← Chapters

ဝူယွမ် - “အဲဒီမိန်းကလေးကို လွှတ်လိုက်စမ်း”

Vol. 19 Ch. 181

ဝူယွမ် - “အဲဒီမိန်းကလေးကို လွှတ်လိုက်စမ်း”

Vol. 19 Ch. 181

လင်းတုန်က ချက်ချင်းပင် လှုပ်ရှားလိုက်ကာ ကြောက်မက်ဖွယ်ကောင်းသော ယွမ်စွမ်းအင်များကို တစ်ကိုယ်လုံးမှ ထုတ်ဖော်လိုက်သည်။

“ပါ့ကျိ ကောင်းကင်ထောက် လက်ချောင်း။”

သူ၏ ဟိန်းဟောက်သံနှင့်အတူ ကြီးမားသော လက်ချောင်းပုံရိပ်ကြီးတစ်ခု သူ့ရှေ့မှောက်၌ ဖြစ်ပေါ်လာလေသည်။ ထိုလက်ချောင်းကြီး ပေါ်ထွက်လာသည်နှင့်အမျှ မြင့်မြတ်သော အရှိန်အဝါအပြည့်နှင့် ပုံရိပ်ယောင်တစ်ခုမှာလည်း လင်းတုန်၏ နောက်ကျောဘက်၌ တုန်ဟီး ထွက်ပေါ်လာခဲ့သည်။

ဘုန်း။

ဧရာမလက်ချောင်းကြီးက ရှေ့သို့ ဖိနှိပ်သွားကာ လင်းတုန်အား ဝိုင်းရံထားသော လှံရိပ်များကို ချေမှုန်းပစ်လိုက်ပြီး နောက်ဆုံး၌ ရန်ပိုင်ချွမ်းထံသို့ ပြင်းထန်စွာ ကျရောက်သွားသည်။

“ငါ့လှံချက်ကို ကြည့်စမ်း။”

ရန်ပိုင်ချွမ်းက လှံနှစ်စင်းကို အသုံးပြုကာ ထက်ရှသော လှံအလင်းတန်းပေါင်းများစွာကို လေထဲ၌ ယှက်ဖြာထုတ်လွှတ်လိုက်သည်။

“လိပ်နက် ကောင်းကင်လဲလှယ်ခြင်း တံဆိပ်။”

လင်းတုန်က လက်ကွက်များကို အလျင်အမြန် ဖော်ဆောင်လိုက်ရာ နက်မှောင်တောက်ပနေသော လိပ်နက်တံဆိပ်တော်တစ်ခုမှာ ကောင်းကင်ယံမှ မြေပြင်သို့ ဖိချလာခဲ့သည်။ ထိုလိပ်နက်ကြီးက ကောင်းကင်မှ ဆင်းသက်လာကာ ရန်ပိုင်ချွမ်းကို နန်းဆောင်ကြီးအောက်တွင် ပြင်းထန်စွာ ဖိထားလိုက်သည်။

“ဘုန်း”

ရန်ပိုင်ချွမ်းက ပါးစပ်အပြည့် သွေးများအန်ထုတ်လိုက်ရကာ မြေပြင်ပေါ်သို့ သနားစဖွယ် လဲကျသွားတော့သည်။ ဤနေရာတွင် မဟာချန်းပြည်ထောင်စု၏ စစ်သူကြီးလေးဦးစလုံး ဝူယွမ်တို့အဖွဲ့ကို ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်ရာ ရှေးဟောင်းနတ်နန်းတော်အတွင်းရှိ ကြည့်နေသူအားလုံးမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြသည်။ အင်အားကြီး ပြည်ထောင်စုကြီးတစ်ခုမှာ ဤမျှလွယ်ကူစွာ ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ ဝူယွမ်၏ အဖွဲ့ထဲတွင် လူနှစ်ဦးမှာ နိဗ္ဗာန်အဆင့်လေးအထိ ရောက်ရှိနေကြသည်။ သို့သော် ကြောက်စရာ အကောင်းဆုံးအချက်မှာ အင်အားအကြီးဆုံးဖြစ်သော ဝူယွမ်က ယခုအချိန်အထိ လက်ဖျားနှင့်ပင် မတို့ရသေးခြင်း ဖြစ်သည်။ သူတို့ထဲမှ သုံးယောက်တည်းက လူလေးယောက်ကို အလွယ်တကူပင် အနိုင်ယူကြသည်။ သူတို့တောင် ထိုမျှအစွမ်းထက်နေသည်ဆိုမှတော့ ဝူယွမ်၏ အစွမ်းဆိုလျှင်ရော… သူတို့မမှန်းစတတ်ကြတော့ပေ။

