အကြွေးဟောင်းတွေ ရှင်းရမယ့်အချိန်ရောက်ပြီ
Vol. 15 Ch. 150
“KSC-0ကို မြေအောက် မီတာ၁၀၀ အနက်ရှိတဲ့ အထူးပြုလုပ်ထားတဲ့ ထိန်းသိမ်းရေးယူနစ်တွင် ထားရှိရမယ်။ ယူနစ်ကို KSC-0ရဲ့ ဖျက်ဆီးနိုင်စွမ်း ခံနိုင်ရည်ရှိစေဖို့အတွက် ၁၅မီတာထူတဲ့ အဆင့်မြင့်သတ္တုစပ်နဲ့ ၅မီတာထူတဲ့ စွမ်းအင်ဒိုင်းလွှာတို့နဲ့ တည်ဆောက်ထားတယ်။ (ဒါပေမဲ့ လက်တွေ့စမ်းသပ်ချက် အရတော့ အဲဒီပမာဏက မလုံလောက်ဘူးလို့ ယူဆရတယ်)”
“KSC-0က အသက်ငယ်ရွယ်တဲ့ အမျိုးသား နိုးထသူတစ်ဦး ဖြစ်ပြီးတော့ ရုပ်ရည်ချောမောတယ်။ ညှို့ဓာတ် ရှိတယ်လို့ သံသယ ရှိတယ်။ ဘာလို့လဲဆိုတော့ သူရှိတဲ့ နေရာကို အမျိုးသမီး မိစ္ဆာနှိမ်နင်းသူတွေ အများကြီးက အလုပ်တွေ ပစ်ထားပြီး အိမ်သာ ခဏခဏ သွားချင် ယောင်ဆောင်ပြီးတော့ လာကြည့်နေကြလို့ပဲ။”
“KSC-0က ရိုးအအ တက္ကသိုလ်ကျောင်းသားတစ်ဦးလို့ ထင်ရပေမဲ့ တစ်ခါတစ်ရံ စိတ်အခြေအနေ မတည်မငြိမ် ဖြစ်တတ်တယ်။ သူ့ရဲ့ ခန့်မှန်းခြေ ဖျက်ဆီးနိုင်စွမ်းက အတော်လေး မြင့်မားတယ်။ သူ့ရဲ့ ခန္ဓာကိုယ်အတွင်းမှာ ထိန်းချုပ်မရတဲ့ ဗိုလ်ချုပ်အဆင့် မိစ္ဆာကင်ဆာနဂါး ရှိနေပြီးတော့ စမ်းသပ်ချက်တွေအရ KSC-0ဟာ ၅တန် လက်သီးချက်စွမ်းအားရှိတဲ့ KSC-01 (ဝက်ဝံရုပ်လေး)ကို အလွယ်တကူ နှိမ်နင်းနိုင်ခဲ့တာ သိခဲ့ရတယ်...”
လော်ရှီးဖော်သည် ရှေ့မှ အစီရင်ခံစာကို ကြည့်ရင်း ဆွံ့အလျက် ရှိနေသည်။
အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူ ရှန့်ရှောင်ယွမ်ကို မော့ကြည့်လိုက်သည်။
“...ထိန်းသိမ်းရေး အန္တရာယ်အဆင့် သတ်မှတ်ချက်အရ ချန်ဟွိုက်အန်ကို အဆင့်(A) (အပိုလွန် အဆင့်) လို့ သတ်မှတ်တာက နည်းနည်း များမနေဘူးလား...”
“လုံးဝ မများနေပါဘူး။” ရှန့်ရှောင်ယွမ်က သက်ပြင်းချကာ ဓာတ်ပုံတစ်ပုံကို သူ့ဆီသို့ ကမ်းပေးလိုက်သည်။
ဓာတ်ပုံထဲတွင်...
ချန်ဟွိုက်အန်က လက်တစ်ဖက်ဖြင့် ဧရာမဝက်ဝံရုပ်လေး၏ ခေါင်းကို ဖိထား၏။
အခြားလက်တစ်ဖက်ကမူ လိမ်ကောက်နေသည့် မိစ္ဆာစနိုက်ပါရိုင်ဖယ်ကို ကိုင်ထားသည်။
ဝက်ဝံရော ရိုင်ဖယ်ပါ သူတို့၏ ခေါင်းများမှာ ပျက်စီးနေသော သံကြမ်းပြင်ထဲသို့ နောင်တရ နေသည့်အလား နစ်ဝင်နေကြသည်။
“မအေxxx.... ဒါ တကယ်ကြီးလား...”
