← Chapters

လေလံပွဲ

Vol. 19 Ch. 185

လေလံပွဲ

Vol. 19 Ch. 185

တစ်ကွင်းလုံးကို သိမ်းကျုံးဝယ်ယူခြင်း

ကမ္ဘာသစ်ပင်

ရွှေရောင်ဥကြီးပေါ်သို့ မူလထိုက်ယန်ရူန်း ရေးဆွဲထားသော ထိုက်ယန်အဆောင်ကို ကပ်လိုက်ပြီးနောက် ထိုဥပေါ်ရှိ ရှုပ်ထွေးလှသော အင်းကွက်များက ထိုက်ယန်အဆောင်၏ စွမ်းအင်များနှင့် တစ်သားတည်း ပေါင်းစပ်သွားသည်ကို ဝူယွမ် သတိပြုမိလိုက်သည်။ သူ ခန့်မှန်းထားသည့်အတိုင်းပင် ထိုက်ယန်အဆောင်၏ စွမ်းအင်များက ရွှေဥ ကြီးထွားရန်အတွက် များစွာအထောက်အကူပြုပြီး ၎င်းတို့နှစ်ခုကြားတွင် ထူးဆန်းသော ဆက်နွှယ်မှုတစ်ခု ရှိနေဟန်တူသည်။ သို့မဟုတ်ပါက ဤမျှ ချောမွေ့စွာ ပေါင်းစပ်သွားရန် မဖြစ်နိုင်ပေ။

“သခင်ကြီး... စွမ်းအင်စုပ်ယူတဲ့နှုန်းက သိသိသာသာ မြန်လာပြီဗျ” ဟု ကျောက်တိုင်ဝိညာဉ် က အစီရင်ခံလေသည်။

“အင်း...”

ဝူယွမ် ခေါင်းညိတ်ပြလိုက်၏။ ထိုက်ယန်အဆောင်ကို အသုံးပြုလိုက်ခြင်းသည် ဥပေါက်ရန် ကြာမြင့်မည့်အချိန်ကို များစွာတိုတောင်းသွားစေမည် ဖြစ်သည်။ ၎င်းမှာ ရွှေရောင်ဥကို အရှိန်မြှင့်စက် တပ်ဆင်ပေးလိုက်သကဲ့သို့ပင်။ လိုအပ်သည်များကို မှာကြားပြီးနောက် ဝူယွမ်က စွမ်းအား ဟန်ချက်ညီစေနိုင်သည့် သက်တမ်းရင့် ဝိညာဉ်ဆေးပင် အချို့ကို ယူဆောင်၍ အပြင်သို့ ပြန်ထွက်လာခဲ့သည်။

“ညီလေး... ဒီဝိညာဉ်ဆေးပင်တွေကို လာပြီး သန့်စင်ပေးဦး”

ဝူယွမ်က ‘ကိရိယာ’ ဖြစ်သူ လင်းတုန်ထံသို့ ဆေးပင်များကို လှမ်းပစ်ပေးလိုက်၏။ ဤဆေးခင်းကြီးကို ပိုင်ဆိုင်လိုက်ကတည်းက လင်းတုန်မှာ ဝူယွမ်၏ ခိုင်းဖတ်တစ်ခုကဲ့သို့ ဖြစ်နေတော့သည်။

“အစ်ကိုကြီး... အစ်ကိုကြီးမရှိတဲ့အချိန်မှာ လေတိမ်ပြည်ထောင်စုက လုံထန်းဆိုတဲ့သူ လာပြီး ပြဿနာရှာသေးတယ်၊ ပိုင်ယွမ်က သူ့ကို ပညာပေးပြီး အခု ခန်းမအပြင်ဘက်မှာ ဖမ်းထားတယ်၊ အစ်ကိုကြီး ဘယ်လိုစီရင်မလဲဆိုတာကိုပဲ စောင့်နေတာ” ဟု လင်းတုန်က ပြောပြလိုက်သည်။

“ဩော်... အရင်က အဆင့်တစ်ဖြစ်ခဲ့တဲ့ လုံထန်းလား”

“ဟုတ်တယ် အစ်ကိုကြီး”

“‌ေလတိမ်ပြည်ထောင်စုက လူလွှတ်ပြီး မညှိနှိုင်းဘူးလား၊ သူတို့ ခေါင်းဆောင်နှစ်ယောက်ကရော ဘာသံမှမထွက်ဘူးလား”

“ဒါကလည်း ထူးဆန်းနေတယ်၊ ဘယ်သူမှ လုံထန်းကို ဂရုစိုက်ပုံမရဘူး” ဟု လင်းတုန်က အားမလိုအားမရဖြစ်စွာ ပြုံးလျက် ပြောဆိုလိုက်သည်။

“ဒါဆိုရင်လည်း ထားလိုက်ပါဦး၊ လေတိမ်ပြည်ထောင်စုက လူတွေတောင် မလောတာ ငါတို့က ဘာလို့လောနေမှာလဲ၊ သူတို့မှာ ငါတို့ကို ရင်ဆိုင်ဖို့ ယုံကြည်ချက်မရှိသေးလို့ နေမှာပေါ့၊ လေလံပွဲမှာ ကောင်းကင်အဆင့် ဝိညာဉ်ရတနာကို ရပြီးမှ ငါတို့ကို လာတိုက်ဖို့ ကြံစည်ထားတာ နေမှာ”

ဝူယွမ်က နှာခေါင်းရှုံ့လျက် ဆိုလိုက်၏။ သူသည် လေတိမ်ပြည်ထောင်စု၏ အတွေးကို အထပ်ထပ် အခါခါ တွေးဆမိပြီးသား ဖြစ်သည်။

