အခန်း (၂၀၄၉-၂၀၅၀)
Vol. 145 Ch. 2049-2050
အခန်း(၂၀၄၉)
ရွှေနေကောင်းကင်အရှင်က မည်သို့မှ မတားဆီးနိုင်ခဲ့ဘဲ ကျန်းချန်၏ လက်သီးချက်ဖြင့် ခန္ဓာကိုယ် တစ်ခုလုံး ကြေမွသွားခဲ့ပြီး သွေးမြူများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“ရွှေနေကောင်းကင်အရှင်က လက်သီးတစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတယ်လား”
မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်မှ တိုက်ပွဲကို ကြည့်ရှုနေကြသည့် ကျင့်ကြံသူများသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ အံ့အားသင့်နေကြသည်။
ဤသည်မှာ ကောင်းကင်အရှင်အဆင့် အစွမ်းထက် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
နတ်ဘုရင်အဆင့် ကျင့်ကြံသူ မရှိသည့် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေတွင် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူသည် အထွတ်အထိပ်တည်ရှိမှု ဖြစ်သည်။
မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ တစ်ခုလုံးမှာပင် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ အရေအတွက် တစ်ရာထက် မပိုပေ။
ထို့အပြင် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူကို လက်သီး တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သော ပုဂ္ဂိုလ်သည် ကောင်းကင်နတ်ဘုရားအဆင့် ကောင်လေးတစ်ယောက် ဖြစ်နေခဲ့၏။
“ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူက လက်သီးချက်တစ်ချက်တည်းနဲ့ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူကို သတ်ဖြတ်လိုက်တယ်လား...သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က တကယ်ကို ကြောက်စရာပဲ”
သို့သော်လည်း မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ ထိပ်ဆုံးတွင် ရပ်တည်နေသည့် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူသည် လက်သီး တစ်ချက်တည်းဖြင့်ပင် အသတ်ခံရလိမ့်မည်ဟု မည်သူမှ မတွေးမိခဲ့ပေ။
“မင်း.. မင်းဘယ်သူလဲ”
ရွှေနေကောင်းကင်အရှင်၏ ခန္ဓာကိုယ် ပျက်စီးကြေမွသွားပြီးနောက်တွင် ၎င်း၏ ဝိညာဥ်သည် ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့ပြီး ချက်ချင်းဆိုသလိုပင် ရွှေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ ပေထောင်ပေါင်းများစွာ အကွာအဝေးကို ထွက်ပြေးသွားခဲ့သည်။
ထိုအချိန်တွင် ကျန်းချန်ကို ကြည့်နေသည့် ၎င်း၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့၏။
ကျန်းချန်က ရွှေနေကောင်းကင်အရှင်ကို လျစ်လျူရှုထားခဲ့ပြီး ရွှယ်ရွှမ်းအဖွဲ့အစည်း၏ အတွင်းပိုင်းဆီသို့ စူးစိုက်ကြည့်လိုက်သည်။
ထို့နောက်တွင် သူ၏ အေးစက်စက် အသံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။
“ရွှယ်ရွှမ်းအဖွဲ့အစည်းရဲ့ခေါင်းဆောင်.. အသက်ဆယ်ရှိုက်စာ အချိန်အတွင်း မင်းငါ့ကို ထွက်မတွေ့ဘူးဆိုရင် မင်းရဲ့ရွှယ်ရွှမ်းအဖွဲ့အစည်းကို တစစီ နင်းချေပစ်မယ်”
“ဝုန်း.. ဝုန်း.. ဝုန်း..”
