မျိုးစေ့ အညှောင့်ထွက်ခြင်း
Vol. 3 Ch. 36
~သေချာ စဉ်းစားပြီးနောက် စုယွီသည် လက်ဆောင်အဖြစ် အဆောင်လက်ဖွဲ့ အဆောင်များ ပေးရန် ဆုံးဖြတ်လိုက်သည်။ စုချင်းယီနှင့် ချန်စီစီ နှစ်ယောက်လုံးကို သူနှင့် ရင်းနှီးသည် ဖြစ်ရာ တစ်ယောက်ကို 'မီးတိမ်တိုက် မြှား အဆောင်လက်ဖွဲ့' တစ်ခုစီ လက်ဆောင်ပေးရန် ရည်ရွယ်လိုက်၏။
“ဆေးလုံးတွေနဲ့ ယှဉ်လိုက်ရင် ဒါက သူတို့ အသက်အန္တရာယ် ကြုံလာတဲ့အခါ အသုံးဝင်နိုင်တယ်”
စုယွီ တွေးမိသည်။
ကံကောင်းသည်မှာ သူ့ချန်ခွန်းအိတ်ထဲတွင် 'မီးတိမ်တိုက် မြှား အဆောင်လက်ဖွဲ့' အတွက် လိုအပ်သော ပစ္စည်းများ ရှိနေသေးသည်။ 'သရဲခေါင်း ရွှေလင်းယုန်' နှင့် တိုက်ပွဲတွင် သူ့အဆောင်လက်ဖွဲ့ အကုန်လုံး နီးပါး သုံးလိုက်ရသော်လည်း၊ မင်္ဂလာပွဲ မတိုင်မီ (၁၀) ရက်ခန့် လိုသေးသဖြင့် နောက်ထပ် အဆောင်လက်ဖွဲ့ နှစ်ခု ထပ်မံ ရေးဆွဲရန် အချိန် လုံလောက်၏။
သူသည် 'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်' နှင့် ခန္ဓာကိုယ် ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများကို ပုံမှန် လုပ်ဆောင်ပြီး၊ အားလပ်ချိန်များတွင် အဆောင်လက်ဖွဲ့ ရေးဆွဲသည်။
'မြေကမ္ဘာမီးလျှံ မျောက်ဝံ' လေးကိုလည်း နေ့တိုင်း သားရဲအိတ်ထဲမှ ထုတ်ပေးပြီး ပထမအဆင့် အဆင့်နိမ့် 'ပြည့်စုံခြင်း အဆင့်' သားရဲ တစ်ရာ ဆေးလုံး အနည်းငယ် ကျွေးမွေး၏။
ဤမျောက်ဝံလေးသည် အသက် သုံးနှစ်ပင် မပြည့်သေးသော်လည်း သူ့အရှိန်အဝါက ပထမအဆင့် အစောပိုင်း (အထွတ်အထိပ်) သို့ ရောက်ရှိနေပြီ ဖြစ်၏။ ၎င်းသည် ချီစွမ်းအင် စုစည်းခြင်း အဆင့် (၃) သို့ ယခုမှ ချိုးဖျက်ဝင်ရောက်လာသော ကျင့်ကြံသူ တစ်ဦးနှင့် ယှဉ်နိုင်၏။
ဒီနှုန်းအတိုင်းသာ ကြီးထွားလာလျှင် နောက်ထပ် တစ်နှစ် နှစ်နှစ်လောက် ဆိုလျှင် ပထမအဆင့် အလယ်အလတ် သားရဲ ဖြစ်လာနိုင်သည်။
ဒီကြီးထွားနှုန်းက သာမန် မြေကမ္ဘာမီးလျှံ မျောက်ဝံ တစ်ကောင်ထက် အနည်းဆုံး နှစ်ဆလောက် ပိုမြန်နေ၏။
မျောက်ဝံကို အစာကျွေးရုံသာမက ရှေးဟောင်း ကျောက်စိမ်းသေတ္တာထဲမှ ရရှိခဲ့သော မျိုးစေ့လေးကိုလည်း နေ့တိုင်း ဂရုတစိုက် ပြုစုပျိုးထောင်ပေးသည်။ (၃) (၄) နှစ်လောက် ပြုစုပြီးနောက် ယခုအခါ မျိုးစေ့လေးသည် အပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီး သက်စောင့်စွမ်းအားများ ပြည့်လျှံနေပြီ ဖြစ်၏။
စုယွီ ပြန်ရောက်ပြီး နောက်တစ်ရက်တွင်...၊
ပုံမှန်အတိုင်း သက်စောင့်စွမ်းအင် သွင်းပေးနေစဉ် မျိုးစေ့လေးဆီမှ ရုတ်တရက် တောက်ပသော အစိမ်းရောင် အလင်းတန်းများ ဖြာထွက်လာပြီး သူ့လက်ထဲမှ မြေကြီးပေါ်သို့ ပြုတ်ကျသွားလေ၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင်...
