အခန်း (၂၀၄၇-၂၀၄၈)
Vol. 145 Ch. 2047-2048
အခန်း(၂၀၄၇)
ကျန်းချန်က တုံ့ဆိုင်းမနေဘဲ ရွှယ်ရွှမ်းအဖွဲ့အစည်း၏ဘဂိတ်တံခါးဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။
ဂိတ်တံခါးဝရှိ အစောင့်နှစ်ဦးသည် ကျန်းချန်က သူတို့ဆီ ဦးတည်လာနေသည်ကို မြင်လျှင် ချက်ချင်းဆိုသလို အော်ဟစ်လိုက်၏။
“ကောင်လေး.. ဒါက ရွှယ်ရွှမ်းအဖွဲ့အစည်းရဲ့ ဌာနချုပ်ပဲ.. အပြင်လူတွေကို ဝင်ခွင့် ကန့်သတ်ထားတယ်.. မင်းရှေ့ဆက်တိုးရင် သေလမ်းတစ်လမ်းပဲ ရှိတယ်”
ကျန်းချန်က သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
“ငါ့ကို မဝင်စေချင်ရင် မင်းတို့ ရွှယ်ရွှမ်း အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ကို အပြင်ထွက်ပြီး ငါ့ကို လာတွေ့ခိုင်းလိုက်”
“ဟမ့် မင်းကိုယ်မင်း ဘာထင်နေတာလဲ.. ငါတို့ဘခေါင်းဆောင်က ခွေးတွေ ကြောင်တွေ အဆင့်လောက်ကို ထွက်တွေ့မှာ မဟုတ်ဘူး”
အစောင့်တစ်ဦးက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
“ကောင်လေး ဒီကနေ ထွက်သွားစမ်း.. ငါတို့ ရွှယ်ရွှမ်းအဖွဲ့အစည်း ဌာနချုပ်က မင်းရမ်းကားလို့ရတဲ့ နေရာမဟုတ်ဘူး”
“မင်းတို့က သူ့ကို မခေါ်ထုတ်ပေးဘူး ဆိုမှတော့ ကိုယ့်ဘာသာကိုယ် ဝင်ပြီး ရှာရုံပဲ ရှိတော့တာပေါ့”
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျန်းချန်သည် အစောင့်တစ်ဦးကို လျစ်လျူရှုလိုက်ပြီး ရွှယ်ရွှမ်း အဖွဲ့အစည်း၏ ဂိတ်တံခါးပေါက် ဆီသို့ လျှောက်သွားခဲ့သည်။
“ရွှယ်ရွှမ်း အဖွဲ့အစည်းရဲ့ ဌာနချုပ်ကို ကျူးကျော်ရဲတယ်.. မင်းက ကိုယ့်သေလမ်းကိုယ် ရှာနေတာပဲ”
ကျန်းချန်က ရွှယ်ရွှမ်း အဖွဲ့အစည်းကို အမှန်တကယ် ကျူးကျော်တော့မည်အား မြင်လျှင် အစောင့်နှစ်ဦးက ဒေါသတကြီး ကြုံးဝါးလိုက်ကြပြီး သူတို့ လက်ထဲမှ လက်နက်များကို ဝှေ့ယမ်းကာ ကျန်းချန်ကို တိုက်ခိုက်လိုက်ကြသည်။
ကျန်းချန်က သူ၏ လက်ချောင်းထိပ်ကနေ ဓားစွမ်းအင်နှစ်ခုကို ထုတ်လွှတ်ကာ ပစ်ခတ်လိုက်သည်။
ကောင်းကင်နတ်ဘုရားအဆင့် အစောင့်နှစ်ဦးက လုံးဝတုံ့ပြန်နိုင်ခြင်း မရှိခဲ့ဘဲ သူတို့၏ မျက်ခုံးအလယ်တွင် သွေးပေါက်ရာ တစ်ခု ပေါ်လာခဲ့ပြီး ချက်ချင်းဆိုသလို မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
“ရွှယ်ရွှမ်း အဖွဲ့အစည်းရဲ့ ဌာနချုပ်မှာ ဘယ်သူ ရမ်းကားနေတာလဲ”
ကျန်းချန်က အစောင့်နှစ်ဦးကို အလွယ်တကူ သတ်ဖြတ်လိုက်ပြီးနောက်တွင် ရွှယ်ရွှမ်း အဖွဲ့အစည်း၏ အတွင်းဘက်မှ ဒေါသတကြီး ကြုံးဝါးသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
