← Chapters

အခန်း (၄၁၂-၄၁၄)

Vol. 28 Ch. 412-414

အခန်း (၄၁၂-၄၁၄)

Vol. 28 Ch. 412-414

အခန်း (၄၁၂) - ဘဝကိုးခု သံသရာ (၂)

~ဟဲယောင်ဇူ ရှိနေခြင်းကြောင့် ဒုတိယအစ်မ၏ မင်္ဂလာပွဲသည် ပိုမို ချောမွေ့ခဲ့ပေသည်။

နောက်ဆုံးတွင် သူမသည် သားသတ်သမား တစ်ဦးနှင့် ဖူးစာဆုံခဲ့လေ၏။ ထိုသားသတ်သမားက သူ့ယောက်ဖလေး၏ စာပေတတ်မြောက်မှုကို အလွန် တန်ဖိုးထားသူ ဖြစ်ပေသည်။ အကြောင်းမူကား သူ၏ သားသမီးများကို သူ့လို သားသတ်သမား ဘဝ၊ သားလှီးစဉ့်တုံး ပေါ်တွင်သာ ဘဝဆုံးသွားမည့် အဖြစ်မျိုး မရောက်စေချင်သောကြောင့် ဖြစ်တန်ရာ၏။

လက်တွေ့တွင်မူ သားသတ်သမား ဆိုသည်မှာ မဆိုးလှသော အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု ဖြစ်သည်။ နေ့စဉ် ဝင်ငွေ ကောင်းမွန်စွာ ရရှိနေသည် မဟုတ်ပါလား။

ထိုအချက်ကြောင့် ဟဲယောင်ဇူလည်း အကျိုးကျေးဇူး ခံစားရလေသည်။ ရံဖန်ရံခါတွင် အသားဟင်း ကောင်းကောင်း စားခွင့်ရလာခဲ့၏။

ဘဝက တိုးတက်လာခဲ့ပြီ ဖြစ်၍ အနာဂတ်အတွက် မျှော်လင့်ချက် ရောင်ခြည်များ သန်းလာခဲ့ပြီဟု ဆိုရမည်။

သူ့ခေါင်းထဲတွင်တော့ ယခင်ဘဝမှ မှတ်ဉာဏ်များက တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်စ ပြုလာခဲ့ပြီ။ ရံဖန်ရံခါ အိပ်မက်မက်သည့် အချိန်လောက်မှသာ ကောင်းကင်ယံထက်တွင် ပျံသန်းဖူးခဲ့သည်များ၊ တောင်တန်းများကို ဓားဖြင့် ပိုင်းဖြတ်ခဲ့ဖူးသည်များကို ပြန်လည် သတိရမိတတ်သည်။ သို့သော် ထိုအရာများက တကယ့်လက်တွေ့ ဟုတ်မှဟုတ်ပါလေစ ဟုပင် သံသယ ဝင်မိတတ်သေးသည်။

အချိန်ကာလကား ရေစီးသဖွယ် ကုန်ဆုံးလျက် ရှိ၏။

ဟဲယောင်ဇူသည် တစ်နေ့တခြား အရွယ်ရောက် ကြီးပြင်းလာခဲ့ပြီး၊ ခန္ဓာကိုယ်လည်း ပိုမို သန်မာထွားကျိုင်းလာကာ အလုပ်များကို ပိုလုပ်နိုင်လာခဲ့ပေသည်။

ဆရာအိုကြီး လျူက သူ့ကို အမွေဆက်ခံသူ တစ်ယောက်အဖြစ် သတ်မှတ်ထားပြီး သူတတ်သမျှ ပညာအကုန် သင်ပေးခဲ့ရှာသည်။ ဟဲယောင်ဇူက စာပေလမ်းကြောင်းကို အရင်လိုက်၊ ဂုဏ်သတင်းကျော်ကြားမှု ရယူပြီးမှ စီးပွားရေး တောင့်တင်းလာသည့်အခါ သိုင်းပညာကို ဆက်လက် လိုက်စားမည်ဟု စိတ်ကူးယဉ်ခဲ့ဖူးလေ၏။

သို့သော် ဆရာအိုကြီး လျူ၏ စကားတစ်ခွန်းက သူ့စိတ်ကူးယဉ် အိပ်မက်များကို ရိုက်ချိုးပစ်လိုက်တော့သည်။

"ဟေ့... စာပေပညာရှင် ဆိုတဲ့ နေရာက သာမန်လူတွေ ရနိုင်တဲ့ အရာ မဟုတ်ဘူးကွ။ လူတွေကတော့ ပြောကြတာပေါ့... သူရဲကောင်းတွေက ဆင်းရဲသားထဲက ထွက်ပေါ်လာတယ် ဆိုပြီးလေ။ ဒါပေမဲ့ မင်းကိုယ်မင်း ပြန်ကြည့်စမ်း... မင်းက တကယ့် ဆင်းရဲသား စစ်စစ် ဟုတ်ရဲ့လား၊ ဒါမှမဟုတ် အခြေခံ လူတန်းစားလား"

ဆရာအိုကြီး၏ စကားသံထဲတွင် မျှော်လင့်ချက် ကုန်ဆုံးနေသော လေသံကို ဟဲယောင်ဇူ ခံစားလိုက်ရသည်။ ဆရာ့၏ ဗလာသက်သက် ဖြစ်နေသော မျက်ဝန်းများကို ကြည့်လိုက်သည့်အခါမှ ဆရာအိုကြီး ဘာကြောင့် ဒီရွာလေးမှာပဲ သောင်တင်နေရသလဲ ဆိုတာကို သူ နားလည်လိုက်တော့၏။

ဟဲယောင်ဇူက ဆောင်းရာသီ ရောက်တိုင်း အေးစက်ခဲနေတတ်သော သူ့မိသားစု၏ သစ်သားအိမ်အိုလေးကို ငေးကြည့်လိုက်မိသည်။

နောက်ဆုံးတွင်တော့ သူသည် စာပေလမ်းကြောင်းကို လက်လျှော့လိုက်လေပြီ။

"ဆင်းရဲသား စာပေ၊ ချမ်းသာသူ သိုင်းပညာ" ဟု ဆိုရိုးစကား ရှိသော်လည်း၊ သူကတော့ ထို 'ဆင်းရဲသား စာပေ' လမ်းကြောင်းကိုပင် လျှောက်လှမ်းခွင့် မရှိခဲ့ပါတကား။

ဟဲယောင်ဇူ ငွေ စတင် စုဆောင်းလေတော့သည်။

တတိယအစ်မလည်း အိမ်ထောင်ကျသွားခဲ့ပြီ။ ပန်းပဲဆရာ တစ်ဦးနှင့် ဖြစ်ပြီး ဒါသည်လည်း မဆိုးလှသော အိမ်ထောင်ရေးတစ်ခု ဖြစ်ခဲ့ပေသည်။

မကြာမီပင်...၊

ဟဲယောင်ဇူ ဆယ့်ငါးနှစ်သား အရွယ်သို့ ရောက်ရှိလာခဲ့၏။

ဆရာအိုကြီး လျူကတော့ သူ ဆယ့်လေးနှစ်သား အရွယ်ကတည်းက ဆုံးပါးသွားခဲ့ပြီ ဖြစ်သည်။ ဟဲယောင်ဇူသည် ရွာ၏ ကျောင်းဆရာသစ် ဖြစ်လာခဲ့ပြီး ငွေစုသည့် နှုန်းထားလည်း ပိုမြန်လာခဲ့သည်။

တစ်နေ့သောအခါ...