မျိုးစေ့လေး ကြီးထွားလာပြီး၊ အသက်ရှူချိန် အနည်းငယ် ကြာသောအခါ တစ်ပေခန့် မြင့်သော သစ်ပင်လေး တစ်ပင် အဖြစ် ပြောင်းလဲသွားသည်။ ပင်စည်ပေါ်တွင် လက်ဝါးအရွယ် အကြေးခွံများ ဖုံးအုပ်ထားပြီး ရှေးကျသော အငွေ့အသက်များ လေထဲတွင် ပြည့်နှက်သွားတော့၏။
“ဒါ... ဒါ ဘာမျိုးစေ့ကြီးလဲ”
စုယွီ လန့်ဖျပ်သွားသည်။
သူ ဘာမှန်း ညာမှန်း သေချာ မစဉ်းစားနိုင်ခင်မှာပင်...
သစ်ပင်လေးပေါ်တွင် အနီရောင် ပန်းတစ်ပွင့် ပွင့်လာသည်။ အဖူးလေး ပွင့်အာလာသည်နှင့် တပြိုင်နက် တစ်ခန်းလုံး ပြင်းထန်သော ဝတ်မှုန်ရနံ့များဖြင့် ပြည့်နှက်သွားတော့၏။
စုယွီ ထိုဝတ်မှုန်ရနံ့ကို ရှူရှိုက်မိလိုက်သောအခါ သူ့ခန္ဓာကိုယ် အတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာတွင် ဖုံးကွယ်နေသော သွေးစွမ်းအင်များ ပွက်ပွက်ဆူလာလေ၏။
တစ်ချိန်တည်းမှာပင် စုယွီ၏ ဝိညာဉ်သည် ခန္ဓာကိုယ်မှ ကျွတ်ထွက်ကာ လေပေါ်သို့ မြောက်တက်သွားသလို ခံစားလိုက်ရသည်။ သူသည် ခန္ဓာကိုယ်၏ ချုပ်နှောင်မှုမှ လွတ်မြောက်သွားပြီး လေထဲတွင် ရပ်တန့်ကာ သူ့ခန္ဓာကိုယ်ကို သူ ပြန်ငုံ့ကြည့်နေမိ၏။
“ခံစားရတာ... ကောင်းလိုက်တာ... ဒါ ဘာမျိုးစေ့လဲဟ”
စုယွီ အံ့သြမှင်သက်နေမိသည်။
သူ့နတ်ဘုရား အာရုံ လျင်မြန်စွာ အားကောင်းလာသည်ကို ခံစားနေရသည်။
(၁၅) မိနစ် မပြည့်ခင်မှာပင်...
“ဝုန်း...”
နောက်ထပ် နှစ်အနည်းငယ်လောက် ကြာမှသာ အဆင့်တက်နိုင်မည်ဟု ခန့်မှန်းထားသော 'မိကျောင်းမိစ္ဆာ ခန္ဓာကိုယ် ကြံ့ခိုင်ရေး ကျင့်စဉ်' သည် ချက်ချင်းဆိုသလိုပင် (၆) လွှာ အဆင့်မှ (၇) လွှာ အဆင့်သို့ ထိုးတက်သွားတော့၏။
အမွှေးတိုင်တစ်တိုင် ထွန်းသော အချိန်၏ တစ်ဝက်စာလောက်သာ ကုန်သေးသည်။
နောက်ထပ် (၁၅) မိနစ် ကြာသောအခါ...
