← Chapters

အခြေခံ တည်ဆောက်ခြင်း ဆေးလုံးအတွက် ကုန်ကြမ်းပစ္စည်းများ (၁)

Vol. 3 Ch. 38

အခြေခံ တည်ဆောက်ခြင်း ဆေးလုံးအတွက် ကုန်ကြမ်းပစ္စည်းများ (၁)

Vol. 3 Ch. 38

~“မိန်းကလေးယွီ... မတွေ့ရတာတောင် ကြာပြီပဲ”

ယွီခယ်အာ၏ မျက်ဝန်းအိမ်ထဲမှ အံ့သြရိပ်သန်းနေသော အကြည့်များက စုယွီ၏ အာရုံကို ဖမ်းစားသွားလေ၏။ ယွီခယ်အာသည် သူနှင့် ရွယ်တူခန့်သာ ရှိသော်လည်း၊ သူမ၏ ကျင့်ကြံခြင်း အဆင့်မှာ ချီစွမ်းအင် စုစည်းခြင်း အဆင့် (၈) သို့ ရောက်ရှိနေပြီ ဖြစ်၏။ ထို့အပြင် သူမသည် ပထမအဆင့် ထိပ်တန်း သားရဲထိန်းသိမ်းသူ တစ်ဦးလည်း ဖြစ်ချေသည်။

ကျောက်မဲတောင် ယွီမိသားစု၏ သခင်မလေး ဆိုသည့် ဂုဏ်ပုဒ်နှင့် လိုက်ဖက်ညီစွာပင် သားရဲထိန်းသိမ်းခြင်း ပညာရပ်တွင် ထူးချွန်လှပေသည်။

ယွီခယ်အာသည် နှာခေါင်းလေး ရှုံ့လိုက်ပြီး စုယွီအား ခေတ္တမျှ စူးစိုက်ကြည့်နေလေ၏။

“ရှင်က တကယ်ကြီး ပထမအဆင့် ထိပ်တန်း ဆေးဆရာ ဖြစ်နေတာလား”

ဆေးပညာ ပါရမီရှင် တစ်ဦးအဖြစ် စုယွီ၏ ဂုဏ်သတင်းသည် ဈေးမြို့တော်အတွင်း၌ အနည်းငယ် ကျော်ကြားနေပြီ ဖြစ်သဖြင့် ယွီခယ်အာ သိရှိနေခြင်းမှာ မဆန်းလှပေ။

သို့သော်ငြားလည်း ယွီခယ်အာ့ အနေဖြင့် ယုံကြည်ရန် ခက်ခဲနေဆဲပင် ဖြစ်၏။ စုယွီကဲ့သို့ နိမ့်ပါးသော ကျင့်ကြံခြင်း အဆင့်ဖြင့် ပထမအဆင့် ထိပ်တန်း ဆေးဆရာ တစ်ဦး မည်သို့ ဖြစ်လာနိုင်ပါမည်နည်း။

စုယွီသည် အပြုံးဖြင့်သာ တုံ့ပြန်လိုက်လေ၏။

“မိန်းကလေးယွီ... ကျွန်တော့်ဆီက ဘာများ လိုချင်လို့လဲ”

စုယွီက စကားလမ်းကြောင်း လွှဲလိုက်သည်ကို မြင်သောအခါ ယွီခယ်အာ မနေနိုင်တော့ဘဲ နှာခေါင်းတစ်ချက် ရှုံ့လိုက်မိပြန်သည်။

“စိတ်ညှို့ဆေးရည် လိုချင်လို့... (၁၀) ပုလင်းတောင်နော်... ဒါပေမဲ့ ရှင့်ဈေးတွေက ကြီးလွန်းတယ်... လျှော့ပေးရမယ်”

စိတ်ညှို့ဆေးရည် (၁၀) ပုလင်း...။ စုယွီ၏ မျက်နှာထားသည် လေးနက်သွားလေ၏။ ယွီမိသားစု အနေဖြင့် စိတ်ညှို့ဆေးရည် အများအပြားကို မည်သည့်နေရာတွင် အသုံးပြုရန် လိုအပ်နေပါသနည်း။

ခေတ္တမျှ စဉ်းစားပြီးနောက်...

