ဝိညာဉ်နယ်မြေ၏ အင်မော်တယ် ပြိုင်ဆိုင်မှု ခေတ်၊ အင်မော်တယ်တက်လှမ်းခြင်း လေးဆင့်နှင့် နယ်ပယ်ရှစ်ခု (၂)
Vol. 27 Ch. 405
~ဤခံစားချက်မှာ... ကြက်သွန်မြိတ်များကို တစ်ခင်းပြီးတစ်ခင်း ရိတ်သိမ်းနေသကဲ့သို့ပင် ဖြစ်သည်။
အထက်ကမ္ဘာသို့ တက်လှမ်းသွားကြသည့် သူများ၏ ကံကြမ္မာသည်လည်း သိပ်ကောင်းလှမည်တော့ မဟုတ်ချေ။
နင်ချီ ခဏရပ်ပြီး ပြောလိုက်၏။
"ဝိညာဉ် နယ်မြေက ဒီလောက် အစွမ်းထက်နေမှတော့... ပြီးတော့ အောက်ကမ္ဘာရဲ့ တည်နေရာကိုလည်း သိနေပြီပဲ... ဘာလို့ အသန်မာဆုံး ပုဂ္ဂိုလ် တစ်ယောက်လောက် လွှတ်ပြီး အကုန် ရှင်းပစ်လိုက်လို့ မရတာလဲ... ဘာလို့ ဒီလောက် လက်ဝင်တဲ့ နည်းလမ်းတွေကို သုံးနေရတာလဲခင်ဗျ"
လိပ်အိုကြီးက ခေါင်းခါလိုက်ပြီး ပြောသည်။
"သဘာဝကျကျပဲ ကန့်သတ်ချက်တွေ ရှိတာပေါ့ကွ... အောက်ကမ္ဘာကနေ အထက်ကမ္ဘာကို တက်ဖို့ဆိုရင် ကျင့်ကြံခြင်းအဆင့် တစ်ခုလောက် ရောက်တာနဲ့ ကမ္ဘာ့လမ်းကြောင်း ပွင့်လာနိုင်ပေမယ့်... အထက်ကမ္ဘာက အောက်ကမ္ဘာရဲ့ တည်နေရာကို သိနေရင်တောင်မှ အလွယ်တကူ ဆင်းသက်လာလို့ မရဘူး... ဒါက နယ်မြေပင်လယ်ကြီး က ကမ္ဘာငယ်လေးတွေကို ကာကွယ်ပေးထားတဲ့ စည်းမျဉ်းပဲ"
"အသက်အဆိပ် ဆိုတာ သူတို့ရဲ့ နည်းလမ်းတစ်ခုပဲ... အသက်အဆိပ်ကို အောက်ကမ္ဘာရဲ့ ဝိညာဉ်ချီတွေထဲ ပေါင်းစပ်ထည့်လိုက်တယ်... အဲဒါက အောက်ကမ္ဘာရဲ့ ခုခံနိုင်စွမ်းကို လျော့ကျစေသလို... ကျောက်ဆူးမှတ်တွေလည်း ဖြစ်ပေါ်စေတယ်... သိုင်းသူတော်စင် အဆင့်ရှိတဲ့ သန်မာသူတွေနဲ့ ပေါင်းစပ်မိသွားရင် တာအိုအမှတ်အသား ဖြစ်လာရော... အဲဒီလိုနဲ့ အတွင်းအပြင် ပေါင်းစပ်လိုက်မှ ကမ္ဘာ့လမ်းကြောင်းကို ဖွင့်လို့ရတာ"
"ဒီ ကမ္ဘာ့လမ်းကြောင်းက ကမ္ဘာငယ်လေးရဲ့ အသန်မာဆုံး တိုက်ခိုက်နိုင်စွမ်းအောက် နိမ့်တဲ့ ကျင့်ကြံသူတွေကိုပဲ ဖြတ်သန်းခွင့်ပြုပေမယ့်... အဲဒါက တော်တော်လေး ကြောက်စရာ ကောင်းနေပြီ"
"မင်း စဉ်းစားကြည့်... သိုင်းသူတော်စင် အဆင့်နဲ့ ညီမျှတဲ့ ကျင့်ကြံသူတွေ ရာချီ ထောင်ချီက ပိုသန်မာတဲ့ မှော်လက်နက်တွေ ကိုင်ဆောင်ထားပြီး... ပိုသန်မာတဲ့ မှော်ပညာတွေကို ကျင့်ကြံထားကြတာ... နှံကောင်အုပ်ကြီး ကျလာသလို ဝင်ရောက် ရှင်းလင်းကြရင် ဘယ်ကမ္ဘာက ခံနိုင်မှာလဲ... အခြေခံအားဖြင့်တော့ သိပ်မကြာခင်မှာပဲ အကုန်လုံး အသတ်ခံလိုက်ရပြီး ကမ္ဘာငယ်လေးနဲ့အတူ ဝိညာဉ်နယ်မြေအတွက် အာဟာရ ဖြစ်သွားကြတာပေါ့"
