အခန်း (၄၀၆-၄၀၈)
Vol. 28 Ch. 406-408
အခန်း (၄၀၆) - အင်မော်တယ် လက်နက်ကို ဆက်ခံခြင်း၊ ကြယ်တာရာတို့ကို စစ်တုရင်နယ်ရုပ်သဖွယ် ကစားခြင်း
~ခန်းမဆောင်ကျယ်ကြီး၏ အတွင်းဘက်၊
စီနီယာ လိပ်အိုကြီး၏ မျက်လုံးများက နင်ချီထံတွင် တေ့တေ့ဆိုင်ဆိုင် ကပ်ငြိနေလေ၏။ ထိုအကြည့်များထဲတွင် မျှော်လင့်ချက် ရောင်ခြည်တို့က တလက်လက် တောက်ပနေသည်ဟု ဆိုရမည်။
သူသည် အမွေအနှစ် မှတ်ဉာဏ်အချို့ကို ပြန်လည် နိုးထစေနိုင်ခဲ့ပြီ ဖြစ်၍ တစ်ချိန်က "အစစ်အမှန်သိုင်း နယ်ပယ်" မည်မျှကြီးကျယ်ခမ်းနားခဲ့ကြောင်းကို ကောင်းကောင်းကြီး သိရှိနေသူ ဖြစ်ပေသည်။ သို့သော် ထိုအသိတရားကပင် သူ့ကို ပို၍ စိတ်ဆင်းရဲစေခဲ့ရခြင်း ဖြစ်လေတော့၏။
ဘာမှ မသိခဲ့လျှင် တော်သေးသည်။ ယခုတော့ ကမ္ဘာလောကကြီး မည်မျှ ကျယ်ပြောသည်ကို သိလိုက်ရပြီးနောက် ဤကျဉ်းမြောင်းလှသော "သိုင်းလောက" လေးထဲတွင် ပိတ်လှောင်ခံထားရပြီး သေနေ့စောင့်နေရသည့် ခံစားချက်က ရင်ထဲတွင် ဆစ်ခနဲ နာကျင်ရသည့် ဒုက္ခမျိုးပင်။
သူ့ဘဝတလျှောက်လုံး သိုင်းလောကသားများ ဤစမ်းသပ်မှုထဲသို့ ဝင်ရောက်သွားကြသည်ကို အကြိမ်ကြိမ်အခါခါ ငေးမောကြည့်ရှုခဲ့ဖူးလှပြီ။ သို့သော် ရလဒ်ကတော့ တစ်ခုတည်းသာ။ အားလုံး ကျရှုံးခဲ့ကြစမြဲ။
မျှော်လင့်ချက်ဆိုသည့် အရာက သူ့အတွက်တော့ ရှားပါးပစ္စည်းတစ်ခု ဖြစ်နေခဲ့သည်မှာ ကြာပြီမဟုတ်ပါလား။
ဒီတစ်ခေါက် "အစစ်အမှန်သိုင်း ခန်းမဆောင်" ကို ဖွင့်လှစ်ပေးလိုက်ခြင်းကလည်း တကယ်တမ်းကျတော့ ဟန်ပြ သက်သက်သာ။ သို့သော် ကံကြမ္မာက မျက်နှာသာ ပေးချင်တော့ နင်ချီကဲ့သို့ လူစားမျိုးနှင့် လာရောက် ဆုံတွေ့ရလိမ့်မည်ဟု လိပ်အိုကြီး စိုးစဉ်းမျှ ထင်မှတ်မထားခဲ့မိပေ။
ဒါက သူ့အတွက်တော့ ကန္တာရအလယ် ရေအိုင်ကို တွေ့လိုက်ရသလို ဝမ်းသာစရာ ကိစ္စရပ် တစ်ခု ဖြစ်နေတော့သည်။
နင်ချီက လေးနက်သော မျက်နှာထားဖြင့် ခေါင်းတစ်ချက် ညိတ်ပြလိုက်လေ၏။
သူသည် အကြောင်းနှင့် အကျိုးကို ကောင်းကောင်းကြီး နားလည်သဘောပေါက်ထားသူ ဖြစ်ပါသည်။ သူ ရင်ဆိုင်ရမည့် ရန်သူက သာမန်ကာလျှံကာ မဟုတ်၊ "တောင်နှင့် ပင်လယ် နယ်မြေ" လို ဧရာမ အင်အားကြီးတစ်ခု ဖြစ်နေသည်လေ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိသည် ဆိုသော်ငြားလည်း ဘယ်နေရာကပဲ ဖြစ်ဖြစ် အကူအညီရနိုင်မည့် အခွင့်အရေးရှိလျှင် လက်လွတ်ခံမည့် လူစားမျိုးတော့ သူ မဟုတ်ချေ။
တကယ်လို့များ သူ့ရှေ့က "အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်း" ၏ အမွေအနှစ်ကိုသာ ရရှိလိုက်မည်ဆိုပါက လက်ရှိ အကြပ်အတည်းကို ဖောက်ထွက်နိုင်မည့် မျှော်လင့်ချက် ရာခိုင်နှုန်းက ဒုံးပျံစီးသလို ထိုးတက်သွားမည်မှာ မလွဲဧကန်ပင်။
ထို့ကြောင့် နင်ချီက မေးခွန်းထုတ်လိုက်မိသည်။
"စီနီယာ လိပ်အိုကြီး... ဒီအမွေအနှစ် စမ်းသပ်မှုရဲ့ အကြောင်းအရာ အတိအကျက ဘာလဲဗျ။ ကျွန်တော် ဘာလုပ်ရမှာလဲ"
လိပ်အိုကြီးက ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းပြလိုက်လေ၏။
"အမှန်အတိုင်း ဝန်ခံရရင် ငါလည်း အတိအကျ မသိဘူးကွ"
"ဗျာ..."
နင်ချီ မျက်လုံး ပြူးသွားရလေသည်။
‘ဟာ... ဒီလောက် လူတွေအများကြီး ဝင်ရောက် ဖြေဆိုခဲ့တာ၊ ဘာမေးခွန်း မေးတယ်ဆိုတာကိုတောင် ဒီလိပ်အိုကြီးက မသိဘူးတဲ့လား။ ဒါ ဖြစ်နိုင်ပါ့မလား။’
သူ့အတွေးကို ရိပ်မိသည့်အလား လိပ်အိုကြီးက ဆက်ရှင်းပြလေသည်။
"ဒီစမ်းသပ်မှုထဲ ဝင်သွားပြီး ကျရှုံးသွားတဲ့သူ မှန်သမျှ၊ အဲ့ဒီ စမ်းသပ်မှုနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေ အကုန်လုံး အဖျက်ဆီး ခံလိုက်ရလို့ပဲ"
နင်ချီ့ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရ၏။ မှတ်ဉာဏ် ဖျက်ဆီးခံရတယ် ဆိုပါလား။
ထိုအခါ လိပ်အိုကြီးက စကားဆက်လေသည်။
"အတိအကျ ဘာလုပ်ရမယ်ဆိုတာ မသိပေမဲ့... အမွေအနှစ် စမ်းသပ်မှု ဆိုတာကတော့ ဒီအချက်တွေကနေ ဘယ်တော့မှ မကျော်လွန်ပါဘူးကွာ။ 'ဉာဏ်အလင်း၊ တိုက်ခိုက်စွမ်းရည် နဲ့ စိတ်ဆန္ဒစွမ်းအား'... ဒါပါပဲ။ ဝိညာဉ်နယ်မြေက အင်မော်တယ်ဂိုဏ်း အများစု ဆက်ခံသူ ရွေးချယ်ရင် သုံးနေကျ စံနှုန်းတွေပဲလေ။ အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်း လည်း ဒီစည်းကမ်းဘောင်ထဲက လွတ်မှာ မဟုတ်ပါဘူး"
နင်ချီ သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်မိလေ၏။ တော်ပါသေးသည်။
တကယ်လို့ ဒီသုံးချက်တည်း ဆိုရင်တော့ သူ့အတွက် မျှော်လင့်ချက် ရှိပါသေးသည်။
"နင်ချီ... မင်းရဲ့ အစွမ်းကုန် ကြိုးစားပြီး အကောင်းဆုံး အကဲဖြတ်ရလဒ် ထွက်အောင် လုပ်ရမယ်နော်။ ဒီရလဒ်က မင်း အစစ်အမှန်သိုင်း ခန်းမဆောင်ကို ဘယ်လောက်အထိ ထိန်းချုပ်ခွင့် ရမလဲဆိုတာကို ဆုံးဖြတ်ပေးသွားမှာမို့လို့ပဲ။ အစစ်အမှန်သိုင်း ခန်းမဆောင် ဆိုတာက အစစ်အမှန်သိုင်းဂိုဏ်းရဲ့ ဆက်ခံသူလက်ထဲ ထည့်ပေးလိုက်တဲ့ 'အင်မော်တယ် လက်နက်' တစ်ခုပဲကွ"
လိပ်အိုကြီး၏ စကားသံက တုန်ရီလှိုက်မောနေပြီး မျှော်လင့်ချက်တို့ ပြည့်နှက်နေလေသည်။
စကားသံ အဆုံးမှာတော့...
