အပိုင်း (၃၁၆-၃၁၈)
Vol. 22 Ch. 316-318
အပိုင်း ( 316 )
ရှေးခေတ်ကတည်းက မသေတဲ့လူဆိုတာ မရှိဘူး ၄
“ အဲ့တာက လနတ်ဘုရားလား? ဘယ်လောက်တောင် ယုတ်ညံ့နေတာလဲ !!! “
( ဒီနေရာက စပြီးတော့ နတ်ဘုရားလို့ပဲ သုံးသွားပါတယ် )
ရှုကျိုးသည် ဆက်မကြည့်မိစေရန်အတွက် သူ့ကိုယ်သူ ဖိအားပေးလိုက်သည်၊ သို့သော် သူ၏စိတ်နှလုံးသားကမူ အတော်လေး လေးလံသွားခဲ့သည်။
လနတ်ဘုရားဂိုဏ်းထံတွင် အရန်အစီအစဥ်များ ရှိနေစဲပင်ဖြစ်သည်။
ယခုတွင်ကား လနတ်ဘုရားဆင်းသက်လာမှုနှင့်အတူ ရှားလီယွဲ့နှင့် တစ်ခြားလူများသည် အတင်းအကြပ် ဆွဲခေါ်ခံသွားရပြီး၊ ဖီးနစ်ချိုင့်ဝှမ်းအတွင်း၌ ထပ်မံ၍ ချုပ်နှောင်ခံလိုက်ရပြန်သည်။
ဝုချင်းရှန်နှင့် ရှန့်ဝမ်ချန်းတို့ကပင် အထဲတွင် ပိတ်မိနေကြသည်။
ရှေ့ဆက်၍ မည်သည့်အရာများ ဖြစ်ပေါ်လာမည်နည်း?
“ ဖြစ်နိုင်သမျှ အမြန်ဆုံး ထွက်သွားတာပေါ့ကွာ “
ရှုကျိုးသည် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနေတော့သည်၊ သူ၏ ယခုလက်ရှိ အခြေအနေဖြင့် သူသည် ကိုယ့်ကိုကိုယ် ကာကွယ်ရုံသာ တတ်နိုင်သေးသည်။
…
လင်းဂျန်မြို့လယ်ခေါင်၌
ဝေါ ~~~~~
အချက်ပေးသံတစ်ခုသည် တစ်မြို့လုံးအနှံ့ ပဲ့တင်ထပ် ပေါ်ထွက်လာခဲ့သည်။
လူများက ခေါင်းမော့ကြည့်လာခဲ့ရာ မိုင်တစ်ရာအကွာရှိ ကောင်းကင်ယံကို ဖုံးလွှမ်းထားသည့် နတ်ပုံရိပ်ကြီးတစ်ခုကို မြင်တွေ့သွားကာ စွဲမက်သွားသော အမူအရာများကို ပြသလာကြသည်။
“ ဒေါင် !!! “
ခေါင်းလောင်းသံတစ်ခု အော်မြည်လာသည့် အချိန်မှသာလျှင် ထိုလူအားလုံး သတိပြန်လည်လာကြကာ သူတို့၏ မျက်နှာများပေါ်တွင် ကြောက်ရွံ့မှုများ ဖြစ်တည်လာခဲ့သည်။
“ ကျုပ်က လင်းဂျန်မြို့သခင်၊ ကျောင်းချန်ပါ။ မိဘပြည်သူများခင်ဗျ၊ အထိတ်တလန့် မဖြစ်ကြပါနဲ့၊ အိမ်ကို မြန်မြန်ပြန်ကြပါ၊ စိတ်အေးအေးထားပြီးတော့ နားတွေကို အုပ်ထားကြပါ “
ပုံရိပ်တစ်ခုသည် ကောင်းကင်ပေါ်သို့ တက်လာခဲ့ပြီး၊ ပဥ္စမအဆင့် အထွတ်အထိပ် အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့သည်။
သူ၏အမိန့်ပေးမှုအောက်တွင် လင်းဂျန်မြို့သည် လျင်မြန်စွာ ပြန်လည်တည်ငြိမ်သွားခဲ့သည်။
ကျောင်းချန်သည် အဝေးတစ်နေရာသို့ လေးလေးနက်နက် စိုက်ကြည့်ကာ၊ အမူအရာ မည်းမှောင်သွားခဲ့သည် “ လနတ်ဘုရား ဆင်းသက်လာတာလား? လနတ်ဘုရားဂိုဏ်းက ဒီလောက်တောင် သတ္တိရှိနေတယ်ပေါ့ !!! “
သူသည် စကားပြောစက်ကို လျင်မြန်စွာ ထုတ်ယူလိုက်ပြီး၊ အပြင်ဘက် ကမ္ဘာသို့ ဆက်သွယ်လိုက်သည်။
သို့သော် မကြာခင်မှာပင် သူ၏အမူအရာ ပြောင်းလဲသွားရတော့သည် “ လင်းဂျန်မြို့နားမှာ နဝမအဆင့် စောင့်ရှောက်သူ တစ်ယောက်မှ မရှိဘူးလား? “
“ အနီးဆုံး ပညာရှင်က မိုင်တစ်သောင်းအကွာက စုမြို့တော်မှာ ရှိနေတာလား? “
ကျောင်းချန်သည် စကားပြောစက်ကို ချထားလိုက်ပြီး၊ စိတ်နှလုံးသား လေးလံသွားတော့သည်။
မိုင်တစ်သောင်း အကွာအဝေး၊ နဝမအဆင့် ပညာရှင်တစ်ဦးဆိုလျှင်တောင်မှ ဤနေရာသို့ ရောက်လာရန် အနည်းဆုံး ၁၀မိနစ်မျှ အချိန်ယူရမည်ဖြစ်သည်။
နဝမအဆင့် ပညာရှင် မရှိဘူးဆိုပါက လနတ်ဘုရားသည် ထင်တိုင်းကြဲ သတ်ဖြတ်နိုင်တော့မည် ဖြစ်သည်။
ဤ၁၀မိနစ်အတွင်းတွင် မည်သူကမှ သူ့ကို တားနိုင်လိမ့်မည် မဟုတ်ပေ။
“ ဒီနေ့မှာ လင်းဂျန်မြို့က ဖျက်စီးခံလိုက်ရတော့မှာလား? “
ကျောင်းချန်၏ အမူအရာသည် အလွန်တရာ ဆိုးရွားနေခဲ့သည်။