ဟဲယောင်ဇူသည် အိုမင်းရင့်ရော်နေပြီ ဖြစ်သော သူ့ဖခင်ကို ကြည့်ပြီး ဖွင့်ပြောလိုက်လေ၏။

"အဖေ... ကျွန်တော် သိုင်းသင်ချင်တယ်"

ဟဲတာနျူမှာ လန့်ဖျပ်သွားရရှာသည်။ ထို့နောက် တုန်ရီသော အသံဖြင့် ပြန်ပြောရှာ၏။

"သားရယ်... မင်း ရည်မှန်းချက်ကြီးတာ အဖေ သိပါတယ်။ ဒါပေမဲ့... ငါတို့လို မိသားစုမျိုးက အောင်မြင်ဖို့ မလွယ်ဘူးကွ။ မင်းက တော်ပါတယ်... အဖေကသာ ညံ့လို့ သားအတွက် အခြေခံကောင်းကောင်း မပေးနိုင်ခဲ့တာပါ။ အဖေ ပြောတာ နားထောင်စမ်းပါကွာ... ဒီစိတ်ကူးကို စွန့်လွှတ်လိုက်ပါ။ အခု ငါတို့ မိသားစု အခြေအနေလည်း တိုးတက်လာပြီဆိုတော့... တစ်နေ့ကျရင် မင်းအတွက် မိန်းမကောင်းကောင်း တစ်ယောက် ရှာပေးမယ်လေ။ မျိုးဆက်သစ် မွေးထုတ်ပြီး သူတို့ကို ပိုသန်မာအောင် ပျိုးထောင်ပေးလိုက်ပါ... ဟုတ်ပြီလား"

ဖခင်ဖြစ်သူ၏ မျှော်လင့်ချက် အပြည့်ပါသော မျက်ဝန်းများကို ကြည့်ရင်း ဟဲယောင်ဇူ စိတ်ပျော့သွားမိသည်။ သို့သော်လည်း နောက်ဆုံးတွင်တော့ သူ ခေါင်းမာလိုက်မိ၏။

"အဖေ... ကျွန်တော် သိုင်းပညာကိုပဲ လေ့လာချင်နေတုန်းပဲ။ ကျွန်တော့်ကို စမ်းသပ်ခွင့် ပေးပါဗျာ"

ဟဲတာနျူက သက်ပြင်းကို အကြိမ်ကြိမ် ချလိုက်မိလေသည်။ ပါးစပ်ဟပြီး တစ်ခုခု ပြောချင်သော်လည်း စကားလုံးများ ထွက်မလာတော့ပေ။

နောက်ဆုံးတွင် သူက နောက်လှည့်ပြီး အိမ်ထဲသို့ ဝင်သွားကာ ပိုက်ဆံအိတ် တစ်လုံးကို ယူထုတ်လာခဲ့သည်။ ဟဲယောင်ဇူ၏ ရှေ့တွင် ချပေးလိုက်ရင်း တီးတိုး ရေရွတ်ရှာ၏။

"မင်းအဖေက အရည်အချင်း မရှိတော့... မင်းကို ဒီလောက်ပဲ ကူညီနိုင်တော့မယ်ကွာ"

အဘိုးအိုခမျာ ယုံကြည်ချက် တစ်ခုခု ပျောက်ဆုံးသွားသကဲ့သို့ နွမ်းနယ်နေပုံရသည်။

ဟဲယောင်ဇူက ဖခင်ဖြစ်သူ၏ ကုန်းကိုင်းနေသော ကျောပြင်ကို ကြည့်ရင်း မျက်ရည်များ ဝဲလာရလေသည်။ သူ့ရင်ထဲတွင်တော့ စိတ်ဓာတ်ခွန်အားများ ပိုမို ခိုင်မာလာခဲ့၏။ သူ လုံးဝ ထူးချွန်အောင် ကြိုးစားမည်။ အဖေ့ကို စိတ်ပျက်အောင် မလုပ်ရစေဟု တေးမှတ်လိုက်လေသည်။

ရက်အနည်းငယ် ကြာသောအခါ...

အစ်မ သုံးယောက်စလုံး မိဘအိမ်သို့ ပြန်ရောက်လာကြသည်။

ငယ်ဘဝတုန်းကလို မိသားစု စုံစုံလင်လင်နှင့် ပျော်ရွှင်စရာ ကောင်းလှသည်။ ဟဲယောင်ဇူလည်း အတိုင်းထက်အလွန် ပျော်ရွှင်နေမိ၏။

ညစာ စားပြီးသောအခါ...

အစ်မ သုံးယောက်က ကြိုတင် တိုင်ပင်ထားကြသည့်အလား တစ်ယောက်လျှင် ပိုက်ဆံအိတ် တစ်လုံးစီ ဟဲယောင်ဇူကို ထုတ်ပေးကြလေသည်။ ထို့နောက် သူ့ခေါင်းလေးကို အားပေးသလို ပုတ်ရင်း ပြုံးရွှင်စွာ ပြန်သွားကြတော့သည်။

ဟဲယောင်ဇူက ပိုက်ဆံအိတ် သုံးလုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်မိသည်။ သူ့လက်မောင်းပေါ်က သွေးကြောများပင် ထောင်ထလာသည်အထိ။

အတိတ်ဘဝက မှတ်ဉာဏ်များကတော့ ဝေဝါးသည်ထက် ဝေဝါးလာခဲ့ပြီ။ တခါတလေကျတော့ အဲဒါတွေက တကယ့်ဖြစ်ရပ်တွေလား၊ အိပ်မက်တွေလား ဆိုတာ သူ မကွဲပြားတော့။

အခုချိန်မှာ သူ့ခေါင်းထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့သည်။ "သိုင်းပညာရှင်" ဖြစ်လာပြီး သူ့ကံကြမ္မာကို ပြောင်းလဲပစ်မည် ဟူ၍။

လွန်ခဲ့သော ဆယ်နှစ်သား အရွယ်တုန်းက သိုင်းပညာရှင် နှစ်ယောက်က လူ့အသက်တွေကို ပုရွက်ဆိတ် သတ်သလို သတ်ဖြတ်သွားခဲ့သည်ကို မြင်ခဲ့ရပြီးကတည်းက ဒီစိတ်ကူးက ပိုခိုင်မာလာခဲ့ခြင်း ဖြစ်သည်။ သူက အားနည်းသူ တစ်ယောက်အနေနှင့် အသေမခံချင်။

ရက်အနည်းငယ် အကြာတွင်...

ဟဲယောင်ဇူ မြို့နယ်ရုံးစိုက်ရာ မြို့လေးသို့ ထွက်ခွာလာခဲ့သည်။ "ကျားနက် သိုင်းသင်တန်းကျောင်း" တွင် ငွေ ဆယ်စ ပေးရုံနှင့် သိုင်းပညာ သင်ကြားနိုင်သည်ဟု စုံစမ်းသိရှိထားသည် မဟုတ်ပါလား။

သင်တန်းကြေး ပေးသွင်းလိုက်သည်။

ဟဲယောင်ဇူ သူမျှော်လင့်ခဲ့သော သိုင်းပညာကို စတင် လေ့ကျင့်ခွင့် ရရှိလေပြီ။

သို့သော် စိတ်ပျက်စရာ ကောင်းသည်မှာ... သူ့ပါရမီက သာမန်အဆင့်သာ ရှိနေခြင်းပင်။ စီနီယာအစ်ကို လီ ပြောပြချက်အရ ဆိုလျှင် အရင်းအမြစ်သာ လုံလုံလောက်လောက် ရှိခဲ့ပါက သူ အောင်မြင်မှု အနည်းငယ် ရနိုင်ကောင်းသည်တဲ့။

အရင်းအမြစ် လုံလောက်ဖို့ တဲ့လား။

အနည်းဆုံး ငွေ ရာချီ လိုအပ်မည် ဖြစ်သည်။

ဟဲယောင်ဇူအတွက်တော့ ထိုပမာဏသည် မိုးပေါ်က ကြယ်ကို ဆွတ်ခူးရသလို ခဲယဉ်းလှသော ကိစ္စကြီးပင်။

မျှော်လင့်ချက်မဲ့ခြင်း ဆိုသည့် ခံစားချက်ကြီးက သူ့ကို မွန်းကြပ်စေခဲ့သည်။ သို့သော် သူ အရှုံးမပေးခဲ့ပေ။ ကောင်းကင်ဘုံသည် ကြိုးစားသူကို မျက်နှာသာပေးစမြဲဟု ယုံကြည်ပြီး သည်းကြီးမည်းကြီး လေ့ကျင့်ခဲ့သည်။ သို့သော် မကြာမီမှာပင် သူ စုဆောင်းထားသမျှ ငွေများသည် ဆေးဝါးဝယ်ရင်း ပြောင်သလင်းခါသွားတော့၏။

ဟဲယောင်ဇူ စိတ်ဓာတ်ကျသွားရသည်။

ဆေးဝါးသာ မရှိလျှင် သူ့လို သာမန် ပါရမီရှင် တစ်ယောက် အနေဖြင့် တိုးတက်ဖို့ ဆိုသည်မှာ အချိန်အများကြီး ပေးရပေလိမ့်မည်။

ထို့အပြင် နှစ်ပေါင်းများစွာ စုဆောင်းခဲ့သမျှတွေ သဲထဲရေသွန် ဖြစ်ရတော့မည်လား။ ဖခင်ဖြစ်သူ၏ မျှော်လင့်ချက်မဲ့နေသော မျက်လုံးများကို ပြန်မြင်ယောင်လာတိုင်း သူ့ရင်ထဲ ဆစ်ခနဲ နာကျင်ရလေ၏။

ထိုစဉ်၊ စီနီယာအစ်ကို လီက သူ့ကို လာရှာသည်။ လေသံတိုးတိုးဖြင့် မက်လုံးပေးလာ၏။

"အပေးအယူ တစ်ခု လုပ်ဖို့ စိတ်ဝင်စားလား"

ထိုအချိန်မှ စ၍...

