ထာဝရအသက်ကို ရှာဖွေခြင်း
Vol. 3 Ch. 32
စုကျင်းပန်းက စုယွီကို လာရှာသည့် အဓိကရည်ရွယ်ချက်ကို ဖွင့်ပြောလိုက်သည်။
“ငါတို့မိသားစုက ဆေးလုံးတွေနဲ့ အဆောင်လက်ဖွဲ့ အဆောင်တွေ အများကြီး လိုအပ်နေတယ်။ မင်းဖော်စပ်တဲ့ ဆေးလုံးတွေက အရည်အသွေး တော်တော်ကောင်းတယ်... ပြီးတော့ မင်းက ပထမအဆင့် အလယ်အလတ် အဆောင်လက်ဖွဲ့တွေကိုလည်း ရေးဆွဲနိုင်တယ် မဟုတ်လား။ ဒီအထောက်အပံ့တွေသာ ရှိရင် ငါတို့မိသားစုအနေနဲ့ မေပယ်မြို့တော်က ပိုင်မိသားစုကို ရင်ဆိုင်ရတာ ပိုပြီး ယုံကြည်မှုရှိလာလိမ့်မယ်”
“နောက်ခြောက်လအတွင်း မိသားစုဖက်က မင်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို တတ်နိုင်သမျှ ပံ့ပိုးပေးမယ်။ ရနိုင်သလောက်တော့ များများလေး လုပ်ပေးကွာ”
စုယွီ ခေါင်းညိတ်ပြီး သဘောတူလိုက်၏။
“စိတ်ချပါ”
ခဏလောက် တိတ်ဆိတ်သွားပြီးနောက် စုယွီ လေသံတိုးတိုးဖြင့် ထပ်ပြောလိုက်သည်။
“ပစ္စည်းတွေနဲ့ ပတ်သက်ရင်တော့ ပထမအဆင့် ထိပ်တန်း သားရဲ သွေးအဆီအနှစ်နဲ့ အရေခွံ အဆောင်လက်ဖွဲ့ စာရွက်တွေကို နည်းနည်းလောက် ပိုပြင်ဆင်ပေးပါ။ ကျွန်တော် အဆင့်မြင့် အဆောင်လက်ဖွဲ့တွေကို ရေးဆွဲနိုင်မလားဆိုတာ စမ်းကြည့်ချင်လို့ပါ”
စုကျင်းပန်း အံ့သြသွားပြီး စုယွီကို လှမ်းကြည့်လိုက်သည်။
“မင်း... မင်းက ပထမအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ ပညာရှင် ဖြစ်သွားပြီလား”
စုယွီ ခဏမျှ စဉ်းစားဟန်ပြုလိုက်ပြီးမှ ခေါင်းညိတ်ပြလိုက်၏။
“ဖြစ်သွားပြီလို့ ပြောလို့ရပါတယ်... ဒါပေမဲ့ အောင်မြင်မှုနှုန်းကတော့ သိပ်ကြည့်ကောင်းဦးမှာ မဟုတ်ဘူး။ ကျွန်တော် ပိုပြီး လေ့ကျင့်ရဦးမယ်ဗျ”
“ဟား ဟား ဟား... ဒါ သတင်းကောင်းပဲကွ”
စုကျင်းပန်း စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်လက်ဝါးတီးကာ အားရပါးရ ရယ်မောလိုက်တော့၏။ သူ့ရင်ထဲက ပျော်ရွှင်မှုကို စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲနေချေ၏။ ယွင်ရှန်း ဈေးမြို့တော်တွင်ပင် ပထမအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ ပညာရှင် ဆိုသည်မှာ သာမည မဟုတ်ပေ။
စုယွီက အသက် (၂၀) ကျော် လူငယ်လေးတစ်ဦးသာ ရှိသေးသည်ကို ထည့်မတွက်လျှင်တောင်မှ...