ကျန်းချန်၏ စကားသံ အဆုံးသတ်သည်နှင့်အမျှ အနှိုင်းမဲ့အစွမ်းထက်သော အရှိန်အဝါ များစွာသည် ရွှယ်ရွှမ်းအဖွဲ့အစည်း၏ အတွင်းဘက်ကနေ ဆက်တိုက်ဆိုသလို ကောင်းကင်ယံဆီသို့ ထိုးတက်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ပုံရိပ်အချို့သည် ရွှယ်ရွှမ်းအဖွဲ့အစည်း၏ အထက် ကောင်းကင်ယံတွင် တစ္ဆေကဲ့သို့ ရိပ်ခနဲ ပေါ်လာခဲ့သည်။
“ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ ငါးယောက်တောင်ပါလား.. ရွှယ်ရွှမ်းအဖွဲ့အစည်းမှာ ကောင်းကင်အရှင်အဆင့်ကျင့်ကြံသူ လေးယောက်ရှိတယ်.. အစောပိုင်းက ရှုံးနိမ့်ခဲ့တဲ့ ရွှေနေကောင်းကင်အရှင်ကို ဖယ်လိုက်ရင် ကျန်သုံးပါးလုံး ထွက်ပေါ်လာခဲ့ပြီ.. နောက်ထပ်နှစ်ယောက်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက ကောင်းကင်အရှင်နှစ်ပါးပဲ ဖြစ်ရမယ်”
မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်မှ လူများသည် ရွှယ်ရွှမ်းအဖွဲ့အစည်း၏ အထက်ကောင်းကင်ယံမှ ပုံရိပ်ငါးခုကို ကြည့်ကာ အသက်ရှူရပ်မတတ်ပင် ဖြစ်သွားခဲ့ရသည်။
မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေတွင် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ အရေအတွက် သိပ်မများပေ။
ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူတိုင်းသည် အင်အားစုကြီးများ၏ ထိပ်တန်း ပုဂ္ဂိုလ်များ ဖြစ်ကြပြီး တော်ရုံ ရှေ့ထွက်လေ့ မရှိကြပေ။
ယခုအခါတွင် ရွှယ်ရွှမ်းအဖွဲ့အစည်း၏ ကောင်းကင်ယံတွင် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ ငါးဦး တစ်ချိန်တည်း ထွက်ပေါ်လာခဲ့ကြပြီး ကျန်းချန် အစောပိုင်းက အနိုင်ယူခဲ့သော ရွှေနေ ကောင်းကင်အရှင်ကိုပါ ထည့်တွက်လိုက်လျှင် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ ခြောက်ဦး စုဝေးနေကြပြီဖြစ်သည်။
ဤကဲ့သို့သော အခြေအနေသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ နှစ်ထောင်ပေါင်းများစွာ အတွင်းမှာပင် အလွန်ရှားပါးသော အခြေအနေ ဖြစ်သည်။
“မင်းဘယ်သူလဲ.. ငါတို့ ရွှယ်ရွှမ်းအဖွဲ့အစည်းနဲ့ မင်းနဲ့ ကြားမှာ ဘာအငြိုးအာဃာတမှ မရှိဘဲ ဘာလို့ ငါတို့ ရွှယ်ရွှမ်းအဖွဲ့အစည်းကို လာပြီး ပြဿနာရှာရတာလဲ”
ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ ငါးဦးထဲမှ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားက စူးရှသော အကြည့်ဖြင့် ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်ကာ ရေရွတ်လိုက်သည်။
သူ၏ အကြည့်သည် ကမ္ဘာတစ်ခုလုံးကို အေးခဲသွားစေတော့မည့်အလား ဖြစ်နေခဲ့၏။
ထိုအပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ်အမျိုးသားသည် ရွှယ်ရွှမ်းအဖွဲ့အစည်း၏ ခေါင်းဆောင် ဖြစ်သည့် ပင်းယွမ်ကောင်းကင်အရှင် ဖြစ်သည်။
“မင်းတို့က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက လူတွေကို င့ါဆရာကူရွှယ်သောင်းကို ရှာဖွေရာမှာ အကူအညီပေးမှတော့ ငါနဲ့ မင်းတို့ကြားမှာ ဘာလို့ အမုန်းတရား မရှိရမှာလဲ”
ကျန်းချန်က ပင်းယွမ် ကောင်းကင်အရှင်ကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ဒီကောင်လေးက လက်စသတ်တော့ ကူရွှယ်သောင်းရဲ့ တပည့်ဖြစ်နေတာကိုး”
“မင်းကို အခွင့်အရေးတစ်ခုပေးမယ်.. မင်းတို့ ရွှယ်ရွှမ်းအဖွဲ့အစည်းက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို မကူညီဘူးဆိုရင် ငါ မင်းတို့ ရွှယ်ရွှမ်း အဖွဲ့အစည်းကို လွှတ်ပေးဖို့ စဥ်းစားပေးမယ်”
