အကြေးခွံနက် လင်းယုန် (၁)
Vol. 3 Ch. 40
~ယွီခယ်အာသည် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် စုယွီအား ကြည့်ကာ ရှင်းပြလေ၏။
“မြေကျောက် ကြွက်သားရဲ တွေမှာ ဝိညာဉ်သွေးကြောတွေကို... ပိုတိတိကျကျ ပြောရရင် ဝိညာဉ်သတ္တုရိုင်းတွေကို အာရုံခံနိုင်တဲ့ ထူးခြားတဲ့ အာရုံခံစားမှု ရှိတယ်... သူတို့ကို အဲ့ဒီနေရာမှာ အသုံးပြုလို့ ရတယ်လေ”
ထိုစကားကို ကြားသောအခါ စုယွီ သဘောပေါက်သွားလေ၏။ မြေကျောက် ကြွက်သားရဲ ဆိုသည်မှာ အားကောင်းမောင်းသန် သားရဲတစ်ကောင် ဖြစ်သော်လည်း၊ ဉာဏ်ရည် နိမ့်ပါးလွန်းလှသဖြင့် ယဉ်ပါးအောင် မွေးမြူရန် မသင့်လျော်ပေ။
သို့သော် ၎င်းတို့ကို သတ္တုရိုင်း ရှာဖွေရာတွင် အသုံးပြုမည် ဆိုပါက... အတော်လေး အဓိပ္ပာယ်ရှိသော အစီအစဉ် တစ်ခု ဖြစ်ပေလိမ့်မည်။
ဒါပေမဲ့ ဒုတိယအဆင့် အစောပိုင်း မြေကျောက် ကြွက်သားရဲ ဆိုတော့...
စုယွီ တွန့်ဆုတ်စွာဖြင့် ပြောလိုက်၏။
“ဒုတိယအဆင့် အစောပိုင်း သားရဲ တစ်ကောင်ကို ကျွန်တော် ယဉ်ပါးအောင် လုပ်နိုင်မလုပ်နိုင် မစမ်းသပ်ရသေးဘူး... ဒါပေမဲ့ ကြိုးစားကြည့်လိုက်ပါ့မယ်”
ယွီခယ်အာက ချက်ချင်း သဘောတူလိုက်လေ၏။
“ကောင်းပြီလေ... (၁၀) ပွဲစာ ယူသွားမယ်”
ပြောပြောဆိုဆိုနှင့် ယွီခယ်အာသည် သားရဲအိတ် တစ်လုံးကို စုယွီထံ ပစ်ပေးလိုက်လေ၏။
“အထဲမှာ မိစ္ဆာတောင်ထွတ်ရှစ်ခု က ရလာတဲ့ အကြေးခွံနက် လင်းယုန် သားရဲဥ တစ်လုံး ပါတယ်... ဒုတိယအဆင့် ပျံသန်းနိုင်တဲ့ သားရဲမျိုးနွယ် ဖြစ်ပြီး၊ သွေးမျိုးဆက်လည်း မြင့်မားတယ်... သားရဲထိန်းသိမ်းဖို့အတွက် အကောင်းဆုံးပါပဲ”
“ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် ဒီသားရဲဥက မိစ္ဆာ ချီစွမ်းအင် အငွေ့အသက်တွေ စွန်းထင်းနေတယ်... ဒါကြောင့် နည်းနည်း ကြမ်းတမ်းပြီး ယဉ်ပါးအောင် မွေးမြူဖို့ မသင့်လျော်ဘူး ဖြစ်နေတယ်”
“ရှင် အကောင်ဖောက်မလား၊ စားပစ်မလား၊ ရောင်းပစ်မလား... ရှင့်သဘောပဲ”
“လောလောဆယ် ဒါကို စရံငွေ အနေနဲ့ ယူထားလိုက်ပါ... ဒုတိယအဆင့် ကြွက်ဘုရင်ကို ဖမ်းမိပြီးရင် ဆုလာဘ် ထပ်ပေးပါဦးမယ်”
