← Chapters

ဗိုလ်ချုပ်အဆင့် အကျဉ်းသား ချန်ဟွိုက်အန်

Vol. 15 Ch. 141

ဗိုလ်ချုပ်အဆင့် အကျဉ်းသား ချန်ဟွိုက်အန်

Vol. 15 Ch. 141

လီချင်းရန်၏ လက်ကလေးများမှာ နူးညံ့နွေးထွေးလှပြီး ကြောင်ပေါက်စလေး တစ်ကောင်၏ လက်ဖဝါးလေးကို ဆုပ်ကိုင်ထားရသကဲ့သို့ ခံစားနေရလေသည်။ ချန်ဟွိုက်အန်သည် သူ ပျောက်ကွယ်သွားသည့် နေရာကို ငေးကြည့်ရင်း ထိုကျန်ရစ်သည့် ခံစားမှုကို အရသာခံနေမိ၏။

ဖက်ခွင့်တော့ မရလိုက်။

သူ၏လက်ကို လှမ်းဆွဲလိုက်သည့် ခဏမှာပင် နောက်ကျောဘက်၌ နေရာလွတ် အက်ကြောင်းတစ်ခု ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း သူ့ကို စုပ်ယူသွားခဲ့ခြင်း ဖြစ်သည်။ အကောင်းဆုံးအပိုင်းကို ရောက်ခါနီးမှ နိုးလာရသည့် အိပ်မက်တစ်ခုကဲ့သို့ပင်။ နှိုးစက်သံကြောင့် အရာအားလုံးက နောက်ဆုံးစက္ကန့်တွင် ရပ်တန့်သွားခဲ့ရ၏။

“လီချင်းရန်က တကယ်ရှိနေတာဆိုရင် သူရဲ့လက်ကလေးတွေက ဒီအတိုင်း ခံစားရမှာပဲ...”

ချန်ဟွိုက်အန်က ညာလက်ကို ဆုပ်နယ်ရင်း ရင်ထဲတွင် တလှပ်လှပ် ခံစားနေရသည်။ အိပ်မက်တစ်ခု၊ စိတ်ကူးယဉ်မှုတစ်ခုသာ ဖြစ်နေသည်မှာ နှမြောစရာပင်။ သို့မဟုတ်ပါက သူသည် လက်မဆေးဘဲ ထိုခံစားမှုကို ရက်အနည်းငယ်ခန့် သိမ်းဆည်းထားမိမည်မှာ အသေအချာပင်။

သွေးသားများဖြင့် တည်ဆောက်ထားသော ကမ္ဘာကြီးက တဖြည်းဖြည်း ပြိုကွဲပျက်စီးနေပြီး သူ၏ အာရုံစူးစိုက်မှုများသည်လည်း နိုးကြားခြင်းဆီသို့ ပြန်လည်၍ ကူးပြောင်းလာခဲ့လေပြီ။ သူ နိုးတော့မည်ကို ချန်ဟွိုက်အန် သိလိုက်သည်။

“ကပ္ပတိန်ကျောက်... ဓားအင်မော်တယ်မလေး ပျောက်သွားပြီ...”

“မိစ္ဆာနဂါးလည်း မရှိတော့ဘူး... ချန်ဟွိုက်အန်ကတော့ သတိမေ့နေတုန်းပဲ။ ဒါပေမဲ့ သူ့ရဲ့ အခြေအနေက တည်ငြိမ်နေတဲ့ပုံပဲ။ ကျွန်တော်တို့ အနားသွားသင့်လား...”

“အရင်ဆုံး စောင့်ကြည့်ရအောင်...” ကျောက်ရင်းက စိုးရိမ်စိတ်ဖြင့် သူ၏ ဆက်သွယ်ရေးစက်ကို ချလိုက်သည်။ ဓားအင်မော်တယ်မလေးက နဂါးကို သုတ်သင်လိုက်သည်လား၊ သို့မဟုတ် နှိမ်နင်းရုံသာ နှိမ်နင်းလိုက်သလား ဆိုသည်မှာ မသေချာသေးပေ။

သူတို့၏ နောက်ထပ်လုပ်ဆောင်ချက်များသည် ချန်ဟွိုက်အန် နိုးလာသည့်အခါ ရှိနေမည့် အခြေအနေပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေ၏။

