← Chapters

အခန်း (၄၁၅-၄၁၇)

Vol. 28 Ch. 415-417

အခန်း (၄၁၅-၄၁၇)

Vol. 28 Ch. 415-417

အခန်း (၄၁၅) - အင်မော်တယ် ရတနာကို ဆက်ခံခြင်း၊ ကမ္ဘာလောက ဟူသည် ငါသာလျှင်တည်း (၂)

~အဘိုးအိုက စိတ်မပါသလို ခပ်ပေါ့ပေါ့ ပြန်ဖြေရှာသည်။

"အစစ်အမှန်သိုင်း အမွေအနှစ် ပြန်လည် ထူထောင်နိုင်ရင်ပဲ မဆိုးဘူးလို့ ပြောရမယ်"

နင်ချီကတော့ ဒီလောက်နှင့် လက်မလျှော့ချင်။

"စီနီယာ... တခြားနည်းလမ်း လုံးဝ မရှိတော့ဘူးလားဗျာ"

အဘိုးအိုက ခေါင်းခါလိုက်ပြီး ပြောလေ၏။

"တကယ်လို့များ အစစ်အမှန်သိုင်း ခန်းမဆောင်ကြီးသာ အကောင်းပကတိ ရှိနေရင်တော့ မင်းကို တခြား ဝိညာဉ်နယ်မြေတွေဆီ ခေါ်သွားဖို့ နည်းလမ်း ရှိတာပေါ့ကွာ။ ဒါပေမဲ့ အခုက ခန်းမဆောင်ကြီးက ပျက်စီးနေသလို၊ မင်းရဲ့ အင်အားကလည်း မလုံလောက်သေးတော့ စွမ်းဆောင်ရည် အများစုကို သုံးလို့ မရဘူးလေ။ အခုချိန်မှာ အသုံးဝင်နိုင်မယ့် လုပ်ဆောင်ချက် တစ်ခုတည်းကတော့... မင်းရဲ့ သိုင်းကမ္ဘာလေးကို ဘေးရန်ကာပေးထားပြီး အသက်ရှူချောင်အောင် လုပ်ပေးထားရုံပါပဲ"

"ဒါပေမဲ့ ဒီနည်းလမ်းကိုလည်း... လွယ်လွယ်နဲ့တော့ သုံးလို့ မရဘူး"

နင်ချီက မေးလိုက်၏။

"ဘာလို့လဲခင်ဗျာ"

"အစစ်အမှန်သိုင်း ခန်းမဆောင် ဆိုတာ အင်မော်တယ် ရတနာကွ။ သူ့ရဲ့ တည်ရှိမှုကိုသာ အပြင်လူတွေ သိသွားရင် မနာလိုတဲ့သူတွေ အများကြီး ဝိုင်းလာကြမှာ သေချာတယ်။ အဲဒီအခါကျရင် မင်းရဲ့ သိုင်းကမ္ဘာလေးက အခုကြုံနေရတဲ့ ရန်သူတွေထက် အဆပေါင်းများစွာ ကြီးမားတဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်"

နင်ချီ အနည်းငယ် မှင်သက်သွားရသည်။

"အခု လာနေတဲ့ ရန်သူတွေက 'တောင်နှင့် ပင်လယ် နယ်မြေ' က မဟုတ်ဘူးလား ..စီနီယာ.."

လက်နက်ဝိညာဉ် အဘိုးအိုက ခေါင်းခါရင်း ပြုံးလိုက်လေ၏။

"ဘယ်ဟုတ်မလဲကွာ... မင်းတို့ဆီက ကမ္ဘာအသေးလေးလေ။ 'တောင်နှင့် ပင်လယ် နယ်မြေ' ရဲ့ တကယ့် အစစ်အမှန် အရှင်သခင်ကြီးတွေ အနေနဲ့ ဒီလောက် ကမ္ဘာ သေးသေးလေးအတွက်နဲ့ အားကုန်ထုတ်နေစရာ မလိုပါဘူး။ သူတို့ရဲ့ ပစ်မှတ်က သူတို့နဲ့ တန်းတူ ဝိညာဉ်နယ်မြေ အချင်းချင်းပါပဲ။ ကျုပ် မမှားဘူး ဆိုရင်တော့... သိုင်းကမ္ဘာကို ဝါးမြိုဖို့ လုပ်နေတာက 'တောင်နှင့် ပင်လယ် နယ်မြေ' ထဲက ဂိုဏ်းတစ်ဂိုဏ်းရဲ့ တာဝန် တစ်ခုလောက်ပဲ ဖြစ်ပါလိမ့်မယ်။ အောင်မြင်သွားရင် 'တောင်နှင့် ပင်လယ် နယ်မြေ' ရဲ့ ကမ္ဘာ့ဆန္ဒက အဲဒီဂိုဏ်းကို ဆုချလိမ့်မယ်လေ။ ဒါကြောင့် သူတို့ သည်းကြီးမည်းကြီး ဖြစ်နေကြတာပေါ့"

"ဒီလို ဂိုဏ်းမျိုးတွေက အများကြီး ရှိတယ်။ သူတို့ထဲက အသန်မာဆုံးဆိုမှ 'မူလဝိညာဉ် နယ်ပယ်' က 'အစစ်အမှန် ဧကရာဇ်' တစ်ပါးလောက်ပဲ ရှိမှာပါ။ အလွန်ဆုံး ရှိလှမှ 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' က အရှင်သခင် တစ်ပါးပေါ့"

"ဒါပေမဲ့ အစစ်အမှန်သိုင်း ခန်းမဆောင်သာ ပေါ်သွားရင်တော့... 'တစ်သားတည်းဖြစ်ခြင်း နယ်ပယ်'က ဘိုးဘေးတွေပါ တရုန်းရုန်းနဲ့ ရောက်ချလာကြလိမ့်မယ်"

နင်ချီ ရုတ်တရက် သဘောပေါက်သွားတော့သည်။

သေချာသည်မှာ အစစ်အမှန်သိုင်း ခန်းမဆောင်ကို မဖြစ်မနေ အခြေအနေသို့ မရောက်ရှိမချင်း ထုတ်ဖော်အသုံးပြု၍ ရနိုင်မည် မဟုတ်တော့ပါ။ ဆိုရလျှင်... ယခုလက်ရှိ အနေအထား၌ သိုင်းကမ္ဘာငယ်သည် 'တောင်နှင့် ပင်လယ် နယ်မြေ' မှ ဂိုဏ်းတစ်ဂိုဏ်း၏ မျက်စိထဲတွင် ထူးခြားသော ကမ္ဘာငယ်လေး တစ်ခု အဆင့်မျှသာ ရှိသေးသည်။

သို့သော် ဤရတနာကြီးသာ ပေါ်ပေါက်သွားပါက... 'တောင်နှင့် ပင်လယ် နယ်မြေ' မှ အမှန်တကယ် စွမ်းအားကြီးမားသော ဘီလူးကြီးများ၏ အာရုံစိုက်မှုကို ခံရပေတော့မည်။

ထိုကဲ့သို့သော အဆင့်အတန်းမျိုးနှင့် ရင်ဆိုင်ရပါက နင်ချီအနေဖြင့် မည်သို့မျှ ယှဉ်ပြိုင်နိုင်စရာ အရည်အချင်း မရှိနေပါချေ။

"ကျွန်တော် နားလည်ပါပြီ၊ စီနီယာ"

နင်ချီ့ ရင်ထဲ လေးလံသွားရသည်။ အစကတော့ အင်မော်တယ် ရတနာကြီး ရပြီဆိုတော့ အများကြီး အသုံးဝင်မယ် ထင်ထားသည်။ တကယ်တမ်းကျတော့ အရေးပေါ် အခြေအနေမှာ အသက်ရှူပေါက်လေး ရဖို့လောက်သာ သုံးနိုင်မည့် သဘော ရှိနေသည်။

လက်နက်ဝိညာဉ် အဘိုးအိုက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက်...

