တပည့်လေး၊ အထဲကို လာခဲ့။ စကားပြောရအောင်
Vol. 15 Ch. 147
ဂျူနီယာညီက ဒီလောက်တောင် အစွမ်းထက်တာလား...
တူရှင်းဟယ် တစ်ယောက် ရင်ထဲ အံ့သြမိသွားသည်။
ပါရမီမရှိရုံတင်မကဘဲ မိစ္ဆာကျင့်စဉ်ဘက်ကို လှည့်မိပြီး လူမဟုတ် သရဲမဟုတ် ဖြစ်သွားခဲ့ရသော သူ့လို အသုံးမကျသောသူနှင့်တော့ လုံးဝကို ကွာခြားလှ၏။
ဘိုးဘေးက သူ့ကို အသက်ချမ်းသာပေးလိမ့်မည်ဟု မထင်ခဲ့ပေ။ သေသည်ထက် ပိုဆိုးသော ပြစ်ဒဏ် အများကြီး ရှိနေသည် မဟုတ်ပါလား။ သို့သော် သူ အားလုံးကို လက်ခံ၏။ မည်သည်ဖြစ်လာဖြစ်လာ သူနှင့် ထိုက်တန်ပေသည်။
ထို့ကြောင့် သူက ခေါင်းငုံ့ပြီး ဓားကျောင်းတော်ဘိုးဘေး၏ စီရင်ချက်ကို တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်၏။
[ ဘာလို့ သေစေချင်နေရတာလဲ။ မင်းရဲ့ မိစ္ဆာကျင့်စဉ်တွေ ဘယ်ကလာသလဲဆိုတာကို ဖုံးကွယ်ဖို့ ကြိုးစားနေတာလား... ]
တူရှင်းဟယ် တုန်တုန်ရီရီနှင့် ဒူးထောက်ပြီး ပြောလိုက်သည်။
“ဒီတပည့် မလုပ်ဝံ့ပါဘူး... ကျွန်တော်က သေသင့်တယ်လို့ ခံစားရလို့ပါ။ ဆက်ပြီးတော့ အသက်ရှင်ဖို့ မျက်နှာမရှိတော့လို့ပါ... အကယ်၍ ဘိုးဘေး သိချင်တာရှိရင် အကုန်လုံးကို ပြောပြပါ့မယ်...”
[ ဟမ့်... မင်းကို သေဖို့ ငါ ခွင့်မပြုသေးဘူး။ ဘယ်တုန်းက မင်းက ငါ့အတွက် ဆုံးဖြတ်ချက်တွေ ချပေးနေတာလဲ... ]
တူရှင်းဟယ်က ဖုန်များ ပေနေသော လက်များကို ကြည့်ပြီး တိတ်ဆိတ်သွားခဲ့သည်။ သူ၏ နှလုံးသားကတော့ သေဆုံးနေလေပြီ။
[ ဒီမိစ္ဆာအတတ်ကို မင်းဘယ်ကရတာလဲ ]
“ဒီတပည့်က ဂိုဏ်းရဲ့တာဝန်တစ်ခု ထမ်းဆောင်နေတုန်း ရခဲ့တာပါ။ မြေခွေးမျက်နှာဖုံး စွပ်ထားတဲ့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ တစ်ယောက်နဲ့ ဆုံခဲ့တယ်။ သူ ဘယ်အဆင့်မှာရှိနေလဲ ကျွန်တော်မသိပေမဲ့ သူ့ရှေ့မှာ ကျွန်တော် ဘာမှမတတ်နိုင်ခဲ့ဘူး။ သူ ကျွန်တော့်ကို မသတ်ခဲ့ဘူး။ ကျွန်တော့်ရင်ထဲက နောင်တတွေကို ဆွပေးတယ်။ မကျေနပ်ချက်တွေကို လှုံ့ဆော်ပေးပြီးတော့ နောက်ဆုံးမှာ ဒီမိစ္ဆာကျင့်စဉ်ကျမ်းကို ပေးခဲ့တယ်။ ဒါက ကျွန်တော့်ကို ကူညီလိမ့်မယ်လို့ ပြောခဲ့တယ်။”
ချန်ဟွိုက်အန် ခေါင်းကိုက်သွား၏။
တူရှင်းဟယ်က ထောင်ချောက်ထဲကို သေချာပေါက် ကျသွားတာပဲ။
အကယ်၍ သူသာ မိစ္ဆာဂိုဏ်းစခန်း တစ်ခုခုမှ ခိုးယူခဲ့သည်ဆိုရင် ကိုင်တွယ်ရ လွယ်ကူပေဦးမည်။ သို့သော် မြေခွေးမျက်နှာဖုံး စွပ်ထားသော ကျင့်ကြံသူဆိုသည့် ဝေဝါးဝါး ဖော်ပြချက်နှင့် သူ မည်သို့ လိုက်ရှာရမည်နည်း...
