← Chapters

သူ ခေါင်းညိတ်ပြတယ်

Vol. 15 Ch. 149

သူ ခေါင်းညိတ်ပြတယ်

Vol. 15 Ch. 149

ချန်ဟွိုက်အန်၏ဘဝတွင် ယခုလောက် ကင်ဆာကို မုန်းတီးခဲ့ဖူးခြင်း မရှိပေ။

ဒီအကောင်က ငါ့ရဲ့ခန္ဓာကိုယ်ကို အပိုင်စီးဖို့ ကြိုးစားနေရုံ မကဘဲနဲ့ စိတ်ဝိညာဉ်ချီစွမ်းအင်တွေပါ ခိုးယူနေတာလား...

စိတ်ဝိညာဉ်ချီစွမ်းအင် လှည့်ပတ်ဆေးလုံး၏ အာနိသင်များကို ထိုမိစ္ဆာကင်ဆာဆဲလ်များက အကုန်လုံး ဝါးမျိုပစ်လိုက်ခြင်း ဖြစ်သည်။ ကင်ဆာကို တိုက်ထုတ်ရန် သူဆွဲခဲ့သော အစီအစဉ်က တကယ်တမ်း ကင်ဆာကို အစာကျွေးလိုက်သလို ဖြစ်သွားခဲ့ရသည်။

“မင်းကို ကိုင်တွယ်ဖို့ ငါ့မှာ နည်းလမ်းမရှိဘူးလို့ တကယ်ထင်နေတာလား...”

ချန်ဟွိုက်အန်၏ မျက်နှာ မှောင်ကျသွားပြီး သူ၏မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။ သန်းခေါင်ယံအချိန်ကို ရောက်သည်နှင့် သူသည် ကောင်းကင်နက္ခတ်ကို တွက်ချက်ကာ ပြီးပြည့်စုံသော တန်ပြန်နည်းလမ်းကို ရှာပေတော့မည်။

ကောင်းကင်ကြောင့် မျက်စိ မကွယ်အောင်၊ မြေကြီးက မမြှုပ်နိုင်အောင် သေချာပေါက် လုပ်ရမယ်။

ပြီးတော့ ဒီကင်ဆာကောင်က ငါ့ကို ဒူးထောက်ပြီး ဖေဖေကြီးလို့ ခေါ်စေရမယ်...

ထိုအတွေးဖြင့် သူက စိတ်ကို တည်ငြိမ်စေရန် ရေခွက်ကိုယူကာ အငမ်းမရ သောက်လိုက်သည်။ သို့သော် ယနေ့တွင် ရေကပင် သူ့စကားကို နားမထောင်တော့ပ။ ရေသည် လည်ချောင်းထဲသို့ ပုံမှန်အတိုင်း စီးမသွားဘဲ လေပြွန်ထဲသို့ ဝင်သွားကာ သူ့ကို ပြင်းပြင်းထန်ထန် ချောင်းဆိုးစေပြီး နေရာမှာတင် သေလုမတတ် ဖြစ်သွားစေခဲ့သည်။

သူ အသက်ရှူ ကျပ်နေစဉ်မှာပင် ဖိတ်စင်သွားသော ရေများက သံကြမ်းပြင်ကြားမှ စီးဆင်းသွားပြီး အပြင်ထွက်နေသော လျှပ်စစ်ဝါယာကြိုးဟောင်း တစ်ခုဆီသို့ ရောက်သွားတော့သည်။

ရှဲ...ဖြတ်...

ဝါယာကြိုးမှ မီးပွားများ စူးစူးရှရှ ထွက်လာပြီးနောက်...

တစ်ဆောက်အဦးလုံး လျှပ်စစ်မီးများ ပြတ်တောက်သွားတော့သည်။ ပထမဆုံး ထိခိုက်မှုမှာ ချန်ဟွိုက်အန်ရှိရာ အကျဉ်းခန်း (၀) ဖြစ်သည်။ အခန်း (၁) နှင့် (၂) သည်လည်း ပတ်လမ်းအချို့ကို အတူတူ သုံးထားသဖြင့် ကွင်းဆက်တုံ့ပြန်မှု ဖြစ်ကာ အကျဉ်းခန်း သုံးခုလုံး ‌ရှော့ဖြစ်သွား၏။

စနစ် တစ်ခုလုံး ပြိုလဲသွားတော့သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် အခန်းသုံးခုလုံးက မှောင်အတိ ကျသွားခဲ့သည်။

ထို့နောက်—...

