ပိုက်ဆံဖြင့် ပေါက်၍ သတ်ခြင်း (၁)
Vol. 3 Ch. 34
~ပထမအဆင့် ထိပ်တန်း ရေခဲစွမ်းအား အဆောင်လက်ဖွဲ့ သုံးခု၏ အရှိန်အဝါက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားလေ၏။ 'သရဲခေါင်း ရွှေလင်းယုန်' နှင့် သူ့လူသုံးယောက်လုံး ရေခဲမြူနှင်းများအောက်တွင် ပိတ်မိသွားကြပြီး၊ ခန္ဓာကိုယ်တစ်ခုလုံး ရေခဲအလွှာပါးလေးဖြင့် ဖုံးအုပ်ခြင်း ခံလိုက်ရ၏။
သာမန် ပထမအဆင့် ထိပ်တန်း ရေခဲစွမ်းအား အဆောင်လက်ဖွဲ့ တစ်ခုတည်းနှင့်ပင် သူတို့၏ လှုပ်ရှားမှုကို နှေးကွေးသွားစေရန် လုံလောက်နေပြီ ဖြစ်၏။
ယခုမူ သုံးခုထပ်ဆင့် ပစ်လွှတ်လိုက်ခြင်း ဖြစ်ရာ၊ သူတို့အနေဖြင့် ကြိုတင်ပြင်ဆင်ထားလျှင်တောင်မှ ရေခဲစွမ်းအား၏ သက်ရောက်မှုကို ရှောင်လွှဲနိုင်မည် မဟုတ်ပေ။ သူတို့၏ ခန္ဓာကိုယ်များ တောင့်တင်းသွားရလေ၏။
ထိုအခိုက်အတန့်၌ပင်...
ပထမအဆင့် ထိပ်တန်း မီးဓာတ် အဆောင်လက်ဖွဲ့ ကိုးခု လေထဲသို့ ပျံတက်သွားသည်။
‘သရဲခေါင်း ရွှေလင်းယုန်’ မျက်နှာပျက်သွားချေပြီ။
“မကောင်းတော့ဘူး... သွားပြီ”
“ဝှစ်…”
သူ လက်ကို ကပျာကယာ ဝှေ့ယမ်းလိုက်ရာ ပထမအဆင့် ထိပ်တန်း ကာကွယ်ရေး အဆောင်လက်ဖွဲ့ နှစ်ခု ပေါ်လာပြီး သူ့ခန္ဓာကိုယ်ရှေ့တွင် မြေဓာတ် အကာအကွယ် အလွှာနှစ်ခုအဖြစ် ပြောင်းလဲသွားသည်။
တစ်ချိန်တည်းမှာပင် သူသည် အခင်းအကျင်းမှ မြေဓာတ်စွမ်းအင်များကို ဆွဲယူပြီး အကာအကွယ် အတားအဆီးတစ်ခုအဖြစ် သူ့လူများရှေ့တွင် ပိတ်ဆို့ထားလိုက်သည်။
သူ့ဘက်က ပြင်ဆင်မှု ပြီးဆုံးသည်နှင့်တပြိုင်နက် လေပေါ်မှ အဆောင်လက်ဖွဲ့ ကိုးခု စတင် လောင်ကျွမ်းသွားတော့၏။ ထိုအထဲမှ သုံးခုသည် ဟိန်းဟောက်နေသော မီးတောက်များအဖြစ် ပြောင်းလဲသွားပြီး မြှားတံများသဖွယ် စုစည်းသွားကြသည်။
ဒါတွေက... မီးတိမ်တိုက် မြှား အဆောင်လက်ဖွဲ့တွေပင်။
အားလုံးက ချီစွမ်းအင် စုစည်းခြင်း အဆင့် (၈) ရှိသော ရန်သူတစ်ယောက်တည်းဆီသို့ ဦးတည်ပြီး ဝင်ဆောင့်လိုက်ကြသည်။
“ဝုန်း...”