သူသည် ၎င်းကို တားချင်နေခဲ့သည်၊ သို့သော် သူသည် ပဥ္စမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးသာ ဖြစ်သောကြောင့်၊ သူသွားမည်ဆိုပါက အချည်းနှီးဖြစ်သွားရမည်သာ ဖြစ်သည်။
တစ်ခဏကြာသည်အထိ သူသည် မြို့သူမြို့သားများကို စွန့်လွှတ်ကာ အဝေးသို့ ပြေးသွားရန် တွေးနေမိသည်။
သူ မသေချင်သေးပေ၊ သူသည် လုံလုံလောက်လောက် ရှင်သန်မနေထိုင်ရသေးပေ။
သူသည် ပြင်ပခရိုင်မှ ဤမြို့သေးသေးလေး၏ မြို့သခင်အဖြစ် တစ်သက်လုံး မဖြစ်ချင်ဘဲ၊ ပိုမြင့်သည့် နေရာများဆီသို့ တက်လှမ်းချင်သေးသည်။
“ ဝုန်းးးးး !!! “
အဝေးရှိ ခန့်ညားထည်ဝါသော ပုံရိပ်ကြီးသည် တဖြည်းဖြည်း ပုံပေါ် ကျစ်လစ်လာခဲ့သည်။
အပြည့်အဝ ပုံပေါ်လာမည်ဆိုပါက၊ ၎င်းသည် လနတ်ဘုရား၏ ကိုယ်ပွားအမှန်တကယ် ဆင်းသက်လာပြီဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
ကျောင်းချန်၏ ခန္ဓာကိုယ်သည် ဆက်တိုက်တုန်ရင်နေခဲ့သည်၊ သို့သော် ရုတ်တရက်ဆိုသလိုပင် တုန်ခါနေခြင်း ရပ်တန့်သွားခဲ့ကာ သူ၏ မျက်လုံးများထဲတွင် စိတ်ပိုင်းဖြတ်လိုက်သည့် အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်။
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာ၌ သူ၏ လက်ထဲတွင် အလင်းတန်းတစ်ခု ပေါ်လာခဲ့ပြီး၊ ဓားရှည်တစ်လက် ထွက်ပေါ်လာခဲ့သည်။
သူသည် ဓားကို ပွတ်သပ်ကာ လေသံတိုးတိုးလေးဖြင့် တီးတိုးပြောဆိုနေတော့သည် “ ဘဝမှာ တစ်ကြိမ်၊ နှစ်ကြိမ်လောက် ထူးချွန်ထက်မြက်ဖူးရင် လုံလောက်ပါတယ် …….. “
သူ၏ဘဝသက်တမ်းတစ်လျှောက်လုံးတွင် သူသည် ကျောင်းကျိုး လင်းဂျန်မြို့၏ မြို့သခင်ငယ်လေးတစ်ဦးသာ ဖြစ်နေခဲ့ပြီး၊ မြို့သခင်များ စုဝေးပွဲသို့ပင် တစ်ကြိမ်တစ်ခါမှ မဖိတ်ကြားခံခဲ့ရဖူးချေ။
သူ၏ ဘဝသည် ကျောင်းကျိုးကဲ့သို့၊ လင်းဂျန်မြို့ကဲ့သို့ မထင်မရှားသာ တည်ရှိနေခဲ့သည်။
သို့သော် ……….
အဲ့တော့ရော ဘာဖြစ်လဲ??
ဒီလိုမြို့သေးသေးလေးမှာတောင် ပြိုင်ဘက်ကင်းတဲ့ အခိုက်အတန့်တွေ ပိုင်ဆိုင်ခဲ့ရတယ်။
ငါ၊ ကျောင်းချန်က ဒီနေ့မှာ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူထားတော့မှာ။
ငါက ပါရမီရှင်အဖြစ် မွေးဖွားမလာခဲ့ပင်မဲ့၊ ငါ့ဘဝကိုတော့ ဘုန်းကျက်သရေတွေနဲ့ တောက်တောက်ပပ အဆုံးသတ်နိုင်မှာ။
“ ရှေးခေတ်တွေကတည်းက မသေတဲ့လူဆိုတာ မရှိခဲ့ဘူး။ သမိုင်းကြောင်းက ငါ့ရဲ့ သစ္စာရှိတဲ့ နှလုံးသားကို ထာဝရ အမှတ်ရပါစေ !!! ဟားဟားဟား “
ကျောင်းချန်သည် အူလှိုက်သည်းလှိုက် ရယ်မောနေတော့သည်၊ သူ၏အသံသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို လှုပ်ခါသွားစေခဲ့သည်၊ သူ၏ပုံရိပ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ အပေါ်ဘက်သို့ ထောင်တက်လာတော့သည်။
မီးကို ဝင်တိုးသည့် ပိုးဖလံတစ်ကောင်ကဲ့သို့ သူသည် အဝေးရှိ အဆုံးမဲ့ ပုံရိပ်ကြီးထံသို့ ပြေးဝင်သွားတော့သည်။
အကယ်၍ အရာအားလုံးကို ပေးဆပ်ရမည်၊ သူ၏အသက်ကို ပေးဆပ်ရမည်ဆိုလျှင်တောင်မှ၊ သူသည် အဆိုပါပုံရိပ်ကို တားဆီးကာ လင်းဂျန်မြို့အတွက် တစ်ခဏခန့် အချိန်ဆွဲပေးထားမည် ဖြစ်သည်။
သူသည် နဝမအဆင့် ပညာရှင် ရောက်မလာခင် အချိန်အထိ တောင့်ခံထားရန် စိတ်ပိုင်းဖြတ်ထားခဲ့ပြီဖြစ်သည်။
…
…………………………………………………………………………………………………………………………………..