စုယွီသည် ယွီခယ်အာအား (၂၀) ရာခိုင်နှုန်း လျှော့ဈေး ပေးလိုက်လေ၏။ တစ်ပုလင်းလျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၆၀) နှုန်းဖြင့် ရောင်းချပေးလိုက်၏။ ယခင်က ယွီခယ်အာသည် သူ့အား ယွင်ရှန်း လေလံပွဲ တက်ရောက်ခွင့် တံဆိပ် ပေးခဲ့ဖူးသည်။ ထိုကျေးဇူးကြောင့်ပင် စုမိသားစုသည် 'အခြေခံ တည်ဆောက်ခြင်း ဆေးလုံး' တစ်လုံးကို လက်ဝယ်ပိုင်ဆိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်၏။

ထိုဆေးလုံးကြောင့်ပင် ပဉ္စမအကြီးအကဲသည် 'အခြေခံ တည်ဆောက်ခြင်း အဆင့်' သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့လေ၏။ ဤကျေးဇူးကြွေးကို သူ ပြန်လည် ပေးဆပ်သင့်ပေသည်။

“တခြား ဆေးလုံးတွေကိုရော (၂၀) ရာခိုင်နှုန်း လျှော့ပေးမှာလား”

ယွီခယ်အာ၏ မျက်လုံးများထဲတွင် ကောက်ကျစ်သော အရိပ်အယောင်လေးများ လက်ခနဲ ဖြတ်သန်းသွားပြီး စာရင်းတစ်ခုကို စုယွီထံ ကမ်းပေးလာလေ၏။

“ဒါတွေက ကျွန်မတို့ ယွီမိသားစု လိုအပ်တဲ့ ဆေးလုံးစာရင်းပဲ... ရှင် ဘယ်လောက်အထိ ထုတ်ပေးနိုင်မလဲ”

စုယွီသည် စာရင်းကို လှမ်းယူလိုက်ပြီးနောက် အံ့အားသင့်သွားရလေ၏။

စာရင်းပါ ပမာဏသည် ဆေးလုံးမျှော်စင် တစ်ခုလုံးကို တစ်နှစ်ပတ်လုံး မနားမနေ အလုပ်လုပ်ခိုင်းရန် လုံလောက်သော ပမာဏ ဖြစ်နေချေသည်။

စုယွီသည် ယွီခယ်အာကို တုန်လှုပ်စွာ ကြည့်လိုက်မိ၏။

“မိန်းကလေးယွီ... ခင်ဗျားတို့ မိသားစုက ဒီလောက်များပြားတဲ့ ဆေးလုံးတွေကို လိုအပ်နေတာလား”

ယွီခယ်အာသည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ ဆေးလုံးမျှော်စင် အပြင်ဘက်ရှိ ရှုပ်ထွေးစည်ကားနေသော လူအုပ်ကြီးကို တစ်ချက် လှမ်းကြည့်လိုက်လေ၏။ ထို့နောက် သူမ ဆုံးဖြတ်ချက်ချကာ စုယွီထံသို့ စိတ်ချင်းဆက်သွယ်၍ အသံပေးပို့လိုက်တော့၏။

'မကြာသေးခင်က မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတွေ အများကြီး ပေါ်လာတယ်... ကျင့်ကြံခြင်း မိသားစု နှစ်စုတောင် အဲ့ဒါကြောင့် မျိုးပြုန်းသွားခဲ့ရပြီ'

'ပြီးခဲ့တဲ့ တစ်ခေါက်က မပြည့်စုံတဲ့ ထိပ်တန်း မှော်လက်နက်ကို လုယူသွားတဲ့ မိစ္ဆာကျင့်ကြံသူ သွေးဓား... အဲ့ဒီလူက မကြာသေးခင်ကမှ မိစ္ဆာတောင်ထွတ်ရှစ်ခုမှာ ပေါ်လာတယ်'

'သူက ယွင်ကျန်းဂိုဏ်းကိုတောင် ပေါ်တင် စိန်ခေါ်ထားသေးတယ်... အမွေအနှစ်တွေကို လက်လွှဲပေးရင်ပေး၊ မပေးရင် မကြာခင် နောင်တရစေရမယ် တဲ့'

"ဟူး..."