နောက်ထပ် တစ်စက္ကန့်မှာပင် ငွေရောင်သံချပ်ဝတ်စုံကို ဝတ်ဆင်ထားသော နယ်မြေနတ်ဘုရား တစ်ပါးသည် အစောင့်ဒါဇင်များစွာနှင့် အတူ ရွှယ်ရွှမ်း အဖွဲ့အစည်းထဲကနေ ထွက်လာခဲ့ကြသည်။
ခေါင်းဆောင် ဖြစ်သည့် ငွေရောင်သံချပ် ဝတ်စုံဝတ် နယ်မြေနတ်ဘုရားက ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းများတွင် အေးစက်သော အရှိန်အဝါတစ်ခု ရှိနေခဲ့၏။
“ကောင်လေး မင်းဘယ်သူလဲ.. ဘာလို့ ငါတို့ ရွှယ်ရွှမ်း အဖွဲ့အစည်းရဲ့ ဌာနချုပ်ကို ဒုက္ခလာပေးရတာလဲ”
ထိုစကားကိုကြားလျှင် ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် ပြောလိုက်သည်။
“ကူရွှယ်သောင်းရဲ့တပည့် ကျန်းချန်က ရွှယ်ရွှမ်းအဖွဲ့အစည်းရဲ့ ခေါင်းဆောင်နဲ့ လာတွေ့တာပါ.. ခေါင်းဆောင်ကို အကြောင်းကြားပေးဖို့ တောင်းဆိုပါတယ်”
ကျန်းချန်၏ စကားကိုကြားလျှင် ငွေရောင် သံချပ်ဝတ်စုံကို ဝတ်ဆင်ထားသော နယ်မြေနတ်ဘုရား၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
“မင်းက ကူရွှယ်သောင်းရဲ့ တပည့်လား”
မကြာသေးမီက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူနှစ်ဦးသည် ကူရွှယ်သောင်းကို မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော် အထိ လိုက်လံသတ်ဖြတ်ခဲ့သည်။
သို့ရာတွင် မမျှော်လင့်ဘဲ ကူရွှယ်သောင်းကို လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူတစ်ဦးက ကယ်တင်သွားခဲ့၏။
ထိုနောက်ပိုင်းတွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူနှစ်ဦးသည် ကြီးမားသော အဖိုးအခကို အကုန်အကျခံကာ ကူရွှယ်သောင်း၏ သဲလွန်စကို ရှာဖွေရန် အတွက် ရွှယ်ရွှမ်းအဖွဲ့အစည်းကို အကူအညီ တောင်းခဲ့သည်။
သို့သော်လည်း သူတို့ ရွှယ်ရွှမ်း အဖွဲ့အစည်းသည် ကူရွှယ်သောင်း၏ သဲလွန်စကို ရှာမတွေ့နိုင်ခဲ့ပေ။
ယခု သူတို့ရှေ့မှ လူငယ်က ကူရွှယ်သောင်း၏ တပည့်ဟု ပြောဆိုကာ သူတို့ ရွှယ်ရွှမ်း အဖွဲ့အစည်း၏ ဌာနချုပ် ဆီသို့ တိုက်ရိုက်ပင် ရောက်ရှိလာခဲ့သည်။
“ကောင်လေး ကောင်းကင်ဘုံဆီ သွားဖို့ လမ်းရှိပေမဲ့ မင်းက မသွားဘဲ ငရဲဆီကိုမှ လာချင်တာတော့ ငါလည်း မတတ်နိုင်ဘူး.. ငါတို့ ရွှယ်ရွှမ်းအဖွဲ့အစည်းက ကူရွှယ်သောင်းရဲ့ သဲလွန်စကို ရှာတွေ့ဖို့ ခေါင်းခဲနေရပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် မင်းက ဌာနချုပ်အထိ ရောက်လာခဲ့တယ်.. ငါမင်းကို ဖမ်းလိုက်တာနဲ့ ကူရွှယ်သောင်းက ပုန်းနေရာကနေ ထွက်ပေါ်လာမှာ အသေအချာပဲ”
ငွေရောင်သံချပ်ဝတ်စုံကို ဝတ်ဆင်ထားသော နယ်မြေနတ်ဘုရားက အေးစက်စက် ရေရွတ်လိုက်ပြီး သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။
“ဒီကောင်လေးကို ဖမ်းကြစမ်း”
“ဝုန်း..ဝုန်း..ဝုန်း..”
