'သရဲခေါင်း ရွှေလင်းယုန်'
Vol. 3 Ch. 33
~ခွဲခွာရပြီးနောက် ရက်ပေါင်း တစ်ဆယ့်ငါးရက်ခန့် အကြာတွင်...
စုဇီသည် ယွင်ကျန်းဂိုဏ်းမှ ခွင့်ယူကာ ယွင်ရှန်း ဈေးမြို့တော်သို့ ရောက်ရှိလာပြီး စုယွီနှင့် တွေ့ဆုံလေ၏။ နှစ်အတော်ကြာ မတွေ့ခဲ့ရသည့် စုဇီသည် ယခုအခါ ချီစွမ်းအင် စုစည်းခြင်း အဆင့် (၈) သို့ပင် ရောက်ရှိနေပြီ ဖြစ်၏။
ယွင်ကျန်းဂိုဏ်း အတွင်းစည်း တပည့်တစ်ဦး ဖြစ်သည့်အတွက် စုဇီသည် ဂိုဏ်းမှ ပိုမို ကောင်းမွန်သည့် အရင်းအမြစ်များကို လက်လှမ်းမီနိုင်သည်။
သူမ၏ ကျင့်ကြံခြင်း တိုးတက်မှုနှုန်းသည် သာမန် ကျင့်ကြံခြင်း မိသားစုမှ ကျင့်ကြံသူများ သို့မဟုတ် တကိုယ်တော် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။
ခါးတွင် ဓားတစ်ချောင်း ချိတ်ဆွဲထားပြီး အပြာနုရောင် ဝတ်စုံကို ဝတ်ဆင်ထားသော စုဇီ...
အကယ်၍ စုချင်းယီကို မောက်မာသော လူငယ်တစ်ဦးမှ ရင့်ကျက်ပြီး အနည်းငယ် ရက်စက်သော ကျင့်ကြံသူအဖြစ် ပြောင်းလဲသွားသည်ဟု ဆိုနိုင်လျှင်...
စုဇီသည် မိသားစု ကျင့်ကြံသူ အဆင့်အတန်းမှ ဂိုဏ်းကြီးတစ်ခု၏ ကျက်သရေရှိပြီး လောက အညစ်အကြေး ကင်းစင်သော နတ်သမီးလေးတစ်ပါး အဖြစ်သို့ ပြောင်းလဲသွားခြင်းပင်။
သူမ၏ စိတ်နေသဘောထားသည် မိသားစု ကျင့်ကြံသူများနှင့် လုံးဝ ကွဲပြားခြားနားနေ၏။
စိတ်နေသဘောထား ပြောင်းလဲသွားသည်မှလွဲလျှင် စုဇီ၏ ရုပ်ရည်သွင်ပြင်က သိပ်မပြောင်းလဲလှ။ အရင်တုန်းက ကောင်မလေး အတိုင်းပင် နုပျိုနေဆဲ။
ဆေးလုံးမျှော်စင် အတွင်း၌...
