← Chapters

အိမ်နီးချင်းကောင်းများ

Vol. 15 Ch. 143

အိမ်နီးချင်းကောင်းများ

Vol. 15 Ch. 143

အကျဉ်းခန်း(၀)။

၎င်းက အကျဉ်းခန်းအားလုံးထဲတွင် အကြီးဆုံးဖြစ်ကြောင်း သိသာထင်ရှားလှသည်။

ချန်ဟွိုက်အန်က ဆိုဖာပေါ်တွင်ထိုင်ရင်း ကိုကာကိုလာတစ်ဘူးကို ဖောက်သောက်လိုက်သည်။ သူ၏နေ့စဉ်ဘဝမှာ သိပ်ပြီးပြောင်းလဲသွားခြင်းမရှိ။ တကယ်တမ်းတွင်မူ ယခုအခါ သူသည် အလကားကျွေးသော အစားအသောက်များကို စားသောက်ရင်း နေထိုင်နေခြင်း ဖြစ်သည်။

အခန်းအလှဆင်ခြင်းအတွက် ဒုက္ခမရှာရန် သူက မိစ္ဆာနှိမ်နင်းသူဗျူရိုကို ပြောထားသော်လည်း သူတို့က သူငှားနေကျ တိုက်ခန်းအတိုင်း အသေးစိတ်မှအစ ပြန်လည်ဖန်တီးပေးထား၏။ ဥပမာအားဖြင့် ပြတင်းပေါက်များကို ဟိုလိုဂရပ်ဖစ်နည်းပညာသုံး ပရိုဂျက်တာများဖြင့် အစားထိုးထားပြီး အပြင်ဘက်ရှုခင်းအတုကို ပြသထားကာ သဘာဝလေပြေအတိုင်း ခံစားရစေရန် ပန်ကာများကိုပါ တပ်ဆင်ထားသည်။ တစ်ချက်ကြည့်လိုက်လျှင် အစစ်အမှန်နှင့်ပင် ဆင်တူလှ၏။

အကျဉ်းခန်း(၀)မှာ စင်္ကြံလမ်း၏အဆုံးတွင် ရှိနေပြီး ဘေးတစ်ဖက်တစ်ချက်တွင် အကျဉ်းခန်း(၁)နှင့် (၂)တို့ ရှိကြသည်။ နှစ်ခန်းလုံးတွင် လူ (သို့မဟုတ် သတ္တဝါ) များ ရှိနေပြီ ဖြစ်သည်။

သူ ဖြတ်လျှောက်သွားစဉ် အိမ်နီးနားချင်း အသစ်များကို တစ်ချက် လှမ်းကြည့်မိသည်။

အကျဉ်းခန်း(၁)ထဲတွင် ၂မီတာခန့်မြင့်သော အရုပ်ဝက်ဝံကြီးတစ်ရုပ် ရှိသည်။ ၎င်းတွင် ပန်းရောင် အမွေးနုလေးများနှင့် ဝမ်းဗိုက်ဖြူဖြူလေးရှိရာ အတော်လေး ချစ်စရာကောင်းသည်။ သို့သော် အခန်း၏နံရံများမှာ နက်ရှိုင်းသော လက်သီးချက်ရာများဖြင့် ပြည့်နှက်နေပြီး ပြိုကျလုနီးပါး ဖြစ်နေသည်မှာ ကြောက်စရာပင်။

အမှတ်(၂) အကျဉ်းခန်းတွင်မူ ပို၍ပင် ထူးဆန်းသော အရာတစ်ခုရှိသည်။ ကြောက်မက်ဖွယ် ကောင်းသော ပုံစံရှိသည့် စနိုက်ပါရိုင်ဖယ်တစ်လက်ပင်။ ၎င်း၏ကိုယ်ထည်ကို အနီရောင်ရင့်ရင့် အသားစိုင်များဖြင့် ပတ်ထားပြီး အက်ကွဲကြောင်းများကြားတွင် လှုပ်ရှားနေသော ကြွက်သားများကို မြင်နေရသည်။ စနိုက်ပါမှန်ဘီလူးနေရာတွင် မှန်ဘီလူးအစား ရွှေရောင် မျက်လုံးကြီးတစ်လုံး ရှိနေပြီး ဟိုဟိုဒီဒီ ကြည့်နေတတ်သည်။