နင်ချီ၏ မျက်ဝန်းအိမ်တို့ ရုတ်ချည်း ကျဉ်းမြောင်းသွားရတော့သည်။
'အင်မော်တယ် လက်နက်တဲ့လား'
"အင်မော်တယ်" ဆိုသည့် စကားလုံး ပါလာပြီ ဆိုလျှင် မည်သည့် အရာမှ ရိုးရှင်းခြင်း မရှိတော့ပေ။
ဒီလောက် ဟောင်းနွမ်းပျက်စီးနေသည့် ခန်းမဆောင်ကြီးက အင်မော်တယ် လက်နက် တစ်ခု ဖြစ်နေလိမ့်မည်ဟု နင်ချီ လုံးဝ ထင်မှတ်မထားခဲ့မိတာ အမှန်ပင်။ လိပ်အိုကြီး ပြောဖူးသလို ဒီလက်နက်က ပျက်စီးနေသည် ဆိုလျှင်တောင်မှ... "ပိန်သော်လည်း ဆင်၊ ကျုံ့သော်လည်း ခြင်္သေ့" ဆိုသလို ပျက်စီးနေသော အင်မော်တယ် လက်နက် တစ်ခု၏ စွမ်းအားက သူ၏ စိတ်ကူးဉာဏ်ကို ကျော်လွန်နေဦးမည်မှာ အသေအချာပင်။
ထိုအခိုက်အတန့်၌...
လိပ်အိုကြီး၏ စကားထဲမှ အခြားသော အချက်အလက် တစ်ခုကိုပါ နင်ချီ ဖမ်းမိလိုက်လေသည်။
'စမ်းသပ်မှု အဖြေက အာဏာပိုင်ဆိုင်ခွင့် နဲ့ ဆက်စပ်နေတယ်ပေါ့'
"ဒါဆို... တကယ်လို့ ကျွန်တော်က ဒီခန်းမဆောင်ကို အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့ရင်၊ နောက်ထပ် ဆက်ခံသူတွေ ထပ်ပြီး ရွေးချယ်နေရဦးမှာလား ဗျ"
နင်ချီက ဖျတ်ခနဲ မေးလိုက်၏။ သူ့အသံထဲတွင် စိုးရိမ်မှုအချို့ ပါဝင်နေသည်။
လိပ်အိုကြီးက ခေါင်းညိတ်ပြလေသည်။
"ဒါပေါ့ကွ။ အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်းက အတော်ဆုံး၊ အကောင်းဆုံး ဆက်ခံသူကိုပဲ လိုချင်တာလေ။ ဥပမာပြောရရင်... မင်းက 'အဆင့် (ခ)' လောက်ပဲ ရတယ်ဆိုပါစို့။ မင်းအနေနဲ့ ဒီခန်းမဆောင်ကို ထိန်းချုပ်ခွင့် နှစ်ပုံ၊ သုံးပုံ လောက်ပဲ ရလိမ့်မယ်။ ပြီးရင် နောက်ထပ် ဆက်ခံသူ အသစ်ကို ထပ်ရွေးချယ်ပေးရမယ့် တာဝန်ကိုပါ မင်း ပခုံးပေါ် ထမ်းထားရလိမ့်မယ်။ အစစ်အမှန်သိုင်း ခန်းမဆောင်က အပြည့်အဝ အသိအမှတ်ပြုတဲ့ သူတစ်ယောက် ပေါ်လာတဲ့အထိပေါ့ကွာ"
နင်ချီ ချက်ချင်း သဘောပေါက်လိုက်လေ၏။
ဒါက အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်းရဲ့ "မီးရှူးတန်ဆောင်" ပါလား။
သူ့ရှေ့က လိပ်အိုကြီး ဆိုလျှင်လည်း ဒီမီးရှူးတန်ဆောင်ကို ဆက်ခံထားရသူ ဖြစ်သည့်အတွက် ခန်းမဆောင်အပေါ် ထိန်းချုပ်ခွင့်က အတော်လေး နည်းပါးရှာလိမ့်မည်။ "အသက်အဆိပ်" ဖြေဆေးတို့၊ သိုင်းကမ္ဘာ၏ ရှေးဟောင်း ကမ္ဘာ့ဆန္ဒတို့ ဆိုတာတွေကလည်း သည်နေရာမှ ပေါက်ကြားသွားတာ ဖြစ်ရမည်။ သို့မဟုတ်လျှင် သိုင်းကမ္ဘာ ဇာတိ ဖြစ်သော ဒီလိပ်အိုကြီး တစ်ကောင်တည်းနှင့်တော့ ထိုမျှ နက်နဲသော လျှို့ဝှက်နည်းလမ်းများကို ဖန်တီးနိုင်မည် မဟုတ်တန်ရာ။
နင်ချီ၏ စိတ်နှလုံးက ကတုန်ကယင် ဖြစ်လာရလေသည်။
ဝိညာဉ်နယ်မြေ တစ်ခုလုံးကိုတောင် လွှမ်းမိုးနိုင်သော "အင်မော်တယ် ဂိုဏ်း" တစ်ခု၏ အမွေအနှစ်၊ ပြီးတော့ "အင်မော်တယ် လက်နက်" တစ်ခု...။
ဒါကိုသာ ဝိညာဉ်နယ်မြေက လူတွေ သိသွားကြလျှင် မနာလိုစိတ်နှင့် ရူးသွပ်သွားကြမှာ အမှန်ပင်။
"ပေါင်းစည်းခြင်း နယ်ပယ်" တို့၊ "တစ်သားတည်းဖြစ်ခြင်း နယ်ပယ်" တို့ ရောက်နေသော ဘိုးတော်ကြီးတွေတောင်မှ ဖင်တကြွကြွနှင့် ဆင်းလာပြီး လုကြလိမ့်မည်။
ကံကောင်းသည်မှာ...ဤနေရာက "သိုင်းကမ္ဘာ" ဖြစ်နေခြင်းပင်။
"တောင်နှင့် ပင်လယ် နယ်မြေ" မှ လူတွေလည်း ဒီနေရာမှာ အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်း၏ အမွေအနှစ် ဝှက်ထားမှန်း သိကြသေးတာ ဟုတ်ပုံ မရပေ။
နင်ချီ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း စိတ်ကို ငြိမ်အောင် ပြန်ထိန်းလိုက်လေသည်။
လိပ်အိုကြီး၏ အားပေးသော အကြည့်အောက်မှာပင် သူက ခြေတစ်လှမ်းချင်း လှမ်းကာ အလင်းရောင် တံခါးပေါက်ကြီးဆီသို့ ဦးတည်သွားလိုက်တော့သည်။
"မင်း... မဖြစ်မနေ အောင်မြင်ရမယ်နော်"
လိပ်အိုကြီးက ရွှေရောင် တံခါးပေါက်ကြီးကို စိုက်ကြည့်ရင်း ဆုတောင်းသံ တီးတိုး ရေရွတ်နေမိရှာသည်။ တံခါးဝကို မျက်တောင်တစ်ချက်မခတ်ဘဲ ကြည့်နေပုံမှာ တစ်ခဏလေးတောင် အာရုံလွတ်သွားရဲသည့် ပုံစံ မပေါ်ပေ။
...
နင်ချီ့ ခန္ဓာကိုယ် တစ်ဝိုက်တွင် ကြီးမားသော စွမ်းအားတစ်ခု လှိုင်းထသွားသည်ကို ခံစားလိုက်ရပြီးနောက်... ပတ်ဝန်းကျင် တစ်ခုလုံး အမှောင်အတိ ကျသွားလေ၏။
သူ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်သည့် အချိန်မှာတော့...၊
နားစည်ကွဲမတတ် ဆူညံနေသော တိုက်ပွဲ ဟစ်ကြွေးသံတွေနှငါ့အတူ၊ နင်ချီ၏ ဝိညာဉ်ကိုပါ တုန်လှုပ်သွားစေမည့် ကြောက်မက်ဖွယ် အရှိန်အဝါတွေကိုပါ ခံစားလိုက်ရတော့သည်။
သေချာပါသည်။... ဒီအရှိန်အဝါ ပိုင်ရှင်တွေသာ နှာခေါင်းတစ်ချက် ရှုံ့လိုက်မယ်ဆိုရင်တောင် သူ လေလွင့်ပြီး အကြိမ်ရာချီ ပြန်လည်ဝင်စား သွားရလောက်သည်။
နင်ချီ လှမ်းကြည့်လိုက်မိသည်။
သူ့မြင်ကွင်းထဲတွင် တွေ့လိုက်ရသည်မှာတော့...
အစစ်အမှန်သိုင်းတောင်ထက် အဆပေါင်း ထောင်ချီ ပိုမို ခမ်းနားထည်ဝါသော "အင်မော်တယ် တောင်တန်း" ကြီးများက အဆုံးအစမရှိ တန်းစီ တည်ရှိနေကြသည်ကိုပင်။
ထိုတောင်တန်းများကြားတွင် နတ်ဘုရား မြူခိုးများ ရစ်သိုင်းနေပြီး၊ ဝိညာဉ်ရေတံခွန်များသည် ကြယ်တာရာ မြစ်များအလား စီးဆင်းနေကြ၏။
ဝိညာဉ်ဆေးပင်များ၊ ဆန်းပြားသော ပန်းမာလ်များက နေရာတိုင်းတွင် ပေါက်ရောက်နေပြီး ရေတွက်၍ မကုန်နိုင်သော ဝိညာဉ်သားရဲများ၊ အင်မော်တယ် သတ္တဝါများက ပျော်မြူးနေကြသည်။
"အစစ်အမှန် နဂါး" များနှင့် "ကောင်းကင်ဘုံ ဖီးနစ်" တို့၏ ပုံရိပ်များကိုပင် ဝိုးတဝါး လှမ်းမြင်နေရသေးသည်။
နင်ချီ အသက်ရှူ ရပ်မတတ် ဖြစ်သွားရလေသည်။
သို့သော်... ဤမျှ လှပခမ်းနားသော နတ်ဘုရားနယ်မြေကြီးသည် ယခုအချိန်တွင်မူ ယခင်က တစ်ခါမှ မကြုံဖူးလောက်အောင် ပြင်းထန်သော စစ်ပွဲကြီးတစ်ခု၏ စစ်မြေပြင် ဖြစ်နေခဲ့ပြီ။
"အစစ်အမှန်သိုင်း ဘိုးဘေး... အခုချက်ချင်း လက်နက်ချစမ်း"
ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်နှစ်ခု ကောင်းကင်မှ ဆင်းသက်လာသည်နှင့်အမျှ ပတ်ဝန်းကျင် တစ်ခုလုံး တွန့်လိမ်ရှုံ့တွသွားတော့သည်။ သူတို့၏ အရှိန်အဝါ ပြင်းထန်လွန်း၍ နင်ချီမှာ မော့ကြည့်ရန်ပင် မစွမ်းသာတော့ချေ။
ထို အင်မော်တယ် တောင်တန်းကြီးများကြားမှ...