ငွေရောင်သံချပ်ဝတ် နယ်မြေနတ်ဘုရား၏ အမိန့်ကို ရသည်နှင့် ရွှယ်ရွှမ်း အဖွဲ့အစည်းမှ အစောင့် ဒါဇင်ပေါင်း များစွာသည် တစ်ချိန်တည်းနီးပါး ကျန်းချန်ကို ဝိုင်းရံလိုက်ကြသည်။
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့်ပင် တည်ငြိမ်စွာ ရှိနေခဲ့ပြီး အနီရောင် ဓားတစ်လက်သည် လေထဲမှတစ်ဆင့် သူ၏လက်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
နောက်ထပ် တစ်စက္ကန့်တွင် သူ၏ ပုံရိပ်သည် လေထုထဲတွင် ရိပ်ခနဲ ပျောက်ကွယ်သွားခဲ့ပြီး ဆန်းကြယ်သော ဓားအလင်းတန်းများသာ လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် ရွှယ်ရွှမ်း အဖွဲ့အစည်းမှ အစောင့်ဒါဇင်ပေါင်းများစွာသည် အော်ဟစ်သံပင် မပြုလိုက်ရဘဲ ဓားအလင်းအောက်တွင် ချက်ချင်းဆိုသလို သတ်ဖြတ်ခံလိုက်ရသည်။
“ငါတို့ ရွှယ်ရွှမ်း အဖွဲ့အစည်းက လူကို သတ်ဖြတ်ရဲတယ်လား.. သေဖို့သာ ပြင်ထားလိုက်တော့”
ငွေရောင်သံချပ်ဝတ်စုံဝတ် နယ်မြေနတ်ဘုရားက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏ လက်ထဲမှ ငွေရောင်လှံတံဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
ငွေရောင်သံချပ်ဝတ် နယ်မြေနတ်ဘုရား၏ လှံချက်သည် မိုးကြိုးလျှပ်စီးများဖြင့် တောက်ပနေခဲ့ပြီး အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေခဲ့၏။
သို့သော်လည်း ကျန်းချန်က သူ၏ လက်တစ်ဖက်ကို အသာအယာ ဆန့်ထုတ်ကာ ဝှေ့ယမ်းလိုက်သည်နှင့် ရှေးဟောင်းနတ်ဘုရား၏ လက်ဖဝါးကဲ့သို့ ဧရာမ လက်ဖဝါးကြီးသည် ငွေရောင်သံချပ်ဝတ်စုံဝတ် နယ်မြေနတ်ဘုရား ဆီသို့ သက်ရောက်လာခဲ့သည်။
“ဖူး..”
ငွေရောင်သံချပ်ဝတ်စုံ ဝတ်ဆင်ထားသော နယ်မြေနတ်ဘုရား၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
ထို့အပြင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ဧရာမလက်ဖဝါး၏ ဖိနှိပ်မှုအောက်တွင် အသေအလဲ ရုန်းကန်နေခဲ့ရ၏။
ငွေရောင်သံချပ်ဝတ် နယ်မြေနတ်ဘုရားက အစွမ်းကုန်ကြိုးစားရုန်းကန်ပြီး နယ်မြေနတ်ဘုရား မူလအရင်းအမြစ်စွမ်းအားကို အသုံးပြုခဲ့သည့်တိုင် ဧရာမ လက်ဖဝါးကြီး၏ အောက်တွင် လုံးဝ မလှုပ်ရှားနိုင်ခဲ့ပေ။
“စတုတ္ထညီနောင်.. ဘာမှမစိုးရိမ်နဲ့ ငါလာကူမယ်”
စကားသံနှင့်အတူ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော နောက်ထပ် နယ်မြေနတ်ဘုရားတစ်ပါးသည် ငွေရောင်သံချပ်ဝတ်စုံဝတ်ဆင်ထားသော နယ်မြေနတ်ဘုရား၏ ဘေးသို့ ရောက်ရှိလာခဲ့ပြီး ၎င်းနှင့် ပူးပေါင်းကာ ကျန်းချန်၏ ဧရာမလက်ဖဝါးကြီးကို ရင်ဆိုင်လိုက်သည်။
သို့သော်လည်း သာမန် နယ်မြေနတ်ဘုရား နှစ်ပါးသည် ကျန်းချန်၏ စွမ်းအားကို မည်ကဲ့သို့ ခံနိုင်ရည်ရှိပါအံ့နည်း။
သာမန်ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူပင် ကျန်းချန်၏ လက်ဝါးရိုက်ချက်ကို ရင်ဆိုင်ရန် မလွယ်ကူပေ။
ထို့ကြောင့် အနက်ရောင် သံချပ်ဝတ်စုံကို ဝတ်ဆင်ထားသော နယ်မြေနတ်ဘုရားသည်လည်း ငွေရောင်သံချပ်ဝတ်စုံကို ဝတ်ဆင်ထားသော နယ်မြေနတ်ဘုရား ကဲ့သို့ပင် သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရပြီး ဧရာမလက်ဝါးကြီး၏ ဖိနှိပ်မှုအောက်တွင် ရုန်းကန်နေခဲ့ရသည်။
“ဝုန်း.. ဝုန်း..”