စုယွီ လေတစ်ချက် စုပ်လိုက်မိသည်။ ဤသတင်းသည် ပေါက်ကွဲအား ပြင်းထန်လွန်းလှပေ၏။

မိစ္ဆာတောင်ထွတ်ရှစ်ခု တဲ့လား...။

စုယွီ၏ ကျောပြင်တစ်ခုလုံး အေးစက်သွားပြီး ချွေးစေးများ ပြန်လာလေတော့၏။ နှလုံးခုန်သံများလည်း မြန်ဆန်လာရ၏။

ကံကောင်းလိုက်လေခြင်း...။

မိစ္ဆာတောင်ထွတ်ရှစ်ခုမှ လျှို့ဝှက်ချက်များကို သွားရောက် မစုံစမ်းမိခဲ့သည်မှာ အလွန်ပင် ကံကောင်းလှပေသည်။

သို့မဟုတ်ပါက သွေးဓား လော့ပန်း လိုက်လံသတ်ဖြတ်မည့် ပစ်မှတ်မှာ ယွင်ကျန်းဂိုဏ်း မဟုတ်တော့ဘဲ၊ သူ သို့မဟုတ် စုမိသားစု ဖြစ်သွားပေလိမ့်မည်။

လက်ရှိ စုမိသားစု၏ အင်အားဖြင့် သွေးဓား လော့ပန်းကို ယှဉ်ပြိုင်နိုင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

ယွီခယ်အာသည် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း စုယွီကို ကြည့်နေ၏။ စုယွီ၏ မျက်နှာပေါ်မှ ပေါ့ပါးအေးဆေးသော အမူအရာများ ပျောက်ကွယ်သွားပြီး ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာသည်ကို မြင်ရသောအခါ သူမ ကျေနပ်သွားပုံ ရလေ၏။ သူမ စိတ်ထဲတွင် ကြိတ်၍ ရယ်မောလိုက်မိ၏။

'ကိုယ့်ကိုယ်ကိုယ် အတော်ဟုတ်လှပြီ ထင်နေတာ... ငါ့ရှေ့မှာများ တည်ငြိမ်ချင်ယောင် ဆောင်နေသေးတယ်'

'အခုတော့ ကြောက်တတ်ပြီပေါ့လေ... ဟွန်း'

ယွီခယ်အာသည် စုယွီ၏ ပခုံးကို ပုတ်လိုက်လေ၏။

“မပူပါနဲ့... ရှင့်အနောက်မှာ အစ်မကြီး ရှိတယ်”

“ဈေးမြို့တော်ထဲမှာ နေရင် လုံခြုံပါတယ်”

“ဒီဆေးစာရင်းကို ကြည့်လိုက်ဦး... ရှင်သာ ထုတ်လုပ်ပေးနိုင်ရင် ကျွန်မတို့ ယွီမိသားစုရဲ့ အလုပ်အပ်နှံမှု အားလုံးကို ရှင့်ဆီ ပေးမယ်”

စုယွီ၏ မျက်နှာထားသည် တစ်မျိုး ဖြစ်သွားရလေ၏။ သူသည် အနောက်သို့ ခြေတစ်လှမ်း အမြန်ဆုတ်လိုက်ပြီး၊ အစ်မကြီး လုပ်ချင်နေသော မိန်းမပျိုလေးကို ကြည့်ကာ ပြောလိုက်သည်။

“ပမာဏက အရမ်းများတယ်... (၂၀) ရာခိုင်နှုန်း လျှော့ပေးဖို့တော့ မဖြစ်နိုင်ဘူး... ဒါပေမဲ့ လေလံပွဲတုန်းက ကူညီခဲ့တဲ့ ကျေးဇူးကို ဆပ်တဲ့အနေနဲ့ (၁၀) ရာခိုင်နှုန်းတော့ လျှော့ပေးမယ်... ဘယ်လိုလဲ”

“(၁၀) ရာခိုင်နှုန်း... ကျေးဇူးဆပ်တာ...”

ယွီခယ်အာ မျက်တောင်ခတ်လိုက်သည်။ လေးနက်တည်ကြည်နေသော စုယွီ၏ မျက်နှာကို ကြည့်ရင်း သူမ တခစ်ခစ် ရယ်မောလိုက်ပြီး ခေါင်းညိတ်လိုက်လေ၏။

“မဆိုးပါဘူး... မဆိုးပါဘူး... (၁၀) ရာခိုင်နှုန်းပဲ ထားလိုက်ကြတာပေါ့”

စုယွီက ထပ်လောင်း ပြောဆိုလိုက်၏။

“အကုန်လုံး ပြီးစီးဖို့ဆိုရင် တစ်နှစ်လောက်တော့ အချိန်ယူရလိမ့်မယ် ထင်တယ်”