အပိုင်း ( 317 )
ဆယ်နှစ်တာ အကြံအစည်၊ လနတ်ဘုရားကို သတ်ဖြတ်ခြင်း
ဖီးနစ်ချိုင့်ဝှမ်းအတွင်း၌
ရှားလီယွဲ့သည် ချိုင့်ဝှမ်းထဲသို့ အတင်းအကြပ် ဆွဲခေါ်ခံခဲ့ရပြီး၊ ကောင်းကင်ထက်ရှိ ကြီးမားသော ပုံရိပ်ကြီးကို မော့ကြည့်ကာ သူမ၏မျက်နှာ ဖြူဖျော့သွားခဲ့သည်။
“ လနတ်ဘုရားလား? “
၎င်းသည် သူမ သိထားသည့် အစီအစဥ်များထပ် လုံးဝကျော်လွန်နေခဲ့သည်။
ရှားလီယွဲ့သည် ဝုချင်းရှန်နှင့် ရှန့်ဝမ်ချန်းတို့ကို ငေးကြည့်ရာ၊ သူတို့၏ အမူအရာများကလည်း ထပ်တူထပ်မျှ မည်းမှောင်နေသည်ကို မြင်တွေ့လိုက်ရသောအခါတွင် သူမ၏ စိတ်နှလုံးသားသည် ဟိုးအောက်ဆုံးအထိ နစ်မြုပ်သွားခဲ့သည်။
လနတ်ဘုရား ဆင်းသက်ခြင်းတွင် ပေါ်လာသည့် ပုံရိပ်သည် ၎င်း၏ပင်မခန္ဓာကိုယ် မဟုတ်ဘဲ အနိမ့်ဆုံးအနေဖြင့် နဝမအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသည့် ကိုယ်ပွားတစ်ခုသာ ဖြစ်သည်။
အကယ်၍ ကူညီကယ်ဆယ်မည့် နဝမအဆင့် ပညာရှင် မရှိဘူးဆိုပါက၊ သူတို့အားလုံးသည် ဤနေရာတွင် သေဆုံးသွားရလိမ့်မည် ဖြစ်သည်။
သို့သော် နဝမအဆင့် ပညာရှင်သည် …….
လင်းဂျန်မြို့နားတွင် ရှိနိုင်ခြေ မရှိပေ။ တစ်ခြားတစ်နေရာမှ လာမည်ဆိုလျှင်တောင်မှ အချိန်အတိုင်းအတာတစ်ခုအထိ အချိန်ယူထားရမည် ဖြစ်သည်။
အမှန်တိုင်းပြောရမည်ဆိုပါက လင်းဂျန်မြို့တွင် မည်သည့်နဝမအဆင့် ပညာရှင်မှ မရှိဖို့သာများသည်။ ယခုလက်ရှိ အချိန်၌ ရှေ့တန်းစစ်မျက်နှာပြင်တွင် အကြပ်အတည်းများနှင့် ရင်ဆိုင်နေရသောကြောင့် နဝမအဆင့် ပညာရှင်အများစုသည် ကွမ်ဟန်ကို ကာကွယ်ရန် ထွက်သွားရသည်။
ရန်ပြည်ထောင် အတွင်းရှိ နဝမအဆင့် ပညာရှင်အရေအတွက်သည် လက်ချောင်းဆယ်ခုထပ် မပိုပေ။
၎င်းကို တွေးမိသွားသောအခါ၌ ရှားလီယွဲ့၏ မျက်နှာလေးပေါ်တွင် စိတ်ပျက်အားလျော့သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
သူမသာလျှင် မဟုတ်ဘဲ၊ ချိုင့်ဝှမ်းအတွင်းရှိ တစ်ခြားသော ပါရမီရှင်များကလည်း စိတ်အားငယ်သွားကြသည်။ ယခုတစ်ကြိမ်တွင် လနတ်ဘုရားဂိုဏ်းက ကမ္ဘာ့ကြယ် သလင်းကျောက်ကို ယူဆောင်လာလိမ့်မည်ဟု မည်သူမှ မထင်မှတ်ထားပေ။
အဆိုပါ ပစ္စည်းသည် လနတ်ဘုရားဂိုဏ်းအတွင်းမှာပင် မြင်ရခဲသော ပစ္စည်းတစ်ခုဖြစ်ပြီး၊ ဆယ်နှစ်မှ တစ်ကြိမ်ပေါ်လာလေ့ရှိသော အရာဖြစ်သည်။
သို့သော် ၎င်းပေါ်လာသည့် အချိန်တိုင်းတွင် လနတ်ဘုရားဆင်းသက်လာလေ့ရှိပြီး၊ သွေးစွန်းသော ဖြစ်ရပ်များနှင့် ပရမ်းပတာ အခြေအနေများကိုသာ ဖန်တီးလေ့ရှိသည်။
…
ကောင်းကင်ထက်၌
ယွဲ့ဟွာရုန်သည် ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် နတ်တစ်ပါးကဲ့သို့ ပေါ်လာခဲ့သည်၊ သို့သော် ထိုအချိန်၌ သူမ၏မျက်နှာပေါ်တွင် ရိုသေလေးစားမှုများ ပြည့်နှက်နေပြီး၊ ခမ်းနားသော ပုံရိပ်ကြီးကို တလေးတစား ငေးကြည့်နေလျက်ရှိသည်။
အဆိုပါ ပုံရိပ်သည် လူနှင့် မည်သို့မျှ မကွာခြားပေ၊ မျက်ခုံးများ၏ အလယ်ဗဟိုတွင် သွေးနီရောင်လခြမ်းတစ်ခု ပါရှိနေခြင်းသာ ခြားနားနေခဲ့သည်။
သွေးနီရောင်လသည် ကမ္ဘာပေါ်တွင် အဆိုးယုတ်ဆုံး မကောင်းမှုများကဲ့သို့ ဆိုးရွားလွန်းလှသော အမိုက်မှောင်တို့ဖြင့် တလက်လက် တောက်ပနေလျက်ရှိသည်၊ လူတစ်ဦးကသာ ၎င်းကို ကြည့်လိုက်မည်ဆိုပါက၊ ချက်ချင်းပင် အသိစိတ်ပျောက်သွားမည် ဖြစ်သည်။
“ ဆရာသခင်ရဲ့ ဆင်းသက်လာမှုကို ကြိုဆိုပါတယ် “
ယွဲ့ဟွာရုန်မှ လေးလေးစားစား အော်ပြောလိုက်သည်။
သူမနောက်ရှိ ချန်းထျယ်ကျူမှာလည်း လိုအင်တပ်မက်မှုများ ပြည့်နှက်နေသော အမူအရာမျိုးဖြင့် မြေပြင်ပေါ်တွင် ဝပ်တွားနေခဲ့သည်။