ဟဲယောင်ဇူသည် ကျားနက် သိုင်းသင်တန်းကျောင်း၏ "လက်မရွံ့ အာဏာတည်ဆောက်သူ" တစ်ယောက် ဖြစ်လာခဲ့တော့သည်။ သိုင်းပညာ တိုးတက်ဖို့ လိုအပ်သော ဆေးဝါးများနှင့် ကျမ်းစာများကို ရရှိရန်အတွက် အလင်းရောင်အောက်တွင် လုပ်၍ မရသော မဲညစ်သည့် အလုပ်မှန်သမျှ သူ လုပ်ကိုင်ခဲ့ရလေသည်။

အချိန်တွေ တစ်နေ့ပြီး တစ်နေ့ ကုန်ဆုံးသွားခဲ့၏။

ဟဲယောင်ဇူသည် ယခင်ဘဝက အကြောင်းအရာများကို လုံးဝ မေ့ပျောက်သွားခဲ့ပြီ။ ရံဖန်ရံခါ အိပ်မက်ထဲတွင် အပိုင်းအစလေးများ မြင်မက်သည်မှ လွဲ၍ပေါ့။

ဒီနှစ်... သူ အသက် နှစ်ဆယ့်ငါးနှစ် ပြည့်လေပြီ။

သိုင်းပညာ လမ်းကြောင်းတွင်လည်း အောင်မြင်မှု အတော်အသင့် ရရှိနေပြီ ဖြစ်သည်။

ဟဲတာနျူကတော့ အိုမင်းမစွမ်း ဖြစ်နေရှာပြီ။ လယ်ထဲ မဆင်းရတော့သော်လည်း ငယ်စဉ်က ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ရသည့် ဒဏ်တွေကြောင့် ကျန်းမာရေး သိပ်မကောင်းလှပေ။ ဟဲယောင်ဇူက ဆေးဝါးအချို့ ရှာဖွေပေးသော်လည်း သိပ်မထိရောက်လှ။ သို့သော် သူ့သားက အောင်မြင်ကျော်ကြားသော သိုင်းပညာရှင် တစ်ယောက် ဖြစ်လာသည်ကို ကြည့်ပြီး အဘိုးအိုခမျာ ပီတိဖြာနေရှာသည်။

ပတ်ဝန်းကျင် တစ်ခုလုံးကလည်း ဟဲတာနျူကို သားလိမ္မာလေး မွေးထားရသည်ဟု ဆိုကာ ဝိုင်းဝန်း အားကျနေကြလေ၏။

အစ်မ သုံးယောက်လည်း နေထိုင်ရ ကောင်းမွန်ကြသည်။ ခင်ပွန်းသည်များ၏ အိမ်တွင် ဖိနှိပ်မခံရဘဲ မျက်နှာပွင့်လန်းစွာ နေထိုင်ခွင့် ရနေကြသည်။

သူတို့ ခင်ပွန်းသည်များ အနေဖြင့် မကျေနပ်ချက် တစ်ခုတည်းသာ ရှိလေ၏။

ထိုအရာမှာ သူတို့၏ ကလေးများကို ဟဲယောင်ဇူထံ သိုင်းသင်ခိုင်းရန် ကမ်းလှမ်းတိုင်း အငြင်းခံနေရခြင်းပင်။

အခန်း (၄၁၃) - ဘဝကိုးခု သံသရာ (၃)

~အမှန်စင်စစ်တွင်တော့ တခြားနေရာများ၌ ဟဲယောင်ဇူသည် အမြဲတစေ ကူညီ

ဖြေရှင်းပေးခဲ့လေသည်။ ထို့အပြင် သူသည် သိုင်းပညာရှင် တစ်ယောက် ဖြစ်နေသည့်အတွက် ချိန်ခွင်လျှာ ညီမျှမှု တစ်ခုကို ထိန်းထားနိုင်ခဲ့ခြင်း ဖြစ်၏။

သူ့မိသားစုဝင်များကတော့ ဒီအကြောင်းတွေကို လုံးဝ မသိရှာကြပေ။ ဟဲယောင်ဇူ အနေဖြင့်လည်း သူ့တူလေးကို သူ့ခြေရာ နင်းစေချင်သည့် ဆန္ဒ မရှိခဲ့သည်မှာ အမှန်။

နှစ်တွေ အတော်ကြာခဲ့ပြီပဲ...။

သူသည် "ကျားနက် သိုင်းသင်တန်းကျောင်း" ၏ ချုပ်ကိုင်မှုအောက်မှ လွတ်မြောက်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးသည်။ သို့သော် သူက နွံထဲတွင် နစ်လွန်းနေခဲ့ပြီ မဟုတ်ပါလား။ မသိသင့် မကြားသင့်သော လျှို့ဝှက်ချက် အများအပြားကို သိထားပြီး ဖြစ်သည့်အတွက် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ပြဿနာ မီးစက သူ့ထံသို့ ဦးတည်လာလိမ့်မည်ကို ကြိုတင် တွေးဆမိခဲ့လေ၏။ ထို့ကြောင့်ပင် ယခုအချိန်အထိ အိမ်ထောင်မပြုဘဲ နေခဲ့ခြင်း ဖြစ်သည်။ ထိုအချက်ကပင် ဖခင်အိုကြီး ဟဲတာနျူနှင့် အစ်မသုံးယောက်ကို စိတ်ပူပင်စေခဲ့ရသည်။

ဒီနေ့တော့...

ဟဲယောင်ဇူသည် ဖခင်ဖြစ်သူ၏ မွေးနေ့ပွဲ ကျင်းပရန်အတွက် အိမ်ပြန်လမ်းသို့ လျှောက်လှမ်းလာခဲ့လေ၏။

ယခုအချိန်တွင် သူတို့၏ နေအိမ်သည် ဟိုးအရင်က သစ်သားအိမ်အိုလေး မဟုတ်တော့ပေ။ သုံးဆင့်ပါ ဝင်းခြံကြီးနှင့် ခန့်ညားထည်ဝါနေပြီး ရွာထဲက လယ်သမားများပင် အားကျနေရသည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့အပြင် ဟဲယောင်ဇူသည် မြို့ထဲတွင်လည်း အိမ်ခြံမြေအချို့ ဝယ်ယူထားသေးသည်လေ။

သူ အိမ်ဝင်းထဲသို့ ခြေချလိုက်သည့် ထိုအခိုက်အတန့်၌...