စုဇီက ရုပ်ရည်သိပ်မပြောင်းလဲသေးသော စုယွီကို ကြည့်ကာ ခဏမျှ စဉ်းစားဟန်ပြုပြီးမှ ပြောလိုက်သည်။
“ငါ နင့်ကို ထွင်းဖောက် မမြင်နိုင်သလိုမျိုး ထူးဆန်းတဲ့ ခံစားချက်တစ်ခု ခံစားနေရတယ်... အဲ့ဒီခံစားချက်မျိုး ငါ့ဂိုဏ်းက တပည့်တွေအပေါ်မှာတောင် မခံစားဖူးဘူး”
စုယွီက အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် ပြန်ပြောလိုက်သည်။
“အစ်မရာ... ကျွန်တော်က အစ်မရှေ့မှာ မတ်တပ်ရပ်နေတာလေ... အဝတ်တွေ ချွတ်ပြဖို့ပဲ ကျန်တော့တာ... ဘယ်လိုလုပ် မမြင်ရမှာလဲ”
“ဟဲ့၊ ငါ့မှာ အဲ့လို စွမ်းရည်မျိုး ဘယ်ရှိပါ့မလဲ”
အဝတ်ချွတ်သည့် အကြောင်း ကြားလိုက်ရတော့ စုဇီ မနေနိုင်တော့ဘဲ ဆူပူလိုက်တော့၏။
“စကားတတ်တိုင်း လျှောက်ပြောမနေနဲ့”
ခဏလောက် စကားပြောပြီးနောက် စုဇီ ဘယ်ညာ ဝေ့ကြည့်လိုက်ပြီး တိုးတိုးလေး မေးသည်။
“မူလကတော့ ဂျူနီယာညီမလေး ချန် နဲ့ နင် ပိုပြီး ရေစက်ပါမယ် ထင်ထားတာ... မထင်မှတ်ဘဲ သူက ချင်းယီ နဲ့ ဖူးစာဆုံသွားတယ်”
စုယွီ အံ့သြသွားပြီး ပြန်ပြောလိုက်သည်။
“ကျွန်တော်တော့ အဲ့လို မထင်ပါဘူး... အစ်မရာ... အခြေအမြစ်မရှိဘဲ လျှောက်မတွေးပါနဲ့... သူတို့နှစ်ယောက်က အရမ်းလိုက်ဖက်တာပဲဟာ”
“ထားလိုက်ပါတော့... ဒီအကြောင်း မပြောတော့ပါဘူး”
စုဇီ ခါးသက်သက် ပြုံးလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။
“ဂိုဏ်းမှာ အခြေအနေ နည်းနည်း တည်ငြိမ်သွားရင် ငါ နင့်ကို ဂျူနီယာညီမလေးတွေ၊ စီနီယာအစ်မတွေနဲ့ မိတ်ဆက်ပေးမယ်... ဒုတိယအကြီးအကဲက နင့်အတွက် တာအိုလက်တွဲဖော်ကောင်း တစ်ယောက် ရှာပေးဖို့ အမိန့်ပေးထားတယ်”
“ပထမအဆင့် ထိပ်တန်း ဆေးဆရာ၊ အဆောင်လက်ဖွဲ့ ပညာရှင် ဆိုတဲ့ မင်းရဲ့ လက်ရှိ ဂုဏ်ပုဒ်နဲ့ ပါရမီအရဆိုရင်... အတွင်းစည်းက စီနီယာ အစ်မတွေကိုတောင် ရွေးချယ်ခွင့် ရှိတယ် နော်”
စုယွီခမျာ ချက်ချင်း လက်ကာပြပြီး တောင်းပန်လိုက်ရှာသည်။
“အစ်မ... တခြားအကြောင်း ပြောရအောင်ပါ”
“ယွင်ကျန်းဂိုဏ်းထဲမှာ စွမ်းအားကြီးတဲ့ ဒုတိယအဆင့် ဆေးဆရာတွေ၊ အဆောင်လက်ဖွဲ့ ပညာရှင်တွေ ရှိလား ဆိုတာ ကျွန်တော် သိချင်တယ်ဗျ”