သူ့လေသံက ဝမ်းနည်းဆွေးမြေ့နေပြီး ဒီလိုကိစ္စမျိုးကို ရိုးအီနေပြီ ဖြစ်ကြောင်း ပြသနေ၏။
နင်ချီ၏ စိတ်ထဲတွင် ကောင်းကင်ယံမှ သွေးမိုးများ ရွာကျလာသည့် ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ပေါ်လာသည်။
"ဒါပေမယ့် သိုင်းကမ္ဘာက နှစ်ပေါင်း သောင်းချီ ခံနိုင်ရည် ရှိခဲ့တယ်နော်..."
လိပ်အိုကြီးက တဟားဟား ရယ်မောလိုက်သည်။
"မင်းက မင်းတို့ သိုင်းကမ္ဘာကို အရမ်း အားနည်းတယ်လို့ ထင်နေတာလား"
"ငါ ပြောပြမယ်... သိုင်းကမ္ဘာ ဆိုတာ တကယ်တော့ ကမ္ဘာငယ်လေးတွေထဲမှာ အသန်မာဆုံး အဆင့်အတန်း ဝင်တယ်... သူ့ရဲ့ အသန်မာဆုံး ပုဂ္ဂိုလ်တွေက ဝိညာဉ်နယ်မြေက မှော်စွမ်းအင် နယ်မြေ နဲ့ ညီမျှနေပြီ... မင်းတို့အခေါ် သိုင်းသူတော်စင် အဆင့်ပေါ့... ပြီးတော့ ကမ္ဘာ့အသိစိတ် နိုးထလာတယ် ဆိုတာကလည်း အရမ်း ရှားပါးတဲ့ ကိစ္စပဲ... ကမ္ဘာငယ်လေး တစ်သန်းမှာ တစ်ခုလောက်တောင် ရှိချင်မှရှိမှာ"
"မင်း သိထားရမှာက ကမ္ဘာငယ်လေး တော်တော်များများမှာ အသန်မာဆုံး ပုဂ္ဂိုလ်တွေက မင်းတို့ရဲ့ ကောင်းကင်ဘုံလူသား အဆင့်လောက်ပဲ ရှိတာ... တချို့ဆို မူလအမြုတေ အဆင့်လောက်ပဲ ရှိကြတယ်... သူတို့ရဲ့ ကမ္ဘာ့စည်းမျဉ်းတွေက ကြောက်စရာကောင်းလောက်အောင် မပြည့်စုံကြဘူး... ဝိညာဉ်ချီ ရှိနေရင်တောင် သန်မာသူတွေ ပေါ်ထွက်မလာနိုင်ကြဘူး... တချို့ ကမ္ဘာငယ်လေးတွေဆို ဝိညာဉ်ချီ သဲကန္တာရတွေလို ဖြစ်နေတာကွ"
နင်ချီ အနည်းငယ် မှင်သက်သွားသည်။
‘ဒါက အရမ်း အားနည်းလွန်းနေပြီ... ငါ လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံနဲ့တင် ဧရိယာအကြီးကြီး တစ်ခုလုံးကို ဖိနှိပ်ပစ်နိုင်လောက်တယ်။
ဒီလို တွေးကြည့်ရင် သိုင်းကမ္ဘာမှာ လာဝင်စားရတာ ကံကောင်းတယ်လို့ ပြောရမလား။’
သူတို့နှစ်ဦး ကြီးမားသော တံခါးပေါက်ကြီးကို ဖြတ်သန်းသွားလိုက်ကြရာ ဥယျာဉ်တစ်ခု ရှေ့တွင် ပေါ်လာလေသည်။ ဥယျာဉ်ထဲတွင် ဝိညာဉ်ဆေးပင်များနှင့် ထူးဆန်းသော ပန်းပွင့်များ ပြည့်နှက်နေပြီး ဆွဲဆောင်မှုရှိသော ရနံ့များ ထွက်ပေါ်နေ၏။ တစ်ပင်တည်း ရလိုက်ရုံနှင့်တင် ပြင်ပကမ္ဘာမှ သိုင်းပညာရှင်များကို ရူးသွပ်သွားစေနိုင်လောက်သည်။