အခန်း(၀)၊ (၁)နှင့် (၂)တို့ကို ခြားနားထားသော ထူထဲသည့် သံမဏိနံရံကြီးများ...

... အလိုလို ပွင့်လာတော့သည်။

၎င်းတို့အားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ ချန်ဟွိုက်အန် ဘာဖြစ်နေမှန်း သတိထားမိချိန်တွင်တော့ သူ၏အခန်းမှာ မှောင်အတိ ကျနေပြီ ဖြစ်သည်။ ကိုယ့်လက်ကိုပင် မမြင်ရသည့် အမှောင်ထုမျိုးပင်။

“...ရေသောက်ရင်းနဲ့ပဲ လျှပ်စစ်စနစ်တစ်ခုလုံးကို ပျက်အောင် လုပ်လိုက်မိတာလား။”

ချန်ဟွိုက်အန်ရေခွက်ကို ဂရုတစိုက် ပြန်ချလိုက်သည်။ ကံတရားဆုံးရှုံးမှု၏ တကယ့် ထိတ်လန့်စရာကို သူ ကိုယ်တိုင် လက်တွေ့ ခံစားလိုက်ရပြီ ဖြစ်သည်။ ကံဆိုးသူက ရေသောက်ရင်းနှင့်ပင် အသက်ထွက်နိုင်သည်က နောက်နေကြခြင်း မဟုတ်ပေ။

သို့သော် ရေသောက်ရင်း အသက်ရှူကျပ်ရုံသာမကဘဲ တစ်ဆောက်အဦးလုံး မီးပြတ်အောင် လုပ်မိတာကတော့ ကံဆိုးမှု အဆင့်သစ် တစ်ခုပင်။

“...မိစ္ဆာနှိမ်နင်းသူဗျူရိုက ငါ့ကို လျော်ကြေးတွေ တောင်းမှာတော့ မဟုတ်ပါဘူးနော်။ ငါက အကြွေး ၆၈၀၀၀၀တောင် တင်နေတာ... ဘယ်က ပိုက်ဆံသွားရှာရမှာလဲ...”

သူ အမှောင်ထဲ ထိုင်ရင်း နောင်တတွေ ရနေစဉ်မှာပင်...

ဒုန်း...

ဒုန်း...

လေးလံသော ခြေသံနှစ်ချက် ထွက်ပေါ်လာခဲ့ပြီး သူ၏ခြေထောက်အောက်မှ ကြမ်းပြင်ကြီး တုန်ခါသွားသည်။ ချန်ဟွိုက်အန်၏ခေါင်းက အကျဉ်းခန်း(၁)ဘက်သို့ ချက်ချင်း လှည့်သွားသည်။ အမှောင်ထုထဲမှနေ၍ အနီရောင် မျက်လုံးနှစ်လုံးမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် တောက်ပနေ၏။

ထိုသတ္တဝါက သူ့ကို စောင့်ကြည့်နေခြင်း ဖြစ်သည်။ မိုးကြိုးပစ်သလို လေးလံလှသော ခြေလှမ်းတိုင်းနှင့်အတူ ၎င်းက သူ့ဆီသို့ တဖြည်းဖြည်း နီးကပ်လာနေ၏။

“အာ... ဒုက္ခပဲ။”

ချန်ဟွိုက်အန်၏ အသက်ရှူသံများ တုန်ယင်လာသည်။

“...ဝက်ဝံရုပ်လေးက အသက်ရှင်နေတာပဲ။”

ထိုအချိန်တွင် စောင့်ကြည့်ရေးခန်း၌...

“အခန်း(၀)မှာ မီးပျက်သွားပြီ...”

