အခန်း (၂၀၄၁-၂၀၄၂)
Vol. 145 Ch. 2041-2042
အခန်း(၂၀၄၁)
“သေစမ်း”
နွားလားက ကွေးယွီရှန်းကို ပုဆိန်ဖြင့် တိုက်ခိုက်လိုက်ပြီးနောက် အသက်ရှူဖို့ပင် အခွင့်အရေးတစ်စုံတစ်ရာ မပေးခဲ့ပေ။
သူက ပုဆိန်ကို မြှောက်ကာ ကွေးယွီရှန်းကို ထပ်မံ ခုတ်ချလိုက်သည်။
ကွေးယွီရှန်းက သူ၏ ခန္ဓာကိုယ် အတွင်းမှ မငြိမ်မသက် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီးနောက် ထပ်မံ တိုက်ခိုက်လာသော နွားလားကို ကြည့်ကာ ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
လက်ရှိအခြေအနေတွင် သူက နွားလား၏ ပြိုင်ဘက် လုံးဝမဟုတ်ပေ။
ထို့အပြင် နွားလား၏ နံဘေးတွင် နွားလားထက်ပင် ပို၍ အစွမ်းထက်သော ရန်သူ တစ်ဦးလည်း ရှိနေခဲ့၏။
ထို့ကြောင့် ဤနေရာတွင် ဆက်ရှိနေလျှင် အမှန်တကယ် ကျဆုံးသွားနိုင်သည်ဟု သူတွေးမိခဲ့၏။
“နွားလား မင်းငါ့ကို စောင့်နေပါ.. ဒီနေ့ကိစ္စအတွက် ငါကွေးယွီရှန်း မင်းကို လုံးဝမကြေဘူး”
စကားဆုံးသည်နှင့် ကွေးယွီရှန်းက သူ၏ နောက်လိုက်များ ဖြစ်သည့် တောင်ဝိညာဥ် မျိုးနွယ်စုများကို လျစ်လျူရှုကာ အနက်ရောင်အလင်း အဖြစ်သို့ ပြောင်းလဲသွားပြီး လျင်မြန်စွာပင် ထွက်ပြေးသွားခဲ့သည်။
“ဒီကွေးယွီရှန်းက အတော်လေး အပြေးမြန်တာပဲ”
လျင်မြန်စွာ ထွက်ပြေးသွားသော ကွေးယွီရှန်းကို ကြည့်ရင်း နွားလားက ခေါင်းခါရမ်းကာ ရေရွတ်လိုက်သည်။
သူနှင့် ကွေးယွီရှန်းတို့ နှစ်ဦးစလုံးသည် မြေကြီးအရှင် နှောင်းပိုင်း အဆင့်တွင် ရှိကြပြီး ခွန်အားများလည်း သိပ်မကွာခြားကြပေ။
ယခု ကွေးယွီရှန်းက ဒဏ်ရာ အပြင်းအထန် ရရှိထားသော်လည်း ကွေးယွီရှန်းကို တားမြစ်ရန်မှာ သူ့အတွက် မလွယ်ကူပေ။
ကွေးယွီရှန်းကိုသာ အပြင်းအထန် ဖိအားပေးလိုက်၍ ကွေးယွီရှန်းက အသက်အန္တရာယ်ကိုပင် ဂရုစိုက်မနေတော့ဘဲ သူသေကိုယ်သေ တိုက်ခိုက်လာခဲ့လျှင် သူ့အနေဖြင့် ကိုင်တွယ်နိုင်မည် မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေကာမူ ကွေးယွီရှန်း ထွက်ပြေးသွားပြီ ဖြစ်၍ မြေကြီးအရှင်အဆင့် ကျင့်ကြံသူ၏ ဦးဆောင်မှု ကင်းမဲ့သွားပြီဖြစ်ရာ တောင်ဝိညာဥ် မျိုးနွယ်စုဝင်များသည် ဒုက္ခဆင်းရဲနှင့် ကြုံတွေ့ရတော့မည် မဟုတ်ပါလား။
နွားလားက နွားလား မျိုးနွယ်စုဝင်များကို ဦးဆောင်ကာ ဦးဆောင်သူ ကင်းမဲ့နေသည့် တောင်ဝိညာဥ်မျိုးနွယ်စုဝင်များကို ရက်ရက်စက်စက်ပင် သတ်ဖြတ်ပစ်ခဲ့သည်။
တောင်ဝိညာဥ် မျိုးနွယ်စုဝင်များ၏ နာကျင်စွာ အော်ဟစ်သံများသည် အဆုံးမရှိ ထွက်ပေါ်နေခဲ့၏။
ဤသည်မှာ လုံးဝ တစ်ဖက်သတ်ဆန်သော သတ်ဖြတ်မှု ဖြစ်သည်။
မြေကြီးအရှင်အဆင့် ကျင့်ကြံသူ ဖြစ်သည့် နွားလား၏ ဦးဆောင်မှုအောက်တွင် နွားလားမျိုးနွယ်စုသည် တောင်ဝိညာဥ် မျိုးနွယ်စုကို အလျင်အမြန်ပင် အနိုင်ရခဲ့သည်။