လိပ်အိုကြီးက ဆက်လက် ပြုံးရယ်နေ၏။
"သေချာတာပေါ့... သိုင်းကမ္ဘာက နှစ်ပေါင်း သောင်းချီ ခံနိုင်ရည်ရှိခဲ့တဲ့ နောက်ထပ် အကြောင်းရင်း တစ်ခုက အစစ်အမှန်သိုင်း ခန်းမဆောင် ရှိနေလို့ပဲ"
"မဟုတ်ရင် အသက်အဆိပ် တစ်ခုတည်းနဲ့တင် မင်းတို့တွေ ဒုက္ခရောက်နေလောက်ပြီ... နောက်ပိုင်း ကျူးကျော်မှုတွေနဲ့ ဆက်ဖြစ်လာမယ့် အစီအစဉ်တွေကို ရှင်သန်ကျော်ဖြတ်နိုင်ဖို့ဆိုတာ ဝေးပါသေးတယ်"
နင်ချီ ခေါင်းညိတ်လိုက်သည်။
အကြောင်းရင်းနှင့် အကျိုးဆက်များကို သူ ရှင်းလင်းစွာ နားလည်သွားပြီ ဖြစ်၏။
သို့တိုင်၊ သူ့မှာ မေးခွန်းတွေ ပိုများလာသည်။
"ကျွန်တော် စီနီယာ့ကို မေးစရာတချို့ ရှိပါသေးတယ်"
"မေးလေ"
နင်ချီ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ရောင်ခြည်များ သန်းလာသည်။
"စောစောက စီနီယာ ပြောသွားတဲ့အထဲမှာ မှော်စွမ်းအင် နယ်ပယ် ဆိုတာ ပါတယ်... အဲဒါက ဝိညာဉ်နယ်မြေရဲ့ ကျင့်ကြံခြင်း စနစ် တစ်စိတ်တစ်ပိုင်းလားဗျ"
လိပ်အိုကြီး ခဏလောက် စဉ်းစားလိုက်ပြီး ပြောသည်။
"ကောင်းပြီလေ... မင်းရဲ့ စိတ်နေစိတ်ထားက ထူးခြားလွန်းတော့ ပြောပြလိုက်တာ အကျိုးယုတ်စရာ မရှိပါဘူး"
"မရေမတွက်နိုင်တဲ့ ခေတ်ကာလတွေ ကြာလာတော့ ဝိညာဉ်နယ်မြေ အားလုံးနီးပါးမှာ ဒီ အင်မော်တယ်လမ်းစဉ် ကျင့်ကြံခြင်း စနစ် က ရေပန်းစားလာတယ်... အဲဒါကတော့... အင်မော်တယ်တက်လှမ်းခြင်း လေးဆင့်နှင့် နယ်ပယ်ရှစ်ခုပဲ"
နင်ချီ အသက်အောင့်ထားလိုက်သည်။
လိပ်အိုကြီး ဆက်ပြောသည်။
"လေးဆင့် ဆိုတာက ဝိညာဉ်ကို ချီအဖြစ် သန့်စင်ခြင်း၊ ချီကို ဝိညာဉ်အဖြစ် သန့်စင်ခြင်း၊ ဝိညာဉ်ကို သန့်စင်ပြီး လေဟာနယ်သို့ ပြန်လည်ရောက်ရှိခြင်းနဲ့ လေဟာနယ်ကို သန့်စင်ပြီး သဟဇာတဖြစ်ခြင်း တို့ပဲ... နောက်ထပ် တစ်ဆင့် တက်ရင်တော့ အင်မော်တယ် စစ်မှန်သော အင်မော်တယ် အဆင့်ကို ရောက်ပြီပေါ့"
"အဲဒါကို ထပ်ပြီး အသေးစိတ် ခွဲမယ်ဆိုရင် နယ်ပယ် ရှစ်ခု ကွဲထွက်သွားတယ်"