ထပ်တူထပ်မျှ အားပြင်းလှသော ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။
နင်ချီက ထိုသူကို သေသေချာချာ မမြင်ရသော်လည်း ခံ့ညားထည်ဝါသော အဘိုးအို တစ်ဦး ဖြစ်မည်ဟု အလိုလို ခံစားမိလိုက်သည်။ ထိုအဘိုးအိုက စကားတစ်ခွန်းမျှ မဆို။ မျက်တောင်တစ်ခတ် အတွင်းမှာပင် မိုးနှင့်မြေကို ရွှေ့ပြောင်းလိုက်ပြီး ဟိုလူနှစ်ယောက်အား တခြား လျှို့ဝှက်နယ်မြေ တစ်ခုဆီသို့ ဆွဲခေါ်သွားကာ တစ်ယောက်တည်း ရင်ဆိုင် တိုက်ခိုက်လိုက်တော့သည်။ သူ့အရှိန်အဝါက တစ်ဖက်လူ နှစ်ယောက်လုံးကို လွှမ်းမိုးထားနိုင်သည်ကို တွေ့ရ၏။
ထို ထိပ်သီး သုံးယောက် ပျောက်သွားပြီးနောက်...
ကျန်ရစ်ခဲ့သော အခြား စွမ်းအားရှင်များကလည်း အလားတူ ကြောက်ခမန်းလိလိ ပင်။
နင်ချီ မြင်လိုက်ရသည်က...
လက်တစ်ဖက်တည်းဖြင့် ကောင်းကင်မှ ကြယ်တာရာများကို ဆွတ်ခူးကာ အင်မော်တယ် တောင်တန်းများကြားသို့ ဒေါသတကြီး ပစ်ပေါက်ခွဲဖြတ်နေသော စွမ်းအားရှင်များ...
ကောင်းကင်ထိအောင် မြင့်မားသော "ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်" ဘီလူးကြီးများအဖြစ် ပြောင်းလဲကာ အစစ်အမှန် နဂါးကြီးများကို အရှင်လတ်လတ် ဆွဲဖြဲသတ်ဖြတ်နေသော ကျင့်ကြံသူများ...၊
ကောင်းကင်မီးများကို ဆင့်ခေါ်၍ ဧရာမ အခင်းအကျင်းကြီးများ ခင်းကျင်းကာ အင်မော်တယ် တောင်တန်းကြီးများကို ပြာကျအောင် လောင်ကျွမ်းစေသော အကြွင်းမဲ့ အားကောင်းသူများ...။
နင်ချီ့ စိတ်အာရုံတစ်ခုလုံး တုန်ခါသွားရလေသည်။
သူ့ရှေ့မှ မြင်ကွင်းအားလုံးက သည်းထိတ်ရင်ဖို စရာကောင်းလွန်းလှသည်။
ဒါက သာမန် ရန်ပွဲ မဟုတ်...။ အလွန်တရာ ပြင်းထန်သော ကျင့်ကြံသူများ၏ စစ်ပွဲ... "ဝိညာဉ်နယ်မြေ စစ်ပွဲ" ကြီး ပေတကား။
တစ်ယောက်ပြီး တစ်ယောက်၊ စွမ်းအားရှင်များက သူတို့၏ ကောင်းကင်ဘုံ နည်းစနစ်များကို ထုတ်သုံးနေကြပုံများမှာ ယခုလက်ရှိ နင်ချီ မှန်းဆ၍ပင် မရနိုင်သော အဆင့်အတန်းများ ဖြစ်နေကြသည်။
ထိုစစ်ပွဲထဲတွင် ပါဝင်နေသော ကျင့်ကြံသူ အရေအတွက်ကလည်း ကြည့်မဆုံးနိုင်အောင် များပြားလွန်းလှပြီး... အရေးမပါဆုံး၊ အသေးနုပ်ဆုံး နောက်လိုက်လေး တစ်ယောက်ကပင် နင်ချီထက် အဆပေါင်းများစွာ သာလွန်နေကြသည် မဟုတ်ပါလား။
အခန်း (၄၀၇) - အင်မော်တယ် လက်နက်ကို ဆက်ခံခြင်း၊ ကြယ်တာရာတို့ကို စစ်တုရင်နယ်ရုပ်သဖွယ် ကစားခြင်း (၂)
~သူ သဘောပေါက်လိုက်ပြီ...။
ဝိညာဉ်နယ်မြေ စစ်ပွဲကြီးအတွင်း ကျူးကျော်ဝင်ရောက်လာသူတွေဟာ အနည်းဆုံး "ခရမ်းရောင် နန်းတော် နယ်ပယ်" (ခရမ်းရောင် စံအိမ်နယ်ပယ်ကို ခရမ်းရောင် နန်းတော် နယ်ပယ် ဟု ပြောင်းလဲ သုံးစွဲသွားပါမည်) ရှိသော ပုဂ္ဂိုလ်ကြီးတွေ ဖြစ်ကြပေသည်။
ထို့အပြင်၊ သူ့နားထဲ ကြားနေရသော ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တီးတိုးစကားသံတွေကြောင့် ခုနက သူ မြင်ခဲ့ရသည့် လူနှစ်ယောက်က ဘယ်သူတွေလဲ ဆိုတာကိုလည်း နင်ချီ ခန့်မှန်းမိလိုက်တော့၏။
"တောင် ဘိုးဘေး... ပင်လယ် ဘိုးဘေး..."
သူ့စိတ်ဝိညာဉ်တစ်ခုလုံး တုန်ခါသွားရလေသည်။
သူ့မျက်စိရှေ့က မြင်ကွင်းဟာ ဘာလဲဆိုတာကိုလည်း နင်ချီ ကောင်းကောင်းကြီး နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။
"ဒါက... ဟိုတုန်းက တောင်နှင့် ပင်လယ် ကမ္ဘာက အစစ်အမှန်သိုင်း ကမ္ဘာကို ကျူးကျော်ခဲ့တဲ့ မှတ်ဉာဏ် မှတ်တမ်းပဲ"
နင်ချီ့ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ လှိုင်းထန်လာရလေ၏။
လိပ်အိုကြီး ပြောပြတုန်းက တစ်မျိုး၊ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရတော့ တစ်မျိုးပါလား။
‘ကြေကွဲစရာ ကောင်းတယ်... ကြီးကျယ်ခမ်းနားလွန်းတယ်... ရက်စက်ကြမ်းကြုတ်လွန်းတယ်’
ဒါက ဝိညာဉ်နယ်မြေ စစ်ပွဲကြီးအပေါ် နင်ချီ ခံစားမိလိုက်သည့် အမြင်ပင် ဖြစ်သည်။
'ဒါက လမ်းစဉ် တစ်ခုအတွက် တိုက်ပွဲပဲ။ တိုးတက်မလား၊ ဆုတ်ယုတ်မလား... အစစ်အမှန်သိုင်း နယ်ပယ် က သူများကို မဝါးမြိုရင် သူများ ဝါးမြိုတာ ခံရမှာပဲလေ’
အတွေး တစ်ချက်က သူ့ခေါင်းထဲ ဝင်ရောက်လာသည်။
ထိုစဉ်မှာပင်...
သူ့ရှေ့က စစ်ပွဲမြင်ကွင်းကြီးက တဖြည်းဖြည်း ငြိမ်သက်သွားပြီးနောက်...
