← Chapters

ကမ္ဘာကြီး စောင့်ကြည့်နေခြင်း၊ သူတော်စင် သုံးပါး ရတနာဆက်သခြင်း (၂)

Vol. 27 Ch. 402

ကမ္ဘာကြီး စောင့်ကြည့်နေခြင်း၊ သူတော်စင် သုံးပါး ရတနာဆက်သခြင်း (၂)

Vol. 27 Ch. 402

~မိုးကြိုးမုန်တိုင်း သိုင်းသူတော်စင်က အကြံကောင်းဟု သဘောတူလိုက်၏။ သူ၏ ကျင့်ကြံခြင်းအဆင့်သည် ကျန်နှစ်ဦးထက် အနည်းငယ် သာလွန်သော်လည်း၊ အလုပ်လုပ်ရာတွင်မူ သူတို့နှစ်ဦးလောက် လျင်မြန်သွက်လက်ခြင်း မရှိချေ။

ပျော်ရွှင်သွားပြီးသည့် နောက်တွင်မှ သူသည် မချင့်မရဲဖြင့် ခေါင်းကို ပုတ်လိုက်ပြီး ညည်းတွားလိုက်သည်။

"သွားပါပြီကွာ... ငါ့လက်ထဲမှာ အခုလောလောဆယ် မြေဓာတ်ပါတဲ့ ဝိညာဉ်ရတနာ တစ်ခုမှ မရှိသေးဘူး"

သိုင်းသူတော်စင် ဟေးဇီက ရယ်မော၍ ပြောလိုက်သည်။

"မပူပါနဲ့ အစ်ကိုလေး... ကျွန်တော့်မှာ နှစ်ခုရှိတယ်... အားလုံးအတွက် လုံလောက်ပါတယ်"

မိုးကြိုးမုန်တိုင်း သိုင်းသူတော်စင် ဝမ်းသာအားရ ဖြစ်သွားသည်။

"ညီလေးရာ... ကောင်းလိုက်တာကွာ... စိတ်ချပါ... ငါ မင်းဆီက အလကား မယူပါဘူး... တခြားပစ္စည်းနဲ့ ပြန်လဲပေးပါ့မယ်"

သူတို့သုံးဦးစလုံး ပြုံးရွှင်သွားကြ၏။

သူတို့သည် လက်ဆောင်ပေးမည့် အသေးစိတ် အစီအစဉ်များကို အချိန်အကြာကြီး ဆွေးနွေးခဲ့ကြပြီး၊ ပြောရင်းဆိုရင်းနှင့်ပင် သူတို့ချင်း ပိုမို ရင်းနှီးလာသည်ဟု ခံစားလိုက်ရ၏။ မိုးကြိုးမုန်တိုင်း သိုင်းသူတော်စင်သည် ပေါင်ကို ဖြောင်းခနဲ ရိုက်လိုက်ပြီး အော်ဟစ်လိုက်သည်။

"ညီအစ်ကို နှစ်ယောက်လုံးက စရိုက်တူတွေပဲ... ငါ့လို လူကြမ်းကြီးကို သဘောမကျစရာ မရှိရင် တို့တွေ သစ္စာဆို ညီအစ်ကို ဖွဲ့လိုက်ကြမလား"

သိုင်းသူတော်စင် ဟေးဇီနှင့် သိုင်းသူတော်စင် မြူဖြူတို့ နှစ်ဦးစလုံး၏ မျက်နှာတွင် စိတ်လှုပ်ရှားသော အပြုံးများ ပေါ်လာကြ၏။

"ကျွန်တော်လည်း အဲဒါပဲ တွေးနေတာပါဗျာ"

အမည်မသိ တောင်ကြား တစ်ခု အတွင်း၌ပင် သူတို့ သုံးဦးသည် ကျမ်းသစ္စာဆိုပွဲ ကျင်းပလိုက်ကြပြီး ထိုနေရာတွင်ပင် သွေးသောက် ညီအစ်ကိုများ ဖြစ်သွားကြလေသည်။

"အစ်ကိုကြီး"

"ညီလေး"

"ညီငယ်လေး"

မိုးကြိုးမုန်တိုင်း သိုင်းသူတော်စင်က အစ်ကိုကြီး ဖြစ်လာပြီး၊ မြူဖြူက ဒုတိယ၊ ဟေးဇီက တတိယ ဖြစ်လာသည်။ သူတို့သုံးဦးသည် အားရပါးရ ရယ်မောလိုက်ကြပြီးနောက် စိတ်ဓာတ်ခွန်အားများ တက်ကြွစွာဖြင့် လေထဲသို့ အလင်းတန်းအသွင် တိုးဝင် ထွက်ခွာသွားကြလေတော့သည်။

