အလှည့်အပြောင်း
Vol. 3 Ch. 43
~စုဇီ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး တစ်နှစ်အကြာတွင် ယွင်ရှန်းဈေးမြို့တော်၌ ဂုဏ်ပြုစားပွဲတစ်ခု ကျင်းပခဲ့လေ၏။
သူမသည် ယွင်ကျန်းဂိုဏ်းမှ တပည့်များစွာကို ဖိတ်ကြားခဲ့ရာ၊ ထိုအထဲတွင် ပထမအကြီးအကဲ၏ တိုက်ရိုက်တပည့် လော့ချန်ယွီ အပြင် စုယွီ၊ ချန်စီစီ၊ စုချင်းယီ တို့လည်း ပါဝင်လေ၏။
စားပွဲတွင် စုယွီ သတိထားမိလိုက်သည်မှာ လော့ချန်ယွီသည် ဤနှစ်များအတွင်း အပြောင်းလဲဆုံးသော သူတစ်ယောက် ဖြစ်နေခြင်းပင်။
'အခြေခံ တည်ဆောက်ခြင်း အဆင့်' သို့ ရောက်ရှိပြီး (၅) နှစ်ပင် မပြည့်သေးသော်လည်း၊ သူမသည် ဒုတိယအဆင့် သို့ ရောက်ရှိနေပြီ ဖြစ်လေ၏။
တတိယအဆင့်သို့ ရောက်ရန်လည်း သိပ်မလိုတော့သည့်ပုံပင်။
ယွင်ကျန်းဂိုဏ်း ပထမအကြီးအကဲ၏ တိုက်ရိုက်တပည့် ဟူသော ဂုဏ်ပုဒ်နှင့် လိုက်ဖက်ညီစွာပင် ပါရမီရှင် တစ်ယောက် ဖြစ်ပေသည်။
ဤစားပွဲတွင် စုယွီသည် မထင်မရှား လူတစ်ယောက်သဖွယ် နေထိုင်လေ၏။ ယခင်က တွေ့ဆုံဖူးသော လော့ချန်ယွီ နှင့် ယွီချန်ချင်း တို့ကို ခေါင်းညိတ် နှုတ်ဆက်ရုံမှလွဲ၍ ကျန်အချိန်များတွင် ထောင့်တစ်နေရာ၌ တိတ်ဆိတ်စွာ ထိုင်နေခဲ့၏။
စားပွဲပြီးဆုံးသွားသောအခါ...
စုယွီသည် စုဇီနှင့် ခေတ္တမျှ စကားစမြည် ပြောဆိုရင်း၊ သူမအား သီးသန့် ရှာဖွေပေးရန် အကူအညီ တောင်းထားသော ရုပ်သေးသားရဲ ပစ္စည်းများကို လက်ခံရယူလိုက်လေ၏။ ဒုတိယအဆင့် အစောပိုင်း သံတောင်ပံ လင်းယုန် ၏ အတောင်ပံ တစ်စုံနှင့် ခြေသည်းများ ဖြစ်ချေသည်။
‘ဒါတွေသာ ရရင်... ချီစွမ်းအင် စုစည်းခြင်း အဆင့် ဒါမှမဟုတ် ပထမအဆင့် သားရဲ တစ်ကောင်အနေနဲ့ နဂါးလင်းယုန် ရုပ်သေးသားရဲ ရဲ့ ကုတ်ချက် တစ်ချက်ကို ခံနိုင်ရည် ရှိဖို့ ခဲယဉ်းသွားပြီ... တကယ်လို့ ခံနိုင်ရင်တောင်မှ နှစ်ချက်ဆိုရင် သေချာပေါက် သေပြီ’
စုယွီသည် မျှော်လင့်ချက်များ ပြည့်နှက်နေသော စိတ်အစဉ်နှင့်အတူ ဆေးလုံးမျှော်စင်သို့ အလျင်အမြန် ပြန်လာခဲ့ပြီး လျှို့ဝှက်ခန်း အတွင်းသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားလေ၏။
နောက်ထပ် တစ်နှစ်ခွဲခန့် ကုန်လွန်သွားပြန်သည်။
ထိုနေ့တွင်...