ကျန်းချန်၏ စကားကိုကြားလျှင် ပင်းယွမ်ကောင်းကင်အရှင်၏ နံဘေးရှိ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ကောင်းကင်အရှင် နှစ်ပါး၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်မှ ကျင့်ကြံသူများစွာသည်လည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။
မကြာသေးမီက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ကောင်းကင်အရှင်နှစ်ပါးသည် ကူရွှယ်သောင်းကို လိုက်လံသတ်ဖြတ်ခဲ့သည့် ကိစ္စရပ်သည် မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
နောက်ပိုင်းတွင် ကူရွှယ်သောင်းကို လျှို့ဝှက်ဆန်းကြယ်သော အစွမ်းထက် ကျင့်ကြံသူတစ်ယောက်က ကယ်တင်သွားခဲ့သည်။
ထို့ကြောင့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ကောင်းကင်အရှင်နှစ်ပါးသည် ကူရွှယ်သောင်းကို ရှာဖွေရန်အတွက် ရွှယ်ရွှမ်းအဖွဲ့အစည်း၏ အင်အားကို အသုံးပြုခဲ့၏။
သို့သော်လည်း ရွှယ်ရွှမ်း အဖွဲ့အစည်းနှင့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ကောင်းကင်အရှင် နှစ်ပါးသည် ကူရွှယ်သောင်းကို ရှာမတွေ့ခဲ့ပေ။
ယင်းအချိန်တွင် ကူရွှယ်သောင်း၏ တပည့်ဆိုသော လူငယ်က ရွှယ်ရွှမ်းအဖွဲ့အစည်း၏ ဌာနချုပ်ဆီသို့ တိုက်ရိုက် ပြဿနာလာရှာမည်ဟု တစ်ခါမှ မတွေးမိခဲ့ကြပေ။
“ကူရွှယ်သောင်းဆီမှာ ဒီလို နတ်ဆိုးဆန်လွန်းတဲ့ တပည့်မျိုး ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး.. ဒီကောင်လေးက အတော်လေး ပါရမီရှိပေမဲ့ ရွှယ်ရွှမ်းအဖွဲ့အစည်းကို ဒီလိုမျိုး ပြဿနာရှာရဲတာကတော့ အရမ်းကို ရမ်းကားလွန်းတာပဲ”
“အမှန်ပဲ သူဘယ်လောက်ပဲ အစွမ်းထက်နေပါစေ.. သူ့ရဲ့စွမ်းအားလောက်နဲ့ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူငါးဦးကို ဘယ်လိုလုပ်ပြီး ယှဥ်ပြိုင်နိုင်မှာလဲ”
“.............”
တိုက်ပွဲကို ကြည့်ရှုနေကြသည့် ကျင့်ကြံသူ အများအပြားသည် ခေါင်းခါရမ်းကာ တီးတိုး ရေရွတ်လိုက်ကြသည်။
၎င်းတို့က ကျန်းချန်နှင့် ပတ်သက်၍ ဤတိုက်ပွဲတွင် အကောင်းမြင်ခြင်း သိပ်မရှိကြပေ။
ထို့အပြင် သူယခု ရင်ဆိုင်ရမည့် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ ငါးပါး၏ ခွန်အားသည် ရွှေနေ ကောင်းကင်အရှင်အောက်တွင် မရှိကြပေ။
ကျန်းချန်သည် ဒဏ္ဍာရီလာ သူတော်စင် ကောင်းကင်နတ်ဘုရား ဖြစ်နိုင်ဖွယ်ရှိပြီး ကောင်းကင်ကိုပင် ဆန့်ကျင်နေသောစွမ်းအားကို ပိုင်ဆိုင်ကာ ရွှေနေကောင်းကင်အရှင်ကိုပင် အနိုင်ယူနိုင်သော်လည်း ယခု ရင်ဆိုင်ရမည်မှာ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူငါးပါး ဖြစ်သည်။
အထူးသဖြင့် ရွှယ်ရွှမ်းအဖွဲ့အစည်း၏ ခေါင်းဆောင် ဖြစ်သည့် ပင်းယွမ် ကောင်းကင်အရှင်သည် ကောင်းကင်အရှင် နှောင်းပိုင်းအဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ တစ်ခုလုံး ကြည့်လျှင်ပင် အလွန်တရာ အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
သို့ဖြစ်ရာ ကျန်းချန်က ကောင်းကင်နတ်ဘုရား အဆင့်ဖြင့် ဤမျှအထိ အစွမ်းထက်သော ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူငါးပါးနှင့် တိုက်ခိုက်ဖို့ ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။
“ကူရွှယ်သောင်းဆီမှာ မင်းလို တပည့်တစ်ယောက်ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ဒါက နည်းနည်းတော့ အံ့သြစရာပဲ”