အခင်းအကျင်းမှ ဖန်တီးထားသော မြေဓာတ် အကာအကွယ်သည် စက္ကန့်ပိုင်းအတွင်း ကြေမွပျက်စီးသွား၏။ ပထမဆုံး မီးတိမ်တိုက် မြှားသည် ချီစွမ်းအင် စုစည်းခြင်း အဆင့် (၈) ကျင့်ကြံသူ၏ ကာကွယ်ရေး မှော်လက်နက်များနှင့် မန္တန်များကို စာရွက်တစ်ရွက်လို စုတ်ဖြဲပစ်လိုက်သည်။
ဒုတိယနှင့် တတိယမြောက် မြှားများ ဝင်ရောက်လာချိန်တွင်တော့...
“အ...”
ထိုလူ့ခန္ဓာကိုယ် တစ်စစီ ဖြစ်သွားရလေပြီ။
“ဘုန်း...”
လေထဲတွင် လွင့်စင်နေသော အသားစများသည် မီးတောက်များ၏ လောင်ကျွမ်းမှုကြောင့် ချက်ချင်း ပြာကျသွားပြီး လေနှင့်အတူ လွင့်ပါသွားတော့၏။
မီးတိမ်တိုက် မြှား အဆောင်လက်ဖွဲ့...။
ရှေးဟောင်း အဆောင်လက်ဖွဲ့ နည်းပညာများနှင့် ပထမအဆင့် ထိပ်တန်း 'တိမ်ခွဲ မြှား' အဆောင်လက်ဖွဲ့တို့ကို ပေါင်းစပ်ပြီး စုယွီ ဖန်တီးထားသော လက်ရာသစ်ပင်။ မီးဓာတ်၏ ပြင်းထန်သော ပေါက်ကွဲအား၊ တိမ်ခွဲမြှား၏ ထွင်းဖောက်နိုင်စွမ်းနှင့် အကန့်အသတ်မဲ့သော အမြန်နှုန်းတို့ ပေါင်းစပ်ထားသည့် လက်နက်ဆန်း တစ်ခု။
မီးတိမ်တိုက် မြှား တစ်စင်းစီ၏ စွမ်းအားသည် ချီစွမ်းအင် စုစည်းခြင်း အဆင့် (၉) ကျင့်ကြံသူ တစ်ယောက်၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုနှင့် ညီမျှသည်။
မကဘူး... ဒီထက်တောင် ပိုပြင်းထန်ကောင်း ပြင်းထန်နိုင်သည်။
ထိုကဲ့သို့သော မြှားသုံးစင်းဖြင့် မမျှော်လင့်ဘဲ တိုက်ခိုက်ခံလိုက်ရသောအခါ အဆင့် (၈) ကျင့်ကြံသူ တစ်ယောက် ချက်ချင်း အသက်ပျောက်သွားရခြင်းမှာ မဆန်းပေ။
ကျန်ရှိနေသော အဆောင်လက်ဖွဲ့ ခြောက်ခုအနက် နှစ်ခုကသာ 'သရဲခေါင်း ရွှေလင်းယုန်' ဆီသို့ ဦးတည်သွားပြီး၊ ကျန်လေးခုဖြင့် အကြီးအကဲ စုယွင် က နောက်ထပ် အဆင့် (၈) ကျင့်ကြံသူ တစ်ယောက်ကို ပစ်မှတ်ထား တိုက်ခိုက်လိုက်သည်။
“ဝုန်း...”
ဟိန်းဟောက်နေသော မီးမြွေများနှင့် ပေါက်ကွဲထွက်သွားသော မီးလုံးများအောက်တွင် ရန်သူ၏ ကာကွယ်ရေး အလွှာများ တစ်ခုပြီးတစ်ခု စုတ်ပြတ်သတ်ကုန်သည်။
“အား...”
ချီစွမ်းအင် စုစည်းခြင်း အဆင့် (၈) ကျင့်ကြံသူမှာ သွေးများ အန်ရင်း နောက်သို့ လွင့်စဉ်သွားတော့၏။ သူ့ခန္ဓာကိုယ် တစ်ခုလုံး အက်ကွဲဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး သွေးများ ရွှဲနစ်နေ၏။ သူ အန်ထုတ်လိုက်သော သွေးများသည်ပင် အဆောင်လက်ဖွဲ့ လေးခု၏ အပူရှိန်ကြောင့် ပွက်ပွက်ဆူနေ၏။
“ဘုန်း...”