အတွင်းသိ သဘောပေါက်ခြင်း မရှိသော သူတစ်ယောက်သာ တွေ့မြင်လိုက်ပါက၊ သူတို့သုံးဦးသည် ကမ္ဘာမြေကို တုန်လှုပ်စေမည့် ကြီးကျယ်သော လုပ်ငန်းကြီး တစ်ခုခုကို လုပ်ဆောင်တော့မည့်အလား ထင်မှတ်မှားနိုင်ပေသည်။

...

နောက်တစ်နေ့တွင်၊

အစစ်အမှန်သိုင်းတောင်၌၊

မိုးကြိုးမုန်တိုင်း သိုင်းသူတော်စင်တို့ သုံးဦးသည် အတူတကွ ရောက်ရှိလာကြပြီး၊ သူတို့၏ အမူအရာမှာ အလွန် ရိုသေလေးစားမှု ရှိနေ၏။

မိုးကြိုးမုန်တိုင်း သိုင်းသူတော်စင်သည် သူ၏ သွေးသောက် ညီအစ်ကိုနှစ်ဦး ရှေ့တွင် မားမားမတ်မတ် ရပ်တည်လိုက်ပြီး၊ သစ္စာစောင့်သိမှုကို ပြသသည့်အနေဖြင့် သတိကြီးစွာ ထား၍ ပြောလိုက်သည်။

"တာအိုမိတ်ဆွေ ကောင်းကင်ဘုံဓားသခင်... အရင်တုန်းက ကျွန်တော် မကြာခဏ ပြစ်မှားမိခဲ့ပါတယ်... ဒါက ကျွန်တော်တို့ရဲ့ စေတနာ အနည်းငယ်ပါ... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

သူ၏ မျက်နှာချင်းဆိုင်တွင် နင်ချီသည် တာအို သိုင်းကျမ်း တစ်အုပ်ကို ကိုင်ဆောင်လျက် ရှိနေ၏။ သူ၏ ပေါ့ပါးလွတ်လပ်သော အမူအရာသည် ကောင်းကင်ဘုံမှ သက်ဆင်းလာသော အင်မော်တယ် တစ်ပါးကဲ့သို့ပင် ဉာဏ်အလင်း လက်ဖက်ပင်အောက်တွင် ထိုင်နေလေရာ၊ မိုးကြိုးမုန်တိုင်း သိုင်းသူတော်စင် သုံးဦးကို ပိုမို၍ နေရခက်စေသည်။

နင်ချီသည် ယူဆောင်လာသော ပစ္စည်းသုံးခုကို တစ်ချက် ကြည့်လိုက်ပြီး၊ မျက်လုံးများကို ပေါ့ပေါ့ပါးပါး မော့လိုက်သည်။

"ရပါပြီ... ဒီကိစ္စကို ဒီမှာတင် ကျေအေးလိုက်ကြတာပေါ့"

ကောင်းကင်သတ်သိုင်းသူတော်စင် ထံမှ အကြောင်းစုံကို သိရှိပြီးနောက် သူသည် အခြား သိုင်းသူတော်စင်များအပေါ် ပိုမို သက်ညှာလာခဲ့၏။ ထို့အပြင် ဤကိစ္စ မရှိခဲ့လျှင်တောင်မှ သူသည် မိုးကြိုးမုန်တိုင်း သိုင်းသူတော်စင် သုံးဦးကို ရန်ရှာရန် အစီအစဉ် မရှိခဲ့ချေ။ သူသည် သတ်ဖြတ်ခြင်းကို နှစ်သက်သော လူစားမျိုး မဟုတ်ပေ။

တစ်ဖက်လူက တန်ဖိုးတစ်ခု ပေးဆပ်ပြီး သဘောထားနှင့် စေတနာကို ပြသလာပြီ ဖြစ်ရာ လုံလောက်ပြီ ဖြစ်၏။ သို့သော် နင်ချီ၏ စိတ်ထဲတွင်မူ တစ်ချိန်က သူစိမ်းများ ဖြစ်ခဲ့ကြသော ဤသုံးဦးသည် ရုတ်တရက် မည်သို့ ဤမျှ ရင်းနှီးသွားကြသနည်းဟု အနည်းငယ် အံ့ဩမိသည်။

