက်ရသည်။

စိတ်ဝိညာဉ်တက်ကြွဆေးသည် အလွန်အနုစိတ်သောကြောင့် အချိုးအဆအနည်းငယ်ပြောင်းလဲမှုသည် ဆေး၏ထိရောက်မှုကို သိသိသာသာ ကျဆင်းသွားစေနိုင်သည်။

‘‘ယူနန်ကနေ သူတို့ယူလာခဲ့တဲ့ ဆေးပင်တစ်မျိုးပဲ... တစ်ခုလောက်လေး မအောင်မြင်ရင်ကို ငါသည်းခံမှာ မဟုတ်ဘူးနော်’

အန်ဂန်းက အသက်ပြင်းပြင်း ရှူလိုက်လေသည်။

‘ငါတို့နဲ့ အဲဒီကလေးက အတူရှိနေသေးလို့ တော်သေးတယ်’

ဟွာဆန်းမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ အတွင်း ဆေးတစ်လုံးမှ မဖော်စပ်ခဲ့ဖူးပေ။ တစ်နည်းဆိုရသော် ဟွာဆန်းမှ ထွက်လာသော ဆေးဟူ၍ မရှိပေ။

သို့သော် အန်ဂန်းသည် ဂိုဏ်း၏ ဆေးစပ်ခန်းမတွင် မည်သို့မည်ပုံ ပြုလုပ်ရသည်ကို သင်ယူခဲ့ရပြီး ယခုအကြိမ်သည် သူ၏လက်ဖြင့် အလွန် အရေးကြီးသောဆေးကို ဖော်စပ်သည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

'နည်းနာတစ်ခုလုံးကို ပြောမပြနိုင်ပေမဲ့...'

သို့သော် သူ အခုချိန်ထိတော့ ထန်စုစု၏အကြံဉာဏ်ကို အကူအညီဖြစ်သည်ဟု ယူဆထားလျက် သူမအကြံပေးသည့်အတိုင်း လိုက်လုပ်ချင်နေဆဲဖြစ်သည်။

စိတ်ဝိညာဉ်တက်ကြွဆေးသည် ပြုလုပ်ရန် ခက်ခဲကြောင်းကိုလည်း သိခဲ့ရပြီး... နောက်ထပ် တခြားပြဿနာတစ်ခုလည်း ရှိနေသေးသည်။

“လူ... လူရှိကြလား...”

“….”

တံခါးပွင့်လာပြီး ဟွမ်ဂျုံက ဟွမ်ဆန်းနှင့်အတူ ဝင်လာခဲ့သည်။

"ကျွန်တော် ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်"

ဆေးစပ်ခန်းမ၏ အဖွဲ့ဝင်များအားလုံးက ဦးညွှတ်လိုက်ကြပြီး ဟွမ်ဂျုံက ပြုံးလျက် ခေါင်းညိတ်ပြလေသည်။

“ရတယ်... ရတယ်... အားလုံးက အလုပ်ရှုပ်နေကြမှာပဲ... ဒါပေမယ့် ငါက ဒီကို ဒါတွေကို ကြည့်ဖို့ပဲ လာခဲ့တာ မဟုတ်ပါဘူး"

အန်ဂန်းက ဟွမ်ဂျုံကို ကြည့်လိုက်လေသည်။

'ဂိုဏ်းချုပ်'

'ဒီနေ့တစ်နေ့တည်းတင် ဒီကို ရောက်လာခဲ့တာ ဒါ ခြောက်ကြိမ်မြောက်ပဲ ရှိပြီ'

‘အကြိမ်တိုင်း တံခါးဖွင့်မယ့်အစား ဟိုနားက ကုလားထိုင်ပေါ်မှာ ဘာလို့ ထိုင်မနေရတာလဲ’

“ဟူးဟူးဟူးဟူး... ဒါက တော်တော် ဒုက္ခများပါတယ်... သိပ်တော့ မထူးပါဘူး…”

ဘေးပတ်ပတ်လည်ကို ကြည့်နေပုံရသည့် ဟွမ်ဂျုံက အောက်သို့ ငုံ့ကြည့်လိုက်၏။

"လူတိုင်းက အရမ်းအလုပ်များပြီး အာရုံမစိုက်နိုင်ကြတဲ့ပုံပဲ... ဒါပေမယ့် ကြမ်းပြင်ပေါ်မှာ ဖုန်တွေ အရမ်းတက်နေတာ မဟုတ်ဘူးလား"

“…အမ်”

