← Chapters

အခန်း (၂၀၄၅-၂၀၄၆)

Vol. 145 Ch. 2045-2046

အခန်း (၂၀၄၅-၂၀၄၆)

Vol. 145 Ch. 2045-2046

အခန်း(၂၀၄၅)

“ဝုန်း..”

အမှောင်ဝိညာဥ်ကောင်းကင်အရှင်၏ ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ပေထောင်ပေါင်းများစွာ အကွာအဝေးအထိ လွင့်စင်သွားခဲ့ပြီး လေထုထဲတွင် နေရာလွတ် တွင်းပေါက် တစ်ပေါက်ကို ဖြစ်ပေါ်လာစေခဲ့ကာ ထိုတွင်းပေါက်ထဲသို့ လုံးဝ နစ်မြုပ်သွားခဲ့သည်။

“သခင်လေးကျန်းချန်ရဲ့ ခွန်အားက တကယ်ကို ကြောက်စရာပါလား”

သူ၏ ရှေ့မှ မြင်ကွင်းကို ကြည့်ကာ နွားလားသည် ပြန်လည်သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို သုံးကြိမ်တိုင်တိုင် ချိုးဖျက်ခဲ့သော သူတော်စင် ကောင်းကင်နတ်ဘုရားသည် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူနှင့် ယှဥ်နိုင်မှန်း သိထားသော်လည်း ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအားက ဤမျှအထိ အစွမ်းထက်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ယခုအခါ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ ကောင်းကင်အရှင်အဆင့်ကျင့်ကြံသူ ဖြစ်သည့် အမှောင်ဝိညာဥ် ကောင်းကင်အရှင်ပင်လျှင် ကျန်းချန်၏ လက်ဝါးရိုက်ချက်ဖြင့် ရိုက်နှက်ခံလိုက်ရသည် မဟုတ်ပါလား။

“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ကွေးယွီရှန်း၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေခဲ့ပြီး တစ္ဆေတစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ အလွန်တရာပင် ထိတ်လန့်နေခဲ့သည်။

အမှောင်ဝိညာဥ် ကောင်းကင်အရှင်သည် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ ငါးပါးထဲမှတစ်ပါး ဖြစ်ပြီး မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေတွင် ကျော်ကြားသော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ထိုကဲ့သို့ ကျော်ကြားသော ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူပင် ကျန်းချန်၏ လက်ဝါးရိုက်ချက်ဖြင့် ရိုက်နှက်ခံလိုက်ရ၏။

ကောင်းကင်နတ်ဘုရား အဆင့်က ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူကို လက်ဝါးဖြင့် ရိုက်နှက်လိုက်သည်အား မြင်လျှင် ကွေးယွီရှန်းသည် သူ့မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

ထိုလူငယ်က ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို သုံးကြိမ်တိုင်တိုင် ချိုးဖျက်ခဲ့သည့် သူတော်စင် ကောင်းကင်နတ်ဘုရား ဖြစ်နေလျှင်ပင် ဤမျှလောက်အထိ ကြောက်မက်ဖွယ်ရာ ကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ရန်မှာ မဖြစ်နိုင်ပေ။

နွားလားနှင့် အခြားသူများသည် သူတို့ရှေ့မှ မြင်ကွင်းကို အံ့သြထိတ်လန့်စွာ ကြည့်နေစဥ်မှာပင် အမှောင်ဝိညာဥ်ကောင်းကင်အရှင် နစ်မြုပ်သွားသော ဧရာမ အနက်ရောင်တွင်းပေါက်ထဲကနေ အနက်ရောင်ပုံရိပ် တစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

ထိုအနက်ရောင်ပုံရိပ်မှာ တခြားသူမဟုတ်ပေ။

ကျန်းချန်၏ လက်ချက်ဖြင့် နေရာလွတ်တွင်းပေါက်ထဲသို့ နစ်ဝင်သွားခဲ့သော အမှောင်ဝိညာဥ် ကောင်းကင်အရှင်ပင် ဖြစ်၏။

အမှောင်ဝိညာဥ် ကောင်းကင်အရှင်က အနက်ရောင် တွင်းပေါက်ထဲကနေ ထွက်လာပြီးနောက်တွင် ဤနေရာ၌ အနည်းငယ်မျှပင် နေဝံ့ခြင်း မရှိတော့ဘဲ ကြောက်လန့်နေသော ငှက်တစ်ကောင် ကဲ့သို့ ထိတ်လန့်တကြား ထွက်ပြေးသွားခဲ့သည်။

ကျန်းချန်က ထိတ်လန့်တကြား ထွက်ပြေးနေသော အမှောင်ဝိညာဥ်ကောင်းကင်အရှင်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး သူ၏ လက်ညှိုးမှ ဓားစွမ်းအားဖြင့် ပစ်ခတ်လိုက်သည်။