"လုံးဝ မျှော်လင့်ချက် မရှိတာတော့ မဟုတ်သေးပါဘူးကွာ။ မင်း ခုနက ပြောတော့... မင်းတို့ သိုင်းကမ္ဘာရဲ့ 'ကမ္ဘာ့ဆန္ဒ' နိုးထလာပြီ ဆို"

"အဲဒါဆိုရင်တော့... ဘိုးဘေးကြီး စူးစမ်းရှာဖွေခဲ့တဲ့ 'ဓမ္မ နည်းလမ်း' ကို မင်း စမ်းကြည့်လို့ ရနိုင်တယ်ကွ"

"အဲဒါကတော့ 'ကမ္ဘာလောကနဲ့ ပေါင်းစည်းခြင်း... ကမ္ဘာလောက ဟူသည် ငါသာလျှင်တည်း' ဆိုတဲ့ နည်းလမ်းပဲ"

နင်ချီ့ မျက်လုံးများ စူးရှသွားတော့သည်။

လက်နက်ဝိညာဉ်၏ မျက်လုံးများထဲတွင် ဂုဏ်ယူမှုနှင့် နှမြောတသမှုတို့ ယှဉ်တွဲလျက် ပေါ်လာလေ၏။

"ဟိုတုန်းက ဘိုးဘေးကြီးက စိတ်သဘောထား အရမ်းနူးညံ့တယ်။ အစစ်အမှန်သိုင်း နယ်ပယ်ရဲ့ အဆင့်အတန်းကို မြှင့်တင်ဖို့အတွက် သက်ရှိသတ္တဝါပေါင်းများစွာကို သတ်ဖြတ်ရမယ့် လမ်းစဉ်ကို သူ စက်ဆုပ်တယ်။ သူ့ပါရမီကလည်း ထူးခြားလွန်းတော့... နှစ်ပေါင်း သိန်းချီပြီး တံခါးပိတ် ကျင့်ကြံရင်း ဒီလမ်းစဉ်ကို ရှာဖွေတွေ့ရှိခဲ့တာလေ။ ကံဆိုးချင်တော့ အောင်မြင်ခါနီး ဆဲဆဲမှာ 'တောင်နှင့် ပင်လယ် နယ်မြေ' ရဲ့ ကျူးကျော်ခြင်းကို ခံလိုက်ရတာပဲ"

"ဒီ ဓမ္မ နည်းလမ်းက အပြည့်အဝ မပြီးစီးသေးပေမဲ့... ကမ္ဘာငယ်လေး တစ်ခုနဲ့ ပေါင်းစည်းဖို့ အတွက်တော့ အသုံးပြုလို့ ရနိုင်ပါတယ်"

"ပေါင်းစည်းပြီးသွားရင် မင်းနဲ့ ကမ္ဘာလောက ဟာ တစ်သားတည်း ဖြစ်သွားလိမ့်မယ်။ ကမ္ဘာလောကရဲ့ အခြေခံအုတ်မြစ်ကို မင်း ရယူသုံးစွဲနိုင်လိမ့်မယ်။ အဲဒီအခါကျမှ... တူညီတဲ့ အဆင့်အတန်းချင်း ယှဉ်တိုက်ရင် ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်စွမ်းရည် ရှိလဲ ဆိုတာ မင်း သိလာပါလိမ့်မယ်။ ပိုထူးခြားတာက... 'ကမ္ဘာလောက ဟူသည် ငါ... ငါ ဟူသည် ကမ္ဘာလောက' ဖြစ်သွားတဲ့အတွက်၊ မင်းရဲ့ စွမ်းအားက ကမ္ဘာလောကရဲ့ ကန့်သတ်ချက်ကို ကျော်လွန်သွားရင်တောင်မှ ကမ္ဘာလောကကြီးက မင်းကို ငြင်းပယ်မှာ မဟုတ်တော့ဘူး"

လက်နက်ဝိညာဉ် အဘိုးအို ပြောရင်းနှင့် စိတ်ပါလာကာ ပေါင်ကို ဖြောင်းခနဲ ပုတ်လိုက်မိသည် အထိ။

"ဒီနည်းလမ်းသာ အောင်မြင်ရင်... 'တောင်နှင့် ပင်လယ် နယ်မြေ' ရဲ့ ကျူးကျော်မှုကို ခုခံနိုင်မယ့် စွမ်းအား မင်းဆီမှာ ရှိလာလိမ့်မယ်။ ပြီးတော့ အစစ်အမှန်သိုင်း ခန်းမဆောင်ရဲ့ 'ကူးသန်းသွားလာခြင်း' လုပ်ဆောင်ချက်ကို အသက်သွင်းဖို့ လိုအပ်တဲ့ စွမ်းအင်တွေ စုဆောင်းမိရင်... မျှော်လင့်ချက် ရှိပြီပေါ့ကွာ"

"ဘိုးဘေးကြီး တီထွင်ခဲ့တဲ့ ဒီနည်းလမ်းက လိုအပ်ချက် အရမ်းမြင့်မားပေမဲ့... မင်းရဲ့ 'ဉာဏ်အလင်း' နဲ့ ဆိုရင်တော့ ပြဿနာ ရှိမယ် မထင်ဘူး"

ထို့နောက်၊ အဘိုးအိုက ဟက်ဟက်ပက်ပက် ရယ်မောလိုက်လေသည်။ အလှည့်အပြောင်း တစ်ခုကို ရှာတွေ့လိုက်သကဲ့သို့ သူ ခံစားနေလေ၏။

နားထောင်နေရင်း နင်ချီ့ မျက်လုံးများလည်း တောက်ပလာတော့သည်။

လက်နက်ဝိညာဉ် ပြောပြတာကို နားထောင်ရုံနဲ့တင် ဒါဟာ "အထွတ်အထိပ် ဓမ္မ" နည်းလမ်း တစ်ခုမှန်း သူ ခံစားမိလိုက်သည်။ ကြီးကျယ်ခမ်းနားသည့် အရှိန်အဝါ တစ်ခုက သူ့ဆီကို တိုးဝင်လာသလိုပင်။

"ကမ္ဘာလောက ဟူသည် ငါ... ငါ ဟူသည် ကမ္ဘာလောက"

အစစ်အမှန်သိုင်း ဘိုးဘေးကြီးက တကယ့်ကို ပါရမီရှင်ကြီးပင်။ အကယ်၍သာ အင်မော်တယ် နယ်ပယ်ကြီး မပျက်စီးခဲ့လျှင် သူက ဟိုးအပေါ်ကို တက်ရောက်ပြီး "အစစ်အမှန် အင်မော်တယ်" တစ်ပါး ဖြစ်နေလောက်လေပြီ။

"လမ်းညွှန် ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… စီနီယာ လက်နက်ဝိညာဉ်"

နင်ချီ လေးလေးစားစား ဂါရဝပြုလိုက်သည်။

နောက်ဆုံးတော့... သူ့မှာ ခိုင်မာသော စီမံကိန်း တစ်ခု ရှိလာခဲ့ပြီ။ ခေါင်းပြတ်နေသော ယင်ကောင်လို လမ်းပျောက်နေတော့မှာ မဟုတ်ပါချေ။

လက်နက်ဝိညာဉ်က လက်ကာပြရင်း ပြောလေ၏။

"နှမြောစရာ ကောင်းတာကတော့... မင်း ပြန်လည် တည်ထောင်ပေးမယ့် အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်းကို ကျုပ် မြင်ခွင့်မရတော့တာပါပဲကွာ။ မင်း လျှောက်မယ့် လမ်းခရီး ဖြောင့်ဖြူးပါစေ... 'တောင်နှင့် ပင်လယ် နယ်မြေ' ရဲ့ ပိတ်ဆို့မှုတွေကို အမြန်ဆုံး ဖောက်ထွက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်"

နင်ချီ မနေနိုင်ဘဲ ပြန်ပြောလိုက်မိသည်။

"စီနီယာ... တကယ်ပဲ မဖြစ်မနေ သွားမှ ရမှာလား"

သူ့စကားကြောင့်၊ လက်နက်ဝိညာဉ်၏ မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ်သမ်းသွားသည်ကို နင်ချီ တွေ့လိုက်ရသည်။

"ကျုပ်က ဟိုးအကြာကြီး ကတည်းက သွားခဲ့သင့်တာပါ။ ဘိုးဘေးကြီး ကျဆုံးသွားတဲ့ နေ့ကတည်းက ကျုပ် လိုက်သွားခဲ့သင့်တာ။ ဒါပေမဲ့ အစစ်အမှန်သိုင်း အမွေအနှစ် ပြတ်တောက်သွားမှာ စိုးလို့သာ ဒီလောက် ကြာကြာ ဆွဲဆန့်ပြီး နေခဲ့ရတာလေ။ အခုတော့... လုံလောက်ပါပြီ"

လက်နက်ဝိဉာဉ်က ပြုံးပြီး လက်ဝှေ့ယမ်းပြပြန်သည်။

"ပြီးတော့... ကျုပ် ဆက်ရှိနေရင် မင်းက အစစ်အမှန်သိုင်း ခန်းမဆောင်ကို အပြည့်အဝ ထိန်းချုပ်လို့ ရမှာ မဟုတ်ဘူး။ စိတ်မပူပါနဲ့... မင်းအတွက် ကိုယ်ပိုင် လက်နက်ဝိညာဉ် အသစ် ရလာမှာပါ၊ လူငယ်လေး…"

ပြောရင်းနှင့်...