ဝက်ဝံရုပ်လေးနှင့် မိစ္ဆာစနိုက်ပါရိုင်ဖယ်တို့ မည်မျှ နာမည်ကြီးကြောင်းကို လော်ရှီးဖော် ကောင်းကောင်းသိသည်။
ထိုနှစ်ကောင်မှာ C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရို ထိန်းသိမ်းရေးစခန်း၏ ပြဿနာအမြွှာအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားသည်။
ဝက်ဝံရုပ်မှာ သတ်၍ မသေနိုင်သလို အကန့်အသတ်မရှိသော ခွန်အား ရှိနေသည်။ ၎င်းသည် တိုက်ခိုက်ရေးမုဒ်သို့ ဝင်သွားလျှင် အမွှေးများမှာ ပန်းရောင်မှ အနီရောင် ပြောင်းသွားတတ်သည်။ အနီရောင် အပြည့် ဖြစ်သွားလျှင် ၎င်း၏ လက်သီးချက်မှာ တန်၁၀၀ကျော်အထိ ရှိသွားသဖြင့် ၎င်းကို ပန်းရောင်အဆင့်မှာတင် နှိမ်နင်းခြင်း သို့မဟုတ် စိတ်အေးအောင် လုပ်ရခြင်းပင်။
မိစ္ဆာစနိုက်ပါရိုင်ဖယ်မှာမူ ကိုယ်ပိုင်အသိဉာဏ် ရှိနေသော သက်ရှိလက်နက်တစ်ခု ဖြစ်သည်။ သို့သော်... ၎င်းမှာ အလွန် မာနကြီးပြီး စိတ်တိုလွယ်သည်။ မကြာခဏဆိုသလို တမင်တကာ ကျည်ညှပ်ခြင်း သို့မဟုတ် ကျည်ထွက်မှားခြင်းတို့ လုပ်တတ်သည်။
အရေးကြီးဆုံးအချက်မှာ ၎င်းက အမျိုးသားများ အသုံးပြုခြင်းကို ငြင်းဆန်ခြင်းပင်။ လှပသော အမျိုးသမီး နိုးထသူများသာ ၎င်းကို ကိုင်တွယ်နိုင်ပြီး အမျိုးသမီး ပိုလှလေလေ ရိုင်ဖယ်၏ စိတ်အခြေအနေမှာ ပို၍ တည်ငြိမ်လေလေ ဖြစ်သည်။ သို့သော်လည်း ၅ချက်ခန့် ပစ်ပြီးလျှင် ၎င်းက ငြီးငွေ့သွားပြီး ဆက်ပစ်ရန် ငြင်းဆန်နေတတ်သည်။
၎င်းကို ဂျပန်နိုင်ငံမှ မူရာမာဆာမိစ္ဆာဓားများကဲ့သို့ ကျိန်စာသင့်ပစ္စည်းအဖြစ် သတ်မှတ်၍ ထားသော်လည်း ယခင်က ဗျူရိုအတွက် အလွန်အန္တရာယ်များသော မိစ္ဆာအချို့ကို သုတ်သင်ရာ ကူညီပေးခဲ့ဖူးသည်။ ၎င်း၏ စွမ်းအားနှင့် မာနမှာ ငြင်းဆိုစရာ မရှိပေ။
သို့သော် ယခုတွင်မူ...