ဝတ်မှုန်ရနံ့များ လုံးဝ ကုန်ဆုံးသွားသည်။ ခန္ဓာကိုယ် ကြံ့ခိုင်ရေး (၇) လွှာ အဆင့်၏ ကျွမ်းကျင်မှုသည် (၄၄.၇%) အထိ တိုးတက်လာခဲ့၏။
သစ်ပင်ပေါ်မှ ပန်းပွင့်လေး ကြွေကျကာ လေနှင့်အတူ ပြာအဖြစ် လွင့်ပါသွားသည်။
ထို့နောက် သစ်ပင် တစ်ပင်လုံး ခြောက်သွေ့သွားပြီး ပြာကျသွားပြန်သည်။
ပြားချပ်ချပ် မျိုးစေ့လေး တစ်စေ့ ပြန်ကျလာ၏။
စုယွီ မျိုးစေ့ကို ဖမ်းယူလိုက်ရင်း ဝမ်းသာအားရ ဖြစ်သွားသည်။ မျိုးစေ့လေး ကြီးထွားပြီး ပန်းပွင့်သွားသည့် ဖြစ်စဉ်က သူ့ကို ခန္ဓာကိုယ် ကြံ့ခိုင်ရေးအတွက် (၅) နှစ် (၆) နှစ်စာလောက် အချိန်ကုန်
သက်သာစေခဲ့၏။
ခန္ဓာကိုယ် ကြံ့ခိုင်ရေး (၇) လွှာ အဆင့် ဆိုသည်မှာ ချီစွမ်းအင် စုစည်းခြင်း အဆင့် (၇) နှင့် ညီမျှသည်။
သူ့နတ်ဘုရား အာရုံ ပြောင်းလဲမှုကို ဆန်းစစ်ကြည့်လိုက်သောအခါ...
“ငါ့နတ်ဘုရား အာရုံက ရာခိုင်နှုန်း (၂၀) လောက် ပိုအားကောင်းလာတယ်”
စုယွီ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ သူ့ ချီစွမ်းအင် စုစည်းခြင်း အဆင့်က မတိုးတက်သော်လည်း၊ နတ်ဘုရား အာရုံက ပိုမို အားကောင်းလာခဲ့လေ၏။ ဆိုလိုသည်မှာ သူ့အခြေခံအုတ်မြစ် ပိုမို ခိုင်မာနက်ရှိုင်းလာခြင်းပင်။
နောင်ကျရင် သူ အဆင့်တက်သည့် အခါ တိုးတက်မှုနှုန်းက ပိုမို ကြီးမားပြီး အားကောင်းလာလိမ့်မည်။
တိုက်မြင့်မြင့် ဆောက်ချင်လျှင် အုတ်မြစ် ခိုင်ရမည်လေ။
နတ်ဘုရား အာရုံ ရာခိုင်နှုန်း (၂၀) တိုးလာခြင်းသည် ကြီးမားသော အပြောင်းအလဲ တစ်ခုပင်။
“ကျင့်ကြံခြင်း တိုးတက်လာရုံတင် မကဘူး... နတ်ဘုရား အာရုံ အားကောင်းလာတာက ဆေးဖော်တာ၊ အဆောင်လက်ဖွဲ့ ရေးဆွဲတာ၊ အခင်းအကျင်း ခင်းတာတွေမှာပါ အများကြီး အထောက်အကူပြုမှာ”
စုယွီ ပျော်ရွှင်စွာဖြင့် မျိုးစေ့လေးကို ကြည့်လိုက်သည်။
မျိုးစေ့အသစ်လေးက အရင်တစ်ခုထက် နည်းနည်း ပိုကြီးပြီး သက်စောင့်စွမ်းအားလည်း ကောင်းမွန်သည်။
နောက်တစ်ခါ ထပ်အညှောင့်ပေါက်ဖို့တော့ အချိန်ပြန်ယူရဦးမည် ထင်သည်။
စိတ်ငြိမ်အောင် ပြန်ထိန်းလိုက်ပြီးနောက် စုယွီ အဆောင်လက်ဖွဲ့ စုတ်တံကို ကောက်ကိုင်ကာ ယနေ့အတွက် 'မီးတိမ်တိုက် မြှား အဆောင်လက်ဖွဲ့' ရေးဆွဲရန် ပြင်ဆင်လိုက်သည်။ ပထမအဆင့် ထိပ်တန်း မီးဓာတ် သားရဲ သွေးထဲသို့ စုတ်တံကို နှစ်လိုက်ပြီး အဆောင်လက်ဖွဲ့ စာရွက်ပေါ်တွင် ပုံဖော်လိုက်သည်။ ရေးဆွဲလိုက်သော မျဉ်းကြောင်းများသည် အခင်းအကျင်း တစ်ခုကဲ့သို့၊ သဘာဝအလျောက် ဖြစ်တည်နေသော အဆောင်လက်ဖွဲ့ စာလုံးများကဲ့သို့ လှပသေသပ်နေ၏။
စုယွီ သူ့သက်စောင့်စွမ်းအင်နှင့် နတ်ဘုရား အာရုံ အားလုံးကို ထည့်သွင်းလိုက်သည်။ သူ့စိတ်စွမ်းအားများပင် စုတ်ချက်နှင့် အဆောင်လက်ဖွဲ့ထဲသို့ ပျော်ဝင်သွားသလိုပင်။
“ဝူး..”