ထိုအချိန်မှာပင် ရွှယ်ရွှမ်းအဖွဲ့အစည်း၏ အတွင်းဘက်ကနေ နယ်မြေနတ်ဘုရားအဆင့် အရှိန်အဝါ နှစ်ခုသည် ကောင်းကင်ယံဆီသို့ ထိုးတက်လာခဲ့သည်။
ထိုနှစ်ဦး၏ အရှိန်အဝါသည် အစောပိုင်းက နယ်မြေနတ်ဘုရား နှစ်ပါးထက် ပို၍ သိသာစွာ သန်မာနေခဲ့ပြီး ၎င်းတို့သည် မြေကြီးအရှင် အဆင့်ကို ရောက်ရှိနေခဲ့ကြပြီ ဖြစ်သည်။
၎င်းတို့က ခွန်အားများကို တစ်ပြိုင်နက်တည်း ထုတ်သုံးလိုက်ကြပြီး ဧရာမလက်ဝါးကြီးနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်မှ လူများသာ ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ၎င်းတို့၏ မျက်ဝန်းများသည် အံ့သြထိတ်လန့်မှုကြောင့် ပြူးကျယ်သွားနိုင်သည်။
ရွှယ်ရွှမ်းအဖွဲ့အစည်း၏ အကြီးအကဲ လေးဦးသည် အလွန်အစွမ်းထက်သော နယ်မြေနတ်ဘုရားလေးပါးဖြစ်ပြီး ၎င်းတို့ထဲမှ နှစ်ဦးသည် မြေကြီးအရှင် အဆင့်သို့ပင် ရောက်ရှိနေကြပြီ ဖြစ်သည်။
ထိုအကြီးအကဲ လေးဦး ပူးပေါင်းလိုက်လျှင် ကောင်းကင်အရှင် တစ်ပါးနှင့်ပင် တိုက်ခိုက်နိုင်သည်ဟု ဆိုကြ၏။
သို့သော်လည်း ယခုအခါတွင် အကြီးအကဲ လေးဦး အတူတကွပေါင်းစည်း၍ တိုက်ခိုက်နေသည့်တိုင် ကောင်းကင်နတ်ဘုရားအဆင့် ကောင်လေးတစ်ဦးကို အသာစီးမရယူနိုင်ခြင်းမှာ မယုံကြည်နိုင်စရာ ကောင်းလွန်းနေခဲ့၏။
“ဝုန်း..”
ရွှယ်ရွှမ်းအဖွဲ့အစည်းမှ အကြီးအကဲလေးဦး ပူးပေါင်းလိုက်သော စွမ်းအားသည် အမှန်တကယ်ပင် ကမ္ဘာမြေကြီးကို တုန်လှုပ်စေခဲ့သည်။
သူတို့လေးဦး၏ နယ်မြေနတ်ဘုရား မူလရင်းမြစ်စွမ်းအားသည် အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေခဲ့၏။
လေးဦးစလုံးက နယ်မြေနတ်ဘုရား မူလရင်းမြစ်စွမ်းအားကို ထုတ်ဖော်ကာ တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်ပြီး ကောင်းကင်ယံကို ထောက်ကန်ပေးထားသည့် အလင်းတိုင်တစ်တိုင် အဖြစ်သို့ ပြောင်းလဲလိုက်သည်။
ထိုအလင်းတိုင်က ဧရာမလက်ဖဝါးကြီးကို အောက်သို့ မကျရောက်လာစေရန် ထောက်ထားခဲ့သည့်အလား ဖြစ်နေခဲ့၏။
“ဒီပူးပေါင်းတိုက်ကွက်က နည်းနည်းတော့ စိတ်ဝင်စားစရာပဲ”
ကျန်းချန်က နယ်မြေနတ်ဘုရား လေးပါး၏ ပူးပေါင်းတိုက်ကွက်ကို တအံ့တသြ ကြည့်လိုက်ပြီးနောက်တွင် သူ၏ စွမ်းအားကို အနည်းငယ် တိုးမြှင့်လိုက်သည်။
ဧရာမ လက်ဖဝါးကြီးပေါ်ရှိ အလင်းတန်းသည် အဆမတန် မြင့်တက်လာခဲ့ပြီး ယခင်ကထက် အဆပေါင်းများစွာ ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားသည် ဧရာမ လက်ဖဝါးကနေ ချက်ချင်းဆိုသလို ပျံ့နှံ့လာခဲ့၏။
ထိုမြင်ကွင်းကိုမြင်လျှင် ရွှယ်ရွှမ်း အဖွဲ့အစည်းမှ အကြီးအကဲ လေးဦး၏ မျက်နှာအမူအရာများသည် ချက်ချင်းပင် ပြောင်းလဲသွားခဲ့ကြသည်။