အချိန်အနည်းငယ် ကြာသော်၊ ယွီခယ်အာနှင့် အဖွဲ့ ထွက်ခွာသွားပြီးနောက် စုယွီသည် ချန်စီစီဘက်သို့ လှည့်လိုက်လေ၏။
“ချန်မိသားစုနဲ့ ယွီမိသားစုကြားမှာ ဘာတွေ ဖြစ်နေတာလဲ”
ချန်စီစီသည် ဖမ်းစားညှို့ယူနိုင်စွမ်း ပြင်းပြသော အပြုံးလေးဖြင့် ပြုံးလိုက်လေ၏။ အိမ်ထောင်မပြုမီ အချိန်ကနှင့် နှိုင်းယှဉ်လျှင် သူမသည် ပိုမို ဆွဲဆောင်မှု ရှိလာပြီး၊ မျက်ဝန်းအကြည့်များက လေးဆမျှ ပို၍ ညှို့ဓာတ် ပြင်းလာလေ၏။
ချန်စီစီ တိုးတိုးလေး ဖြေလေ၏။
“ယွီမိသားစုဆီက အငြိမ်းစားယူတော့မယ့် ဒုတိယအဆင့် အစောပိုင်း ယဉ်ပါးသားရဲ တစ်ကောင်နဲ့ လဲလှယ်ဖို့အတွက်၊ ချန်မိသားစုက ယွီမိသားစုကို ကြွက်ဘုရင် ဖမ်းဆီးရာမှာ ကူညီပေးမယ်လို့ သဘောတူလိုက်တာပါ”
“အခြေခံအားဖြင့်တော့ ဒုတိယအဆင့် မြေကျောက် ကြွက်ဘုရင် ကို ယွီမိသားစုဆီက အငြိမ်းစား သားရဲ တစ်ကောင်နဲ့ လဲလှယ်လိုက်တာပေါ့”
“ဒါပေမဲ့ ဒါက ကြွက်ဘုရင်ကို အောင်မြင်စွာ ဖမ်းဆီးနိုင်မှ ဖြစ်မယ့် ကိစ္စပါ... ကုန်ကျစရိတ် အားလုံးကိုလည်း ချန်မိသားစုကပဲ တာဝန်ယူရမှာ”
သြော်... အဲ့လိုကိုး။
ယွီမိသားစုက ဟွမ်မိသားစုကို ခြိမ်းခြောက်ဖို့အတွက် ချန်မိသားစုနှင့် လက်တွဲလိုက်သည်ဟု စုယွီက မူလက ထင်ထားခဲ့၏။
မဟုတ်ပါလား... ဒုတိယအဆင့် အစောပိုင်း မြေကျောက် ကြွက်သားရဲ ကြောင့်ကိုး။
ဘာပဲဖြစ်ဖြစ် သူ့ကိစ္စ မဟုတ်ပါဘူးလေ။ သူတို့နှစ်မိသားစု ကြွက်ဘုရင်ကို ဖမ်းမိမိ မမိမိ၊ သူကတော့ ပိုက်ဆံ ရပြီးသားပင်။
“ချင်းယီ ရော ဘယ်လိုနေလဲ... သူ့လက်မောင်း ပြန်ဆက်လို့ ရသွားပြီလား”
ကိစ္စဝိစ္စများ ရှင်းလင်းပြီးနောက် စုယွီသည် ချန်စီစီအား စုချင်းယီ၏ အခြေအနေကို မေးမြန်းလိုက်သည်။
ချန်စီစီ၏ မျက်နှာလေး ညှိုးငယ်သွားရှာ၏။
“ပြန်ဆက်ဖို့ အခွင့်အလမ်း မရှိတော့ပါဘူး... ဒီဒဏ်ရာကြောင့် သူ့ကျင့်ကြံခြင်းလမ်းကြောင်း ထိခိုက်သွားနိုင်တယ်”
သူမ အံကြိတ်လိုက်ပြီး ဆက်ပြောသည်။