လနတ်ဘုရားပုံရိပ်သည် အနည်းငယ် လှုပ်ခတ်နေစဲဖြစ်နေပြီး၊ အပြည့်အဝ မဆင်းသက်လာသေးပေ၊ ၎င်းက ဤပတ်ဝန်းကျင်ကို မယုံကြည်ဘူးဆိုသည်မှာ သိသာလွန်းနေခဲ့သည်။
လနတ်ဘုရား၏ ပါးစပ်ပေါက်မှ ယောကျ်ားလား၊ မိန်းမလားဆိုသည်ကို ခွဲခြား၍ မရသော အသံတစ်သံ ပေါ်ထွက်လာခဲ့သည် “ နတ်ပူဇော်ပွဲလား? နင်က ငါ့ကို ယဇ်ကောင်တွေပဲ ပူဇော်ထားတာလေ၊ ဘာလို့ ဆင့်ခေါ်လိုက်ရတာလဲ? “
ယွဲ့ဟွာရုန်မှ တလေးတစား ပြန်ဖြေလိုက်သည် “ အရှင်သခင်၊ ကျွန်တော်မျိုးမက အရှင့်အတွက် ကြွယ်ဝတဲ့ သွေးတွေကို ပြင်ဆင်ပေးထားပါတယ်၊ သူတို့ကို လက်ခံပေးပါ “
“ သွေးယဇ်ပူဇော်မှုလား? “
“ သူတို့အားလုံးက လူသားမျိုးနွယ်စုရဲ့ အဆင့်မြင့် ပညာရှင်တွေပါ၊ ဆဌမအဆင့်၊ သတ္တမအဆင့်နဲ့ အဌမအဆင့်သိုင်းပညာရှင်တွေကလည်း ဒီတစ်ခါပူဇော်ပွဲရဲ့ အစိတ်အပိုင်းတွေပါပဲ၊ သူတို့က ဟိုဘက်မှာ ရှိပါတယ် “
ယွဲ့ဟွာရုန်သည် စိတ်အားထက်သန်မှုများ ပြည့်နှက်နေသော အမူအရာမျိုးဖြင့် ဆက်ပြောလာခဲ့သည် “ ပြီးတော့ မိုင်တစ်ရာအကွာက အဲ့ဒီမြို့ငယ်လေးဆီမှာ လူသန်းနဲ့ချီပြီးတော့ ရှိပါတယ်၊ အကုန်လုံးက အရှင့်အတွက် ပြင်ဆင်ပေးထားတဲ့ ယဇ်ကောင်တွေချည်းပါပဲ “
သူမ၏ စကားလုံးများကို ကြားလိုက်ရသောအခါတွင် ချိုင့်ဝှမ်းထဲရှိ လူများ၏ အမူအရာများ အလွန်တရာ မည်းမှောင်သွားတော့သည်။
မြို့တစ်မြို့လုံးကို ယဇ်ပူဇော်ရာ နေရာတစ်ခုအဖြစ် ဖော်ပြခြင်းသည် ရူးသွပ်မှုတစ်ခုသာ ဖြစ်သည်။
ကောင်းကင်ထက်ရှိ လနတ်ဘုရားသည် အသာအယာ ခေါင်းငြိမ့်ပြလာခဲ့သည်၊ ၎င်းသည် စိတ်ကျေနပ်သွားပုံရသည် “ ဒါက ဘယ်နေရာလဲ? “
“ အရှင့်ကို တင်ပြပါတယ်၊ ဒါက ကျောင်းကျိုးပြည်နယ်က မြို့ငယ်လေးတစ်ခုပါ “
ယွဲ့ဟွာရုန်မှ ဆက်ပြောလာခဲ့သည် “ အခုက ကွမ်ဟန်မှာ စစ်ပွဲတွေ ဖြစ်နေတော့ လူသားတွေရဲ့ နဝမအဆင့် ပညာရှင် အများစုက ရှေ့တန်းကို ရောက်နေကြပါတယ်။ မိုင်တစ်သောင်းအတွင်းမှာ ဘယ်နဝမအဆင့် ပညာရှင်မှ မရှိဘူးဆိုတာကို ကျွန်တော်မျိုးမ အတည်ပြုခဲ့ပြီးပါပြီ “
လနတ်ဘုရား၏ မျက်ခုံးများကြားရှိ သွေးနီရောင်လမှာ လင်းလက်တောက်ပလာခဲ့သည်၊ ကြောက်မက်ဖွယ်ကောင်းသည့် စိတ်ဝိညာဥ်လှိုင်းလုံးတစ်ခု လွှမ်းခြုံလာခဲ့သည်။
သူသည် ပတ်ဝန်းကျင်ကို စစ်ဆေးနေခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသည့် စိတ်ဝိညာဥ်လှိုင်းလုံးအောက်တွင် ဝုချင်းရှန်သည် မအောင့်ထားနိုင်တော့ဘဲ ညီးတွားမိသွားခဲ့သည်၊ ရှားလီယွဲ့၏ မျက်နှာမှာလည်း ချက်ချင်း ဖြူဖပ်သွားခဲ့သည်၊ တစ်ခြားသော ကျောင်းသူကျောင်းသား တော်တော်များများမှာလည်း နေရာမှာပင် မေ့မြောသွားကြသည်။
၎င်းမှာ အဆင့်မြင့် တည်ရှိုမှုတစ်ခု၏ စိတ်ပိုင်းဆိုင်ရာ ဖိအားဖြစ်သည်။
ဖိအားအနည်းငယ်ဖြင့်ပင် အမြင့်ပိုင်းအဆင့်သို့ မရောက်သေးသည့် ပညာရှင်တော်တော်များများကို ပြိုလဲသွားစေခဲ့သည်။
ဝုချင်းရှန်၏ ကာကွယ်ပေးမှုသာ မရှိဘူးဆိုပါက ကျောင်းသူကျောင်းသား အကုန်လုံးသည် ချက်ချင်းသေဆုံးသွားခဲ့မည် ဖြစ်သည်။
လနတ်ဘုရား၏ စိတ်စွမ်းအား လှိုင်းသည် မိုင်တစ်သောင်းအထိ ပျံ့နှံ့ရောက်ရှိသွားသည်။
“ ကောင်းတယ် !! “
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် စိတ်ဝိညာဥ်လှိုင်းလုံး ပျောက်ကွယ်သွားခဲ့သည်။
သူသည် အသာအယာ ပြုံးလိုက်ပြီး၊ သံသယအားလုံးကို ပယ်ချလိုက်တော့သည်၊ ယွဲ့ဟွာရုန် ပြောထားသည့်အတိုင်းပင်၊ ဤဧရိယာတစ်ဝိုက်တွင် မည်သည့်နဝမအဆင့် ပညာရှင်မှ ရှိမနေခဲ့ပေ။
သူသည် အပြည့်အဝ ဆင်းသက်နိုင်ပြီဖြစ်သည်။
“ ဝုန်းးးးးးးးး !!! “
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် လနတ်ဘုရား၏ ခန္ဓာကိုယ်သည် အမိုက်မှောင်တို့ဖြင့် ပေါက်ကွဲထွက်လာခဲ့ပြီး၊ သူ၏အရှိန်အဝါမှာလည်း မြင့်တက်သွားခဲ့ကာ၊ လပြိုကွဲခြင်း၊ ကြယ်တံခွန်များ ပြုတ်ကျခြင်းကဲ့သို့ ကမ္ဘာပျက်ကပ်ပုံရိပ်များကို ဖော်ထုတ်ပြသလာခဲ့သည်။