ပြင်းထန်သော ဒဏ်ရာများဖြင့် ထိုလူသည် အခင်းအကျင်း၏ အနောက်ဘက် နံရံကို ဝင်ဆောင့်မိပြီး ပြုတ်ကျသွားသည်။ အသက်ရှူသံများ ပြင်းထန်ပြီး မမှန်တော့။
အကြီးအကဲ စုယွင် နှင့် စုယွီ နှစ်ယောက်လုံးက ခေါင်းဆောင်ဖြစ်သူ 'သရဲခေါင်း ရွှေလင်းယုန်' ကို အရင် မတိုက်ခိုက်ဘဲ သူ့လက်ပါးစေများကို ဦးစွာ ရှင်းလင်းရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်၏။
အစပိုင်းတုန်းက 'သရဲခေါင်း ရွှေလင်းယုန်' က အခင်းအကျင်းနှင့် လက်ပါးစေများကို အသုံးပြုပြီး စုယွီတို့ကို ဖိအားပေးခဲ့သည်။
အခုတော့... အခြေအနေက ပြောင်းပြန် ဖြစ်သွားတော့၏။
“ဝုန်း... ဝုန်း...”
'သရဲခေါင်း ရွှေလင်းယုန်' ကတော့ သူ့ဆီ ဝင်လာသော ပထမအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ နှစ်ခုကို အလွယ်တကူပင် ခုခံကာကွယ်လိုက်နိုင်ပြီး ခြေလှမ်း အနည်းငယ်သာ နောက်ဆုတ်ပေးလိုက်ရသည်။
သို့သော် မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ့လက်ပါးစေ တစ်ယောက် သေဆုံးပြီး နောက်တစ်ယောက် သေလုမျောပါး ဖြစ်သွားသည်ကို မြင်လိုက်ရသောအခါ သူ့မျက်နှာ မည်းမှောင်သွားတော့၏။ မျက်လုံးများထဲတွင် လူသတ်လိုသော အငွေ့အသက်များ ပြည့်နှက်လာပြီး ဒေါသတကြီး အံကြိတ်လိုက်မိသည်။
သူ ယုံတောင် မယုံနိုင်။
အကြီးအကဲ စုယွင် ၊ စုဇီ နဲ့ စုယွီ... အဆင့် (၉)၊ အဆင့် (၈) နဲ့ အဆင့် (၅)... ဒီလူသုံးယောက်က တိုက်ပွဲစတာနဲ့ ပထမအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ (၁၂) ခု တိတိ ပစ်ပေါက်လိုက်တာလား။
ဒါ ဘာသဘောလဲ။
တိုက်ပွဲစတာနဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး လေးငါးရာလောက်ကို မီးရှို့ပစ်လိုက်တာနဲ့ အတူတူပဲလေ။
ဒီပမာဏက 'သရဲခေါင်း ရွှေလင်းယုန်' ကိုယ်တိုင်တောင် ဆုံးရှုံးခံနိုင်မည့် ပမာဏ မဟုတ်သလို၊ သူ တတ်လည်း မတတ်နိုင်။ ဒီပိုက်ဆံတွေနှင့် ကိုယ့်ကိုယ်ကို အားဖြည့်ဖို့ ကျင့်ကြံခြင်း အရင်းအမြစ်တွေ၊ မှော်လက်နက်တွေ ဝယ်တာက ပိုမကောင်းဘူးလား။
ဒီကောင်တွေက သေရမှာ ဘယ်လောက်တောင် ကြောက်နေလို့ အဆောင်လက်ဖွဲ့တွေ အများကြီး တပြိုင်နက် ထုတ်သုံးရတာလဲ။
မိမိတို့၏ ကိုယ်ပိုင်စွမ်းအားဖြင့် တိုက်ခိုက်နိုင်ပါလျက်နှင့် အဆောင်လက်ဖွဲ့များကိုသာ ရွေးချယ်အသုံးပြုခဲ့ကြသည်။ ပထမအဆင့် ထိပ်တန်းအဆောင်လက်ဖွဲ့ (၁၂) ခုတောင်မှ သုံးစွဲလိုက်ခြင်း ဖြစ်သည်။ 'သရဲခေါင်း ရွှေလင်းယုန်' အနေဖြင့် သူ၏ ကျင့်ကြံခြင်း သက်တမ်းတစ်လျှောက်တွင် ဤမျှ ထူးဆန်းသည့် ကျင့်ကြံသူမျိုးကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။
သို့သော် ဤအခြေအနေကိုမူ သူ ကြိုတင်မျှော်လင့်ထားပြီး ဖြစ်သည်။