သူတို့က သူတို့၏ဦးခေါင်းအထက်တွင် ရှေးဟောင်းတောင်တန်း တစ်ခု တည်ရှိနေသကဲ့သို့ အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းသည့် ဖိအားကို ခံစားနေခဲ့ရသည်။
သူတို့လေးဦးစလုံးက အစွမ်းကုန် ကြိုးစားသော်လည်း ဧရာမလက်ဖဝါးကြီး၏ ဖိအားကို မတွန်းလှန်နိုင်ခဲ့ကြပေ။
ဧရာမ လက်ဖဝါးကြီးကို ထောက်ကန်ထားသည့် အလင်းတိုင်ကြီးသည် ဧရာမ လက်ဖဝါးကြီး၏ စွမ်းအားအောက်တွင် အဆက်မပြတ် ပျက်စီးနေသည်ကို သူတို့ မြင်လိုက်ရသည်။
သိပ်မကြာခင်မှာပင် အလင်းတိုင်ကြီးသည် ဧရာမလက်ဖဝါးကြီး၏ စွမ်းအားအောက်တွင် လုံးဝကို ပျောက်ကွယ်သွားခဲ့သည်။
အခန်း(၂၀၄၇)ပြီး၏။
အခန်း(၂၀၄၈)
ထို့နောက်တွင် ရွှယ်ရွှမ်း အဖွဲ့အစည်းမှ အကြီးအကဲ လေးဦး၏ ပုံရိပ်သည်လည်း ဧရာမ လက်ဝါး၏ ဖိအားအောက်တွင် လေထုထဲ၌ အဆက်မပြတ် နစ်ဝင်သွားခဲ့သည်။
“မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်မှာ အစွမ်းထက်ကျင့်ကြံသူတွေ တိုက်ခိုက်နေကြပြန်ပြီဟ"
"အရှိန်အဝါတွေအရတော့ ကောင်းကင်နတ်ဘုရား အဆင့် ကျင့်ကြံသူနဲ့ နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူတွေ တိုက်ခိုက်နေကြတဲ့ပုံပဲ"
"ဒီတိုက်ခိုက်မှု ဖြစ်ပေါ်နေတဲ့ နေရာက ရွှယ်ရွှမ်း အဖွဲ့အစည်းရဲ့ ဌာနချုပ်နေရာပဲ"
"ဘယ်လိုလူက ရွှယ်ရွှမ်းအဖွဲ့အစည်းရဲ့ ဌာနချုပ်ဆီ လာရောက် ရမ်းကားရဲတာလဲ”
“.........”
ကျန်းချန်နှင့် ရွှယ်ရွှမ်း အဖွဲ့အစည်းမှ အကြီးအကဲလေးဦး၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်လှုပ်ခတ်မှုများသည် ရှေးဟောင်းမြို့တော်၏ အထက်ကောင်းကင်ယံတွင် ချက်ချင်းဆိုသလို ပြည့်နှက်သွားခဲ့ပြီး မြို့တော်မှ ကျင့်ကြံသူများစွာကို အထိတ်တလန့် ဖြစ်စေခဲ့သည်။
ကျင့်ကြံသူများက ရွှယ်ရွှမ်းအဖွဲ့အစည်းဆီ ပျံသန်းသွားခဲ့ကြပြီး ရွှယ်ရွှမ်းအဖွဲ့အစည်းတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို စူးစမ်းခဲ့ကြသည်။
ထိုအခါ ရွှယ်ရွှမ်းအဖွဲ့အစည်း၏ အထက် ကောင်းကင်ယံမှ အခြေအနေကို မြင်လိုက်ရလျှင် သူတို့အားလုံး အံ့အားသင့်သွားကြသည်။
“တစ်စုံတစ်ယောက်က ရွှယ်ရွှမ်းအဖွဲ့အစည်းကို လာရောက်တိုက်ခိုက်ပြီး ရွှယ်ရွှမ်းအဖွဲ့အစည်းရဲ့ အကြီးအကဲလေးဦးကို တစ်ချိန်တည်းမှာ လှုပ်ရှားစေခဲ့တယ်ဟ"
"အဲဒီ အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးက ဘယ်သူများလဲ"
"သူက သူ့ရဲ့ခွန်အားနဲ့ ရွှယ်ရွှမ်းအဖွဲ့အစည်းက အကြီးအကဲလေးဦးကို လုံးဝဖိနှိပ်ထားတယ်.. သူ့ရဲ့ အရှိန်အဝါအရတော့ ကောင်းကင်နတ်ဘုရားအဆင့်မှာပဲ ရှိနေသေးပုံပဲ”
“ကောင်းကင်နတ်ဘုရားက ဒီလိုမျိုး စွမ်းအားကို ပိုင်ဆိုင်ထားတယ်လား.. ဒီအနက်ရောင်ဝတ်စုံဝတ်လူငယ်လေးက ဒဏ္ဍာရီလာ သူတော်စင် ကောင်းကင်နတ်ဘုရားများ ဖြစ်နေမလားမသိဘူး”
“.........”