ဟဲယောင်ဇူ၏ မျက်ဝန်းအိမ်တို့ ရုတ်ချည်း ကျဉ်းမြောင်းသွားရတော့သည်။

ခေါင်းပြတ်ပေါင်းများစွာ...။ ဒါဇင်နှင့်ချီသော လူခေါင်းပြတ်များသည် ဖရဲသီးကြီးများ ကွဲအက်နေသကဲ့သို့ မြေပြင်ပေါ်တွင် ပြန့်ကျဲနေကြသည် မဟုတ်ပါလား။ ထိုခေါင်းပြတ်များ၏ မျက်နှာကို သေချာ စိုက်ကြည့်လိုက်မိချိန်တွင်တော့... ဟဲယောင်ဇူ၏ မျက်လုံးများ သွေးရောင် လွှမ်းသွားရပြီး သားရဲတစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်မိတော့သည်။

"ဟားးး"

ထိုခေါင်းပြတ်များသည် သူ၏ အစ်မရင်း သုံးယောက်၊ သူတို့၏ ခင်ပွန်းသည်များနှင့် တူ၊ တူမလေးများ၏ ခေါင်းများ ဖြစ်နေကြသည်ကိုး။

ဟဲယောင်ဇူ ရူးသွပ်သွားရပြီ။

ထိုစဉ် တိုးညင်းသော အသံ တစ်သံ ထွက်ပေါ်လာ၏။

"စိတ်ကို လျှော့ထားဖို့ အကြံပေးချင်တယ်"

ကြည့်လိုက်တော့ စီနီယာအစ်ကို လီ။ သူလည်း ဒီနေရာ ရောက်နေခဲ့သည်ပဲ။

ဟဲယောင်ဇူက ဟိန်းဟောက်လိုက်လေသည်။

"ဘာလို့လဲ... ဘာလို့ ဒီလိုလုပ်ရတာလဲ"

သူ့ရင်ထဲတွင် မကျေနပ်ချက်များ၊ ဒေါသများဖြင့် ပွက်ပွက်ဆူနေသော်လည်း မဆင်မခြင် လှုပ်ရှားရဲခြင်း အလျဉ်းမရှိပေ။ အကြောင်းမူကား စီနီယာအစ်ကို လီ၏ လက်ထဲတွင် ဖခင်ဖြစ်သူ ဟဲတာနျူကို ဖမ်းချုပ်ထားသောကြောင့်ပင်။

ဟဲတာနျူ၏ မျက်လုံးများကတော့ ဗလာသက်သက် ဖြစ်နေရှာသည်။ ရုတ်တရက် ကျရောက်လာသော ကပ်ဘေးဆိုးကြီးကြောင့် သတိပြန်မကပ်နိုင်သေးသည့် ပုံစံ။

"မင်း အများကြီး သိလွန်းနေတာကိုပဲ အပြစ်တင်လိုက်တော့... လူတစ်ယောက်က မင်းရဲ့ ခေါင်းကို လိုချင်နေတယ်လေ"

သူ့ကို တမင်သက်သက် ကွက်ကျော်ရိုက်ပြီး အကွက်ဆင်မှန်း ဟဲယောင်ဇူ နားလည်လိုက်သည်။

ငါ့ကို သတ်ချင်ရင် ငါ့ကိုပဲ သတ်ပေါ့။ ဘာလို့ ငါ့မိသားစုကိုပါ ဆွဲထည့်ရတာလဲ။ ဘာလို့လဲ။

သူ့မျက်လုံးများထဲမှ သွေးစက်များ ယိုစီးကျလာမတတ် နာကျည်းနေမိသည်။

"ကျုပ်အသက်ကို လိုချင်ရင် ယူလိုက်ပါ။ ဘာလို့ ကျုပ်မိသားစုကို ဒုက္ခပေးရတာလဲ"

စီနီယာအစ်ကို လီက တဟားဟား ရယ်မောလိုက်လေ၏။

"မင်း သူများတွေကို လျှောက်ပြောထားလား ဆိုတာ ဘယ်သူက သိမှာလဲကွ... စိတ်တော့မရှိနဲ့... ငါတို့က ဂိုဏ်းတူတွေဆိုတော့ မင်းကို အခွင့်အရေး မပေးဘူးလို့ အပြောမခံချင်ဘူး။ မင်း ကိုယ့်ကိုယ်ကို သတ်သေလိုက်... ဒါဆို မင်းအဖေအိုကြီးကို ငါ အလွတ်ပေးလိုက်မယ်။ ငါ ကတိပေးတယ်။ သူ့ခမျာလည်း နေရခိုက် သိပ်မကျန်တော့ပါဘူး... ငါ စောင့်ရှောက်ထားလိုက်ပါ့မယ်"

ပြောပြောဆိုဆိုနှင့် သူက ဟဲတာနျူ၏ လည်ပင်းကို တင်းကျပ်စွာ ညှစ်လိုက်လေသည်။ ဟဲတာနျူခမျာ နာကျင်လွန်း၍ ခေါင်းကို တွင်တွင် ခါနေသော်လည်း မျက်နှာကြီးက မည်းပုပ်လာပြီး သေမင်းနှင့် စစ်ခင်းနေရရှာသည်။

ဟဲယောင်ဇူ ရူးမတတ် ခံစားလိုက်ရသည်။ နာကျည်းမုန်းတီးစိတ်များက သူ့ဦးနှောက်ကို ဖောက်ခွဲပစ်တော့မတတ်။ နောက်ဆုံးတွင်တော့ ဖခင်ဖြစ်သူ၏ နာကျင်နေသော မျက်နှာကို ကြည့်ပြီး သူ လက်လျှော့လိုက်ရတော့သည်။

ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူး။ အဖေ အသက်ရှင်ဖို့ဆိုရင် ငါ သေပေးမှ ရမယ်။

"ကျုပ် သဘောတူတယ်"

တိုးညင်းသော အသံက ဟဲတာနျူ၏ မျက်လုံးများမှ မျက်ရည်ကို စီးကျလာစေသည်။ အဘိုးအိုခမျာ ယခုချက်ချင်း အသက်ထွက်သွားပြီး သားဖြစ်သူအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်တော့။

စီနီယာအစ်ကို လီက သဘောကျစွာ ရယ်မောရင်း ဓားတစ်ချောင်းကို ခြေထောက်ဖြင့် ကန်ပေးလိုက်လေ၏။

ဟဲယောင်ဇူ တုန်ရီနေသော လက်များဖြင့် ဓားကို ကောက်ကိုင်လိုက်သည်။

ဓားသွားကို ပြောင်းပြန် လှည့်လိုက်သည်။

ဓားထိပ်ဖျားက သူ့ရင်ဘတ်တည့်တည့်သို့ ချိန်ရွယ်ထားလျက်။

သူ့မျက်နှာတွင် ကြေကွဲဝမ်းနည်းမှုများ အထင်းသား ပေါ်လွင်နေ၏။

"အဖေ... သား မိုက်မဲခဲ့မိတယ်။ အစကတည်းက သိုင်းပညာကို မသင်ယူခဲ့သင့်ဘူး ထင်ပါတယ်ဗျာ"

ဟဲတာနျူခမျာ ခေါင်းကိုသာ တွင်တွင်ခါနေရှာသည်။

ဟဲယောင်ဇူ၏ မျက်ဝန်းများက တဖြည်းဖြည်း တည်ငြိမ်ပြတ်သားလာတော့သည်။

"ကတိတည်ပါစေနော်... မဟုတ်ရင် ကျုပ် သရဲဘဝနဲ့ ခင်ဗျားကို ပြန်လာသတ်မယ်"

ထိုအခိုက်အတန့်၌... လွန်ခဲ့သော နှစ်ပေါင်း (၂၅) နှစ်တာ ကာလအတွင်း ဖြတ်သန်းခဲ့ရသမျှ ဘဝအတွေ့အကြုံများ၊ ချို၊ ချဉ်၊ ဖန်၊ ခါး အရသာ ပေါင်းစုံက သူ့အာရုံထဲ ရုပ်ရှင်ပြသလို ပြန်လည် ပေါ်လာတော့သည်။

သူ မျက်လုံးကို မှိတ်လိုက်သည်။ ရုတ်တရက် အားစိုက်လိုက်၏။

ဓားသွားက သူ့နှလုံးသားကို ဖောက်ထွင်းတော့မည်။

သို့သော်...