“နောက်တော့... ကပ္ပတိန်ကျောက်၊ စိတ်မကောင်းစရာ သတင်းတစ်ခု ရှိပါတယ်။ ကယ်ဆယ်ရေး အဖွဲ့က ဒါရိုက်တာလော်ရဲ့ အလောင်းကို ဈေးထဲမှာ တွေ့ခဲ့ရပါတယ်။ အခုတော့ မှုခင်းဆေးစစ် ဌာနကို ပို့လိုက်ပါပြီ။”

“...သိပြီ”

ကျောက်ရင်းက လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ်များ ယှက်သန်းသွားသည်။ နောက်ဆုံးတော့ ထိုလူ သေဆုံးသွားခဲ့လေပြီ။ သူ ကယ်တင်ခဲ့ဖူးသည့် အသက်အတွက် ကျေးဇူးဆပ်ပါမည်ဟု ကတိပေးခဲ့သောသူ။ ဗိုလ်ချုပ်အဆင့်ရှိသော မိစ္ဆာနဂါးကို ယခုမျှကြာအောင် တောင့်ခံထားနိုင်ခြင်းမှာပင် သူ၏ အစွမ်းအစထက် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

စောင့်ကြည့်နေသော မျက်လုံးပေါင်းများစွာအောက် ချန်ဟွိုက်အန် တုန်လှုပ်စွာ ဖြည်းဖြည်းချင်း နိုးလာခဲ့သည်။

မှောင်မှိုင်နေသော ကောင်းကင်၊ ပျက်စီးနေသော လမ်းမများ၊ အသားစများနှင့် သွေးပုံကြီးများ၊ လူအုပ်ကြီး၊ ရဲကားများ၏ မီးရောင်များနှင့် အဝေးမှ တင့်ကားများ၊ ဒုံးကျည်တင်ကားများ...

ချန်ဟွိုက်အန် ကြောင်အမ်းသွားမိ၏။

ငါ ဘယ်ရောက်နေတာလဲ။ မြေအောက်ခန်းထဲမှာ ဆေးကုသမှု ခံယူနေတာ မဟုတ်ဘူးလား။ ဒါက ဂေါ်ဇီလာ ရုပ်ရှင်ရိုက်ကွင်းလားဟ...

ပြီးတော့ လက်နက်တွေ ကိုင်ပြီး ငါ့ကို ရန်သူလို ကြည့်နေတဲ့ ဒီလူတွေကရော ဘယ်သူတွေလဲ။ ငါက ဂေါ်ဇီလာ မဟုတ်ဘူးလေ။

“ချန်ဟွိုက်အန်၊ ငါပြောတာ မင်းနားလည်လား...”

ရင်ဘတ်ဗလာနှင့် မီးတောက်လက်သီးများကို ပိုင်ဆိုင်ထားသော လူလတ်ပိုင်း အမျိုးသား တစ်ဦးက သူ့ကို လှမ်းမေးသည်။

ချန်ဟွိုက်အန်က သူ့ကိုယ်သူ ပြန်လည်၍ လက်ညှိုးထိုးပြရင်း ပြောသည်။ “ဟိုလေ... ဒီဇာတ်ဝင်ခန်းမှာ ကျွန်တော့်ရဲ့ အခန်းကဏ္ဍက ဘာလဲ မသိဘူး။ ကျွန်တော် ဘာပြောရမလဲ။ ဖြစ်ပျက်နေတာတွေကို ကျွန်တော် နားလည်နေရမှာလား...”

မီးတောက်လက်သီးပိုင်ရှင်မှာ ခဏမျှ ဆွံ့အသွား၏။ “ဒါကိုပဲ ဖြေ... မင်းက ချန်ဟွိုက်အန်လား။”

“ဟုတ်ကဲ့... လုံးဝ ၁၀၀%ပါပဲ။”

“မင်းရဲ့ အထောက်အထားကို သက်သေပြ...”

ချန်ဟွိုက်အန် ခဏစဉ်းစားလိုက်ပြီးမှ ပြောသည်။ “ကျွန်တော် ဒီနေ့ ငှက်ပျောသီးပုံပါတဲ့ အပြာရောင် အတွင်းခံဘောင်းဘီ ဝတ်ထားတယ်...”

မီးတောက်လက်သီးပိုင်ရှင် - “...”

မိစ္ဆာနှိမ်နင်းသူဗျူရို အဖွဲ့ဝင်များ - “......”