“မင်းတို့အားလုံးမှာ ရှိတဲ့ သိုလှောင်အိတ်တွေနဲ့ ဝိညာဉ်ရတနာလက်နက်တွေကို အကုန်အပ်စမ်း။ ဒါဆိုရင် ငါ မင်းတို့ကို လွှတ်ပေးမယ်။” ဝူယွမ်က မဟာချန်းပြည်ထောင်စုမှ လူရာပေါင်းများစွာကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။

“အဟွတ်... အဟွတ်... ဝူယွမ်။ တောင်တွေက မရွေ့ပေမဲ့ မြစ်တွေက စီးဆင်းနေတာပဲ။ ဒီတစ်ခါတော့ ငါတို့ရှုံးတာ ဝန်ခံပါတယ်။ ငါတို့ကြားက ရန်ငြိုးတွေကို ဒီမှာတင် ဖြတ်ကြရင် မကောင်းဘူးလား။” လျူဖန်က သွေးများအန်နေရင်းမှ မာန်မလျှော့ဘဲ ပြောလိုက်သည်။

“ငါ့ကို ဒုတိယအကြိမ် ထပ်မပြောခိုင်းနဲ့။” ဝူယွမ်၏ အသံမှာ ပို၍ အေးစက်လာခဲ့သည်။

“မဟာချန်းပြည်ထောင်စုမှာ ငါတို့လေးယောက်အပြင် အထက်မှာ ဘုရင်သုံးပါး ရှိသေးတယ်။ ဝူယွမ်... လူဆိုတာ နောင်ရေးအတွက် တွေးထားသင့်တယ်။ မင်း အင်အားကြီး ပြည်ထောင်စုတစ်ခုနဲ့ လုံးဝ ရန်သူဖြစ်သွားချင်မှာတောါ မဟုတ်ဘူး မဟုတ်လား။” လျူဖန်က ဆက်လက်၍ မာန်တင်းနေဆဲပင်။ ဘုရင်းသုံးပါး၏ တည်ရှိမှုက ဝူယွမ်ကို တုံ့ဆိုင်းသွားစေလိမ့်မည်ဟု သူယုံကြည်နေခဲ့သည်။

“ရွှတ်”

ဝူယွမ်၏ လက်ထဲတွင် မည်သည့်အချိန်က ပေါ်လာသည်မှန်းမသိသော ငွေရောင်လျှပ်စီးဓားတစ်လက် ရှိနေရာ သူက ထိုဓားကို ဝေ့ယမ်းလိုက်ရာ ထက်ရှသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်သွားပြီး လျူဖန်၏ လက်မောင်းတစ်ဖက် ပြတ်ကျသွားတော့သည်။ လျူဖန်၏ စူးရှသော အော်ဟစ်သံမှာ နန်းဆောင်အတွင်း ပဲ့တင်ထပ်သွားတော့သည်။

“မင်း ဆက်ပြီး စကားများနေဦးမယ်ဆိုရင် နောက်တစ်ချက်က မင်းခြေထောက်ပဲ။ အပ်စမ်း ၊ ငါ့ကို လူသတ်ဖို့အထိ တွန်းအားမပေးနဲ့။” ဝူယွမ်က ခက်ထန်စွာ ဆိုလိုက်သည်။

“ဒါ... ဒါက... ကောင်းကင်အဆင့် ဝိညာဉ်ရတနာပဲ။” လျူဖန်က တုန်ရီနေသော အသံဖြင့် ရေရွတ်လိုက်သည်။

ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိ လူများမှာလည်း ဝူယွမ်၏လက်ထဲရှိ ဓားကို သတိပြုမိသွားကြသည်။ ၎င်း၏ အရှိန်အဝါမှာ သာမန် ဝိညာဉ်ရတနာများထက် များစွာ သာလွန်နေပြီး ကောင်းကင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လျူဖန်နှင့် အခြားသူများမှာ မတတ်သာတော့ဘဲ သူတို့၏ သိုလှောင်အိတ်များကို အပ်နှံလိုက်ရတော့သည်။

“တျန်းကျန်း... မင်း ငါ့ကို လှည့်စားတာပဲ။” လျူဖန်းက မတ်တတ်ရပ်ကာ ကြောင်တောင်တောင် ဖြစ်နေသော တျန်းကျန်းကို ကန်ထုတ်လိုက်သည်။

လင်းတုန်နှင့် ရှောင်ယန်မှာ ဝူယွမ်ကို အသိဆုံး ဖြစ်ကြသည်။ သူတို့သည် ထိုသို့ သိုလှောင်အိတ်နှင့် ဝိညာဉ်ရတနာများ သိမ်းဆည်းသည့် အလုပ်ကို ကျွမ်းကျင်ပြီးသား ဖြစ်သဖြင့် မဟာချန်းပြည်ထောင်စုမှ လူအားလုံးကို တိုက်ရိုက်ပင် လုယူလိုက်ကြသည်။ စစ်သူကြီး လေးဦးစလုံးမှာ ပြင်းထန်စွာ ဒဏ်ရာရထားသဖြင့် ထပ်မံ မခုခံရဲကြတော့ပေ။

ဤတစ်ကြိမ်တွင် ဝူယွမ်နှင့် သူ့အဖွဲ့မှာ ရတနာပေါင်းများစွာကို ရရှိခဲ့သည်။ ထို့အပြင် အင်အားကြီး ပြည်ထောင်စုမှ လူများဖြစ်သည့်အတွက် ဤလူများက အလွန်ပင် ချမ်းသာကြသည်။ မိုလင်းနှင့် အခြားသူများမှာ ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျနေခဲ့ကြသည်။ သူတို့၏ ခေါင်းဆောင်မှာ သူတို့၏ သိုလှောင်အိတ်များကို ပြန်လည်ရယူပေးရုံသာမက ရတနာများစွာကိုပါ လုယူပေးခဲ့သည်။ ယခုအခါ သူတို့ တစ်ဦးချင်းစီတွင် ဝိညာဉ်ရတနာလက်နက်များ ရှိနေပြီဖြစ်သလို နိဗ္ဗာန်ဆေးလုံးများနှင့် သိုင်းပညာရပ်များစွာလည်း ရှိနေပြီ ဖြစ်သည်။

မဟာယန်ပြည်ထောင်စုမှာ အစပိုင်းတွင် လူ ခုနစ်ဆယ်ကျော် လာခဲ့သော်လည်း ယခုအခါ ငါးဆယ်ကျော်သာ ရောက်ရှိလာသည်။ အချို့က ဘေးအန္တရာယ်နှင့် ကြုံတွေ့သွားပုံရသည်။ သို့သော် ဘေးအန္တရာယ်နှင့်အတူ တိုးတက်မှုကလည်း ပါလာစမြဲ ဖြစ်သည်။ မိုလင်းနှင့် အခြားသူများ၏ အင်အားမှာ အတော်လေး တိုးတက်လာပြီး အားလုံးနီးပါး နိဗ္ဗာန်အဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ သူတို့က ရှေးဟောင်းနတ်နန်းတော်တွင် သုံးရက်ကြာ စောင့်ဆိုင်းနေခဲ့ကြရင်း ထိုသုံးရက်အတွင်း ဝူယွမ်က ရရှိလာသော ရတနာများကို စာရင်းပြုစုခိုင်းခဲ့သည်။ အသုံးမလိုသည်များကို မဟာရှေးဟောင်းဂိုဏ်း၏ ဘဏ္ဍာတိုက်ထဲသို့ ထည့်သွင်းလိုက်ရာ ယခုအခါ ဂိုဏ်းကြီးမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုကြွယ်ဝလာနေပြီ ဖြစ်သည်။