မိုးကြိုးမုန်တိုင်း သိုင်းသူတော်စင် သုံးဦးသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး၊ သေဒဏ်မှ လွတ်ငြိမ်းခွင့် ရလိုက်သကဲ့သို့ ကြီးမားသော စိတ်သက်သာရာရမှုကို ခံစားလိုက်ရ၏။

"ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ"

သူတို့သုံးဦးသည် ရိုသေစွာ ဦးညွှတ်လိုက်ကြပြီးနောက် ထွက်ခွာရန် ပြင်ဆင်လိုက်ကြ၏။

"ခဏနေပါဦး"

နင်ချီ၏ တည်ငြိမ်သော အသံသည် သူတို့၏ ပျော်ရွှင်သော ခြေလှမ်းများကို တစ်ပြိုင်နက်တည်း ရပ်တန့်သွားစေသည်။ မိုးကြိုးမုန်တိုင်း သိုင်းသူတော်စင်သည် အတင်းဟန်လုပ်ထားသော အပြုံးဖြင့် လှည့်ကြည့်လိုက်သည်။

"တာအိုမိတ်ဆွေ ကောင်းကင်ဓား... နောက်ထပ် အကြံပေးစရာ ရှိသေးလို့လားဗျ"

နင်ချီက ညင်သာစွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"ဧည့်သည်တွေ ရောက်လာမှတော့ လက်ဖက်ရည်တစ်ခွက်လောက် မသောက်ဘဲ ပြန်သွားကြရင်... ကျွန်တော်က ဧည့်ဝတ်မကျေဘူးလို့ သူများတွေ ပြောကြပါလိမ့်မယ်"

သူ ပြောလိုက်သည်နှင့် တပြိုင်နက် မွှေးကြိုင်သင်းပျံ့သော ဉာဏ်အလင်း လက်ဖက်ရည် သုံးခွက်သည် သူတို့သုံးဦး၏ ရှေ့မှောက်သို့ ပျံဝဲရောက်ရှိလာလေသည်။

နင်ချီ စိတ်ထဲက တစ်ချက် ရယ်မောလိုက်သည်။ သူတို့သုံးဦးသည် ကနဦးတွင် ကြောင်အမ်းအမ်း ဖြစ်သွားကြသော်လည်း၊ ထို့နောက် သူတို့၏ မျက်နှာများပေါ်တွင် အပြုံးများ ပွင့်လန်းလာကြ၏။

"ကျေးဇူးတင်ပါတယ်၊ တာအိုမိတ်ဆွေ ကောင်းကင်ဘုံဓားသခင်"

ယခုတစ်ကြိမ် သူတို့၏ ကျေးဇူးတင်စကားသည် ပိုမို၍ စိတ်ရင်းမှန် ပါဝင်နေ၏။

ဉာဏ်အလင်း လက်ဖက်ရည်ကို တစ်ခါတည်း မော့သောက်လိုက်ပြီးနောက် သူတို့သုံးဦးသည် ဉာဏ်အလင်းပွင့်ခြင်း အခြေအနေသို့ ရောက်ရှိသွားကြ၏။

အမွှေးတိုင် တစ်တိုင်စာ ကုန်ဆုံးပြီးမှသာ ထိုအခြေအနေမှ ပြန်လည် နိုးထလာကြ၏။ သူတို့သုံးဦးသည် များစွာသော အကျိုးကျေးဇူးများကို ရရှိလိုက်ကြသဖြင့် သူတို့၏ မျက်ဝန်းများထဲတွင် ကျေးဇူးတင်ခြင်းနှင့် လေးစားခြင်း အရိပ်အယောင်များ ပေါ်ထွက်လာသည်။

ယခုတစ်ကြိမ်တွင်မူ သူတို့ စကားမပြောကြတော့ဘဲ၊ နင်ချီကို အနည်းငယ် ဦးညွှတ် ဂါရဝပြုပြီးနောက် ဖြည်းညှင်းစွာ ထွက်ခွာသွားကြလေသည်။

နင်ချီ ပြုံး၍ ခေါင်းခါလိုက်သည်။ သူ လွယ်ကူစွာပင် ပြုလုပ်နိုင်ခဲ့၏။

မိုးကြိုးမုန်တိုင်း သိုင်းသူတော်စင် သုံးဦး ယူဆောင်လာသော ပစ္စည်းများကို ပြန်လည် ကြည့်ရှုလိုက်သောအခါ သူ၏ နှုတ်ခမ်းပေါ်တွင် အပြုံးရိပ် တစ်ခု ဖြစ်ပေါ်လာရသည်။