၎င်းသည် ကျောင်းသားလေးတစ်ယောက်၏ အနိုင်ကျင့်ခြင်းခံထားရသည့်အတိုင်း တုန်ယင်နေပြီး လိမ်ကောက်နေသည့် အပိုင်းအစတစ်ခုအဖြစ်သို့ ရောက်ရှိနေ၏။ မိစ္ဆာစနိုက်ပါရိုင်ဖယ်သည် ယခင်က မည်သည့်အခါကမှ ထိုမျှလောက် အရှက်တကွဲ မဖြစ်ခဲ့ဖူးချေ။
“ချန်ဟွိုက်အန်ကို အခုတော့ ပိုကျယ်ပြီး ပိုသက်တောင့်သက်သာရှိတဲ့ အခန်းအသစ်ကို ရွှေ့ပေးထားပါတယ်။ အရင်အခန်းကတော့ လုံးဝကို ပျက်စီးသွားပြီ... သူကတော့ ကျွန်မတို့ကို လျော်ကြေးပေးရမလားဆိုပြီး တွန့်ဆုတ်နေတယ်။ အမှန်အတိုင်းပြောရရင် ဆုံးရှုံးမှုကတော့ တော်တော်များပါတယ်... ဒါပေမဲ့ ညွှန်ကြားရေးမှူး လီချန်းပိုင် ပြန်လာရင်တောင် သူ့ဆီကနေ ပိုက်ဆံတောင်းရဲမှာ မဟုတ်ဘူး။”
C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရို၏ အုပ်ချုပ်ရေးမှူးနှင့် ဗိုလ်ချုပ်အဆင့် မိစ္ဆာနှိမ်နင်းသူ လီချန်းပိုင်မှာ လက်ရှိတွင် လုံဟူတောင်ရှိ အနက်ရောင် ခေါင်းတလား ထူးခြားဖြစ်စဉ်ကို ကိုင်တွယ်နေရသည်။ ထိုအခြေအနေမှာလည်း အလွန်ပင် ခက်ခဲနေသဖြင့် သူ ထိန်းသိမ်းရေး စခန်းသို့ မပြန်လာနိုင်သည်မှာ ကြာပြီဖြစ်သည်။ ယခုလောလောဆယ် စခန်းကို ကျောက်ရင်း၊ ရှန့်ရှောင်ယွမ်နှင့် ဌာနခွဲမှူးများက စီမံခန့်ခွဲနေကြခြင်းပင်။
လော်ရှီးဖော် ခဏ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ “...ငါ ဒီကောင်လေးကို တွေ့ချင်တယ်။ ရမလား...”
“ရတာပေါ့။ ချန်ဟွိုက်အန် စိတ်အခြေအနေ သိပ်မကောင်းပေမဲ့ ရှင်လာတာကို သူ ဝမ်းသာမှာပါ။” ရှန့်ရှောင်ယွမ်က လော်ရှီးဖော်ကို အဓိပ္ပာယ်ပါပါ ပြုံးပြလိုက်သည်။ “ပြန်လာတာ ကြိုဆိုပါတယ်။ ညွှန်ကြားရေးမှူးလော့... ရှင် အသက်ရှင်နေတာ တကယ်ကို စိတ်သက်သာရာ ရစရာပဲ။”
...
ချန်ဟွိုက်အန် လော်ရှီးဖော်ကို မြင်လိုက်ရသောအခါ လုံးဝ ဆွံ့အသွား၏။ လွန်ခဲ့သော နှစ်ရက်လုံးလုံး သူက အပြစ်ရှိသလို ခံစားနေရခြင်း ဖြစ်သည်။ လော်ရှီးဖော်ကို မီးသင်္ဂြိုဟ် ပြီးပြီဟုပင် သူ ထင်ထားခဲ့သည်။
သို့သော် ယခုတွင်မူ သူသည် အသက်ရှင်လျက် အရှေ့တွင် ရပ်နေသည်၏။ ထူးဆန်းသည်မှာ လော်ရှီးဖော်၏ တည်ရှိမှုမှာ တစ်မျိုးတစ်ဖုံ ရင်းနှီးနေသလို ခံစားရခြင်း ဖြစ်သည်။ သူ၏ အငွေ့အသက်မှာ တစ်ခုခု တူညီနေသလိုမျိုး...
အမှန်တကယ် ကွဲကွာနေသည့် အမြွှာညီအစ်ကိုများလိုမျိုးပင်...
လော်ရှီးဖော်က ချန်ဟွိုက်အန်၏ အူကြောင်ကြောင် မျက်နှာကို ကြည့်ပြီး ပြုံးလိုက်သည်။ “ငါ အသက်ရှင်နေတာကို အံ့သြသွားလား။ ကောင်လေး..”