"ဝိညာဉ်ကို ချီအဖြစ် သန့်စင်ခြင်း မှာ နောက်ပိုင်း ဖြစ်တည်ခြင်း နဲ့ သိမြင်ခြင်း ဆိုတဲ့ အဆင့် နှစ်ခု ပါတယ်... ပထမ တစ်ခုက ခန္ဓာကိုယ်ရဲ့ အနှစ်သာရကို သန့်စင်တာ၊ ဒုတိယ တစ်ခုက ကောင်းကင်နှင့် မြေကြီး၏ ချီ ကို သိမြင်တာ... မင်းတို့ သိုင်းကမ္ဘာရဲ့ ကျင့်ကြံခြင်း စနစ်နဲ့ ယှဉ်ကြည့်ရင် နောက်ပိုင်းဖြစ်တည်ခြင်း အဆင့်က မူလအမြုတေ အဆင့် မတိုင်ခင် ကျင့်ကြံခြင်းနဲ့ တူပြီး၊ သိမြင်ခြင်း အဆင့်က ကောင်းကင်ဘုံလူသား အဆင့်နဲ့ ဆင်တူတယ်"
"ချီကို ဝိညာဉ်အဖြစ် သန့်စင်ခြင်း မှာ မှော်စွမ်းအင်နဲ့ ခရမ်းရောင်စံအိမ် အဆင့်တွေ ပါဝင်တယ်... မှော်စွမ်းအင် အဆင့်က ဝိညာဉ်ချီကို မှော်စွမ်းအား အဖြစ် သန့်စင်တာ... မင်းတို့ရဲ့ သိုင်းသူတော်စင် အဆင့်နဲ့ ညီမျှတယ်... ခရမ်းရောင်စံအိမ် အဆင့်ကျတော့ မူလနတ်ဘုရား နည်းစနစ် တွေကို စုစည်းပြီး ဖွင့်လှစ်တာ... အဆင့်ချိုးဖောက်ဖို့အတွက် မင်းတို့ရဲ့ နတ်ဘုရားစွမ်းအား နယ်ပယ် နဲ့ ညီမျှတယ်... ဒါပေမယ့် တိတိကျကျ ပြောရရင် နတ်ဘုရားစွမ်းအား နယ်ပယ် က ပြီးပြည့်စုံတဲ့ ခရမ်းရောင်စံအိမ် အဆင့် မဟုတ်သေးဘူး... ပိုပြီး ကောင်းမွန်အောင် လုပ်ဖို့ လိုသေးတယ်"
နင်ချီ အလေးအနက်.. အာရုံစိုက်ပြီး နားထောင်နေမိသည်။ ကမ္ဘာသစ်တစ်ခု၏ တံခါးပေါက်က သူ့ရှေ့မှောက်တွင် ပွင့်ဟသွားသကဲ့သို့ ခံစားနေရ၏။
"ဝိညာဉ်ကို သန့်စင်ပြီး လေဟာနယ်သို့ ပြန်လည် ရောက်ရှိခြင်း မှာ မူလဝိညာဉ် နဲ့ လေဟာနယ်လမ်းစဉ် အဆင့်တွေ ပါတယ်"
"လေဟာနယ်ကို သန့်စင်ပြီး သဟဇာတဖြစ်ခြင်း မှာ ပေါင်းစည်းခြင်း နဲ့ သဟဇာတဖြစ်ခြင်း အဆင့်တွေ ပါတယ်"
"သဟဇာတ ဖြစ်ခြင်း အဆင့် ကျင့်ကြံသူတွေက ဝိညာဉ်နယ်မြေ က လက်ခံနိုင်တဲ့ အသန်မာဆုံး ပုဂ္ဂိုလ်တွေပဲ... ခေတ်ကပ် တစ်ခုလုံး အသက်ရှင်နိုင်ကြတယ်... အဲဒါက အတိတ်တုန်းကပေါ့... အခုတော့ အကန့်အသတ်ကို ချိုးဖောက်ပြီး စစ်မှန်သော အင်မော်တယ်တွေ မွေးဖွားလာတဲ့ အားကောင်းတဲ့ ဝိညာဉ်နယ်မြေတွေ ရှိနေလောက်ပြီ"
နင်ချီ၏ ရင်ထဲတွင် လှိုင်းဂယက်များ ထသွားသည်။
အင်မော်တယ် နယ်မြေ ယိုယွင်းပျက်စီးသွားပြီ ဆိုသော်လည်း ဒါက အသက်ရှည်ခြင်းနှင့် စစ်မှန်သော အင်မော်တယ် ဖြစ်လာရန် လမ်းကြောင်းတစ်ခုပင် မဟုတ်ပါလော။
သူ့၌ ပထမဆုံးအကြိမ်အဖြစ် ရှင်းလင်းပြတ်သားသော ဦးတည်ချက် တစ်ခု ရှိလာခဲ့ပါပြီ။
သူ့ရင်ထဲက ဆူပွက်မှုတွေကို ဖိနှိပ်ထားလိုက်သည်။