“ဂိုဏ်းထဲမှာ ဒုတိယအဆင့် ထိပ်တန်း 'ပြန်လည်နုပျိုခြင်း ဆေးလုံး' ရှိတယ်... အဲ့ဒါက အသားတွေကို ပြန်လည် ဖြစ်ပေါ်စေပြီး ကျိုးပဲ့ပျက်စီးသွားတဲ့ ခြေလက်တွေကို ပြန်ကောင်းစေနိုင်တယ်... နောင်ကျရင် ဂုဏ်ပြုမှတ်တွေ လုံလောက်အောင် စုပြီး အဲ့ဒါနဲ့ လဲလှယ်နိုင်မလား ကြိုးစားကြည့်ရမှာပေါ့ရှင်”
စုယွီသည် ချန်စီစီအား ခေတ္တမျှ နှစ်သိမ့်ပေးလိုက်ပြီးနောက် သူမ ပြန်သွားလေ၏။
ချန်စီစီ၏ ကျောပြင် ပျောက်ကွယ်သွားသည်ကို ငေးကြည့်ရင်း စုယွီ စိတ်မကောင်းစွာ သက်ပြင်းချလိုက်မိ၏။ ချန်မိသားစု၏ ခရမ်းရွှေ သဲ သတ္တုတွင်းသို့ သွားရောက်ခြင်းသည် အန္တရာယ်များကြောင်း သူ အစကတည်းက သတိပေးခဲ့၏။ ထို့ကြောင့်ပင် မိသားစုခေါင်းဆောင်၏ ကမ်းလှမ်းမှုကို တိုက်ရိုက် ငြင်းပယ်ခဲ့ပြီး ဈေးမြို့တော်သို့ ပြန်လာကာ အေးချမ်းစွာ ကျင့်ကြံရန် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
အကယ်၍သာ စုယွီ မငြင်းပယ်ခဲ့လျှင်... လက် တစ်ဖက် ဆုံးရှုံးရသူ၊ သို့မဟုတ် အသက်ပါ ဆုံးရှုံးရသူမှာ စုယွီ ကိုယ်တိုင် ဖြစ်သွားနိုင်ပေသည်။
သို့သော်...
သူသာ မငြင်းပယ်ခဲ့လျှင် စုချင်းယီ အနေဖြင့် ချန်မိသားစု သတ္တုတွင်းသို့ စေလွှတ်ခံရမည် မဟုတ်ပေ။
“နောက်မှ... ကြည့်ရှင်းတာပေါ့... ဒုတိယအဆင့် ထိပ်တန်း 'ပြန်လည်နုပျိုခြင်း ဆေးလုံး' ဖော်စပ်ဖို့ ဆိုရင် အခြေခံ တည်ဆောက်ခြင်း အဆင့် အလယ်အလတ် လောက် ရောက်မှ ရမယ် ထင်တယ်... အခု ဒီကိစ္စတွေကို တွေးဖို့က စောလွန်းသေးတယ်”
စုယွီ သက်ပြင်းချရင်း ခေါင်းခါလိုက်မိသည်။ ထိုအချိန် ရောက်လျှင် စုချင်းယီ တစ်ယောက် အိုမင်းသွားလောက်ပြီ။
'ကြွက်သား ပြန်လည် ဖြစ်ပေါ်ခြင်း ဆေးလုံး' ကလည်း သိပ်အလုပ်ဖြစ်ပုံ မရပေ။
ယွီခယ်အာ ပေးခဲ့သော သားရဲအိတ်ထဲမှ လူခေါင်းအရွယ်အစားခန့် ရှိသော သားရဲဥကြီး တစ်လုံးကို ထုတ်ယူလိုက်သည်။
ထိုသားရဲဥသည် မင်ရောင်ကျောက်စိမ်းကဲ့သို့ နက်မှောင်နေပြီး၊ အနီရောင် မိစ္ဆာ ချီစွမ်းအင် အမျှင်တန်းလေးများ ထွက်ပေါ်နေ၏။ ဥထဲမှ မပေါက်ဖွားသေးသော သတ္တဝါလေးသည် အလွန်အမင်း စိတ်ဆတ်ပြီး ဒေါသကြီးနေပုံ ရလေ၏။