ပင်းယွမ်ကောင်းကင်အရှင်က ကျန်းချန်ကို မျက်မှောင်ကြုတ်၍ ကြည့်ကာ ပြောလိုက်သည်။
“မင်းဘာသာ ဘယ်သူပဲဖြစ်နေပါစေ.. ငါတို့ ရွှယ်ရွှမ်းအဖွဲ့အစည်းကို ရမ်းကားရဲရင်တော့ ဒီနေ့ မင်းအတွက် သေလမ်း တစ်လမ်းပဲရှိတယ်”
သူ့ရှေ့မှ ကောင်လေးသည် ထူးခြားသော ပါရမီရှင် ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းအားတွင် အနှိုင်းမဲ့ဟု ဆို၍ရသော်လည်း ရွှယ်ရွှမ်း အဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်ပြီး မျိုးနွယ်စု တစ်ရာတောရိုင်းနယ်မြေရှိ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ အနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည့်သူသည် ကောင်းကင်နတ်ဘုရားအဆင့်မှ မလောက်လေး မလောက်စား ကောင်လေးတစ်ယောက်ကို ကြောက်လန့်နေရပါမည်လော။
ယနေ့တွင် ရွှယ်ရွှမ်းအဖွဲ့အစည်း၏ အကြီးအကဲ လေးဦးသည် ကျန်းချန်၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရပြီး ရွှေနေကောင်းကင်အရှင်၏ ခန္ဓာကိုယ်သည်လည်း ကျန်းချန်ကြောင့် ပျက်စီးသွားခဲ့သည်။
ဆိုရလျှင် ရွှယ်ရွှမ်း အဖွဲ့အစည်း၏ နှစ်ပေါင်းများစွာ သမိုင်းကြောင်းအတွင်း ဤမျှအထိ ကြီးမားသော ဆုံးရှုံးမှုမျိုးကို တစ်ခါမှ မခံစားခဲ့ရပေ။
ထိုကောင်လေးကိုသာ လွှတ်ပေးလိုက်လျှင် သူတို့ ရွှယ်ရွှမ်းအဖွဲ့အစည်းသည် အနာဂတ်တွင် မျိုးနွယ်စုတစ်ရာရှေးဟောင်းမြို့တော်၌ မည်ကဲ့သို့ ရပ်တည်နိုင်ပါတော့မည်နည်း။
“မင်းက မင်းရဲ့ရွှယ်ရွှမ်း အဖွဲ့အစည်းကို သေတွင်းထဲ ဆွဲခေါ်ချင်နေမှတော့ ငါဒီနေ့ မင်းရဲ့ ရွှယ်ရွှမ်းအဖွဲ့အစည်းကို ရှေးဟောင်းမြို့တော်ကနေ လုံးဝ ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်”
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်သည်။
သူ၏ ဆံပင်ရှည်များက လေထဲတွင် တလူလူ လွင့်နေခဲ့ပြီး သူ၏ မျက်ဝန်းများတွင် တောက်ပသော နတ်အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့သည်။
သူ၏ ခန္ဓာကိုယ်ကနေလည်း ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါများသည် ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားခဲ့၏။
“မင်းက အတော်လေလုံးထွားတာပဲ...ငါတို့ ရွှယ်ရွှမ်းအဖွဲ့အစည်းကို အနိုင်ယူဖို့ မင်းမှာ ဘယ်လို စွမ်းရည်မျိုးတွေရှိလဲ ဆိုတာ ငါကြည့်ချင်သေးတယ်”
ထိုအချိန်မှာပင် ပင်းယွမ်အရှင်သခင်၏ နံဘေးမှ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအို တစ်ဦးသည် ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
ထိုအနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် ရွှယ်ရွှမ်းအဖွဲ့အစည်း၏ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ လေးဦးထဲက တစ်ဦးဖြစ်သော ပင်းမင်ကောင်းကင်အရှင် ဖြစ်ပြီး ၎င်း၏ ကျင့်ကြံခြင်း အဆင့်သည် ကောင်းကင်အရှင် အလယ်အလတ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ၏ မျက်ဝန်းများက အလွန်တရာ နက်မှောင်ပြီး ဝိညာဥ်ကို ထိုးဖောက်မတတ် အေးစက်နေခဲ့၏။
“သေစမ်း”
ပင်းမင်ကောင်းကင်အရှင်က လက်ဟန်များကို ပြုလုပ်လိုက်ရာ အနက်ရောင် ဓားရှည်တစ်လက်သည် သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။
ထိုဓားအရှည်၏ ကိုယ်ထည် တစ်ခုလုံးသည် အနက်ရောင်ရေခဲခရစ္စတယ်ဖြင့် ပြုလုပ်ထားပြီး ကြည်လင် တောက်ပကာ ကြောက်မက်ဖွယ် အအေးဓာတ်များကို ထုတ်လွှတ်နေခဲ့သည်။