နင်ချီ အသက်ပြင်းပြင်း ရှူလိုက်ပြီး ထပ်မေးလိုက်သည်။
"စီနီယာ နဲ့ အစစ်အမှန်သိုင်း ခန်းမဆောင် က အစစ်အမှန်သိုင်းကမ္ဘာက လာတာဆိုရင်... ဘာလို့ သိုင်းကမ္ဘာ ကို ရောက်လာရတာလဲခင်ဗျ"
အဘိုးအို၏ ကိုယ်ခန္ဓာ အနည်းငယ် တောင့်တင်းသွားပြီး ခဏကြာမှ ဖြည်းညှင်းစွာ စကားစပြောလေသည်။
"ဘာလို့လဲဆိုတော့... အစစ်အမှန်သိုင်းကမ္ဘာ မရှိတော့လို့ပေါ့"
ထိုအခါ၊ နင်ချီ၏ မျက်ဝန်းထဲတွင် စိတ်မကောင်းဖြစ်ရသည့် အရိပ်အယောင် အနည်းငယ် ပေါ်လာသော်လည်း စကားမပြောနိုင်ခင်မှာပင် အဘိုးအိုက လက်ကာပြလိုက်သည်။
"ရပါတယ်... ဒါက ဟိုးအရင်က ကိစ္စပါ... အစစ်အမှန်သိုင်း နယ်မြေရဲ့ အသန်မာဆုံး အုပ်စိုးသူက အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်း ပဲ... ငါက အဲဒီက လာတာ... အဲဒီတုန်းက ငါက ဥ တစ်လုံးပဲ ရှိသေးတယ်... ဝေဝါးတဲ့ အသိစိတ်ပဲ ရှိသေးတာပေါ့... အံ့မခန်း တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေတာကိုပဲ ဝေဝါးဝါး ခံစားမိလိုက်တယ်"
"နောက်ပိုင်းမှာ အမှတ်အသား တစ်ခုက ငါ့ကို ပြောပြတယ်... အဲဒီအချိန်ကစပြီး ငါက အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်း ရဲ့ မီးရှူးတန်ဆောင် ဆက်ခံသူ ဖြစ်လာတယ်တဲ့... နယ်မြေပင်လယ်ကြီး ထဲမှာ ဘယ်လောက်ကြာကြာ လွင့်မျောနေခဲ့လဲ မသိဘူး... အစစ်အမှန်သိုင်း ခန်းမဆောင် ရဲ့ စွမ်းအားတွေ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ... နောက်ဆုံးတော့ လိုက်လံတိုက်ခိုက်မှုတွေကို ရှောင်တိမ်းရင်း သိုင်းကမ္ဘာထဲကို ကျရောက်လာခဲ့တာ... ပြီးတော့ ငါ ဒီမှာ မွေးဖွားလာခဲ့တယ်... တစ်နည်းအားဖြင့် ပြောရရင် ငါကလည်း သိုင်းကမ္ဘာသား တစ်ဝက် ဖြစ်နေပါပြီ"
သူ့လေသံတွင် ခါးသီးမှုနှင့် ကံကြမ္မာကို လက်မြှောက်အရှုံးပေးလိုက်ရမှုများ ပါဝင်နေ၏။
"နောက်ပိုင်း ငါ မှတ်ဉာဏ်တချို့ ပြန်ရလာတော့မှ သိလိုက်ရတာ... အစစ်အမှန်သိုင်းကမ္ဘာကို တောင်နှင့် ပင်လယ် နယ်မြေ က ဖျက်ဆီးပစ်လိုက်တာတဲ့"
အကယ်၍သာ အစစ်အမှန်သိုင်းကမ္ဘာတွင် ပုံမှန်အတိုင်း မွေးဖွားလာခဲ့ပါက သူ၏ စွမ်းအားသည် ယခုထက် များစွာ ပိုမို သန်မာနေလောက်ပေမည်။
သို့သော် ကံကြမ္မာသည် လူတို့ကို ကစားတတ်ပေသည်။