ထိတ်လန့်တကြား ထွက်ပြေးသွားသော တောင်ဝိညာဥ်မျိုးနွယ်စု အနည်းငယ်မှ လွဲ၍ အများစုသည် နွားလား မျိုးနွယ်စု၏ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုများအောက်တွင် သေဆုံးသွားခဲ့ကြသည်။
“တောင်ဝိညာဥ် မျိုးနွယ်စုကို ဖျက်ဆီးရာမှာ အကူအညီပေးတဲ့အတွက် နွားလား မျိုးနွယ်စုရဲ့ ခေါင်းဆောင် ဖြစ်တဲ့ ကျွန်တော် နွားလားက ကျေးဇူးတင်ပါတယ်”
နွားလားက တောင်ဝိညာဥ် မျိုးနွယ်စုများကို သတ်ဖြတ်ပြီးနောက်တွင် နွားလား မျိုးနွယ်စုမှ လူများကို တိုက်ပွဲစစ်မြေပြင်အား စတင်ရှင်းလင်းရန် အမိန့်ပေးခဲ့သည်။
သူကမူ ကျန်းချန်ဆီသို့ တိုက်ရိုက် လာရောက်ခဲ့ပြီး ယဥ်ကျေးစွာဖြင့် ဂါဝရပြုကာ ကျေးဇူးတင်စကား ပြောကြားလိုက်၏။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ခေါင်းဆောင်နွားလား.. ဒီလောက်ထိ ကျွန်တော့်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး.. ကျွန်တော်က ခေါင်းဆောင်နွားလားရဲ့ နွားလားမျိုးနွယ်စုကို တမင်တကာ ကူညီခဲ့တာ မဟုတ်ပါဘူး.. ဒါက ကွေးယွီရှန်း ကျွန်တော့်ကို မထီမဲ့မြင်လာလုပ်လို့ ဖြစ်သွားတဲ့ ကိစ္စပါ”
“ဘယ်လိုပဲဖြစ်ဖြစ် သခင်လေးက ကျွန်တော်တို့ နွားလားမျိုးနွယ်စုအပေါ်မှာ ကျေးဇူးရှိသွားပါပြီ.. ကျွန်တော် သခင်လေးကို အသေအချာလေး ပြုစုချင်လို့ ကျွန်တော်နဲ့အတူ နွားလားမျိုးနွယ်စုဆီကို လိုက်ခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်”
နွားလားက ကျန်းချန်ကို စိတ်ရင်းဖြင့် ဖိတ်ခေါ်လိုက်သည်။
“ကောင်းပါပြီ.. ငါလိုက်ခဲ့ပါ့မယ်”
ကျန်းချန်က ဟန်လုပ်နေခြင်းမရှိဘဲ တစ်ခါတည်းပင် ခေါင်းညိတ်လိုက်သည်။
“ကျွန်တော်က မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေကို အခုမှ ပထမဆုံးအကြိမ် ရောက်လာခဲ့တာပါ.. ကျွန်တော့်ဆီမှာ ခေါင်းဆောင်နွားလားကို အကူအညီ တောင်းချင်တဲ့ ကိစ္စတစ်ခု ရှိပါတယ်”
မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေသည် အလွန်တရာကျယ်ပြန့်ပြီး ကျန်းဝူကောင်းကင်နယ်မြေထက် မနိမ့်ကျပေ။
ထိုသို့ ကျယ်ဝန်းသော နယ်မြေတွင် သူ့ဆရာကို ရှာဖွေရန်အတွက် သူ့ကိုယ်သူသာ အားကိုးနေခြင်းသည် အလွန်တရာ ခက်ခဲသော အလုပ် ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
နွားလားမျိုးနွယ်စုသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ အစွန်အဖျားရှိ အားနည်းသော မျိုးနွယ်စုမျှသာ ဖြစ်သော်လည်း မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေတွင် တစ်နှစ်ပတ်လုံး နေထိုင်ကြ၍ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ အခြေအနေကို ပိုမိုကောင်းမွန်စွာ သိရှိထားကြသည်။
ထို့ကြောင့် ကျန်းချန်က နွားလားမျိုးနွယ်စု ထံကနေ သူ့ဆရာ၏သတင်း အချက်အလက် တချို့ကို ရရှိနိုင်မလား တီးခေါက်ချင်ခဲ့သည်။
---------------