ကွဲပြားသော အရောင် ၁၀မျိုး ပါဝင်နေသည့် ဓားအလင်းသည် ကြယ်ကြွေသကဲ့သို့ လွင့်စင်သွားခဲ့ပြီး အမှောင်ဝိညာဥ်ကောင်းကင်အရှင်၏ ခန္ဓာကိုယ်ကို ထပ်ပိုင်းဖြတ်ပစ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် သွေးမိုးများသည် ကောင်းကင်ယံကနေ ကျဆင်းလာခဲ့၏။

အမှောင်ဝိညာဥ် ကောင်းကင်အရှင်၏ ခန္ဓာကိုယ် ပျက်စီးသွားပြီးနောက်တွင် ၎င်း၏ ဝိညာဥ်သည် ခန္ဓာကိုယ်ကနေ ထွက်လာခဲ့ပြီး လျင်မြန်စွာပင် ထွက်ပြေးသွားခဲ့သည်။

“ငါ့လက်ထဲကနေ လွတ်နိုင်မယ် ထင်နေလား”

ကျန်းချန်က ချက်ချင်းဆိုသလိုပင် လူသားဧကရာဇ်စည်းတံဆိပ်၏ ပထမစည်းတံဆိပ် ဖြစ်သော ဝိညာဥ်ငြိမ်းသတ်ခြင်းစည်းတံဆိပ်ကို ထုတ်ဖော်ကာ အမှောင်ဝိညာဥ် ကောင်းကင်အရှင်၏ ဝိညာဥ်ကို ဖိနှိပ်လိုက်သည်။

“မသတ်ပါနဲ့”

ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်၏ စွမ်းအားကို ခံစားမိသည်နှင့် အမှောင်ဝိညာဥ် ကောင်းကင်အရှင်၏ ဝိညာဥ်သည် ကွဲထွက်လုနီးပါး ဖြစ်နေခဲ့သည်။

သို့သော်လည်း အရာအားလုံးက နောက်ကျသွားခဲ့ချေပြီ။

ကျန်းချန်၏ ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ဖြင့် ဖိနှိပ်ခံလိုက်ရပြီးနောက်တွင် အမှောင်ဝိညာဥ် ကောင်းကင်အရှင်သည် ဖိနှိပ်ခံထားရသော ဘောလုံးတစ်လုံး ကဲ့သို့ လေထုထဲတွင် ဝုန်းခနဲ ပေါက်ကွဲထွက်သွားခဲ့သည်။

“အမှောင်ဝိညာဥ် ကောင်းကင်အရှင်က ဒီလိုပဲ သေဆုံးသွားခဲ့ပြီလား”

သူ၏ ရှေ့မှ ထိတ်လန့်စရာ မြင်ကွင်းကို မြင်လိုက်ရလျှင် ကွေးယွီရှန်း၏ မျက်နှာသည် ချက်ချင်းဆိုသလိုပင် ဖြူဖျော့သွားခဲ့သည်။

အမှောင်ဝိညာဥ်ကောင်းကင်အရှင် ကဲ့သို့ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူပင် ကျန်းချန်၏ လက်ချက်ဖြင့် အလွယ်တကူ သုတ်သင်ခံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ထိုလူငယ်အတွက် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူများကို သတ်ဖြတ်ခြင်းသည် ခွေးတစ်ကောင်ကို သတ်ဖြတ်သကဲ့သို့ပင် လွယ်ကူနေခဲ့၏။

ကျန်းချန်သာ သူ့ကို သတ်ပစ်ချင်လျှင် သူ၏ ခွန်အားဖြင့် လွတ်မြောက်ရန် အရည်အချင်း မည်သို့မှ ရှိနိုင်မည် မဟုတ်ချေ။

ကွေးယွီရှန်းက သူ မည်သို့မှ ထွက်ပြေးနိုင်မည် မဟုတ်မှန်း သိလျှင် ကျန်းချန်ကို ကြည့်ကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“မင်း.. မင်း အမှောင်ဝိညာဥ် ကောင်းကင်အရှင်ကို တကယ်ပဲ သတ်လိုက်တယ်လား...ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုက မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး”

“ဝိညာဥ်ဝါးမျိုးသူ နတ်မျိုးစုက ဘာမို့လို့ ငါက သောက်ဂရုစိုက်နေရမှာလဲ”

ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး ကွေးယွီရှန်းကို အေးစက်စက်ကြည့်လိုက်သည်။