“ဆက်မစောင့်တော့ဘူး။ ပြည်ထောင်တစ်ရာတိုက်ပွဲ စဖို့ တစ်လတောင် မလိုတော့ဘူး။ အခု အားကောင်းတဲ့ ကျင့်ကြံသုတွေအားလုံး စစ်တလင်းရဲ့ ဗဟိုဆီကို သွားနေကြပြီ။ ငါတို့လည်း အဲဒီကိုပဲ တိုက်ရိုက်သွားကြမယ်။” ဝူယွမ်က ဦးဆောင်ကာ ထွက်ခွာလာခဲ့သည်။

“ခေါင်းဆောင်... အနောက်မြောက်ဒေသကနေ ရှေးဟောင်းစစ်တလင်းရဲ့ ဗဟိုကို သွားဖို့ အတော်လေး လိုပါသေးတယ်။ လမ်းမှာ မဟာဗျူဟာမြို့ ဆိုတာ ရှိတယ်။ အဲဒီမြို့က ဗဟိုကိုသွားဖို့ မဖြစ်မနေဖြတ်ရမဲ့ မြို့တစ်မြို့ပဲ။ အဲဒီမှာ ထူးချွန်တဲ့ ပညာရှင်တွေ အများကြီး စုဝေးနေကြတယ်။ မကြာခင်မှာ အင်အားကြီး ဂိုဏ်းတွေက ဦးဆောင်တဲ့ လေလံပွဲကြီး တစ်ခုလည်း ရှိတယ်လို့ ကြားတယ်” မိုလင်းက ပြောပြလိုက်သည်။

ထို့နောက် အဖွဲ့သားများမှာ မဟာဗျူဟာမြို့သို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။ လမ်းခရီး၌ လူများစွာနှင့် ဆုံတွေ့ခဲ့သော်လည်း မဟာယန်ပြည်ထောင်စု၏ ကြောက်မက်ဖွယ် ကျော်ကြားမှုကြောင့် မည်သူမျှ အနားမကပ်ရဲကြပေ။

ညအခါ၌ မှောင်မိုက်သော ကောင်းကင်ယံအောက်တွင် ယွမ်စွမ်းအင်များမှာ သောင်းကျန်းနေခဲ့သည်။ တောရိုင်းမြေပြင်တွင် သားရဲများမှာ ဟိန်းဟောက်နေကြပြီး မဟာဗျူဟာမြို့သို့ သွားရာလမ်းမှာလည်း မအေးချမ်းလှပေ။ မဟာဗျူဟာမြို့နှင့် မနီးမဝေးရှိ တောင်တန်းတစ်ခုတွင် မီးပုံများ တောက်လောင်နေပြီး လူတစ်စုမှာ အေးအေးဆေးဆေး ထိုင်နေကြသည်။

“ဒီနေ့နှုန်းနဲ့ဆိုရင် မနက်ဖြန် ဝမ်ရှန်းမြို့ကို ရောက်လောက်မယ်။” လင်းတုန်က မီးပုံဘေးတွင်ထိုရင်း ပျော်ရွှင်စွာ ပြောလိုက်သည်။ သူနှင့် ရှောင်ယန်မှာ ထိုမြို့ကြီးရှိ အင်အားကြီးပြည်ထောင်စုမှ လူများနှင့် တိုက်ခိုက်ချင်နေကြပြီ ဖြစ်သည်။

သားရဲလှိုင်းများမှာ ကြောက်မက်ဖွယ်ကောင်းလှသော်လည်း ဝူယွမ်တို့အနားသို့ မချဉ်းကပ်ရဲကြခြင်းမှာ ရှောင်ယန်၊ ပိုင်ယွမ်နှင့် ရှောင်တျောင်းတို့ သုံးဦး၏ သွေးမျိုးဆက်ဖိအားတို့ကြောင့် ဖြစ်သည်။ ရှောင်ယန်က ကောင်းကင်နတ်ဆိုးကျား မျိုးနွယ်စု၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီး ပိုင်ယွမ်က ကျားဖြူသွေးမျိုးဆက် ၊ ရှောင်တျောင်းကတော့ ခန္ဓာကိုယ်ရရှိထားပြီးသားဖြစ်သည့် ကောင်းကင်မြွေပါ ဖြစ်သည်။