ထိုသူက မျက်နှာဖုံးကို အချိန်မရွေး လဲနိုင်သည်။ နောက်တစ်ခါဆိုရင် နွားမျက်နှာဖုံး၊ မြင်းမျက်နှာဖုံး ကြိုက်ရာ စွပ်လာနိုင်၏။ ထို့ပြင် ၎င်းက ဖြစ်ရပ်တစ်ခုတည်း မဟုတ်နိုင်။ အကယ်၍ တူရှင်းဟယ်သာ မိစ္ဆာစုဆောင်းရေးသမား တစ်ယောက်နဲ့ ဆုံခဲ့သည်ဆိုလျှင် အခြား ဂိုဏ်းများတွင်လည်း အလားတူ ထောင်ချောက်ထဲ ကျနေသော တပည့်များ ရှိနေနိုင်၏။
ရည်မှန်းချက်၊ နောင်တ၊ မုန်းတီးမှု။
ကျင့်ကြံသူများအတွက်တော့ ထိုခံစားချက်များက အတော်လေး အဖြစ်များသည်။ သူတို့က သာမန်လူများထက် အသက်ရှည်ကြရာ တခြားသူများနှင့် ပဋိပက္ခဖြစ်ရန်ကို ရှောင်လွှဲ မရပေ။ ထိုသို့ အတွေ့အကြုံမရှိသေးသော တပည့်ငယ်လေးများ ဖျက်ဆီးရန်အတွက် အကောင်းဆုံး ပစ်မှတ်များပင်။
ကောင်းကင်နက္ခတ်က ဒီမိစ္ဆာစုဆောင်းရေးသမားတွေကို ရှာပေးနိုင်မလား သိချင်မိတယ်...
အခုလောလောဆယ်တော့ အချက်အလက်တွေ ပိုစုဆောင်းဖို့က ပထမဦးစားပေးပဲ။
[ ဒီမိစ္ဆာအတတ်ရဲ့ နာမည်က ဘာလဲ။ ငါ့ကို ပြ... ]
တူရှင်းဟယ်က ကျောက်စိမ်းပြား တစ်ခုကို ထုတ်ပြီး ကျောက်စားပွဲပေါ် တင်လိုက်သည်။
“ဘိုးဘေး၊ ဒီကျင့်စဉ်ကို ကောင်းကင်မိစ္ဆာ သွေးသန့်စင်ခြင်း လျို့ဝှက်ကျမ်းလို့ ခေါ်ပါတယ်။ သူ့ရဲ့ အဓိက သဘောတရားက သွေးအနှစ်သာရကို သုံးပြီးတော့ စိတ်စိတ်ဝိညာဉ်ချီစွမ်းအင်နဲ့ ကြွက်သား ခွန်အားကို မြှင့်တင်တာပါ။”
[ သင် ပစ္စည်းကို ရရှိပါသည်။ ကောင်းကင်မိစ္ဆာ သွေးသန့်စင်ခြင်း လျို့ဝှက်ကျမ်း (အပိုင်းအစ ၃ခုအနက် တစ်ခု)]
ချန်ဟွိုက်အန်က အသစ်ပေါ်လာတဲ့ ပစ္စည်းအကြောင်းကြားစာကို ကြည့်ပြီး မျက်တောင် ခတ်လိုက်၏။
နေပါဦး။ ဘာလို့ ဒါက ငါ့ရဲ့ ပစ္စည်းစာရင်းထဲကို အလိုလို ရောက်လာတာလဲ ...ငါရော ဒါကို ကျင့်လို့ရတာလား။
သူ ကျောက်စိမ်းပြားကို ကိုင်လိုက်သော ခဏမှာပင် သတင်းအချက်အလက်အသစ်များက ဦးနှောက်ထဲ စီးဝင်လာခဲ့သည်။ အကုန်လုံးကို နားလည်သွားသောအခါတွင်တော့ သူ သဘော ပေါက်သွားလေပြီ။