ရုတ်ချည်း ဆိုသလိုပင်... အချိန်နှင့် ဟင်းလင်းပြင်တို့ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဟဲယောင်ဇူ၏ စိတ်ထဲတွင် အရာတစ်ခုခု ပေါက်ကွဲထွက်သွားလေ၏။

ဝိညာဉ်အလင်းတန်း တစ်ခုက ပရမ်းပတာ ဖြစ်နေသော စိတ်အာရုံများကို ဖြတ်သန်းသွားပြီး မြူခိုးများကို ဖယ်ရှားပစ်လိုက်သည်။ တံဆိပ်ခတ် ပိတ်လှောင်ခံထားရသော မှတ်ဉာဏ်ပေါင်းများစွာက တောင်တွေ ပင်လယ်တွေ ပြိုကျလာသလို ဒလဟော စီးဝင်လာတော့သည်။

ဟဲယောင်ဇူ မှင်သက်သွားရသည်။

‘ဒီ‘ဝိညာဉ်အလင်း’...။ ဒါက သူ သိုင်းကမ္ဘာကို စရောက်တုန်းက ပထမဆုံးအကြိမ် ပေါ်လာပြီး သူ့ရဲ့ ‘ဉာဏ်အလင်း’ကို အပြည့်အဝ နိုးထစေခဲ့တဲ့ အရာပဲ။’

အခု... နောက်တစ်ကြိမ် ထပ်ပေါ်လာပြန်ပြီ။

နေပါဦး... သိုင်းကမ္ဘာ... ဟုတ်တယ်... သိုင်းကမ္ဘာ။ ငါက ဟဲယောင်ဇူ မဟုတ်ဘူး။

ဟဲယောင်ဇူ၏ မျက်လုံးများက တဖြည်းဖြည်း တောက်ပလာတော့သည်။ အရာအားလုံးကို သူ ပြန်သတိရသွားပြီ။

စီနီယာအစ်ကို လီ ခမျာ နေရထိုင်ရ ခက်လာသလို ခံစားလိုက်ရသည်။

ဟဲယောင်ဇူ၏ ပုံစံက သူ့ကို အကြောင်းမဲ့ ကြောက်လန့်လာစေသည်။ သူ အော်ဟစ်လိုက်၏။

"ဟဲယောင်ဇူ... ဘာလုပ်နေတာလဲကွ"

သို့သော် ဟဲယောင်ဇူက ဖြည်းညှင်းစွာ မတ်တတ်ပြန်ရပ်လိုက်သည်။ သူ့ရှေ့က မြင်ကွင်းအားလုံးကို ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီးနောက်... ဟဲတာနျူ၏ မျက်နှာပေါ်တွင် အကြည့်တို့ ခေတ္တ ရပ်တန့်သွားသည်။ ထို့နောက် အလုပ်ကြမ်းလုပ်ထား၍ ကြမ်းတမ်းနေသော မိမိလက်ဖဝါးများကို ပြန်ငုံ့ကြည့်လိုက်လေ၏။

"ဆိုတော့... ဒါက တတိယအဆင့် စမ်းသပ်မှု ဖြစ်နေတာကိုး"

ဟဲယောင်ဇူ... မဟုတ်ဘူး... နင်ချီ တစ်ယောက် အရာအားလုံးကို သဘောပေါက်သွားပြီ ဖြစ်သည်။

မှတ်ဉာဏ်အားလုံး ပြန်လည် နိုးထလာခဲ့ပြီ။

ဝိညာဉ်အလင်းတန်းက ရှုပ်ထွေးမှု မှန်သမျှကို ပိုင်းဖြတ်ပစ်လိုက်လေပြီ။

သူ ဝင်စားထားတာ မဟုတ်ဘူး။ "အစစ်အမှန်သိုင်း ခန်းမဆောင်" ရဲ့ တတိယ စမ်းသပ်မှုထဲကို မသိလိုက်ဘဲ ဝင်ရောက်သွားခဲ့ခြင်းသာ ဖြစ်သည်။

"ဒီအဆင့်က စိတ်ဆန္ဒကို စမ်းသပ်တာပါလား"

"တကယ့်ကို ခက်ခဲတာပဲ"

နင်ချီ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ညည်းတွားလိုက်မိသည်။

စီနီယာအစ်ကို လီက ဒေါသတကြီး အော်ဟစ်တော့မည့် ဟန်ပြင်လိုက်သည်။ နင်ချီ့ကို ခြိမ်းခြောက်ရန်အတွက် ဟဲတာနျူ၏ လက်မောင်းကို ဓားဖြင့် ဖြတ်ပစ်ရန် ရွယ်လိုက်၏။ သို့သော် ထိတ်လန့်စရာ ကောင်းသည်မှာ... သူ့ခန္ဓာကိုယ်ကြီး လုံးဝ လှုပ်ရှား၍ မရတော့ဘဲ ခဲသွားခြင်းပင်။ နင်ချီ၏ အကြည့်က သူ့ကို စိမ်းသက်နေစေသလို ကြောက်ရွံ့မှုကိုပါ ဖြစ်ပေါ်စေသည်။

နင်ချီက စီနီယာအစ်ကို လီကို အရေးမလုပ်သော အကြည့်ဖြင့် တစ်ချက်သာ ကြည့်လိုက်ပြီး လက်ကို ခပ်ဖွဖွ ဝှေ့ယမ်းလိုက်ရာ... ထိုလူယုတ်မာကြီးမှာ အမှုန်အမွှားများ အဖြစ် ပြောင်းလဲကာ လေထဲတွင် လွင့်ပျောက်သွားတော့သည်။ အစအနပင် ရှာမရတော့။

နင်ချီက ဟဲတာနျူကို တွဲထူလိုက်သည်။ သူ့မျက်ဝန်းများက ရှုပ်ထွေးနေဆဲ။

ဒီမြင်ကွင်းတွေ အားလုံးက စမ်းသပ်မှုအတွက် ဖန်တီးထားတဲ့ ပုံရိပ်ယောင်တွေ ဆိုတာ သိနေပေမဲ့လည်း... အရမ်းကို သဘာဝကျလွန်းနေသည်။ သူ ဒီဖခင်အိုကြီးဆီကနေ အဖေချစ် ဆိုတာကို (၂၅) နှစ်တိုင်တိုင် အပြည့်အဝ ခံစားခဲ့ရသည် မဟုတ်ပါလား။

"သား... ငါ့သား ဟဲယောင်ဇူ ဘယ်ရောက်သွားပြီလဲ"

ဟဲတာနျူက နောက်ဆုံးတွင် သတ္တိမွေးပြီး မေးလိုက်ရှာသည်။

ရှေ့မှာ ရပ်နေတာက ဟဲယောင်ဇူ၏ ခန္ဓာကိုယ် ဆိုသော်လည်း အရှိန်အဝါက လုံးဝ ပြောင်းလဲသွားပြီ ဖြစ်၍ ဒါသည် သူ့သားအရင်း မဟုတ်မှန်း ဖခင်ဖြစ်သူက ချက်ချင်း ရိပ်မိလိုက်သည်။

"ယောင်ဇူက... သူက အင်မော်တယ် ဝင်စားထားတာလေ... အခု သူ့ကုသိုလ်ကံ ပြည့်သွားပြီ ဆိုတော့ အင်မော်တယ် ကမ္ဘာကို ပြန်တက်သွားပြီ အဖေ"

နင်ချီ လေသံတိုးတိုးဖြင့် ဖြေလိုက်သည်။

ဟဲတာနျူ၏ မျက်လုံးများတွင် ဝမ်းသာပီတိ အရိပ်အယောင်များ ဖြတ်သန်းသွား၏။

"ငါ့သားက အင်မော်တယ် ဖြစ်သွားပြီတဲ့လား... ကောင်းလိုက်တာ... ကောင်းလိုက်တာကွာ"

အဘိုးအိုခမျာ စိတ်လှုပ်ရှားလွန်း၍ မျက်နှာကြီး နီရဲလာပြီး လက်ခုပ်လက်ဝါးတီးကာ ဝမ်းသာရှာသည်။ သို့သော် ခဏအကြာတွင် အားကုန်သွားပြီး အသက်ရှူချိန် အနည်းငယ် အတွင်းမှာပင် အိပ်ပျော်သွားတော့သည်။

နင်ချီက သူ့ကို ကုတင်ပေါ် ညင်သာစွာ ချပေးလိုက်သည်။ ရင်းနှီးကျွမ်းဝင်နေသော မျက်နှာကို ငေးကြည့်ရင်း နှုတ်ဆက်လိုက်၏။

"အဖေ... နှုတ်ဆက်ခဲ့ပါတယ်"

စိတ်အကြံ တစ်ချက် အဖြစ်ပေါ်မှာပင်... ပတ်ဝန်းကျင် တစ်ခုလုံးက မှန်ကွဲစများလို အက်ကွဲသွားပြီး ပုံစံမျိုးစုံ ပေါက်ကွဲထွက်သွားတော့သည်။

အရာအားလုံးက ဝေဝါးသွားပြီ။

သူ့ရင်ထဲတွင် သက်ပြင်းတစ်ချက် တိုးတိုးချရင်း မျက်လုံးများက တည်ငြိမ်ပြတ်သားသွားသည်။

"ပျက်စီးစေ"