“ဒီနေ့ ငါမင်းကို မသတ်ဘဲ လွှတ်ပေးလိုက်မယ်.. ငါ့လက်ချက်နဲ့သေချင်ရင် မျိုးနွယ်စုတစ်ရာ ရှေး‌ဟောင်းမြို့တော်ဆီ လိုက်လာခဲ့ဖို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုက လူတွေကို ငါ့ကိုယ်စား ပြန်ရောက်ရင် ပြောပေးပါ”

ကျန်းချန်၏ စကားကို ကြားပြီးနောက်တွင် ကွေးယွီရှန်းသည် တစ်စက္ကန့်မျှပင် မနေရဲတော့ဘဲ ခဲမှန်သော ခွေးတစ်ကောင်ကဲ့သို့ အလျင်အမြန်ပင် ထွက်ပြေးသွားခဲ့သည်။

ကွေးယွီရှန်းက ကြောက်လန့်တကြား ထွက်ပြေးသွားသည်ကို မြင်လျှင် နွားလားသည် ကျန်းချန်ကို ကျေးဇူးတင်စကား ပြောလိုက်၏။

“သခင်လေးကျန်းချန်.. ကျွန်တော်တို့ နွားလား မျိုးနွယ်စုကို ကယ်တင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်”

သူတို့ နွားလားမျိုးနွယ်စုသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ မျိုးနွယ်စုငယ်လေးမျှသာ ဖြစ်ရာ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ၏ ရှေ့တွင် ပုရွက်ဆိတ်များကဲ့သို့ တည်ရှိမှု ဖြစ်သည်။

ယနေ့တွင် ကျန်းချန်သာ မရှိခဲ့လျှင် သူတို့ နွားလား မျိုးနွယ်စုသည် အန္တရာယ်ထဲ ကျရောက်နေလောက်ချေပြီ။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ နွားလားကို ပြောလိုက်သည်။

“ခေါင်းဆောင်နွားလား အားမနာပါနဲ့.. ဒီကိစ္စက ကျွန်တော်ကြောင့်ပဲ ဖြစ်ခဲ့တာပါ.. တကယ်တမ်း ပြောရရင် ကျွန်တော်က နွားလားမျိုးနွယ်စုကို ဒုက္ခပေးမိတာပါ”

ဝိညာဥ်ဝါးမျိုသူ နတ်မျိုးစုသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ မဟာနတ်မျိုးနွယ်စု ရှစ်စုထဲမှ တစ်စုဖြစ်၍ အလွန်တရာပင် အင်အားကြီးမားသည်။

ထိုကဲ့သို့ အင်အားစုကြီးသည် ယေဘုယျအားဖြင့် တောင်ဝိညာဥ် မျိုးနွယ်စုလို လက်အောက်ခံ မျိုးနွယ်စုလေး တစ်ခု၏ ရှင်သန်မှုကို မည်ကဲ့သို့ ဂရုစိုက်နိုင်ပါအံ့နည်း။

ထို့ကြောင့် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုက ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူကို စေလွှတ်ခဲ့သည်မှာ သူ့ကို ရည်ရွယ်ခဲ့မှန်း ထင်ရှားနေ၏။

သူက အနက်ရောင်မြူတောထဲမှ ဝိညာဥ်များကို သတ်ဖြတ်ခဲ့သည့်အပြင် ယခုအခါ၌ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူကို သတ်ဖြတ်လိုက်ပြီ ဖြစ်ရာ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသည် သူ့ကို အလွှတ်ပေးတော့မည် မဟုတ်ပေ။

ထိုအကြောင်းကြောင့်ပင် ကျန်းချန်သည် ကွေးယွီရှန်းကို တမင်တကာ မသတ်ဘဲ သူ၏ နောက်ထပ် ခရီးစဥ်အကြောင်းကို ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုထံ တမင်တကာ သတင်းပို့ခိုင်းခဲ့ခြင်း ဖြစ်သည်။

ထိုသို့မဟုတ်လျှင် နွားလားမျိုးနွယ်စုကနေ သူထွက်ခွာသွားသည်နှင့် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသည် နွားလားမျိုးနွယ်စုကို သုတ်သင်ရှင်းလင်းရန် အတွက် အစွမ်းထက်ကျင့်ကြံသူများကို စေလွှတ်နိုင်ခြေ ရှိသည် မဟုတ်ပါလား။

ကွေးယွီရှန်းက နွားလားမျိုးနွယ်စုကနေ ထွက်ပြေးလာပြီးနောက်တွင် ခန်းမဆောင်ရှိ ရုပ်တုဆီသို့ တစ်ဖန် ရောက်လာခဲ့သည်။

သူက ရုပ်တုနှင့် အဆက်အသွယ် ပြုလုပ်ပြီးသည့် အချိန်တွင် ကြောက်မက်ဖွယ်ရာ ဝိညာဥ်ဖိအားသည် ခန်းမ တစ်ခုလုံးကို ချက်ချင်းပင် ပြည့်နှက်သွားခဲ့သည်။