ကောင်းကင်ယံရှိ အရိပ်ကြီးသည် တဖြည်းဖြည်း ပုံပေါ်လာခဲ့ပြီး၊ လနတ်ဘုရားသည် ဤနယ်မြေထဲသို့ အပြည့်အဝ ဆင်းသက်လာတော့မည် ဖြစ်သည်။
အောက်ဘက်ရှိ ရှန့်ဝမ်ချန်း၊ ဝုချင်းရှန်နှင့် တစ်ခြားလူများ၏ အမူအရာများ အလွန်တရာ မည်းမှောင်သွားတော့သည်။
ဝုချင်းရှန်၏ မျက်နှာမှာပင် စိတ်ပျက်အားလျော့နေသည့် အရိပ်အငွေ့များ တည်ရှိနေခဲ့သည်၊ သူသည် လေသံတိုးတိုးလေးဖြင့် ရေရွတ်ပြောဆိုနေတော့သည် “ လနတ်ဘုရားက တကယ်ကြီး ဆင်းသက်လာတော့မယ်၊ ကောင်းကင်ဘုံက ငါတို့ရဲ့ပျက်စီးခြင်းကို မြင်ချင်နေတာလား? “
သူ၏ခန္ဓာကိုယ်ပင် လှုပ်ခါသွားခဲ့သည်။
သူ့စကားကို ကြားလိုက်ရသောအခါတွင် အောက်ဘက်ရှိ ပါရမီရှင်များ၏ မျက်နှာများ ဖြူဖျော့သွားတော့သည်။
အဌမအဆင့် ပညာရှင်ကတောင် စိတ်ဓာတ်ကျသွားပြီလား?
ဒီတစ်ခါတော့ ငါတို့က တကယ်ကြီး သေရပြီထင်တယ် !!!
တစ်ချိန်တည်းမှာပင် လနတ်ဘုရားသည် ဝုချင်းရှန်၏ စကားလုံးများကို ကြားသွားကာ အသာအယာ ပြုံးနေတော့သည်၊ အရိပ်ပုံပေါ်လာသည့် အမြန်နှုန်းမှာလည်း ပို၍ မြန်ဆန်လာခဲ့သည်။
“ ဝုန်းးးး !!!! “
ရုတ်တရက်ဆိုသလိုပင် လနတ်ဘုရား ပတ်ပတ်လည်ရှိ ပုံရိပ်များ စုစည်းသွားခဲ့ပြီး၊ မှုန်ပြပြ အလင်းတန်းတစ်ခုသည် ကောင်းကင်ယံသို့ ထောင်တက်သွားခဲ့သည်၊ သူ၏အနောက်ဘက်တွင် မီတာ ၁၀၀၀အချင်းရှိသည့် သွေးနီရောင် လကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
သူ၏ပုံရိပ်သည် အပြည့်အဝ ထင်ရှားပုံပေါ်လာခဲ့ပြီဖြစ်ကာ မကောင်းဆိုးဝါးဆန်လွန်းသည့် အငွေ့အသက်များကို ထုတ်လွှတ်ထားပြီး၊ ဤကမ္ဘာကြီး၏ နိယာမများကို ဖိနှိပ်ထားပုံရကာ တာအိုကို ကျိုးပျက်သွားစေနိုင်သည့် ခံစားချက်မျိုး ပေးစွမ်းနေခဲ့သည်။
ဝရုန်းးးး !!!
ရွှေရောင်ချိန်းကြိုးကြီးတစ်ခုပေါ်လာခဲ့ကာ ပုံရိပ်ကြီးကို ထိုးဖောက်သွားခဲ့သည်။
၎င်းသည် ဤကမ္ဘာကြီး၏ နိယာမ စည်းမျဥ်းဖြစ်ပြီး ပြင်ပကမ္ဘာမှ အရာဝတ္ထု၏ ဝင်ရောက်စွက်ဖက်မှုကို အာရုံခံမိသွားပုံရကာ၊ ၎င်းကို ဖိနှိပ်ရန် ကြိုးပမ်းလာတော့သည်။
လနတ်ဘုရားသည် အသာအယာ ပြုံး၍ အဆိုပါ ချိန်းကြိုးအား သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်ခွင့်ပြုလိုက်သည်။
၎င်းမှာ သူ၏ကိုယ်ပွားဖြစ်ပြီး၊ နိယာမ ဥပဒေသများသည် သူ၏မူလကိုယ်ထည်ကိုသာ ထိန်းချုပ်ကန့်သတ်နိုင်ပေသည်။
“ အရှင်သခင်ကို ကြိုဆိုပါတယ် “
ယွဲ့ဟွာရုန်သည် မြေပြင်ပေါ်တွင် ဝပ်တွားကာ စိတ်အားထက်သန်စွာ အော်ပြောလာခဲ့သည်။
၎င်းက လနတ်ဘုရား၏ ကိုယ်ပွားတစ်ခုမျှသာဖြစ်သော်လည်း၊ ၎င်းသည် အထွတ်အထိပ်စွမ်းအားများကို ပိုင်ဆိုင်ထားစဲဖြစ်ကာ ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့သည်။
ချက်ချင်းဆိုသလိုပင် ဝုချင်းရှန်သည် ဖိအားကို တောင့်မခံထားနိုင်တော့ဘဲ၊ မြေပြင်ပေါ်သို့ ပြိုလဲသွားတော့သည်။
………………………………………………………………………………………………………………………………………
အပိုင်း ( 318 )
ဆယ်နှစ်တာ အကြံအစည်၊ လနတ်ဘုရားကို သတ်ဖြတ်ခြင်း ၂
ချန်ဝမ်ဂျန်နှင့် ရှန့်ဝမ်ချန်းတို့မှာလည်း ဖိအားအောက်တွင် ကွေးညွတ်သွားကာ ခေါင်းပင် မထောင်နိုင်တော့ချေ။
သူတို့ပင် ထိုကဲ့သို့ ဖြစ်နေပြီဆိုပါက၊ ကျောင်းသားကျောင်းသူအားလုံးမှာလည်း ဖိနှိပ်ခံနေခဲ့ရသည်။
ရှားလီယွဲ့သည် ဒူးတစ်ဖက်ထောက်ကျကာ သူမ၏နှုတ်ခမ်းများကို ကိုက်နေခဲ့သည်၊ သူမ၏စိတ်ထဲတွင်လည်း သောကများဖြင့် ပြည့်နှက်သွားခဲ့သည်။
ဒီနေ့က အရာအားလုံး အဆုံးသတ်ရတော့မဲ့ နေ့လား?