ထိုကျင့်စဉ်က ချင်းယွန်ဘု ရှေးဟောင်း မိစ္ဆာဂိုဏ်းကြီးတစ်ခုဖြစ်သော ကောင်းကင်မိစ္ဆာဂိုဏ်းမှ လာခြင်း ဖြစ်သည်။ ထိုအရာဟာ သူတို့ဂိုဏ်း၏ အဓိက ကျင့်စဉ်ဖြစ်တဲ့ ကောင်းကင်မိစ္ဆာကျင့်စဉ် အစိတ်အပိုင်း တစ်ခုပင်။
အပိုင်း (၃)ပိုင်း ရှိလေသည်။
အဓိကကျမ်း - ကောင်းကင်မိစ္ဆာ နှလုံးသားဝါးမျိုခြင်း နည်းလမ်း
နောက်ဆက်တွဲကျမ်း (၁) - ကောင်းကင်မိစ္ဆာ သွေးသန့်စင်ခြင်းကျမ်း (ယခုကျမ်း)
နောက်ဆက်တွဲကျမ်း (၂) - ကောင်းကင်မိစ္ဆာ လောဘဇောဝါးမျိုခြင်း နည်းလမ်း
သွေးသန့်စင်ခြင်းနဲ့ ဝါးမျိုခြင်း နည်းလမ်းများက အရန်သာ ဖြစ်သည်။ တကယ့် အဓိကမှာ နှလုံးသားဝါးမျိုခြင်း နည်းလမ်းပင်။ ၎င်းကို ကျင့်ထားသူက အခြားနှစ်ခု ကျင့်ထားသူများကို အတိုင်းအတာတစ်ခုအတွင်းမှာ ထိန်းချုပ်ထားနိုင်၏။
အခုတော့ အကုန်လုံးက အဓိပ္ပာယ်ရှိသွားပါပြီ။ ချင်းယွန်ဘုံက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေဟာ ရေရှည်စီမံကိန်း တစ်ခု ကစားနေတာပဲ။ သူတို့ရဲ့ တကယ့်ပစ်မှတ်က မကြာခင် ကျင်းပတော့မယ့် ကျုံးကျိုးလျို့ဝှက်နယ်မြေ ခရီးစဉ်ပဲ။
ဂိုဏ်းတိုင်းက ပါရမီအရှိဆုံး တပည့်တွေ၊ ဖြောင့်မှန်တဲ့လမ်းစဉ်ရဲ့ အနာဂတ် လက်ရွေးစင်တွေကို စေလွှတ်ကြမှာ။ တကယ်လို့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေက အဲဒီ တပည့်အသစ်လေးတွေ အကုန်လုံးကို သတ်ဖြတ်နိုင်ခဲ့ရင် ဒါဟာ ဖြောင့်မှန်တဲ့ဂိုဏ်းတွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လိမ့်မယ်။
တူရှင်းဟယ်က ထူးခြားတဲ့ တပည့်ချင်းနှင့် ယှဉ်လျှင် သာမန်သာ ဖြစ်နိုင်သော်လည်း တခြား ဂိုဏ်းများတွင်တော့ လျို့ဝှက်နယ်မြေထဲ ဝင်ခွင့်ရရန် သေချာပေါက် အရည်အချင်း ပြည့်မီသူပင်။
“လီချင်းရန်ရဲ့ အသက်ရှင်နှုန်းက ဘာလို့ အဲဒီလောက် နည်းနေရတာလဲဆိုတာ ဒါကြောင့်ကိုး။”
ချန်ဟွိုက်အန် ခေါင်းခါလိုက်၏။
ဒါက လျို့ဝှက်နယ်မြေ ခရီးစဉ် မဟုတ်တော့ဘူး။ ဒါဟာ အစုလိုက်အပြုံလိုက် ကွပ်မျက်ပွဲကြီးပဲ။ ဖြောင့်မှန်တဲ့ဂိုဏ်းက တပည့်တွေကတော့ အိုးထဲက ငါးတွေပေါ့။
အခု ဘာလုပ်ရမလဲ...