လူတိုင်းက ဆွေးနွေးပြောဆိုနေကြစဥ်မှာပင် ရွှယ်ရွှမ်းအဖွဲ့အစည်းမှ အကြီးအကဲနှစ်ဦးသည် ဖိအားဒဏ်ကို မခုခံနိုင်တော့ဘဲ လေထုထဲတွင် ပေါက်ကွဲထွက်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် နောက်ထပ် နယ်မြေနတ်ဘုရား နှစ်ပါးသည်လည်း ဆက်လက် ခံနိုင်ရည်မရှိတော့ဘဲ ကျန်းချန်၏ ဧရာမ လက်ဖဝါးအောက်တွင် တစ်ခါတည်း ကြေမွပျက်စီးသွားခဲ့သည်။
ကျန်းချန်က လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့်ပင် ရွှယ်ရွှမ်းအဖွဲ့အစည်း၏ အကြီးအကဲလေးဦးကို ရိုက်သတ်ပစ်လိုက်ခြင်းပင်။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် လူတိုင်းသည် သူတို့၏ မျက်လုံးကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။
ထိုလေးယောက်သည် ရွှယ်ရွှမ်းအဖွဲ့အစည်း၏ အကြီးအကဲလေးဦး ဖြစ်ပြီး ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်သည် နယ်မြေနတ်ဘုရား အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ ထိုအထဲတွင် မြေကြီးအရှင်အဆင့် ကျင့်ကြံသူနှစ်ဦးပင် ပါဝင်နေခဲ့သည်။
ထိုလေးဦး ပူးပေါင်းလိုက်လျှင် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူကိုပင် တိုက်ခိုက်နိုင်သည်ဟု ဆိုကြ၏။
သို့သော်လည်း အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးသည် လက်ဝါးရိုက်ချက် တစ်ချက်ဖြင့်ပင် ထိုလေးယောက်ကို အလွယ်တကူ ရှင်းပစ်လိုက်သည်။
ယင်းက မည်မျှပင် ထိတ်လန့်စရာကောင်းသော စွမ်းအားမျိုး ဖြစ်ပါသနည်း။
လူတိုင်းက သူတို့ရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်နေစဥ်မှာပင် ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားသော အကြီးအကဲလေးဦး၏ ခန္ဓာကိုယ်ကနေ ၎င်းတို့၏ စိတ်ဝိညာဥ်များသည် ထွက်ပေါ်လာခဲ့ကြသည်။
သူတို့က ထိတ်လန့်တကြား အမူအရာဖြင့် ရွှယ်ရွှမ်းအဖွဲ့အစည်း၏ အတွင်းပိုင်းသို့ လျင်မြန်စွာ ထွက်ပြေးလိုက်ကြ၏။
သို့သော်လည်း ကျန်းချန်က ၎င်းတို့ကို အေးစက်စက် လှမ်းကြည့်လိုက်ပြီး ခြေလှမ်းတစ်လှမ်းကို အသာအယာ လှမ်းလိုက်ရာ ရှေးဟောင်း မွန်းစတားကြီး၏ ခြေလှမ်းကဲ့သို့ ဧရာမခြေထောက်ကြီးသည် အကြီးအကဲ လေးဦး၏ ဝိညာဥ်များ ပေါ်သို့ ကျရောက်လာခဲ့သည်။
ရွှယ်ရွှမ်းအဖွဲ့အစည်း၏ အကြီးအကဲလေးဦးက အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး အော်ဟစ် အကူအညီ တောင်းလိုက်ကြသည်။
“ခေါင်းဆောင်.. ကျွန်တော်တို့ကို ကယ်ပါဦး”
အကြီးအကဲလေးဦးက ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
“ရပ်လိုက်စမ်း ကောင်လေး.. မင်းငါ့တို့ ရွှယ်ရွှမ်းအဖွဲ့အစည်းရဲ့ အကြီးအကဲ လေးဦးကို သတ်ရဲရင် မင်းကို ငါတို့ ရွှယ်ရွှမ်းအဖွဲ့အစည်းက ဘယ်တော့မှ အလွှတ်ပေးမှာ မဟုတ်ဘူး”
ရွှယ်ရွှမ်း အဖွဲ့အစည်း၏ အတွင်းဘက်မှ ဒေါသတကြီး ကြုံးဝါးလိုက်သော အသံတစ်သံသည် အထက် ကောင်းကင်ယံတွင် ပဲ့တင်ထပ်လာခဲ့သည်။
နောက်ထပ် တစ်စက္ကန့်မှာပင် ရွှယ်ရွှမ်းအဖွဲ့အစည်း၏ အတွင်းဘက်ကနေ ကျင့်ကြံသူ တချို့ ထွက်လာခဲ့ကြသည်။
၎င်းတို့က ကောင်းကင်ယံသို့ ပျံသန်းလာခဲ့ပြီး ကြောက်မက်ဖွယ်စွမ်းအားများဖြင့် ကျန်းချန် ဆီသို့ တိုက်ခိုက်ခဲ့ကြသည်။