ချန်ဟွိုက်အန်က ထိုစနိုက်ပါရိုင်ဖယ်နှင့် က်လုံးချင်း ဆုံမိဖူးသည်။ ထိုအရာက သူ့ကို ကြည့်ပြီး လှောင်ရယ်ခဲ့သည်။ စူးရှရှနှင့် လှောင်ရယ်သံမျိုးပင်။

အမှန်အတိုင်းပြောရလျှင် ထိုနေရာတွင် တစ်ရက်မျှ နေထိုင်ပြီးနောက် သူပြောနိုင်သည်မှာ ထိုနေရာက ဒေသန္တရအငွေ့အသက် အားကောင်းလှပြီး အိမ်နီးနားချင်း ဆက်ဆံရေးမှာလည်း တကယ့်ကို သာယာစိုပြေခြင်းပင်။

ထိန်းသိမ်းရေးဆိုသည်မှာ မိစ္ဆာနှိမ်နင်းသူဗျူရိုက ဖျက်ဆီး၍မရသော အရုပ်ဝက်ဝံကဲ့သို့ အရာများ အတွက်သာ မဟုတ်ပါ။ စနိုက်ပါရိုင်ဖယ်ကဲ့သို့ ထိန်းချုပ်၍မရသော်လည်း တန်ဖိုးရှိနိုင်သည့် အရာများအတွက်လည်း ဖြစ်သည်။

ထို့အပြင် ချန်ဟွိုက်အန်က အခြားသော စိတ်ဝင်စားစရာကောင်းသည့် အချက်တစ်ခုကိုလည်း တွေ့ရှိခဲ့သည်။ သူ့အခန်းက အကျဉ်းခန်း(၁)နှင့် (၂)နှင့် နံရံချင်း ကပ်လျက် ရှိနေခြင်းပင်။ ထိုနံရံတစ်ခုစီတွင် သံမဏိ လျှောတံခါးများရှိပြီး ၎င်းကို ဖွင့်လိုက်ပါက ထူထဲသော မှန်ပြတင်းပေါက်များကို တွေ့ရမည်ဖြစ်သည်။ ၎င်းတို့မှတစ်ဆင့် အိမ်နီးနားချင်းနှစ်ဦးကို စောင့်ကြည့်နိုင်သော်လည်း သူက ထိုမျှအထိတော့ စိတ်မဝင်စားပေ။

သူ၏ ပြတင်းပေါက်ဘောင်တွင်လည်း ယခင်ကအတိုင်း အပြင်အဆင်များ ရှိနေသည်။

သူ၏ ကြောင်နက်ကလေး ပါ့ကျီသည် ထိုနေရာတွင် ရှိနေသည်။ သူ၏ ငါးစိမ်းကြီးအတွက် ရေဇလုံကို ဇိမ်ခံငါးပြတိုက်တစ်ခုဖြင့် အစားထိုးထားပြီး ၎င်းအပေါ်တွင် ကိုးလှည့် စိတ်ဝိညာဉ်သစ်ခွပန်း ရှိနေသည်။ အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ထိုနေရာသို့ ပြောင်းလာကတည်းက ပါ့ကျီသည် ထူးထူးခြားခြား ကြောင်တောင်တောင် ဖြစ်နေပြီး ပြတင်းပေါက်ပြင်ပကို ငေးငိုင်ကာ ကြည့်နေတတ်သည်။