သူ့ကိုယ်သူ သတိထား ကြည့်လိုက်မိချိန်မှာတော့ ကြယ်တာရာများ ပြည့်နှက်နေသည့် ကောင်းကင်ယံကြီး တစ်ခုထဲသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိလိုက်ရလေသည်။
ခမ်းနား ထည်ဝါသော အသံကြီး တစ်သံက ကြယ်တာရာ ကောင်းကင် တစ်ခုလုံး ဟိန်းထွက်လာ၏။
"ငါ့ရဲ့ အစစ်အမှန်သိုင်း ဆက်ခံသူ... မင်းအနေနဲ့ ဒီအရာကို ရန်သူ တစ်ယောက်လို ရင်ဆိုင်ရလိမ့်မယ်။ စမ်းသပ်မှုကို ခံယူချင်သလား"
နင်ချီ ချက်ချင်း သဘောပေါက်လိုက်သည်။
ဒါက ပထမဆုံး မမြင်ရသည့် စမ်းသပ်မှု... "သတ္တိ" ကို စစ်ဆေးခြင်းတည်း။
အစော ကလို အင်အား ကြီးမားလွန်းသော ရန်သူတွေကို မြင်တွေ့ပြီးသည်ကိုပင် စမ်းသပ်မှုကို ဆက်ပြီး ဝင်ရောက် ယှဉ်ပြိုင်ရဲသည် ဆိုပါက လူဟာ သာမန် မဟုတ်သော လူစားမျိုး ဖြစ်ဖို့ များပေသည်။
သို့သော်၊ ဤရွေးချယ်မှုက လွယ်ကူသည် ဟူ၍တော့ မထင်လိုက်ပါနှင့်။
ယခု မြင်တွေ့ခဲ့ရသော မှတ်ဉာဏ် ပြန်လည်ပြသမှု ဆိုသည်မှာ ရုပ်ရှင် ပြသသကဲ့သို့ ရိုးရိုးသက်သက် ပြသသွားခြင်း မဟုတ်ချေ။ ဝိညာဉ်ကိုပါ ရိုက်ခတ်မှု ရှိပေသည်။ ထို ကြောက်မက်ဖွယ် အရှိန်အဝါများသည် အစစ်အမှန်ကဲ့သို့ပင် ခံစားရပြီး သာမန် သိုင်းသူတော်စင် တစ်ယောက်ဆိုလျှင် သွေးပျက်ကာ သေဆုံးသွားနိုင်လောက်ပေသည်။
အမှန်စင်စစ်တွင်...
နင်ချီ မသိရှိသော အချက်မှာ... ဤစမ်းသပ်မှုထဲသို့ ဝင်ရောက်လာပြီး ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့် သိုင်းလောက သိုင်းသူတော်စင် ( ၉၀ ) ရာခိုင်နှုန်းခန့်သည် ဆက်လက် ယှဉ်ပြိုင်ရန် သတ္တိမရှိတော့ဘဲ လက်မြှောက် အရှုံးပေးသွားကြသည် ဆိုသည့် အချက်ပင် ဖြစ်သည်။
ကံကောင်းသည်မှာ... ဤကိစ္စသည် နင်ချီအတွက်မူ အခက်အခဲ မရှိလှပေ။
"စမ်းသပ်မှု စလိုက်ပါ"
သူ့စိတ်က လုံးဝ တည်ငြိမ်နေလေသည်။
အင်အားကြီးမားမှုသည် သူ့အား ကြောက်ရွံ့သွားစေသည် မဟုတ်၊ ပိုမို တွန်းအားဖြစ်စေခြင်းသာ ဖြစ်ပေသည်။
အချိန်သာ လုံလောက်အောင် ရရှိမည် ဆိုပါက... အင်မော်တယ် ဖြစ်လာရန်မှာ အဘယ်အရာများ ခဲယဉ်းနေမည်နည်း။
နင်ချီ စကားဆုံးသည်နှင့်...
သူ့ရှေ့ရှိ ကြယ်တာရာ ကောင်းကင်ကြီးသည် စတင် ပြောင်းလဲသွားလေတော့သည်။
သူ၏ အမြင်အာရုံများသည် အဆမတန် မြင့်တက်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူကိုယ်တိုင်က မိုးနှင့်မြေကို ဖြန့်ကျက်ထားနိုင်သည့် ဧရာမ ဘီလူးကြီး တစ်ကောင် ဖြစ်သွားသယောင် ရှိလေသည်။
တခဏလေး အတွင်း၌ပင် ထိုအဝေးမှ ကြီးမားလှသော ကြယ်ကြီးများသည် သေးငယ်သွားကြသည်မှာ... အဘယ်အရာနှင့် တူသွားသနည်း ဆိုသော်... "စစ်တုရင် နယ်ရုပ်" လေးများ ကဲ့သို့ပင် ဖြစ်သွားလေသည်။
ထို့နောက် ထို... ကြယ်တာရာ မြစ်တစ်စင်း၏ တစ်ဖက်ကမ်းတွင်မူ ဝေဝါးနေသော ပုံရိပ်တစ်ခုသည် လက်နောက်ပစ်၍ ရပ်နေလေသည်။
နင်ချီ အံ့သြသွားရလေသည်။
"ဒါက... ကြယ်တာရာ ကောင်းကင်ကို စစ်တုရင်ခုံ လုပ်ပြီး၊ ကြယ်တွေကို နယ်ရုပ်တွေအဖြစ် သုံးကာ ဟိုဘက်က လူကို နိုင်အောင် တိုက်ရမှာလား။ ဒါမှမဟုတ် အချိန် ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ဆိုတာကို စစ်ဆေးတာလား"
ဘယ်လောက် ခမ်းနားလိုက်သလဲကွယ်။
သို့သော် တစ်ဖက်ကမ်းမှ ဝေဝါးနေသော ပုံရိပ်သည် နင်ချီကို ပိုမို တုန်လှုပ်စေခဲ့သည်။ စောစောက မြင်ကွင်းထဲတွင် တွေ့ခဲ့ရသည့် "အစစ်အမှန်သိုင်း ဘိုးဘေး" နှင့် တူနေသယောင် သူ ခံစားလိုက်ရသောကြောင့်ပင် ဖြစ်သည်။
တစ်ဆက်တည်းမှာပင် ကြီးမားလှသော ကြယ်တာရာ သဲနာရီကြီး တစ်ခုကိုလည်း သူ လှမ်း၍ မြင်လိုက်ရသည်။
"အဆင့်သုံးဆင့်ကို အောင်မြင်တဲ့သူက စွမ်းဆောင်ရည် အပေါ် မူတည်ပြီး အစစ်အမှန်သိုင်း ခန်းမဆောင်ရဲ့ အခွင့်အရေးတွေနဲ့ အမွေအနှစ်တွေကို ရရှိလိမ့်မယ်။ ပထမအဆင့်... စတင်ပြီ"
ခမ်းနားသော အသံကြီးသည် သတိပေးစကား ဆိုပြီးသည်နှင့် ချက်ချင်း ပျောက်ကွယ်
သွားလေတော့သည်။
နင်ချီသည် သူ့အောက်မှ ကြယ်တာရာ 'နယ်ရုပ်' လေးများကို ငုံ့ကြည့်ရင်း စဉ်းစားခန်း ဝင်လိုက်မိလေ၏။ မည်သည့် အရိပ်အမြွက်မျှ မပေးထားဘဲ မိမိဘာသာ စမ်းသပ်ရှာဖွေကာ ဤကစားကွက်ကို မည်သို့ ဖောက်ထွက်ရမည် ဆိုသည်မှာ ခေါင်းခဲဖွယ်ရာပင် ဖြစ်သည်။
‘စစ်တုရင် ထိုးကွက်တွေကို စစ်ဆေးတာများလား’
သူ တွေးတောနေစဉ်တွင်ပင်...
တစ်ဖက်ကမ်းမှ ဝေဝါးနေသော ပုံရိပ်သည် လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရာ ကြယ်တစ်လုံးသည် ဟိန်းဟောက်သံနှင့်အတူ အသက်ဝင် လှုပ်ရှားလာလေတော့သည်။
နင်ချီ၏ အံ့သြမှင်သက်နေသော အကြည့်အောက်တွင်ပင် ထိုကြယ်သည် နှင်းခဲများ ဖုံးလွှမ်းနေသည့် "ကောင်းကင်ဘုံ ဓား" ကြီးအဖြစ် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ် စွမ်းအားဖြင့် ခုတ်ပိုင်းချလိုက်ရာ... နင်ချီ၏ ဘက်ခြမ်းမှ ကြယ်အတော်များများ ချက်ချင်း ပျက်စီးသွားရလေသည်။
‘ဒီကြယ်တွေထဲမှာ... အင်မော်တယ် နည်းစနစ်တွေ၊ နတ်ဘုရား နည်းစနစ်တွေ ရှိနေတာများလား’
သူ ချက်ချင်းပင် ဤအထဲမှ လျှို့ဝှက်ချက်ကို ရိပ်စားမိလိုက်သည်။
တုံ့ဆိုင်းနေခြင်း အလျဉ်းမရှိ။
သူ၏ အသိစိတ်အာရုံကို ကြယ်တစ်လုံးထဲသို့ စီးဝင်စေလိုက်သည့်အခါ "ရွှေရောင်မီးတောက် ဝိညာဉ်ဓား" ဟူသော အင်မော်တယ် နည်းစနစ်တစ်ခုကို အာရုံခံမိလိုက်လေ၏။ ဤနည်းစနစ်ကို အောင်မြင်အောင် ကျင့်ကြံနိုင်သည်နှင့် ကြယ်တာရာ စွမ်းအားကို အသုံးပြု၍ အထွတ်အထိပ် စွမ်းအားကို ထုတ်ဖော်နိုင်မည် ဖြစ်သည်။