အကယ်၍ သူသာ ပုံမှန် ကြောက်တတ်တဲ့ ဗျူဟာအတိုင်းသာဆိုလျှင် အကောင်းဆုံးမှာ လျို့ဝှက်နယ်မြေထဲ လုံးဝ မဝင်ရန်ပင်။ ဖြောင့်မှန်သောဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းများ အချင်းချင်း သတ်ကြပါစေ။ ထိုအရာက လောလောဆယ် လီချင်းရန်နှင့် ဓားကျောင်းတော်အပေါ် သက်ရောက်မှု မရှိပေ။
သို့သော် သူ၏ အဓိကတာဝန် ရည်မှန်းချက်က ထိုနေရာတွင် ရှိနေသည်။ ဆေးပင်တစ်ရာ အဆိပ်ဖြေဆေး ပါဝင်ပစ္စည်းများကို ထိုလျို့ဝှက်နယ်မြေတွင်သာ ရှာတွေ့နိုင်၏။ ဆိုလိုသည်က လီချင်းရန် သွားကိုသွားရပေမည်။
“...နေပါဦး။ တကယ်လို့ ကျုံးကျိုးလျို့ဝှက်နယ်မြေ မဖွင့်ခင်မှာတင် ငါ့ရဲ့ ကင်ဆာက ပျောက်သွားမယ်ဆိုရင် လီချင်းရန် သွားစရာ မလိုတော့ဘူး မဟုတ်လား...”
ချန်ဟွိုက်အန် သူ့နဖူးကို ရိုက်လိုက်၏။ မိစ္ဆာနှိမ်နင်းသူဗျူရိုက သူ့ကို ကုနိုင်မကုနိုင်မှာ အရေးမကြီးတော့။
ယခု လီချင်းရန်က တကယ့်လူမှန်း သိသွားပြီပဲ။ သူ့ဆီကနေ ကုထုံးကို တိုက်ရိုက် တောင်းကြည့်တာပေါ့...
ဗီဇပြောင်းလဲသွားတဲ့ ကင်ဆာက ကိစ္စအသေးလေးပါ။ သာမန် စိတ်ဝိညာဉ်ဆေးရည်တောင် အဲဒါကို ကုနိုင်မှာ...
“ငါက တကယ့်ကို ဉာဏ်ကြီးရှင်ပဲ... ဟားဟားဟားဟား...”
ချန်ဟွိုက်အန် ခါးထောက်ပြီး သုံးကြိမ်တိုင်တိုင် ရယ်လိုက်၏။ ပြတင်းပေါက်မှ ပါ့ကျီနှင့် ရှောင်ချင်းတို့ကတော့ ကြောက်လန့်တကြား တုန်ယင်နေကြသည်။
[ တူရှင်းဟယ်၊ ငါက သွေးဆာတဲ့လူ မဟုတ်ဘူး။ မင်းရဲ့ မိစ္ဆာကျင့်စဉ်တွေကို ဖျက်ဆီးလိုက်။ စည်းကမ်းထိန်းသိမ်းရေး ခန်းမမှာ ကြိမ်ဒဏ် တစ်ရာ ခံယူ။ ပြီးရင် ဓားသင်္ချိုင်းမှာ တစ်ပတ်ကြာ ဆင်ခြင်သုံးသပ်နေ...]
တူရှင်းဟယ် အံ့သြတုန်လှုပ်စွာဖြင့် မျက်လုံး ပြူးသွားခဲ့သည်။
“ဘိုးဘေး... ကျွန်တော့်ကို... ကျွန်တော့်ကို မသတ်ဘူးလား။”
[ ဘာထူးမှာလဲ။ မင်း တကယ်ပဲ နောင်တရတယ်ဆိုရင် အမှားကို ပြင်ဆင်တာက အဓိပ္ပာယ်မရှိတဲ့ သေခြင်းတရားထက် အများကြီး ပိုတန်ဖိုးရှိတယ် ]
“ဘိုးဘေး...”
တူရှင်းဟယ် မျက်ရည်များ ဝဲလာပြီး လေးလေးနက်နက် ဦးတိုက်လိုက်၏။
“အမှားကို ပြင်ဆင်ခြင်းက အကြီးမြတ်ဆုံးသော သူတော်ကောင်းတရား” ဆိုသည်မှာ မည်သည်ကို ဆိုလိုမှန်း အပြည့်အဝ နားမလည်သေးသော်လည်း သူ့အပေါ် ထားရှိသော ကြီးမားသည့် မျှော်လင့်ချက်များကိုတော့ ခံစားလိုက်ရသည်။
ဘိုးဘေးက သူ့ကို ယုံကြည်ပေးသည်။ သူ့ကို တိုးတက်စေချင်သည်။
သူက ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်ရမည့်သူ၊ ကောင်းကင်ဘုံကိုပင် ဓားနှင့် ရင်ဆိုင်ရမည့်သူ ဖြစ်ရပေမည်...