“ဒီနေရာက သားရဲတွေက တကယ့်ကို ကြောက်စရာကောင်းတာပဲ။ မင်းတို့ သုံးယောက်သာ မရှိရင် ငါတို့လည်း ဒုက္ခရောက်နိုင်တယ်။” လင်းတုန်က ပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်ရင်း သက်ပြင်းချလိုက်သည်။

ရှောင်တျောင်းက “ဒါက ဘာမှမဟုတ်သေးပါဘူး။ အစ်ကိုနှစ်.. မင်းသာ သားရဲနယ်မြေကို ရောက်ရင် တကယ့် သားရဲသောင်းချီရဲ့ အရှိန်အဝါကို သိလာလိမ့်မယ်” ထို့‌ေနာက်ရှောင်တျောင်းက သားရဲနယ်မြေသို့ သွားရန်မှာ လွန်စွာ ခက်ခဲကြောင်းနှင့် လမ်းတွင် ကစဥ်ကလျား နတ်ဆိုးပင်လယ်ကို ဖြတ်ကျော်ရမည်ဖြစ်ကြောင်း ရှင်းပြလိုက်သည်။

“ဟဲဟဲ... အစ်ကိုကြီး ယန်မြို့ရဲ့ စိတ်ဝိညာဉ်သခင်မျှော်စင်ကနေ ရခဲ့တဲ့ မြေပုံထဲက ဒုတိယမြောက် ဘိုးဘေးအဆောင်ရဲ့ တည်နေရာက အဲဒီ နတ်ဆိုးပင်လယ်ထဲမှာပဲ။”

“ဟင်... တစ်ယောက်ယောက် လာနေတယ်။” ဝူယွမ်၏ မျက်ဝန်းများထဲတွင် ခရမ်းရောင်အလင်းများ တောက်ပသွားပြီး တောအုပ်နောက်ဘက်သို့ ကြည့်လိုက်သည်။

သိပ်မကြာမီ လူသုံးဦး ထွက်ပေါ်လာသည်။ ခပ်တောင့်တောင့် အမျိုးသားတစ်ဦး၊ အနီရောင်ဝတ်စုံ၀တ်ထားသော အမျိုးသမီးတစ်ဦးနှင့် အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ဦးတို့ ဖြစ်သည်။ ထိုမိန်းကလေးမှာ အလွန်လှပပြီး အပြစ်ကင်းစင်သော ဟန်ပန်နှင့် မျက်ဝန်းကြီးများကို ပိုင်ဆိုင်ထားသည်။

ထိုအဖွဲ့ထဲက အမျိုးသားဖြစ်သူက “သူငယ်ချင်းတို့... ကျွန်တော်တို့ လမ်းမှာ သားရဲတွေ ပိတ်နေလို့ ဒီကို ခဏလောက် လာခိုနားတာပါ ။ ခဏလောက် နားခွင့်ရမလား” ဟု မေးလိုက်သည်။

အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေး စုရုကလည်း ဝူယွမ်ကို ကြည့်ကာ “အစ်ကိုကြီး... ကျွန်မတို့ အနှောင့်အယှက် မပေးပါဘူး၊ သားရဲတွေ ငြိမ်သွားရင် ပြန်ပါ့မယ်.. လိုအပ်ရင် နိဗ္ဗာန်ဆေးလုံးတွေနဲ့လည်း ပေးချေပါ့မယ်” ဟု တောင်းပန်တိုးလျှိုးစွာ ပြောလိုက်သည်။

“ရပါတယ်... လာထိုင်ကြပါ။” ဝူယွမ်က ပြုံးကာ ဖိတ်ခေါ်လိုက်သည်။

ထိုသူတို့မှာ မဟာချင်းပြည်ထောင်စုမှ စုကွေ၊ စုရိုနှင့် လျူယာတို့ ဖြစ်ကြသည်။ ဝူယွမ်ကလည်း မိမိတို့အဖွဲ့ကို ပြန်မိတ်ဆက်ပေးလိုက်သည်။ ဝူယွမ်က စုရုကို သူကိုယ်တိုင် ကင်ထားသော အသားများကို ပေးလိုက်သည်။