မြင်ကွင်းအားလုံး ဒီရေအလား ပြန်လည် ဆုတ်ခွာသွားကြသည်။

အမှောင်ထုကြီး ထပ်မံ ကျရောက်လာပြန်၏။

နင်ချီ ပြန်လည် နိုးထလာချိန်တွင်တော့... နောက်ထပ် မွေးကင်းစ ကလေးငယ် တစ်ယောက် ဘဝကို ရောက်နေပြန်သည်။

"သံသရာ တစ်ပတ်တည်းနဲ့ မလုံလောက်သေးဘူးလား"

ဒီတစ်ဘဝမှာတော့ သူက ကုန်သည်တစ်ယောက်၏ သား ဖြစ်လာခဲ့သည်။

အစပျိုးမှုကတော့ ပြီးခဲ့တဲ့ ဘဝထက် အများကြီး သာလွန်နေသည်။

ဒီတစ်ခေါက်မှာတော့ နင်ချီ တည်ငြိမ်နေလိုက်သည်။ ဘေးလူတစ်ယောက် အနေဖြင့် စောင့်ကြည့်နေသကဲ့သို့။

သူ အိမ်ထောင်ပြုသည်၊ ကလေးမွေးသည်၊ စည်းစိမ်ယစ်သည်၊ နောက်ဆုံးမှာ သားသမီး မြေးမြစ်တွေ ဝန်းရံလျက် သေဆုံးသွားသည်။

သူ့စိတ်က ခံစားချက် ကင်းမဲ့နေ၏။ သူများဘဝကို ရုပ်ရှင်ထိုင်ကြည့်နေသလိုမျိုး။

သို့သော်၊ ဤအတွေ့အကြုံက သူ၏ နားလည်သဘောပေါက်မှု ကိုတော့ အများကြီး တိုးတက်စေခဲ့သည်။

မြင်ကွင်း အက်ကွဲသွားပြန်ပြီ။

နင်ချီ ထပ်ပြီး ဝင်စားရပြန်ပြီ။

...

တကြိမ်ပြီး... တကြိမ်...။

နင်ချီ မင်းမျိုးမင်းနွယ်ထဲမှာ မွေးဖွားပြီး ထီးနန်းလုခဲ့ရဖူး၏။ စွန့်ပစ်ခံရသည့် ကလေးဘဝနှင့် သူတောင်းစား ဖြစ်ပြီး ပျက်စီးနေသော ဘုရားကျောင်းထဲမှာ အေးခဲ သေဆုံးခဲ့ရဖူး၏။ အင်မော်တယ် ဂိုဏ်းတစ်ခုမှာ ပါရမီရှင်အဖြစ် မွေးဖွားပြီး စစ်ထွက်တိုက်ရင်း သစ္စာဖောက်ခံရ၍ သေခဲ့ရဖူး၏။

ဘဝတစ်ခုစီတိုင်းမှာ မတူညီသော လမ်းကြောင်းတွေ ရှိခဲ့ကြသည်။

သို့သော် နင်ချီကတော့ မတုန်မလှုပ်၊ ခံစားချက် မဲ့နေဆဲ။

ပထမဆုံးဘဝတုန်းက စိတ်လှုပ်ရှားမှု အနည်းငယ် ရှိခဲ့တာကလွဲလျှင် ကျန်ဘဝတွေမှာတော့ သူက နတ်ဘုရား တစ်ပါးလို အပေါ်စီးမှ အေးစက်စက် စောင့်ကြည့်နေခဲ့သည်။

သံသရာ ကိုးဝဲ လည်ခဲ့ပြီးပြီ။

နင်ချီ ဉာဏ်အလင်း အကြီးအကျယ် ပွင့်ခဲ့ပြီ ဖြစ်၏။

ဤတတိယ စမ်းသပ်မှုက စိတ်ဓာတ်ကို စစ်ဆေးတာ၊ စိတ်ဆန္ဒကို စမ်းသပ်ခြင်း ဆိုတာ သူ နားလည်လိုက်လေပြီ။

စိတ်ဓာတ်မခိုင်သော သူဆိုလျှင် ဤသံသရာထဲမှာ ပိတ်မိပြီး လွတ်မြောက်နိုင်တော့မှာ မဟုတ်ချေ။

ကံကောင်းတာက...

နင်ချီက သူ့ကိုယ်သူ အပြည့်အဝ "ဆွဲထုတ်" နိုင်ခဲ့ခြင်းပင်။

ကိုးခုမြောက် ဘဝမြင်ကွင်း အက်ကွဲသွားပြန်သည်။

နောက်ထပ် အမှောင်ထု ရောက်လာဦးမည်ဟု နင်ချီ ထင်မှတ်ထားသော်လည်း... မကြားရတာ ကြာပြီ ဖြစ်သော ခမ်းနားထည်ဝါသည့် အသံ ထွက်ပေါ်လာတော့သည်။

"တတိယ စမ်းသပ်မှု အောင်မြင်ပြီ။ အဆင့်သတ်မှတ်ချက်... (က) အဆင့် ထက် ကျော်လွန်နေတဲ့အတွက် အကဲဖြတ်၍ မရနိုင်ပါ"

အခန်း (၄၁၄) - အင်မော်တယ် ရတနာကို ဆက်ခံခြင်း၊ ကမ္ဘာလောက ဟူသည် ငါသာလျှင်တည်း

~’တတိယအဆင့် စမ်းသပ်မှုကိုပါ အောင်မြင်ခဲ့ပြီပေါ့’

နင်ချီ့ စိတ်ထဲတွင် ထိုအတွေး တစ်ခု ဖြတ်သန်းသွားသော်လည်း သိပ်တော့ စိတ်လှုပ်ရှားမနေမိ။

ဒီ ကိုးဘဝ သံသရာထဲမှာ...

နောက်ဆုံး ရှစ်ဘဝကတော့ လွယ်ကူပါသည်။ ရုပ်ရှင်ကြည့်သလို ဘေးကနေ ထိုင်ကြည့်နေရုံ သက်သက်မို့။ သို့တိုင်၊ ပထမဆုံး ဘဝကတော့ မလွယ်ကူခဲ့။ (၂၅) နှစ်လုံးလုံး အစစ်အမှန်လို ထင်မှတ်ရသော "ပုံရိပ်ယောင်" ဘဝကြီးထဲမှာ နှစ်မြှုပ်နေခဲ့ရသည် မဟုတ်လား။

ယခုချိန်မှာတော့ "အစစ်အမှန်သိုင်း ခန်းမဆောင်" ၏ စမ်းသပ်မှု အကြောင်းကို သူ ခေါင်းထဲ မထည့်တော့ပါ။

သူ့စိတ်က တခြား အကြောင်းအရာ တစ်ခုဆီသို့ ရောက်နေ၏။

‘ဘာလို့များ... ပထမဆုံး ဘဝတုန်းက သေခါနီးအချိန် ရောက်မှ ငါ့အသိစိတ်တွေ ပြန်နိုးထလာရတာလဲ။ နောက် ရှစ်ဘဝကျတော့ အစကတည်းက ကြည်လင်ပြတ်သားနေတာလေ။ တကယ်လို့သာ ငါ့ရဲ့ ကောင်းကင်ဘုံကို အာခံနိုင်တဲ့ "ဉာဏ်အလင်း" သာ အမြဲတမ်း ရှိနေခဲ့ရင် ဒီလို ကွာခြားချက်ကြီး ရှိနေစရာ အကြောင်း မရှိဘူး။ အစကတည်းက ငါ ယုံမှားသံသယ ဖြစ်မိမှာတောင် မဟုတ်ဘူး။’

ဒီအချက်ကိုတော့ နင်ချီ ရဲရဲကြီး အာမခံရဲပါသည်။ သူ၏ ဉာဏ်အလင်း စွမ်းအားကို သူ ယုံကြည်မှု ရှိသည်လေ။

သို့သော် ယခု ဖြစ်ပျက်သွားသည်မှာ... ပထမဆုံး ဘဝက ထို "ဉာဏ်အလင်း" သည် သူ့အလိုလို မှေးမှိန်သွားပြီး သူ့အား ဒုက္ခများ ပေး၍၊ ရုန်းကန်ခိုင်းပြီးမှ ပြန်လည် ပွင့်လင်းလာသည့် ပုံစံမျိုး ဖြစ်နေပေသည်။ ထို့ကြောင့်လည်း (၂၅) နှစ်လုံးလုံး သူ ပိတ်မိနေခဲ့ရခြင်း ဖြစ်သည်။

နင်ချီသည် သူ၏ ဤထူးခြားဆန်းကြယ်သော ဉာဏ်အလင်း စွမ်းအား မည်သည့်နေရာမှ ရရှိလာသနည်း ဆိုသည်ကို တွေးတောခဲ့ဖူးသည်မှာ တစ်ကြိမ် မကတော့ချေ။

သို့သော် အဖြေမှာမူ ရှင်းလင်းလှပါသည်။

သူ စဉ်းစား၍ မရနိုင်ချေ။

၎င်းက လက်ရှိအချိန်တွင် သူ လှမ်းမမီနိုင်သေးသော နယ်ပယ်တစ်ခု ဖြစ်ကောင်း ဖြစ်နေပေလိမ့်မည်။

သို့သော် ယခု အချိန်တွင်မူ...