ချန်ဟွိုက်အန်က ကြောင်စာတစ်ပန်းကန် ခပ်ထည့်ပေးပြီး ပါ့ကျီ၏ခေါင်းကို ပုတ်ကာ ကြင်နာစွာ ပြုံးပြလိုက်သည်။ “စားစမ်းပါ... အစ်မချောချောလေးတစ်ယောက်က ဝယ်ပေးထားတာ။ အမှန်အတိုင်းပြောရရင် မင်းတို့ကို စွန့်ပစ်မသွားတာ ငါ့ရဲ့စေတနာ ကောင်းလို့ပဲ။ မင်းတို့က ငယ်ငယ်လေးပဲ ရှိသေးတာ။ အပြင်မှာ မင်းတို့ဘာသာ နေမယ်ဆိုရင် ကြာကြာခံမှာ မဟုတ်ဘူး။”

ပါ့ကျီက ကြောင်စာကို တစ်ချက်ကြည့်သည်။ ထို့နောက် ချန်ဟွိုက်အန်ကို ကြည့်သည်။ အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူ၏မျက်နှာပေါ်မှ အမွေးများကြား မျက်ရည်နှစ်စက် လိမ့်ဆင်းလာတော့သည်။

အတွင်းစိတ်ထဲတွင်မူ သူက အော်ဟစ်နေမိသည်။

မဟုတ်ဘူး၊ လခွမ်းတဲ့မှ။ ငါ့ကို လွှတ်ပေးကြ... ငါ ထွက်သွားချင်ပြီ... ဘာလို့ ငါ့ကို ဒီငရဲတွင်းထဲ မင်းနဲ့အတူ ဆွဲခေါ်လာတာလဲ..

မင်းက အချုပ်ခံချင်တယ်ဆိုရင်လည်း ကိစ္စမရှိဘူး။ ဒါပေမဲ့ ငါ့ကို ဘာလို့ ခေါ်လာတာလဲ... မင်းက တကယ်ရော လူသားတစ်ယောက် ဟုတ်ရဲ့လား...

တံခါးများနှင့် ပြတင်းပေါက်များတွင် အဆောင်များ မရှိတော့ပါ။ ၎င်းတို့ မလိုအပ်တော့ခြင်းပင်။ ပါ့ကျီ ထွက်ပြေးရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် နံရံများနှင့် မှန်များကို မိစ္ဆာစွမ်းအင်များကို နှိမ်နင်းပေးသည့် အမည်မသိ ပစ္စည်းအချို့ဖြင့် အထူးအားဖြည့်ထား၏။ ပါ့ကျီအတွက်မူ ထိုနေရာသည် မိစ္ဆာအကျဉ်းထောင် တစ်ခုထက် မနိမ့်ကျပေ။

ယခုအချိန်တွင် သူလွတ်မြောက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ဆရာကြီး အပြည့်အဝ နိုးထလာရန် စောင့်ဆိုင်းခြင်းသာ ဖြစ်သည်။ သို့သော် အကယ်၍ ဆရာကြီးသာ အပြည့်အဝ နိုးလာလျှင် သူ ချက်ချင်း ဝါးမျိုခံရပေလိမ့်မည်။

အကယ်၍ ဆရာကြီးက ထိုနေရာတွင် ထာဝရအချုပ်ခံရန် ဆုံးဖြတ်လျှင်မူ ပါ့ကျီ၏ဘဝမှာ အရင်ကထက် မထူးခြားတော့ပေ။ ရှေးဟောင်း စစ်နတ်ဘုရား ရှင်ထျန်း၏ ခေါင်းပြတ်ကြီးကို စောင့်ကြပ်နေရမည့်အစား ယခုအခါ သူ့သခင်ကို စောင့်ကြပ်နေရခြင်းသာ ကွာခြားသည်။ အနည်းဆုံးတော့ ယခင်က သူသွားချင်သည့်အချိန်တွင် ထွက်သွားနိုင်၏။ ယခုမူ ထိုအိပ်မက်မှာ သေဆုံးသွားခဲ့လေပြီ။