နှစ်နာရီကျော် ကြာပြီးနောက်...
နောက်ဆုံး စုတ်ချက် ပြီးဆုံးသွားသည်နှင့် တပြိုင်နက် အဆောင်လက်ဖွဲ့ အဆောင်မှ တောက်ပသော အနီရောင် အလင်းတန်းများ ဖြာထွက်လာသည်။ ပတ်ဝန်းကျင်မှ သဘာဝ ဝိညာဉ်စွမ်းအင်များ အားလုံး အထဲသို့ တိုးဝင်သွားကြပြီး အဆောင်လက်ဖွဲ့၏ အရှိန်အဝါကို မြှင့်တင်ပေးလိုက်သည်။
ခဏကြာတော့ သဘာဝ ဝိညာဉ်စွမ်းအင်များ ပြန်လည် ငြိမ်သက်သွားသည်။
စုယွီ၏ မျက်နှာ ဖြူဖျော့နေ၏။ သက်စောင့်စွမ်းအင်၊ နတ်ဘုရား အာရုံနှင့် စိတ်စွမ်းအား (၈၀) ရာခိုင်နှုန်းကျော် ကုန်ဆုံးသွားပြီ ဖြစ်၏။ သို့သော် သူ့ရှေ့က အဆောင်လက်ဖွဲ့ကို ကြည့်ပြီး အလွန်အမင်း အံ့သြဝမ်းသာသွားရသည်။
“အကောင်းစား အရည်အသွေးပဲ... ငါ တကယ် ဆွဲနိုင်သွားပြီ”
စုယွီ ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
ဆေးလုံးများလိုပင် အဆောင်လက်ဖွဲ့ အဆောင်များကိုလည်း သာမန် ၊ အကောင်းစားနှင့် ပြည့်စုံခြင်း အဆင့် ဟူ၍ ခွဲခြားထားသည်။
ကွာခြားချက်ကတော့ ဆေးလုံးတွေမှာ တူညီသော ပါဝင်ပစ္စည်းတွေကို သုံးပြီး အရည်အသွေး ကွဲပြားအောင် ဖော်စပ်၍ ရသော်ငြား..