သားရဲဥ တစ်လုံးသာ ဖြစ်သော်လည်း၊ စုယွီ ထုတ်ကြည့်လိုက်သောအခါ အတွင်းမှ သတ္တဝါလေး၏ ရန်လိုမှုကို ခံစားလိုက်ရသည်။
သူ့ကို စားပစ်ချင်နေသလိုပဲ။
စုယွီသည် မျက်မှောင်အနည်းငယ် ကြုတ်လျက် သားရဲဥကို စိုက်ကြည့်နေမိ၏။
“မိစ္ဆာတောင်ထွတ်ရှစ်ခု... အဲ့ဒီက သားရဲဥက ဘယ်လိုလုပ် မိစ္ဆာ ချီစွမ်းအင်တွေ စွန်းထင်းနေရတာလဲ... အဲ့ဒီမှာ ဘာတွေ ဖြစ်နေတာလဲ”
ပထမဆုံး မိစ္ဆာကျင့်ကြံသူများနှင့် ဓားပြ အမြောက်အမြား ယွင်ကျန်းဂိုဏ်း နယ်မြေထဲသို့ ဝင်ရောက်လာကြသည်။ ထို့နောက် 'သရဲခေါင်း ရွှေလင်းယုန်' ထံမှ မိစ္ဆာအင်အားကြီး ဂိုဏ်းတစ်ခုဖြစ်သော 'ကိုးဝိညာဉ် မိစ္ဆာနန်းတော်' ၏ အတွင်းစည်း တပည့် တံဆိပ်ကို တွေ့ရှိခဲ့ရသည်။ ယခုအခါ သွေးဓား လော့ပန်းကလည်း မိစ္ဆာတောင်ထွတ်ရှစ်ခုသို့ ရောက်ရှိနေပြန်သည်။
ပြီးတော့ အခု... ယွီမိသားစုက မိစ္ဆာ ချီစွမ်းအင် စွန်းထင်းနေတဲ့ သားရဲဥကို မိစ္ဆာတောင်ထွတ်ရှစ်ခု မှာ တွေ့ရှိခဲ့ပြန်ပြီ။
ဒီအဖြစ်အပျက်တွေ ဆက်တိုက် ဖြစ်ပေါ်လာခြင်းက စုယွီ၏ စိတ်ထဲတွင် သောကမီးတောက် တစ်ခုကို မသိမသာ မွှေးပေးလိုက်သလို ဖြစ်နေလေ၏။
“မိစ္ဆာ ချီစွမ်းအင်... ဖြေဖျောက်လို့ ရနိုင်မလား မသိဘူး”
စုယွီသည် မိမိ၏ သက်စောင့်စွမ်းအင်ကို အနည်းငယ်ချင်း ထည့်သွင်းကာ မိစ္ဆာ ချီစွမ်းအင်ကို တိုက်စားပစ်ရန် ကြိုးစားကြည့်လိုက်သည်။ သို့သော် မကြာမီမှာပင် ထူးခြားမှု တစ်ခုကို သတိပြုမိလိုက်၏။ ဤ မိစ္ဆာ ချီစွမ်းအင်သည် ဥကို အပေါ်ယံ စွန်းထင်းနေခြင်း သက်သက် မဟုတ်ဘဲ၊ ဥကို ဗီဇပြောင်းလဲသွားစေခဲ့ခြင်း ဖြစ်၏။
ယခုအချိန်တွင် ဤဥသည် မိစ္ဆာသားရဲဥ တစ်လုံးအဖြစ် ပြောင်းလဲသွားပြီ ဖြစ်ကာ၊ မိစ္ဆာအဆီအနှစ်များသည် ၎င်း၏ ကိုယ်ပိုင် အစိတ်အပိုင်း ဖြစ်နေချေပြီ။
'ခယ်အာ... နင် ငါ့ကို လှိမ့်လိုက်တာပဲ... ဒါကြောင့် ယွီမိသားစုက ဒီဥကို မလိုချင်တာကိုး'
စုယွီ စိတ်ထဲမှ ကြိတ်ဆဲလိုက်မိသည်။