ကျန်းချန်က နွားလားနှင့်အတူ နွားလား မျိုးနွယ်စုသို့ လိုက်ပါသွားစဥ်တွင် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ အစွန်အဖျားရှိ မှောင်မိုက်သော ချိုင့်ဝှမ်းတစ်ခု၏ အပြင်ဘက်တွင် ဆန်းကြယ်သော နေရာလွတ် လှိုင်းလုံး တစ်ခုသည် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
မကြာမီမှာပင် ဒဏ်ရာ အပြင်းအထန် ရရှိထားသော ကွေးယွီရှန်း၏ ပုံရိပ်သည် နေရာလွတ်ထဲကနေ လျှပ်တစ်ပြက် ထွက်ပေါ်လာခဲ့သည်။
“အနက်ရောင်မြူတောရဲ့ အပြောင်းအလဲတွေက သူတောင်စင် ကောင်းကင်နတ်ဘုရားအဆင့် ကောင်လေးနဲ့ တစ်ခုခု ပတ်သက်နေမှာ သေချာသလောက်ပဲ”
ကွေးယွီရှန်းက စိတ်ပျက်လက်ပျက် ညည်းညူလိုက်သည်။
ထိုကောင်လေးသာ သူတော်စင် ကောင်းကင်နတ်ဘုရားမှန်း သိလျှင် ထိုကောင်လေးကို မထီမဲ့မြင် ပြဿနာရှာမိမည် မဟုတ်ပေ။
ယခုအခါတွင် သူက ထွက်ပြေးလာနိုင်ခဲ့သော်လည်း တိုက်ပွဲစစ်မြေပြင်၌ ကျန်ရစ်ခဲ့သည့် သူ၏ တောင်ဝိညာဥ်မျိုးနွယ်စုဝင်အများစုသည် အသက်ရှင်လျက် ပြန်လာနိုင်မည် မဟုတ်ပေ။
ဆိုရလျှင် ဤတစ်ကြိမ် တိုက်ပွဲတွင် တောင်ဝိညာဥ် မျိုးနွယ်စုသည် ကြီးကျယ်သော ဆုံးရှုံးမှုများကို ရရှိခဲ့သည်။
“ငါ ဒီအကြောင်းကို ဝိညာဥ်ဝါးမျိုသူ နတ်မျိုးစုဆီ အလျင်အမြန် သတင်းပို့ရမယ်.. ဒီကောင်လေးနဲ့ နွားလားမျိုးနွယ်စုကို ကိုင်တွယ်ဖို့အတွက် ဝိညာဥ်ဝါးမျိုးသူ နတ်မျိုးနွယ်စုရဲ့အင်အားကို အသုံးပြုဖို့ပဲ ရှိတော့တယ်”
ကွေးယွီရှန်း၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့ပြီး သူ၏ ပုံရိပ်သည် ချိုင့်ဝှမ်းအလယ်ရှိ အနက်ရောင်ခန်းမထဲတွင် ပေါ်လာခဲ့သည်။
သူက ပင်မခန်းမဆောင်၏ အလယ်ရှိ နတ်ရုပ်ထု ရှေ့တွင် ထိုင်ချလိုက်ပြီး ဆန်းကြယ်သော လက်ဟန်တစ်ခုကို အလျင်အမြန်ပင် ထုတ်ဖော်လိုက်သည်။
ခဏအကြာတွင် နတ်ရုပ်ထု၏ အထက်၌ အနက်ရောင်လေများ ပျံ့နှံ့လာခဲ့ပြီး ကွေးယွီရှန်း၏ ဝိညာဥ်ကို တုန်လှုပ်စေလောက်သည့် ကြောက်မက်ဖွယ်ရာကောင်းသော ဖိအားသည် ခန်းမဆောင်အတွင်း ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့သည်။
ထို့နောက်တွင် ရုပ်တုထံမှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာခဲ့၏။
“ကွေးယွီရှန်း.. မင်းငါ့ကို ဆက်သွယ်ဖို့ အတော်လေး စိတ်အားထက်သန်နေတာ ဆိုတော့ ကြည့်ရတာ အနက်ရောင်မြူသစ်တောရဲ့ အကြောင်းကို ရှာတွေ့ခဲ့ပြီထင်တယ်”
ထိုစကားကိုကြားလျှင် ကွေးယွီရှန်းက တလေးတစားဖြင့် ပြန်ဖြေလိုက်သည်။
“အရှင်.. ဒီအစေခံက သဲလွန်စတချို့ကို ရှာတွေ့ခဲ့ပါတယ်.. အနက်ရောင်မြူသစ်တောရဲ့ အပြောင်းအလဲတွေက သူတော်စင် ကောင်းကင်နတ်ဘုရား တစ်ပါးနဲ့ ဆက်စပ်နေလောက်တယ်”
“သူတော်စင် ကောင်းကင်နတ်ဘုရားလား”
နတ်ရုပ်ထုက အေးစက်စက် ရေရွတ်လိုက်သည်။
“မဖြစ်နိုင်ဘူး.. သူတော်စင်ကောင်းကင် နတ်ဘုရား တစ်ပါးက အနက်ရောင်မြူသစ်တောမှာ ရှိတဲ့ ဝိညာဥ်တွေကို ဘယ်လိုလုပ်ပြီး သတ်ဖြတ်နိုင်မှာလဲ”