သူက လက်မောင်းကို လှုပ်ပြလိုက်ရာ ကင်ဆာဆဲလ်များမှာ လှုပ်ရှားလာပြီး လက်မောင်းပေါ်တွင် ဧရာမ မျက်လုံးတစ်လုံး ဖြစ်ပေါ်လာ၏။
“ငါ့ရဲ့ စွမ်းရည်က ပေါင်းစည်းခြင်းပဲ။ သေခါနီးအချိန်မှာ နဂါးရဲ့ မိစ္ဆာကင်ဆာဆဲလ်တွေကို ငါ စုပ်ယူပြီး အသက်ရှင်ခဲ့တာ။ အခု ငါ့ခန္ဓာကိုယ်က ဒီစူပါဆဲလ်တွေနဲ့ ဖွဲ့စည်းထားပြီးတော့ ငါ့ရဲ့ အဆင့်က အထူး စစ်သည်အဆင့်တောင် ဖြစ်သွားပြီ။”
ချန်ဟွိုက်အန်က လော်ရှီးဖော်၏ လက်မောင်းပေါ်ရှိ မျက်လုံးကို ကြည့်ရင်း ဦးနှောက်ထဲ တဂျိဂျိ ဖြစ်လာသည်။ သူ လွှတ်ခနဲ ပြောလိုက်၏။
“ဦးလေး... ခင်ဗျားက တကယ့် အကျိတ်စူပါမန်းပဲ...”
“...အကျိတ်စူပါမန်းလား... နာမည်က တကယ်မိုက်တာပဲ...” လော်ရှီးဖော်က သဘောတကျနှင့် ခေါင်းညိတ်လိုက်သည်။ “အထူးစစ်သည်အဆင့် မိစ္ဆာနှိမ်နင်းသူတိုင်းမှာ လျှို့ဝှက်အမည် တစ်ခုစီ လိုအပ်တယ်... ဒီနေ့ကစပြီး ငါက အကျိတ်စူပါမန်းပဲ။”
...
ခဏ စကားပြောပြီးနောက် ငွေအကြောင်းသို့ ရောက်သွားကြသည်။
“ပိုက်ဆံရှာလို့ရမယ့် နည်းလမ်းရှိလား...” ချန်ဟွိုက်အန်က မျှော်လင့်ချက် အပြည့်ဖြင့် လော်ရှီးဖော်ကို ကြည့်လိုက်သည်။ “ဥပမာ... တိုက်ရိုက်လွှင့်တာမျိုးလေ။ ဟိုဝက်ဝံရုပ်လေးနဲ့ စနိုက်ပါရိုင်ဖယ်ကို တိုက်ရိုက်လွှင့်ခိုင်းရင် လူတွေအများကြီး ကြည့်ကြမှာ။”
လော်ရှီးဖော် - “...”
ဘယ်လိုဦးနှောက်မျိုးက ထိန်းသိမ်းရေးပစ္စည်းတွေကို လိုက်ဖ်လွှင့်ခိုင်းဖို့ စဉ်းစားတာလဲ...
သို့သော်လည်း လော်ရှီးဖော်က ပြန်စဉ်းစားကြည့်လိုက်ရာ ၎င်းမှာ တကယ်ဖြစ်နိုင်ကြောင်း တွေ့လိုက်ရ၏။
“ချန်ဟွိုက်အန်... စိတ်ဝိညာဉ်ချီစွမ်းအင်တွေ ပြန်နိုးထလာကတည်းက မိစ္ဆာတွေ ရှိနေတာကို လျှို့ဝှက်ထားလို့ မရတော့ဘူး။ မိစ္ဆာနှိမ်နင်းသူဗျူရို၊ အစိုးရနဲ့ အဓိက အဖွဲ့အစည်းတွေဟာ ဖုံးကွယ်ထားရာကနေ လူထုကို အသိပေးပြီး ပညာပေးတဲ့ဘက်ကို ပြောင်းလဲလာကြပြီ။”
“ဒါပေမဲ့ ငါတို့ အချိန်လိုတယ်... ပြီးတော့ ပိုပြီး သိမ်မွေ့တဲ့ ဖျော်ဖြေရေးပုံစံမျိုးလည်း လိုတယ်။ မင်းရဲ့ အကြံဉာဏ်က မဆိုးဘူး။ ငါ ကျောက်ရင်းကို တင်ပြပေးမယ်။”
အမှန်စင်စစ် ထိုထိန်းသိမ်းရေးပစ္စည်း နှစ်ခုကို ချန်ဟွိုက်အန် တစ်ယောက်တည်းသာ ထိန်းချုပ်ထားနိုင်သည်။ သို့သော် လော်ရှီးဖော်၏ မျက်နှာမှာ အနည်းငယ် ပျက်သွား၏။
“...ဒါပေမဲ့ မင်းက ဘာလို့ ပိုက်ဆံအများကြီး လိုချင်နေရတာလဲ။ မင်းက ထိန်းသိမ်းရေး စခန်းထဲမှာပဲ ရှိနေတာ။ အစားအသောက်၊ အဝတ်အထည်နဲ့ နေစရာက အခမဲ့ပဲ။ မင်း လုပ်ရမှာက ကုသမှုကို စောင့်နေရုံပဲလေ။ ပိုက်ဆံကို ဘယ်မှာ သွားသုံးမှာလဲ..”