သူတို့၏ ရည်ရွယ်ချက်မှာ ကျန်းချန်၏ သတ်ဖြတ်ခြင်းမှ အကြီးအကဲ လေးဦးကို ကာကွယ်ရန် ဖြစ်သည်။
ထိုလူစုကို ဦးဆောင်လာသော ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူသည် ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
ထိုရွှေရောင်ဝတ်စုံဝတ် ကျင့်ကြံသူက လက်ဟန်တစ်ခုကို ထုတ်ဖော်လိုက်ရာ ဧရာမ ရွှေရောင်ဓားရှည် တစ်လက်က လေထုထဲတွင် ဖြစ်ပေါ်လာခဲ့သည်။
ထိုဓားရှည်သည် နေကဲ့သို့ တောက်ပနေခဲ့ပြီး အနှိုင်းမဲ့နတ်အလင်းနှင့် ကြောက်မက်ဖွယ် စွမ်းအားများကို သယ်ဆောင်ကာ ကျန်းချန် ဆီသို့ ဦးတည်သွားခဲ့သည်။
ထိုဓားရှည် ပျံသန်းသွားသည့် လမ်းကြောင်း တစ်လျှောက်တွင် လေထုသည် နှစ်ခြမ်း ကွဲထွက်သွားခဲ့ပြီး ဓား၏ အရှိန်အဝါ စွမ်းအားသည် ကမ္ဘာကြီး၏ အရောင်ကိုပင် ပြောင်းလဲစေခဲ့သည်။
အဝေးကနေ တိုက်ပွဲကို ကြည့်ရှုနေကြသော နယ်မြေနတ်ဘုရား များသည်ပင်လျှင် ထိတ်လန့်သွားခဲ့ကြသည်။
ထိုဓားသာ သူတို့ဆီသို့ ဦးတည်လာခဲ့လျှင် သူတို့ဆီ စက္ကန့်ပိုင်းအတွင်း အမှုန့်အဖြစ် ကြေမွသွားနိုင်ဖွယ် ရှိနေခဲ့၏။
“အတော်လေး ကြောက်ဖို့ကောင်းလိုက်တဲ့ဓားပါလား.. ဒီဓားက ရွှယ်ရွှမ်းအဖွဲ့အစည်းက ရွှေနေ ကောင်းကင်အရှင်ရဲ့ နာမည်ကျော်ကြားတဲ့ မဟာသူရိန်နတ်ဓားပဲ ဖြစ်ရမယ်.. ရွှေနေကောင်းကင်အရှင်က ဒီဓားကို အသုံးပြုပြီး မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေမှာ နာမည်ကျော်ကြားခဲ့တယ်လို့ ဆိုကြတယ်.. ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူတွေတောင် ဒီဓားကို ရင်ဆိုင်ဖို့ ခက်ခဲတယ်လို့ ကြားဖူးတယ်.. ဒီအနက်ရောင်ဝတ်စုံဝတ် လူငယ်လေး ဘယ်လိုခုခံမလဲ မသိဘူး”
“..........”
သူ့ဆီသို့ ရွှေရောင်ဓားရှည်က ဦးတည်ကာ ပျံသန်းလာသော်လည်း ကျန်းချန်သည် တည်ငြိမ်စွာပင် ရှိနေခဲ့သည်။
ထို့နောက်တွင် ကွဲပြားသော အရောင် ၁၀မျိုး ပါဝင်သည့် နတ်စွမ်းအားသည် သူ၏ တစ်ကိုယ်လုံးကို ချက်ချင်းဆိုသလို အကာအကွယ် အဖြစ် ဖုံးအုပ်သွားခဲ့သည်။
“ဝုန်း..ဝုန်း..ဝုန်း..”
ရွှယ်ရွှမ်းအဖွဲ့အစည်းမှ ကျင့်ကြံသူများ၏ တိုက်ခိုက်မှုအားလုံးသည် သူ၏ အကာအကွယ်ပေါ်သို့ ကျရောက်သွားခဲ့သော်လည်း သူ့ကို တစ်စုံတစ်ရာ ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။
ရွှေနေကောင်းကင်အရှင်၏ မဟာသူရိန်နတ်ဓားပင်လျှင် သူ၏ အကာအကွယ်ကို မထိုးဖောက်နိုင်ခဲ့ချေ။
ကျန်းချန်က လူတိုင်း၏ အံ့သြထိတ်လန့်နေသော အကြည့်အောက်မှာပင် ရွှယ်ရွှမ်း အဖွဲ့အစည်းမှ အကြီးအကဲလေးဦး၏ ဝိညာဥ်များကို လုံးဝ နင်းချေပစ်လိုက်သည်။
ထိုမျှနှင့် မပြီးသေးဘဲ သူ၏ စွမ်းအားများသည် အောက်ဘက်ရှိ ရွှယ်ရွှမ်း အဖွဲ့အစည်း ဆီသို့ တိုက်ရိုက်ပင် ရိုက်ခတ်သွားခဲ့သည်။
ရွှယ်ရွှမ်း အဖွဲ့အစည်း၏ ဂိုဏ်းကာကွယ်ရေး အစီအရင်သာ မရှိလျှင် ကျန်းချန်၏ စွမ်းအားသည် ရွှယ်ရွှမ်းအဖွဲ့အစည်း တစ်ခုလုံးကိုပင် စက္ကန့်ပိုင်း အတွင်း တစစီ ပျက်စီးသွားနိုင်ဖွယ်ရှိ၏။
ဤအချိန်တွင် ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