“ဘယ်လို.. အနက်ရောင်မြူသစ်တောရဲ့ ဝိညာဥ်တွေအားလုံး အသတ်ခံလိုက်ရတယ်.. ဟုတ်လား”
ကွေးယွီရှန်း ထိတ်လန့်သွားခဲ့သည်။
ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု အတွက် အနက်ရောင်မြူသစ်တောကို စောင့်ကြပ်ပေးသည့် ကွေးယွီရှန်းသည် အနက်ရောင်မြူသစ်တော၏ အကြောင်းနှင့် ပတ်သက်၍ ကောင်းစွာ သိရှိထားခဲ့သည်။
ဝိညာဥ်ဝါးမျိုးသူ နတ်မျိုးနွယ်စုမှ မိစ္ဆာဝိညာဥ်များသည် သတ်၍ မသေနိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။
ယခု ၎င်းတို့ကို တစ်စုံတစ်ယောက်က သတ်ဖြတ်ခဲ့သည် ဖြစ်ရာ ထိုလူသည် နတ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်နိုင်ပါသလော။
“ကျွန်တော့်အမြင်အရ အနက်ရောင်မြူသစ်တောရဲ့ဖြစ်စဥ်က သူတော်စင် ကောင်းကင်နတ်ဘုရား မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေထဲကို ဝင်ရောက်လာတဲ့ အချိန်မှာ ဖြစ်ပျက်သွားခဲ့တာပါ.. ဒီကိစ္စကို သူတော်စင် ကောင်းကင်နတ်ဘုရားက မလုပ်ခဲ့ဘူး ဆိုရင်တောင် သူနဲ့ ကြီးကြီးမားမား ပတ်သက်နေမှာတော့ သေချာတယ်”
ကွေးယွီရှန်းက လေးနက်စွာ ပြောလိုက်သည်။
“သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်က အင်အားစုကြီးတွေရဲ့ အထွတ်အထိပ် ပါရမီရှင်အဆင့် ဆိုတော့ သူတို့ဆီမှာ ဆန်းကြယ်တဲ့ နည်းစနစ်တွေ ရှိနိုင်လောက်တယ်.. ဒီနည်းစနစ်တွေနဲ့ အနက်ရောင်မြူသစ်တောက ဝိညာဥ်တွေကို သတ်ဖြတ်သွားတာ ဖြစ်နိုင်တယ်”
ကွေးယွီရှန်း၏ စကားဆုံးသည်နှင့် နတ်ရုပ်ထုထံကနေ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ကွေးယွီရှန်း.. သူတော်စင် ကောင်းကင်နတ်ဘုရားကို စောင့်ကြည့်ထားပါ.. ငါတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုရဲ့ ကိစ္စတွေကို ဖျက်ဆီးရဲမှတော့ ငါတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုက သူ့ကို အသေသတ်ပစ်ရလိမ့်မယ်”
အခန်း(၂၀၄၁)ပြီး၏။
အခန်း(၂၀၄၂)
နွားလားက ကျန်းချန်နှင့် ကျီလင်ဝေတို့ကို ခေါ်ဆောင်ကာ နွားလားမျိုးနွယ်စု ဆီသို့ ပြန်ရောက်လာပြီးနောက်တွင် ကျန်းချန်တို့နှစ်ဦးကို ဧည့်ခံရန် အတွက် ကြီးကျယ်ခမ်းနားသော ပွဲတော်ကို ပြင်ဆင်ရန် အမိန့်ပေးခဲ့သည်။
ကျန်းချန်က အခြေအနေကို ကြည့်လိုက်ပြီးနောက်တွင် အချိန်မဖြုန်းတော့ဘဲ နွားလားကို တိုက်ရိုက်ပင် ပြောလိုက်သည်။
“ခေါင်းဆောင်းနွားလား.. ကျွန်တော် ဒီတစ်ခေါက် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေကို လာရောက်ရတဲ့ အဓိက ရည်ရွယ်ချက်က လူတစ်ယောက်ကို ရှာချင်လို့ပါ”
“သခင်လေးကျန်းချန်က ဘယ်သူ့ကို ရှာချင်လို့လဲ”
နွားလားက သူ၏ ရင်ဘတ်ကို လက်ဖြင့် ခပ်ကြမ်းကြမ်းပုတ်ကာ ပြောလိုက်သည်။
“ကျွန်တော်တို့ နွားလားမျိုးနွယ်စုက မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေရဲ့ အစွန်အဖျားမှာ နေထိုင်တဲ့ မျိုးနွယ်စုငယ်လေး ဆိုပေမဲ့ အင်အားတချို့တော့ ရှိပါသေးတယ်.. လူတစ်ယောက်ကို ရှာဖွေဖို့လောက်က မခက်ခဲပါဘူး”