ယခုမူ သူသည် ဤလှောင်အိမ် အတွင်း၌ ပိတ်မိနေကာ ရုန်းထွက်၍ မရနိုင်တော့ချေ။
ပျံသန်းတက်ရောက်၍လည်း မရနိုင်၊ အစစ်အမှန်သိုင်း ခန်းမဆောင်သည်လည်း ပျက်စီးနေသဖြင့် ကမ္ဘာများကို ဖြတ်သန်းသွားလာနိုင်စွမ်း မရှိတော့ချေ။
ယခုအခါ သူသည် သိုင်းကမ္ဘာ၏ ကံကြမ္မာနှင့် ချည်နှောင်ခံထားရပြီ ဖြစ်သည်။ အကယ်၍ တောင်နှင့် ပင်လယ် နယ်မြေ၏ အနှစ်သာရသည် ဝါးမြိုခံလိုက်ရပါက အစစ်အမှန်သိုင်း အမွေအနှစ်သည် လုံးဝ ပြတ်တောက်သွားရတော့မည် ဖြစ်သည်။
"အစတုန်းက သူတို့လည်း ငါ့လိုပဲ ဥတွေပါပဲ... နောက်ပိုင်းမှ တစ်ကောင်ပြီးတစ်ကောင် မွေးဖွားလာကြတာ... ဒါပေမယ့် သူတို့က ငါနဲ့ မတူဘူး... ငါက အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်း ရဲ့ မီးရှူးတန်ဆောင် ဆက်ခံသူ ဖြစ်လို့ အစစ်အမှန်သိုင်း ခန်းမဆောင် ထဲ ခြေချလို့ ရပေမယ့်... သူတို့ကတော့ အစစ်အမှန်သိုင်း ခန်းမဆောင် အပြင်ဘက်ကိုတောင် ခြေလှမ်းမချနိုင်ကြဘူး... လွတ်လပ်ခွင့် မရှိကြရှာဘူး"
လိပ်အိုကြီးသည် မြူဖြူများကြားထဲတွင် ဝေဝါးဝါး မြင်တွေ့နေရသည့် ဝိညာဉ်သားရဲများကို သနားစရာ၊ နှမြောစရာ အကြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။
လွတ်လပ်ခွင့် မရှိခြင်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
နင်ချီ ရိုသေစွာ ဦးညွှတ်လိုက်သည်။
"ဉာဏ်အလင်း ဖွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ"
ဤအဆင့် ရောက်သောအခါ၊ ရှေးဟောင်းခေတ်က ဖြစ်ရပ်တွေကို နင်ချီ…အပြည့်အဝ နားလည်သွားရပြီ။
ဒီနေ့ သိလိုက်ရသော သတင်းအချက်အလက်တွေကို သူ ပြန်လည် စီစစ်လိုက်သည်။
ကြီးမားကျယ်ပြန့်သော ကိစ္စရပ်တွေ ပါဝင်နေပြီး သူ၏ အမြင်အာရုံကို အများကြီး ကျယ်ပြန့်သွားစေ၏။
အကျပ်အတည်းက လက်ရှိမှာ နီးကပ်လာပြီ ဆိုသော်လည်း အနည်းဆုံးတော့ သူက အကြောင်းရင်းနှင့် အကျိုးဆက်ကို သိထားတော့ ခေါင်းပြတ်နေသည့် ယင်ကောင်လို လှည့်ပတ်
မနေရတော့ပါချေ။