“စားဖို့... မဖြစ်နိုင်လောက်ဘူး... ဒီဥထဲက မိစ္ဆာ ချီစွမ်းအင်က ကျင့်ကြံသူတွေအတွက် အဆိပ်ထက်တောင် ပိုဆိုးဦးမယ်... လွှင့်ပစ်ဖို့ကျပြန်တော့လည်း... ဒါက ငါ ပင်ပင်ပန်းပန်း လုပ်ပြီး ရထားတဲ့ စရံငွေလေ... ဖျက်ဆီးပစ်လို့လည်း မဖြစ်ဘူး”
စုယွီ ခေါင်းကိုက်သွားရလေ၏။ နောက်ဆုံးတွင် သူ တတ်နိုင်သည်မှာ သက်စောင့်စွမ်းအင် ဆက်လက် ထည့်သွင်းပေးပြီး သံယောဇဉ် တွယ်လာအောင် ကြိုးစားကြည့်ရန်သာ ရှိတော့၏။
“ဟင်... အလုပ်ဖြစ်မယ့်ပုံပဲ”
မကြာမီမှာပင်...
သားရဲဥတွင် အပြောင်းအလဲ အနည်းငယ် ဖြစ်ပေါ်လာသည်ကို စုယွီ သတိထားမိလိုက်သည်။ ယခင်ကကဲ့သို့ စိတ်ဆတ်သော အငွေ့အသက်များ မရှိတော့ဘဲ၊ ရန်လိုမှုများလည်း များစွာ လျော့နည်းသွားလေ၏။ ဤ အကြေးခွံနက် လင်းယုန် သားရဲဥသည် သူ၏ 'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်' မှ သက်စောင့်စွမ်းအင်များကို ပျော်ရွှင်စွာ စုပ်ယူနေတော့၏။
“ဗီဇပြောင်းသွားတဲ့ မိစ္ဆာသွေးမျိုးဆက်ကိုတော့ ပြောင်းလဲလို့ ရမှာ မဟုတ်ဘူး... ဒါပေမဲ့ သူ့ရဲ့ ဝိညာဉ်ဉာဏ်ရည် ပြန်လည် ရရှိလာပြီး ကိုယ့်သွေးမျိုးဆက်ကို ကိုယ်တိုင် ထိန်းချုပ်နိုင်မယ် ဆိုရင်တော့... ယဉ်ပါးအောင် မွေးမြူလို့ ရနိုင်လောက်တယ်”
စုယွီ စိတ်လှုပ်ရှားသွားမိသည်။
အရင်က မီးမျောက်ဝံလေး အကြောင်းကို သူ ပြန်တွေးမိလိုက်သည်။ သူ့ သက်စောင့်စွမ်းအင်ဖြင့် ပြုစုပျိုးထောင်ပေးမှုကြောင့် မျောက်ဝံလေး၏ ဉာဏ်ရည်မှာ သိသိသာသာ တိုးတက်လာခဲ့ပြီး၊ ယခုထိ ထိန်းချုပ်မှု လွတ်ကင်းမည့် လက္ခဏာ မပြသေးပေ။
မီးမျောက်ဝံလေးတောင် ပြောင်းလဲနိုင်ရင် ဒီအကြေးခွံနက် လင်းယုန်ကရော ဘာလို့ မပြောင်းလဲနိုင်ရမှာလဲ။
အကြေးခွံနက် လင်းယုန်ဥကို သက်စောင့်စွမ်းအင် ကျွေးမွေးပြီး သေချာ သိမ်းဆည်းလိုက်သည်။ ထို့နောက် ဒုတိယအဆင့် အစောပိုင်း သားရဲများအပေါ် သက်ရောက်မှု ရှိနိုင်မည့် ပိုမို အားကောင်းသော သားရဲမျှားဆေးမှုန့် ဖန်တီးရန် သုတေသန ပြုလုပ်လေတော့၏။
ရက်အနည်းငယ် ကြာသောအခါ အဆင့်မြင့် သားရဲမျှားဆေးမှုန့် နမူနာ (၁၀) ခုကို ယွီခယ်အာထံ ပေးအပ်လိုက်သည်။