မိစ္ဆာနှိမ်နင်းသူများနှင့် သုတေသီများ အုပ်စုက အခန်း (၀)၊ (၁) နှင့် (၂) တို့၏ မှောင်နေသော ဖန်သားပြင်များကို ကြည့်ကာ မျက်နှာများ ပျက်နေကြသည်။

“ဒါ စနစ်ချို့ယွင်းတာ ဖြစ်ရမယ်...” တစ်ယောက်က ခန့်မှန်းလိုက်သည်။

ရှန့်ရှောင်ယွမ်က စိုးရိမ်နေသော်လည်း တည်ငြိမ်အောင် ထိန်းထားသည်။ “အကျဉ်းနံရံတွေ ပိတ်နေသရွေ့တော့ ကြီးကြီးမားမား ပြဿနာ မရှိနိုင်ပါဘူး။”

“...အဲ... ကပ္ပတိန်ရှန့်...”

သုတေသီတစ်ဦးမှာ တုန်ယင်နေသော လက်များဖြင့် နဖူးမှ ချွေးအေးများကို သုတ်လိုက်သည်။ “အ..အခန်း (၁) နဲ့ (၂) ရဲ့ နံရံတွေ... အလိုလို ပွင့်သွားပါပြီ။”

ရှန့်ရှောင်ယွမ် - “…”

“ဘာပြောတယ်...”

ရှန့်ရှောင်ယွမ်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွား၏။ “ဒုက္ခပဲ... ဒါ တကယ်ကို ဆိုးသွားပြီ...”

ဘေးမှ မိစ္ဆာနှိမ်နင်းသူတစ်ဦးက စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်သည်။ “ဟုတ်တယ် ကပ္ပတိန်။ KSC-01... ပန်းရောင်ဝက်ဝံရုပ်ကြီးက မီတာပေါင်းများစွာ ထူတဲ့ သံမဏိနံရံတွေကို စက္ကူလို ထိုးဖောက်နိုင်နေတာ။ အဲဒါက အရုပ်ပုံစံနဲ့ ဟော့ခ်ကြီးပဲ။”

“ပြီးတော့ KSC-02... အဲဒီမိစ္ဆာစနိုက်ပါရိုင်ဖယ်ကလည်း ပြင်ဆင်မထားတဲ့ ဗိုလ်ချုပ်အဆင့် မိစ္ဆာနှိမ်နင်းသူတစ်ယောက်ကိုတောင် အပိုင်းပိုင်း ပြတ်သွားအောင် ပစ်နိုင်တာ။”

“အခု သူတို့နှစ်ကောင်က အခန်းတစ်ခုတည်းမှာ ဆုံနေကြပြီလား... ကျုပ်တို့တော့ သေပြီ။”

လျှပ်စစ်စနစ်ကို ပြုပြင်ရန် လွယ်သော်လည်း တကယ်တမ်း ခက်ခဲမည့်အရာမှာ ဝက်ဝံရုပ်လေးနှင့် မိစ္ဆာစနိုက်ပါရိုင်ဖယ်ကို ပြန်ခွဲထုတ်ရန်ပင် ဖြစ်သည်။ အကယ်၍ သူတို့ သတိမထားလျှင် ယနေ့ လူအချို့ အသက်ဆုံးရှုံးနိုင်၏။

“...ကျွန်မဆီကို KSC-67 ယူလာခဲ့။”

ရှန့်ရှောင်ယွမ်က မိစ္ဆာနှိမ်နင်းသူ တစ်ဦးဘက်သို့ လှည့်လိုက်သည်။ “ပြီးတော့ ရှင်တို့ရဲ့ အကာအကွယ်မျက်မှန်တွေကို သေချာတပ်ထားကြ။ အရေးကြီးတဲ့ မစ်ရှင်မရှိတဲ့ မိစ္ဆာနှိမ်နင်းသူ တစ်ယောက်ကိုလည်း ရှာထားလိုက်။”

“နေပါဦး... ကပ္ပတိန်၊ ကပ္ပတိန်က အကျဉ်းခန်း သုံးခုလုံးကို နှိမ်နင်းဖို့ KSC-67 ကို သုံးမလို့လား။”