ထိုစကားကို ကြားလျှင် ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှုရှိုက်ကာ ပြောလိုက်သည်။
“ကျွန်တော်ရှာနေတဲ့သူက ကူရွှယ်သောင်းလို့ခေါ်တယ်.. မကြာသေးခင်ကမှ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေထဲကို ဝင်ရောက်လာတာလို့ သိရတယ်.. ခေါင်းဆောင်းနွားလား ကူရွှယ်သောင်းရဲ့အကြောင်းကို ကြားမိသလား သိပါရစေ”
“ကူရွှယ်သောင်းလား.. ဒီနာမည်ကို တစ်နေရာရာမှာ ကြားဖူးသလိုပဲ”
နွားလားက မျက်မှောင်ကို ခပ်တင်းတင်းကြုတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ကျန်းချန်ကို ပြောလိုက်သည်။
“သခင်လေးကျန်းချန် စိတ်မပူပါနဲ့.. ကျွန်တော့်ကို ရက်အနည်းငယ်ပဲ အချိန်ပေးပါ.. သခင်လေးကျန်းချန်အတွက် ဒီလူရဲ့ သတင်းကို စုံစမ်းပေးပါ့မယ်”
နွားလား၏ စကားကိုကြားလျှင် ကျန်းချန်က ဂါဝရပြုကာ ပြောလိုက်သည်။
“ဒါဆိုရင် ခေါင်းဆောင်နွားလားကိုပဲ အားကိုးလိုက်တော့မယ်”
“ဒါက ဘာမှ အပန်းမကြီးပါဘူး.. သခင်လေးကျန်းချန် အားမနာပါနဲ့”
နွားလားက သူ၏ လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
ထို့နောက်တွင် သူက ကျန်းချန်နှင့် စကားအနည်းငယ် ထပ်မံပြောဆိုပြီးနောက် ကျန်းချန်တို့နှစ်ယောက် နေထိုင်ရန်အတွက် သူ၏ လူများကို စီစဥ်ခိုင်းလိုက်သည်။
သူတို့ နေထိုင်ရန်အတွက် နွားလားမျိုးနွယ်စု၏ ဧည့်သည်ဆောင်တွင် စီစဥ်ပေးသော နွားလား မျိုးနွယ်စုဝင် ထွက်ခွာသွားပြီးနောက်၌ ကျီလင်ဝေသည် ကျန်းချန်ကို မေးမြန်းလိုက်သည်။
“အစ်ကိုကျန်းချန်.. အစ်ကို ကျန်းချန် ရှာနေတဲ့ ကူရွှယ်သောင်းက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကနေ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့တဲ့ နတ်ဘုရားသားတော်လား”
“ဟုတ်တယ် ငါရှာနေတာ သူပဲ.. ငါ မဟာမြေရိုင်း နယ်မြေမှာရှိစဥ်က သူက ငါ့ရဲ့ဆရာ ဖြစ်ခဲ့တယ်”
“လင်ဝေ.. မင်းကို ကြည့်ရတာ ငါ့ဆရာအကြောင်းကို သိထားပုံပဲ”
ကျန်းချန်က ကျီလင်ဝေကို ကြည့်ကာ မေးလိုက်သည်။
“ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကနေ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့တဲ့ နတ်ဘုရားသားတော်က ရုတ်တရက် ပြန်လည်ရောက်ရှိလာခဲ့တယ်.. ဒီကိစ္စက နတ်ကုန်းမြေတိုက်ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး သတင်းတစ်ပုဒ် ဆိုတော့ ကျွန်မလည်း နည်းနည်းပါးပါးတော့ ကြားဖူးထားပါတယ်”
ကျီလင်ဝေက ခပ်တိုးတိုးပြောလိုက်သည်။
“ဒါ့အပြင် ကျွန်မ သူ့ကို မြင်ဖူးတယ်”
ကျီလင်ဝေ၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“လင်ဝေ.. မင်းတကယ်ပြောတာလား”