“ဆေးကို မသန့်ရှင်းစေမယ့် အရာတွေကို ရှောင်ရှားချင်ပါတယ်... ပြတင်းပေါက်ကို ဖွင့်ထားရင် ပိုးမွှားတွေလည်း ဝင်လာနိုင်ပါတယ်”

“အာ… ဟုတ်သား”

“အဟမ်း... ပြီးတော့... ကိုယ့်မှာရှိသမျှ ပါဝင်ပစ္စည်းတွေ အားလုံးက ဖွင့်ထားရင် အစိုဓာတ်ကြောင့် ပြောင်းလဲသွားနိုင်တယ်”

အန်ဂန်းက တိတ်ဆိတ်သွားလေသည်။

‘ဒါလည်း ခြောက်ကြိမ်မြောက်ပဲ’

'အလုပ်လုပ်နေစဉ်နဲ့ မလုပ်ခင်မှာ သန့်ရှင်းရေးလုပ်ခိုင်းဖို့ ငါ့နေရာကို တကျည်ကျည်လာ ပြောနေတာ ခြောက်ခေါက်လောက် ရှိနေပြီ’

'ဟင်းးးး'

“ဂိုဏ်းချုပ်…”

"အမ်... အဲဒါ ဘာလဲ"

“ကျ… ကျွန်တော် ကောင်းကောင်း ဂရုစိုက်လိုက်ပါ့မယ်”

"အာ... အဲ့ဒီလို မဟုတ်ပါဘူး... ငါက မင်းကို အထင်မြင်သေးလို့ရော တခြားဘာကြောင့်မှ မဟုတ်ပါဘူး... ငါက ဒီအတိုင်း အသက်လည်း အရမ်းကြီးပြီး ပူပန်စရာတွေ များနေလို့ပါ"

ဟွမ်ဂျုံ ရှက်ရွံ့နေသည်ကို မြင်သောအခါ အန်ဂန်းက သူ့မျက်လုံးများကို မှေးကျဉ်းကြည့်လိုက်၏။

'ဒီလိုထက် ကျိန်ဆဲခံလိုက်ရတာက ပိုကောင်းဦးမယ်'

ထိုလူက ထပ်ခါထပ်ခါ ဝင်လာပြီး ဆင်ခြေတစ်ခုတည်းကိုပဲ အသုံးပြုနေသဖြင့် ထူးဆန်းသလို ခံစားလာရသည်။

“ဟုတ်ပြီ ဒါနဲ့ … ဆေးလုံး... ဆေးလုံးကို ပြီးပြည့်စုံအောင် ဖော်စပ်နိုင်ဖို့ အချိန် ဘယ်လောက် ကြာမလဲ”

“၁၀ ရက်ပါ”

"အဲ့... အဲ့ဒီလိုလား"

ဟွမ်ဂျုံက မျက်မှောင်ကြုတ်လိုက်လေသည်။

သူ့မျက်နှာက 'မဟုတ်သေးပါဘူး... ငါ့အသက်က အပ်ချည်မျှင်ပေါ် တွဲလောင်း ချိတ်ထားရသလိုပဲလေ... ဒါပေမယ့် မင်းက ငါ့ကို နောက်ထပ် ၁၀ရက်လောက် ထပ်စောင့်စေချင်သေးတာလား' ဟူ၍ ပြောနေပုံပေါ်သည်။

သူ့မျက်နှာကနေ အန်ဂန်းအား ဒီလိုမျိုး မေးနေပုံရသည်။

“ဂိုဏ်းချုပ်... ဆေးအများစုက ပြင်ဆင်ဖို့အတွက် အနည်းဆုံး ၄၉ရက်နဲ့ အနှစ်သာရနဲ့ ပြည့်စုံဖို့အတွက် နောက်ထပ် ၄၉ရက် ကြာပါတယ်... ဒါပေမဲ့ အခြားသူတွေနဲ့မတူဘဲ ကျွန်တော်တို့ဆေးက ဖော်စပ်ရတဲ့ လုပ်ငန်းစဉ် ရိုးရှင်းတာကြောင့် အချိန်သိပ်မကြာတာပါ"

"ဟုတ်... ဟုတ်လား"

ဟွမ်ဂျုံ၏ မျက်နှာသည် တောက်ပလာလေသည်။

"ကျွန်တော်တို့ သူ့ထဲမှာရှိတဲ့ ချီကို စစ်ဆေးရမှာပါ... ပြီးတော့ အဲဒါက ဆေးထဲက ချီကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးမှ ဖြစ်မယ့်ကိစ္စပါ... ဒါကြောင့် ကျေးဇူးပြုပြီး… ကျေးဇူးပြုပြီး”