‘ဆိုလိုတာက... ဒီအဆင့်မှာ တကယ်တမ်း စစ်ဆေးတာက 'ဉာဏ်ရည်' ပေါ့။ အချိန်တိုအတွင်းမှာ ဒီမန္တန်တွေ၊ နည်းစနစ်တွေကို နားလည်သဘောပေါက်နိုင်ရင် ရန်သူ့ကြယ်တွေကို ချေမှုန်းနိုင်မယ်။ ငါ ထင်သလို စစ်တုရင် ထိုးရတာ မဟုတ်ဘူးပဲ။ ဒါဆို... ရလဒ်ကောင်း ရဖို့အတွက် ငါက ကြာကြာ တောင့်ခံထားနိုင်ရင် ပြီးရောပေါ့’
‘ဒါမှမဟုတ်... ဟိုဘက်က လူကိုတောင် နိုင်အောင် တိုက်နိုင်ရင် အကောင်းဆုံး ရလဒ် ရနိုင်တာပေါ့’
ဤအချက်ကို သဘောပေါက်လိုက်သည်နှင့် နင်ချီ၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာလေတော့သည်။
ဉာဏ်ရည်ပိုင်းနှင့် ပတ်သက်လျှင်မူ သူသည် မည်သူ့ကိုမျှ ကြောက်ရွံ့ခြင်း မရှိချေ။
သိုင်းသူတော်စင် အဆင့်သို့ တက်လှမ်း ပြီးသည့်နောက် သူ၏ ဉာဏ်ရည်ပိုင်းက အရည်အသွေးပိုင်းဆိုင်ရာ ခုန်ပျံကျော်လွှား တိုးတက်မှုကြီး ဖြစ်သွားခဲ့ပြီ ဖြစ်သည်လေ။
ယခုလေးတင် နင်ချီ အာရုံခံလိုက်မိသလောက် ဒီကြယ်တွေထဲက မန္တန်တွေ၊ နည်းစနစ်တွေက သိုင်းသူတော်စင် အဆင့်ထက် မကျော်လွန်သေးပါ။ ကြယ်တာရာ စွမ်းအားတွေနှင့် ပေါင်းစပ်လိုက်၍သာ ဒီလောက် ကြောက်စရာကောင်းနေခြင်းပင်။ ဒါကို သိလိုက်ရတော့ နင်ချီ ပိုပြီးတောင် မကြောက်တော့ပေ။
"ဝုန်း"
တဖက်ကမ်းက ကြယ်တစ်လုံး ပေါက်ကွဲသွားပြီး ဧရာမ လက်ချောင်းကြီး တစ်ချောင်းအဖြစ် ပြောင်းလဲကာ ထိုးဆင်းလာပြန်သည်။ နင်ချီ့ဘက်က ကြယ်အတော်များများ ထပ်ပြီး ပျက်စီးသွားရပြန်၏။
နင်ချီ သေသေချာချာ မြင်လိုက်ရသည်...။
တစ်ဖက်ကမ်းမှ ကြယ်တာရာ မြစ်ကြီးသည် သူ့ထံသို့ တရွေ့ရွေ့ တိုးကပ်လာနေ၏။ အနားသို့ ရောက်ရှိလာသည်နှင့် သူ့အား ချက်ချင်း ဝါးမြိုပစ်တော့မည့် အသွင်ပင် ဖြစ်သည်။
ထိုဘက်ရှိ ဝေဝါးနေသော ပုံရိပ်၏ အေးစက်စက် အကြည့်ကိုပင် နင်ချီ လှမ်း၍ ခံစားနေရသကဲ့သို့ ရှိလေသည်။
သို့သော် သူ လုံးဝ မထိတ်လန့်ချေ။
သူ၏ စိတ်အာရုံများသည် "ရွှေရောင်မီးတောက် ဝိညာဉ်ဓား" ကြယ်အတွင်းသို့ ငုပ်လျှိုးဝင်ရောက်သွားပြီး... သူ၏ ဦးခေါင်းထဲတွင်မူ စိတ်ကူးဉာဏ်များသည် စမ်းရေတွင်း ပေါက်သကဲ့သို့ တသွင်သွင် စီးဆင်းလာလေတော့၏။ အသက်ရှူချိန် ဆယ်ကြိမ်ခန့် အကြာတွင် ထိုကြယ် ပေါက်ကွဲသွားပြီး ရွှေရောင်မီးတောက်များ တောက်လောင်နေသည့် ဝိညာဉ်ဓား တစ်လက် ကောင်းကင်ထက်သို့ ထိုးတက်သွားကာ တစ်ဖက်ကမ်းမှ ကြယ်လေးလုံးခန့်ကို ပိုင်းဖြတ်ပစ်လိုက်လေ၏။
တစ်ဖက်ကမ်းမှ လူပင် အနည်းငယ် အံ့သြသွားပုံ ရလေသည်။
နောက်ထပ် အသက်ရှူချိန် ဆယ်ကြိမ်ခန့် အကြာတွင်မူ... နောက်ထပ် လက်ချောင်း တစ်ချောင်းသည် ကြယ်တစ်လုံးကို မီးတောက် ဧရာမ လက်ဝါးကြီး အဖြစ် ပြောင်းလဲ၍ နင်ချီ့ထံသို့ ပစ်လွှတ်လိုက်ပြန်သည်။ သို့သော် နင်ချီကား မတုန်လှုပ်တော့ချေ။ သူ၏ ဘက်မှ ကြယ် တစ်လုံးသည် ရွှေရောင်ချပ်ဝတ် ဝတ်ဆင်ထားသော ဧရာမ လူကြီး တစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး ထို မီးတောက် လက်ဝါးကြီးကို ဆွဲဖြဲပစ်လိုက်လေ၏။
သူ ပိုမို ကျွမ်းကျင်လာပြီ ဖြစ်သည်။
သိုင်းသူတော်စင် အဆင့်ခန့် ရှိသော အင်မော်တယ် နည်းစနစ်များသည် သူ့အတွက် မည်သို့မျှ အခက်အခဲ မရှိတော့ချေ။ အထူးသဖြင့် များစွာ နားလည်လာလေ၊ နှိုင်းယှဉ်လေ့လာ၍ ပိုမို လျင်မြန်လာလေ ဖြစ်နေလေတော့သည်။
နှစ်ဖက် ထိပ်တိုက် တွေ့ကြပြီ ဖြစ်သည်။
ကြယ်များ တစ်လုံးပြီး တစ်လုံး ပျက်စီးသွားလိုက်၊ နတ်ဘုရား နည်းစနစ်များ တစ်ခုပြီး တစ်ခု ပေါ်ထွက်လာလိုက်နှင့် ရှိလေသည်။ နင်ချီသည် နောက်ကောက်
ကျ..မကျန်ရစ်ခဲ့သည့်အပြင် တဖြည်းဖြည်းနှင့် အသာစီးပင် ရရှိလာနေပြီ ဖြစ်သည်။ အစပိုင်းတွင် သတိမထားမိ၍ ကြယ်အချို့ ပျက်စီးခဲ့ရသော်လည်း ယခုမူ နင်ချီသည် ပွဲလှန်နေပြီ ဖြစ်၏။
သူ၏ နှုတ်ခမ်းထက်မှ အပြုံးသည် ပိုမို ပီပြင်လာလေ၏။
တစ်ဖက်ကမ်းမှ ဝေဝါးနေသော ပုံရိပ်မှာမူ သိသိသာသာကြီး တုန်လှုပ်နေပုံ ရလေသည်။
ဤသို့ သဘာဝလွန် ပါရမီရှင်မျိုးနှင့် လာရောက် တိုက်ခိုက်ရလိမ့်မည်ဟု သူ စိတ်ကူးပင် ယဉ်ခဲ့မိပုံ မပေါ်ချေ။
အဘယ်ကြောင့်ဆိုသော် ဤ "ကြယ်တာရာ ဉာဏ်ရည်" အဆင့် ဆိုသည်မှာ မူလကတည်းက "မှော်နယ်ပယ်" ကျင့်ကြံသူ တစ်ယောက် အောင်မြင်ရန် ရည်ရွယ်ထားသည့် အရာ မဟုတ်သောကြောင့် ဖြစ်သည်။ ပုံမှန်အားဖြင့်မူ မည်မျှ ကြာအောင် တောင့်ခံနိုင်သည် ဆိုသည်နှင့်ပင် အဆုံးအဖြတ် ပေးကြခြင်း ဖြစ်သည်။
ဤသည်မှာ ယခင်က ဘိုးဘေးတစ်ယောက်၏ စိတ်ကူးပေါက်ရာ ပြုလုပ်ထားခဲ့သည့် အရာတစ်ခုသာ ဖြစ်သည်။
သို့သော် ယခုမူ...
နင်ချီသည် ထုံးတမ်းစဉ်လာများ အားလုံးကို ရိုက်ချိုးပစ်လိုက်လေပြီ ဖြစ်သတည်း။
ကြယ်တာရာ မှော်စွမ်းအင်များ တစ်ခုပြီး တစ်ခု တိုက်ခိုက်နေကြပြီး ထိုဘက်မှ လူ၏ ရှေ့ရှိ ကြယ်များသည် တဖြည်းဖြည်းချင်း လျော့နည်းလာနေသည်ကို ကြည့်ရှုကာ သူ မှင်သက်နေရလေသည်။
သို့သော် နင်ချီကတော့ ကျေနပ်အားရခြင်း မရှိသေး။
‘နှေးတယ်... နှေးလွန်းတယ်’
နောက်တစ်ခဏမှာတော့...၊
နင်ချီသည် သူ၏ စိတ်အာရုံကို သုံးပိုင်း ခွဲထုတ်လိုက်ပြီး ကြယ်သုံးလုံးထဲမှ မှော်ပညာများကို တစ်ပြိုင်နက်တည်း လေ့လာလိုက်လေတော့သည်။ "ကောင်းကင်ဘုံ မိစ္ဆာ ဓားချီ" ၊ "ဝိညာဉ်ချပ်ဝတ် တာအိုစစ်သည်" နှင့် "နက်မှောင်သော လက်သီး မုဒြာ"...