ထို့နောက်တွင် အလွန်တရာ ဒေါသထွက်နေသော ကြုံးဝါးသံသည် ရုပ်ထုထံကနေ ထွက်ပေါ်လာခဲ့သည်။

“ကွေးယွီရှန်း.. ဘာတွေဖြစ်ကုန်တာလဲ.. အမှောင်ဝိညာဥ်ကောင်းကင်အရှင်က ဘာလို့ ကျဆုံးသွားရတာလဲ”

ကြောက်မက်ဖွယ် ဝိညာဥ်ဖိအားနှင့် ရင်ဆိုင်ရလျှင် ကွေးယွီရှန်း၏ မျက်နှာသည် ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့သည်။

သူက ထိတ်လန့်တကြား အမူအရာဖြင့် အလျင်အမြန်ပင် ပြန်ဖြေလိုက်၏။

“အရှင်.. ဒေါသကိုထိန်းပါ.. အမှောင်ဝိညာဥ် ကောင်းကင်အရှင်က သူတော်စင်ကောင်းကင် နတ်ဘုရား လက်ထဲမှာ ကျဆုံးသွားခဲ့ပါပြီ”

“ဒါလုံးဝမဖြစ်နိုင်ဘူး.. သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်က ကောင်းကင်အရှင် အစောပိုင်း အဆင့် ကျင့်ကြံသူနဲ့ ယှဥ်နိုင်ရုံလောက်ပဲ.. ကောင်းကင် အရှင်အဆင့် ကျင့်ကြံသူကို သတ်ဖြတ်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး.. ဒါ့အပြင် အမှောင်ဝိညာဥ် ကောင်းကင်အရှင်က ကောင်းကင်အရှင် အလယ်အလတ် အဆင့် ကျင့်ကြံသူ တစ်ယောက်ပဲ”

ရုပ်တုထံမှ မယုံကြည်နိုင်စွာ ရေရွတ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ကွေးယွီရှန်း.. အမှောင်ဝိညာဥ်ကောင်းကင်အရှင်က သူတော်စင် ကောင်းကင်နတ်ဘုရား လက်ချက်နဲ့ အသတ်ခံခဲ့ရတယ်ဆိုရင် မင်းကဘာလို့ အသက်ရှင်နေသေးတာလဲ.. ဒီနေ့ မင်း ငါကျေနပ်လောက်တဲ့ အဖြေမပေးနိုင်ဘူးဆိုရင် ငါ့ကို ညှာတာမှုမရှိဘူး ဆိုပြီး အပြစ်မတင်နဲ့”

“အရှင်.. အမှောင်ဝိညာဥ် ကောင်းကင်အရှင်ကို သူတော်စင်ကောင်းကင်နတ်ဘုရားက တကယ်ပဲ သတ်ပစ်လိုက်တာပါ”

ကွေးယွီရှန်းက အလျင်အမြန်ပင် ပြောလိုက်သည်။

“သူတော်စင်နတ်ဘုရား ကျွန်တော့်ကို မသတ်ရတဲ့ အဓိကအကြောင်းအရင်းက ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုဆီ စကားပါးစေချင်လို့ပါ”

“ဘာစကားလဲ”

ရုပ်ထုက အေးစက်စက် မေးလိုက်သည်။

ကွေးယွီရှန်းက အသက်ကို ခပ်ပြင်းပြင်းရှုရှိုက်ကာ ခေါင်းငုံ့၍ ပြောလိုက်၏။

“ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုအနေနဲ့ သူ့ရဲ့လက်ထဲမှာ သေချင်တယ်ဆိုရင် မျိုးနွယ်စုတစ်ရာ ရှေး‌ဟောင်းမြို့တော် ဆီမှာ လာရှာနိုင်တယ်လို့ ပြောခိုင်းလိုက်ပါတယ်”

ကွေးယွီရှန်းက ထိုစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ခန်းမထဲရှိ ဝိညာဥ်ဖိအားသည် ပိုမို၍ ကြောက်မက်ဖွယ်ရာ ကောင်းလာခဲ့သည်။

“အရှင် စိတ်အေးအေးထားပါ”

ကြောက်မက်ဖွယ် ဝိညာဥ်စွမ်းအား၏ ဖိနှိပ်မှုအောက်တွင် ကွေးယွီရှန်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် တုန်ယင်သွားခဲ့ပြီး ကြမ်းပြင်တွင် ပြားပြားဝပ်နေခဲ့သည်။

“ဒီကောင်လေးက ငါ့ရဲ့ ဒေါသကို ဆွလိုက်တာပဲ”