“မဟုတ်ဘူး...” ရှန့်ရှောင်ယွမ် သက်ပြင်းချကာ ခေါင်းခါလိုက်သည်။ “အကျဉ်းခန်း(၀)ကလူ ကျန်တဲ့နှစ်ကောင်ကို သတ်ပစ်မှာစိုးလို့... တားဖို့အတွက် သုံးရမှာ။”

KSC-67 မှာ တည်ငြိမ်စေသော အလင်းသဲနာရီမှန် ဖြစ်၏။

၎င်းသည် အမွေအနှစ်အဆင့်ရှိသော ထိန်းသိမ်းရေးပစ္စည်းတစ်ခု ဖြစ်ပြီး ဖန်သားအိမ်ထဲတွင် တောက်ပနေသော အပြာရောင် သဲပွင့်လေးများ ရှိနေသည့် နက်မှောင်သော သစ်သားသဲနာရီ ဖြစ်သည်။ ၎င်း၏ အာနိသင်မှာ ရိုးရှင်းသည်။ ၎င်းကို စိုက်ကြည့်သော မည်သည့်သက်ရှိမဆို တဖြည်းဖြည်းနှင့် အလွန်အမင်း တည်ငြိမ်သော အခြေအနေထဲသို့ ရောက်ရှိသွားခြင်းပင်။ လက်ရှိတွင် ၎င်းက ဗိုလ်ချုပ်အဆင့်နှင့်အောက် သက်ရှိအားလုံးအပေါ် အလုပ်လုပ်သည်။

သို့သော် ကြီးမားသော အားနည်းချက်တစ်ခု ရှိသည်။ ၎င်းမှာ အသုံးပြုသူရော ပစ်မှတ်ပါ ရေတိုမှတ်ဉာဏ် ဆုံးရှုံးသွားစေခြင်း ဖြစ်သည်။ လူတစ်ယောက်တည်းအပေါ် အကြိမ်ကြိမ် အသုံးပြုလေလေ၊ မှတ်ဉာဏ်ဆုံးရှုံးမှု ပိုမိုဆိုးရွားလာလေလေပင်။ ငါးကြိမ် အသုံးပြုပြီးလျှင် ထိုလူ၏ မှတ်ဉာဏ်များ ရှုပ်ထွေးသွားပြီး ဆယ်ကြိမ် အသုံးပြုပြီးနောက်တွင်မူ စိတ်က လုံးဝ ချို့ယွင်းသွားနိုင်သည်။ ထိုအန္တရာယ်ကြောင့်ပင် အလွန်အမင်း အရေးပေါ်သည့် အခြေအနေ များတွင်သာ အသုံးပြုလေ့ ရှိသည်။

ငါးမိနစ်အကြာတွင် KSC-67ကို သယ်ဆောင်လာသော အဖွဲ့က အကျဉ်းခန်း တံခါးဝသို့ ရောက်ရှိလာသည်။ အတွင်းထဲတွင် အမှောင်ထုက လွှမ်းမိုးထားဆဲဖြ စ်သော်လည်း၊ တိုက်ခိုက်သံများကို သူတို့ ကြားနေရသည်။ ကြမ်းပြင်များ တုန်ခါနေပြီး နံရံများလည်း တဂျိဂျိ ဖြစ်နေ၏။ ထိုရုတ်ရုတ်သဲသဲ အသံများကြားထဲမှ မိစ္ဆာစနိုက်ပါ ရိုင်ဖယ်၏ စူးရှသော ပစ်ခတ်သံကိုလည်း ကြားလိုက်ရသည်။

“သူတို့ စတိုက်နေပြီ...” ရှန့်ရှောင်ယွမ်က သက်ပြင်းချကာ လျှပ်စစ်သမားများကို အချက် ပြလိုက်သည်။ “အရင်ဆုံး မီးတွေ အရင်လင်းအောင် လုပ်လိုက်။”

ခလုတ်ကို နှိပ်လိုက်သည်နှင့်...