“ကပ္ပတိန်ကျောက်၊ ချန်ဟွိုက်အန်ရဲ့ စိတ်ပိုင်းဆိုင်ရာက မတည်ငြိမ်ဘူးလို့ ထင်ရတယ်။ အတင်းအကျပ် ထိန်းသိမ်းဖို့ အစီအစဉ်ကို စတင်ဖို့ အကြံပြုပါတယ်...” မီးတောက် လက်သီးပိုင်ရှင်က စိုးရိမ်တကြီး သတင်းပို့လိုက်သည်။

[ချန်ဟွိုက်အန်ကို စက်ပေးလိုက်၊ ငါ သူနဲ့ စကားပြောမယ်]

ကျောက်ရင်း၏ အမိန့်ကြောင့် မီးတောက်လက်သီးပိုင်ရှင်သည် ပေါက်ကွဲစေတတ်သော ပစ္စည်းတစ်ခုကို ကိုင်တွယ်နေသကဲ့သို့ပင် အထူးသတိထားကာ ဆက်သွယ်ရေးစက်ကို ချန်ဟွိုက်အန်ထံ ကမ်းပေးလိုက်သည်။

ချန်ဟွိုက်အန် စက်ကို ယူလိုက်စဉ်မှာပင် အေးစက်စက် အမျိုးသမီးအသံ တစ်သံက ထွက်ပေါ်လာ၏။

[ ချန်ဟွိုက်အန်၊ ငါက C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုက အရာရှိ ကျောက်ရင်းပါ။ မုတ်ဆိတ်မွေးနဲ့လူလို့ မင်းခေါ်တဲ့ ဒါရိုက်တာလော်နဲ့ ရှန့်ရှောင်ယွမ်တို့က ငါ့ရဲ့ လက်အောက် ငယ်သားတွေပဲ ]

“ဪ... ကပ္ပတိန်အကြောင်း ကြားဖူးပါတယ်...”

[...နားထောင်၊ ငါ မင်းကို တချို့ကိစ္စတွေ ပြောပြရမယ်။ စိတ်ကို ပြင်ဆင်ထား]

ကျောက်ရင်းက ဖြစ်ပျက်သမျှကို အသေးစိတ် ရှင်းပြလေတော့သည်။ သူ၏ ကင်ဆာဆဲလ်များ မိစ္ဆာအဖြစ် အသွင်ပြောင်းသွားပုံ၊ ရှန့်ရှောင်ယွမ် ထိခိုက်သွားပုံ၊ မိစ္ဆာနဂါးအဖြစ် ပြောင်းလဲကာ မြို့ထဲတွင် သောင်းကျန်းခဲ့ပုံနှင့် မုတ်ဆိတ်ရှည် သေဆုံးသွားခဲ့ပုံ၊ နဂါကြီးက လမ်းတလျှောက် သောင်းကြမ်းခဲ့ပုံ၊ ဗျူရိုမှ စစ်ကူများ ရောက်ရှိလာပုံ၊ ဓားအင်မော်တယ်မလေး၏ ပုံရိပ်က နဂါးကြီးကို အနိုင်ယူလိုက်ပုံ...

အားလုံးကို မထိမ်ချန်ဘဲ ပြောပြခဲ့လေသည်။

အစပိုင်းတွင် ချန်ဟွိုက်အန် တည်ငြိမ်နေသော်လည်း ရှင်းပြချက်များ အဆုံးတွင်မူ သူ၏ မျက်နှာသည် တဖြည်းဖြည်း ဖြူလော်လာ၏။ သူက ပျက်စီးနေသော လမ်းမများနှင့် သူ့ကို သတိဖြင့် ကြည့်နေကြသော စစ်သည်များကို ငေးကြည့်ရင်း အသံများ တုန်ယင်လာသည်။

“ဒါတွေအားလုံးကို... ကျွန်တော် လုပ်ခဲ့တာလား..”

[ဟုတ်တယ်]

“ကျွန်တော်... ရှန့်ရှောင်ယွမ်ကို ထိခိုက်အောင် လုပ်ခဲ့တယ်။ ပြီးတော့... မုတ်ဆိတ်မွေးနဲ့လူကို သတ်ခဲ့မိတာလား...”