လွန်ခဲ့သည့် ထိပ်တိုက်တွေ့ဆုံမှုတွင် အကြီးအကဲ စုယွင် ၏ လက်ဝယ်၌ အဆောင်လက်ဖွဲ့ အများအပြား ရှိနေသည်ကို သူ သိရှိထားပြီးဖြစ်သည်။ ထို့ကြောင့်လည်း ထိုအဆင့် (၈) ငတုံးနှစ်ကောင်ကို အကြီးအကဲ စုယွင် ၏ အဆောင်လက်ဖွဲ့များ ကုန်ခန်းသွားစေရန် ရည်ရွယ်ချက်သက်သက်ဖြင့် အမြောက်စာအဖြစ် ပစ်ကျွေးလိုက်ခြင်း ဖြစ်ပေသည်။ သူတို့ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ သူ့အတွက်မူ အရေးမကြီးပေ။
'သရဲခေါင်း ရွှေလင်းယုန်' စုယွီကို စိမ်းစိမ်းကြည့်ကာ အံကြိတ်ပြီး ဟိန်းဟောက်လိုက်သည်။
“အခု မင်းတို့လက်ထဲမှာ အဆောင်လက်ဖွဲ့တွေ ကုန်သွားပြီမလား... ငါ့ကို ဘယ်လို တားမလဲ ကြည့်ကြသေးတာပေါ့”
“ဝုန်း…”
'သရဲခေါင်း ရွှေလင်းယုန်' ၏ စိတ်အလိုအတိုင်း မကောင်းဆိုးဝါး ချီစွမ်းအင်များ ဖုံးလွှမ်းနေသော ဟောင်းနွမ်းစုတ်ပြတ်သည့် အလံတိုင်တစ်ခု လေပေါ်မှ ဆင်းသက်လာသည်။
“ဝေါ...”
တစ်ခဏချင်းမှာပင် ကောင်းကင်တစ်ခုလုံး သွေးမိုးများ ရွာသွန်းလာတော့၏။
ထူးဆန်းသည်မှာ ထိုသွေးမိုးများအောက်တွင် မြေကြီးထဲမှ အလောင်းကောင်များ တစ်ခုပြီးတစ်ခု တွားသွားကာ ထွက်ပေါ်လာကြခြင်းပင်။ အလောင်းကောင် တစ်ခုစီတိုင်းတွင် ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်များ ရှိနေကြသည်။
ရေတွက်၍ မရနိုင်သော အလောင်းကောင်များသည် ဟိန်းဟောက်သံများ ပေးရင်း စုယွီတို့ဆီသို့ ပြေးဝင်လာကြသည်။
အစပိုင်းတွင် ထိုအလောင်းကောင်များ၏ အရှိန်အဝါသည် အားနည်းလှသည်။ ချီစွမ်းအင် စုစည်းခြင်း အဆင့် (၁)၊ (၂) ခန့်သာ ရှိ၏။
သို့သော် ပြေးဝင်လာရင်းနှင့် အလောင်းကောင် တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကြသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သာမန် ချီစွမ်းအင် စုစည်းခြင်း အဆင့် (၉) ကျင့်ကြံသူထက် ပိုမို အားကောင်းသော ဘီလူးသဏ္ဍာန် မကောင်းဆိုးဝါးကြီး တစ်ကောင် ပေါ်ထွက်လာတော့၏။
“မင်းတို့အားလုံး သေလူတွေပဲကွ”
'သရဲခေါင်း ရွှေလင်းယုန်' ၏ ယုတ်မာကောက်ကျစ်သော အသံကြီး ပဲ့တင်ထပ်သွားသည်။
“ဝီ…”
မကောင်းဆိုးဝါးကြီးက စုယွီတို့ဆီ ဝင်ရောက် တိုက်ခိုက်ချိန်မှာပင် 'သရဲခေါင်း ရွှေလင်းယုန်' ကလည်း နောက်တစ်ကြိမ် ထပ်မံ လှုပ်ရှားလိုက်သည်။ ကြောက်မက်ဖွယ် ရွှေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး စုယွီနှင့် စုဇီတို့ကို ပစ်မှတ်ထားလိုက်၏။ မကောင်းဆိုးဝါးကြီးကတော့ ထူးဆန်းစွာ အော်ဟစ်ရင်း အကြီးအကဲ စုယွင် ဆီသို့ ပြေးဝင်သွားသည်။
အကြီးအကဲ စုယွင် ၊ စုယွီ နှင့် စုဇီတို့ သုံးယောက်လုံး မျက်နှာပျက်သွားကြသည်။ ထိုအလံတိုင်ကို မြင်လိုက်ရသောအခါ သူတို့ အံကြိတ်လိုက်မိ၏။
“မိစ္ဆာလမ်းစဉ် ကျင့်ကြံသူပဲ...”