သူ အဆောင်လက်ဖွဲ့ ပညာရပ်ကို လေ့လာခဲ့သည်မှာ (၂) နှစ်သာ ရှိသေးသည်။
စုယွီ၏ ပါရမီက စုကျင်းပန်း၏ နှလုံးသားကို လှိုင်းထန်စေသည်။
နောက်ထပ် နှစ်အနည်းငယ်လောက် ကြာရင် စုမိသားစုမှာ ဒုတိယအဆင့် ဆေးဆရာနဲ့ အဆောင်လက်ဖွဲ့ ပညာရှင်တစ်ယောက် ပိုင်ဆိုင်လာနိုင်လောက်သည်။
စုကျင်းပန်း ပြန်သွားပြီးနောက် အကြီးအကဲ စုယွင် က စုယွီဖက်သို့ လှည့်ကာ ပြောလိုက်သည်။
“ပထမအဆင့် ထိပ်တန်း ဆေးလုံးတွေ ကိစ္စကို ဆရာ တာဝန်ယူလိုက်မယ်ကွာ။ မင်းရဲ့ ချီစွမ်းအင် စုစည်းခြင်း အဆင့် (၅) အင်အားနဲ့ ပထမအဆင့် ထိပ်တန်း ဆေးလုံးတွေကို ဖော်စပ်ဖို့ဆိုတာ တော်တော်လေး ခက်ခဲလိမ့်မယ်”
“ပထမအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့တွေအတွက်လည်း... မင်း ကိုယ့်ကိုယ်ကို အရမ်း ဖိအားမပေးနဲ့။ စမ်းကြည့်ချင်ရင် စမ်းကြည့်လို့ရတယ်... ဒါပေမဲ့ အဓိကကတော့ အလယ်အလတ်နဲ့ အဆင့်နိမ့်တွေကိုပဲ အာရုံစိုက်ပြီး လုပ်ပါ”
စုယွီ နားလည်ကြောင်း ပြန်ပြောလိုက်၏။
“နားလည်ပါပြီ ဆရာ... စိတ်မပူပါနဲ့”
အကြီးအကဲ စုယွင် အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ဆက်ပြောသည်။
“မင်းမှာ ယုံကြည်နိုင်လောက်တဲ့ ပါရမီရှိတယ်။ သင့်တော်တဲ့ အမွေအနှစ် တစ်ခုလောက်သာ ရခဲ့ရင် ဒုတိယအဆင့် ဆေးဆရာ ဖြစ်လာဖို့ဆိုတာ မခက်ခဲပါဘူး။ ဒါပေမဲ့ မင်းရဲ့ လက်ရှိအဆင့်က နည်းနည်း နိမ့်နေသေးတယ်... အချိန်တော့ လိုဦးမယ်။ ဒီကာလအတွင်းမှာ ဆရာ မင်းအတွက် ဒုတိယအဆင့် ဆေးပညာ အမွေအနှစ် တစ်ခုလောက် ရအောင် ရှာပေးပါမယ်”
ဒုတိယအဆင့် အမွေအနှစ် ရရှိဖို့ဆိုတာ လွယ်ကူသည့် ကိစ္စမဟုတ်။
ပုံမှန် ယွင်ရှန်း လေလံပွဲများတွင်ပင် ဆေးဆရာ၊ အဆောင်လက်ဖွဲ့ ပညာရှင်၊ အခင်းအကျင်း ဆရာ စသည်တို့အတွက် အမွေအနှစ်များကို တွေ့ရခဲလှသည်။
ထိုအမွေအနှစ်များကို ပိုင်ဆိုင်ထားသော မိသားစုများသည်လည်း ပြင်ပလူများကို လွယ်လွယ်ကူကူ မျှဝေပေးလေ့မရှိ။
ယခင်ကတော့ အကြီးအကဲ စုယွင် အနေဖြင့် ဒုတိယအဆင့် အမွေအနှစ် ရရှိရန် မျှော်လင့်ချက် သိပ်မထားခဲ့သလို၊ ရှာဖွေဖို့လည်း မစဉ်းစားခဲ့ပေ။
အကြောင်းမှာ သူ အသက်ကြီးလာပြီဖြစ်ပြီး အမွေအနှစ် ရခဲ့လျှင်ပင် ဒုတိယအဆင့် ဆေးဆရာ ဖြစ်လာမည်ဟု မသေချာသောကြောင့် ဖြစ်၏။
သူသာ 'အခြေခံ တည်ဆောက်ခြင်း အဆင့်' သို့ ချိုးဖျက် ဝင်ရောက်နိုင်ခဲ့လျှင်တော့ တစ်မျိုးပေါ့။
သို့သော် 'အခြေခံ တည်ဆောက်ခြင်း အဆင့်' သို့ ချိုးဖျက် ဝင်ရောက်ခြင်းသည်ပင်လျှင် ကြီးမားသော အတားအဆီးတစ်ခု ဖြစ်နေပြန်သည်။
ထို့ကြောင့် အကြီးအကဲ စုယွင် အတွက်တော့ ပထမအဆင့် ထိပ်တန်း ဆေးပညာ အမွေအနှစ် လောက်နှင့်ပင် လုံလောက်နေပြီ ဖြစ်၏။
သို့သော်၊ စုယွီကတော့ မတူပေ။
ဆေးပညာနှင့် အဆောင်လက်ဖွဲ့ ပညာရပ်ကို (၂) နှစ် (၃) နှစ်ခန့် လေ့လာရုံဖြင့် ပထမအဆင့် ထိပ်တန်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
သူသာ စွမ်းအားကို မြှင့်တင်နိုင်ပြီး ဒုတိယအဆင့် အမွေအနှစ်ကို ပိုင်ဆိုင်ခဲ့လျှင်...