ပင်းမင်ကောင်းကင်အရှင်က ထိုအနက်ရောင်ဓားရှည်ဖြင့် ဓားကွက်တစ်ကွက်ကို ထုတ်ဖော်ကာ ကျန်းချန်ကို ခုတ်ချလိုက်သည်။
သူ၏ ဓားချက်က အချိန်နှင့် နေရာလွတ်ကို ဖြတ်ကျော်သွားခဲ့ပြီး ကောင်းကင်ယံ တစ်ခုလုံးကိုပင် ဖြတ်တောက်တော့မည့်အလား ဖြစ်နေခဲ့၏။
နောက်ထပ်တစ်စက္ကန့်မှာပင် ထိုအနက်ရောင်ဓားရှည်သည် ကျန်းချန်၏ ဦးခေါင်းအထက်ရှိ မီတာထောင်ပေါင်းများစွာ နေရာလွတ်ကို ဖျက်ဆီးပစ်လိုက်ပြီး အောက်ဘက်ရှိ ကျန်းချန်ကိုပင် တစစီ ချေမှုန်းတော့မည့်အလား ဖြစ်နေခဲ့သည်။
အခန်း(၂၀၄၉)ပြီး၏။
အခန်း(၂၀၅၀)
“ကောင်လေး ငါ့ရဲ့ ဆန်းကြယ် မဟူရာဓားအောက်မှာ သေဆုံးရတဲ့အတွက် ဂုဏ်ယူလို့ရပြီ”
ပင်းမင်ကောင်းကင်အရှင်၏ မျက်နှာထက်တွင် မထီမဲ့မြင်အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူ၏ ရှေ့မှ ကောင်လေးသည် ကောင်းကင်ကိုပင် ဆန့်ကျင်နေသော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသော သူတော်စင် ကောင်းကင်နတ်ဘုရား ဖြစ်နေလျှင်ပင် တိုက်ခိုက်မှုအောက်တွင် အသက်ရှင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။
ဤဆန်းကြယ် မဟူရာဓားသည် သူ၏ ကျင့်ကြံခြင်းနည်းစနစ်၏ သိုင်းစွမ်းအားပုံရိပ် ဖြစ်ပြီး နယ်မြေနတ်ဘုရား မူလအရင်းအမြစ်၏ စွမ်းအားကိုပါ ပေါင်းစပ်ထား၍ ကောင်းကင်အရှင် အစောပိုင်းအဆင့် ကျင့်ကြံသူများကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိသည်။
သို့သော်လည်း ပင်းမင်ကောင်းကင်အရှင်၏ မျက်နှာပေါ်မှ မထီမဲ့မြင် အပြုံးသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ကျန်းချန်က ဓားချက်ကို ရှောင်တိမ်းခြင်း မရှိဘဲ လက်ညှိုးမှဓားစွမ်းအားဖြင့် အနက်ရောင် ဓားရှည်ကို ပစ်ခတ်လိုက်သောကြောင့်ပင်။
“ချွမ်..”
တစ်လောကလုံးကို လွှမ်းခြုံသွားသည့် တုန်လှုပ်ဖွယ်အသံသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် ပင်းမင်ကောင်းကင်အရှင်၏ ဆန်းကြယ်မဟူရာဓားသည် လေထုထဲတွင် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားခဲ့ပြီး အနက်ရောင်ရေခဲစများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုအနက်ရောင် ရေခဲစများသည် ကောင်းကင်ယံတွင် ကြီးမားသော အပေါက်ကြီးများကို ဖြစ်ပေါ်စေခဲ့သည်။
ကျန်းချန်၏ လက်ညှိုးမှ ဓားစွမ်းအင်သည် ပင်းမင်ကောင်းကင်အရှင်၏ ဆန်းကြယ်မဟူရာဓားကို ဖျက်ဆီးပစ်ရုံသာမက ပင်းမင်အရှင်၏ ရင်ဘတ်ကိုပါ ထိမှန်သွားခဲ့သည်။
ပင်းမင်ကောင်းကင်အရှင်၏ ခန္ဓာကိုယ်ပေါ်မှ အကာအကွယ်အလွှာသည် ကျန်းချန်၏ ဓားစွမ်းအား ရှေ့တွင် စက္ကူစုတ် သဖွယ် ဖြစ်နေခဲ့၏။
ပင်းမင်ကောင်းကင်အရှင်၏ ခန္ဓာကိုယ်ပေါ်တွင် ကျန်းချန်၏ ဓားစွမ်းအားကို တားဆီးပေးခဲ့သည့် အစွမ်းထက် မှော်ရတနာသာ မရှိခဲ့လျှင် ပင်းမင်ကောင်းကင်အရှင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ထိုးဖောက်ခံလိုက်ရမည် ဖြစ်၏။
သို့ရာတွင် ဓားစွမ်းအားကို တားဆီးနိုင်ခဲ့သော်လည်း ပင်းမင်ကောင်းကင်အရှင်သည် ထိုစွမ်းအား၏ သက်ရောက်မှုဒဏ်ကို ခံလိုက်ရပြီး ပေတော်တော်ဝေးဝေး အထိ လွင့်စင်သွားခဲ့သည်။
“ဒီကောင်လေးက သူတော်စင် ကောင်းကင်နတ်ဘုရား မဟုတ်ဘူး.. သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ထက် သာလွန်တဲ့ လမ်းစဥ် ၁၀ပါးရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ ကောင်းကင်နတ်ဘုရားပဲ.. အားလုံးအတူတူ တိုက်ခိုက်ကြစို့”