ဓားကျင့်ကြံသူတစ်ဦး၏ လမ်းစဉ်တွင် မိစ္ဆာအတတ် မလိုပေ။ အတိတ်မှ ကျရှုံးမှုများနှင့် နောင်တများက ရှေ့ဆက်ရန် တွန်းအားများ ဖြစ်သင့်သည်။
အကယ်၍ ဘိုးဘေးကပင် သူ၏ အတိတ်မှ အမှားများကို အပြစ်မယူဘူးဆိုရင်... သူကကော ဘာလို့ ယူနေရမှာလဲ။
စိတ်ပိုင်းဖြတ်မှု အသစ်နဲ့အတူ တူရှင်းဟယ်၏ ခေါင်းပေါ်မှ ကြည်လင်သော စွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။ သူ ချက်ချင်း ထိုင်ချလိုက်ပြီး ဉာဏ်အလင်းပွင့်ခြင်း အခြေအနေထဲကို ဝင်ရောက်သွား၏။ မိစ္ဆာကျင့်စဉ်များကို အကုန် ထုတ်ပစ်လိုက်ရုံတင်မကဘဲ သူ၏ ကျင့်စဉ် အဆင့်မှာ ကျဆင်းမသွားဘဲ ပိုမြင့်တက်လာခဲ့သည်။ အခြေခံအုတ်မြစ်အဆင့် (နှောင်းပိုင်း)မှ အထွတ်အထိပ် အဆင့်ကို ရောက်သွားပြီး ရွှေရောင်အနှစ်သာရအဆင့်သို့ ကူးပြောင်းတော့မည့် လက္ခဏာများပင် ပြသနေသည်။
“လခွမ်းတဲ့မှ... ဒီဓားကျောင်းတော် တပည့်တွေကတော့ ရူးလောက်စရာပဲ။ ငါ စကား နည်းနည်းပဲ ပြောလိုက်ရသေးတယ်။ သူက ဉာဏ်အလင်းတောင် ပွင့်သွားပြီ...”
ချန်ဟွိုက်အန် တစ်ယောက် မနာလို ဖြစ်သွား၏။
ဘာလို့ သူ့ရဲ့ ကျင့်ကြံနှုန်းက ဒီလောက် နှေးနေရတာလဲ...
ဘာလို့ သူက ဉာဏ်အလင်းပွင့်တာမျိုး တစ်ခါမှ မကြုံဖူးရတာလဲ...
ဒါက သေချာပေါက် မိစ္ဆာကင်ဆာဆဲလ်တွေကြောင့် ဟန့်တားခံထားတာပဲ။
ဒါက မွေးရာပါ ပါရမီနဲ့ ဘာမှမဆိုင်ဘူး။
ငါ အဲဒါကို သေချာပေါက် ယုံကြည်တယ်။
ခန္ဓာကိုယ်ကို ပြုပြင်ဖို့ အချိန်တန်ပြီ။
[စုချီနျန်...]
“ဒီဂျူနီယာ ရှိနေပါတယ်...” စုချီနျန် ချက်ချင်း ဒူးထောက်လိုက်၏။
[မိစ္ဆာဂိုဏ်းတွေဟာ မိစ္ဆာကျင့်စဉ်တွေကို ဖြန့်ဝေပြီး ဖြောင့်မှန်တဲ့ဂိုဏ်း အတော်များများထဲကို ခိုးဝင်နေကြပြီ။ ဖြောင့်မှန်တဲ့ဂိုဏ်းအားလုံးကို အကြောင်းကြားပြီး အတွင်းပိုင်း စစ်ဆေးမှုတွေ လုပ်ခိုင်းလိုက်...]
“ဟုတ်ကဲ့... စိတ်ချပါ ဘိုးဘေး...”
ထို့နောက် ချန်ဟွိုက်အန်က ဘေးနားတွင် ရပ်နေသော ချစ်စရာကောင်းသည့် လီချင်းရန်ဘက်ကို လှည့်လိုက်သည်။
သူ့အသံက ချက်ချင်းဆိုသလို နူးညံ့သွား၏။
“ချင်းရန်လေးရေ၊ ကလေးလေး... အထဲကို လာခဲ့ဦး။ ကောင်းတဲ့ အကြောင်းကိစ္စလေးတွေ ပြောကြတာပေါ့။ ဟဲဟဲဟဲ...”
အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဟင်းလင်းပြင်ထဲမှ အသံတစ်ခုက တည်ငြိမ်စွာ ကြေညာလိုက်၏။
[ လီချင်းရန်... အထဲကိုလာခဲ့။ စကားပြောရအောင်... ]