ကြည့်စမ်းပါဦး။ ဒီကြောင်ငတုံးလေးတောင် စိတ်လှုပ်ရှားပြီး ငိုနေပြီလေ။

ချန်ဟွိုက်အန် သက်ပြင်းချလိုက်သည်။ ငါက တကယ်ကို ကြင်နာပြီး ဂရုစိုက်တတ်တဲ့ ပိုင်ရှင်ပဲ။

သူက ဆိုဖာပေါ်သို့ ပြန်လှဲချလိုက်ပြီး အတွေးထဲ နစ်‌မျောနေမိသည်။ ဒီဟာကိုကိုင်လိုက်၊ ဟိုဟာကိုကြည့်လိုက်နှင့် ဘာလုပ်လုပ် စိတ်မငြိမ်နိုင်ဖြစ်နေသည်။ သူ ငြိမ်ငြိမ်ထိုင်လိုက်သည်နှင့် မုတ်ဆိတ်မွေးနှင့်လူ သေဆုံးသွားခြင်းကိုသာ တွေးမိနေသည်။ အပြစ်ရှိစိတ်၊ နောင်တရစိတ်၊ ရှက်ရွံ့စိတ်....

ငါ သူ့ကို ဘယ်လိုမျက်နှာနှင့် ပြန်တွေ့နိုင်တော့မှာလဲ...

သူသာ ကင်ဆာကုသမှု ခံယူရန် မလုပ်ခဲ့လျှင်... မုတ်ဆိတ်ရှနှင့်လူက အသက်ရှင်နေဦးမည် မဟုတ်ပါလား...

သူ ဖုန်းကိုယူလိုက်ပြီး သီချင်းတစ်ပုဒ်လောက် နားထောင်လျှင် စိတ်သက်သာရာရမလားဟု စဉ်းစားသည်။ သို့သော် သူ သီချင်းတစ်ပုဒ်မျှ နားမထောင်နိုင်ပါ။ ပျော်ရွှင်စရာ သီချင်းများက လက်ရှိအခြေအနေနှင့် မကိုက်ညီသလို ခံစားနေရသည်။ ဝမ်းနည်းစရာ သီချင်းများကမူ ဟန်ဆောင်ပြီး ဝမ်းနည်းနေသလို ခံစားရ၏။

နောက်ဆုံးတွင် အတော်လေး ချီတုံချတုံ ဖြစ်ပြီးနောက် ငါ့ရဲ့ ပုံရိပ်ယောင် ကောင်မလေး ဂိမ်းကို ဖွင့်လိုက်သည်။ထိုအရာသည်သာ သူ၏နာကျင်နေသော ဝိညာဉ်ကို ကုစားပေးနိုင်မည့် တစ်ခုတည်းသော အရာဖြစ်သည်။ သူ့အတွက်မူ ဖန်သားပြင်၏ တစ်ဖက်ခြမ်းမှာ သူ၏ ဘေးကင်းလုံခြုံသော ဆိပ်ကမ်းတစ်ခုပင်။ လီချင်းရန်က အစစ်အမှန်ဖြစ်ကြောင်း သိရခြင်းက ထိုခံစားချက်ကို ပိုမိုလေးနက်စေသည်။ တစ်နေ့နေ့မှာ... သူတို့ ဆုံကြမယ် မဟုတ်ပါလား...

သို့သော် သူ ဂိမ်းကို ဖွင့်လိုက်သည်နှင့် သူ၏ဖုန်းမျက်နှာပြင် မည်းမှောင်သွားသည်။

[သင်၏ ကျန်ရှိသော သက်တမ်း - ၃၇ ရက်...]

[ယနေ့ကံကြမ္မာ - ကံမကောင်း။ ငွေကြေးဆုံးရှုံးမှု။ နေရာပြောင်းရွှေ့ရန် သင့်တော်သည်။]

[အသိပေးချက် - ချစ်လှစွာသော ကစားသမားခင်ဗျာ၊ ကြိုတင်သုံးစွဲမှု များပြားခဲ့ခြင်းကြောင့် သင်၏ ငွေဖြည့်စနစ်တွင် ၆၈၇၅၀၀ယွမ် ပေးရန် ကျန်ရှိနေပါသည်။ ထိုအကြွေးကို ပြန်မဆပ်မချင်း ဂိမ်းအတွင်း ဝယ်ယူမှုအားလုံးကို ရပ်ဆိုင်းထားပါမည်။ ငါ့ရဲ့ ပုံရိပ်ယောင် ကောင်မလေးကို အားပေးသည့်အတွက် ကျေးဇူးတင်ပါသည်...]

