← Chapters

တပည့်ထံမှ ဝိညာဉ်‌ဆေးများ တောင်းခံခြင်း

Vol. 15 Ch. 148

တပည့်ထံမှ ဝိညာဉ်‌ဆေးများ တောင်းခံခြင်း

Vol. 15 Ch. 148

စုချီနျန်က တရားထိုင်နေသော တူရှင်းဟယ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြန်လည် ထွက်ခွာသွားသော လီချင်းရန်၏ ကျောပြင်ကို ကြည့်ရင်း စိတ်ထဲတွင် မတည်မငြိမ် ဖြစ်နေရသည်။

“...ဘိုးဘေးကတော့ တကယ့်ကို ဘိုးဘေးပါပဲ။”

သူက ချန်ဟွိုက်အန် တူရှင်းဟယ်ကို မဆိုင်းမတွ သတ်ပစ်လိမ့်မည်ဟု ထင်ထားခဲ့ခြင်းပင်။

သို့သော် မျှော်လင့်ချက်အားလုံးကို ဆန့်ကျင်ပြီး တူရှင်းဟယ်မှာ အသက်ရှင်ကျန်ရုံတင်မက အတိတ်မှ နောင်တများကိုပါ ကျော်လွှားနိုင်ခဲ့ကာ ဘေးဒုက္ခမှ ကောင်းချီးမင်္ဂလာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ကံကြမ္မာဆိုသည်မှာ ကြိုတင်သတ်မှတ်ထားပြီးသား ဖြစ်ချင် ဖြစ်ပေလိမ့်မည်။

ဘိုးဘေးမှာမူ ကံကြမ္မာကို ဆုပ်ကိုင်ပြီး မိမိအလိုရှိသလို လှည့်ပတ်နိုင်စွမ်းရှိနေသည့်ပုံမျိုးပင်။

တူရှင်းဟယ်၏ ကံကြမ္မာကို မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲပစ်နိုင်သည့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးသာ ဖြစ်ပေလိမ့်မည်။

တူရှင်းဟယ်၏ ပတ်ပတ်လည်တွင် အကာအကွယ် အခင်းအကျင်းတစ်ခုကို ချထားခဲ့ပြီးနောက် စုချီနျန်က ဓားပျံပေါ်သို့ တက်ကာ ထွက်ခွာသွားတော့သည်။

ဘိုးဘေး၏ အမိန့်မှာ ရိုးရှင်းလှသည်ဟု ထင်ရသော်လည်း၊ လက်တွေ့တွင် အကောင်အထည်ဖော်ရန်မှာမူ အလွန်ခက်ခဲပေလိမ့်မည်။ အခြား ဂိုဏ်းခေါင်းဆောင်များ၊ ထိုရှေးကျပြီး မာနကြီးလှသည့် အဘိုးကြီးများကို သူတို့၏ တပည့်များမှာ မိစ္ဆာဝါးမျိုခြင်း ခံနေရပြီ ဖြစ်ကြောင်း ယုံကြည်အောင် ပြောဆိုရန်မှာ လွယ်ကူသောကိစ္စ မဟုတ်။

ထိုအဘိုးကြီးများ မည်မျှ မာနကြီးကြောင်းကို စုချီနျန် အသိဆုံးပင်။

အကြောင်းမှာ...

သူကိုယ်တိုင်လည်း ထိုကဲ့သို့သော မာနမျိုး ရှိခဲ့ဖူးသောကြောင့်ပင်။

တဲအိမ်လေးအတွင်း၌။

ချန်ဟွိုက်အန်သည် လီချင်းရန်ထံမှ ဝိညာဉ်ဆေးအချို့ တောင်းချင်နေသည်။ သို့သော် မည်သို့ စကားစရမည်ကို မသိပေ။ ထို့ကြောင့် လောလောဆယ်တွင် သူ၏ ချစ်စရာကောင်းသော တပည့်လေးကိုသာ စိုက်ကြည့်ရင်း အတွေးနက်နေသည့် ပုံစံမျိုး ဖမ်းနေလိုက်သည်။