အဘိုးအိုက လက်ညှိုးဖြင့် ညွှန်လိုက်ရာ ဆန်းကြယ်သော အလင်းတန်း တစ်ခု နင်ချီ့ ခေါင်းထဲသို့ တိုးဝင်သွားတော့သည်။ ထိုအထဲတွင် အစစ်အမှန်သိုင်း ခန်းမဆောင်နှင့် ပတ်သက်သော သတင်းအချက်အလက် အမျိုးမျိုး ပါဝင်နေလေ၏။

နင်ချီ နှုတ်ဆိတ်နေလိုက်သည်။ အတူရှိခဲ့သည့် အချိန်ကာလ တိုတောင်းသော်ငြား၊ ဒီလက်နက်ဝိညာဉ် အဘိုးအိုဟာ သဘောထား နူးညံ့ပြီး မျိုးဆက်သစ်များကို အရမ်း ကာကွယ် စောင့်ရှောက်တတ်မှန်း သူ ခံစားမိလိုက်သည်။

အလင်းမှုန်လေးများ တဖြည်းဖြည်း ထွက်ပေါ်လာတော့သည်။

"ကျုပ်အတွက် ဝမ်းမနည်းပါနဲ့... ကျုပ်က ဘိုးဘေးကြီး နောက်ကို လိုက်သွားရုံပါပဲ"

လက်နက်ဝိညာဉ် အဘိုးအိုက ရယ်မောလိုက်ပြီးနောက်... "ဝုန်း" ခနဲ အသံနှင့်အတူ ရေတွက်မရနိုင်သော အလင်းမှုန်များ အဖြစ် ပြိုကွဲသွားတော့သည်။

နင်ချီ တိုးတိုးလေး ရေရွတ်လိုက်မိ၏။

"နှုတ်ဆက်ခဲ့ပါတယ်... စီနီယာ လက်နက်ဝိညာဉ်"

အမွေအနှစ် တစ်ခုကို ဆက်ခံရတယ် ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာကို ပထမဆုံးအကြိမ် သူ နားလည်ခံစားလိုက်ရသည်။ သူ တစ်ခါမှ မမြင်ဖူးခဲ့တဲ့ အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်း အပေါ်မှာ ထူးခြားသည့် သံယောဇဉ် တစ်ခု တွယ်ငြိသွားသလိုပင်။

စင်စစ် ပြောရလျှင်...

တာအိုဆရာ လုံရှန်း တည်ထောင်ခဲ့သော အစစ်အမှန်သိုင်းဂိုဏ်း ဆိုတာက အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်း၏ မီးရှူးတန်ဆောင်လေး တစ်ခုပါပင်။

သို့ကြောင့် နင်ချီ ကိုယ်တိုင်လည်း သူ့ကိုယ်သူ..အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်းဝင် တစ်ယောက်ဟူ၍ ပြောနိုင်ပါသည်။

တိတ်ဆိတ်နေသော အခန်းထဲမှာ လက်ဖက်ရည်ရနံ့လေးတွေ သင်းပျံ့ကျန်ရစ်နေဆဲ။

နင်ချီ ခဏလောက် ငြိမ်သက်နေပြီးမှ စိတ်ကို ပြန်စုစည်းလိုက်ကာ လက်နက်ဝိညာဉ် ထားခဲ့သော အချက်အလက်တွေကို စတင် လေ့လာလိုက်တော့သည်။

ပထမဆုံး...၊

သူက လက်နက်ဝိညာဉ် အသစ် တစ်ကောင်ကို ဖန်တီးရမည်။ ဒါမှသာ အစစ်အမှန်သိုင်း ခန်းမဆောင်ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီး အတွင်းထဲက သစ်ပင်၊ မြက်ပင်တွေ အထိ စိတ်တိုင်းကျ စေခိုင်းနိုင်မှာ ဖြစ်သလို၊ သက်ဆိုင်ရာ လုပ်ဆောင်ချက်တွေကိုလည်း အသက်သွင်းနိုင်မှာ ဖြစ်သည်။

နင်ချီ တင်ပျဉ်ခွေ ထိုင်လိုက်၏။

သူ့ရဲ့ "ဝိညာဉ်အာရုံ" ကို စုစည်းပြီး လျှို့ဝှက်နည်းစနစ်ကို အသုံးပြုကာ ဝိညာဉ်အစလေး တစ်ခု ခွဲထုတ်လိုက်သည်။ ဦးနှောက်ထဲက နည်းနည်း နာကျင်သွားသလို ခံစားလိုက်ရသော်လည်း၊ သူ့ကိုယ်သူတော့ ထိခိုက်မှု မရှိပေ။

ထို့နောက်...

နင်ချီက ပတ်ဝန်းကျင်က အရာအားလုံးနှင့် အလေးအနက်ထားပြီး ပဲ့တင်ထပ်လိုက်သည်။ အလင်းစက်လေးတွေက တိတ်ဆိတ်နေသည့် အခန်းထဲမှာ စတင် ပေါ်ပေါက်လာပြီး၊ နင်ချီ ခွဲထုတ်လိုက်သော ဝိညာဉ်အစလေးကို ဗဟိုပြုကာ စုစည်းသွားကြ၏။ မကြာခင်မှာပင် လူပုံသဏ္ဍာန် တစ်ခု ဖြစ်ပေါ်လာတော့သည်။

နင်ချီနဲ့ ရုပ်ချင်းဆင်တူသော တာအို လူငယ်လေး တစ်ယောက်။ နင်ချီက ဝတ်ရုံဖြူ ဝတ်ထားပြီး သူကတော့ ဝတ်ရုံနက် ဝတ်ထားလေ၏။

‘ဒါက လက်နက်ဝိညာဉ် အသစ်စက်စက်လေးပါပဲ။’

"သခင့်ကို ဂါရဝပြုပါတယ်"

မွေးဖွားကာစ လက်နက်ဝိညာဉ်လေး၏ မျက်လုံးတွေထဲမှာ နင်ချီ့အပေါ် လေးစားအားကျမှုတွေ ပြည့်နှက်နေသည်။ သူ၏ ဗဟိုချက်မက နင်ချီ၏ ဝိညာဉ်အစ ဖြစ်နေသည်ကိုး။

နင်ချီ အံ့သြသွားရသည်။

အင်မော်တယ် ရတနာ ဆိုတာ တကယ် မခေပါလား။ ဒီနည်းလမ်းက တကယ့်ကို ဆန်းကြယ်လွန်းသည်။

"ယဉ်ကျေးနေစရာ မလိုပါဘူး... ငါတို့အချင်းချင်း 'တာအိုရောင်းရင်း' လို့ပဲ ခေါ်ကြတာပေါ့"

နင်ချီ ပြုံးလိုက်သည်။

"ငါ့ နာမည်က နင်ချီ... မင်း.. မကန့်ကွက်ဘူး ဆိုရင် ဒီနေ့ကစပြီး မင်းကို 'နင်ရွှမ်' လို့ ခေါ်မယ်ဗျာ... ဘယ်လိုလဲ"

ဒီလက်နက်ဝိညာဉ် အပေါ်မှာ သူ အပြည့်အဝ လွှမ်းမိုးထားနိုင်မှန်း သူ ခံစားမိ၏။ သို့သော်လည်း ဒီလက်နက်ဝိညာဉ်၏ ဗဟိုချက်က သူ့အပေါ် မူတည်နေပေမဲ့ ကိုယ်ပိုင် အသိစိတ် ရှိနေတာကိုလည်း နင်ချီ သတိပြုမိသည်။

အရင် လက်နက်ဝိညာဉ် အဘိုးအို ဆိုရင်လည်း အစစ်အမှန်သိုင်း ဘိုးဘေးနှင့်အတူ ခေတ်ကာလများစွာ ဖြတ်သန်းခဲ့ရသည်လေ။ သခင်နှင့် လက်အောက်ငယ်သား ဆိုတာထက် သူငယ်ချင်း မိတ်ဆွေတွေ ဖြစ်နေလောက်ပြီ။ သို့ကြောင့်လည်း ဆက်ခံသူ တွေ့သည့်နှင့် တပြိုင်နက်၊ ဘိုးဘေးနောက်ကို မဆိုင်းမတွ လိုက်သွားရဲသည်ပင်။

ရှေ့ဆောင်လမ်းပြကောင်း တစ်ယောက် ရှိခဲ့ပြီးပြီ ဆိုတော့ နင်ချီ အနေနှင့်လည်း ဒီလက်နက်ဝိညာဉ်၏ ဖြစ်တည်မှုကို လေးစားပေးရမည်ပါပင်။

ဒါက နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးရှိတာပဲလေ။

လက်နက်ဝိညာဉ်လေးက သိသိသာသာကြီး ပျော်ရွှင်သွားပုံ ရသည်။

"တာအိုရောင်းရင်းရဲ့ အမိန့်အတိုင်းပါပဲ"

သူ့နာမည်ကို သူ သဘောကျနေပုံပါပင်။

"တာအိုရောင်းရင်း နင်ရွှမ်... အစစ်အမှန်သိုင်း ခန်းမဆောင်ရဲ့ လက်ရှိ အခြေအနေကို ပြောပြပေးနိုင်မလား"