နင်ချီသည် သဲလွန်စလေး တစ်ခု ရရှိသကဲ့သို့ ရှိလာသည်။

ဝင်စားခြင်း...။

ဤ "ဉာဏ်အလင်း" သည် သူ့အား ဝင်စားခိုင်းရသည်ကို နှစ်သက်ပုံရသည်။ ယခင်ကလည်း သူ အကြိမ်တစ်ရာ ဝင်စားခဲ့သောကြောင့်သာ ဤ "ဉာဏ်အလင်း" အပြည့်အဝ ပွင့်လင်းလာခဲ့ခြင်း ဖြစ်သည်။

ယခု ဤခန်းမဆောင် အတွင်းမှ ဝင်စားခြင်းသည်လည်း ရိုးရှင်းသော ပုံရိပ်ယောင် မဟုတ်ချေ။ အလေးအနက် ပြောရလျှင် တကယ့် ဝင်စားခြင်းနှင့် မည်သို့မျှ မခြားနားချေ။

"ဝိညာဉ်နယ်မြေ" နှင့် "အင်မော်တယ် နယ်မြေ" များ ရှိသည် ဆိုသည်ကို သိရှိပြီးသည့်နောက်...

နင်ချီ တွေးတောမိသည်မှာ... သူ၏ ဤ "ဉာဏ်အလင်း" စွမ်းအား၏ အရင်းအမြစ်သည် "အင်မော်တယ် နယ်မြေ" ထံမှ လာခြင်းများလော ဟူ၍ ဖြစ်သည်။

သူ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး ဤကိစ္စကို ဆက်လက် မတွေးတောတော့ရန် ဆုံးဖြတ်လိုက်၏။

ဆက်လက် တွေးတောနေသော်လည်း အဖြေထွက်ပေါ်လာမည် မဟုတ်ချေ။ အချိန်ဖြုန်းခြင်းသာ အဖတ်တင်ပေလိမ့်မည်။

လက်ရှိအချိန်တွင် သူ၏ အင်အားမှာ မလုံလောက်သေးသဖြင့်... ခေါင်းရှုပ်ခံနေမည့်အစား အင်အား တိုးတက်အောင် မည်သို့ ပြုလုပ်ရမည် ဆိုသည်ကိုသာ အာရုံစိုက်ခြင်းက ပိုမို ကောင်းမွန်ပေမည်။ တစ်နေ့တွင် သူ လုံလောက်စွာ စွမ်းအားကြီးမားလာသည့် အခါတွင် အရာအားလုံးသည် သူ့အလိုလို ရှင်းလင်းသွားမည်သာ ဖြစ်ပေ၏။

ထိုအခိုက်အတန့်၌...

ပတ်ဝန်းကျင် အရပ်ရပ်မှ အလင်းရောင်များ လင်းလက်လာပြီး အဆုံးအစမဲ့ အမှောင်ထုကြီးကို ဖြည်းညှင်းစွာ ဖယ်ရှားပစ်လိုက်လေ၏။

နင်ချီ သတိထား ကြည့်ရှုလိုက်ရာ... သူသည် သင်းပျံ့မွှေးကြိုင်သော ရနံ့များ ရရှိနေသည့် လက်ဖက်ရည် ဆိုင်ခန်းငယ်လေး တစ်ခုအတွင်းသို့ ရောက်ရှိနေသည်ကို တွေ့မြင်လိုက်ရလေသည်။

သူ့ရှေ့က စားပွဲဝိုင်းမှာတော့ မုတ်ဆိတ်ရှည်ကြီးက ကြမ်းပြင်ထိအောင် ကျနေသည့် အဘိုးအို တစ်ဦး ထိုင်နေပြီး သူ့ကို ပြုံးပြနေလေ၏။

"လူငယ်လေး... အစစ်အမှန်သိုင်း ခန်းမဆောင်ရဲ့ စမ်းသပ်မှုကို အောင်မြင်သွားတဲ့အတွက် ဂုဏ်ယူပါတယ်ကွယ်။ မင်းနာမည်လေး သိခွင့်ရမလား"

"စီနီယာကို နင်ချီ ဂါရဝပြုပါတယ်"

နင်ချီက လေးစားသမှုဖြင့် ပြန်ပြောလိုက်သည်။

အဘိုးအိုက ထုတ်မပြောသော်လည်း နင်ချီ ခံစားမိသည်က... ဒီအဘိုးအိုဟာ ပထမဆုံး စမ်းသပ်မှုတုန်းက တွေ့ခဲ့ရသည့် ဝေဝါးဝေဝါး ပုံရိပ်ပိုင်ရှင် ဖြစ်ဖို့များသည်။ ပြီးတော့ ဝိညာဉ်နယ်မြေ စစ်ပွဲ မြင်ကွင်းထဲက "အစစ်အမှန်သိုင်း ဘိုးဘေး" နှင့်လည်း ဆင်တူနေသေးသည်။

သူ ဝင်ထိုင်လိုက်သည်။

နင်ချီ့ အတွေးကို သိနေသည့်အလား အဘိုးအိုက တဟားဟား ရယ်မောလိုက်လေ၏။

"ဟဲဟဲ၊ ကိုယ့်ကိုယ်ကို မိတ်ဆက်ပါရစေ... ကျုပ်က အစစ်အမှန်သိုင်း ဘိုးဘေး ချန်ထားရစ်ခဲ့တဲ့ စိတ်ဆန္ဒ အကြွင်းအကျန် တစ်ခုပါ၊ ပြီးတော့ အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်းရဲ့ 'လမ်းစဉ် စောင့်ရှောက်သူ' လည်း ဖြစ်သလို၊ ဒီခန်းမဆောင်ရဲ့ 'လက်နက်ဝိညာဉ်' လည်း ဖြစ်ပါတယ်"

နင်ချီ ချက်ချင်း သဘောပေါက်လိုက်သည်။

"ကျုပ် ရှိနေမှာကို စိတ်ပူစရာ မလိုပါဘူး။ မင်းနဲ့ တွေ့ပြီးတာနဲ့ ကျုပ်က လုံးဝ ပျောက်ကွယ်သွားမှာပါ။ အဲဒီနောက်ပိုင်းကျရင် မင်းက ဒီခန်းမဆောင်ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီး သခင် ဖြစ်လာလိမ့်မယ်။ ကျုပ်.. ကိုယ်ထင်ပြတာကလည်း... ဒီလောက် ပြီးပြည့်စုံအောင် ဖြေဆိုနိုင်တဲ့ ပါရမီရှင်က ဘယ်လို လူစားမျိုးလဲ ဆိုတာ သိချင်လို့ပါ"

အဘိုးအိုက နင်ချီ့ကို အတော်လေး သဘောကျနေပုံ ရသည်။

ပထမနှင့် တတိယ စမ်းသပ်မှုမှာ (က) အပေါင်း အဆင့်ထက် ကျော်လွန်ခဲ့သလို၊ ဒုတိယ စမ်းသပ်မှုမှာလည်း (က) အပေါင်း အဆင့် ရခဲ့သည် မဟုတ်ပါလား။

အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်း အထွတ်အထိပ် ရောက်နေသော အချိန်တုန်းကတောင် ထိုသို့ ပြိုင်ဘက်ကင်း ပါရမီရှင်မျိုး ပေါ်ထွက်လာဖို့ ဆိုတာ အလွန် ခဲယဉ်းသည်။ ယခုလို ဂိုဏ်းပျက်စီးပြီး အမွေအနှစ် ပြတ်လပ်လုနီးပါး ဖြစ်နေတဲ့ အချိန်ကျမှ သည်လို အဖိုးတန် မျိုးစေ့လေး ရှာတွေ့လိုက်ရသည်က သူ့အတွက်တော့ ဝမ်းသာစရာပါပဲ။