“သတ်ပစ်ကြ”
နောက်တစ်စက္ကန့်တွင်...
သူတို့ သုံးယောက်လုံး၏ လက်ထဲတွင် အဆောင်လက်ဖွဲ့ အဆောင်များ တစ်ဆုပ်စာစီ ကိုယ်စီ ရောက်ရှိလာကြပြန်သည်။
အရင်းအမြစ် အကန့်အသတ်ရှိသော စုဇီ၏ လက်ထဲတွင်တော့ ပထမအဆင့် ထိပ်တန်း တိုက်ခိုက်ရေး အဆောင်လက်ဖွဲ့ (၂) ခုသာ ကျန်တော့၏။
သို့သော် ယွင်ရှန်း ဈေးမြို့တော်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး ပထမအဆင့် ထိပ်တန်း ဆေးဆရာ တစ်ယောက်ဖြစ်သော အကြီးအကဲ စုယွင် ၏ လက်ထဲတွင်တော့ ပထမအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ (၂၀) ကျော် ရှိနေသေးသည်။
ယခုအချိန်တွင် အကြီးအကဲ စုယွင် က နောက်ထပ် ပထမအဆင့် ထိပ်တန်း တိုက်ခိုက်ရေး အဆောင်လက်ဖွဲ့ (၆) ခုကို ထပ်မံ ထုတ်လိုက်သည်။
တစ်ဖက်တွင်လည်း စုယွီက သူ့လက်ထဲတွင် ကျန်ရှိနေသေးသော 'မီးတိမ်တိုက် မြှား အဆောင်လက်ဖွဲ့' (၄) ခုလုံးကို ထုတ်လိုက်သည်။
တစ်ခဏချင်းမှာပင်... သူတို့သုံးဦး ပေါင်းပြီး ပထမအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ (၁၂) ခုကို ထပ်မံ သုံးစွဲလိုက်ကြပြန်၏။
“ဝုန်း...”
'သရဲခေါင်း ရွှေလင်းယုန်' တစ်ယောက် ကောင်းကင်တစ်ခုလုံး မီးပင်လယ်ကြီး ဖြစ်သွားသည်ကိုသာ မြင်လိုက်ရတော့၏။ သူ၏ ဒုတိယအဆင့် အဆင့်နိမ့် မပြည့်စုံသော 'မိစ္ဆာဝိညာဉ် အလံ' မှ ဆင့်ခေါ်ထားသော မိစ္ဆာဝိညာဉ်များသည် ပြင်းထန်သော မီးတောက်များအောက်တွင် ချက်ချင်း စုတ်ပြတ်သတ်ကာ ပြာကျသွားကြသည်။ နောက်ဆုံးတွင် မည်းနက်သော မီးခိုးငွေ့များအဖြစ် ပြောင်းလဲပြီး အလံတိုင်ထဲသို့ ပြန်ဝင်သွားကြရရှာသည်။
ထို့နောက်... ပထမအဆင့် ထိပ်တန်း တိုက်ခိုက်ရေး အဆောင်လက်ဖွဲ့ (၁၂) ခု၏ စွမ်းအားများသည် သူ့ခန္ဓာကိုယ်ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်လာတော့၏။
“ဘုန်း... ဖွပ်...”