“ မင်းကောင်းကောင်းကြီး လုပ်ခဲ့တယ် “
ကောင်းကင်ထက်ရှိ ပုံရိပ်သည် ယွဲ့ဟွာရုန်ကို ချီးကျူးလာခဲ့သည်။
ထို့နောက်တွင် ၎င်းမှ လက်တစ်ဖက်ကို ဆန့်တန်းလာခဲ့ကာ ဝုချင်းရှန်နှင့် တစ်ခြားလူများကို ဆွဲယူကာ စတေးမှုပြုလုပ်ရန် ကြံရွယ်လိုက်သည်။
“ ဟားဟားဟားဟား ……….. ဆယ်နှစ်လောက် စီစဥ်ခဲ့ရတာကွာ၊ နောက်ဆုံးတော့ ပိုက်ထဲကို ရောက်လာခဲ့ပြီပဲ “
ထိုအချိန်၌ ရယ်သံတစ်သံ ပေါ်ထွက်လာခဲ့ကာ ကောင်းကင်နှင့် မြေပြင်ကို လှုပ်ခါသွားစေခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကောင်းကင်ကို ဖုံးလွှမ်းသွားသည့် ပုဆိန်တစ်လက် ပေါ်လာခဲ့ပြီး၊ ရွှေအလင်းတန်းပေါင်း တစ်သောင်းကို ထုတ်လွှတ်ကာ လနတ်ဘုရား၏လက်ဆီသို့ တိုးဝင်လာခဲ့သည်။
“ ဟစ် !!! “
ချက်ချင်းဆိုသလိုပင် လနတ်ဘုရား၏လက် ပြတ်တောက်သွားခဲ့ပြီး၊ အောက်သို့ ကျဆင်းသွားတော့သည်။
လနတ်ဘုရား၏ မျက်နှာပေါ်တွင် အံ့ဩမှုနှင့် ဒေါသတို့ ပေါ်ထွက်လာခဲ့ကာ လက်တစ်ဖက်တည်းဖြင့် စည်းတံဆိပ်တစ်ခုကို ရေးဆွဲလိုက်ရာ၊ အလင်းတိုင်လုံးတစ်ခုသည် ကောင်းကင်ထက်မှ ကျဆင်းလာခဲ့ကာ ၎င်းသည် ဤနေရာမှ ထွက်သွားရန် ကြံရွယ်လိုက်သည်။
“ ကောင်းကင်ကို ချုပ်နှောင် မြေပြင်ကို ချိတ်ပိတ်၊ စကြာဝဠာက အကျဥ်းချ !! “
အော်သံတစ်သံ ပဲ့တင်ထပ် ပေါ်ထွက်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ရွှေရောင်အလင်းတန်းများသည် ဘက်ပေါင်းစုံမှ ပေါ်ထွက်လာခဲ့ပြီး၊ ရွှေရောင် ပိုက်ကွန်တစ်ခုအဖြစ် ဖွဲ့စည်းသွားကာ လနတ်ဘုရား၏ ကိုယ်ပွားကို အုပ်မိုးသွားခဲ့သည်။
အရပ်ရှည်ရှည် ပုံရိပ် လေးခုသည် ခမ်းနားထည်ဝါသည့် ပြိုင်ဘက်ကင်း အငွေ့အသက်များကို ဖော်ထုတ်ကာ ကမ္ဘာကြီး၏ ထောင့်လေးဘက်တွင် ပေါ်လာခဲ့သည်။
တာအိုလှိုင်းလုံးများသည် ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခုကို သယ်ဆောင်လာခဲ့ကာ ပိုက်ကွန်ကြီးအတွင်းရှိ လနတ်ဘုရားကို တိုက်ရိုက်ဖိနှိပ်နေတော့သည်။
“ နဝမအဆင့် အထွတ်အထိပ် လေးယောက်လား? “
ရွှေပိုက်ကွန်အတွင်းရှိ လနတ်ဘုရားသည် ဤမြင်ကွင်းကို မြင်တွေ့ကာ၊ အထိတ်တလန့်ဖြစ်သွားတော့သည်။
“ အရူး !!! “ ၎င်းသည် ယွဲ့ဟွာရုန်ကို ဒေါသတကြီး အော်ငေါက်လိုက်သည်။
ထိုအချိန်၌ ယွဲ့ဟွာရုန်မှာလည်း အထိတ်တလန့် ဖြစ်နေလျက်ရှိကာ၊ ဤဖြစ်ရပ်ကို လက်မခံနိုင် ဖြစ်နေခဲ့သည်။
“ နဝမအဆင့် အထွတ်အထိပ် ပညာရှင် လေးယောက်လား? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? “
ယွဲ့ဟွာရုန်၏ အမူအရာ ဖြူဖျော့သွားခဲ့သည်၊ သူတို့က ကွမ်ဟန်မှာ ရှိနေရမှာလေ၊ ကျောင်းကျိုးလို ဇနပုဒ်မြို့လေးတစ်မြို့မှာ ဘယ်လိုလုပ် ပေါ်လာရတာလဲ?