နင်ချီ လေးနက်သော မျက်နှာထားဖြင့် မေးလိုက်သည်။

နှစ်ယောက်သား နေရာတကျ ထိုင်လိုက်ကြသည်။

နင်ရွှမ်က ဖြည်းညှင်းစွာ ရှင်းပြလေ၏။

"အစစ်အမှန်သိုင်း ခန်းမဆောင် ဆိုတာ 'အင်မော်တယ် စံအိမ်တော်' အမျိုးအစား အင်မော်တယ် ရတနာ တစ်ပါးပါ။ သူ့မှာ အဓိက လုပ်ဆောင်ချက်ကြီးတွေ ရှိပါတယ်"

"ပထမ တစ်ချက်က... ကြီးမားကျယ်ပြန့်တဲ့ နေရာလွတ် တစ်ခုကို သေးငယ်တဲ့ နေရာလေးထဲ ထည့်သွင်းထားနိုင်တာပါ။ သူ့ရဲ့ အတွင်းကမ္ဘာက အရမ်းကျယ်ဝန်းပြီး ကိုယ်ပိုင် နယ်ပယ် တစ်ခု ဖြစ်နေပါတယ်။ ကမ္ဘာငယ်လေး တစ်ခုကိုတောင် ထည့်ထားလို့ ရနိုင်ပါတယ်"

"ဒုတိယ တစ်ချက်က... 'နယ်မြေများ ပင်လယ်' ကို ဖြတ်သန်းသွားလာနိုင်ပါတယ်။ ကမ္ဘာ့အတားအဆီးတွေကို မရှိသလို သဘောထားပြီး ဖြတ်ကျော်နိုင်သလို၊ နယ်မြေများ ပင်လယ် ထဲမှာလည်း သီးခြား ရပ်တည်နေနိုင်ပါတယ်"

"တတိယ တစ်ချက်က... တိုက်ပွဲမှာ ထုတ်သုံးလို့ ရပါတယ်။ အရွယ်အစားကို စိတ်ကြိုက် ပြောင်းလဲနိုင်တယ်။ ကမ္ဘာတစ်ခုလောက် ကြီးအောင် ချဲ့ပြီး ဖိချနိုင်သလို၊ မမြင်ရတဲ့ အမှုန်လေး တစ်ခုလောက် သေးငယ်သွားအောင်လည်း လုပ်နိုင်ပါတယ်"

"စတုတ္ထ တစ်ချက်က... အာရုံခံနိုင်စွမ်းကို ဖုံးကွယ်ပေးနိုင်တာပါ၊ သခင်။ သေးငယ်တဲ့ အမှုန်လေးအဖြစ် ပြောင်းလဲနိုင်စွမ်းနဲ့ ပေါင်းစပ်လိုက်ရင် 'တစ်သားတည်းဖြစ်ခြင်း နယ်ပယ်' က ဘိုးဘေးတွေတောင်မှ အထူး လျှို့ဝှက်နည်းစနစ် မရှိရင် ရှာတွေ့ဖို့ မလွယ်ကူပါဘူး"

"ပဉ္စမ တစ်ချက်ကတော့... အခု ကျွန်တော်တို့ ရှိနေတဲ့ 'အတွင်းခန်းမဆောင်' ပါပဲ။ ဒီနေရာက အချိန်စီးဆင်းမှု နှုန်းကို ထိန်းချုပ်နိုင်ပါတယ်။ ဒါပေမဲ့ သဘာဝကျတာကတော့... စွမ်းအားကြီးလေလေ၊ ဒီအာနိသင်က သက်ရောက်မှု နည်းလေလေ ဖြစ်မှာပါ”

အခန်း (၄၁၆) - ဉာဏ်အလင်း၏ မူလဇာစ်မြစ်နှင့် အစစ်အမှန်သိုင်း ခန်းမဆောင်သခင်ကို ဂါရဝပြုခြင်း

~ နင်ရွှမ် ပြောပြတာကို နားထောင်ရင်း နင်ချီ ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်သည်။

ယခုချိန်မှာ သူ အသိချင်ဆုံး မေးခွန်းကတော့...

"လက်ရှိ အနေအထားမှာ ဘယ်လုပ်ဆောင်ချက်တွေကို သုံးလို့ ရသေးလဲ"

နင်ချီ့ အမေးကြောင့် မွေးဖွားကာစ လက်နက်ဝိညာဉ် လူငယ်လေး မျက်နှာပျက်သွားရှာသည်။ သို့သော် လေးလေးစားစားပင် ပြန်ဖြေလေ၏။

"အစစ်အမှန်သိုင်း ခန်းမဆောင်က အခု အကြီးအကျယ် ပျက်စီးနေတာပါ။ သိုလှောင်ထားတဲ့ စွမ်းအင်တွေလည်း ကုန်ခမ်းလုနီးပါး ဖြစ်နေပါပြီ။ လုပ်ဆောင်ချက် အများစုက အပိုင်းအစလောက်ပဲ သုံးလို့ရမယ်၊ ဒါမှမဟုတ် လုံးဝ သုံးလို့ မရတော့ပါဘူး"

"ဟိုးနှစ်ပေါင်းများစွာက ဖြစ်ခဲ့တဲ့ စစ်ပွဲတုန်းက... ခန်းမဆောင်ရဲ့ 'အတွင်းစကြဝဠာ' လည်း ပျက်စီးလုနီးပါး ဖြစ်ခဲ့ရတယ်။ အခု ပြန်လည် ပြုပြင်ထားတယ် ဆိုပေမဲ့ ဝိညာဉ်ဆေးပင်၊ အင်မော်တယ် ဆေးလုံး ဆိုတာ တစ်ခုမှ မကျန်တော့ပါဘူး။ ဝိညာဉ်သားရဲ ဥတချို့ အကောင်ပေါက်လာတာလောက်ပဲ ရှိတယ်။ လက်ရှိ အနေအထားမှာတော့... ပေတစ်သန်းလောက် မြင့်တဲ့ အင်မော်တယ် တောင်တန်းကြီး တစ်ခုလောက်ကို ထည့်သိမ်းထားနိုင်တဲ့ 'သိုလှောင် ရတနာ' အဖြစ် သုံးမယ်ဆိုရင်တော့ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ စကြဝဠာ တစ်ခုလုံးကို မျိုချဖို့ ဆိုတာတော့ မဖြစ်နိုင်တော့ပါဘူး"

"ပြီးတော့ နယ်မြေများ ပင်လယ်ကို ဖြတ်သန်းတဲ့ လုပ်ဆောင်ချက် ဆိုရင်လည်း လုံးဝ သုံးလို့ မရတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ခန်းမဆောင်ကြီးက ဖြတ်သန်းနေတဲ့ အချိန်မှာ ဖြစ်လာမယ့် ဖိအားတွေကို ခံနိုင်ရည် ရှိဖို့ လိုသလို၊ သခင့်ရဲ့ ကျင့်ကြံခြင်း အဆင့်အတန်းကလည်း အတိုင်းအတာ တစ်ခုအထိ ရှိနေဖို့ လိုအပ်လို့ပါ"

"ကျန်တဲ့ လုပ်ဆောင်ချက် သုံးခုကိုတော့ အသက်သွင်းလို့ ရပါသေးတယ်။ ဒါပေမဲ့ စွမ်းအားကတော့ အများကြီး ကျဆင်းနေပြီ"

နင်ချီ ခေါင်းညိတ်လိုက်သည်။

သူ ထင်ထားသည့် အတိုင်းပါပဲ။ တကယ်တမ်းကျတော့ ဒီလောက် သုံး၍ ရနေသေးတာကိုက သူ့မျှော်လင့်ချက်ထက် ပိုနေပါပြီ။

အမှန်အတိုင်း ဆိုရလျှင်...

အင်မော်တယ် ရတနာကြီး၏ စွမ်းအားသည် သူ ထင်မှတ်ထားသည်ထက် များစွာ ပိုမိုလှပေသည်။ ကမ္ဘာတစ်ခုလုံးကို သိမ်းသွင်းနိုင်သည် ဖြစ်စေ၊ နယ်မြေများ ပင်လယ်ကို ဖြတ်သန်းနိုင်သည် ဖြစ်စေ၊ အားလုံးသည် ကြောက်ခမန်းလိလိပင် ဖြစ်ပေသည်။

သို့သော် နင်ချီ၏ ရင်ထဲတွင်မူ သိပ်ပြီး လှုပ်ရှားနေခြင်း မရှိချေ။

အဘယ်ကြောင့်ဆိုသော် သူ သိရှိနေသောကြောင့်ပါ။ လက်ရှိ အစစ်အမှန်သိုင်း ခန်းမဆောင်ကြီးသည် မပြည့်မစုံ ဖြစ်နေပါသည်။ လုပ်ဆောင်ချက် အများစုသည် အသုံးပြု၍ ရနိုင်မည် မဟုတ်လောက်ချေ။

သို့သော် စီနီယာ လက်နက်ဝိညာဉ် အဘိုးအိုကြီး မှာကြားခဲ့သည်ကို သူ သတိရလိုက်သည်။ မဖြစ်မနေ အခြေအနေသို့ မရောက်ရှိမချင်း ဤခန်းမဆောင်ကြီး၏ တည်ရှိမှုကို လုံးဝ ထုတ်ဖော်မပြသရန်ပင် ဖြစ်သည်။

သို့ဆိုလျှင်မူ...