အဆောင်လက်ဖွဲ့ အဆောင်တွေမှာတော့ မရပေ။
အဆောင်လက်ဖွဲ့ အဆောင်တွေမှာ သက်ဆိုင်ရာ အရည်အသွေး အလိုက် ပစ္စည်း လိုအပ်ပါသည်။ ဥပမာ - ပထမအဆင့် ထိပ်တန်း 'အကောင်းစား' အဆောင်လက်ဖွဲ့ ရဖို့ဆိုလျှင် ပိုကောင်းမွန်တဲ့ အရည်အသွေးရှိသည်ြ ပထမအဆင့် ထိပ်တန်း 'အကောင်းစား' အဆောင်လက်ဖွဲ့ စာရွက်ကို သုံးမှ ရမည်။
ထို့ကြောင့် အကောင်းစား အဆောင်လက်ဖွဲ့တွေက ရှားပါးသည်။ ရေးဆွဲရတာလည်း ပိုခက်ခဲပါသည်။
ပြည့်စုံခြင်း အဆင့် အဆောင်လက်ဖွဲ့ ဆိုလျှင်တော့ အခွင့်အရေး၊ ကံတရား၊ ပစ္စည်းမလစ်ဟင်းမှု၊ စိတ်အခြေအနေ၊ ကျွမ်းကျင်မှု... အရာအားလုံး ပြည့်စုံမှ ရနိုင်မည်။ ဒါက ပြည့်စုံခြင်း အဆင့် ဆေးလုံးထက်တောင် ပိုရှားပါးသေး၏။
ယခု လက်ရှိ ပထမအဆင့် ထိပ်တန်း အကောင်းစား 'မီးတိမ်တိုက် မြှား အဆောင်လက်ဖွဲ့' သည် စုယွီ ပထမဆုံးအကြိမ် ရေးဆွဲနိုင်ခဲ့သော ပထမအဆင့် ထိပ်တန်း အကောင်းစား အဆောင်လက်ဖွဲ့ ဖြစ်၏။
‘ပထမဆုံးအကြိမ်မှာတင် အောင်မြင်သွားတာပဲ။’
အဆောင်လက်ဖွဲ့၏ အရှိန်အဝါကို ခံစားရင်း စုယွီ တွေးလိုက်မိသည်။
“ဒါက သာမန် မီးတိမ်တိုက် မြှား အဆောင်လက်ဖွဲ့တွေထက် အများကြီး ပိုအားကောင်းတယ်... ချီစွမ်းအင် စုစည်းခြင်း အဆင့် (၉) ကျင့်ကြံသူ တစ်ယောက်တောင်မှ သေချာအသုံးချတတ်ရင် ရန်သူကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်တယ်... သတ်တောင် သတ်ပစ်နိုင်တယ်”
ဒါကို မြင်တော့ စုယွီ ပိုစွမ်းအားကြီးတဲ့ အဆောင်လက်ဖွဲ့တွေကို မျှော်လင့်မိလာသည်။
ရှေးဟောင်း အဆောင်လက်ဖွဲ့တွေ ဖြစ်တဲ့ 'မီးလျှပ်စီး' အဆောင်လက်ဖွဲ့၊ 'မီးနဂါး' အဆောင်လက်ဖွဲ့၊ 'မီးလျှပ်စီး ဓား' အဆောင်လက်ဖွဲ့ တွေလိုမျိုးပေါ့။
ထိုအဆောင်တွေနှင့်သာ ပိုစွမ်းအားကြီးသည့် အဆောင်လက်ဖွဲ့တွေ ဖန်တီးနိုင်လျှင် ချီစွမ်းအင် စုစည်းခြင်း အဆင့် (၉) ကျင့်ကြံသူ တစ်ယောက်ကို ချက်ချင်း သတ်ပစ်နိုင်လောက်သည်။
မင်္ဂလာဆောင်ဖို့ ရက်အနည်းငယ် လိုသေးသဖြင့် စုယွီသည် ကျန်ရှိသော ရက်များတွင် 'မီးတိမ်တိုက် မြှား အဆောင်လက်ဖွဲ့' များကို ဆက်လက် ရေးဆွဲသည်။
သူ့လက်ထဲရှိ အကောင်းစား ပစ္စည်း (၅) စုံကို အသုံးပြုပြီး အကောင်းစား 'မီးတိမ်တိုက် မြှား အဆောင်လက်ဖွဲ့' (၃) ခု အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့၏။ အောင်မြင်မှုနှုန်း (၆၀) ရာခိုင်နှုန်း ရှိပြီး၊ 'မီးတိမ်တိုက် မြှား အဆောင်လက်ဖွဲ့' ၏ ကျွမ်းကျင်မှုသည် (၅၂%) အထိ တိုးတက်လာခဲ့၏။