ထိုစကားကို ကြားသောအခါ စုဇီ ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောသည်။
“ငါတို့ဂိုဏ်းရဲ့ အတွင်းစည်း ဆေးလုံးမျှော်စင် အကြီးအကဲက တော်တော် စွမ်းအားကြီးတယ်... သူက ဒုတိယအဆင့် ထိပ်တန်း ဆေးဆရာ တစ်ယောက် ဖြစ်သလို၊ အခြေခံ တည်ဆောက်ခြင်း အဆင့် (ထိပ်ဆုံး) ကျင့်ကြံသူ တစ်ယောက်လည်း ဖြစ်တယ်”
“ဒါပေမဲ့ နင်က ယွင်ကျန်းဂိုဏ်း တပည့်မဟုတ်တော့ သူ့ဆီမှာ တပည့်ခံဖို့ မဖြစ်နိုင်ဘူး”
“ယွင်ကျန်းဂိုဏ်းက ဆေးဆရာတွေ၊ အဆောင်လက်ဖွဲ့ ပညာရှင်တွေကို ဖယ်လိုက်ရင်တော့... အင်း... ဝူယန် တောင်က ဆေးဆရာ ပိုင်ယန် က ရွေးချယ်စရာကောင်း တစ်ခုပဲ။ သူက ယွင်ကျန်းဂိုဏ်း ပိုင်နက်ထဲမှာ အစွမ်းထက်ဆုံး တကိုယ်တော် ဆေးဆရာပဲ။ ဒုတိယအဆင့် ထိပ်တန်း ဆေးဆရာ တစ်ယောက်ပေါ့”
“ဒါပေမဲ့ သူက တစ်နှစ်ပတ်လုံး လူတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး တစ်သီးတသန့် နေတတ်တယ်... စိတ်ကလည်း နည်းနည်း ထူးဆန်းတယ်... ပြီးတော့ သူ တပည့်လက်ခံတယ်လို့လည်း တစ်ခါမှ မကြားဖူးဘူး။ သူ့ဆီမှာ တပည့်ခံဖို့က ခက်ခဲလိမ့်မယ်”
ခဏလောက် စဉ်းစားပြီးနောက် စုဇီက စုယွီကို ဆက်ပြောသည်။
“ငါတို့ ယွင်ကျန်းဂိုဏ်း နယ်မြေထဲမှာ တော်တဲ့ ဆေးဆရာတွေ၊ အဆောင်လက်ဖွဲ့ ပညာရှင်တွေ သိပ်မရှိဘူး။ နင် တကယ်ပဲ ဆရာကောင်း တစ်ယောက် ရှာချင်တယ်ဆိုရင်... ငါ့အထင် ပိုင်ယွဲ့အင်မော်တယ် မြို့တော် (ပိုင်ယွဲ့ အင်မော်တယ် မြို့တော်) ကို သွားသင့်တယ်”
“အဲ့ဒီမှာက ဈေးမြို့တော်ကြီး ရှိတယ်... ယွင်ရှန်း ဈေးမြို့တော်ထက် ကျင့်ကြံသူ ငါးဆလောက် ပိုများတယ်”
“ပိုင်ယွဲ့အင်မော်တယ် မြို့တော်က ကျင့်ကြံသူ အလွတ်တွေက ငါတို့ ဈေးမြို့တော်တွေမှာထက် ပိုပြီး သက်သောင့်သက်သာ ရှိကြတယ်”
“ဒါကြောင့် အဲ့ဒီမှာ ဆရာရှာရတာ ပိုလွယ်ကူလိမ့်မယ်... တတိယအဆင့် ကျင့်ကြံသူအလွတ် ဆေးဆရာတွေတောင် ရှိတယ်လို့ ပြောကြတယ်”
စုယွီ…စုဇီနှင့် အတော်ကြာ ဆွေးနွေးဖြစ်ကြသည်။ အထူးသဖြင့် ပိုင်ယွဲ့အင်မော်တယ် မြို့တော် အကြောင်းပင်။ ထိုအကြောင်း ကြားရပြီးနောက် စုယွီက အခွင့်ကောင်းယူပြီး မြို့တော်အကြောင်း မေးခွန်းများစွာ မေးမြန်းလိုက်သည်။