လက်နက်အနေဖြင့် ထုတ်ဖော်အသုံးပြုရန်မှာ မဖြစ်နိုင်တော့ချေ။

သေရေးရှင်ရေးတမျှ အခြေအနေသို့ ရောက်ရှိမှသာ ဤခန်းမဆောင်ကြီး၏ စွမ်းအားကို အသုံးပြု၍ သိုင်းကမ္ဘာငယ်လေးအား ခေတ္တမျှ ကာကွယ်ထား၍ ရနိုင်ပေမည်။ အချိန်ဆွဲ၍ ရရုံမျှသာ ဖြစ်ပေမည်။

"ဒါဆို... ပြန်ပြင်လို့ရမယ့် နည်းလမ်းရော မရှိဘူးလား"

နင်ချီ မေးလိုက်သည်။

ထိုအခါမှာ၊ နင်ရွှမ် မျက်လုံးလေးတွေ အရောင်တောက်သွားပြီး တရစပ် ရွတ်ပြလေ၏။

"ကောင်းကင်ဘုံ နက်ရှိုင်းခြင်း အင်မော်တယ် သလင်းကျောက်၊ ဓာတ်ကြီးငါးပါး ကျောက်တုံး၊ ဟင်းလင်းပြင် နက်ရှိုင်းခြင်း ဝိညာဉ်မြေကြီး၊ အင်မော်တယ် နွယ်စိမ်း ..."

နားထောင်ရင်း နင်ချီ ခေါင်းနပန်း ကြီးသွားရသည်။

တစ်ခုမှ မကြားဖူးသော နာမည်တွေချည်းသာ။ ကြည့်ရတာ ဝိညာဉ်နယ်မြေထဲက အထွတ်အထိပ် ရတနာတွေ ဖြစ်မည့်ပုံပင်။ တချို့ဆိုလျီင် နယ်မြေများ ပင်လယ်ထဲမှာမှ ဖြစ်တည်နိုင်သော အရာတွေ ဖြစ်လောက်သည်။

"ဒါ့အပြင်... ပြန်လည် မွမ်းမံဖို့အတွက် 'စည်းမျဉ်းစွမ်းအား' လည်း လိုအပ်ပါတယ်"

ပြောပြီးမှ နင်ရွှမ်က ထပ်ဖြည့်စွက်လိုက်သေးသည်။

"ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် ကျွမ်းကျင်သူတွေလောက်မှသာ စည်းမျဉ်းစွမ်းအားကို စတင် ထိတွေ့နိုင်တာပါ၊ သခင်.."

နင်ချီ စိတ်ပျက်လက်ပျက်ဖြင့် လက်ကာပြလိုက်တော့သည်။

အင်မော်တယ် တက်လှမ်းခြင်း လေးဆင့်နှင့် နယ်ပယ် ရှစ်ခု ထဲမှာ ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် ဆိုတာ ပဉ္စမမြောက် အဆင့် ဖြစ်၏။ ဝိညာဉ်နယ်မြေမှာတောင် အရှင်သခင် တစ်ပါးဟု သတ်မှတ်၍ ရသော အဆင့်အတန်းတည်း။

သိုင်းကမ္ဘာကို လာကျူးကျော်မည့် 'တောင်နှင့် ပင်လယ် နယ်မြေ' က ဂိုဏ်းမှာတောင် ထိုအဆင့် ရှိသူ ပါမလား မသေချာပါ။

"ထားလိုက်ပါတော့... ပြန်ပြင်တဲ့ ကိစ္စက နောက်မှ စဉ်းစားကြတာပေါ့"

နင်ချီ စိတ်ကို ပြန်လျော့လိုက်သည်။

"တာအိုရောင်းရင်း နင်ရွှမ်..ခုနက မင်း ပြောတော့... အခု ငါတို့ ရောက်နေတာက 'အတွင်းခန်းမဆောင်' ဆို။ ဒီနေရာက အချိန်စီးဆင်းမှုကို ထိန်းချုပ်လို့ ရတယ်ဆိုတာ ဟုတ်လား"

သူ့ရင်ထဲမှာ မျှော်လင့်ချက်လေး ပြန်တက်လာသည်။

နင်ရွှမ်က ပြုံးပြီး ခေါင်းညိတ်ပြလေ၏။

"သခင့်ရဲ့ ဝိညာဉ်အာရုံကို သေချာ စုစည်းပြီး အာရုံခံကြည့်လိုက်ပါ။ လုပ်ဆောင်ချက် အများစုကို ကိုယ်တိုင် ထိန်းချုပ်နိုင်ပါလိမ့်မယ်။ ကျွန်တော့်ရဲ့ တည်ရှိမှုက သခင့်ကို ကူညီပေးဖို့ သက်သက်ပါပဲ‌ ဗျ"

တာအိုရောင်းရင်း နင်ရွှမ် ၏ ရှင်းပြမှုကို ကြားရသောအခါ နင်ချီ အသိစိတ်ကို လှုပ်ရှားလိုက်သည်။

ချက်ချင်း ဆိုသလို ဆန်းကြယ်မှုများစွာက သူ့ခေါင်းထဲ ဝင်ရောက်လာတော့သည်။

နောက်တစ်ခဏမှာ...

မူလက ရိုးရှင်းသော အခန်းလေးက စတင် ပြောင်းလဲသွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပဲ အစစ်အမှန်သိုင်းတောင်ပေါ်က "တာအိုရှာဖွေခြင်း ကျောင်းတော်" ပုံစံ ပြောင်းလဲသွားလေ၏။

"ငါက ဒီပုံစံလေး ပိုကြိုက်တယ်"

နင်ချီ ပြုံးလိုက်သည်။ ဒါက အတွင်းခန်းမဆောင်၏ အသေးအမွှား လုပ်ဆောင်ချက်လေး တစ်ခုပါပဲ။ စိတ်ကူးရှိရင် ရှိသလို ပုံစံအမျိုးမျိုး ပြောင်း၍ ရပါသည်။

သူက "ဉာဏ်အလင်း လက်ဖက်ပင်" အောက်မှာ တင်ပျဉ်ခွေ ထိုင်လိုက်ပြီး ခန်းမဆောင်၏ လုပ်ဆောင်ချက် အမျိုးမျိုးကို စတင် စမ်းသပ်ကြည့်လိုက်သည်။

"ဒီအတွင်းခန်းမဆောင်ထဲမှာ အချိန်စီးဆင်းမှုကို အပြင်လောကနဲ့ မတူအောင် ထိန်းချုပ်လို့ ရတယ်။ ငါ့ရဲ့ လက်ရှိ 'မှော်နယ်ပယ်' ကျင့်ကြံခြင်း အဆင့်နဲ့ဆိုရင် ဆယ်ပုံတစ်ပုံ အချိုးအစား အထိ ရနိုင်တယ်"

"ဆိုလိုတာက... အတွင်းထဲမှာ ဆယ်ရက် ကုန်ဆုံးသွားမှ အပြင်မှာ တစ်ရက်ပဲ ကုန်မှာပေါ့"

နင်ချီ အံ့သြသွားရသည်။

‘ဒါက တကယ်ကို အစွမ်းထက်တာပဲ။ အချိန် ဆယ်ဆ သက်သာသွားမယ် ဆိုတဲ့ သဘောလေ။’

ဤသည်မှာ ပျက်စီးနေသော အနေအထားပင် ဖြစ်သည်။ အကောင်းပကတိ အချိန်ကာလက ဆိုလျှင် အဆပေါင်း ရာချီ၍ မြန်ဆန်အောင် ပြုလုပ်နိုင်သည်ဟု ဆို၏။ တစ်သားတည်းဖြစ်ခြင်း နယ်ပယ် ဘိုးဘေးများ အပေါ်၌ပင် သက်ရောက်မှု ရှိသည်ဟု ဆိုသည်။ ယခုမူ... စည်းမျဉ်းစွမ်းအား မရှိတော့သဖြင့် မူလဝိညာဉ် နယ်ပယ် ခန့်အထိသာ သက်ရောက်နိုင်တော့မည် ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ်... နင်ချီ ပျော်ပါသည်။

သူ့စိတ်အကြံ တစ်ချက်ကြောင့် ခန်းမဆောင်ရဲ့ စွမ်းအားတွေက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားတော့သည်။

ရုတ်ချည်း ဆိုသလို...