ကျန်းချန်က ပင်းမင်ကောင်းကင်အရှင်ကို လက်ညှိုးမှဓားစွမ်းအားဖြင့် နောက်ဆုတ်စေခဲ့သည်အား မြင်လျှင် ပင်းယွမ်ကောင်းကင်အရှင်သည် အဆုံးသတ်၌ တစ်စုံတစ်ရာကို ခံစားမိလိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
ဤအချိန်တွင် ပင်းယွမ်ကောင်းကင်အရှင်သည် ကျန်းချန်က ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူများကို အဘယ်ကြောင့် အလွယ်တကူ အနိုင်ယူနိုင်မှန်း အဆုံးသတ်၌ နားလည်သွားခဲ့သည်။
အစောပိုင်းက ကျန်းချန်၏ လက်ညှိုးမှ ဓားစွမ်းအားကနေ ကွဲပြားသော ကမ္ဘာ့စွမ်းအား ၁၀မျိုးကို သူ ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။
သိထားရမည့်အချက်မှာ ကောင်းကင်အရှင်အဆင့်နှင့် ယှဥ်တိုက်နိုင်သော သူတော်စင် ကောင်းကင်နတ်ဘုရား ပင်လျှင် လမ်းစဥ် ၉မျိုး၏ ကမ္ဘာ့စွမ်းအားကိုသာ ပိုင်ဆိုင်ထားခြင်းဖြစ်သည်။
ယခု ထိုကောင်လေးသည် လမ်းစဥ် ၁၀ပါး၏ စွမ်းအားကို ပိုင်ဆိုင်ပြီး သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ထက် သာလွန်သည့် အဆင့်သို့ ရောက်ရှိနေခဲ့ချေပြီ။
ဤသည်မှာ ကောင်းကင်နတ်ဘုရား အဆင့်တွင် တစ်ကြိမ်တစ်ခါမှ မကြားဖူးသော ကိစ္စရပ်လည်း ဖြစ်၏။
“သူတော်စင် ကောင်းကင်နတ်ဘုရားထက် သာလွန်တဲ့အဆင့်လား.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ နှစ်ဦး၏ မျက်နှာထက်တွင် အံ့အားသင့်သောအမူအရာများ ဖြစ်ပေါ်လာကြသည်။
သူတို့ နှစ်ဦးက တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြသည်။
သူတို့၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ဖြစ်ပေါ်နေခဲ့၏။
သာမန်အားဖြင့် သူတို့သည် သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ထက် သာလွန်သော ကောင်းကင်နတ်ဘုရားတစ်ပါးကို အလွယ်တကူ စော်ကားရဲမည် မဟုတ်ပေ။
သို့သော်လည်း ထိုကောင်လေးက ကူရွှယ်သောင်း၏ တပည့် ဖြစ်သည်ဟု ကြွေးကြော်ပြီးကတည်းကပင် သူတို့အနေဖြင့် တိုက်ခိုက်ရန် လိုအပ်လာခဲ့ပြီ ဖြစ်၏။
သူတို့က ကူရွှယ်သောင်းကို လိုက်လံရှာဖွေရန် အမိန့်ပေးခြင်းကို ခံထားရသည်။
ကူရွှယ်သောင်းသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို အမွေဆက်ခံပြီး နတ်ဘုရားသားတော် တစ်ချိန်က ဖြစ်ခဲ့သော်လည်း ယခုအခါတွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အလိုအရှိဆုံးဝရမ်းပြေး ဖြစ်သည်။
ကူရွှယ်သောင်း တစ်ဦးတည်းကိုပင် လိုက်လံရှင်းလင်းရသည်မှာ အလွန်တရာ ခက်ခဲနေပြီဖြစ်ရာ သူတော်စင်ကောင်းကင်နတ်ဘုရားအဆင့်ထက် သာလွန်သော ကောင်းကင်နတ်ဘုရားနှင့်သာ ကူရွှယ်သောင်းက ပေါင်းစပ်သွားခဲ့လျှင် ပို၍ ခက်ခဲသွားမည်မှာ အမှန်ပင်။
ထို့ကြောင့် မည်သည့် အဖိုးအခကို ပေးဆပ်ရစေကာမူ သူတို့ရှေ့မှ ကောင်လေးကို မဖြစ်မနေ သတ်ဖြတ်ရလိမ့်မည်သာ။
သို့မဟုတ်လျှင် ထိုကောင်လေး နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်သွားသည်နှင့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းအတွက် ဘေးအန္တရာယ်များကို သယ်ဆောင်လာလိမ့်မည်မှာ သေချာသလောက်ပင် မဟုတ်ပါလား။
ထိုသို့ တွေးမိသည်နှင့် သူတို့နှစ်ဦးသည် နောက်ထပ် မတုံ့ဆိုင်းကြတော့ဘဲ ကောင်းကင်အရှင်အဆင့်၏ စွမ်းအားများကို ချက်ချင်းဆိုသလို ထုတ်ဖော်လိုက်ကြသည်။
နောက်ထပ် တစ်စက္ကန့်မှာပင် ရှေးခေတ်က ရွှေခေါင်းလောင်းကဲ့သို့ မြင့်မြတ်သော ခေါင်းလောင်းတစ်လုံးသည် သူတို့နှစ်ဦး၏ ကျောဘက်တွင် စုစည်းလာခဲ့သည်။