“ကျွန်မရဲ့ခွန်အားက အားနည်းတဲ့အတွက် မျိုးနွယ်စုတစ်ရာတောရိုင်းနယ်မြေထဲကို ခေါ်ဆောင်ဖို့ ဘယ်သူကမှ ခေါ်ဆောင်ဖို့ ဆန္ဒမရှိကြဘူ.. ဒါကြောင့် ကျွန်မက မျိုးနွယ်စုတစ်ရာတောရိုင်းနယ်မြေရဲ့ အပြင်ဘက်မှာ အချိန်အတော်အကြာ စောင့်ဆိုင်းနေခဲ့ရတယ်.. လွန်ခဲ့တဲ့ တစ်လလောက်က မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေထဲကို ကောင်းကင်အရှင်အဆင့်ကျင့်ကြံသူတွေ ဝင်ရောက်သွားခဲ့ကြတယ်.. အရင်ဆုံး ဝင်ရောက်သွားတဲ့သူက ဒဏ်ရာအပြင်းအထန်ရထားတဲ့ ကောင်းကင်အရှင်အဆင့် အဘိုးအိုတစ်ယောက်ပဲ.. သူ့ရဲ့နောက်က လိုက်နေတဲ့ ကောင်းကင်အရှင် နှစ်ပါးကတော့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ ဝတ်စုံတွေကို ဝတ်ဆင်ထားကြတယ်”
ကျီလင်ဝေက သူမ ယခင်က မြင်တွေ့ခဲ့သော အကြောင်းကို ကျန်းချန်အား ပွင့်ပွင့်လင်းလင်းပင် ပြောပြခဲ့သည်။
ထိုသတင်းကို ကြားလျှင် ကျန်းချန်၏ မျက်နှာသည် တမဟုတ်ချင်း ခက်ထန်သွားခဲ့သည်။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ နှစ်ယောက်၏ အမဲလိုက်ခြင်းကို ခံနေရသော ပုဂ္ဂိုလ်သည် သူ၏ ဆရာ ရွှယ်သောင်း ဖြစ်နိုင်ခြေ အများဆုံးဖြစ်၏။
ယခု သူ့ဆရာက ဒဏ်ရာအပြင်းအထန် ရရှိထားရုံသာမက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ကောင်းကင်အရှင်အဆင့်ကျင့်ကြံသူ နှစ်ယောက်၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံနေရသည်။
သူ့ဆရာ၏ အခြေအနေက အလွန်တရာ ဆိုးရွားနေနိုင်သောကြောင့် သူ့ဆရာကို အမြန်ဆုံး ရှာဖွေရလိမ့်မည် ဖြစ်၏။
သို့သော်လည်း မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေသည် အလွန်တရာ ကျယ်ပြန့်ပြီး အခြေအနေများ ရှုပ်ထွေးရာ သူ့ဆရာကို ရှာဖွေရန်မှာ မည်ကဲ့သို့ လွယ်ကူနိုင်ပါမည်နည်း။
ထို့ကြောင့် သူ့အနေဖြင့် နွားလားမျိုးနွယ်စုထံမှ သတင်းကို အရင်စောင့်ဆိုင်းရုံသာ ရှိတော့သည်။
“ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း.. ငါ့ဆရာရဲ့ ဆံချည် တစ်မျှင်ကိုတောင် ထိဖို့ မစဥ်းစားနဲ့.. ငါ့ဆရာသာ တကယ်လို့ တစ်စုံတစ်ခု ဖြစ်ခဲ့မယ်ဆိုရင် ငါကျန်းချန်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို အမြစ်ကနေ ဆွဲလှန်ပစ်မယ်”
ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်၏။
သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အငွေ့အသက်များ ပေါ်ထွက်လာခဲ့သည်။
“အစ်ကိုကျန်းချန်.. အစ်ကိုကျန်းချန်ရဲ့ ဆရာက အဲဒီနှစ်ကတောင် ဘာပြဿနာမှ မရှိဘဲ အသက်ရှင်နိုင်ခဲ့တဲ့ အတွက် သူက ကံကောင်းတဲ့သူ တစ်ယောက်ပဲ ဖြစ်ရမယ်.. ဒီတစ်ခေါက်လည်း ဘာမှ ဖြစ်လောက်မှာ မဟုတ်ပါဘူး.. အရမ်းကြီး စိတ်မပူပါနဲ့”
ကျန်းချန်၏ စိုးရိမ်ပူပန်နေသော အမူအရာကိုမြင်လျှင် ကျီလင်ဝေက နှစ်သိမ့် ပြောဆိုလိုက်သည်။
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ထိုပြဿနာနှင့် ပတ်သက်၍ သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်သည်။