“ဆရာသခင် ပိုင်ယွဲ့ ရဲ့ နာမည်အရင်းက ယန်တိရှန်း... သူ့မှာ တပည့် သုံးယောက် ရှိတယ်... ပြောရရင် မြို့တော်ရဲ့ အဓိက အုပ်ချုပ်သူ သုံးယောက်ပေါ့”
ဆရာသခင် ပိုင်ယွဲ့၏ နာမည်အရင်းကို ကြားလိုက်ရသောအခါ စုယွီ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။
သူ အလျင်စလို မေးလိုက်၏။
“သူ့တပည့် သုံးယောက်ရဲ့ နာမည်တွေက ဘယ်သူတွေလဲ”
စုယွီ၏ မျက်နှာထား ပြောင်းလဲသွားသည်ကို သတိမထားမိသော စုဇီက ဆက်ပြောသည်။
“ပထမတပည့် အကြီးဆုံးက အကြီးအကဲ ထျန်းဖူ... တုပ ဒန် နယ်မြေ ကျင့်ကြံသူ... ဒုတိယတပည့်က နတ်သမီး ဖုန်းလင်း... အခြေခံ တည်ဆောက်ခြင်း အဆင့် (ထိပ်ဆုံး)... တတိယတပည့်က ရွှီဝမ်ရှန်း... သူက အခုမှ အခြေခံ တည်ဆောက်ခြင်း အဆင့် ကို ချိုးဖျက် ဝင်ရောက်သွားတယ်လို့ ကြားတယ်”
‘နတ်သမီး ဖုန်းလင်း’ ဆိုသော အမည်ကို ကြားလိုက်ရသောအခါ စုယွီ၏ ခေါင်းထဲ၌ နာမည်တစ်ခု ပေါ်လာသည်။
‘ထျန်းယွဲ့ စုန်းမဘုရင်မ’
သူ အဝတ်အစားကို တင်းတင်းကျပ်ကျပ် ဆွဲစေ့လိုက်မိသည်။ ကျောချမ်းသွားသလို ခံစားချက်တစ်ခု ဖြတ်သန်းသွား၏။
ပိုင်ယွဲ့အင်မော်တယ် မြို့တော်က ဆရာသခင် ပိုင်ယွဲ့ကို အစပိုင်း၏ မိစ္ဆာ ဘောစ့် အသေးစားလေးလို့ ဆိုနိုင်ရင်... ထျန်းယွဲ့ စုန်းမဘုရင်မ ဆိုတာက အစပိုင်း မြေပုံတစ်ခုလုံးကို ဖျက်ဆီးပစ်လုနီးပါး ဖြစ်စေခဲ့တဲ့ ဘောစ့်ကြီး တစ်ကောင်ပဲ။
သို့သော်...
ဒါက သူ့အရင်ဘဝက ကစားခဲ့တဲ့ ဂိမ်းထဲက ဇာတ်လမ်းပဲလေ။
ဒီ ပိုင်ယွဲ့အင်မော်တယ် မြို့တော်က ဂိမ်းထဲကနဲ့ အရမ်းတူနေပေမဲ့... ဂိမ်းထဲက ဆရာသခင် ပိုင်ယွဲ့ မှာက တပည့် တစ်ယောက်ပဲ ရှိတာ။ ဒီမှာကျတော့ သုံးယောက်တောင်။
နည်းနည်းတော့ ကွဲပြားနေသလိုပဲ။
“ပြီးတော့ ငါ့အရင်ဘဝတုန်းက မဟာလမင်း စံအိမ်၊ မဟာလမင်း နန်းတော်၊ ယွင်ကျန်းဂိုဏ်း ဆိုတာတွေ မရှိခဲ့ပါဘူး”
စုယွီ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
သို့ရာတွင်၊ နောက်တစ်စက္ကန့်မှာပဲ စုယွီ၏ နဖူးမှ ချွေးစေးများ ပြန်ထွက်လာသည်။
ထျန်ယွဲ့ စုန်းမဘုရင်မ...
အစပိုင်း မြေပုံတစ်ခုလုံးကို ဖျက်ဆီးပစ်လုနီးပါး ဖြစ်စေခဲ့တဲ့ ထျန်ယွဲ့ စုန်းမဘုရင်မ...