လေတွေ၊ တိမ်တွေ ပြောင်းလဲသွား၏။ ဉာဏ်အလင်း လက်ဖက်ပင်၏ အရွက်တွေတောင် ဆန်းကြယ်သော အလင်းရောင်တွေနှင့် ယိမ်းနွဲ့လာလေ၏။

နင်ချီ ခံစားလိုက်ရသည်။ အတွင်းနှင့် အပြင် အချိန်စီးဆင်းမှု ကွာခြားသွားပြီ။

ယခု သူက ခန်းမဆောင် သခင် ဖြစ်နေပြီမို့ အပြင်လောကကို လှမ်းမြင်နေရသည်။ စီနီယာ လိပ်အိုကြီးက လမ်းလျှောက်နေတာ အင်မတန် နှေးကွေးလွန်းလှသည်။

'ဆလိုမိုးရှင်း' ရိုက်ပြထားသလိုပင်။ ပင်လယ်လှိုင်းတွေကလည်း ဖြည်းဖြည်းလေး ရွေ့နေ၏။ လေတိုက်တာ နှေးသွားသလို၊ တိမ်တွေဆိုရင် ရပ်တန့်လုနီးပါး ဖြစ်နေကြတော့သည်။

သို့သော်၊ နင်ချီ့ အတွက်တော့... ဝိညာဉ်စွမ်းအင် စုပ်ယူတာတွေ၊ မြေဓာတ် ကျင့်ကြံတာတွေက ပုံမှန်အတိုင်းပါပင်။ မြန်လည်း မမြန်၊ နှေးလည်း မနှေးပါ။

"ဒါက အချိန် အရှိန်မြှင့်ခြင်း ပေါ့။ တကယ်ကို အံ့ဖွယ် စွမ်းအားပါလား"

နင်ချီ အသံထွက်၍ မချီးကျူးဘဲ မနေနိုင်တော့ပါ။

ထိုသို့ ဆိုလျှင်တော့...

ပဉ္စမအဆင့် သိုင်းသူတော်စင် ဖြစ်လာဖို့ အချိန် အများကြီး စောင့်စရာ မလိုတော့ပေ။

သို့ဖြစ်စေကာမူ၊ ခဏလောက် ကျင့်ကြံပြီးသည့် အခါမှာတော့... နင်ချီ မျက်မှောင်ကြုတ်လိုက်မိသည်။

ပြဿနာ တစ်ခု ရှိနေလေ၏။

သူ စိတ်ကို ငြိမ်အောင် ထားပြီး "ဓာတ်ကြီးငါးပါး ဓားအခင်းအကျင်း" အကြောင်းကို စဉ်းစားကြည့်လိုက်သည်။ သူ့ခေါင်းထဲမှာ ဉာဏ်အလင်းတွေ ပွင့်လာသော်ငြား.. ပုံမှန် အထွတ်အထိပ် အချိန်လောက် မကောင်းသလို ခံစားနေရ၏။

"ဘာဖြစ်တာလဲ"

နင်ချီ သေသေချာချာ ဆန်းစစ်ကြည့်လိုက်သည်။

အချိန် အရှိန်မြှင့်သော အခြေအနေကို ဝင်လိုက်၊ ထွက်လိုက် လုပ်ပြီး နှိုင်းယှဉ်ကြည့်သည်။

နောက်ဆုံးတော့... လက်ဖက်ရည် တစ်အိုး ကုန်လောက်သည့် အချိန်မှာ အဖြေထွက်လာသည်။

"အချိန် တစ်ယူနစ် အတွင်းမှာတော့ ငါ့ရဲ့ ဉာဏ်အလင်း စွမ်းအားက ကျဆင်းသွားသလို ဖြစ်နေတာကိုး။ ဒါပေမဲ့ အချိန် ဆယ်ဆနဲ့ တွက်လိုက်ရင်တော့ အပြင်မှာ ရှိနေတာနဲ့ အတူတူလောက်ပဲ ဖြစ်သွားရော"

"ဆိုလိုတာက... အချိန် အရှိန်မြှင့်လိုက်လို့ ငါ့ရဲ့ 'ဉာဏ်အလင်း'က ပိုမြန်လာတာ မဟုတ်ဘူး"

နင်ချီ စိတ်ပျက်သွားရသည်။

သူ၏ အဓိက အားသာချက်က "ဉာဏ်အလင်း" လေ။

ယခု အချိန် ဆယ်ဆ မြန်လာသော်ငြား၊ ဉာဏ်အလင်းက ပုံမှန်အတိုင်းပဲ ဆိုတော့... သူ မျှော်လင့်ထားသလောက် အကျိုးမရှိသလို ဖြစ်နေသည်။

အခန်း (၄၁၇) - ဉာဏ်အလင်း၏ မူလဇာစ်မြစ်နှင့် အစစ်အမှန်သိုင်း ခန်းမဆောင်သခင်ကို ဂါရဝပြုခြင်း (၂)

~နင်ချီ့စိတ်ထဲမှာ အကြမ်းဖျင်းတော့ အဖြေပေါ်လာသည်။

‘ဒါက ငါ့ရဲ့ "ဉာဏ်အလင်း" စွမ်းအားက အခုလက်ရှိ ငါ့အသက်စွမ်းအင်နဲ့ လက်လှမ်းမီနိုင်သလောက် အမြင့်ဆုံး အကန့်အသတ်ကို ရောက်နေပြီမို့လို့ ဖြစ်ရမယ်။ တခြားလူတွေသာ ဆိုရင်တော့ ဒီလို စိုးရိမ်စရာတောင် လိုမှာ မဟုတ်ဘူး။’

နင်ချီ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး စိတ်ကို ပြန်ညှိလိုက်သည်။

‘မရှိတာထက် စာရင်တော့ ရှိတာ ပိုကောင်းတာပေါ့လေ။’

ဉာဏ်အလင်းပိုင်းကို

တိုးတက်မလာစေနိုင်ဟု ဆိုစေကာမူ၊ ကျင့်ကြံရာ၌မူ ဆယ်ဆမျှ ပိုမို လျင်မြန်လာစေပေသည်။ ဤသည်မှာ သူ့အတွက် အချိန်များစွာ သက်သာစေသည်မှာ အမှန်ပင် ဖြစ်သည်။

“ပြီးတော့... ဒါက မကောင်းတဲ့ကိစ္စ မဟုတ်ဘူးပဲ”

နင်ချီ့ မျက်လုံးများ အရောင်လက်သွားသည်။

"ဒါက ဘာကို ပြနေသလဲ ဆိုတော့... ငါ့ရဲ့ 'ကောင်းကင်ဘုံကို အာခံနိုင်သော ဉာဏ်အလင်း' ရဲ့ မူလဇာစ်မြစ်က ဒီ 'အစစ်အမှန်သိုင်း ခန်းမဆောင်' ဆိုတဲ့ အင်မော်တယ် ရတနာကြီးထက်တောင် ပိုပြီး စွမ်းအားကြီးမားနေတယ် ဆိုတာ သက်သေပြလိုက်တာပဲ"

ရှုထောင့်တစ်ဖက်က ကြည့်မည် ဆိုလျှင်...

ဒါက ကောင်းသည့် ကိစ္စပဲလေ။

သူ၏ ဉာဏ်အလင်း စွမ်းအားသည် သူ၏ ကျင့်ကြံခြင်း အဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ၊ အသက်စွမ်းအင်များ တိုးတက်လာသည်နှင့်အမျှ… ထပ်မံ၍ မြင့်တက်လာဦးမည်သာ ဖြစ်၏။

ယခု အချိန်အထိမူ အကန့်အသတ်ကို မမြင်တွေ့ရသေးချေ။ ဆိုလိုသည်မှာ... သူ..အင်မော်တယ် အဆင့်သို့ ရောက်ရှိသွားလျှင်ပင် ဤသည်မှာ အဆုံးသတ် ဟုတ်ချင်မှ ဟုတ်ဦးမည် ဖြစ်သည်။

နင်ချီ မတ်တတ်ရပ်လိုက်ပြီး "အချိန် အရှိန်မြှင့်ခြင်း"အား ရပ်တန့်လိုက်တော့သည်။

‘ဘာပဲဖြစ်ဖြစ် ဒီလို အချိန်မြန်အောင် လုပ်ရတာက စွမ်းအင် ကုန်ကျမှုတော့ ရှိသည်လေ။’

ခုနက သူ ကောင်းကောင်းကြီး အာရုံခံလိုက်မိ၏။

လက်ရှိ အစစ်အမှန်သိုင်း ခန်းမဆောင်မှာ ကျန်ရှိနေသော စွမ်းအင် ပမာဏနှင့် ယခုလို အချိန်မြန်အောင် လုပ်ခြင်းကို နှစ်ပေါင်း ရာဂဏန်းလောက်သာ သုံး၍ ရတော့မည်။ လူများလေ၊ စွမ်းအင်ကုန်တာ ပိုများလေပင်။