ယွီခယ်အာ ခေါင်းညိတ်လိုက်သည်။

“ရပါတယ်... တစ်လတစ်ခါ လာပို့ပေးရင် ရပြီ။ ကျွန်မ ဈေးမြို့တော်ထဲမှာပဲ နေမှာမို့လို့ ဆေးလုံးတွေ ပြီးရင် ကျွန်မဆီ လာပို့လိုက်”

သူမသည် စုယွီကို မောင်လေးတစ်ယောက်နှယ် ဆက်ဆံနေသော်လည်း၊ အမှန်စင်စစ် ယွီခယ်အာ၏ သက်စောင့်အရှိန်အဝါအရ သူမသည် စုယွီထက် တစ်နှစ်ခန့် ငယ်ရွယ်လေ၏။

'ဒီကောင်မလေးကတော့... အစ်မကြီး လုပ်ချင်နေတာပါလား'

စုယွီနှင့် ဆွေးနွေးပြီးနောက် ယွီခယ်အာသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃၀၀၀) တိတိကို စရံငွေအဖြစ် ထားရစ်ခဲ့ပြီးမှ ထွက်ခွာသွားလေ၏။

ယွီခယ်အာ၏ စကားကြောင့် စုယွီသည် ပြင်ပ ဈေးကွက် အခြေအနေ ပြောင်းလဲမှုများကို စတင် အာရုံစိုက် လေ့လာမိလေ၏။ ဆေးလုံးများသာမက အဆောင်လက်ဖွဲ့များ၊ အခင်းအကျင်းများနှင့် မှော်လက်နက်များသည် အရောင်းသွက်လာခဲ့၏။ အထူးသဖြင့် ဆေးလုံးများနှင့် အဆောင်လက်ဖွဲ့များ ဆိုလျှင် ပစ္စည်းပြတ်သည်အထိ ရောင်းကောင်းနေလေ၏။

စုမိသားစု ဆေးလုံးမျှော်စင်သည် နေ့စဉ် ရောင်းချရန်အတွက် အနည်းငယ်သော ပမာဏကိုသာ ချန်လှပ်ထားပြီး၊ ကျန်ရှိသမျှကို စိတ်ညှို့ဆေးရည် အပါအဝင် ယွီမိသားစုအတွက် ဖယ်ချန်ထားရလေ၏။

ယွီမိသားစု၏ အမှာစာ တန်ဖိုးသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းနီးပါး ရှိလေ၏။

ကုန်ကျစရိတ် နှုတ်ပြီးလျှင်ပင် စုမိသားစုသည် အနည်းဆုံး ဝိညာဉ်ကျောက်တုံး လေးထောင်ခန့် အမြတ်အစွန်း ရရှိနိုင်ပေလိမ့်မည်။

သွေးဓား လော့ပန်းက ယွင်ကျန်းဂိုဏ်းအား ခြိမ်းခြောက်လိုက်သည့် ကိစ္စသည် ဈေးမြို့တော်ရှိ ကျင့်ကြံသူများအကြားတွင် ဝုန်းကနဲ ပွက်လောရိုက်သွားစေခဲ့၏။

တစ်ချိန်တည်းမှာပင် ဓားပြကျင့်ကြံသူများနှင့် မိစ္ဆာကျင့်ကြံသူများ ပေါ်ထွက်လာခြင်းက ကျင့်ကြံသူများနှင့် မိသားစု အများအပြားကို စိုးရိမ်ထိတ်လန့်စေခဲ့၏။

ဤအချက်သည် ဆေးလုံးများ၊ အဆောင်လက်ဖွဲ့များနှင့် အခင်းအကျင်းများ ရောင်းကုန်သွားရခြင်း၏ အဓိက အကြောင်းရင်းပင် ဖြစ်လေ၏။

'အခြေခံ တည်ဆောက်ခြင်း အဆင့် မိစ္ဆာကျင့်ကြံသူ တစ်ယောက်တည်းပါ... ယွင်ကျန်းဂိုဏ်း အနေနဲ့ ခုခံနိုင်လောက်ပါတယ်'

ပြင်ပမှ လှုပ်ရှားမှုများကို သတိပြုမိပြီးနောက် စုယွီသည် အပြင်မထွက်ရန် ခိုင်မာစွာ ဆုံးဖြတ်လိုက်တော့၏။

သို့သော် မိစ္ဆာကျင့်ကြံသူများနှင့် ဓားပြများ ရှိနေခြင်းကြောင့် ပြင်ပတွင် အဆောင်လက်ဖွဲ့ ဈေးနှုန်းများမှာ မိုးထိအောင် မြင့်တက်သွားခဲ့လေ၏။