လျှို့ဝှက်ခန်း အတွင်း၌ စုယွီသည် သူ့ရှေ့မှောက်ရှိ သတ္တဝါကြီးကို မော့ကြည့်နေလေ၏။ အမြင့် (၂) ကျန်း ခန့် ရှိပြီး၊ ငွေရောင် ကိုယ်ထည်၊ ကြီးမားသော အတောင်ပံ တစ်စုံနှင့် ထက်ရှသော ခြေသည်းများ ရှိသော်လည်း... ထူးဆန်းသည်မှာ ရှည်လျားသော နဂါးအမြီး တစ်ချောင်းလည်း ပါရှိနေခြင်းပင်။
ပုံစံက ထူးဆန်းသော်လည်း စွမ်းအားကတော့ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
စုယွီသည် အချိန်အတော်ကြာအောင် ရပ်ကြည့်နေပြီး စိတ်ထဲတွင် ကျေနပ်အားရမှုများ တိုးပွားလာလေ၏။ (၂) နှစ်ကျော်ကြာ သုတေသနပြု ဖန်တီးခဲ့သော 'နဂါးလင်းယုန် ရုပ်သေးသားရဲ' သည် နောက်ဆုံးတွင် ပြီးစီးသွားခဲ့ပြီ ဖြစ်၏။
ကုန်ကျစရိတ်ကတော့ သူ ထင်ထားသည်ထက် ပိုမို များပြားခဲ့ပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးထောင်နီးပါး ကုန်ကျခဲ့လေ၏။
“ဒီကောင်ကြီးက 'အခြေခံ တည်ဆောက်ခြင်း အဆင့်' ကျင့်ကြံသူကို ယှဉ်နိုင်မလားတော့ မသိဘူး... ဒါပေမဲ့ ချီစွမ်းအင် စုစည်းခြင်း အဆင့် နဲ့ ပထမအဆင့် သားရဲတွေ ဆိုရင်တော့ သူ့ကုတ်ချက် တစ်ချက်ကိုတောင် ခံနိုင်မှာ မဟုတ်ဘူး”
ဝိညာဉ်ကျောက်တုံး သုံးထောင် ကုန်ရကျိုး နပ်ပါပေသည်။
အားရပါးရ ကြည့်ရှုပြီးနောက် စုယွီသည် ရုပ်သေးသားရဲကို ချန်ခွန်းအိတ်ထဲသို့ ထည့်လိုက်ပြီး လျှို့ဝှက်ခန်းမှ ထွက်ခွာရန် ပြင်ဆင်လိုက်လေ၏။
သူ တံခါးပိတ် ကျင့်ကြံနေသည်မှာ နှစ်ဝက်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်၍ ပြင်ပလောကတွင် ဘာတွေ ဖြစ်ပျက်နေမှန်း မသိရှိရသေးပေ။
သူ့ဆရာ အကြီးအကဲ စုယွင် ကို ပြန်တွေ့သောအခါ ဆရာဖြစ်သူမှာ သိသိသာသာ အိုမင်းသွားသည်ကို သတိပြုမိလိုက်သည်။ ယခင်က ငွေရောင်ဆံပင်များသည် ယခုအခါ တစ်ဝက်ခန့် ဖြူဖွေးနေချေပြီ။
မျက်တောင်တစ်ခတ် အတွင်းမှာပင် စုယွီ ဆေးလုံးမျှော်စင်သို့ ရောက်ရှိနေသည်မှာ (၁၂) နှစ် (၁၃) နှစ်ခန့် ရှိခဲ့ပြီ ဖြစ်၏။ ထိုစဉ်က အသက် (၇၀) ကျော်သာ ရှိသေးသော ဒုတိယအကြီးအကဲသည် ယခုအခါ အသက် (၉၀) ကျော်နေပြီ ဖြစ်လေ၏။
တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာသော စုယွီကို မြင်လိုက်ရသောအခါ၊ နှစ်များစွာ ကြာသည့်တိုင် ရုပ်ရည် မပြောင်းလဲသေးသော တပည့်ဖြစ်သူကို ကြည့်ရင်း အကြီးအကဲ စုယွင် သက်ပြင်းချလိုက်မိ၏။