"နင်ရွှမ်... ငါ့ကို ခန်းမဆောင် အတွင်းထဲက ကမ္ဘာငယ်လေးဆီ ခေါ်သွားပေးပါဦး"

နင်ချီက တောင်းဆိုလိုက်သည်။

သူ့စကားဆုံးသည်နှင့် တပြိုင်နက်...၊

နှစ်ယောက်သား အသက်ဝင် လှုပ်ရှားနေသော ဒေသ တစ်ခုဆီသို့ ရောက်ရှိသွားကြသည်။

ဒီကမ္ဘာတစ်ခုလုံးက "ဝိညာဉ်စွမ်းအား နိုးထခြင်း" မဖြစ်ခင်တုန်းက သိုင်းကမ္ဘာနှင့် သိပ်မကွာခြားလှပေ။ ကွာခြားတာ တစ်ခုကတော့... လူသားတွေ၏ အရိပ်အယောင် လုံးဝ မရှိခြင်းပင်။ သားရဲတိရစ္ဆာန် တချို့တော့ ရှိကြသည်။ သို့ရာတွင်၊ ဉာဏ်ရည်ဖွံ့ဖြိုးသော အကောင်တွေကတော့ ရှားပါးလှသည်။ ဟိုအရင်တုန်းက ကျန်ရစ်ခဲ့သည့် ဝိညာဉ်သားရဲ ဥတွေဆီမှ ပေါက်ဖွားလာသည့် ဝိညာဉ်သားရဲ အနည်းငယ်လောက်သာ ရှိလေ၏။

"ဒီကမ္ဘာက အစစ်အမှန်သိုင်း ဘိုးဘေးကြီး ဖမ်းယူထားခဲ့တဲ့ သေဆုံးခါနီး ကမ္ဘာငယ်လေး တစ်ခုကနေ ဖြစ်တည်လာတာပါ။ အထွတ်အထိပ် အချိန်တုန်းက ဆိုရင် ဒီထဲမှာ သက်ရှိ သတ္တဝါပေါင်း ကုဋေနဲ့ချီ ရှိခဲ့ဖူးတယ်။ အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်းက ပါရမီရှင် အများစုကလည်း ဒီကမ္ဘာလေးထဲကနေ ထွက်ပေါ်လာခဲ့တာပါ"

"ဝမ်းနည်းစရာ ကောင်းတာကတော့... ဟိုတုန်းက စစ်ပွဲကြီး ဖြစ်တော့ အစစ်အမှန်သိုင်း ခန်းမဆောင်ကြီး ပျက်စီးသွားသလို၊ အတွင်းထဲက ကမ္ဘာလေးလည်း ပျက်စီးခဲ့ရတယ်။ သက်ရှိသတ္တဝါတွေ အကုန်လုံး သေဆုံးကုန်ကြတယ်။ အခု မြင်နေရတာတွေက ပြန်လည် ဖြစ်တည်လာတဲ့ ကမ္ဘာအသစ်လေးပါ။ အရင်တုန်းကနဲ့ ယှဉ်ရင်တော့ အများကြီး နိမ့်ကျနေပါသေးတယ်"

နင်ရွှမ်က ရှင်းပြလေ၏။ သူက ယခုမှ မွေးဖွားလာတာ ဆိုသော်ငြား၊ အစစ်အမှန်သိုင်း ခန်းမဆောင်၏ အကြောင်းအရာ အားလုံးက သူ့ဗီဇစိတ်ထဲမှာ စွဲမြဲနေပြီးသားလေ။ အရင် လက်နက်ဝိညာဉ်ဟောင်း၏ ဗဟုသုတတွေလည်း သူ ရရှိထားသည် မဟုတ်လား။

နင်ချီ နှမြောတသ ဖြစ်သွားရ၏။

ရုတ်တရက်...

သူ မေးခွန်းတစ်ခု တွေးမိလိုက်သည်။

"နင်ရွှမ်၊ ဒီကမ္ဘာထဲက ဝိညာဉ်စွမ်းအင်တွေမှာ 'အသက်အဆိပ်' မပါဘူးလား"

နင်ရွှမ်က ခေါင်းခါလိုက်ပြီး ဖြေ၏။

"အရင်တုန်းက ကိုယ့်ဖာသာ သီးခြားရပ်တည်နိုင်တဲ့ အချိန်တုန်းကတော့ မပါဘူးပေါ့၊ သခင်။ ဒါပေမဲ့ အရင်းအမြစ်တွေ ကုန်ခမ်းသွားပြီးတဲ့နောက် အခုလက်ရှိ ဝိညာဉ်စွမ်းအင်တွေကို အပြင်က သိုင်းကမ္ဘာဆီကနေ စုပ်ယူနေရတာပါ။ ဒါကြောင့် သဘာဝကျကျပဲ အသက်အဆိပ် ပါလာတာပေါ့။ တကယ်လို့ ခန်းမဆောင်ကြီးသာ အကောင်းပကတိ ဆိုရင်တော့ ဒီလို အဆိပ်မျိုးကို အလွယ်တကူ ဖယ်ရှားပစ်နိုင်ပါတယ်။ အခုတော့... ယာယီအားဖြင့် မတတ်နိုင်သေးပါဘူး"

နင်ချီ အနည်းငယ် စိတ်ပျက်သွားရသည်။

သို့သော် သိပ်ကြီးကျယ်သော ပြဿနာတော့ မဟုတ်ပေ။ ယခု အဓိက သော့ချက်မှာ အသက်အဆိပ် မဟုတ်သေးချေ။ အကယ်၍ သိုင်းကမ္ဘာ တစ်ခုလုံးမှ အသက်အဆိပ်များကို ဖယ်ရှားပေးနိုင်လျှင်မူ တစ်မျိုး ဖြစ်ပေမည်။ ထိုအရာသည်ကား မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

နင်ချီသည် ကမ္ဘာငယ်လေး အတွင်းရှိ အရာအားလုံးကို ကြည်နူးစိတ်ဖြင့် အာရုံခံ ကြည့်ရှုလိုက်၏။ ဤမျှ ကျယ်ဝန်းသော ကမ္ဘာလေး ရှိနေခြင်းသည် နောင်တွင် များစွာ အသုံးဝင်လာမည်မှာ သေချာပေသည်။

လူသားမျိုးနွယ်စု တစ်စုခန့်အား ဤအထဲသို့ ရွှေ့ပြောင်းပေးထားမည်လော၊ သို့တည်းမဟုတ် ဝိညာဉ်ဆေးပင် စိုက်ခင်းကြီး ပြုလုပ်လိုက်မည်လော... နှစ်မျိုးလုံး ဖြစ်နိုင်ပါ၏။

သူသည် ဤကမ္ဘာထဲမှ ဝိညာဉ်သားရဲများကို ချက်ချင်း ဆင့်ခေါ်ခြင်း မပြုသေးဘဲ နင်ရွှမ်အား ပြောကြားလိုက်၏။

"နင်ရွှမ်..သွားကြစို့... ငါ့ကို အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်းရဲ့ အမွေအနှစ် နေရာကို ခေါ်သွားပေးပါ"

နင်ချီ ၏ မျက်လုံးထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ ယှက်သန်းနေ၏။

ဒီတစ်ခေါက် အကြီးမားဆုံး အကျိုးအမြတ် နှစ်ခု ရလိုက်သည်။

ပထမ တစ်ခုက အစစ်အမှန်သိုင်း ခန်းမဆောင်ကြီး။

ဒုတိယ တစ်ခုကတော့ အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်း၏ ကြီးမားကျယ်ပြန့်လှသော အမွေအနှစ် အုတ်မြစ်ကြီး ဖြစ်ပါ၏။

"နောက်ပိုင်း ဖြစ်တည် နယ်ပယ်" မှ "တစ်သားတည်းဖြစ်ခြင်း နယ်ပယ်" အထိ ကျင့်စဉ်တွေ၊ မရေမတွက်နိုင်သည့် နတ်ဘုရား နည်းစနစ်တွေ၊ ဆန်းကြယ်သော မှတ်တမ်းမှတ်ရာတွေ။ ပိုပြောတာ မဟုတ်ပါချေ..။ ဤအရာတွေက ခန်းမဆောင်ကြီးထက်တောင် နင်ချီ့ကို ပို၍ ဆွဲဆောင်နေပါ၏။