ရုပ်ထုက အေးစက်စက် ရေရွတ်လိုက်သည်။

ထို့နောက်တွင် သူ၏ သတ်ဖြတ်လိုသော အရိပ်အငွေ့များ ပါဝင်နေသော အသံသည် ခန်းမဆောင်တွင် ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာခဲ့သည်။

“ကွေးယွီရှန်း.. ငါမျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်ဆီကို ခရီးထွက်မယ်.. သူတော်စင်ကောင်းကင် နတ်ဘုရားတစ်ပါးက ငါ့ရဲ့ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုကို ဘယ်လို ဖျက်ဆီးနိုင်မလဲဆိုတာ ငါကြည့်ချင်တယ်”

အခန်း(၂၀၄၅)ပြီး၏။

အခန်း(၂၀၄၆)

နောက်တစ်နေ့ နံနက်စောစောတွင် ကျန်းချန်သည် နွားလားနှင့် အခြားသူများကို နှုတ်ဆက်ကာ နွားလားမျိုးနွယ်စု၏ ကုန်သွယ်မှုနှင့် အတူ မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော် ဆီသို့ ဦးတည်၍ သွားခဲ့သည်။

မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်သည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ ဗဟိုနယ်မြေတွင် တည်ရှိပြီး မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေရှိ တစ်ခုတည်းသော မြို့တော်လည်းဖြစ်သည်။

ထိုမြို့တော်သည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ မည်သည့် အဖွဲ့နှင့်မှ မသက်ဆိုင်ပေ။

မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေရှိ မျိုးနွယ်စုအသီးသီးမှ တည်ထောင်ထားသော ဌာနခွဲများ အပြင် အစွမ်းထက်ကျင့်ကြံသူ တချို့ကပါ ဤနေရာတွင် အခြေချပြီး အင်အားစုများ တည်ထောင်ခဲ့ကြသဖြင့် မြို့တော်၏ အခြေအနေသည် အလွန်တရာပင် ရှုပ်ထွေးသည်။

နွားလားမျိုးနွယ်စုသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ အစွန်အဖျားတွင် တည်ရှိပြီး ဗဟိုနယ်မြေရှိ မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်နှင့် အလွန်တရာ ကွာဝေး၏။

သို့သော်လည်း နွားလားမျိုးနွယ်စုမှ ကုန်သည်အဖွဲ့၏ လမ်းပြပေးမှုကြောင့် ကျန်းချန်တို့သည် လမ်းခရီးတွင် ချောမွေ့စွာ သွားလာနိုင်ခဲ့ပြီး အတားအဆီးများစွာကို မကြုံတွေ့ခဲ့ရပေ။

တစ်ပတ်ခန့်ကြာပြီးနောက်တွင် ခမ်းနားထည်ဝါသော ရှေးဟောင်းမြို့တော် တစ်ခုသည် ကျန်းချန်တို့၏ မြင်ကွင်းရှေ့တွင် အဆုံးသတ်၌ ပေါ်ထွက်လာခဲ့သည်။

ထိုရှေးဟောင်းမြို့တော်သည် အလွန်တရာပင် ခန့်ညားထည်ဝါသည်။

မြို့ရိုးက အမြင့်ပေရာချီ ရှိပြီး သံမဏိဖြင့် ပြုလုပ်ထား၏။

ထို့အပြင် မြို့ရိုးတွင်လည်း အစီအရင်များကို ထွင်းထုထားသေးသည်။

ဝေးလံသော အကွာအဝေးကနေပင် မြို့ရိုးထံမှ အလွန် ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားကို ခံစားနိုင်၏။

မြို့ရိုးပေါ်တွင် တပ်သားများ စောင့်ကြပ်နေခဲ့ပြီး တပ်သား တစ်ဦးစီသည် အနက်ရောင် သံချပ်ဝတ်စုံများကို ကိုယ်လုံးပြည့် ဝတ်ဆင်ထားကာ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်သည် အနည်းဆုံး နယ်မြေနတ်ဘုရား အဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

သူတို့ရှေ့မှ ရှေးဟောင်းမြို့တော်ကို ကြည့်ရင်း နွားလားမျိုးနွယ်စု ကုန်သည်အဖွဲ့ကို ဦးဆောင်လာသော နယ်မြေနတ်ဘုရားသည် ပြုံး၍ ပြောလိုက်သည်။

“သခင်လေးကျန်းချန်.. ရှေးဟောင်းမြို့တော်ကို ရောက်ပါပြီ”

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းဆိုသလို လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။

“ဒီခရီးစဥ်မှာ ကျွန်တော့်ကို လမ်းပြပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်.. ကျွန်တော့်ဆီမှာ အရေးတကြီး ကိစ္စတွေရှိနေသေးတဲ့ အတွက် သွားခွင့်ပြုပါဦး”

မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်သို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် ကျန်းချန်သည် နွားလားမျိုးနွယ်စုနှင့် အတူ ဆက်လက် နေထိုင်ရန် အစီအစဥ်မရှိတော့ပေ။

သူနောက်ထပ် လုပ်ဆောင်ရမည့် ကိစ္စက သာမန်ကိစ္စ မဟုတ်သောကြောင့် ထိုကိစ္စတွင် နွားလားမျိုးနွယ်စုကို မပါဝင်စေလိုခဲ့ချေ။

နွားလားမျိုးနွယ်စုမှ လူများကို နှုတ်ဆက်ပြီးနောက်တွင် ကျန်းချန်သည် ကျီလင်ဝေနှင့် အတူ မျိုးနွယ်စုတစ်ရာရှေးဟောင်းမြို့တော် ဆီသို့ တိုက်ရိုက်ပင် ဦးတည် သွားရောက်ခဲ့သည်။

မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်သည် အလွန်တရာပင် စည်ကားပြီး လမ်းအကျယ်သည် မြင်းရထား ဆယ်စီး တစ်ပြိုင်တည်း မောင်းနှင်နိုင်သည် အထိ ကျယ်ဝန်းသည်။

လမ်းတစ်ဖက် တစ်ချက်ရှိ အဆောက်အအုံများသည်လည်း မိုးမျှော်တိုက်များ ကဲ့သို့ပင် မီတာရာချီ မြင့်မား၏။

လမ်းမထက်တွင် သွားလာ လှုပ်ရှားနေသူများမှာ ပုံသဏ္ဌာန်အမျိုးမျိုးရှိပြီး ဝတ်စုံမျိုးစုံကို ဝတ်ဆင်ထားကြသည်။

သူ၏ မျက်စိရှေ့မှ ရှေးဟောင်းမြို့တော်သည် ကျန်းချန် ယခင်က မြင်တွေ့ဖူးသမျှ မြို့များထက် လုံးဝမနိမ့်ကျပေ။

သွားလာလှုပ်ရှားနေကြသော ကျင့်ကြံသူများသည် အလွန်တရာပင် သန်မာပြီး ပကတိနတ်ဘုရား အဆင့်ပင် အလွန်ရှားပါးသည်။

အများစု၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူများလည်း မရှားပါးပေ။

ကျန်းချန်က ရှေးဟောင်းမြို့တော်ကို ခဏမျှ လှည့်လည်ကြည့်ရှုပြီးနောက်တွင် တည်းခိုခန်း တစ်ခုကို ရှာဖွေကာ ကျီလင်ဝေကို နေရာချထားပေးလိုက်သည်။

ထို့နောက်တွင် သူက လိပ်အိုကြီးကို ခေါ်ထုတ်လိုက်၏။

“ကောင်လေး.. မင်းနောက်ဆုံးတော့ ငါ့ကို သတိရသွားပြီလား”

လိပ်အိုကြီးက ကျန်းချန်ကို ကြည့်ကာ ရေရွတ်လိုက်သည်။

သူ၏ မျက်ဝန်းများတွင် မကျေမနပ် အမူအရာများ ဖြစ်ပေါ်နေခဲ့၏။

သူက ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေတွင် နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ပြီး ကျန်းချန်နှင့် အတူ လိုက်လာရသည့် အဓိက ရည်ရွယ်ချက်မှာ ပြင်ပကမ္ဘာကို မြင်ဖူးချင်သောကြောင့် ဖြစ်သည်။

သို့သော်လည်း ကျန်းချန်သည် တစ်လျှောက်လုံးတွင် မဟာနဂါးနန်းတော်တွင်သာ သူ့ကို ထည့်ထားခဲ့သည်။

ယင်းက လိပ်အိုကြီးကို အလွန်တရာပင် စိတ်ဓာတ်ကျစေခဲ့သည်။

“တောင်းပန်ပါတယ် လိပ်အိုကြီး.. ငါ မင်းကို အပြင်မထုတ်တာ နည်းနည်းကြာသွားတယ်”

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီးနောက်တွင် ကျီလင်ဝေဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“လင်ဝေ.. ငါ ငါ့ဆရာကို ရှာဖို့ သွားတော့မယ်.. မင်း ဒီမှာနေပြီး ငါ့ကို စောင့်နေပါ.. လိပ်အိုကြီးက မင်းရဲ့ဘေးကင်းရေးကို ကာကွယ်ပေးပါလိမ့်မယ်”

ကျီလင်ဝေ၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်နတ်ဘုရား တတိယအဆင့်သာ ရှိသည်။

သို့ရာတွင် ကျန်းချန် နောက်ထပ် ရင်ဆိုင်ရမည့် ရန်သူများမှာ အနည်းဆုံး နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