"သူတို့ တော်တော်လေး စဉ်းစားပေးသားပဲ"

ဝိညာဉ်ရတနာ သုံးခုစလုံးသည် မြေဓာတ်ပါဝင်သော ဝိညာဉ်ရတနာများ ဖြစ်ကြောင်း သူ သဘာဝကျစွာပင် သိမြင်လိုက်သည်။

ကျောက်ပျော်ရည် ပုံဆောင်ခဲ အမြုတေ နှင့် မြေကမ္ဘာ ခြင်ဆီ ဟူသော နှစ်ခုသည် ယခင်က ကောင်းကင်သတ် သိုင်းသူတော်စင် ပေးခဲ့သော မြေကမ္ဘာသွေးကြော အနှစ်သာရကျောက်တုံး နှင့် ဆင်တူကြ၏။ ၎င်းတို့သည် နင်ချီ၏ ကျင့်ကြံခြင်းအတွက် အကျိုးရှိမည်ဖြစ်ပြီး ပဉ္စမအဆင့် သိုင်းသူတော်စင်သို့ လျင်မြန်စွာ တက်လှမ်းနိုင်ရန် ကူညီပေးနိုင်ပေလိမ့်မည်။

ကျန်ရှိသော အခြား ဝိညာဉ်ရတနာ တစ်ခုမှာမူ ဝိညာဉ်သစ်သီး တစ်လုံး ဖြစ်၏။

မြေကမ္ဘာ အနှစ်သာရ သစ်သီး။

လက်ကို ဆန့်တန်းလိုက်ရာ လက်သီးဆုပ်အရွယ်အစားခန့်ရှိပြီး ဖျော့တော့သော အဝါရောင်ရှိသည့် ဝိညာဉ်သစ်သီးသည် နင်ချီ၏ လက်ဖဝါးထဲသို့ ရောက်ရှိလာသည်။ ပြင်းထန်သော မြေဓာတ် ဝိညာဉ်စွမ်းအားကြောင့် သူ၏ မျက်ခုံးများ ပင့်တက်သွားသည်။

ချက်ချင်းပင်၊ နငမချီသည် ခြံဝင်းအပြင်ဘက်ရှိ အစစ်အမှန်သိုင်း မက်မွန်ပင် ဆီသို့ အကြည့်ကို လှည့်လိုက်သည်။

ဝိညာဉ်နိုးထခြင်း နေ့တွင် ဉာဏ်အလင်း လက်ဖက်ပင်၏ ပြောင်းလဲမှုကြောင့် အစစ်အမှန်သိုင်း မက်မွန်ပင်သည်လည်း သိသိသာသာ တိုးတက်လာခဲ့သော်လည်း၊ နင်ချီသည် ၎င်းကို ပိုမို တိုးတက်စေချင်သေးသည်။

"ဒီ မြေကမ္ဘာ အနှစ်သာရ သစ်သီး ရှိရင်... အစစ်အမှန်သိုင်း မက်မွန်ပင်ရဲ့ ကျင့်ကြံခြင်းကို မြှင့်တင်ပေးနိုင်မယ့် အခင်းအကျင်း တချို့ကို စမ်းသပ်ကြည့်လို့ ရပြီ... အဲဒါဆိုရင် စစ်မှန်တဲ့ ဝိညာဉ်သစ်ပင် တစ်ပင်အဖြစ် ပြောင်းလဲပေးနိုင်မှာပဲ"

တောင်နှင့် ပင်လယ် နယ်မြေ၏ ခြိမ်းခြောက်မှု ရှိနေသော်ငြား နင်ချီသည် တစ်နေ့တွင် ပြေလည်သွားမည်ဟု ယုံကြည်ထားသဖြင့် ရေရှည်စီမံကိန်း အချို့ကို စွန့်လွှတ်ရန် အစီအစဉ် မရှိပေ။

ထို့အပြင်၊ ယနေ့ခေတ်တွင် ပတ်ဝန်းကျင် အခြေအနေများသည် ယခင်ကထက် များစွာ ပိုမို ကောင်းမွန်လာခဲ့ပြီ ဖြစ်၏။ အထူးသဖြင့် အချို့သော ဝိညာဉ်ရတနာများ ပေါ်ထွက်လာခြင်းက သိုင်းပညာရှင်များကို လျင်မြန်စွာ တိုးတက်နိုင်မည့် မျှော်လင့်ချက်များ ပေးစွမ်းနေ၏။