ဤသုံးခုလုံးသည် တစ်ပြိုင်နက်တည်းနီးပါး ထွက်ပေါ်လာသောကြောင့် တစ်ဖက်ကမ်းမှ လူမှာမူ ကြောင်အမ်းအမ်း ဖြစ်သွားရရှာလေသည်။
မန္တန်သုံးပုဒ် ပေါင်းစပ်၍ တိုက်ခိုက်လိုက်သည့်အခါ... ရန်သူ့ မန္တန်တစ်ခုကို ချေမှုန်းပစ်လိုက်ရုံသာမက ကြယ်ပေါင်း တစ်ဒါဇင်ကျော်ကိုပါ လှည်းထုတ် ရှင်းလင်းပစ်လိုက်
နိုင်လေ၏။
ဤနှုန်းထားသည် ယခင်ကထက် ဆယ်ဆမက ပိုမို လျင်မြန်သွားပြီ ဖြစ်သည်။
နင်ချီ ကျေနပ်စွာ ခေါင်းညိတ်
လိုက်လေသည်။
'ငါ ဒီထက် ပိုမြန်နိုင်သေးတယ်’
အစစ်အမှန်သိုင်း ခန်းမဆောင်ကို အပြည့်အဝ ထိန်းချုပ်ခွင့် ရရှိရန်အတွက် မည်သို့သော အကဲဖြတ်ချက်မျိုး လိုအပ်သနည်း ဆိုသည်ကို သူ မသိရှိသော်လည်း၊ သူ့အနေဖြင့်မူ အကောင်းဆုံး ကြိုးစားရမည်သာ ဖြစ်ပေသည်။
ကြယ်များသည် တစ်လုံးပြီး တစ်လုံး လင်းလက်လာကြ၏။
မန္တန်များသည် ကြယ်တာရာ ကောင်းကင်ထက်၌ ပေါက်ကွဲကုန်ကြလေသည်။
နင်ချီသည် ဤခံစားမှုကြီးထဲတွင် အပြည့်အဝ စီးမျောနေတော့သည်။
လက်ရှိအချိန်တွင် သူ မသုံးနိုင်သေးသော စွမ်းအားများကို ယခုကဲ့သို့သော နည်းလမ်းဖြင့် ကြိုတင် သုံးစွဲခွင့် ရရှိနေခြင်းသည် အရသာ ရှိလွန်းလှသည် မဟုတ်ပါလော။
ထိုမျှမကသေး...၊
ဤနေရာရှိ မန္တန်တိုင်းသည် အလွန်ပင် တန်ဖိုးရှိပြီး စွမ်းအား
ကြီးမားသည်များချည်းသာ ဖြစ်သည်။
ထို့ကြောင့် သူ၏ အခြေခံအုတ်မြစ်သည် မကြုံစဖူး နှုန်းထားဖြင့်ပင် ကြောက်ခမန်းလိလိ ခိုင်မာလာနေတော့သည်။
စိတ်အာရုံ လေးပိုင်း ခွဲလိုက်၏..။
ခုနစ်ပိုင်း ခွဲလိုက်၏...။
ဆယ်ပိုင်း ခွဲလိုက်၏...။
ကြယ်ဆယ်လုံး တစ်ပြိုင်နက်တည်း တဝုန်းဝုန်း ပေါက်ကွဲထွက်ပေါ်လာသည့် အချိန်တွင်မူ တစ်ဖက်ကမ်းမှ ဝေဝါးနေသော ပုံရိပ်မှာ လုံးဝ ကြက်သေ သေသွားကာ သူ၏ ကြယ်များကို အသက်သွင်းရန်ပင် မေ့လျော့သွားရရှာလေသည်။
'ဒါ... ဘယ်လို သတ္တဝါကြီးလဲ’
ထို ဝေဝါးသော ပုံရိပ်မှာ တုန်လှုပ်သွားရသကဲ့သို့ တစ်ချိန်တည်းမှာပင် ရှားရှားပါးပါး စိတ်လှုပ်ရှားမှုမျိုးကိုပါ ခံစားလိုက်ရလေသည်။
'ဒီတစ်ခေါက်တော့ တကယ်ပဲ မျှော်လင့်ချက် ရှိပြီလား' ဟု သူ့ကိုယ်သူ တွေးတောနေမိသည်။
ကြယ်တာရာ သဲနာရီထဲမှ သဲများသည် တဖြည်းဖြည်း ကျဆင်းနေလေ၏
နင်ချီမှာမူ ပိုမို၍ စိတ်တက်ကြွလာနေပြီ ဖြစ်သည်။
သူ သတိမထားမိလိုက်မီမှာပင်...
ထိုတစ်ဖက်ကမ်းမှ ကြယ်များအားလုံး သူ့လက်ချက်ဖြင့် ကုန်သလောက် ဖြစ်သွားခဲ့ပြီ။ နင်ချီ၏ ဘက်တွင်မူ ကြယ်တာရာ မြစ်ကြီးသည် သူ့ကို ဝန်းရံထားဆဲ၊ အားကောင်းမောင်းသန် ရှိနေဆဲပင် ဖြစ်သည်။
"စီနီယာ... ခွင့်လွှတ်ပါဗျာ"
နင်ချီသည် အရိုအသေပြုလိုက်ပြီးနောက် ကြယ်တာရာ မြစ်ကြီးကို ရှေ့သို့ တိုးဝင် တိုက်ခိုက်ခိုင်းလိုက်တော့သည်။ ထိုဘက်ရှိ ဝေဝါးနေသော ပုံရိပ်မှာ အံ့အားသင့်နေစဉ်မှာပင် ကြယ်တာရာ မြစ်ကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရကာ အပိုင်းပိုင်းအစစ ဖြစ်သွားလေသည်။
ဤစမ်းသပ်မှုကို စီစဉ်ခဲ့ပြီးကတည်းက ဤကဲ့သို့သော အဖြစ်မျိုး ကြုံတွေ့ရလိမ့်မည်ဟု သူ မည်သည့်အခါကမျှ ထင်မှတ်မထားခဲ့ဖူးပေ။
နင်ချီ မြင်လိုက်ရသည်က...
ထို ဝေဝါးသော ပုံရိပ်က ပြုံးနေသယောင်။ ရယ်သံသဲ့သဲ့က ဒီကြယ်တာရာ ကောင်းကင်ကြီးထဲမှာ တိုးတိုးလေး ပဲ့တင်ထပ်နေလေ၏။
ထို့နောက် ခမ်းနားထည်ဝါသော အသံက ထပ်၍ ပေါ်လာပြန်သည်။
"ပထမအဆင့် အောင်မြင်သည်။ အကဲဖြတ်ချက်... အဆင့် (က)ထက် ကျော်လွန်နေသဖြင့် အကဲဖြတ်၍ မရနိုင်ပါ”
အခန်း (၄၀၈) - မဟာတာအိုဆရာ ကိုးပါး
~"အဆင့် (က) ထက် ကျော်လွန်နေတယ်... ဟုတ်လား"
နင်ချီ ခမျာ ကြောင်တောင်တောင် ဖြစ်သွားရရှာသည်။
သူ့စိတ်ထဲမှာ လိပ်အိုကြီး ပြောခဲ့ဖူးသည့် စကားတွေကို ပြန်ကြားယောင်မိနေသေးသည်။
‘အကဲဖြတ်တဲ့ အဆင့်တွေက (က၊ ခ၊ ဂ၊ ဃ) ဆိုပြီး လေးဆင့်ပဲ ရှိတယ်၊ အဲ့ဒီ လေးဆင့်ကိုမှ (အနိမ့်၊ အလယ်၊ အမြင့်) ဆိုပြီး ထပ်ခွဲထားတော့ စုစုပေါင်း (၁၂) ဆင့် ရှိတယ် ဆိုပါလား။
အခုကျတော့ ဘာတဲ့...။
အဆင့် (က) ထက်တောင် ကျော်လွန်သွားတယ် တဲ့။ ဒါဆို ငါက (၁၃) ဆင့်မြောက်ကို ရောက်သွားတာလား။’
နင်ချီ့ နှုတ်ခမ်းထောင့်တွေ ကွေးညွတ်သွားပြီး အပြုံး တစ်ခု ဖြစ်ပေါ်လာလေ၏။
‘အနည်းဆုံးတော့ ဒီပထမအဆင့်မှာ ငါ့ကို ယှဉ်နိုင်တဲ့သူ မရှိဘူး ဆိုတဲ့ သဘောပဲ’
သူ တွေးမိသည်က မမှား။
ယခင် လာရောက် စမ်းသပ်သူများသည် အနိုင်တိုက်ခိုက်ရန် မဆိုထားနှင့်၊ အသာစီး ရရှိရန်ပင် မနည်း ကြိုးပမ်းခဲ့ကြရသည် မဟုတ်ပါလော။
သူတို့သည် မည်မျှ ကြာအောင် 'တောင့်ခံ' နိုင်မည် ဆိုသည်ကိုသာ အဓိကထားခဲ့ကြခြင်း ဖြစ်သည်။ ဤစမ်းသပ်မှုကို ဖန်တီးခဲ့သူ ကိုယ်တိုင်ကလည်း လာရောက် စမ်းသပ်သူက ထိုဘက်မှ လူကို 'အနိုင်' တိုက်ခိုက်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း မရှိသောကြောင့်ပင် ဖြစ်သည်။
သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်တော့ နင်ချီ့ အတွေးက ပိုခိုင်မာလာသည်။
‘အသက်ရှူချိန် ဆယ်ကြိမ်လောက် အတွင်းမှာ အင်မော်တယ် နည်းစနစ်တစ်ခုကို အောင်မြင်အောင် ကျင့်ကြံနိုင်တာ... ငါက လွဲရင် ဘယ်သူ လုပ်နိုင်ဦးမှာလဲ။ ဟို ရှေးဟောင်း ဘီလူးကြီးတွေ ကိုယ်ယောင်ဖျောက်ပြီး လာဖြေရင်တော့ တမျိုးပေါ့လေ’
သို့သော် သူ ဆက်ပြီး ခေါင်းရှုပ်မခံတော့။
‘ဘာပဲဖြစ်ဖြစ် စမ်းသပ်မှုကို အောင်မြင်ရင် ပြီးတာပဲလေ။ ပထမအဆင့်တောင် ဒီလောက် ရှယ် အောင်မြင်ထားတာ၊ ကျန်တဲ့ နှစ်ဆင့်သာ ရလဒ်ကောင်းရင် ဒီအင်မော်တယ် လက်နက်ကြီးကို ပိုင်ဆိုင်ခွင့် ရပြီပဲ။’
သူ့ရင်ထဲမှာ မျှော်လင့်ချက်တွေ တဖွားဖွား ပေါ်ပေါက်လာရသည်။
"အင်မော်တယ် လက်နက် ဆိုတာ ဘယ်လောက်တောင် စွမ်းအားကြီးမလဲ မသိဘူးနော်"
သူ အတွေးနယ်ချဲ့နေစဉ်မှာပင်...