ဈေးနှုန်း အပြောင်းအလဲကို ကြည့်ရင်း စုယွီ အားကျမိလေ၏။ သူ၏ ကျင့်ကြံခြင်း အဆင့် မြင့်မားလာသည်နှင့်အမျှ၊ အထူးသဖြင့် ခန္ဓာကိုယ် ကြံ့ခိုင်ရေး (၇) လွှာသို့ ရောက်ရှိပြီးနောက်တွင် ကျင့်ကြံခြင်းအတွက် လိုအပ်သော အရင်းအမြစ် ပမာဏသည် နှစ်ဆနီးပါး တိုးလာခဲ့၏။

သူသည် သားရဲ သွေးအဆီအနှစ် အမြောက်အမြား လိုအပ်နေ၏။ ပထမအဆင့် နှောင်းပိုင်း (ထိပ်ဆုံး) သားရဲ၏ သွေးအဆီအနှစ်ကသာ သူ့ကို ကျေနပ်စေနိုင်တော့၏။

ဤအတိုင်းသာ ဆက်သွားပါက နောင်တွင် ဒုတိယအဆင့် သားရဲ၏ သွေးကိုပင် လိုအပ်လာနိုင်သည်ဟု သူ ခန့်မှန်းမိလေ၏။

ဤတစ်ကြိမ် မိစ္ဆာလမ်းစဉ် သမားများနှင့် ဓားပြများ၏ ခြိမ်းခြောက်မှုသည် သူ့အတွက် ကျင့်ကြံခြင်း အရင်းအမြစ်များ စုဆောင်းရန် အခွင့်အလမ်းကောင်း တစ်ရပ် ဖြစ်လာနိုင်ပေသည်။

ထို့ကြောင့် နေ့စဉ် ပုံမှန် ကျင့်ကြံပြီးနောက်တွင် ယွီမိသားစုအတွက် ဆေးဖော်ပေးရုံ သာမက၊ အားလပ်ချိန်များ၌ အဆောင်လက်ဖွဲ့များကိုပါ ရေးဆွဲလေတော့၏။

သူသည် ပထမအဆင့် အလယ်အလတ်နှင့် ထိပ်တန်း အဆောင်လက်ဖွဲ့များကို ရေးဆွဲသည်။

ထိုအဆောင်လက်ဖွဲ့များကို ဆေးလုံးမျှော်စင်တွင် မရောင်းချဘဲ အခြား ဆိုင်များသို့ တိတ်တဆိတ် သွားရောက် ရောင်းချလေ၏။

သူသည် ပထမအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ ပညာရှင် တစ်ဦး ဖြစ်ကြောင်းကို စုမိသားစုမှ လူအနည်းငယ်ကလွဲ၍ မည်သူမျှ မသိရှိကြပေ။ သူသည် ထိုအချက်ကို ထုတ်ဖော်ပြသရန်လည်း အစီအစဉ် မရှိချေ။

အချိန်များ ကုန်ဆုံးသွားသည်မှာ လျင်မြန်လှ၏။ မျက်တောင်တစ်ခတ် အတွင်းမှာပင် လပေါင်းများစွာ ကုန်လွန်သွားခဲ့လေပြီ။

ယွင်ရှန်း ဈေးမြို့တော် လေလံပွဲကို နောက်တစ်ကြိမ် ကျင်းပပြန်ရာ ကျင့်ကြံသူ အများအပြား လာရောက်ကြသည်။ ယွီခယ်အာက လေလံပွဲ ဖိတ်စာ ပေးပို့ခဲ့သော်လည်း စုယွီနှင့် အကြီးအကဲ စုယွင် နှစ်ဦးစလုံး မသွားရန် ဆုံးဖြတ်လိုက်ကြသည်။

ပြီးခဲ့သည့် လေလံပွဲတုန်းက သွေးဓား လော့ပန်းသည် ဝင်ရောက် တိုက်ခိုက် လုယက်ခဲ့ပြီး လွတ်မြောက်သွားခဲ့သည် မဟုတ်ပါလော။

သူတို့နှစ်ဦးစလုံးသည် အနည်းငယ်... သတိကြီးနေကြခြင်း ဖြစ်၏။ ကြောက်ရွံ့ခြင်းကား မဟုတ်ပေ။