စုယွီအနေဖြင့် ဒုတိယအဆင့် ဆေးဆရာနှင့် အဆောင်လက်ဖွဲ့ ပညာရှင် ဖြစ်လာနိုင်မည်ဟု အကြီးအကဲ စုယွင် လုံးဝ ယုံကြည်သည်။
ယခုအချိန်သည် သူ့အတွက် အမွေအနှစ် ကိစ္စကို စတင် စဉ်းစားပေးရမည့် အချိန်ပင်။
အခန်းတစ်ခန်းထဲ၌...
[ အမည် - စုယွီ ]
[ နယ်ပယ် - ချီစွမ်းအင် စုစည်းခြင်း (အဆင့် ၅) ]
[ သက်တမ်း - ၂၄ / ၁၁၈ ]
[ ကျင့်စဉ်များ - အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ် (တစ်ပတ်လည်၊ ကျွမ်းကျင်မှု ၁.၆၄%)၊ မိကျောင်းမိစ္ဆာ (၁၀၈) ကွက် ကိုယ်ခန္ဓာ ကျင့်စဉ် (ခြောက်ပတ်လည်၊ ကျွမ်းကျင်မှု ၃၇.၈၇%)၊ သွေးဝေလငါး လမင်းမြို သိုင်းကျမ်း (ပထမအဆင့်၊ ကျွမ်းကျင်မှု ၀.၀၁%) ]
[ မန္တန်များ - သစ်သားနွယ်ပင် (ပြည့်စုံ)၊ အဆီအနှစ် မွေးမြူခြင်း (ပြည့်စုံ)၊ ဝိညာဉ် လှံတံ (ပြည့်စုံ)၊ အဆီအနှစ် စုစည်းခြင်း (ပြည့်စုံ)၊ သစ်သားနွယ်ပင် တစ်သောင်း (ပြည့်စုံ)၊ အဆီအနှစ် ဝါးမြိုခြင်း (ပြည့်စုံ) ]
“ရှစ်နှစ်တောင် ရှိသွားပြီပဲ”
ကျွမ်းကျင်မှု မျက်နှာပြင်ကို ကြည့်ရင်း စုယွီ ရေရွတ်လိုက်မိသည်။
ယွင်ကျန်းဂိုဏ်း ဝင်ခွင့် စာမေးပွဲတွင် သူ ကျရှုံးခဲ့သည်မှာ (၈) နှစ် ရှိခဲ့ပြီ ဖြစ်၏။
ထို (၈) နှစ်တာ ကာလအတွင်း သူသည် ချီစွမ်းအင် စုစည်းခြင်း အဆင့် (၁) မှ အဆင့် (၅) သို့ ရောက်ရှိခဲ့၏။ စုယွီ၏ အမြင်တွင်တော့ ဤနှုန်းထားသည် နှေးကွေးသည်ဟု မဆိုသာ။
ပျမ်းမျှ ဝိညာဉ်အမြစ် ပိုင်ရှင်တစ်ယောက်နှင့် မတိမ်းမယိမ်းပင်။
စုချင်းယီ တို့၊ စုဇီ တို့နှင့် ယှဉ်လျှင် မမီသော်လည်း၊ စုယွီကတော့ သူ အဆင်ပြေနေသည်ဟု ယူဆသည်။
“ချီစွမ်းအင် စုစည်းခြင်း အဆင့် (၄) ကနေ အဆင့် (၅) ကို တက်ရောက်လိုက်တာက ငါ့သက်တမ်းကို ကိုးနှစ်တောင် တိုးစေခဲ့တာပဲ”
စုယွီ မျက်လုံးများ အရောင်တောက်သွားသည်။