ပတ်ဝန်းကျင်က ကြယ်တာရာ ကောင်းကင်ကြီးဟာ တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။ နင်ချီက အသက်ကို အောင့်ထားလိုက်ပြီး သူ၏ "ထင်ယောင်ထင်မှား ချိုးဖြတ်ရွှေရောင် မျက်လုံး" အား ထုတ်သုံးကာ ထိုပြောင်းလဲမှု၏ နောက်ကွယ်က အမှန်တရားကို ချောင်းကြည့်ဖို့ ကြိုးစားလိုက်လေ၏။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်က ထိုစွမ်းအားများမှာ မြင့်မြတ်လွန်းလှသဖြင့် သူ လှမ်း၍ မမီနိုင်ဖြစ်နေခြင်းပင်။
မျက်တောင်တစ်ခတ် အတွင်းမှာပင်၊...
နင်ချီ နောက်ထပ် နယ်မြေ တစ်ခုဆီသို့ ရောက်ရှိသွားပြန်သည်။
အင်မော်တယ် တောင်တန်းကြီး၏ အတွင်းဘက်... လူသံတွေ ဆူညံနေသော ဧရာမ "တာအိုရင်ပြင်" ကြီး တစ်ခု။
စိတ်လှုပ်ရှားနေသော မျက်လုံးပေါင်းများစွာက တိမ်တွေကြားမှာ ပျံဝဲနေသည့် မြင့်မား သော စင်မြင့်ကြီးတွေဆီသို့ မော့ကြည့်နေကြသည်။ စင်မြင့် တစ်ခုစီတိုင်းမှာ ဝိညာဉ်ပုံရိပ် တစ်ခုစီ ရှိနေပြီး၊ စုစုပေါင်း စင်မြင့် "ကိုးခု" တိတိ ရှိလေ၏။
"ဒါတွေက ငါတို့ အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်းရဲ့ သမိုင်းတစ်လျှောက် အသန်မာဆုံးလို့ သတ်မှတ်ခံထားရတဲ့ 'မဟာတာအိုဆရာ ကိုးပါး' ရဲ့ ပုံရိပ်တွေပဲကွ။ သူတို့က 'မှော်နယ်ပယ်' မှာ ပြိုင်ဘက်ကင်းတွေလေ။ သူတို့ရဲ့ တိုက်ကွက် တစ်ကွက်၊ ဒါမှမဟုတ် တိုက်ကွက် တစ်ဝက်လောက်ကို ခံနိုင်ရင်တောင် ဂုဏ်ယူစရာကြီးကွ"
ထိုကဲ့သို့သော အသံဗလံများကို နေရာအနှံ့မှ ကြားနေရသည်။
နင်ချီ လှမ်းကြည့်လိုက်၏။
ပေါ့ပါး သွက်လက်ပြီး အရှိန်အဝါ ပြင်းထန်သော ကျင့်ကြံသူများစွာက တာအိုရင်ပြင်မှာ ပြည့်နှက်နေပြီး စင်မြင့်ထက်ကို တက်ရောက် စိန်ခေါ်နေကြသော ပါရမီရှင်တွေကို မော့ကြည့်နေကြခြင်း ဖြစ်နေ၏။
တချို့ စိန်ခေါ်သူတွေက "မှော်နယ်ပယ်" ကို အခုမှ စရောက်ကာစ ရှိသေးသလို၊ တချို့ကျတော့လည်း "မှော်နယ်ပယ် ပြည့်ဝခြင်း အဆင့်" ကို ရောက်နေကြပြီ ဖြစ်သည်။
သူတို့ စင်မြင့်ထက်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ထိုဘက်ရှိ ဝိညာဉ်ပုံရိပ်များသည်လည်း အသက်ဝင်လာပြီး စိန်ခေါ်သူနှင့် တူညီသော ကျင့်ကြံခြင်း အဆင့်အတန်းကို အလိုအလျောက် ပြောင်းလဲ ရယူလိုက်ကြသည်။
မျိုးစုံလှသော သိုင်းကွက်များ၊ စွမ်းအားများ ထွက်ပေါ်လာသည်ကို ကြည့်ရှုရင်း နင်ချီ တစ်ယောက် အံ့သြရလေ၏။
ထို ထိပ်သီး ကိုးဦးကို ထားလိုက်ဦး...၊ လာရောက် စိန်ခေါ်သည့် ပါရမီရှင် ဂိုဏ်းသားများ ကိုယ်တိုင်ကလည်း တော်တော်ပင် စွမ်းအားကြီးမားကြသည်။
အားလုံးသည် "မှော်နယ်ပယ်" အဆင့်များ ဖြစ်နေကြသဖြင့် "သိုင်းကမ္ဘာ" မှ သိုင်းသူတော်စင်များထက် များစွာ သာလွန်နေကြသည် မဟုတ်ပါလော။
နေနီ သိုင်းသူတော်စင် တို့၊ သိုင်းသူတော်စင် ဇီယွဲ့ တို့ကဲ့သို့သော သိုင်းလောက၏ ပြိုင်ဘက်ကင်း ပါရမီရှင်များသာ ဤနေရာသို့ ရောက်ရှိလာလျှင် သာမန် လူတန်းစားလောက်သာ ဖြစ်သွားမည်မှာ သေချာပါသည်။
နင်ချီ သုံးသပ်နေစဉ်တွင်ပင်...
ပတ်ဝန်းကျင်မှ မြင်ကွင်းများ အားလုံး ရုတ်ချည်း ပျောက်ကွယ်
သွားလေတော့သည်။
မျက်တောင်တစ်ခတ် အတွင်း၌ပင် စောစောက ဆူညံနေသော လူသံများ တိတ်ဆိတ်သွားပြီး ကွင်းပြင်ကျယ်ကြီးထဲတွင် နင်ချီ တစ်ယောက်တည်း ကျန်ရစ်ခဲ့လေတော့၏။ ခြောက်ကပ်ပြီး အထီးကျန်ဖွယ် ကောင်းလှပေသည်။
သူ ချက်ချင်း သဘောပေါက်လိုက်သည်။
"ဒါက ဟိုခေတ်တုန်းက အစစ်အမှန်သိုင်းဂိုဏ်းက တပည့်တွေ စိန်ခေါ်ပွဲ ယှဉ်ပြိုင်ခဲ့ကြတဲ့ မြင်ကွင်းကို ပြသနေတာကိုး"
ဒုတိယ စမ်းသပ်မှုမှာ အဘယ်အရာ ဖြစ်သည်ကို နင်ချီ ကောင်းစွာ နားလည်သွားပြီ ဖြစ်သည်။
"ဒုတိယအဆင့် စမ်းသပ်မှု... စတင်ပြီ"
ခမ်းနားထည်ဝါသော အသံက ထပ်မံ ပေါ်ထွက်လာပြန်သည်။
နင်ချီသည် မိုးပေါ်ရှိ စင်မြင့် ကိုးခုပေါ်တွင် ရှိနေသော ဝိညာဉ်ပုံရိပ်များကို မော့ကြည့်လိုက်သည်။
သူ့မျက်လုံးများသည် လေးနက် တည်ငြိမ်နေလေ၏။
အမှန်အတိုင်း ဝန်ခံရလျှင်မူ...