ထို့နောက် သူက ကျီလင်ဝေကို ကြည့်ကာ မေးလိုက်သည်။
“လင်ဝေ.. မင်းဒီတစ်ခေါက် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေကို လာရောက်ရတဲ့ အဓိက ရည်ရွယ်ချက်ကို ငါ့ကို ပြောပြပါဦး”
သူက ကျီလင်ဝေ၏ စိတ်နေသဘောထားကို သဘောကျသည်။
ထို့အပြင် သူ့အမေသည် ကျီမျိုးနွယ်စုဝင် ဖြစ်နိုင်ခြေ အလွန်များ၏။
ထို့ကြောင့် ကျီလင်ဝေ ထံတွင် ပြဿနာရှိခဲ့လျှင် ကျန်းချန်က အကူအညီပေးရန် အသင့်ရှိနေခဲ့သည်။
ကျီလင်ဝေကလည်း သူမ တစ်ယောက်တည်း ခွန်အားဖြင့် ကျီမျိုးနွယ်စု၏ ပြဿနာကို ဖြေရှင်းရန်မှာ အလွန်တရာ ခက်ခဲမှန်း ကောင်းစွာ သိရှိထားခဲ့သည်။
ကျန်းချန် ကဲ့သို့ သူတော်စင် ကောင်းကင်နတ်ဘုရားသာ ကူညီလျှင် သူမ၏ ကိစ္စသည် ပိုမို လွယ်ကူသွားမည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
ထို့ကြောင့် ကျီလင်ဝေက ဖုံးကွယ်မထားတော့ဘဲ ကျီမျိုးနွယ်စု အကြောင်းကို ကျန်းချန်အား ပြောပြလိုက်သည်။
နတ်ကုန်းမြေတိုက်တွင် မျိုးနွယ်စု ထောင်သောင်းချီ နေထိုင်ကြပြီး အစဥ်အမြဲ တိုက်ခိုက်မှုများ ရှိခဲ့ကြသည်။
လူသားဧကရာဇ်နန်းတော်သည် နတ်ကုန်းမြေတိုက်မှ လူသားမျိုးနွယ်စုများ တည်ထောင်ခဲ့သော ထိပ်တန်း အင်အားစုကြီးတစ်စု ဖြစ်သည်။
ဆိုရလျှင် လူသားဧကရာဇ် နန်းတော်ကို မတူညီသော မျိုးနွယ်စု များစွာက ပူးတွဲတည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ကျီမျိုးနွယ်စုနှင့်ကျန်းမျိုးနွယ်စု တို့သည် လူသားဧကရာဇ် နန်းတော်၏ ထိပ်တန်း မျိုးနွယ်စုဝင်များ ထဲတွင် ပါဝင်ခဲ့ကြသည်။
အထူးသဖြင့် တော်ဝင်မျိုးနွယ်စုဟု လူသိများသော ကျန်းမျိုးနွယ်စုသည် လူသားဧကရာဇ် နန်းတော် တစ်ခုလုံးကို အုပ်ချုပ်သော မျိုးနွယ်စု ဖြစ်သည်။
လွန်ခဲ့သော နှစ်သန်းပေါင်းများစွာခန့်က လူသားဧကရာဇ်နန်းတော်၏ ကျန်းမျိုးနွယ်စုနှင့် ကျီမျိုးနွယ်စု နှစ်ခုစလုံးတွင် အံ့မခန်း ပါရမီရှင် နှစ်ဦး ထွက်ပေါ်ခဲ့ကြသည်။
ထိုပါရမီရှင် နှစ်ယောက်က အသက်တစ်သောင်း မပြည့်မီမှာပင် နတ်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်လာခဲ့ကြ၏။
အဆုံးသတ်တွင် ဤပြိုင်ဘက်ကင်း ပုဂ္ဂိုလ်နှစ်ဦးသည် ပေါင်းဖက်ခဲ့ကြသည်။
နောက်ပိုင်းတွင် လူသားဧကရာဇ်နန်းတော်နှင့် အစွမ်းထက်ပြိုင်ဘက် အင်အားစုတစ်စု တို့၏ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ပွဲတွင် ဤပြိုင်ဘက်ကင်းပုဂ္ဂိုလ် နှစ်ဦးစလုံးသည် ကျဆုံးသွားခဲ့ကြသည်။
ဤဖြစ်ရပ်ပြီးနောက်တွင် လူသားဧကရာဇ် နန်းတော်ရှိ ကျင့်ကြံသူများစွာသည် ထိုပုဂ္ဂိုလ်နှစ်ဦး ကျဆုံးမှုအား အလွန်ပင် ထူးဆန်းသည်ဟု ခံစားခဲ့ရသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး မျိုးနွယ်စုနှစ်ခုက အချင်းများကာ ကျီမိသားစုသည် လူသားဧကရာဇ်နန်းတော်ကနေ နှုတ်ထွက်သွားခဲ့သည်အထိ ဖြစ်ခဲ့သည်။