အဲ့ဒီ ‘လ (ယွဲ့)’ ဆိုတဲ့ စကားလုံးက တာ့ယွဲ့ နယ်မြေ (မဟာလမင်း နယ်မြေ) နဲ့ တာ့ယွဲ့ နန်းတော် (မဟာလမင်း နန်းတော်) တို့နဲ့များ ပတ်သက်နေမလား။
“သွားကြရအောင်”
စုယွီ သိပ်မတွေးလိုက်နိုင်ခင်မှာပင်၊ ဆေးလုံးမျှော်စင် ကိစ္စများကို ဖြေရှင်းပြီးသော အကြီးအကဲ စုယွင် ထွက်လာသည်။ ထို့နောက် စုယွီက ဆရာ အကြီးအကဲ စုယွင် နှင့် စုဇီ တို့နှင့်အတူ မိသားစုထံသို့ ပြန်ရန် ပြင်ဆင်လေ၏။
ယွင်ရှန်း ဈေးမြို့တော်မှ ထွက်ခွာပြီးနောက် သူတို့သုံးဦးသည် ဝိညာဉ်မြင်းများကို စီးကာ လျင်မြန်စွာ ခရီးဆက်ခဲ့ကြသည်။
ချီစွမ်းအင် စုစည်းခြင်း အဆင့် ကျင့်ကြံသူများအနေဖြင့် မှော်လက်နက်များ အသုံးပြုပြီး ပျံသန်း၍ ရသော်လည်း စွမ်းအင် အကုန်အကျ များလှသည်။ ခရီးတိုအတွက် အဆင်ပြေသော်လည်း ခရီးဝေးအတွက်မူ ချီစွမ်းအင် စုစည်းခြင်း အဆင့် ကျင့်ကြံသူများ ခံနိုင်ရည်မရှိပေ။
စွမ်းအင် သုံးစွဲရလွန်းပြီး လမ်းတစ်ဝက်တွင် မမျှော်လင့်ထားသော ကိစ္စတစ်ခုခု ကြုံလာရလျှင် အခြေအနေ ဆိုးသွားနိုင်၏။
အကယ်၍ စုမိသားစုသာ ဝိညာဉ်လှေ တစ်စင်း ဝယ်နိုင်လျှင်တော့ ပြဿနာ ရှိမည်မဟုတ်။
“ဝုန်း…”
ယွင်ရှန်း ဈေးမြို့တော်နှင့် မလှမ်းမကမ်း၊ စုယွီတို့ ယခုလေးတင် ဖြတ်သန်းလာခဲ့သော နေရာတွင် ရုတ်တရက် အခင်းအကျင်း တစ်ခု ပွင့်လာသည်။ အရောင်စုံ မြူခိုးများ ထွက်ပေါ်လာပြီး စုယွီတို့ကို လှောင်အိမ်သဖွယ် ဝိုင်းရံ ပိတ်လှောင်လိုက်လေ၏။
“ဟဲ ဟဲ... စုမိသားစုက လူတွေပဲ”
မျက်နှာဖုံး တပ်ထားသော လူတစ်ယောက် ပေါ်လာသည်။ သူ၏ အခင်းအကျင်းသည် စုယွီတို့ကို ချက်ချင်း ဖမ်းချုပ်ထားလိုက်၏။ လေထဲတွင် မှော်ဓားမြောင်များစွာ စတင် ဖြစ်ပေါ်လာသည်။
စကားများများ ပြောမနေတော့။
နောက်တစ်စက္ကန့်တွင် ထောင်ပေါင်းများစွာသော ဓားများ မိုးရွာသလို ကျဆင်းလာသည်။ ကြောက်မက်ဖွယ် ကောင်းသော ရွှေရောင် ဓားသွားများသည် စုယွီတို့ကို အမှုန့်ကြိတ်ပစ်ရန် ရည်ရွယ်ချက်ဖြင့် ဝင်ရောက်လာကြသည်။
“ဝီ…”
စုဇီ၏ မျက်နှာ ပျက်ယွင်းသွားသည်။ သူမ လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင် ခေါင်းလောင်းပုံ မှော်လက်နက်တစ်ခု လေပေါ်သို့ ပျံတက်သွားပြီး ရွှေရောင် အကာအကွယ် အလွှာတစ်ခု ချက်ချင်း ဖုံးလွှမ်းသွားသည်။
“ဝုန်း...”