သာမန် 'မီးတိမ်တိုက် မြှား အဆောင်လက်ဖွဲ့' (၄) ခုလည်း ရေးဆွဲနိုင်ခဲ့၏။
သူ ပြင်ဆင်ထားသမျှ ပစ္စည်းအားလုံး ကုန်သွားလေပြီ။
စုချင်းယီ နှင့် ချန်စီစီ တို့၏ မင်္ဂလာပွဲ မတိုင်မီ ညတွင် စုယွီ လက်ဆောင် ပေးအပ်လိုက်သည်။
စုယွီ၏ အမြင်တွင်တော့ ယွင်ကျန်းဂိုဏ်း တပည့် ချန်စီစီ သည် အတော်လေး ကောင်းမွန်သော မိန်းကလေး ဖြစ်၏။ ရုပ်ရည်အားဖြင့် (၈) မှတ် (၉) မှတ်လောက် ပေး၍ ရပြီး ရေခဲဓာတ် ဝိညာဉ်အမြစ် ပိုင်ရှင် ဖြစ်၏။ ပါရမီ အပိုင်းမှာတော့ စုချင်းယီထက် အဆင့် တစ်ဆင့် နှစ်ဆင့်လောက် သာလွန်သည်။
သို့သော်၊ စုချင်းယီ၏ ကျင့်ကြံခြင်း တိုးတက်မှုနှုန်းကလည်း မနှေးကွေးလှ။ သူ့မှာလည်း ကိုယ်ပိုင် အခွင့်အလမ်းတွေ ရှိပုံ ရသည်။
သူတို့နှစ်ယောက်က လိုက်ဖက်သော စုံတွဲပါပင်။
မင်္ဂလာပွဲက ကြီးကျယ်ခမ်းနားလှသည်။ ချန်မိသားစုဘက်မှ လူအများအပြား လာရောက်ကြသလို၊ စုမိသားစုနှင့် ရင်းနှီးသော ကျင့်ကြံခြင်း မိသားစုများ၊ ကျင့်ကြံသူများလည်း ချန်တောင်တန်းသို့ ရောက်ရှိလာကြ၏။ မင်္ဂလာပွဲကို (၃) ရက်တိုင်တိုင် ကျင်းပခဲ့ကြသည်။
မင်္ဂလာပွဲ ပြီးဆုံးပြီးနောက် မိသားစုခေါင်းဆောင် စုဖုန်း က စုယွီကို လာရောက် တွေ့ဆုံ ဆွေးနွေးလာသည်။ စုမိသားစု ကိုယ်စားလှယ် အနေဖြင့် ချန်မိသားစုနှင့် တွဲဖက်ကာ 'ခရမ်းရွှေ သဲ သတ္တုတွင်း' ကိစ္စကို တာဝန်ယူ ဆောင်ရွက်စေချင်သည် ဟု ဆိုသည်။ အတွေ့အကြုံ ရအောင် လွှတ်ချင်သည် ဟူ၍ပင်။
သို့သော်၊ စုယွီ ငြင်းလိုက်သည်။ ကျင့်ကြံခြင်းနဲ့ ဆေးပညာဖက်ကိုသာ အာရုံစိုက်ချင်လို့ပါ ဆိုသော အကြောင်းပြချက်နှင့်ပေါ့။
‘အတွေ့အကြုံ ရအောင် ဟုတ်လား။
အရမ်း အန္တရာယ် များလွန်းတယ်။ အခြေခံ တည်ဆောက်ခြင်း အဆင့် ဒါမှမဟုတ် အမြုတေ ဖွဲ့စည်းခြင်း အဆင့်လောက် ရောက်မှပဲ ဒီတာဝန်ကို ယူဖို့ စဉ်းစားပေးမယ်။’
နောက်ဆုံးတော့ ဒီကိစ္စကို စုချင်းယီ လက်ထဲပဲ ထည့်ပေးလိုက်ရသည်။
စုယွီသည် ဆရာဖြစ်သူ အကြီးအကဲ စုယွင် ၊ စုဇီ နှင့် မင်္ဂလာဆောင်ပြီးခါစ ချန်စီစီ တို့နှင့်အတူ ယွင်ရှန်း ဈေးမြို့တော်သို့ ပြန်လိုက်လာခဲ့၏။ ထို့နောက် စုဇီ နှင့် ချန်စီစီတို့က ဂိုဏ်းသို့ ပြန်သွားကြသည်။
နောက်ပိုင်း အချိန်များတွင် စုယွီသည် ယွင်ရှန်း ဈေးမြို့တော်၌ ကျင့်ကြံခြင်းကိုသာ ပဓာနထားတော့၏။
တစ်ခါတလေကျမှ သူကလမိသားစု အခြေအနေ၊ ချန်မိသားစု အခြေအနေ နှင့် မေပယ်မြို့တော်မှ ပိုင်မိသားစု၏ လှုပ်ရှားမှုများကို စုံစမ်း နားစွင့်လေ့ရှိပါသည်။