ယေဘုယျအားဖြင့် ပြောရလျှင် ချီစွမ်းအင် စုစည်းခြင်း အဆင့် (၉) ရှိသူ တစ်ယောက်သည်ပင်လျှင် ပထမအဆင့် ထိပ်တန်း အသက်ရှည်ဆေး (၂) လုံးလောက် သောက်ပြီးမှ အသက် (၁၂၀) ခန့်သာ နေရလေ့ရှိသည်။
စုမိသားစု၏ 'ဖီးနစ်ဝူထုံ ကျင့်စဉ်' က လူတစ်ယောက်၏ အသက်ကို ရှည်စေနိုင်သည်။ ထိုကျင့်စဉ်ဖြင့် ချီစွမ်းအင် စုစည်းခြင်း အဆင့် (၉) သို့ ရောက်ရှိသူများသည် အသက် (၁၃၀) (၁၄၀) အထိ နေနိုင်ကောင်း နေနိုင်လိမ့်မည်။
သို့သော် ယခု သူကျင့်ကြံနေသော 'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်' သည် သက်တမ်း ရှည်စေမှုအပိုင်းတွင် 'ဖီးနစ်ဝူထုံ ကျင့်စဉ်' ထက် သိသိသာသာ ပိုမို ကောင်းမွန်နေ၏။
သူသာ ချီစွမ်းအင် စုစည်းခြင်း အဆင့် (၉) သို့ ရောက်ရှိခဲ့လျှင် အသက် (၁၅၀) (၁၆၀) အထိ နေနိုင်လောက်သည်။
သာမန်လူတစ်ယောက်ထက် အနှစ် (၄၀) ပိုရှည်တာပဲ။
ဒီလို နှိုင်းယှဉ်ကြည့်လိုက်တော့ သူ့ရဲ့ ကျင့်ကြံခြင်းနှုန်းက လုံးဝ မနှေးကွေးတော့။ ချီစွမ်းအင် စုစည်းခြင်း အဆင့်မှာတင် သူများထက် ဆယ်စုနှစ်ပေါင်းများစွာ ပိုအသက်ရှည်နေပြီပဲ။
“နောက်တစ်ဆင့်အနေနဲ့... ကျင့်ကြံဖို့ သင့်တော်မယ့် မန္တန်တချို့ ရှာရမယ်”
စုယွီ ဆေးလုံးမျှော်စင်ထဲတွင် အေးအေးလူလူ နေထိုင်ရင်း ဆေးလုံးများ ဖော်စပ်လိုက်၊ အဆောင်လက်ဖွဲ့များ ရေးဆွဲလိုက်ဖြင့် အချိန်ကုန်ဆုံးစေသည်။ ထက်ဝက်ခန့်မှာ ပထမအဆင့် အလယ်အလတ် ဆေးလုံးများနှင့် အဆောင်လက်ဖွဲ့များ ဖြစ်ပြီး၊ လေးဆယ်ရာခိုင်နှုန်းက အဆင့်နိမ့်များ၊ ကျန်တာကတော့ ထိပ်တန်းအဆင့်များ ဖြစ်၏။
ကျင့်ကြံခြင်း၊ ဆေးဖော်ခြင်း၊ အဆောင်လက်ဖွဲ့ ရေးဆွဲခြင်း။
နေ့ရက်တိုင်းကို အချိန်ဇယား တိတိကျကျ ဆွဲထားပြီး၊ သူ့ကိုယ်ပိုင် ကျင့်ကြံခြင်းအတွက် အချိန်ဖြုန်းတီးခြင်း လုံးဝ မရှိစေရ။