“...အဟက်။ အဲဒီ၁၀သိန်းက တကယ့်ပိုက်ဆံတွေလား...”

ချန်ဟွိုက်အန် တစ်ယောက် ရူးမတတ် ဖြစ်သွား၏။ ထိုအချိန်တုန်းက သူသည် အိပ်မက်တစ်ခု၊ စိတ်ကူးသက်သက်ဟုသာ ထင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယွမ်၁၀သိန်း သုံးရန် ရွေးချယ်စရာ ပေါ်လာသည့်အခါ သူ ဝန်မလေးဘဲ အကုန်သုံးပစ်ခဲ့သည်။ ယခု ပြန်စဉ်းစားကြည့်လျှင်... ကန့်သတ်ချက်မှာ ၁၀သိန်း ဖြစ်နေ၍ တော်‌သေးသည်။ အကယ်၍ သိန်း၁၀၀သာ ဆိုလျှင် သူ စီးပွားပျက်ကိန်း ဆိုက်အေတော့မည်။

အမှန်အတိုင်းပြောရလျှင် ယခင်က ယွမ်၁၀သိန်းမှာ ကိစ္စမရှိပေ။ မိစ္ဆာနှိမ်နင်းသူဗျူရို မစ်ရှင်များကို လုပ်ဆောင်ပြီး အမြန်ပြန်ရှာနိုင်သည်။ သို့သော် ယခုမူ သူက အကျဉ်းချခံထားရသူ။ သူ မည်သို့ ပိုက်ဆံရှာနိုင်မည်နည်း...

နေပါဦး... အကျဉ်းခန်းထဲကနေ တိုက်ရိုက်ထုတ်လွှင့်လို့ရမလား။ နံရံတွေကို ထိုးဖောက်နိုင်တဲ့ ဝက်ဝံရုပ်ကြီးရယ်၊ မျိုးဗီဇပြောင်း စနိုက်ပါရိုင်ဖယ်ရယ်...နှစ်ခုလုံးက တကယ့်ကို ဖျော်ဖြေမှုတန်ဖိုး မြင့်မားတယ်။ နောက်မှ ကျောက်ရင်းကို ဖုန်းဆက်ပြီး ဖြစ်နိုင်မလား မေးကြည့်ရမယ်...

“ဆရာ...”

ရင်းနှီးသော အသံတစ်ခု ဖုန်းထဲမှ ထွက်ပေါ်လာ၏။ ချန်ဟွိုက်အန် သတိပြန်ဝင်လာသည်။ လီချင်းရန်က ဖန်သားပြင်မှတစ်ဆင့် သူ့ကို ကြည့်နေသည်။ သူ ဂိမ်းထဲဝင်လိုက်တိုင်း လီချင်းရန်က ချက်ချင်း သိရှိသွားတတ်သည်။

“ဆရာ၊ ဆရာ ဘယ်လိုနေလဲ...” လီချင်းရန်သည် စားပွဲပေါ်တွင် မှီနေရင်းမှ ဝုန်းခနဲ ထရပ်လိုက်သဖြင့် ထိုင်ခုံပင် လဲကျသွားသည်။ သူ၏အသံမှာ နူးညံ့သော်လည်း သူ၏ မက်မွန်ပွင့် မျက်ဝန်းများမှာ စိုးရိမ်ပူပန်မှုနှင့် အရေးတကြီးဖြစ်မှုများဖြင့် ပြည့်နှက်နေသည်။ စားပွဲပေါ်ရှိ လက်ကိုင်ပုဝါမှာလည်း လုံးထွေးနေ၏။ သူ့ကို ဆက်သွယ်၍မရစဉ်အတွင်း သူ တည်ငြိမ်မှုမရှိ ဖြစ်နေခဲ့သည်မှာ သိသာလှသည်။