သူ၏ "ကောင်းကင်ဘုံကို အာခံနိုင်သော ဉာဏ်အလင်း”နှင့် ပေါင်းစပ်လိုက်လျှင်... တစ်နေ့ကျလျှင် ဒီအမွေအနှစ်တွေကို သူ အကုန် ကြေညက်အောင် ဝါးမြိုနိုင်ခဲ့လျှင်... နင်ချီ၏ အခြေခံအုတ်မြစ်က မည်မျှပင်. နက်ရှိုင်းသွားမလဲ ဆိုတာ မှန်းဆ၍တောင် ရမှာ မဟုတ်တော့ပါချေ။

ထို့အပြင်...၊

အထဲမှာ လက်နက်ဝိညာဉ် အဘိုးအို ပြောပြခဲ့သော "ကမ္ဘာလောက ဟူသည် ငါသာလျှင်တည်း" ဟူသော အထွတ်အထိပ် ဓမ္မ နည်းလမ်း လည်း ရှိနေသေး၏။ ၎င်းက ယခုချိန်မှာ နင်ချီ အလိုချင်ဆုံး၊ နားလည်ချင်ဆုံး အရာပင်။ လက်ရှိ အကြပ်အတည်းကို ဖြေရှင်းဖို့အတွက် အများကြီး အထောက်အကူ ဖြစ်လာနိုင်သည် မဟုတ်ပါလော။

"ဟုတ်ကဲ့ပါ"

နင်ရွှမ်က ပြုံးပြုံးလေး ဖြေလိုက်သည်။

နှစ်ယောက်သား ခြေတစ်လှမ်း လှမ်းလိုက်ကြ၏။

ကြယ်တာရာ ရွှေ့ပြောင်းခြင်း...။

နင်ချီ အံ့သြသွားရသည်။

သူက ကြယ်တာရာ ကောင်းကင်ကြီး တစ်ခုထဲကို ရောက်နေပြန်တော့၏။

ဒါက ပထမအဆင့် စမ်းသပ်မှုတုန်းက မြင်ကွင်းနှင့် တူမနေဘူးလား။

ကြယ်တွေက ကောင်းကင်ယံမှာ လင်းလက်နေကြ၏။ ပထမအဆင့်တုန်းကထက် အများကြီး ပိုများနေပြီး နှိုင်းယှဉ်၍တောင် မရနိုင်လောက်အောင် ကွာခြားလွန်းလှသည်။

ကြယ် တစ်လုံးစီတိုင်းမှာ မှော်ပညာ၊ နတ်ဘုရား နည်းစနစ်၊ လျှို့ဝှက်နည်းစနစ် သို့မဟုတ် အခြားသော လျှို့ဝှက် မှတ်တမ်းမှတ်ရာ တစ်ခုစီ ပါဝင်နေကြ၏။

နင်ချီ ပါးစပ်အဟောင်းသား ဖြစ်သွားရရှာသည်။

"ဒါက... ဝိညာဉ်နယ်မြေရဲ့ အရှင်သခင် ဂိုဏ်းကြီး တစ်ခုရဲ့ အုတ်မြစ် ဆိုတာလား"

သူ့စိတ်အာရုံ ရွှေ့ပြောင်းလိုက်သည်နှင့်၊ တပြိုင်နက်... ကြယ်တာရာ ကောင်းကင်၏ အနက်ရှိုင်းဆုံး နေရာသို့ ရောက်ရှိသွားတော့သည်။ ထိုနေရာမှာ ထူးခြားနက်ရှိုင်းပြီး တည်ငြိမ်နေသော ကြယ်တစ်လုံးက ဖြည်းညှင်းစွာ လည်ပတ်နေလေ၏။ တခြား မည်သည့်ကြယ်မှ ဤကြယ်ကို မယှဉ်နိုင်မှန်း နင်ချီ ခံစားလိုက်ရသည်။

နင်ချီ တင်ပျဉ်ခွေ ထိုင်လိုက်၏။ သူ၏ ဝိညာဉ်အာရုံကို ရဲရဲတင်းတင်းပင် ထိုကြယ်ထဲသို့ စီးဝင်စေလိုက်၏။

"ဝုန်း"

မမြင်ရသော ပေါက်ကွဲသံကြီး တစ်ခုကို ကြားလိုက်ရသလို ခံစားလိုက်ရပြီး... သတင်းအချက်အလက် ပမာဏ အများကြီးက နင်ချီ့ ဦးနှောက်ထဲကို ဒလဟော စီးဝင်လာတော့၏။

"ကမ္ဘာလောက ဟူသည် ငါ... ငါ ဟူသည် ကမ္ဘာလောက... ကမ္ဘာလောကနဲ့ ပေါင်းစည်းခြင်း... ကန့်သတ်ချက်တို့ကို ကျော်လွန်ခြင်း... ဤသည်ကား အထွတ်အထိပ် မဟာလမ်းစဉ် ပေလော"

ခေါင်းလောင်းကြီးတွေ၊ စည်ကြီးတွေ တီးခတ်လိုက်သလို အသံတွေ ဟိန်းထွက်လာသည်။

ရှေးဟောင်း စာမျက်နှာတွေက သူ့စိတ်ထဲမှာ စီးဆင်းသွားကြသည်။

ဒါက နင်ချီ မြင်ဖူးသမျှထဲမှာ အရှုပ်ထွေးဆုံး ဓမ္မ နည်းလမ်းပင်။

ကဏ္ဍပေါင်းစုံ ပါဝင်နေ၏။ ဝိညာဉ်စွမ်းအင် မူလအစ၊ ကမ္ဘာ့စည်းမျဉ်း၊ မူလဝိညာဉ်၊ နတ်ဘုရား နည်းစနစ်...အို.. အစုံပါပင်။

နင်ချီ၏ လက်ရှိ အဆင့်အတန်းနှင့် ဆိုလျှင် တချို့အရာတွေကို နားမလည်နိုင်သေးပါ။

အကြောင်းကတော့၊ သူက ထိုအဆင့်ကို

မရောက်သေး၍လေ။ သို့သော်၊ ဒါတွေက ဘာအတွက် သုံးလဲ ဆိုတာကိုတော့ နင်ချီ နားလည်ပါသည်။

နင်ချီ သေသေချာချာ ဉာဏ်အလင်း ပွင့်စေလိုက်သည်။

အချိန်အတော်ကြာပြီးမှ သူ မျက်လုံးတွေကို ဖြည်းညှင်းစွာ ဖွင့်လိုက်လေ၏။

"အစစ်အမှန်သိုင်း ဘိုးဘေးကြီး... ခင်ဗျားက တကယ့် ပါရမီရှင်ကြီးပါပဲဗျာ"

သူ အံ့သြမဆုံး ဖြစ်နေရသည်။

သူ၏ ဉာဏ်အလင်း အဆင့်နှင့် တခြားသူ တစ်ယောက်ကို ဒီလောက်ထိ ချီးကျူးတာ ဒါ ..ပထမဆုံးအကြိမ်ပါ။ အစစ်အမှန်သိုင်း ဘိုးဘေးကြီးက ပထမဆုံးသော ခြွင်းချက် ဖြစ်သွား ချေ၏။

‘ဒီလို အထွတ်အထိပ် ဓမ္မ နည်းလမ်းမျိုးကို တီထွင်နိုင်တယ် ဆိုတော့... တကယ်လို့ သူသာ ဒါကို ဆက်ပြီး ပြည့်စုံအောင် လုပ်နိုင်ခဲ့ရင်... ဝိညာဉ်နယ်မြေရဲ့ အင်မော်တယ် ခေတ်ကြီးမှာ လမ်းကြောင်းသစ် တစ်ခု တကယ် ဖောက်လုပ်နိုင်ခဲ့မှာ သေချာတယ်’

နင်ချီ ဒီတရားဓမ္မ၏ အနှစ်သာရကို နားလည်သဘောပေါက်သွားပါ၏။

ထိုအရာမှာမူ... ကမ္ဘာလောကနှင့် ပေါင်းစည်းခြင်း၊ ကမ္ဘာ့ဆန္ဒနှင့် တစ်သားတည်း ဖြစ်ခြင်း၊ ထိုသို့ဖြင့် ကမ္ဘာတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်လိုက်ခြင်းပင် ဖြစ်သည်။ ထိုနောက်ပိုင်းတွင်မူ ကမ္ဘာတစ်ခုလုံးသည် မိမိ၏ အခြေခံအုတ်မြစ် ဖြစ်လာတော့မည်။

မိမိကိုယ်ကိုယ် ကျင့်ကြံခြင်းသည် ကမ္ဘာကြီးကို ကျင့်ကြံပေးနေသကဲ့သို့ ဖြစ်သွားပေမည်။ ထိုသို့ဖြင့် ကမ္ဘာ၏ ကန့်သတ်ချက်ကို တဖြည်းဖြည်း မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။

ပြောင်းပြန်အားဖြင့်... ကမ္ဘာကြီး မြင့်တက်လာလျှင် မိမိ၏ ကျင့်ကြံခြင်းလည်း လိုက်ပါ မြင့်တက်လာလိမ့်မည်။

All Chapters