“မင်းရဲ့ အနာဂတ် အောင်မြင်မှုက ဇီလေးထက်တောင် သာလွန်လိမ့်မယ်လို့ ငါ ခံစားမိတယ်... မင်းက ဆရာ ထင်ထားတာထက် ပိုပြီး တည်ငြိမ်ရင့်ကျက်တာကိုး”
ဆရာ့လေသံထဲတွင် လွမ်းဆွေးမှု အရိပ်အယောင်များ ပါဝင်နေသည်ကို သတိထားမိလိုက်သောအခါ စုယွီ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရလေ၏။
“ဘာဖြစ်လို့လဲ ဆရာ... ကျွန်တော် တံခါးပိတ်နေတာ နှစ်ဝက်လောက်ပဲ ရှိပါသေးတယ်... အပြင်မှာ ဘာတွေများ ဖြစ်နေလို့လဲ”
အကြီးအကဲ စုယွင် ခဏမျှ တိတ်ဆိတ်နေပြီးမှ ဖြေလေ၏။
“မိသားစုခေါင်းဆောင်ကြီးက ချန်မိသားစုဆီ သွားတဲ့လမ်းမှာ ခြုံခိုတိုက်ခိုက်ခံရပြီး ဆုံးပါးသွားရှာပြီ... ချင်းယီ ကတော့ မိသားစုကို သစ္စာဖောက်ပြီး မိစ္ဆာလမ်းစဉ် လိုက်သွားပြီ”
စုယွီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဒေါသများ ဟုန်းခနဲ ထွက်ပေါ်လာလေ၏။
“ပထမအကြီးအကဲ ဆုံးပြီ ဟုတ်လား... စုချင်းယီ က သစ္စာဖောက်ပြီး မိစ္ဆာလမ်းစဉ် လိုက်သွားတယ်... စုချင်းယီ... မင်း တော်တော် မိုက်ရိုင်းပါလား... သေချင်နေတာပဲ”
အကြီးအကဲ စုယွင် ဆက်ပြောသည်။
“ပဉ္စမအကြီးအကဲနဲ့ ဇီလေးတို့ လိုက်ရှာကြပေမဲ့ မတွေ့ဘူးတဲ့... မိသားစုခေါင်းဆောင်ကို လုပ်ကြံတဲ့သူတွေလည်း ပျောက်ချင်းမလှ ပျောက်သွားကြတယ်”
စုယွီ မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်၏။
“မိစ္ဆာလမ်းစဉ် သမားတွေက ဘာလို့ ပထမအကြီးအကဲကို လုပ်ကြံရတာလဲဗျာ”
အကြီးအကဲ စုယွင် ခေါင်းခါလိုက်သည်။ သူလည်း သံသယ ဖြစ်မိပေသည်။ စုမိသားစု အနေဖြင့် ရုတ်တရက် အပြောင်းအလဲများကို သတိထား စောင့်ကြည့်နေသော်လည်း ယခုအချိန်အထိ မည်သည့် ထူးခြားမှုမျှ မရှိသေးပေ။
ထို့ကြောင့် ဤကိစ္စသည် ပထမအကြီးအကဲနှင့် မိစ္ဆာလမ်းစဉ် သမားများ မတော်တဆ ဆုံတွေ့ပြီး ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်သည်ဟု အကြီးအကဲ စုယွင် ယူဆထားလေ၏။
“ပဉ္စမအကြီးအကဲက အခု စုမိသားစုရဲ့ ဘိုးဘေး ဖြစ်သွားပြီ... မိသားစုခေါင်းဆောင်က ဆရာ့ကို ပြန်လာပြီး ပထမအကြီးအကဲ နေရာ ယူစေချင်တယ်... မင်းက ဆေးလုံးမျှော်စင်ကို တာဝန်ယူပြီး မိသားစုရဲ့ ပဉ္စမအကြီးအကဲ ဖြစ်လာလိမ့်မယ်”