ဤနှစ်များ တစ်လျှောက်လုံးတွင် ကျီမျိုးနွယ်စုသည် လူသားဧကရာဇ်နန်းတော်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရပြီး နတ်ကုန်းမြေတိုက်တွင် ခက်ခက်ခဲခဲ ရှင်သန်ခဲ့ရသည်။
ကျီမျိုးနွယ်စုတွင်သာ အစွမ်းထက် ဘိုးဘေးတစ်ဦး မရှိခဲ့လျှင် ကျီမျိုးနွယ်စုသည် လူသားဧကရာဇ်နန်းတော်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရလောက်ပြီ ဖြစ်၏။
သို့သော်လည်း ကျီမိသားစု၏ ဘိုးဘေးသည် နှစ်ပေါင်းသန်းတစ်ရာနီးပါး သက်တမ်း ရှိနေခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ကျီလင်ဝေက ကျီမိသားစု ဘိုးဘေး၏ သက်တမ်းကို တိုးမြှင့်ရန် အတွက် ကောင်းကင်ကို ဆန့်ကျင်နေသော မှော်ရတနာ တစ်ပါးကို ရယူရန် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေထဲသို့ ရောက်လာခဲ့ခြင်းပင်။
ကျီလင်ဝေ ထံကနေ လူသားဧကရာဇ် နန်းတော်၏ သမိုင်းကြောင်းကို ကြားလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။
သူ၏ မိဘနှစ်ပါးသည် ကျန်းမိသားစုနှင့် ကျီမိသားစုကနေ ဆင်းသက်လာနိုင်ခြေမှာ အလွန်ပင် ဖြစ်နိုင်ဖွယ်ရှိသည်။
သူ၏ မိဘနှစ်ပါးသည် လူသားဧကရာဇ် နန်းတော်တွင် ပေါ်ပေါက်ခဲ့သော ပြိုင်ဘက်ကင်းပါရမီရှင် နှစ်ဦး ဖြစ်နိုင်ပါသလော။
သို့သော်လည်း ထိုပြိုင်ဘက်ကင်းပါရမီရှင် နှစ်ဦး ပေါ်ထွက်ခဲ့သော ခေတ်ကာလသည် နှစ်သန်းပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ၎င်းတို့သည် တိုက်ပွဲတွင် ကျဆုံးသွားပြီဟု သိရသည်။
၎င်းတို့သာ သူ၏ မိဘများ ဆိုလျှင် ရွှယ်လင်ကုန်းမြေတိုက်လို အဆင့်နိမ့် နယ်မြေတွင် မည်ကဲ့သို့ ပေါ်လာခဲ့ပါသနည်း။
ဤပြိုင်ဘက်ကင်း ပုဂ္ဂိုလ်နှစ်ဦးသည် သူ၏ မိဘများ မဟုတ်လျှင်ပင် သူ့မိဘများနှင့် နီးစပ်သော ဆက်ဆံရေးရှိရမည်ဟု ကျန်းချန် စိတ်နှလုံးထဲတွင် ခံစားခဲ့ရသည်။
သူသိထားသလောက်ဆိုလျှင် ရွှယ်လင်ကုန်းမြေတိုက်၏ လူသားမျိုးနွယ်စု သမိုင်းကြောင်းသည် လူသားဧကရာဇ်နန်းတော်မှ ပြိုင်ဘက်ကင်းပါရမီရှင် နှစ်ဦး ကျဆုံးခဲ့သည့် အချိန်ကာလနှင့် တိုက်ဆိုင်နေခဲ့သည်။
ထို့အပြင် ရွှယ်လင်တိုက်မှ လူသားမျိုးနွယ်စု၏ ကိုယ်ခံပညာရပ်သည် လူသားဧကရာဇ် နန်းတော်၏ ကိုယ်ခံပညာရပ်နှင့် အလွန်ပင် ဆင်တူနေခဲ့၏။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ရွှယ်လင်ကုန်းမြေတိုက်မှ လူသားမျိုးနွယ်စုသည် လူသားဧကရာဇ် နန်းတော်၏ ထိုပြိုင်ဘက်ကင်းပါရမီရှင် နှစ်ဦးနှင့် မုချ ဆက်စပ်မှုရှိရပေမည်။
ထိုသို့ တွေးမိလျှင် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။
လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက လူသားဧကရာဇ်နန်းတော်တွင် ဖြစ်ပေါ်ခဲ့သော ကြီးမားသည့် အပြောင်းအလဲသည် ထင်သလောက် ရိုးရှင်းပုံမရပေ။
အခန်း(၂၀၄၂)ပြီး၏။