မေပယ်မြို့တော်မှ ချန်မိသားစုနှင့် ပိုင်မိသားစုကြား ပဋိပက္ခတွင် စုမိသားစု ဝင်ပါတော့မည့် အခြေအနေကြောင့်၊ ဤကာလအတွင်း စုယွီသည် သူ့ဖန်တီးမှုများ၏ အောင်မြင်မှုနှုန်းကို ရာခိုင်နှုန်း (၅၀) ခန့်အထိ 'တိုးမြှင့်' ပြလိုက်သည်။
ဤအောင်မြင်မှုနှုန်းသည်ပင် ကြောက်ခမန်းလိလိ ဖြစ်နေတော့၏။ မိသားစုဖက်မှလည်း အလယ်အလတ်နှင့် အဆင့်နိမ့် ဆေးဖော်ပစ္စည်း၊ အဆောင်လက်ဖွဲ့ ပစ္စည်း အမြောက်အမြားကို စုဆောင်းပေးထားသည်။
ထိုပစ္စည်းများ၏ ထက်ဝက်ခန့်ကို စုယွီက ဆေးလုံးများနှင့် အဆောင်လက်ဖွဲ့များ အဖြစ် ပြောင်းလဲပစ်လိုက်သည်။
'ဘုရားသခင် အမြန်နှုန်း အဆောင်လက်ဖွဲ့'၊ 'ရွှေရောင်အလင်း အဆောင်လက်ဖွဲ့'၊ 'ရေခဲစွမ်းအား အဆောင်လက်ဖွဲ့'၊ 'မီးလုံး အဆောင်လက်ဖွဲ့'၊ 'သစ်သားနွယ်ပင် အဆောင်လက်ဖွဲ့' စသဖြင့်... ပထမအဆင့် အလယ်အလတ်နှင့် အဆင့်နိမ့် အဆောင်လက်ဖွဲ့ အမြောက်အမြားပင်။ စုယွီ အနည်းငယ် မွမ်းမံလိုက်ပြီးနောက် ၎င်းတို့၏ စွမ်းအားသည် အနည်းငယ် တိုးလာခဲ့၏။
ပြီးတော့ အရေးအကြီးဆုံးကတော့ အသစ် အသုံးချလိုက်သည့် ပထမအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့... 'မီးတိမ်တိုက် မြှား အဆောင်လက်ဖွဲ့'။
မိသားစုက ပစ္စည်း (၅၀) စုံ ပြင်ဆင်ပေးခဲ့ရာ၊ သူ (၂၁) ခု အောင်မြင်အောင် ရေးဆွဲနိုင်ခဲ့၏။ 'မီးတိမ်တိုက် မြှား အဆောင်လက်ဖွဲ့' ၏ ကျွမ်းကျင်မှုသည် (၂၅%) အထိ တိုးတက်လာခဲ့၏။
(၇) ခုကို သူ့အတွက် ချန်ထားလိုက်ပြီး၊ ကျန် (၁၄) ခုကို မိသားစုထံ အပ်လိုက်သည်။
ပထမအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ (၁၄) ခု ဆိုသည်မှာ သာမန် ပထမအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ ပညာရှင် တစ်ယောက်၏ အောင်မြင်မှုနှုန်းနှင့် ကိုက်ညီနေပြီ ဖြစ်၏။ ဒီထက် ပိုအောင်မြင်သွားလျှင် ကောင်းမည် မဟုတ်။
နောက်ထပ် နှစ်ဝက်ခန့် ကြာသောအခါ...