'သရဲခေါင်း ရွှေလင်းယုန်'
သူ့ခန္ဓာကိုယ်ကြီး ငရဲမီးထဲ ကျသွားသလို ခံစားလိုက်ရသည်။ ခန္ဓာကိုယ်များ ကွဲကြေပြီး ပြာကျသွားတော့မလို နာကျင်မှုမျိုး။ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲအားကြီးက သူ့ကို လွင့်စင်ထွက်သွားစေသည်။
“ဝီ…”
ထို့နောက် သက်စောင့်စွမ်းအင် နွယ်ပင်များ ပေါ်လာပြီး လေထဲတွင် လွင့်စင်နေသော သူ့ခန္ဓာကိုယ်ကို ရစ်ပတ် ချည်နှောင်လိုက်သည်။
“ရွှပ်...”
မီးတောက်များကြားမှ ပျံသန်းသည့် ဓားတစ်ချောင်း ထွက်ပေါ်လာပြီး 'သရဲခေါင်း ရွှေလင်းယုန်' ၏ ခေါင်းကို ဖြတ်သွားလေတော့၏။
'သရဲခေါင်း ရွှေလင်းယုန်' ၏ နောက်ဆုံးအတွေးမှာ...
'ငါ ဒီလူသုံးယောက်ရဲ့ လက်ချက်နဲ့ သေတာ မဟုတ်ဘူး...'
'ငါ... ပထမအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့တွေနဲ့ အပိခံရပြီး သေသွားတာ...'
ဒီလို မိသားစု အသေးစားလေးက လူတွေလက်ထဲမှာ ပထမအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့တွေ ဒီလောက် အများကြီး ရှိနေလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။
စုစုပေါင်း (၂၄) ခုတောင် သုံးသွားသည်လေ။
အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၉၀၀) ဖိုးလောက် ရှိသည်။
'သရဲခေါင်း ရွှေလင်းယုန်' တစ်ယောက် အဆောင်လက်ဖွဲ့တွေအောက်တွင် ပြားပြားဝပ် သေဆုံးသွားရင်း မျက်ရည်ကျ ကျန်ရစ်ခဲ့ရှာသည်။
"ရွှပ်..."
စုဇီ၏ ပျံသန်းသည့်ဓားက လေထဲတွင် ကွေ့ဝိုက်သွားပြီး ကျန်ရှိနေသေးသော အဆင့် (၈) ကျင့်ကြံသူကိုပါ အဆုံးစီရင်လိုက်သည်။ ထို့နောက် သူမ
က ရှေ့သို့ လျင်မြန်စွာ ပြေးထွက်သွားပြီး ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် အလောင်းကောင်များကို ရှာဖွေကာ ပစ္စည်းများ ရှာဖွေ သိမ်းဆည်းလိုက် တော့သည်။ 'သရဲခေါင်း ရွှေလင်းယုန်' အပါအဝင် လူသုံးယောက်လုံး၏ 'ချန်ခွန်းအိတ်' (သိုလှောင်အိတ်) များနှင့် အခင်းအကျင်း အလံတိုင် နှစ်ခုကို သိမ်းယူလိုက်သည်။
နောက်ဆုံးတွင် ထိုလူသုံးယောက်၏ ခေါင်းများကို ဖြတ်ယူလိုက်သည်။ မိသားစုထံ ပြန်ယူသွားလျှင် ဆုလာဘ်နှင့် ဂုဏ်ပြုမှတ်များ ရနိုင်သည်လေ။
“သွားကြစို့... ဒီနေရာက မြန်မြန် ခွာမှဖြစ်မယ်”
စုဇီက ပစ္စည်းများကို ဘာပါလဲပင် မစစ်ဆေးတော့ဘဲ အားလုံး သိမ်းဆည်းပြီးနောက်၊ သူတို့သုံးဦးစလုံး မှော်လက်နက်များကို အသုံးပြုကာ ထိုနေရာမှ အမြန်ဆုံး ပျံသန်း ထွက်ခွာလာခဲ့ကြသည်။ ခုနက တိုက်ပွဲတွင် သူတို့၏ သက်စောင့်စွမ်းအင်ကို သိပ်မသုံးလိုက်ရသဖြင့် ယခု 'ထွက်ပြေး' ရန်အတွက် အတော်ပင် အဆင်ပြေနေ၏။
မိုင်ပေါင်းရာချီ ဝေးကွာသွားပြီးနောက်မှ တောအုပ်တစ်ခုထဲတွင် ပုန်းအောင်းကာ အနားယူလိုက်ကြတော့၏။