ထို့ကြောင့် နောက်ဆုံးတွင် ဆေးဖက်ဝင် အပင်များ လာရောက်ပို့ဆောင်သော စုကျင်းပန်းက လေလံပွဲသို့ တစ်ခါမျှ မရောက်ဖူးသော စုမိသားစု ကျင့်ကြံသူ အချို့ကို ခေါ်ဆောင်၍ သွားရောက်ခဲ့လေ၏။

စုယွီသည် လေလံပွဲသို့ ကိုယ်တိုင် မသွားသော်လည်း၊ ပထမအဆင့် ထိပ်တန်း အကောင်းစား အရည်အသွေးရှိသော 'မီးနဂါး အဆောင်လက်ဖွဲ့' (၁၀) ခုကို တိတ်တဆိတ် ပေးပို့ကာ လေလံတင် ရောင်းချစေခဲ့၏။

၎င်းသည် ရှေးဟောင်း အဆောင်လက်ဖွဲ့ 'မီးနဂါး အဆောင်လက်ဖွဲ့' ကို အတုယူ၍ မကြာသေးမီက သူ နားလည်သဘောပေါက်ထားသော ပထမအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ တစ်မျိုး ဖြစ်ပေသည်။

ယင်း၏ စွမ်းအားသည် ကြီးမားလှ၏။ 'မီးတိမ်တိုက် မြှား အဆောင်လက်ဖွဲ့' ၏ အမြန်နှုန်းနှင့် ထွင်းဖောက်နိုင်စွမ်းကို မယှဉ်နိုင်သော်လည်း၊ 'မီးနဂါး အဆောင်လက်ဖွဲ့' သည် ပိုမို ပြင်းထန်သော ပေါက်ကွဲအားနှင့် ကြမ်းတမ်းမှု ရှိပေသည်။ ယေဘုယျအားဖြင့် ဆိုရလျှင် တစ်မျိုးစီ၌ ကိုယ်ပိုင် အားသာချက်များ ရှိကြလေ၏။

ထို ပထမအဆင့် ထိပ်တန်း အကောင်းစား 'မီးနဂါး အဆောင်လက်ဖွဲ့' (၁၀) ခုသည် လေလံပွဲတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၁၀၀) အထိ ဈေးကောင်း ရရှိခဲ့သည်မှာ အံ့သြဖွယ်ရာပင်။

ထိုဈေးနှုန်းသည် ယခင်ကထက် (၃၀) မှ (၄၀) ရာခိုင်နှုန်းအထိ မြင့်တက်သွားခြင်း ဖြစ်၏။

စုကျင်းပန်းနှင့် အဖွဲ့သည်လည်း လေလံပွဲမှ ကျေနပ်ဖွယ်ရာ ရလဒ်များဖြင့် ပြန်လည် ရောက်ရှိလာကြသည်။ သူတို့သည် မိသားစုအတွက် 'အခြေခံ တည်ဆောက်ခြင်း ဆေးလုံး' ဖော်စပ်ရာတွင် အသုံးပြုရမည့် အဓိက ပါဝင်ပစ္စည်း နှစ်မျိုးကို အံ့သြဖွယ်ရာ လေလံအောင်ခဲ့ကြလေ၏။

အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ထောင်နီးပါး ကုန်ကျခဲ့ပြီး ဈေးနှုန်း အနည်းငယ် ဖောင်းပွနေသော်လည်း၊ စုမိသားစုကဲ့သို့ မိသားစုငယ်လေး တစ်ခုအတွက်မူ တန်ဖိုးရှိလှပေသည်။

စုမိသားစုသည် 'အခြေခံ တည်ဆောက်ခြင်း အဆင့်' သို့ ရောက်ရှိရန် အခွင့်အလမ်းအတွက် ဤငွေကြေးကို သုံးစွဲရန် ဝန်မလေးကြချေ။

အကြောင်းမူကား လေလံပွဲ လမ်းကြောင်းမှ လွဲ၍၊ အခြားနည်းလမ်းဖြင့် 'အခြေခံ တည်ဆောက်ခြင်း ဆေးလုံး' ၏ ပါဝင်ပစ္စည်းများကို စုဆောင်းရန်မှာ သူတို့အတွက် အလွန် ခက်ခဲလှသောကြောင့် ဖြစ်၏။ အောင်မြင်မည်ဟု အာမခံချက် မရှိဘဲ အချိန်၊ လူအင်အားနှင့် စွမ်းအင်များစွာ ကုန်ဆုံးရပေလိမ့်မည်။

All Chapters