စုချင်းယီသည် စုကျင်းပန်းနှင့်အတူ ယွင်ရှန်း ဈေးမြို့တော်သို့ ရောက်လာခဲ့၏။ စုကျင်းပန်း ဆေးလုံးများနှင့် အဆောင်လက်ဖွဲ့များ လာယူသည်ကို အဖော်လိုက်လာခြင်း သက်သက်မဟုတ်၊ စုယွီနှင့် စုဇီတို့အတွက် မင်္ဂလာဆောင် ဖိတ်စာ လာပေးခြင်းလည်း ဖြစ်၏။
“မင်္ဂလာပွဲကို နောက်တစ်လနေရင် ကျင်းပမယ်။ အဲ့ဒီကျရင် အစ်ကိုယွီ မဖြစ်မနေ ပြန်လာခဲ့နော်”
စုချင်းယီ၏ မျက်နှာပေါ်တွင် အမာရွတ် သေးသေးလေး အသစ်တစ်ခု တိုးလာသည်။ သူ့မျက်နှာပေါ်တွင် ယခင်က ရှိခဲ့ဖူးသည့် လူငယ်ဆန်သော ရိုးသားမှုများ မရှိတော့။ ရင့်ကျက်မှုနှင့် ကြမ်းတမ်းခက်ထန်မှု အငွေ့အသက်အချို့သာ ထင်ဟပ်နေတော့၏။
စုချင်းယီ၏ ကိုယ်မှ မကောင်းဆိုးဝါး ချီစွမ်းအင် အငွေ့အသက်တချို့ ထွက်ပေါ်နေသည်ကို စုယွီ အာရုံခံမိလိုက်သည်။
ဒါက စုချင်းယီ၏ လက်များ သွေးအများအပြား စွန်းထင်းခဲ့ပြီဆိုတာကို ပြသနေခြင်းပင်။
ငယ်သူငယ်ချင်းကို ကြည့်ရင်း စုယွီ စိတ်မကောင်း ဖြစ်မိသွားပြီး ခေါင်းညိတ်ပြလိုက်သည်။
“သေချာပေါက် ပြန်လာခဲ့ပါ့မယ်”
စုချင်းယီက စုဇီအတွက် ဖိတ်စာပေးပြီးနောက် စုကျင်းပန်းနှင့်အတူ ပြန်လည် ထွက်ခွာသွားသည်။ ထိုအခါ အကြီးအကဲ စုယွင် က စုယွီဖက် လှည့်ကာ မေးလိုက်သည်။
“မင်းအတွက်ရော... ဆရာ မင်္ဂလာပွဲ စီစဉ်ပေးရမလား”
“မင်းမှာ ချမ်းသာကြွယ်ဝမှုတွေ၊ အရင်းအမြစ်တွေ ရှိနေပြီ... အခု မင်း အဖော်တစ်ယောက်ပဲ လိုအပ်နေတော့တာ။ ဒီကိစ္စကို စဉ်းစားတော့လေကွာ”
စုယွီ ခေါင်းခါရင်း ခါးသက်သက် ပြုံးလိုက်သည်။
“ဆရာ... စောပါသေးတယ်။ ကျွန်တော် ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ချင်ပါသေးတယ်ဗျ”
ထိုအခါ၊ အကြီးအကဲ စုယွင် က အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်သည်။
“ဒါဆို နောက်ထပ် နှစ်နည်းနည်းလောက် ထပ်စောင့်တာပေါ့။ မင်း ဆရာ့လိုတော့ အဖြစ်မခံနဲ့ကွာ…မင်းအတွက် အဖော်မွန် ရှိမှပေါ့၊ မဟုတ်ရင် ငါတို့ မိသားစု ဘယ်လိုလုပ် ဆက်ပြီးတော့ ရှင်သန် ကြီးပွားနိုင်မှာလဲ”
စုယွီ ဘာမှ ပြန်မငြင်းလိုက်ပါ။ သူက မိသားစု၏ မျိုးဆက်သစ် တစ်ယောက် ဖြစ်သလို၊ တပည့်တစ်ယောက်လည်း ဖြစ်နေ၍ ဆရာ့စကားကို နားထောင်ရပေမည်။ သို့သော် ထိုကိစ္စကို မကြာမီကာလအတွင်း ထည့်သွင်းစဉ်းစားရန် အစီအစဉ် မရှိသေးပေ။
အရာရာကို သေချာ မစဉ်းစားဘဲ ဗြုန်းစားကြီး အိမ်ထောင်ပြုလိုက်လျှင်... တော်ကြာ ထိုမိန်းကလေးက အနာဂတ်မှာ သူ့ကျင့်ကြံခြင်း အရှိန်ကို မမီနိုင်ဘဲ ကျန်ရစ်ခဲ့လျှင် ဘယ်လိုလုပ်မလဲ။
သေခြင်းတရားဖြင့် ခွဲခွာရမည့် အဖြစ်ဆိုးမျိုး ကြုံရဖို့အတွက် သူ၏ ခံစားချက်များကို ရင်းနှီးမမြှုပ်နှံလိုပါ။
ကျင့်ကြံခြင်းအားဖြင့် ထာဝရအသက်ကို ရယူမည်... ဒါက လောလောဆယ် သူ့ရဲ့ အဓိက ရည်မှန်းချက်ပင်။