'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်' ဖြင့် စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ပေးမှုအောက်တွင် တစ်လကြာသောအခါ အကြေးခွံနက် လင်းယုန်ဥ၏ သက်စောင့်စွမ်းအားသည် အံ့မခန်း တိုးတက်လာခဲ့လေ၏။ သူ့အပေါ် ရန်လိုမှု လုံးဝ မရှိတော့သလို၊ မိမိ၏ မိစ္ဆာစွမ်းအင်ကိုလည်း လွတ်လပ်စွာ ထိန်းချုပ်နိုင်လာခဲ့ပြီ ဖြစ်၏။
ဗီဇပြောင်း အကြေးခွံနက် လင်းယုန်ဥ၏ သက်စောင့်စွမ်းအားသည် သာမန် အကြေးခွံနက် လင်းယုန်ဥထက် နှစ်ဆကျော် ပိုမို အားကောင်းနေလေ၏။
—-----
တနေ့သ၌၊
ယွီခယ်အာသည် ချန်မိသားစု သတ္တုတွင်းမှ ဒုတိယအဆင့် အစောပိုင်း မြေကျောက် ကြွက်ဘုရင်ကို အောင်မြင်စွာ ဖမ်းဆီးပြီး ပြန်လာသောအခါ၊ အကြေးခွံနက် လင်းယုန်ဥကို မြင်လိုက်ရပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရလေ၏။
“အာ... အာ... သူ့သွေးမျိုးဆက် အရှိန်အဝါက... လုံးဝ ပြောင်းလဲသွားပါလား”
ယွီခယ်အာ အံ့သြတကြီး အော်ဟစ်လိုက်မိ၏။
ဗီဇပြောင်း အကြေးခွံနက် လင်းယုန်ဥကို ကြည့်ရင်း ယွီခယ်အာ၏ မျက်လုံးများထဲတွင် အားကျမှုနှင့် လိုချင်တပ်မက်မှုများ ပြည့်နှက်လာလေ၏။ သူမသည် စုယွီနှင့် ပြန်လည် လဲလှယ်ရန် ဆွဲဆောင်မှုရှိသော ကမ်းလှမ်းမှုများစွာ ပြုလုပ်ခဲ့၏။ သူမ၏ အလှအပဖြင့်ပင် မြှူဆွယ်ရန် ကြိုးစားခဲ့သေး၏။
ကံဆိုးစွာဖြင့်... သူမ မျက်နှာသာ ရဲတက်သွားသော်လည်း စုယွီမှာမူ မတုန်မလှုပ် ရှိနေခဲ့၏။ သူ့မျက်လုံးများက သူမကို သဘောကျဟန် ရှိသော်လည်း...
သူ့နှလုံးသားကတော့ နည်းနည်းလေးမှ မလှုပ်ရှားခဲ့ပေ။
ဒါက ခယ်အာကို တော်တော်လေး စိတ်တိုစေခဲ့၏။
'အကျင့်ပုပ် စုယွီ... ဘာလို့ အလှအပကို နည်းနည်းလေးမှ တန်ဖိုးမထားရတာလဲ'
လဝက်ခန့် ကြာသောအခါ... ခယ်အာ၏ အားကျသော မျက်လုံးများအောက်မှာပင် အကြေးခွံနက် လင်းယုန်ဥ ပေါက်ဖွားလာခဲ့ပြီး၊ စုယွီသည် သားရဲထိန်းသိမ်းခြင်း နည်းစနစ်ကို အသုံးပြုကာ မိမိ၏ ကိုယ်ပိုင် ယဉ်ပါးသားရဲ အဖြစ် ပြုလုပ်လိုက်လေတော့သည်။