[ ငါ အဆင်ပြေပါတယ်။ မင်းကြောင့်ပဲ ငါ အသက်ရှူချောင်ခဲ့တာ... ]

ချန်ဟွိုက်အန် အသံလွှင့်အဆောင်ကို နှိပ်လိုက်သည်။ လီချင်းရန်ကို ကြည့်လိုက်ရသည့်အခါ ဂိမ်းထဲမှ အကြွေးအမြောက်အမြားနှင့် ပတ်သက်သည့် စိတ်ပျက်မှုများ အားလုံး ပျောက်ကွယ်သွား၏။ ဖန်သားပြင်ပေါ်မှ မိန်းကလေးမှာ အစစ်အမှန် ဖြစ်သည်။ သူ၏ကိုယ်ပိုင် တာအိုအဖော်လေးပင်။ သူတို့နှစ်ဦးက ကမ္ဘာနှစ်ခုဖြင့် ခြားနေသော်လည်း... စိတ်ကူးယဉ်မှုက အစစ်အမှန်ဖြစ်လာသည်ဟု သိလိုက်ရခြင်းကပင် သူ့နှလုံးခုန်နှုန်းကို မြန်စေ၏။

သူ အသက်ရှင်ရမည်။ ပိုက်ဆံရှာရမည်။ လီချင်းရန်ကို ချင်းယွန်ဘုံတွင် အစွမ်းထက်ဆုံး ကျင့်ကြံသူ ဖြစ်လာအောင် လုပ်ပေးရပေမည်။

“...ဆရာ...”

အကြောင်းရင်းတစ်စုံတစ်ရာကြောင့် ယနေ့ သူ၏အကြည့်မှာ ထူးထူးခြားခြား ပြင်းထန်နေသလို ခံစားရသည်။ သူ့ကို ဝါးမျိုပစ်ချင်နေသကဲ့သို့ပင်။ လီချင်းရန် နှုတ်ခမ်းကို ကိုက်လိုက်ရင်း ကြောင်လေးတစ်ကောင် ညည်းသံကဲ့သို့ အသံလေး ထွက်လာ၏။ သူ အရင်က ဖက်ခိုင်းခဲ့သည်ကို ရုတ်တရက် သတိရသွားခြင်းပင်။

သူ၏မျက်နှာမှာ နီမြန်းသွားပြီ နားရွက်များ ပူထူလာသည်။ ခြေထောက်များ ပျော့ခွေသွား၏။ သူက အလျင်အမြန် ထိုင်ခုံကို ပြန်ထောင်ကာ သေချာထိုင်လိုက်ပြီး လက်များကို ပေါင်ပေါ်တွင် တင်းတင်းဆုပ်ထားရင်း ရှက်ကိုးရှက်ကန်း ဖြစ်နေသည်။ သူ၏အကြည့်မှာ စားပွဲပေါ်ရှိ လက်ဖက်ခြောက်အိတ်လေးဆီသို့ ကျရောက်သွား၏။ သူ ဘာမှမစဉ်းစားဘဲ ၎င်းကို ကောက်ယူကာ မျက်နှာရှေ့တွင် ကွယ်ထားလိုက်ပြီး တစ်ဝက်ခန့်သာ ဖော်ထားလိုက်သည်။

“...ဆရာ၊ ဆရာခိုင်းထားတဲ့ လက်ဖက်ခြောက်အိတ်လေး အဆင်သင့်ဖြစ်ပါပြီ။” သူ တိုးတိုးလေး ပြောလိုက်သည်။ “ခေါင်းအုံးစွပ်ကတော့... ကျွန်မ အချိန်နည်းနည်း ထပ်ပြီးလိုသေးတယ်...”

All Chapters