“တတိယအကြီးအကဲက အခု ဒုတိယအကြီးအကဲ ဖြစ်သွားပြီ... စတုတ္ထအကြီးအကဲ နေရာကိုတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ချီစွမ်းအင် စုစည်းခြင်း အဆင့် (၈) ကို ရောက်သွားတဲ့ ကျင်းပန်း က ရယူလိုက်ပြီ... တတိယ နဲ့ စတုတ္ထ အကြီးအကဲတွေရဲ့ ကျင့်ကြံခြင်း အဆင့်က အခု ချီစွမ်းအင် စုစည်းခြင်း အဆင့် (၉) ကို ရောက်နေကြပြီ”
စုယွီ မျက်မှောင်ကြုတ်လျက် တိတ်ဆိတ်နေမိသည်။
အကြီးအကဲ စုယွင် က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ၊ နည်းနည်း ရှက်ရွံ့နေပုံရသော ချီစွမ်းအင် စုစည်းခြင်း အဆင့် (၄) လူငယ်တစ်ဦး ရှေ့ထွက်လာပြီး စုယွီကို ရိုသေစွာ ဂါရဝပြုလေ၏။
“စုရွီအန်း က ပဉ္စမအကြီးအကဲကို ဂါရဝပြုပါတယ်”
အကြီးအကဲ စုယွင် က မိတ်ဆက်ပေးသည်။
“ရွီအန်းက ပင်မမျိုးဆက်ကပဲ... မင်းရဲ့ တူတော်တာပေါ့... ဒီနှစ် (၁၉) နှစ် ရှိပြီ”
“သူ့မှာ အလယ်အလတ် သစ်သားဓာတ် ဝိညာဉ်အမြစ် ရှိတယ်... ဆရာ သူ့ကို သင်ပေးနေတာ ကြာပြီ... ဆေးပညာ ပါရမီလည်း ပါတယ်... သူသာ ကြိုးစားမယ်ဆိုရင် ပထမအဆင့် ထိပ်တန်း ဆေးဆရာ ဖြစ်လာဖို့ မခက်ခဲပါဘူး”
စုရွီအန်း အပြင် အခြားသော ဆေးပညာ သင်ယူနေသည့် လူငယ်အချို့လည်း ဆေးလုံးမျှော်စင်သို့ ရောက်ရှိလာကြသည်။
ထိုလူငယ်လေးများ ရောက်ရှိလာခြင်းက ဆေးလုံးမျှော်စင်ကို ပိုမို စည်ကား အသက်ဝင်လာစေသည်။
လူငယ်လေးများနှင့် မိတ်ဆက်ပေးပြီးနောက် အကြီးအကဲ စုယွင် က စုယွီအား ပြောလေ၏။
“မင်းရဲ့ ရည်မှန်းချက်က ဆေးလုံးမျှော်စင်မှာ မရှိဘူး ဆိုတာ ဆရာ သိပါတယ်... မိသားစု အပေါ်မှာလည်း သံယောဇဉ် သိပ်မရှိဘူး ဆိုတာလည်း သိတယ်”
“ဒါပေမဲ့ ငါတို့ လူကြီးတွေက အိုကုန်ကြပြီ... မိသားစုရဲ့ အနာဂတ်က မင်းတို့ လူငယ်တွေအပေါ်မှာပဲ မူတည်နေတာ”
“ဆေးလုံးမျှော်စင်ကို ကြီးကြပ်ကွပ်ကဲဖို့ လူလိုတယ်... ဒါကြောင့် ရွီအန်းနဲ့ တခြားကလေးတွေကို ကြည့်ပြီး သင့်တော်မယ့် ဆက်ခံသူ တစ်ယောက်လောက် ရွေးချယ်ပေးပါ”
ပြောပြောဆိုဆိုနှင့် အကြီးအကဲ စုယွင် သည် ကျောက်စိမ်းပြား တစ်ချက်ကို စုယွီထံ ကမ်းပေးလိုက်လေ၏။
“ဒါက လွန်ခဲ့တဲ့ အချိန်တုန်းက ပိုင်ယွဲ့အင်မော်တယ် မြို့တော် လေလံပွဲကနေ ငါးယောက်မြောက် ညီလေး လေလံဆွဲပေးခဲ့တဲ့ ဒုတိယအဆင့် အဆင့်နိမ့် ဆေးပညာ အမွေအနှစ် ပဲ”
“ဆရာ့ရဲ့ ပါရမီက အကန့်အသတ် ရှိတယ်... 'အခြေခံ တည်ဆောက်ခြင်း အဆင့်' ကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ... ဒါကြောင့် ဒုတိယအဆင့် အဆင့်နိမ့် ဆေးဆရာ ဖြစ်လာဖို့ဆိုတာ အိမ်မက်တစ်ခုလို ဖြစ်နေပြီ”