အကျဉ်းခန်းများ လင်းထိန်သွားတော့သည်။ ရှေ့တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် လူတိုင်းမှာ အံ့သြတုန်လှုပ်ကာ မှင်သက်သွားကြလေသည်။ ဆိုးဆိုးရွားရွား ဖြစ်နေမည်ဟု ကြိုတွေးထားသော ရှန့်ရှောင်ယွမ်ပင် နှုတ်ခမ်းများ တုန်ယင်သွားသည်အထိ ဖြစ်သွားရသည်။

အကျဉ်းခန်း(၀)အတွင်း၌...

နံရံများမှာ ပျက်စီးနေ၏။ ကြမ်းပြင်များမှာ ကျိုးပဲ့နေပြီး ပရိဘောဂများမှာလည်း အစအနပင် မကျန်အောင် ပြန့်ကျဲနေသည်။ ထိုအပျက်အစီးများ၏ အလယ်တွင် ခန္ဓာကိုယ်မှ ချုပ်ရိုးများ ပြုတ်ထွက်နေပြီး ပြင်းပြင်းထန်ထန် အသက်ရှူနေသော ပန်းရောင်ဝက်ဝံရုပ်ကြီးမှာ လဲလျောင်းနေသည်။

၎င်း၏ လည်ပင်းတွင်မူ ပြောင်းတံမှာ လေးကိုင်းတစ်ခုကဲ့သို့ ကောက်ကွေးနေသည့် မိစ္ဆာစနိုက်ပါ ရိုင်ဖယ် ပတ်ထားလျက် ရှိနေသည်။ စနိုက်ပါ၏ ရွှေရောင်မျက်လုံးကြီးမှာ ကြမ်းပြင်ကိုသာ ကြေကွဲစွာ စိုက်ကြည့်နေပြီး မျက်ဆံမှာ အလွန်အမင်း စိတ်ပျက်အားငယ်မှုများကြောင့် တုန်ယင်နေ၏။

ထိုဝက်ဝံရုပ်လေး၏ ဗိုက်ပေါ်၌ အပေါ်ပိုင်းဗလာကျင်းကာ တည်တည်ငြိမ်ငြိမ်ဖြင့် တင်ပလ္လင်ခွေ ထိုင်နေသူမှာ ချန်ဟွိုက်အန်ပင် ဖြစ်သည်။ သူ၏ ပတ်ပတ်လည်တွင် အားနည်းသော စွမ်းအင်အငွေ့အသက်များ ဝဲလည်နေ၏။ သူက ကြည့်နေသော လူများကို ပေါ့ပေါ့ပါးပါး လက်လှမ်းပြလိုက်သည်။

“ဟိုင်း...”

ထို့နောက် သူက ကြင်နာပြီး အပြစ်ကင်းစင်သော အပြုံးဖြင့် ပြောလိုက်သည်။

“ဒီပျက်စီးသွားတာတွေလား။ အင်း... သူတို့လုပ်တာနော်။ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး။”

“တကယ်လို့ လျော်ကြေးတောင်းမယ့်လူ ရှာနေတာဆိုရင် သူတို့ဆီပဲ သွားတောင်း။”

သူက ဝက်ဝံရုပ်လေး၏ ဗိုက်ကို ပုတ်လိုက်သည်။ “...ဟုတ်တယ်မလား၊ ဝက်ဝံရုပ်လေး...”

ဝက်ဝံရုပ်လေး ပြန်မပြောနိုင်ပေ။ ထို့ကြောင့် ချန်ဟွိုက်အန်က ၎င်း၏ခေါင်းကို ကိုင်ကာ သံကြမ်းပြင်နှင့် ဆောင့်ချလိုက်သည်။

ဒုန်း...ဒုန်း...

ဝက်ဝံရုပ်လေး၏ ခေါင်းမှ စပရိန်တစ်ခု ပြုတ်ထွက်လာခဲ့လေသည်။ ကြမ်းပြင်ကြီးလည်း ကွဲအက်သွား၏။ ချန်ဟွိုက်အန်က ဖခင်တစ်ဦးကဲ့သို့ တောက်ပသော အပြုံးဖြင့် မော့ကြည့်ကာ ပြောလိုက်သည်။

“တွေ့လား...”

“သူ ခေါင်းညိတ်ပြတယ်။”

All Chapters