“အဟမ်း... ဟု... ဟုတ်ပါပြီ... ငါက တစ်ခုခုများ ကူညီနိုင်တာ ရှိလားလို့ တွေးနေမိတာ…”

"ကျွန်တော် ကိုယ်တိုင်ပဲ လုပ်လိုက်ပါ့မယ်"

"ကောင်း... ကောင်းပါပြီ"

ဟွမ်ဂျုံက ရှက်ရွံ့သော မျက်နှာဖြင့် တစ်ချက်လှည့်ကြည့်ကာ အကြိမ်ပေါင်းများစွာ အပြင်းအထန် ချောင်းဆိုးလေသည်။

“ဟုတ်တယ်... လူတိုင်းက အလုပ်ကြိုးစားကြပါတယ်”

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်"

ဟွမ်ဂျုံက ဝမ်းနည်းညှိုးငယ်သော မျက်နှာဖြင့် ထွက်သွားလေသည်။

တံခါးပိတ်လိုက်သည်နှင့် အဖွဲ့ဝင်များထဲမှ တစ်ယောက်က ပြောလိုက်၏။

"သူ့မှာ မျှော်လင့်ချက်ကြီးကြီး ထားနေတဲ့ပုံပဲ"

“ဟုတ်တယ်... ကြည့်ရတာ…”

စဉ်းစားကြည့်။ ဒီကိစ္စက ဘယ်လောက် ကြီးလိုက်သလဲ။ ဟွမ်ဂျုံ ဒီလိုလုပ်နေတာက တကယ်ကို မထူးဆန်းပါဘူး။

သူ ဒါကို နားလည်နိုင်ပေမယ့် အနှောင့်အယှက်တစ်ခု ဖြစ်နေတုန်းပင်။ ဆေးဖော်စပ်ရန် အောင်မြင်အောင် ကြိုးစားနေသူတွေကို စိတ်ဖိစီးအောင် ဒါမှမဟုတ် ဖိအားပေးရန် မတတ်နိုင်ကြပေ။

“အားလုံး စိတ်လျှော့ထားကြပါ... ငါတို့ ကျရှုံးလို့မရဘူး”

“ဟုတ်ကဲ့”

“ဟွာဆန်းရဲ့ အနာဂတ်အတွက် ငါတို့ မအောင်မြင်လို့မရဘူး…”

အန်ဂန်းက ထိုစကားများကို ဂုဏ်ယူစွာ ပြောလိုက်၏။

“စဉ်းစားကြည့်ပါဦး... ဒီအတွက်နဲ့ ချွန်းမြောင်က ယူနန်ကို ခရီးထွက်ခဲ့တာလေ”

“ဟုတ်ကဲ့”

“…ပြီးတော့ ဒီကိစ္စသာ ကျရှုံးခဲ့ရင် သူ ယူနန်ကို နောက်တစ်ကြိမ် ပြန်သွားရလိမ့်မယ်”

“…”

လေထုသည် အေးခဲသွားလေသည်။

"သူသွားလိမ့်မယ်လို့ မင်းတို့ထင်လား... အဲ့ဒီ ချွန်းမြောင်က သွားမယ်လို့များ မင်းတို့ ထင်နေလား"

“…သူ သွားမှာ မဟုတ်ဘူး”

သူတို့အားလုံး အရူးတစ်ယောက်လို မျက်နက်လန်ကာ သူတို့၏ ဆေးစပ်ခန်းမပတ်လည်တွင် ချွန်းမြောင် ပြေးလွှားသောင်းကျန်းနေသည့် မြင်ကွင်းကို အမှတ်ရလိုက်ကြသည်။

သူတို့ ခန္ဓာကိုယ်များမှာ တုန်လှုပ်သွားကြသည်။

'ငါတို့ အောင်မြင်မှဖြစ်မယ်'

'ငါတို့သေရင်တောင် အောင်မြင်ရမယ်'

အားလုံးက ပစ္စည်းများကို အာရုံစူးစိုက်၍ ကြည့်နေကြလေသည်။

အန်ဂန်း၏အကြည့်များမှာ အထင်သေးနေပုံရသည်။

'ဒီနေရာက ဟာတွေ အကုန်လောင်းထည့်လိုက်'

ယခုအခါ ဆေးစပ်ခန်းမသည် တောက်လောင်နေသော စိတ်အားထက်သန်မှု မီးလျှံများနှင့် ပြည့်နှက်နေပေတော့သည်။

All Chapters