သူသာ ကျီလင်ဝေကို ခေါ်သွားခဲ့လျှင် ကျီလင်ဝေ၏ ဘေးကင်းရေးအတွက် အာမခံနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ကျန်းချန်က ကျီလင်ဝေကို ဦးစွာ နေရာချထားပေးရန် ဆုံးဖြတ်ခဲ့သည်။

မြေကြီးအရှင် အထွတ်အထိပ်အဆင့် စွမ်းအားရှိသည့် လိပ်အိုကြီး၏ စောင့်ရှောက်မှုဖြင့် ဆိုလျှင် သာမန် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူပင် ကျီလင်ဝေကို အနည်းငယ်မျှ ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ချေ။

“အစ်ကိုကျန်းချန်.. ဂရုစိုက်ပါ”

ကျီလင်ဝေက သူမအနေဖြင့် ကျန်းချန်နှင့် အတူ လိုက်သွားလျှင် ကျန်းချန် အတွက် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်လာမည်ကို သိရှိသောကြောင့် ကျန်းချန်၏ စီစဥ်မှုကို ကန့်ကွက်ခြင်း မရှိခဲ့ပေ။

ကျန်းချန်က သူ့ရှေ့ရှိ မိန်းကလေးကို ကာကွယ်ရန် အတွက် သူ့ကို လွှတ်ပေးခဲ့သည်ကို သိလျှင် လိပ်အိုကြီးသည် ဒေါသထွက်လာခဲ့သည်။

“ကောင်လေး.. ငါသူ့ကို ကာကွယ်ဖို့ စိတ်မဝင်စားဘူး”

“လိပ်အိုကြီး.. ကျွန်တော့်ကို တစ်ခေါက်လောက်တော့ ကူညီပါဦး”

ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။

“ကျွန်တော့်ရဲ့ကိစ္စတွေကို ဖြေရှင်းပြီးတာနဲ့ ခင်ဗျားရဲ့ နတ်ရွှေလိပ်မျိုးနွယ်စုကို သေချာပေါက် ရှာဖွေပေးပါ့မယ်”

“မင်းစကားကို သေချာမှတ်ထားပါ”

ထိုစကားကို ပြောပြီးနောက်တွင် လိပ်အိုကြီးသည် ကျန်းချန်ကို လျစ်လျူရှုလိုက်ပြီး ကျီလင်ဝေ၏ ဘေးတွင် တစ်ခါတည်း အိပ်ပျော်သွားခဲ့သည်။

အရာအားလုံး စီစဥ်ပြီးနောက်တွင် ကျန်းချန်သည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး တည်းခိုခန်းထဲကနေ ထွက်ခွာသွားခဲ့ကာ ကူရွှယ်သောင်းနှင့် ပတ်သက်သည့် သတင်းများကို မေးမြန်းစုံစမ်းခဲ့သည်။

စုံစမ်းမှုတချို့ ပြုလုပ်ပြီးနောက်တွင် ကျန်းချန်ရရှိသော သတင်းများသည် နွားလားမျိုးနွယ်စု ခေါင်းဆောင်က သူ့ကို ပြောပြခဲ့သည့် အကြောင်းအရာများနှင့် အတူတူနီးပါးပင် ဖြစ်နေခဲ့၏။

သိပ်မကြာခင်က ကူရွှယ်သောင်းသည် မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်တွင် ပေါ်လာခဲ့သည်။

ကူရွှယ်သောင်းနှင့် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူနှစ်ဦးတို့၏ တိုက်ပွဲသည် မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော် တစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့၏။

ထိုတိုက်ပွဲတွင် ကူရွှယ်သောင်း ကျဆုံးလုနီးနီး အချိန်၌ လျှို့ဝှက်ဆန်းကြယ်သော အစွမ်းထက် ကျင့်ကြံသူတစ်ဦးသည် ကူရွှယ်သောင်းကို ကယ်တင်ခဲ့သည်။

ထိုအချိန်မှစ၍ ကူရွှယ်သောင်း၏ သတင်းကို မရရှိတော့ပေ။

ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူနှစ်ဦးသည် ကူရွှယ်သောင်း၏ သဲလွန်စကို ဆက်လက် ရှာဖွေနေခဲ့ကြပြီး မြို့တော်၏ ထိပ်တန်းအင်အားစု ဖြစ်သော ရွှယ်ရွှမ်းအဖွဲ့အစည်းကိုပင် အကူအညီတောင်းခံကာ မြို့တော် တစ်ခုလုံးကို ပိတ်ဆို့ထားခဲ့ကြသည်။