[အတိအကျကြီးတော့ မဟုတ်ပါဘူး။ မင်းရဲ့ ခန္ဓာကိုယ်ထဲက ထိန်းချုပ်လို့မရတဲ့ ကင်ဆာဆဲလ်တွေက လုပ်ခဲ့တာပါ။ ဒါ မင်းအပြစ် မဟုတ်ဘူး]

ကျောက်ရင်းက ချန်ဟွိုက်အန် တစ်ယောက် ခေါင်းကို ဆုပ်ကိုင်ကာ မြေကြီးပေါ်တွင် ထိုင်ချလိုက်သည်ကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူ၏ တုံ့ပြန်မှုများမှာ သာမန်တက္ကသိုလ်ကျောင်းသားတစ်ယောက် ထိတ်လန့်စရာ အဖြစ်အပျက်နှင့် ကြုံတွေ့ရသည့် ပုံစံအတိုင်းပင်။ ငှက်ပျောသီးပုံ အတွင်းခံအကြောင်း ပြောခဲ့တာကို ခဏမေ့ထားလျှင်ပေါ့။

[မင်းက မိစ္ဆာအဖြစ် ပြန်ပြောင်းသွားနိုင်ခြေ ရှိနေသေးလို့ မတည်ငြိမ်တဲ့အရာအဖြစ် သတ်မှတ်ထားရမယ်။ ဒါကြောင့် မိစ္ဆာနှိမ်နင်းသူဗျူရိုက မင်းကို ယာယီ ထိန်းသိမ်းထားမယ်။ ဒါက အကျဉ်းထောင် မဟုတ်ဘူး။ လွတ်လပ်တဲ့ နေရာတစ်ခုပဲ။ မင်းလိုအပ်တာတွေကိုလည်း မင်းရဲ့ အိမ်ကနေ ယူလာလို့ရတယ်]

“အကျဉ်းထောင်ထဲမှာ ပိတ်လှောင်ခံရမှာလား...” ချန်ဟွိုက်အန်က သွေးစွန်းနေသော မြေပြင်ပေါ်ရှိ သူ၏ ဖြူလော်နေသော ပုံရိပ်ကို ကြည့်ရင်း မေးလိုက်သည်။

“မလိုပါဘူး... ကျွန်တော့်ရဲ့ ကြောင်ရယ်၊ ပန်းအိုးတစ်အိုးရယ်၊ ငါးလေးတစ်ကောင်ရယ်ပဲ ယူခဲ့ပါရစေ...”

ချန်ဟွိုက်အန် ခါးသီးစွာ ရယ်မောလိုက်သည်။ သူ၏ ကင်ဆာက မိစ္ဆာဖြစ်သွားသည်ဟူသော အချက်မှာ မယုံနိုင်စရာပင်။ သို့သော် လီချင်းရန် ရောက်လာခဲ့သည်မှာ အမှန်တကယ်ပင် ဖြစ်ရပေမည်။ သူနှင့် ထိတွေ့နိုင်ခဲ့ခြင်းမှာ သူတို့နှစ်ဦးလုံး ဝိညာဉ်ပုံစံဖြင့် ရှိနေခဲ့သောကြောင့် ဖြစ်ပေလိမ့်မည်။

သို့သော် သူ မပြုံးနိုင်။ သူ သတ်ခဲ့မိသူမှာ သူ့အပေါ် အမှန်တကယ် စေတနာထားခဲ့သည့် သူစိမ်းကြီး မဟုတ်ပါလား။

ချန်ဟွိုက်အန် အဖမ်းခံရန် သဘောတူလိုက်သဖြင့် ကျောက်ရင်း စိတ်သက်သာရာ ရသွားသည်။ ဗိုလ်ချုပ်အဆင့် တစ်ဦးကို အင်အားသုံး ဖမ်းဆီးရန်မှာ မဖြစ်နိုင်သလောက်ပင်။

ထိုစဉ် သူ၏ ဖုန်းမြည်လာ၏။ နာရေးကူညီမှုအသင်းမှ ဖုန်းဖြစ်နေသဖြင့် သူ မျက်မှောင် ကြုတ်လိုက်မိသည်။

ဖုန်းဖြေလိုက်သည်နှင့် တုန်ရီနေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ကပ္ပတိန်ကျောက်... အခုချက်ချင်း လူလွှတ်ပေးပါဦး... ဒါရိုက်တာလော်... သူ... သူက...”

အသံမှာ တုန်လှုပ်လွန်း၍ ပြတ်တောက်နေ၏။

“...သူ ပြန်ရှင်လာပြီ... တကယ်ကြီး... သူ အခု လှုပ်ရှားနေပြီ...”

All Chapters