[ ချင်းရန်၊ ဒီနေ့ဖြစ်သွားတဲ့ ကိစ္စတွေအပေါ် မင်း ဘယ်လိုထင်လဲ ]

“ဆရာက အရမ်းကို ကြင်နာတတ်တဲ့သူပါ...” လီချင်းရန်က မေးစေ့ကို လက်ဖြင့် ထောက်ကာ ခေါင်းပေါ်ရှိ နေရာလွတ်ကို ကြယ်ကလေးများလို တောက်ပနေသည့် မျက်ဝန်းများဖြင့် ငေးကြည့်နေ၏။

“ဆရာက အပြင်ပန်းမှာ အမြဲတမ်း အေးစက်နေတယ်လို့ ထင်ရပေမဲ့ ချင်းရန်ကတော့ ဆရာ့မှာ နူးညံ့တဲ့ နှလုံးသားရှိတယ်ဆိုတာ သိတယ်...”

သူက ဆရာဖြစ်သူကို မမြင်ရသော်လည်း ကိစ္စမရှိပေ။ သူ၏ စိတ်ကူးထဲတွင် သူ့ပုံရိပ်ကို အပြည့်အဝ ပုံဖော်ထားနိုင်ပြီးသား ဖြစ်သည်။

“အင်း... မင်းပြောတာ အမှန်ပဲ...”

ချန်ဟွိုက်အန် တစ်ယောက် အလွန်ပင် ကျေနပ်သွားသည်။

...သို့သော် လီချင်းရန် အမှန်တကယ် ကြားလိုက်ရသည်မှာ...

[ ငါ့ကို မြှောက်မနေနဲ့ ]

ချန်ဟွိုက်အန် ချောင်းတစ်ချက်ဟန့်လိုက်ပြီး ဆက်ပြောသည်။

“ဒါနဲ့ ငါ့တပည့်လေး၊ မင်းမှာ ပိုနေတဲ့ ဝိညာဉ်ဆေးတွေ ရှိလား။ ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ် ရတယ်။ ငါ့ကိုသာ ပေးလိုက်။ အရေးကြီးတဲ့ ကိစ္စတစ်ခုအတွက် သုံးဖို့လိုနေလို့...”

ခဏမျှ တိတ်ဆိတ်သွား၏။

လီချင်းရန် အမှန်တကယ် ကြားလိုက်ရသည်မှာ..

[ ငါ အဂ္ဂိရတ်ပညာရပ်ကို သုတေသန လုပ်နေတာ၊ ဒါပေမဲ့ သီးခြားနေရာလွတ်တစ်ခုမှာ ရှိနေတဲ့အတွက် ကုန်ကြမ်းပစ္စည်းတွေ လိုအပ်နေတယ်။ တကယ်လို့ မင်း ငါ့ကို ဝိညာဉ်ဆေးရည် အချို့ ပေးနိုင်ရင် အဲဒါတွေက သိပ်ပြီး အထောက်အကူ မဖြစ်ရင်တောင် အဲဒီဆေးတွေရဲ့ အာနိသင်တွေကို လေ့လာလို့ ရတာပေါ့ ]

လီချင်းရန် မျက်တောင်လေး ခတ်လိုက်ပြီး သူ့စကားကို အကြွင်းမဲ့ ယုံကြည်သွား၏။ လုံးဝ မဆိုင်းမတွဘဲ သူက ရှိသမျှ ဝိညာဉ်ဆေးအားလုံးကို ထုတ်ယူကာ စားပွဲပေါ် တင်လိုက်သည်။

“ဆရာ၊ လိုအပ်တာ အကုန်ယူပါ။”

သူ၏ ရင်ထဲတွင် အားကျကြည်ညိုစိတ်များဖြင့် ပြည့်နှက်သွား၏။ မျှော်လင့်ထားသည့်အတိုင်း ဆရာကတော့ ဆရာပင်... မိစ္ဆာကြီးတစ်ကောင်နှင့် တိုက်ခိုက်ခဲ့ရပြီး ပြင်းထန်သော ဒဏ်ရာများ ရထားသည့်တိုင် အဂ္ဂိရတ်ပညာရပ်ကို လေ့လာရန် အားအင်များ ရှိနေသေးသည်လား...