ထိုရွှေခေါင်းလောင်းသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နတ်ဘုရင်အဆင့် ကျင့်ကြံခြင်းနည်းစနစ် ဖြစ်သည့် မဟာမိုးကြိုး နတ်ဘုရားကျင့်စဥ်၏ သိုင်းစွမ်းအားပုံရိပ်လည်း ဖြစ်သည်။
သူတို့နှစ်ဦးက သိုင်းစွမ်းအားပုံရိပ်ကို ထုတ်ဖော်လိုက်သည်နှင့် ကောင်းကင်နှင့်မြေကြီး ကြားတွင် မိုးခြိမ်းသံများ ပဲ့တင်ထပ်သွားခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသော ရွှေရောင်အသံလှိုင်းများသည် ကျန်းချန် ဆီသို့ တိုက်ရိုက်ပင် တိုက်ခတ်လာခဲ့၏။
ထိုရွှေရောင်အသံလှိုင်း ရှေ့ရှီ ကောင်းကင်ယံသည် တစ်လက်မချင်းစီ ကွဲထွက်သွားခဲ့၏။
ယင်းမြင်ကွင်းကိုမြင်လျှင် မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်မှ ကျင့်ကြံသူ များစွာသည် တုန်လှုပ်သွားခဲ့ကြပြီး မျက်နှာများပင် ဖြူဖျော့သွားခဲ့ကြ၏။
“တိုက်ခိုက်ကြ”
တစ်ဖက်တွင်လည်း ပင်းယွမ် ကောင်းကင်အရှင် ဦးဆောင်သည့် ကောင်းကင်အရှင် သုံးပါးသည် တစ်ချိန်တည်း တိုက်ခိုက်ခဲ့ကြရာ ကောင်းကင်ယံရှိ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်များသည် ပတ်ဝန်းကျင်ကိုပင် တုန်လှုပ်စေခဲ့သည်။
မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်၏ အထက်ကောင်းကင်ယံတွင် မိုးကြိုးလျှပ်စီး ပေါက်ကွဲသံများနှင့် ရောင်စုံ နတ်အလင်းများ၏ ပေါက်ကွဲသံများဖြင့် ဆူညံနေခဲ့၏။
အင်အားကြီးမားသော ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူငါးဦး၏ ပူးပေါင်းတိုက်ခိုက်မှုသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာကောင်းပြီး မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော် အထက်ရှိ ကောင်းကင်ယံကို ဘာမှမကျန်ရှိတော့သည် အထိ ဖျက်ဆီးတော့မည့်နှယ် ဖြစ်နေခဲ့သည်။
“ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူငါးဦးရဲ့ တိုက်ခိုက်မှုစွမ်းအားက တကယ်ကို ကြောက်စရာပဲ"
"ဒီလောက်ကြောက်ဖို့ကောင်းတဲ့စွမ်းအားမျိုးကို ကောင်းကင်အရှင်အဆင့် အထွတ်အထိပ် ကျင့်ကြံသူတောင်မှ ရင်ဆိုင်နိုင်ဖို့မလွယ်ဘူး.. နတ်ဘုရင်အဆင့်ကျင့်ကြံသူမှပဲ ရင်ဆိုင်နိုင်လိမ့်မယ်လို့ ငါထင်တယ်"
"ကြည့်ရတာ ဒီတစ်ကြိမ်တော့ ဒီကောင်လေး သေလောက်ပြီထင်တယ်”
“..............”
ကြည့်ရှုနေကြသော ကျင့်ကြံသူများစွာက တုန်လှုပ်သွားခဲ့ကြပြီး ကျန်းချန်ကို သနား ကရုဏာသက်သော အကြည့်များဖြင့် ကြည့်ခဲ့ကြသည်။
ကျန်းချန် ကဲ့သို့ ပြိုင်စံရှားပါရမီရှင် တစ်ဦးက ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူငါးဦး၏ လက်ထဲတွင် ကျဆုံးမည်ကို နှမြောတသ ဖြစ်နေကြခြင်း ဆိုလည်း မမှားပေ။
ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူငါးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် လုံးဝ မကြောက်ရွံ့ခဲ့ပေ။
သူ၏ တစ်ကိုယ်လုံးတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေခဲ့ပြီး ဦးခေါင်းအထက်တွင် အလွန်တရာ တောက်ပသော ခုနစ်စဥ်ကြယ်က ရုတ်တရက် ထွက်ပေါ်လာခဲ့ကာ မျိုးနွယ်စုတစ်ရာရှေးဟောင်းမြို့တော် တစ်ခုလုံးသည် ချက်ချင်းပင် လင်းထိန်သွားခဲ့သည်။
ကျန်းချန်က လက်ဟန်များကို ပြုလုပ်လိုက်ပြီး ကြယ်နှစ်လုံး၏ စွမ်းအားကို လှုံ့ဆော်လိုက်ရာ တောက်ပသောဓားစွမ်းအင်းသည် ဘုံကိုးပါးမှ ဆင်းသက်လာသည့်နှယ် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူနှစ်ဦး၏ ကျောဘက်ရှိ ခေါင်းလောင်းများ ဆီသို့ သက်ရောက်သွားခဲ့သည်။
“ဒေါင်...”