နင်ချီ အနည်းငယ် အံ့သြသွားသည်။

‘လက်နက်ဝိညာဉ်က ပျောက်ကွယ်သွားမယ် တဲ့လား။’

"ဒါက အင်မော်တယ် ရတနာတွေရဲ့ ထူးခြားချက်ပဲကွ။ လက်နက်ဝိညာဉ် ဆိုတာ ပိုင်ရှင်ရဲ့ စိတ်ဝိညာဉ် အပိုင်းအစ တစ်ခုကနေ ပြန်လည် မွေးဖွားလာရတာ။ ဒါမှသာ ပိုင်ရှင်က ရတနာကို အပြည့်အဝ ထိန်းချုပ်နိုင်မှာလေ။ မင်းရဲ့ စွမ်းဆောင်ရည်နဲ့ ဆိုရင်တော့ ဒီခန်းမဆောင်ကို ပိုင်ဆိုင်ဖို့ ထိုက်တန်ပါတယ်"

"အစစ်အမှန်သိုင်း အမွေအနှစ်ကို လက်ခံချင်သလား"

အဘိုးအိုက နင်ချီ့ မျက်လုံးများကို စိုက်ကြည့်ရင်း လေးနက်စွာ မေးလိုက်သည်။

"အမွေအနှစ်ထဲမှာ 'နောက်ပိုင်း ဖြစ်တည် နယ်ပယ်' ကနေ 'တစ်သားတည်းဖြစ်ခြင်း နယ်ပယ်' အထိ နည်းစနစ်တွေ၊ နတ်ဘုရား နည်းစနစ်တွေ အကုန် ပါဝင်တယ်။ ဝမ်းနည်းစရာ တစ်ခုကတော့... ရတနာ အများစုက ဒီခန်းမဆောင်ကြီး ပျက်စီးတာကို ပြန်ပြင်ဖို့ သုံးလိုက်ရလို့ ကုန်သလောက် ဖြစ်နေပြီ။ ဒါ့အပြင် ဒီခန်းမဆောင်ကြီး ကိုယ်တိုင်လည်း အမွေအနှစ်ပဲ။ အခု မပြည့်မစုံ ဖြစ်နေပေမဲ့ သူ့ရဲ့ အထွတ်အထိပ် အချိန်တုန်းကတော့ 'နယ်မြေများ ပင်လယ်' ထဲက 'အင်မော်တယ် စံအိမ်တော်' တစ်ခုကနေ ရရှိခဲ့တဲ့ အင်မော်တယ် ရတနာ တစ်ခုပဲ။ အင်မော်တယ် ရတနာတွေ ကြားမှာတောင် အဆင့်မြင့်တဲ့ အရာလေ။ တစ်နေ့ကျလို့ မင်း ပြန်ပြင်နိုင်ခဲ့ရင် သူ့ရဲ့ ဘုန်းတန်ခိုးကို ပြန်လည် မြင်တွေ့ရလိမ့်မယ်"

နင်ချီ နားလည်လိုက်သည်။

ဒီအမွေအနှစ်ထဲမှာ တန်ဖိုးအရှိဆုံး အရာ နှစ်ခု ရှိသည်။

တစ်ခုက... အဆင့်နိမ့်ဆုံးကနေ အမြင့်ဆုံးအထိ ပါဝင်သော ကျင့်စဉ် နည်းစနစ်တွေ။ နောက်တစ်ခုက... ဒီခန်းမဆောင်ကြီး ကိုယ်တိုင်ပင်။

မပြည့်စုံဘူး ဆိုလျှင်တောင် အံ့ဖွယ် အသုံးပြုပုံတွေ အများကြီး ရှိနေဦးမှာ သေချာသည်။

နင်ချီ အသက်တစ်ချက် ရှူသွင်းလိုက်ပြီး မေးလိုက်၏။

"စီနီယာ... ကျွန်တော် မေးပါရစေ၊ ကန့်သတ်ချက် တစ်ခုခုများ ရှိပါသလား"

ထိုအခါ၊ အဘိုးအိုက သက်ပြင်းတစ်ချက် ဖြည်းညှင်းစွာ ချလိုက်သည်။

"နောင်တစ်ချိန်... မင်း အခွင့်အရေး ရခဲ့ရင်... ဝိညာဉ်နယ်မြေ တစ်ခုခုမှာ အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်းကို ပြန်လည် တည်ထောင်ပေးပါ။ ကျန်တာကတော့ ကံတရား အတိုင်းပါပဲကွာ"

သေချာတာပေါ့... ဒီအချက်က ရိုးရှင်းပါသည်။

အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်းက လက်စားချေဖို့ မတောင်းဆိုဘဲ သူ၏ အမွေအနှစ် မပြတ်တောက်ဖို့ကိုပဲ မျှော်လင့်ခြင်းပါ။

ဒါကလည်း မှန်ပါ၏။

အင်အား အထွတ်အထိပ် ရောက်နေသည့် အချိန်တုန်းကတောင် "တောင်နှင့် ပင်လယ် နယ်မြေ"၏ ချေမှုန်းခြင်းကို ခံခဲ့ရသည်လေ။ နှစ်ပေါင်းများစွာ ကြာပြီးမှ ပြန်ပေါ်လာမည့် ဂိုဏ်းသစ်တစ်ခု အနေနှင့် လက်စားချေဖို့ ဆိုတာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။

သို့သော် နင်ချီ မျက်မှောင်ကြုတ်လိုက်မိသည်။

"စီနီယာ... ပွင့်ပွင့်လင်းလင်း ပြောရရင် ဂိုဏ်းပြန်ထောင်ဖို့ ဆိုတာ မခက်ပါဘူး။ ကျွန်တော်ကလည်း အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်းရဲ့ အမွေအနှစ် အကြွင်းအကျန် ဖြစ်တဲ့ 'အစစ်အမှန်သိုင်းဂိုဏ်း' က လာတာပါ။ ဒါပေမဲ့ ဝိညာဉ်နယ်မြေ တစ်ခု ရှာတွေ့ဖို့ ဆိုတာက နည်းနည်း ခက်ခဲပါလိမ့်မယ်"

ထို့နောက်...၊ နင်ချီက လက်ရှိ သိုင်းကမ္ဘာ ကြုံတွေ့နေရသော အကြပ်အတည်းကို ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။

အဘိုးအိုခမျာ ကြက်သေသေသွားရရှာသည်။

သူက ခန်းမဆောင်၏ စွမ်းအင်တွေကို ချွေတာဖို့အတွက် အချိန်အကြာကြီး အိပ်စက်နေခဲ့ရသည်လေ။ သူ သိထားတာက ခန်းမဆောင်ကြီး စွမ်းအင်ကုန်ပြီး ကမ္ဘာငယ်လေး တစ်ခုထဲ ကျရောက်သွားသည် ဆိုတာလောက်ပင်။ အပြင်လောကမှာ ဒီလို အခြေအနေတွေ ဖြစ်ပျက်နေမည်ဟု သူ ထင်မထားခဲ့ပေ။ မထင်မှတ်ဘဲ "တောင်နှင့် ပင်လယ် နယ်မြေ" နှင့် ပြန်ဆုံရဦးမည်တဲ့လား။

"ကံတရား... ကံတရား ပါပဲလေ"

သူ တိုးတိုးလေး ညည်းတွားလိုက်သည်။

‘ဒါက အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်းရဲ့ ကံကြမ္မာ ဖြစ်ပါလိမ့်မယ်။ ဟိုတုန်းက ဘိုးဘေးကြီးက ကိုယ့်ကမ္ဘာကို အဆင့်မြှင့်တင်ဖို့အတွက် သူများကမ္ဘာရဲ့ မူလအမြုတေကို ဝါးမြိုတဲ့ လမ်းစဉ်ကို မရွေးချယ်ဘဲ၊ တခြားလမ်းကို ရွေးချယ်ခဲ့တယ်လေ။ ဒီရလဒ်က အဲဒီကတည်းက ကြိုတင် သတ်မှတ်ပြီးသား ဖြစ်နေခဲ့တာများလား’

All Chapters