ဆရာက ဘာလို့ ဒီလောက်တောင် အစွမ်းထက်ပြီး ဗဟုသုတ ကြွယ်ဝနေရသလဲဆိုတာ အံ့သြစရာ မဟုတ်တော့ပါဘူး...

ဆရာနှင့် နှိုင်းယှဉ်လျှင် သူကိုယ်သူ ပျင်းရိသည့် ဝက်ကလေးတစ်ကောင်ကဲ့သို့ ခံစားလိုက်ရ၏။

ရှက်သွေးဖြာသွားသော လီချင်းရန်က လက်သီးကို တင်းတင်းဆုပ်ကာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ ယနေ့မှစ၍ သူက တစ်နေ့ကို နှစ်နာရီသာ အိပ်တော့မည်။ ကျန်သော အချိန်များကိုတော့ ကျင့်ကြံခြင်းတွင်သာ အကုန် အသုံးပြုပေတော့မည်...

ချန်ဟွိုက်အန်က စားပွဲပေါ်ရှိ ဝိညာဉ်ဆေး အပုံလိုက်ကြီးကို စိုက်ကြည့်နေမိသည်။ အများစုကို သူ ယူသွား၍ ရနိုင်သည်။

သို့သော် အချို့တွင် ကန့်သတ်ချက်များ ရှိနေ၏။

အချို့မှာ “လီချင်းရန်အတွက်သီးသန့်” ဟု ပြနေသည်။

လစဉ်ကတ်နှင့် တိုက်ပွဲခေါ်သံ စနစ်တို့မှ ရရှိထားသည့် ဒဏ်ရာပျောက်ဆေးနှင့် စိတ်ဝိညာဉ် ချီစွမ်းအင် ပြန်လည်ဖြည့်တင်းဆေးများ ဖြစ်ပေလိမ့်မည်။

အချို့မှာမူ “လက်ရှိအဆင့်တွင်အသုံးပြုမရ” ဟု ပြနေသည်။

၎င်းတို့မှာ အဆင့်တက်ဆေးများဖြစ်သည့် အခြေခံအုတ်မြစ် ဆေးလုံးများ ဖြစ်ကြပြီး သူ့အနေဖြင့် ချီသန့်စင်ခြင်း အထွတ်အထိပ်သို့ အရင်ရောက်ရှိရန် လိုအပ်သည်။

သို့သော်လည်း သူ ဇီဇာမကြောင်ပေ။ ထိုနေရာတွင် ရှိနေသည်များနှင့်တင် စမ်းသပ်ရန် လုံလောက်နေလေပြီ။ ချန်ဟွိုက်အန်က ဆေးတစ်မျိုးစီမှ တစ်လုံး သို့မဟုတ် နှစ်လုံးစီကို ယူပြီး ကျန်သည်များကိုတော့ ထိုအတိုင်း ထားခဲ့သည်။

သူ အရင်ဆုံး စမ်းသပ်ကြည့်ရန် လိုအပ်သည်။ အကယ်၍ ဝိညာဉ်ဆေးတစ်ခုခုက သူ၏ ကင်ဆာကို ကုသရာတွင် အထောက်အကူ ဖြစ်ခဲ့လျှင် နောင်အခါတွင် ထိုဆေးကိုပဲ သူ တောင်းတော့မည်။

“ချင်းရန်၊ ဒီဆေးတွေက တကယ်ကို ကောင်းတယ်။ ငါ လေ့လာဖို့နဲ့ သုံးဖို့အတွက် အချို့ကို ယူသွားမယ်။”

လီချင်းရန်က စားပွဲပေါ်ရှိ အခြေခံဝိညာဉ်ဆေးများကို ကြည့်ပြီး ရှက်သလို ခံစားလိုက်ရသည်။ သူ၏ဆရာမှာ အလွန်အစွမ်းထက်သည့် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။