“ငါတို့ စုမိသားစုရဲ့ ပထမဆုံး ဒုတိယအဆင့် ဆေးဆရာ ပေါ်ထွက်လာတာကို ဆရာ မြင်ချင်ပါသေးတယ်”
မျှော်လင့်ချက် ပြည့်ဝနေသော မျက်လုံးများဖြင့် အကြီးအကဲ စုယွင် သည် စုယွီကို ကြည့်နေရှာသည်။
စုယွီ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာပြီး လဝက် အကြာတွင်... ချီစွမ်းအင် စုစည်းခြင်း အဆင့် (၇) ရှိသော ဆွေမျိုးတစ်ဦး ဖြစ်သည့် စုတာကျွင်း သည် ဆေးဖက်ဝင် အပင်များ သယ်ယူပို့ဆောင်ရေး တာဝန်ခံ အသစ် အဖြစ် ရောက်ရှိလာခဲ့၏။
စုတာကျွင်း ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက်၊ အကြီးအကဲ စုယွင် သည် ဆေးဖက်ဝင် အပင်များ သယ်ဆောင်လာသော အဖွဲ့နှင့်အတူ ချန်တောင်တန်းရှိ မိသားစုထံသို့ ပြန်လိုက်သွားလေတော့၏။
စုယွီ အနေဖြင့် အနည်းငယ် နေသားမကျ ဖြစ်မိသော်လည်း၊ ဆေးလုံးမျှော်စင်၏ ကိစ္စရပ်များမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်လောက်အောင် များပြားခြင်း မရှိပေ။
ယခင်က ပထမအဆင့် အလယ်အလတ် ဆေးဆရာ တစ်ဦးနှင့် ပထမအဆင့် အဆင့်နိမ့် ဆေးဆရာ သုံးဦး အပါအဝင် လူငယ်များကို သင်ကြားပြသပေးရခြင်းမှာ ခက်ခဲသော ကိစ္စ မဟုတ်ချေ။
အခြေအနေများ ရုတ်တရက် ပြောင်းလဲသွားသော်လည်း စုယွီ အနေဖြင့် ချက်ချင်း ထွက်ခွာရန် အစီအစဉ် မရှိသေးပေ။
အနည်းဆုံးတော့ သူ၏ ကျင့်ကြံခြင်း အဆင့်သည် ချီစွမ်းအင် စုစည်းခြင်း အဆင့် (၇) သို့ ရောက်ရှိပြီး၊ ဘေးထွက် အလုပ် (၃) ခု ဖြစ်သော ဆေးပညာ၊ အဆောင်လက်ဖွဲ့ ရေးဆွဲခြင်း နှင့် ရုပ်သေးပညာ တို့သည် ဒုတိယအဆင့် အဆင့်နိမ့် အထိ ရောက်ရှိမှသာ ထွက်ခွာရန် ရည်ရွယ်ထားလေ၏။
“ဆေးပညာ နဲ့ ရုပ်သေးပညာ အတွက် ဒုတိယအဆင့် အမွေအနှစ် ရထားပြီ... အခု အဆောင်လက်ဖွဲ့ ပညာ အတွက်ပဲ လိုတော့တယ်”
နေ့စဉ် ကျင့်ကြံခြင်း၊ ဆေးဖော်ခြင်း နှင့် အဆောင်လက်ဖွဲ့ ရေးဆွဲခြင်းများ ပြုလုပ်ရင်း ဒုတိယအဆင့် အဆောင်လက်ဖွဲ့ ပညာ အမွေအနှစ် ရရှိရန် စုယွီ စဉ်းစားနေမိလေ၏။
တစ်နေ့သောအခါ...
စုယွီ သိုင်းကျမ်းမျှော်စင်သို့ သွားနေစဉ် ရုတ်တရက် တိုက်ခိုက်မှု တစ်ခုနှင့် ကြုံတွေ့လိုက်ရလေ၏။
မရေမတွက်နိုင်သော အပ်ချွန်ပုံစံ မှော်လက်နက်များသည် သူ့ထံသို့ တိတ်တဆိတ် ပျံသန်းဝင်ရောက်လာကြသည်။
သို့သော် နောက်တစ်စက္ကန့်တွင်...