လင်းတုန်က ဝူယွမ်အား “အစ်ကိုကြီး... ဒီမိန်းကလေးထဲမှာ ဝိညာဉ်တံဆိပ်တစ်ခု ရှိနေတယ်” ဟု ဝိညာဉ်စွမ်းအင်ဖြင့် သတိပေးလိုက်သည်။

“အင်း... ငါသိတယ်”

စုရိုက နောင်တွင် လင်းချင်းကျူ၏ ညီမငယ် ဖြစ်လာမည့်သူဖြစ်ကြောင်း သူသိနေသည်။ ရှောင်တျောင်းကလည်း ထိုမိန်းကလေးမှာ ပါရမီရှင်တစ်ဦးဖြစ်သဖြင့် ဂိုဏ်းထဲသို့ ခေါ်ယူရန် အကြံပေးလိုက်ပြန်သည်။

ဝူယွမ်က စုရိုအား ဝိညာဉ်တံဆိပ်အကြောင်းနှင့် ၎င်းကို မထိန်းချုပ်နိုင်ပါက ဖြစ်လာနိုင်သည့် ဘေးအန္တရာယ်များကို ရှင်းပြခဲ့သည်။ တစ်ညလုံး ဆွေးနွေးပြီးနောက် နောက်တစ်နေ့ မိုးသောက်ချိန်တွင် စုရိုတို့အဖွဲ့မှာ နှုတ်ဆက်ကာ ထွက်ခွာသွားကြသည်။

“အစ်ကိုကြီး... ဒီအတိုင်း လွှတ်ပေးလိုက်တာလား။” လင်းတုန်က မယုံနိုင်စွာ မေးလိုက်သည်။

ဝူယွမ်က “သူမရဲ့ ပါရမီက မင်းထက် မနိမ့်ဘူး။ သေချာ လေ့ကျင့်ပေးရင် အင်အားကြီး ကျင့်ကြံသူ ဖြစ်လာမှာပဲ”

ထိုအချိန်တွင် ရှောင်တျောင်းက စုရိုတို့အဖွဲ့မှာ တစ်စုံတစ်ယောက်၏ ပစ်မှတ်ထားခြင်းကို ခံနေရကြောင်း ဝိညာဉ်စွမ်းအင်ဖြင့် သတိပြုမိလိုက်သည်။

“အလယ်အလတ် ပြည်ထောင်စုတစ်ခုက ဒီလို ရတနာမျိုး ပိုင်ဆိုင်ထားရင် သေချာပေါက် ရန်မူခံရမှာပဲ ။ သွားကြစို့ ၊ ငါတို့နဲ့ ဆုံခဲ့မှတော့ ငါတို့ ကူညီပေးရမှာပေါ့။”

ဝူယွမ်က စုရုနှင့် လင်းချင်းကျူတို့အကြား ဆက်ဆံရေးကို အသုံးချကာ နတ်သမီးလေးနှင့် ပိုမိုနီးစပ်အောင်လုပ်ရန် အကြံရသွားသည်။

တောအုပ်အတွင်း။

စုရိုတို့အဖွဲ့မှာ ရန်မို ဆိုသည့်လူနှင့် လူငါးဦး၏ ဝိုင်းရံခြင်းကို ခံနေရသည်။ ရန်မိုမှာ စုရို၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားကို လိုချင်တပ်မက်နေခြင်းဖြစ်သည်။

စုရိုက ဒေါသတကြီး ခုခံခဲ့သော်လည်း အင်အားခြင်း ကွာခြားနေခဲ့ကာ ရန်မိုတို့က သူမကို ဖမ်းဆီးရန် ယွမ်စွမ်းအင် လှောင်အိမ်တစ်ခုကို ပြုလုပ်လိုက်စဉ်မှာပင် -

“မိန်းကလေးကို လွှတ်လိုက်စမ်း။”

ဝူယွမ်၏ အသံမှာ တောအုပ်တစ်ခုလုံး ဟိန်းခနဲ ထွက်ပေါ်လာတော့သည်။

All Chapters