သူက ထိုကဲ့သို့ အဆင့်နိမ့်ဆေးများကို မည်သည်ကြောင့် လိုအပ်မည်နည်း။ သူက မိမိအတွက်ကြောင့်သာ ယူသွားသည်မှာ သိသာလှ၏။ အကယ်၍ သူသာ တကယ်လိုအပ်လျှင် အကုန်ယူသွားပေလိမ့်မည်။

လီချင်းရန် ကျောကို ဆန့်လိုက်ပြီး နှုတ်ခမ်းကို ကိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။

“ဆရာ၊ နောက်ကျရင် ဆရာ့အတွက် ပိုကောင်းတဲ့ ဝိညာဉ်ဆေးတွေ ဖော်စပ်ပေးနိုင်ဖို့ ကျွန်မ ကျင့်ကြံခြင်းနဲ့ အဂ္ဂိရတ်ညာရပ်တွေကို ကြိုးစားအားထုတ်သွားပါ့မယ်...”

သူသည် မူလက ပိုကောင်းသည့်ဆေးများကို ဝယ်ရန် စိတ်ကူးထားသော်လည်း...

ထိုသို့ ပြုလုပ်ခြင်းက သူကို အသုံးမကျသလို ဖြစ်စေလိမ့်မည်။ သူ့တွင် ရှိသည့် ဝိညာဉ် ကျောက်တုံးအားလုံးမှာ ဆရာ့ဆီမှ ရထားခြင်း ဖြစ်သည်။ ဆရာ့ဆီမှ ရထားသော ကျောက်တုံးများကို သုံးပြီး ဆရာ့အတွက် ဆေးဝယ်ပေးရမည်ကို သူ အလွန်ရှက်မိသည်။ ထိုအတွေးကို တွေးမိရုံနှင့်တင် သူ တွန့်သွားမိ၏။

[ကောင်းပြီ...]

ချန်ဟွိုက်အန် ဂိမ်းထဲမှ ထွက်လိုက်သည်။

ရှေ့တွင် ရှိနေသော ဝိညာဉ်ဆေး ၄လုံးကို သူ စိုက်ကြည့်နေမိပြီး မျက်လုံးများမှာ တောက်ပ နေလေသည်။

အထူးအဆင့် မဟာနလန်ထူဆေးလုံး - (ဒဏ်ရာများကို ကုသပေးသည်။ကင်ဆာအတွက်မူ အသုံးမဝင်လောက်ပေ။)

အထူးအဆင့် စိတ်ဝိညာဉ်ချီစွမ်းအင် လှည့်ပတ်ဆေးလုံး- (စိတ်ဝိညာဉ်ချီစွမ်းအင် စုပ်ယူမှုကို မြှင့်တင်ပေးသည်။ အသုံးဝင်နိုင်သည်။)

အထူးအဆင့် ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံး - (ခန္ဓာကိုယ်ကို သန့်စင်ပေးသည်။ အထောက်အကူ ဖြစ်နိုင်ပေသည်။)

အထူးအဆင့် အဆိပ်ဖြေဆေးလုံး - (အဆိပ်အတောက်များကို ပြယ်စေသည်။ ကုသနိုင်စွမ်း ရှိသည်။)

သူက စိတ်ဝိညာဉ်ချီစွမ်းအင်လှည့်ပတ်ဆေးလုံး သို့မဟုတ် အဆိပ်ဖြေဆေးလုံး အပေါ်တွင် လောင်းကြေးထပ်ထားသည်။ အကယ်၍ သူ၏ ကျင့်ကြံဆင့်ကို မြှင့်တင်နိုင်လျှင် ထိုမိစ္ဆာကင်ဆာ ဆဲလ်များကို နှိမ်နင်းနိုင်မည်၊ သို့မဟုတ် မောင်းထုတ်နိုင်ပေလိမ့်မည်။ အကယ်၍ အဆိပ်ဖြေ ဆေးလုံးက အလုပ်လုပ်လျှင်မူ သူ့ကို တိုက်ရိုက် ကုသပေးနိုင်ပေလိမ့်မည်။