လူတိုင်းက သူတို့ရှေ့မှ အံ့သြ ထိတ်လန့်စရာကောင်းသော မြင်ကွင်းကို ကြည့်ကာ မှင်တက်ရာကနေ အသိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရ၏။
ရွှယ်ရွှမ်း အဖွဲ့အစည်းသည် မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်တွင် နှစ်ပေါင်းသန်းချီ ရပ်တည်ခဲ့သော အင်အားစုဖြစ်သည်။
ဆိုရလျှင် ရွှယ်ရွှမ်းအဖွဲ့အစည်းသည် မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်တွင် အစွမ်းအထက်ဆုံး အင်အားစု ဖြစ်ပြီး မည်သူကမှ အလွယ်တကူ စိန်ခေါ်ဝံ့ခြင်း မရှိခဲ့ပေ။
ထို့အပြင် ရွှယ်ရွှမ်းအဖွဲ့အစည်းသည် မျိုးနွယ်စုတစ်ရာရှေးဟောင်းမြို့တော်၏ အရှင်သခင်ဟုပင် ဆို၍ရ၏။
မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ မဟာနတ်မျိုးစု ရှစ်စုသည်ပင် ရွှယ်ရွှမ်း အဖွဲ့အစည်းကို ယဥ်ကျေးစွာ ဆက်ဆံရသည်။
ဤနှစ်များ တစ်လျှောက်လုံးတွင် ရွှယ်ရွှမ်းအဖွဲ့အစည်းသည် ယခုကဲ့သို့ ဂိတ်တံခါးဝတွင် တိုက်ခိုက်ခံရပြီး ခေါင်းဆောင်လေးဦး သုတ်သင်ခံရခြင်းမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။
“ကောင်းတယ်.. သိပ်ကောင်းတယ်”
ရွှေနေ ကောင်းကင်အရှင်က ဒေါသတကြီး ရေရွတ်လိုက်ပြီး ကျန်းချန်ကို သတ်ဖြတ်လိုသော အကြည့်ဖြင့် စူးစိုက်ကြည့်လိုက်သည်။
“ကောင်လေး.. ဒီနှစ်ပေါင်းများစွာအတွင်းမှာ မင်းက ငါတို့ ရွှယ်ရွှမ်း အဖွဲ့အစည်းကို ရမ်းကားရဲတဲ့ ပထမဆုံးသူပဲ”
ထိုစကားကို ကြားသော်လည်း ကျန်းချန်က တည်ငြိမ်သောအမူအရာဖြင့်ပင် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
“မင်းလိုကောင်ကများ ငါ့ကို မထီမဲ့မြင်လုပ်ရဲတယ်.. သွားသေလိုက်တော့”
ရွှေနေကောင်းကင်အရှင်က ဒေါသအိုး ပေါက်ကွဲသွားခဲ့သည်။
“အဘိုးကြီး ငါမင်းကို ထပ်ပြောဦးမယ်...မင်းတို့ရွှယ်ရွှမ်းအဖွဲ့အစည်းကို မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်ကနေ မပျောက်ကွယ်စေချင်ဘူး ဆိုရင် မင်းတို့ရဲ့ခေါင်းဆောင်ကို ငါနဲ့ ထွက်တွေ့ခိုင်းလိုက်”
ထို့နောက်တွင် သူက ရွှေရောင်ဓားရှည်ဖြင့် ထပ်မံ တိုက်ခိုက်လိုက်သည်။
ရွှေရောင်ဓားရှည်က ကောင်းကင်ယံရှိ နေမင်း၏ ကောင်းချီးကို ရရှိထားသည့်နှယ် ရွှေရောင်ကျိန်းစပ်စွာ တောက်ပနေခဲ့သည်။
“သေစမ်း”
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီး လက်သီးချက် တစ်ချက်ကို ထုတ်ဖော်ကာ ရွှေနေ ကောင်းကင်အရှင်ကို တိုက်ခိုက်လိုက်သည်။
ကျင့်ကြံသူနှစ်ဦး၏ ကြောက်မက်ဖွယ်ရာ စွမ်းအားများသည် ပတ်ဝန်းကျင်ကိုပင် တုန်ခါသွားစေခဲ့သည်။
ရွှေနေ ကောင်းကင်အရှင်၏ မဟာသူရိန်နတ်ဓားသည် ကျန်းချန်၏ လက်သီးချက်နှင့် လေထုထဲတွင် ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။
“ဝုန်း..”
လေထုထဲတွင် ပေါက်ကွဲမှု ဖြစ်ပေါ်လာခဲ့ပြီး နေနှင့်လပင် ဗြောင်းဆန်ကာ ကြောက်မက်ဖွယ် အဖျက်စွမ်းအင်မုန်တိုင်းသည် ကောင်းကင်ယံအနှံ့ တိုက်ခတ်သွားခဲ့သည်။
ကျန်းချန်၏ လက်သီးချက်က ရွှေရောင်ဓားရှည်ကို ကြေမွသွားစေခဲ့ပြီး ရွှေနေကောင်းကင် အရှင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
အခန်း(၂၀၄၈)ပြီး၏။