သို့ရာတွင် ထိုအချိန်၌ သူမသည် တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားခဲ့သည်။
“ နင်တို့ရဲ့ ပစ်မှတ်က ငါမဟုတ်ဘဲ၊ လနတ်ဘုရား ဖြစ်နေခဲ့တာလား? “
သူမ၏ခန္ဓာကိုယ် တုန်ရင်သွားပြီး၊ သူမ၏မျက်လုံးများထဲတွင် ဒေါသများ ဖုံးလွှမ်းသွားခဲ့သည် “ အတင့်ရဲလိုက်တာ၊ နင်တို့က ဘယ်က သတ္တိတွေ ရနေကြတာလဲ !!! “
သို့သော် ဤတစ်ကြိမ်၌ မည်သူကမှ သူမကို အာရုံစိုက်မနေကြတော့ပေ။
ချိုင့်ဝှမ်းအတွင်းရှိ ဝုချင်းရှန်သည် အူလှုပ်သည်းလှိုက် ရယ်မောကာ လေပေါ်သို့ တက်၍ ကျယ်လောင်စွာ ပြောလာခဲ့သည် “ နတ်ဘုရားအိုကြီးရေ၊ ငါတို့ရဲ့ အစီအစဥ်က အချည်းနှီး မဖြစ်ခဲ့ဘူးကွာ၊ ဒီနေ့ကတော့ မင်းရဲ့သေနေ့ပဲ “
ထောင့်လေးဘက်ရှိ နဝမအဆင့် အထွတ်အထိပ် ပညာရှင်လေးဦးသည် စည်းတံဆိပ်များကို ဆက်တိုက်ဖွဲ့တည်ကာ မန္တာန်များကို ထုတ်လွှတ်နေခဲ့သည်။
ဝုန်းးးးး !!!
ကောင်းကင်ဘုံနှင့် ကမ္ဘာမြေပြင်တို့၏ တာအိုများက ဖိနှိပ်ခြင်းကို ခံလိုက်ရသကဲ့သို့ ရွှေရောင်ပိုက်ကွန်း အတွင်းရှိ လနတ်ဘုရားကိုယ်ပွားသည် အော်ဟစ်ညီးတွားလာခဲ့သည်။
ရွှေရောင်ဝတ်စုံနှင့် အကြီးအကဲတစ်ဦးမှ အေးစက်စွာ ပြောလာခဲ့သည် “ ငါတို့က နှစ်တော်တော်ကြာ ပုန်းအောင်းနေခဲ့ရတာက ဒီနေ့အတွက်ပဲ။ လနတ်ဘုရား၊ မင်း ထွက်သွားရမဲ့ အချိန်ကျပြီ “
လနတ်ဘုရားဂိုဏ်းသည် အရာအားလုံးကို တွက်ချက်နိုင်ခဲ့သည်၊ သို့သော် ဤနေရာတွင် နဝမအဆင့် အထွတ်အထိပ်ပညာရှင်များ ပုန်းအောင်းနေကြောင်း တွက်ချက်ရန် ကျရှုံးသွားခဲ့သည်။
သူတို့သည် လွန်ခဲ့သော နှစ်များကတည်းက ဤနေရာတွင် ပုန်းအောင်းနေကြခြင်းဖြစ်သည်။
တစ်ခြားသော နဝမအဆင့် အထွတ်အထိပ် ပညာရှင်များကမူ ကွမ်ဟန်သို့ အမှန်တကယ် ထွက်ခွာသွားကြသည်၊ သို့သော် ဤလူအနည်းငယ်သည် ဤနေရာတွင် ဆယ်နှစ်တိတိ ပုန်းအောင်း စောင့်ဆိုင်းနေခဲ့သည်။
အရာအားလုံးသည် ယနေ့အတွက်ပင် ဖြစ်သည်။
လနတ်ဘုရား၏ ကိုယ်ပွားသည် အလွန်တရာ ဒေါသထွက်သွားပြီး၊ ဟိန်းဟောက်လာခဲ့သည် “ မင်းတို့တွေက ငါ့ရဲ့ ကိုယ်ပွားလေးတစ်ခုကို ဖြေရှင်းဖို့အတွက်နဲ့ ဒီလောက်အထိ ဒုက္ခခံနေခဲ့ကြတယ်ပေါ့ “
“ ကိုယ်ပွားကတင် လုံလောက်နေပါပြီ “
ရွှေရောင်ဝတ်စုံနှင့် အကြီးအကဲမှ အေးစက်စွာ လှောင်ပြောင်လာခဲ့သည် “ ကိုယ်ပွားက မူလခန္ဓာကိုယ်နှင့် ဆက်သွယ်နေတာပဲ၊ ကိုယ်ပွားတစ်ခုကို ဆုံးရှုံးလိုက်ရတာက မူလကိုယ်မှာ အကျိုးသက်ရောက်မှု တစ်ချို့တော့ ဖြစ်သွားမှာပဲ “
လနတ်ဘုရားသည် ကမ္ဘာ့ကြယ် ဂိတ်တံခါးဝ၏ အစောင့်အရှောက်ဖြစ်သည်။
စစ်မြေပြင်၏ အခြေအနေများသည် အမြဲလိုလို ပြောင်းလဲနေလျက်ရှိပြီး၊ လိပ်ပြာတစ်ကောင်၏ တောင်ပံခတ်သံကပင် မုန်တိုင်းတစ်ခုကို အစပျိုးပေးနိုင်သည်။
လနတ်ဘုရား၏ စွမ်းအားသာ လျော့ကျသွားသ၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာမည် ဖြစ်သည်။
…
မိုင်တစ်ရာအကွာ၌
ရှုကျိုးသည် တောင်ပေါ်ရှိ ဂူတစ်လုံးထဲတွင် ထိုင်နေကာ၊ စနစ်၏မျက်နှာပြင်ပေါ်တွင် ရှိနေသည့် စွမ်းရည်အသစ်ကို လေ့လာနေခဲ့သည်။
ရုတ်တရက်ဆိုသလိုပင် သူသည် အနည်းငယ် အံ့ဩသွားကာ ဂူအပြင်ဘက်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။
“ နဝမအဆင့် အထွတ်အထိပ် ပညာရှင် လေးယောက်လား? “
အရပ်ရှည်ရှည် ပုံရိပ်လေးခုကို မြင်လိုက်ရသောအခါတွင် ရှုကျိုး မှင်သက်သွားခဲ့သည်။
အဆိုပါ နဝမအဆင့် အထွတ်အထိပ် ပညာရှင်များ၏ အသံများသည် ကောင်းကင်နှင့် မြေပြင်ကို လှုပ်ခါသွားစေခဲ့ပြီး၊ သူ့ဆီပင် ရောက်ရှိလာခဲ့သည်။
“ ဆိုတော့ နဝမအဆင့် အထွတ်အထိပ် ပညာရှင်တွေက ဒီချိုင့်ဝှမ်းထဲမှာ တစ်ချိန်လုံး ပုန်းအောင်းနေခဲ့ကြတာပေါ့? “ ရှုကျိုးသည် အနည်းငယ် ဆွံ့အသွားတော့သည်။
ဒါက ဘယ်လို အစီအစဥ်မျိုးကြီးလဲ?