သို့သော် ထိုသို့ လုပ်ဆောင်သည့်တိုင် သူတို့သည် ကူရွှယ်သောင်း၏ သဲလွန်စကို မရှာဖွေနိုင်ခဲ့ပေ။

ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

သူ့ဆရာက မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်တွင် ရှိနေနိုင်ဖွယ် အရှိဆုံး ဖြစ်သော်လည်း ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူနှစ်ဦး အပြင် မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်၏ မြို့ခံအင်အားစု ဖြစ်သည့် ရွှယ်ရွှမ်းအဖွဲ့ပင် သူ့ဆရာကို ရှာမတွေ့ခဲ့ပေ။

သို့ဖြစ်ရာ သူ့ဘာသာသူ ရှာဖွေလျှင် ပို၍ပင် ခက်ခဲလိမ့်မည် မဟုတ်ပါလား။

“ဒီအတိုင်းဆိုရင် ရွှယ်ရွှမ်းအဖွဲ့ဆီကို တိုက်ရိုက်သွားပြီး‌ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက ကောင်းကင်အရှင်နှစ်ပါးကို ရှာဖွေရတော့မှာပဲ”

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။

သူ၏ မျက်ဝန်းတွင် ထက်ရှသောအ လင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။

သူ့ဆရာကို လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူက ကယ်တင်သွားပြီးနောက်တွင် ရွှယ်ရွှမ်း အဖွဲ့အစည်းသည်ပင် သူ့ဆရာကို ရှာဖွေရန် ခက်ခဲနေခဲ့သည်။

သူ့အနေဖြင့် ရွှယ်ရွှမ်းအဖွဲ့အစည်းကို နင်းချေပြီး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ကောင်းကင်အရှင် နှစ်ပါးကို ရှင်းပစ်လိုက်လျှင် သူ့ဆရာ၏ သတင်းများကို ရရှိမည်မှာ သေချာသည်။

ဆိုရလျှင် သူ့ဆရာ၏ သဲလွန်စကို ရှာဖွေနေမည့်အစား မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်တွင် ကိစ္စကြီးများကို ဖန်တီးကာ သူ့ဆရာကို ထွက်လာခိုင်းသည်က ပိုမို၍ ကောင်းမွန်သည် မဟုတ်ပါလော။

ထိုသို့ စဥ်းစားမိသည်နှင့် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ ရွှယ်ရွှမ်းအဖွဲ့အစည်း ဆီသို့ တိုက်ရိုက်ပင် ဦးတည်သွားခဲ့သည်။

ရွှယ်ရွှမ်းအဖွဲ့အစည်းသည် မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်တွင် သမိုင်းကြောင်း ရှည်ကြာသော အင်အားစု တစ်စုဖြစ်ပြီး ၎င်း၏ ခွန်အားသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ ထိပ်တန်း မျိုးနွယ်စုများထက် မနိမ့်ကျပေ။

ရွှယ်ရွှမ်းအဖွဲ့အစည်းကို မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်၏ အုပ်ချုပ်သူဟုပင် ဆို၍ ရ၏။

ထို့ကြောင့် မဟာနတ်မျိုးစု ရှစ်စုမှ လူများပင် ရွှယ်ရွှမ်းအဖွဲ့အစည်းကို အလွယ်တကူ မစော်ကားဝံ့ကြပေ။

မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်၏ အကြီးမားဆုံး အင်အားစုနှင့် မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်၏ အုပ်ချုပ်သူ အနေဖြင့် ရွှယ်ရွှမ်းအဖွဲ့အစည်း ဌာနချုပ်သည် မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်၏ ဗဟိုနယ်မြေတွင် တည်ရှိသည်။

ကျန်းချန်သည် မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်၏ ဗဟိုနယ်မြေဆီသို့ တန်းတန်းမတ်မတ် ဦးတည်ခဲ့ရာ သိပ်မကြာခင်မှာပင် အလွန် ခမ်းနားထည်ဝါသော အဆောက်အအုံကြီး တစ်ခု၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။

ထိုအဆောက်အအုံ၏ တံခါးဝတွင် ရွှယ်ရွှမ်း အဖွဲ့အစည်း ဟူသော စာလုံးများကို ထွင်းထုထားပြီး ဆိုင်းဘုတ်သည် အထူးပင် လင်းလက်နေခဲ့သည်။

ဆိုင်းဘုတ်ထံတွင် အလွန် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အေးစက်သော အရှိန်အဝါတစ်ခု ရှိနေပုံရ၏။

ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူပင် ထိုဆိုင်းဘုတ်၏ အရှိန်အဝါကြောင့် စိတ်ဝိညာဥ် အေးခဲလုနီးပါး ခံစားရမည်ဖြစ်သည်။

အခန်း(၂၀၄၆)ပြီး၏။

All Chapters