နင်ချီသည် ရတနာများနှင့် ဝိညာဉ်ဆေးဝါး တစ်သုတ်ကို စုဆောင်းပြီး သင့်လျော်သော ဆေးလုံးများ ဖော်စပ်ကာ လော့ဝမ်ထျန်းနှင့် အခြားသူများ၏ စွမ်းအားကို မြှင့်တင်ပေးရန်လည်း စီစဉ်ထားသည်။ သို့မှသာ လာမည့် စစ်ပွဲကြီးတွင် သူတို့အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မည့် နည်းလမ်း ရှိလာမည် ဖြစ်၏။

ဥပမာအားဖြင့် ကောင်းကင်ဘုံ တက်လှမ်း ဆေးလုံး ကဲ့သို့သော ဆေးမျိုး ဖြစ်၏။ နင်ချီသည် ၎င်းအတွက် လိုအပ်သော ပစ္စည်းများကို ရှာဖွေစုဆောင်းခိုင်းထားပြီး ဖြစ်၏။

သေချာသည်မှာ၊

ဤအရာ အားလုံးကို လော့ဝမ်ထျန်းနှင့် အခြားသူများကသာ လုပ်ဆောင်ရမည် ဖြစ်၏။ နင်ချီသည် ကိုယ့်ကိုယ်ကိုယ် အနှောင့်အယှက် မဖြစ်စေဘဲ တွက်ချက်ခြင်းနှင့် သန့်စင်ခြင်း အတွက်သာ အချိန် အနည်းငယ် ပေးရုံသာ လိုအပ်သည်။

သူ့ခေါင်းထဲတွင် အလွန် ရှင်းလင်းပြတ်သားနေ၏။

သူ၏ လက်ရှိ စွမ်းအားသည်သာ ပဓာန ဖြစ်၏။ အကြောင်းမူကား လော့ဝမ်ထျန်းနှင့် အခြားသူများကို သိုင်းသူတော်စင် အဆင့်သို့ အတင်းအကျပ် တင်ပေးလိုက်လျှင်တောင်မှ ကြီးမားသော ခြားနားချက် ဖြစ်လာမည် မဟုတ်သောကြောင့် ဖြစ်၏။

ဝိညာဉ်ရတနာ သုံးခုကို သိမ်းဆည်းလိုက်ပြီးနောက်၊

နင်ချီသည် ကောင်းကင်သို့ ပျံတက်သွားလေသည်။

သူ၏ ပစ်မှတ်ကား၊

ကောင်းကင်ဘုံ ဆီသို့ တိုက်ရိုက် ဦးတည်နေခြင်း ဖြစ်၏။

ဤသည်မှာ နင်ချီ သိုင်းသူတော်စင် အဆင့်သို့ ရောက်ရှိပြီးနောက် ကောင်းကင်ဘုံ သို့ ပထမဆုံးအကြိမ် သွားရောက်ခြင်း ဖြစ်၏။ ကောင်းကင်ဘုံလူသား အဆင့် ပြည့်စုံခြင်းသို့ ရောက်ရှိပြီးကတည်းက ဤနေရာ၌ ကျင့်ကြံရန် မလိုအပ်တော့သဖြင့် မရောက်ဖြစ်သည်မှာ အတော်ကြာခဲ့ပြီ ဖြစ်၏။

ယခု ဤနေရာသို့ ပြန်လည် ရောက်ရှိလာသောအခါ ထူးခြားမှု တစ်ခုခုကို သူ ချက်ချင်း အာရုံခံစားလိုက်မိသည်။

ဝိညာဉ်ချီ များသည်လည်း ဤနေရာတွင် ပျံ့နှံ့နေ၏။ အောက်ခြေလောက် မပြင်းထန်သော်လည်း အတော်အတန် ကောင်းမွန်နေဆဲ ဖြစ်၏။

ထို့ကြောင့် သာမန်မျက်စိဖြင့် ကြည့်လိုက်လျှင်ပင် မူလက ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးမုန်တိုင်း တားမြစ်နယ်မြေ သည် ယခုအခါ ပိုမို၍ အစွမ်းထက်လာပြီး မိုးကြိုးသွားများသည် အသက်ဝင်လာသကဲ့သို့ သူတို့၏ စွမ်းအားများကို ရမ်းကားစွာ ထုတ်လွှတ်နေကြသည်ကို တွေ့မြင်နေရပေသည်။

All Chapters