ချန်ဟွိုက်အန် တွန့်ဆုတ်သွား၏။ သူ လော်ရှီးဖော်ကို ယုံကြည်သော်လည်း... ဂိမ်းထဲမှ ငွေပေးပြီး အနိုင်ယူရသော စနစ်အကြောင်းကိုတော့ ပြောပြ မရပေ။ ထို့ကြောင့် သူက လွှဲပြောလိုက်သည်။
“...ကျွန်တော်က တစ်ဘဝလုံး ဆင်းရဲလာတာ။ နောက်ထပ် ဘာမှမတတ်နိုင်တဲ့ ခံစားချက်မျိုး မခံစားချင်တော့ဘူး။ တကယ်လို့ ကျွန်တော့်မှာ ပိုက်ဆံရှိခဲ့ရင် စောစောစီးစီး ကျန်းမာရေး စစ်ဆေးပြီး ကင်ဆာကို အချိန်မီ သိခဲ့မှာ။ ကျွန်တော့် ရည်းစားဟောင်းက ကျွန်တော် ဆင်းရဲပြီး သေလုနီးပါး ဖြစ်နေလို့ ထားသွားခဲ့တာ။ ဒီနေ့ခေတ်မှာ ပိုက်ဆံက အရာအားလုံး မဟုတ်ပေမဲ့... ပိုက်ဆံမရှိရင်တော့ ဘာမှမဟုတ်ဘူး။”
လော်ရှီးဖော်က ချန်ဟွိုက်အန်ကို အတော်ကြာ စိုက်ကြည့်နေသည်။ ချန်ဟွိုက်အန် အမှန်တရား အားလုံးကို မပြောပြမှန်း သူ သိသော်လည်း ဆက်မမေးတော့ဘဲ ဘဏ်ကတ် တစ်ခုကိုသာ ကမ်းပေးလိုက်သည်။
“ဒီကတ်ထဲမှာ ၆သိန်း ရှိတယ်။ တစ်ဝက်က ငါရခဲ့တဲ့ ဆုကြေးတွေနဲ့ ပစ္စည်းတွေ ရောင်းလို့ရတဲ့ ပိုက်ဆံ... ကျန်တာက မင်းရဲ့ မစ်ရှင်ဆုကြေးပဲ။”
သူ ထွက်သွားရန် လှည့်လိုက်စဉ် မျက်နှာမှာ တင်းမာသွား၏။ အချို့သော အကြွေးများမှာ... ပေးဆပ်ရန် အချိန်အတော်ကြာ နှောင့်နှေးခဲ့ပြီ ဖြစ်သည်။
“သစ်တောဌာကို မောင်းလိုက်။”
“သစ်တောဌာနလား... ဘာလို့လဲ။”
လော်ရှီးဖော်က ကျောက်ရင်း ပို့ပေးထားသော အစိုးရအရာရှိ စာရင်းကို စိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများမှာ ရေခဲကဲ့သို့ အေးစက်သွား၏။
“အကြွေးဟောင်းတွေ ရှင်းရမယ့်အချိန်ရောက်ပြီ။”
...