ဤ "တာအိုဆရာ" များ၏ တိုက်ခိုက်စွမ်းရည်သည် တူညီသော နယ်ပယ်ချင်း ယှဉ်လျှင်ပင် တော်တော်ကို ကြောက်မက်ဖွယ် ကောင်းလှပါသည်။ အချို့ဆိုလျှင် ထူးခြားဆန်းပြားသော "ရုပ်ခန္ဓာ" များ ပိုင်ဆိုင်ထားကြပြီး နည်းစနစ်များကလည်း စုံလင်လှပေသည်။
နင်ချီကဲ့သို့ လူတောင်မှ သတိထား၍ ကိုင်တွယ်ရမည့် အနေအထားပင် ဖြစ်သည်။
နင်ချီသည် မိမိကိုယ်ကိုယ် မည်သည့်အခါမျှ အထင်မသေးသကဲ့သို့၊ ဘဝင်လည်း မမြင့်တတ်ပေ။
‘ငါက 'ဉာဏ်အလင်း' အပိုင်းမှာ အပြည့်ရှိတာ မှန်ပေမယ့်၊ 'တောနယ်' (သိုင်းကမ္ဘာ) မှာ ကြီးပြင်းလာရတဲ့ လူလေ။ အတွေ့အကြုံနဲ့ အခြေခံပိုင်းမှာ သူတို့လို ရွှေဇွန်းကိုက်ပြီး မွေးလာတဲ့ မြို့ကြီးသား (အင်မော်တယ်ဂိုဏ်းသား) တွေနဲ့ ယှဉ်ရင် နည်းနည်းတော့ လိုအပ်နေသေးတာ အမှန်ပဲ’
ဤသည်မှာ သူ၏ အားနည်းချက် တစ်ခုပင် ဖြစ်သည်။
သို့သော် သူ မကြောက်ရွံ့ချေ။
သူသည် တိမ်များကြားတွင် ရှိသော စင်မြင့်တစ်ခုပေါ်သို့ တက်လှမ်းလိုက်သည်။
ကိုးယောက်အနက် အားအနည်းဆုံးဟု ထင်ရသည့် တစ်ယောက်ထံသို့ ဖြစ်၏။
သူ့ရှေ့ရှိ ဝိညာဉ်ပုံရိပ်သည် တဖြည်းဖြည်း အသက်ဝင်လာလေသည်။ ကြည့်လိုက်သော် နတ်သမီးငယ်လေးသဖွယ် လှပပြီး ကျက်သရေရှိသည့် မိန်းမလှလေး တစ်ဦး ဖြစ်နေသည်။ နန်းတွင်း ဝတ်စုံ အဖြူရောင်လေး ဝတ်ဆင်ထားပြီး လေထဲတွင် ပေါ့ပါးစွာ လွင့်မျောနေ၏။
သူမ၏ နှုတ်မှ အေးစက်စက် အသံ ထွက်ပေါ်လာလေသည်။
"စတုတ္ထအဆင့် မှော်နယ်ပယ်... မင်းကို အခြေအနေ ပြင်ဆင်ဖို့ အချိန် ဆယ်စက္ကန့် ပေးမယ်"
ပြောကြားပြီးသည်နှင့် သူမ၏ အရှိန်အဝါသည် မြန်ဆန်စွာ ပြောင်းလဲသွားပြီး နင်ချီ၏ ကျင့်ကြံခြင်း အဆင့်အတန်းနှင့် တူညီသော အနေအထားတွင် ရပ်တန့်သွားလေတော့သည်။
နင်ချီမှာမူ ဤအရာကို ကြိုတင်သိရှိပြီးသား ဖြစ်သဖြင့် မအံ့သြတော့ပေ။
အချိန် ဆယ်စက္ကန့် ကုန်ဆုံးသွားပြီးနောက်...
ထိုဘက်မှ မိန်းကလေးသည် ရပ်နေသော နေရာမှ ချက်ချင်း ပျောက်ကွယ်သွားလေ၏။
ပြင်းထန်သော ဝိညာဉ်စွမ်းအားများ လှိုင်းထလာပြီး လရောင်ကဲ့သို့ အေးစက်သော "ဓားချီ"များအဖြစ် ပြောင်းလဲကာ ဝင်ရောက် တိုက်ခိုက်လာလေတော့သည်။
ဤဓားချီ၏ စွမ်းအားမှာ မသေးလှ၊ နေနီ သိုင်းသူတော်စင် လောက်ကိုဆိုလျှင် ချက်ချင်း အသေသတ်
နိုင်လောက်ပေသည်။
နင်ချီ၏ မျက်နှာထားမှာမူ ပြောင်းလဲခြင်း မရှိချေ။
သူ၏ "ရွှေရောင် မျက်လုံး" သည် ဤတိုက်ကွက်၏ နောက်ကွယ်မှ အမှန်တရားကို ဖောက်ထွင်းမြင်တွေ့ပြီးသား ဖြစ်နေခဲ့သည် မဟုတ်ပါလော။ ဤမိန်းကလေး၌ ထူးခြားသော ရုပ်ခန္ဓာ ရှိပြီး လရောင်အဖြစ် ပြောင်းလဲကာ ကိုယ်ယောင်ဖျောက် တိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။
ဓားချီ ဝင်ရောက်လာသည့် တခဏချင်းတွင်ပင် နင်ချီ၏ ထံမှ ဝိညာဉ်စွမ်းအားများလည်း ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ထိုဘက်မှ မိန်းကလေးမှာ အနည်းငယ် အံ့သြသွားပုံ ရ၏။
အဘယ်ကြောင့်ဆိုသော် နင်ချီ၏ ဝိညာဉ်စွမ်းအား ပမာဏသည် သူမထက် ပိုမို များပြားနေသောကြောင့်ပင်။
နင်ချီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်၍ ထိုးချလိုက်ရာ ဓားချီ ကြေမွသွားရသည်။
သို့သော်... မိန်းကလေးသည် အခြားတစ်ဖက်တွင် ဘွားခနဲ ပြန်လည် ပေါ်ထွက်လာပြီး လရောင် ဓားချီဖြင့် ထပ်မံ တိုက်ခိုက်ပြန်သည်။
နင်ချီမှာမူ ခံစစ်အနေအထားသို့ ရောက်ရှိသွားရသည်။ သူ၏ ခန္ဓာကိုယ်တွင် အစိမ်းရောင် အလင်းတန်းများ ဝန်းရံထားပြီး ဆန်းကြယ်သော ဓားချီများကို ခုခံနေရလေ၏။
သူ မျက်ခုံးပင့်လိုက်မိသည်။ သူ၏ စိတ်ထဲတွင်မူ ဝိညာဉ်အလင်းတန်းများ တစ်ခုပြီး တစ်ခု တက်လာနေပြီ ဖြစ်သည်။
‘ဟောဗျာ... 'နေရာလပ် ဟင်းလင်းပြင်' အတက်အကျတွေကို အသုံးပြုပြီး ရှောင်တိမ်းနေတာလား။ သဘောပေါက်ပြီ’
နင်ချီ ပြုံးလိုက်သည်။
တစ်ဆက်တည်းမှာပင် စိတ်ထဲမှ ကြိတ်၍ ချီးကျူးလိုက်မိသေးသည်။
‘ဒီကောင်မလေးက မှော်နယ်ပယ် ပဲ ရှိသေးတာတောင် ဒီလောက် စွမ်းနေပြီ။ သူ့ရုပ်ခန္ဓာက အပြည့်အဝတောင် မနိုးထသေးဘူး ထင်တယ်။ နောက်ပိုင်း အဆင့်မြင့်တဲ့ နယ်ပယ် ရောက်ရင်တော့ ဟင်းလင်းပြင်နဲ့ တစ်သားတည်း ပေါင်းစပ်နိုင်ပြီး ကြောက်စရာကြီး ဖြစ်လာမှာပဲ’
နောက်တစ်ခဏတွင်မူ...
နန်းတွင်းဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေးသည် နင်ချီ၏ ဦးခေါင်းထက် တည့်တည့်တွင် ပေါ်ထွက်လာပြီး ကောင်းကင်မှ ဓားချီများဖြင့် စိုက်ဆင်းချလိုက်လေတော့သည်။
နင်ချီမှာမူ အဆင်သင့်ပင် ဖြစ်သည်။
သူ၏ ဘယ်လက်သီးက မိုးပေါ်သို့ ထိုးတင်ထားပြီး၊ ညာလက်သီးက မြေကြီးသို့ စိုက်ထားသည်။
လက်သီးမုဒြာသည် ဆန်းကြယ်သော ဖိနှိပ်မှုစွမ်းအားနှင့် ပေါင်းစပ်သွားပြီး ဟင်းလင်းပြင်ကို ချုပ်နှောင်ပစ်လိုက်လေ၏။ ဓားချီများကို ရိုက်ခွဲပစ်လိုက်သကဲ့သို့၊ ဟင်းလင်းပြင်၏ တုန်ခါမှုများကိုပါ ငြိမ်သက်သွားစေသည်။
သို့ဖြစ်၍... ထိုဘက်မှ မိန်းကလေးခမျာ ဟိုကူးဒီကူး ပြုလုပ်ရန် မလွယ်ကူတော့ချေ။ သူမ၏ အမြန်နှုန်းသည် မြန်ဆန်နေသေးသော်လည်း နင်ချီ၏ "ရွှေရောင် မျက်လုံး" အောက်တွင်မူ ပုန်းခိုစရာ နေရာ မရှိတော့ပေ။
ဤတိုက်ကွက်ကိုသာ မသုံးစွဲနိုင်တော့ပါက ဤမိန်းကလေးသည် နင်ချီ့အတွက် ခြိမ်းခြောက်မှု သိပ်မရှိတော့ချေ။
ဝိညာဉ်စွမ်းအားများကို စုစည်းလိုက်ပြီး "ကောင်းကင်ဘုံ ဓား" အဖြစ် ပြောင်းလဲလိုက်သည်။
ဤသည်မှာ "ကောင်းကင် ဓားသိုင်း" ၏ အဆင့်မြင့် ပုံစံဖြစ်ပြီး စွမ်းအားမှာမူ ပြောစရာ မလိုအောင်ပင် ပြိုင်ဘက်ကင်းလှပေသည်။
ထိုဘက်မှ မိန်းကလေး အံ့သြမှင်သက်နေစဉ်တွင်ပင်... ဓားချက်သည် သူမ၏ ရင်ဘတ်ကို ဖောက်ထွင်းသွားလေတော့သည်။
သူမ၏ ပုံရိပ်သည် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားပြီး... စင်မြင့်၏ တစ်ဖက်ခြမ်းတွင် ထိုင်နေသော ဝိညာဉ်ပုံရိပ် အဖြစ်သို့ ပြန်လည် ရောက်ရှိသွားလေတော့၏။