အလယ်အလတ်အဆင့် မှော်လက်နက် ခေါင်းလောင်းသည် အချိန် (၂) စက္ကန့်ခန့်သာ ခံလိုက်ရပြီး ရွှေရောင် အကာအကွယ် အလွှာ ကွဲကြေသွားတော့၏။
သို့သော် မန္တန်ဖြင့် ဖန်တီးထားသော ဓားများ၏ အနည်းငယ်သော အစိတ်အပိုင်းသာ ကျန်ရစ်တော့၏။ စုဇီနှင့် အကြီးအကဲ စုယွင် တို့ ပူးပေါင်းကာ ထိုဓားများကို ခုခံ ဖျက်ဆီးပစ်လိုက်ပြီး စုယွီကို အလယ်တွင် ဘေးကင်းစွာ ထားရှိလိုက်သည်။
အကြီးအကဲ စုယွင် ၏ မျက်နှာ မည်းမှောင်သွားသည်။ ထိုလူကို စိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။
“‘သရဲခေါင်း ရွှေလင်းယုန်’... မင်းက ပေါ်လာရဲသေးတယ်ပေါ့”
“ရွှပ်... ရွှပ်...”
အခင်းအကျင်း အတွင်းတွင် နောက်ထပ် အရိပ်နှစ်ခု ပေါ်လာပြန်သည်။
‘သရဲခေါင်း ရွှေလင်းယုန်’ က အကြီးအကဲ စုယွင် ကို လျစ်လျူရှုကာ အက်ကွဲသောအသံဖြင့် အကြိမ်ကြိမ် ရယ်မောလိုက်ပြီး အေးစက်စွာ အမိန့်ပေးလိုက်သည်။
“သတ်ပစ်ကြ”
‘သရဲခေါင်း ရွှေလင်းယုန်’ ထပ်မံ လှုပ်ရှားလိုက်ပြန်သည်။ ပြိုင်ဘက်ကင်းလောက်အောင် ထက်ရှသော ပျံသန်းသည့် မှော်ဓားတစ်လက်သည် စုယွီထံသို့ တည့်တည့်ချိန်ရွယ်ကာ ပျံသန်းလာသည်။
စုဇီနှင့် အကြီးအကဲ စုယွင် တို့ ဝင်ရောက် တားဆီးရန် ပြင်လိုက်စဉ်မှာပင်၊ အရိပ်နှစ်ခုက ကြားဖြတ် ဝင်ရောက်လာသည်။
ထိုနှစ်ယောက်စလုံးသည် ချီစွမ်းအင် စုစည်းခြင်း အဆင့် (၈) သာ ရှိသော်လည်း၊ မကောင်းဆိုးဝါး ချီစွမ်းအင်များဖြင့် ပြည့်နှက်နေသော သူတို့၏ ကြမ်းတမ်း ပြင်းထန်သည့် တိုက်ကွက်များက စုဇီနှင့် အကြီးအကဲ စုယွင် ကို ထိန်းထားရန် လုံလောက်နေ၏။
အရင်ဆုံး စုယွီကို သတ်မယ်... ပြီးရင် စုဇီ... နောက်ဆုံးမှ အကြီးအကဲ စုယွင် ။
‘သရဲခေါင်း ရွှေလင်းယုန်’ ၏ အမြင်တွင်တော့ ဤအမဲလိုက်ပွဲ၌ မမျှော်လင့်ထားသော အခြေအနေများ ရှိလာစရာ အကြောင်းမရှိချေ။
သို့သော်...
ထိုအရိပ်နှစ်ခု ပေါ်လာသည့် အချိန်မှာပင် အကြီးအကဲ စုယွင် နှင့် စုယွီတို့၏ လက်ထဲတွင် အဆောင်လက်ဖွဲ့ အဆောင်များ တစ်ဆုပ်စာစီ ရောက်ရှိနေကြပြီ ဖြစ်၏။ စုဇီ၏ လက်ထဲတွင်လည်း ပထမအဆင့် ထိပ်တန်း ရေခဲစွမ်းအား အဆောင်လက်ဖွဲ့ အများအပြား ရှိနေ၏။
သူတို့သုံးဦးစလုံးသည် ပထမအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ (၁၀) ခုကျော်ကို တပြိုင်နက်တည်း ပစ်လွှတ်လိုက်ကြတော့၏။