သူတို့နှစ်ဦး ဆက်လျှောက်လာကြပြီး နောက်ဆုံးမှာ ခမ်းနားထည်ဝါသည့် အစစ်အမှန်သိုင်း ခန်းမဆောင် ရှေ့မှာ ရပ်တန့်လိုက်ကြသည်။ ပြန်မြင်ရတော့ နင်ချီ၏ စိတ်ထဲမှာ ယခင်ကလိုပင် တုန်လှုပ်နေတုန်းပါပင်။ အထူးသဖြင့် အခု အစစ်အမှန်သိုင်း ခန်းမဆောင်၏ မူလဇာစ်မြစ်ကို သိလိုက်ရတော့ ပိုတောင် တုန်လှုပ်မိသေးသည်။ သူ ခန့်မှန်းတာ မှန်လျှင် အစစ်အမှန်သိုင်း ခန်းမဆောင် ဆိုတာ မူလက အလွန်အမင်း စွမ်းအားကြီးသော ရတနာ တစ်ခု ဖြစ်လောက်သည်။
ခန်းမဆောင် တံခါးတွေ အလိုအလျောက် ပွင့်သွားပြီး အလင်းရောင်တွေက သူတို့နှစ်ဦးလုံးကို လွှမ်းခြုံသွား၏။
အလင်းရောင်တွေ မှေးမှိန်သွားသည့် အခါ ရွှေရောင်တံခါး တစ်ချပ်တည်းသာ တည်ရှိနေပြီး ယခင်က ငွေရောင်နှင့် ကြေးနီရောင် တံခါးတွေကတော့ ဘယ်ရောက်သွားမှန်း မသိတော့ချေ။
"တခြား တံခါးနှစ်ချပ်က ငါ့ရဲ့ စမ်းသပ်မှုတွေပါ... ဒါပေမယ့် ဒီတစ်ခုကတော့ အစစ်အမှန်သိုင်း အမွေအနှစ် ရဲ့ စစ်မှန်တဲ့ စမ်းသပ်မှုပဲ... အခုဆိုရင် ဘာလို့ ငါ မင်းကို သိုင်းသူတော်စင် အဆင့် ရောက်မှ ဒီကို ပြန်လာခဲ့လို့ ပြောခဲ့လဲဆိုတာ မင်း နားလည်လောက်ပြီ"
လိပ်အိုကြီး၏ စကားကို ၊နင်ချီ ခေါင်းညိတ်လိုက်သည်။
သူ ခန့်မှန်းမိပြီးသားပါ။
ခါးကုန်းကုန်း အဘိုးကြီး၏ ခံစားချက်ပါသည့် အသံက အစစ်အမှန်သိုင်း ခန်းမဆောင် ထဲမှာ ပဲ့တင်ထပ်သွားလေသည်။
"မွေးဖွားလာကတည်းက အစစ်အမှန်သိုင်း ခန်းမဆောင် က မင်းတို့ သိုင်းကမ္ဘာ ထဲက ထူးချွန်ပြောင်မြောက်တဲ့ သိုင်းပညာရှင်တွေကို တစ်ယောက်ပြီးတစ်ယောက် ရွေးချယ်ပြီး စမ်းသပ်ခဲ့တယ်... ဒါပေမယ့် ချွင်းချက်မရှိ အကုန် ကျရှုံးခဲ့ကြတယ်... မင်း ပေါ်လာတာကတော့ ငါမြင်ရတဲ့ နောက်ဆုံး မျှော်လင့်ချက်ပဲ"
"နင်ချီ... မင်းရဲ့ ပါရမီနဲ့ နားလည်သဘောပေါက်နိုင်စွမ်းက ငါကြားဖူးသမျှနဲ့ မတူဘူး... (၁၃) နှစ်သားအရွယ်လေးနဲ့ ဒီလို အောင်မြင်မှုတွေ ရရှိခဲ့တာ... ရှေးခေတ်ကနေ ယနေ့ခေတ်အထိ ဘယ်သူမှ မင်းကို မယှဉ်နိုင်ဘူး"
လိပ်အိုကြီးက မျှော်လင့်ချက် ကြီးကြီးမားမားနှင့် ကြည့်ပြီး ပြောလာ၏။
"ဖြစ်နိုင်တာက... မင်း အစစ်အမှန်သိုင်း ခန်းမဆောင် ရဲ့ စမ်းသပ်မှုကို အောင်မြင်ပြီး အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်း ရဲ့ အမွေအနှစ်ကို လက်ခံရရှိနိုင်လိမ့်မယ်"
"အဲဒီအချိန်ကျရင်... ဒီ အကျပ်အတည်းကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာတွေ့ကောင်း ရှာတွေ့နိုင်ပါလိမ့်မယ်”