စုယွီ၏ ကိုယ်မှ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ရွှေရောင် ခေါင်းလောင်းပုံ အကာအကွယ် တစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။ နဂါးနှင့် ကျား ပုံရိပ်များ ပေါ်ထွက်လာပြီး အရပ်လေးမျက်နှာသို့ ဟိန်းဟောက်လိုက်ရာ ရွှေရောင် ခေါင်းလောင်းကြီးမှာ ပိုမို ခိုင်ခံ့သွားသယောင် ရှိလေ၏။
“ဒိုင်း...”
မြှားတံများသဖွယ် ဝင်ရောက်လာသော မှော်လက်နက်များသည် ရွှေရောင် ခေါင်းလောင်းကြီးနှင့် ရိုက်ခတ်မိပြီး ချက်ချင်း ပြန်ကန်ထွက်သွားကြလေ၏။
အပ်ချွန်ပုံစံ မှော်လက်နက် သေးသေးလေးများသည် ရွှေရောင် ခေါင်းလောင်းကြီးပေါ်တွင် စိုက်ဝင်နေပြီး ဆက်လက် ရွေ့လျားနိုင်ခြင်း မရှိတော့ပေ။
ဒါတွေကတော့ စုယွီ ကိုယ်တိုင် ပြုပြင်မွမ်းမံထားသော ပထမအဆင့် ထိပ်တန်း ကာကွယ်ရေး အဆောင်လက်ဖွဲ့များ ဖြစ်သည့် 'နဂါးကျား အဆောင်လက်ဖွဲ့' များပင် ဖြစ်လေ၏။ မူလ 'ရွှေရောင်အလင်း အဆောင်လက်ဖွဲ့' ကို အခြေခံပြီး တီထွင်ထားခြင်း ဖြစ်၏။
စုယွီသည် တိုက်ခိုက်သူ ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ ထိုသူ၏ ရုပ်ရည်မှာ ပျက်စီးယိုယွင်းနေပြီး သူစိမ်းတစ်ယောက်ကဲ့သို့ ဖြစ်နေသော်လည်း၊ ထွက်ပေါ်နေသော သက်စောင့်စွမ်းအား အငွေ့အသက်က အတိတ်က အကြောင်းအရာများကို ပြန်လည် သတိရစေလေ၏။
စုယွီ အာမေဋိတ်သံ ထွက်သွားမိ၏။
“လင်းသန်းလန်... မင်းလား”
ဒီကောင် မသေသေးဘူးလား။
ဒါပေမဲ့... ချီစွမ်းအင် စုစည်းခြင်း အဆင့် (၇) လေးနဲ့ ငါ့ကို လာတိုက်ခိုက်ရဲတယ်ပေါ့။
သူ ခေါင်းခါလိုက်သည်။ လင်းသန်းလန်၏ မျက်နှာ ပျက်သွားပြီး လှည့်ပြေးရန် ပြင်လိုက်စဉ်မှာပင်၊ စုယွီသည် ပထမအဆင့် ထိပ်တန်း 'မီးတိမ်တိုက် မြှား အဆောင်လက်ဖွဲ့' တစ်ခုကို ထုတ်ယူလိုက်ပြီး သက်စောင့်စွမ်းအင် ထည့်သွင်းကာ ပစ်လွှတ်လိုက်လေ၏။
“ရွှပ်...”
အနီရောင် မီးတောက်မြှားတစ်စင်း ကောင်းကင်ကို ဖြတ်သန်းသွားပြီး လင်းသန်းလန်၏ ကျောပြင်ကို ဖောက်ဝင်သွားလေတော့၏။
“ဝုန်း...”
မီးတောက်များ လွင့်စင်သွားပြီး သွေးမြူများ ပေါက်ကွဲထွက်လာသည်။
ကံတရား ဆိုသည်မှာ ဤသို့ပင်။ ချန်တောင်တန်း ဝိညာဉ်သွေးကြော ပေါ်ပေါက်လာကတည်းက စုမိသားစုနှင့် လင်းမိသားစုကြား ရန်ငြိုးသည် အဆုံးသတ်သွားရန် ဖန်လာခဲ့ပြီး ဖြစ်၏။ လင်းမိသားစု၏ နောက်ဆုံး လက်ကျန်မျိုးဆက်သည်လည်း နောက်ဆုံးတွင် တစ်စစီ ဆုတ်ဖြဲခံရသည့် ကံကြမ္မာနှင့် ရင်ဆိုင်သွားရရှာလေ၏။