ပထမဆုံး စမ်းသပ်မှုမှာ စိတ်ဝိညာဉ်ချီစွမ်းအင် လှည့်ပတ်ဆေးလုံးပင်။

ချန်ဟွိုက်အန် ဆေးလုံးကို ပါးစပ်ထဲထည့်ကာ ရေနှင့် မျှောချလိုက်သည်။ ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ်ချီစွမ်းအင်များ အရှိန်အဟုန်နှင့် စုစည်းလာပြီး သူ၏ ခန္ဓာကိုယ် အတွင်းသို့ စိမ့်ဝင်လာသည်ကို သူ ခံစားလိုက်ရ၏။

သူ၏ ကိုးလှည့်စိတ်ဝိညာဉ်သစ်ခွပန်းက ထိုအာနိသင်ကို ပိုမိုအားကောင်းစေပြီး စိတ်ဝိညာဉ် ချီစွမ်းအင် စုပ်ယူမှုကို ပိုမို ပြင်းထန်စေသည်။ ပုံမှန်အားဖြင့် သူသည် စိတ်ဝိညာဉ်ချီစွမ်းအင်ကို ကောင်းစွာပင် မခံစားနိုင်သော်လည်း ယခုတွင်မူ သူသည် စိတ်ဝိညာဉ်ချီစွမ်းအင်များထဲတွင် စိမ်နေရသကဲ့သို့ ခံစားနေရသည်။

အချိန်မဖြုန်းဘဲ သူက ဒီရေလှိုင်းကျင့်စဉ်ကို ကျင့်ကြံရန် ထိုင်လိုက်သည်။ နှစ်နာရီအကြာတွင် ဆေး၏အာနိသင် ကုန်သွား၏။ ချန်ဟွိုက်အန်က သူ၏ ကျင့်ကြံခြင်း တိုးတက်မှုကို စစ်ဆေးရန် ဖုန်းကို ယူလိုက်သည်။

ကျင့်ကြံခြင်းအဆင့်က ချီသန့်စင်ခြင်း အဆင့်(၁)တွင်သာ ရှိနေဆဲပင်။

ဘာမှ မပြောင်းလဲပေ။

...ထို့နောက် အကြောင်းကြားစာတစ်ခု တက်လာ၏။

[ သင်၏ ကျန်ရှိသော သက်တမ်း - ၃၂ ရက် ]

ချန်ဟွိုက်အန် - “...”

တစ်ခုခုတော့ လွဲနေပြီ။

နေပါဦး...

အရင်က ငါ့မှာ ကျန်တဲ့ရက်က ၃၇ ရက် မဟုတ်လား...

သက်တမ်း ၅ရက်လောက်ကို အခုလေးတင် ဆုံးရှုံးသွားတာလား...

နေပါဦး။ ဒါက...

စိတ်ဝိညာဉ်ချီစွမ်းအင် လှည့်ပတ်ဆေးလုံးကြောင့်များလား...

မဖြစ်နိုင်ဘူး။ ဒီဆေးက သက်တမ်းတိုစေတယ်လို့ မှတ်တမ်းမရှိဘူး။

နောက်တစ်ခါ ထပ်စမ်းလိုက်တာ ပိုကောင်းမယ်။

ချန်ဟွိုက်အန်က နောက်ထပ် စိတ်ဝိညာဉ်ချီစွမ်းအင်လှည့်ပတ်ဆေးလုံး တစ်လုံးကို သောက်ပြီး နောက်ထပ် နှစ်နာရီကြာ ကျင့်ကြံလိုက်ပြန်သည်။ ဖုန်းကို ထပ်မံစစ်ဆေးလိုက်သောအခါ...

ကျင့်ကြံခြင်းအဆင့် - ချီသန့်စင်ခြင်း အဆင့်(၂)...

အကြောင်းကြားစာအသစ်...

[ သင်၏ ကျန်ရှိသော သက်တမ်း - ၂၈ ရက် ]

ချန်ဟွိုက်အန် တစ်ယောက် တောင့်တင်းသွား၏။ သူ၏ စိတ်ထဲတွင် ဗလာကျင်း ဖြစ်သွားသည်။

ထို့နောက် ရုတ်တရက်...

“ဒီခွေးမသားကတော့ XXX …”

လီချင်းရန် - ....

All Chapters