သူတို့သည် ယွဲ့ဟွာရုန်၏ ပေါ်ပေါက်လာမှုကို ခန့်မှန်းထားရုံတင်မကဘဲ၊ သူမက ကမ္ဘာ့ကြယ် သလင်းကျောက်ကို အသုံးပြုကာ လနတ်ဘုရားအား ဆင့်ခေါ်မည်ဆိုသည်ကိုပါ ကြိုတင်တွက်ဆနိုင်ခဲ့သည်။
အရးအကြီးဆုံး အရာကား သူတို့သည် ဤနေရာတွင် ဆယ်နှစ်တိတိ ပုန်းအောင်းနေခြင်းပင် ဖြစ်သည်။
“ ဖူးးးးး “
ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းလိုက်ပြီး၊ ဤအကြပ်အတည်းက အမှန်တကယ် ပြီးဆုံးသွားပြီဟု ထင်သွားခဲ့သည်။
ပြီးသင့်နေပြီလေ၊ ဟုတ်တယ်မလား?
ရှုကျိုးသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားတော့သည်။
နောက်ထပ် လှည့်ကွက်တွေတော့ မရှိတော့ဘူးမလား?
လှည့်ကွက်နောက်တစ်ခုဆိုသည်မှာ နဝမအဆင့် အထက်မှ တည်ရှိမှုက လှုပ်လာခြင်းကို ညွှန်းဆိုခြင်းပင် ဖြစ်သည်။
နဝမအဆင့် အထွတ်အထိပ် အထက်၌ လမ်းကြောင်းတစ်ခု အမှန်တကယ် တည်ရှိနေခဲ့သည်၊ သို့သော် လူသားမျိုးနွယ်စု၏ ထိပ်တန်း ပညာရှင်များကပင် အဆိုပါ လမ်းကြောင်းပေါ်သို့ မရောက်ခဲ့ဖူးချေ။
ရှုကျိုးသည် အသက်ကို ရှူသွင်းကာ ဂူထဲသို့ ပြန်ဝင်၍ တင်ပျဥ်ခွေထိုင်နေတော့သည်။
နဝမအဆင့် အထွတ်အထိပ် ပညာရှင်များ ပေါ်လာပြီဖြစ်သောကြောင့် လင်းဂျန်မြို့အတွင်းရှိ လူများက ဘေးကင်းလုံခြုံသွားပြီဖြစ်သည်။
ထိုအချိန်၌ ရှုကျိုး၏ စနစ်၏မျက်နှာပြင်တွင် ရှိနေသည့် [ စိတ်ဝိညာဥ် ခန္ဓာကိုယ် ဆွဲအား ]ကို ကြည့်နေခဲ့သည်။
စိတ်ဝိညာဥ် ခန္ဓာကိုယ် ဆွဲအား : စတုတ္ထအဆင့် ( ၁၀% )
“ ခုနက လနတ်ဘုရားနဲ့ စိတ်ဝိညာဥ်စွမ်းအား ပေါ်လာတုန်းက ဒီစိတ်ဝိညာဥ် ခန္ဓာကိုယ် ဆွဲအားက စွမ်းအင်တစ်မျိုးမျိုးကို စုပ်ယူသွားတဲ့ပုံပဲ၊ အချက်အလက်တွေက စတုတ္ထအဆင့်အထိ တန်းရောက်သွားတယ် “
“ ပြီးတော့ ငါ့ရဲ့ ခန္ဓာကိုယ်မှာလည်း ပြောင်းလဲမှုတစ်ချို့ ဖြစ်လာတယ် …….. “
ရှုကျိုးမှ သူ၏ခန္ဓာကိုယ် အတွင်းပိုင်းကို ကြည့်လိုက်ရာ
ညှိုးနွမ်းနေသည့် အဖြူရောင် ကြာပန်းပေါ်၌ ရွှေရောင် ပုံရိပ်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
အဆိုပါ ပုံရိပ်သည် ရှုကျိုးနှင့် များစွာ တူညီနေလျက်ရှိပြီး၊ ပိုမိုငယ်ရွယ်နုပျိုနေကာ ရှုကျိုး၏ ကလေးဘဝကပုံစံကဲ့သို့ ဖြစ်နေခဲ့သည်။
အဆိုပါ ပုံရိပ်သည် တင်ပျဥ်ခွေထိုင်နေလျက်ရှိကာ၊ မျက်လုံးများ ရုတ်တရက် ဖွင့်လာခဲ့ပြီး၊ ထူးဆန်းသော အပြုံးတစ်ခုကို ဖော်ပြလာခဲ့သည်။
“ အဲ့တာက ငါ့ရဲ့ စိတ်ဝိညာဥ် ခန္ဓာကိုယ်လား? “
ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး၊ စိတ်မသက်မသာ ဖြစ်သွားခဲ့သည်၊ အဆိုပါ ပုံရိပ်လေးသည် သူ၏ကြာပန်းပေါ်တွင် ထိုင်နေကာ အိမ်အသိမ်းခံလိုက်ရသည့် ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့သည်။
ယခု၌ ၎င်းသည် ထူးဆန်းသော အပြုံးတစ်ခုကိုပင် ဖော်ထုတ်ပြသလာခဲ့သည်။
“ ဖိနှိပ်စမ်း !!! “
ရှုကျိုး၏ အတွေးများ လှုပ်ခတ်သွားခဲ့ရာ ကြာပန်းသည် အနည်းငယ် ယိမ်းနွဲ့သွားပြီး ရွှေရောင်ပုံရိပ်ကို မောင်းထုတ်လိုက်သည်။