ကောင်းကင်ယံတွင် အလွန်တရာ ကျယ်လောင်သော ခေါင်းလောင်းထိုးသံက ထွက်ပေါ်လာခဲ့သည်။
ထိုအသံနှင့်အတူ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်လှိုင်းလုံးများသည် အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားခဲ့ပြီး လေထုတစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့၏။
ထို့နောက်တွင်မူ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူနှစ်ဦး၏ ကျောဘက်ရှိ ခေါင်းလောင်းများသည် ချက်ချင်းဆိုသလို အက်ကွဲသံများ ထွက်ပေါ်လာခဲ့ပြီး ပင့်ကူအိမ် ကဲ့သို့ အက်ကြောင်းများ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ခဏအကြာတွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ကောင်းကင်အရှင် နှစ်ပါး၏ ကျောဘက်ရှိ ခေါင်းလောင်းများသည် “ဝုန်းခနဲ” ပေါက်ကွဲထွက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်အရှင် နှစ်ပါး၏ ပုံရိပ်သည်လည်း ပေရာချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။
သူတို့နှစ်ဦးက ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ထိန်းချုပ်လိုက်ကြပြီး ကျန်းချန်ကို ကြည့်နေသော အကြည့်တွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
ဆိုရလျှင် သူတို့နှစ်ဦးသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး နှစ်ဦးစလုံးသည် ကောင်းကင်အရှင် အစောပိုင်းအဆင့် ကျင့်ကြံသူများ ဖြစ်သော်လည်း ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နတ်ဘုရင်အဆင့် ကျင့်ကြံခြင်း နည်းစနစ်ကို ကျင့်ကြံထားခြင်းကြောင့် သာမန် ကောင်းကင်အရှင် အလယ်အလတ်အဆင့်နှင့်ပင် ယှဥ်ပြိုင်နိုင်စွမ်း ရှိကြသည်။
သူတို့နှစ်ဦး ပူးပေါင်းလိုက်လျှင် ပင်းယွမ် နတ်ဘုရင် ကဲ့သို့ ကောင်းကင်အရှင် နှောင်းပိုင်းအဆင့် ကျင့်ကြံသူများပင် သူတို့ကို အနိုင်ယူရန် မလွယ်ကူပေ။
သို့သော်လည်း သူတို့ရှေ့မှ ကောင်လေးသည် သူတို့ကို အလွယ်တကူပင် အနိုင်ယူခဲ့သည်။
“သူတော်စင် ကောင်းကင်နတ်ဘုရားထက် သာလွန်တဲ့အဆင့်က တကယ်ကို ကြောက်စရာပဲ”
ထိုအချိန်တွင် ကျန်းချန်သည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ကောင်းကင်အရှင်နှစ်ပါး၏ တုန်လှုပ်မှုကို လျစ်လျူရှုလိုက်ပြီး လက်ဟန်များကို ထုတ်ဖော်ကာ ကြယ်သုံးပွင့်၏ စွမ်းအားများကို လှုံ့ဆော်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံမှ ကြယ်ဓားစွမ်းအင်က ဆင်းသက်လာခဲ့ပြီး ပင်းယွမ် ကောင်းကင်အရှင်တို့ သုံးဦး၏ ကြောက်မက်ဖွယ်ရာ ကောင်းသော တိုက်ခိုက်မှုများကို ဖျက်ဆီးပစ်လိုက်သည်။
ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီးသည် တစပြင်နှယ် လုံးဝကို တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။
လူတိုင်းသည် သူတို့ရှေ့မှ မြင်ကွင်းကို မှုန်မှိုင်းသော အကြည့်များဖြင့် ကြည့်နေခဲ့ကြပြီး မှင်တက်ရာကနေ အချိန်အတော်ကြာသည်အထိ ပြန်လည် သတိဝင်မလာခဲ့ကြပေ။
အခန်း(၂၀၅၀)ပြီး၏။