လုံထန်းက နိဗ္ဗာန်အဆင့်လေး ကျင့်ကြံသုဖြစ်ပြီး ထိုပြည်ထောင်စု၏ တတိယမြောက် ခေါင်းဆောင်လည်းဖြစ်သည်။ ထိုကဲ့သို့သော ပါရမီရှင်တစ်ဦးကို သူတို့ အလွယ်တကူ စွန့်လွှတ်မည် မဟုတ်ပေ။ အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ လေလံပွဲ၌ ကောင်းကင်အဆင့် ဝိညာဉ်ရတနာ တစ်ခု ပါဝင်မည်ဟူသော သတင်းမှာ ပျံ့နှံ့သွားပြီး မဟာဗျူဟာမြို့တော်အတွင်းသို့ လူအများအပြား တိုးဝှေ့ဝင်ရောက်လာကြသည်။

အားလုံး စောင့်မျှော်နေကြသည့်အတိုင်း နှစ်ရက်တာ ကုန်ဆုံးသွားပြီးနောက် မဟာဗျူဟာလေလံပွဲကြီး စတင်လေတော့သည်။ လေလံပွဲကို မြို့မြောက်ဘက်ရှိ ကြီးမားကျယ်ပြန့်လှသော သတ်ကွင်းကြီးအတွင်း ကျင်းပခြင်းဖြစ်ပြီး လူပေါင်းသောင်းခြောက်ထောင်ကို ဆံ့နိုင်လောက်အောင် ခမ်းနားထည်ဝါ ကျယ်၀န်းလှပေသည်။

ဝူယွမ်နှင့် သူ့အဖွဲ့ ရောက်ရှိလာချိန်တွင် ပွဲကြည့်စင်တစ်ခုလုံးမှာ လူများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ သူတို့ ဝင်လာသည်နှင့် လူအများ၏ အကြည့်များမှာ သူတို့ထံသို့ ကျရောက်လာကြ၏။ ယခုအခါ မဟာယန်ပြည်ထောင်စုမှ ဝူယွမ်တို့အဖွဲ့သည် မဟာဗျူဟာမြို့၏ နာမည်ကျော်များ ဖြစ်နေကြလေပြီ။

“ညီအစ်ကို ဝူယွမ်... မင်းလည်း ရောက်လာပြီကိုး”

အနက်ရောင်ဝတ်စုံနှင့် ချန်လင်းက ပြုံးရွှင်သော မျက်နှာဖြင့် ဝူယွမ်ကို လာရောက်နှုတ်ဆက်၏။ ထို့နောက် သူက ဝူယွမ် အနားသို့ ကပ်ကာ တိုးတိုးလေး သတိပေးလိုက်သည်။

“ညီအစ်ကို ဝူယွမ်... ဒီတစ်ခါ ကောင်းကင်အဆင့် ဝိညာဉ်ရတနာအတွက် ပြိုင်ဆိုင်မှုက မရိုးရှင်းဘူး၊ ကျွန်တော် စုံစမ်းမိသလောက်ဆိုရင် လေတိမ်ပြည်ထောင်စုက အပိုင်ရမယ့်ကိန်း ရှိနေတယ်၊ အဲဒီလက်နက် သူတို့လက်ထဲ ရောက်သွားရင်တော့ သူတို့နဲ့ အငြိုးရှိတဲ့သူတွေကို ညှာမှာမဟုတ်ဘူး၊ အဲဒီအခါကျရင် ခင်ဗျားတို့ မဟာယန်ပြည်ထောင်စုက အဓိက ပစ်မှတ်ဖြစ်လာလိမ့်မယ်”

“ဟုတ်ပီ... အခုလို သတိပေးတာ ကျေးဇူးတင်ပါတယ် ညီအစ်ကို ချန်လင်း” ဟု ဝူယွမ်က ပြန်လည်နှုတ်ဆက်လိုက်သည်။

ထိုစဉ် လူအုပ်စုတစ်စု ဝင်ရောက်လာခဲ့ပြီး ထိုအထဲတွင် ရင်းနှီးပြီးသားဖြစ်သော အဖြူရောင်ဝတ်စုံနှင့် မုဟန်ယွဲ့ကို တွေ့လိုက်ရ၏။ သူမ၏ ဘေးတွင် အဖြူရောင် ဝတ်စုံကို ဆင်မြန်းထားသော အမျိုးသားတစ်ဦး ပါပြီး ထိုသူ၏ စွမ်းအင်လှိုင်းများမှာ လုံထန်းထက် အဆပေါင်းများစွာ သာလွန်နေသည်ကို ခံစားလိုက်ရသည်။

“အဲဒါ အထီးကျန်လပြည်ထောင်စုရဲ့ ခေါင်းဆောင် မုလင်ပဲ” ဟု စုကွေက ရှင်းပြလိုက်သည်။ မုလင်နှင့် မုဟန်ယွဲ့တို့ကလည်း ဝူယွမ်တို့ကို ခေါင်းညိတ်နှုတ်ဆက်လိုက်ကြ၏။

မဟာဗျူဟာမြို့တော်၏ အင်အားကြီး ပြည်ထောင်စုလေးခုဖြစ်သော လေတိမ်၊ အထီးကျန်လ၊ သစ်တော နှင့် မီးလျှံ ပြည်ထောင်စုတို့မှာ ယနေ့ လေလံပွဲ၏ အဓိက ပြိုင်ဘက်များပင် ဖြစ်သည်။ စုကွေသည် ဝူယွမ်၏ ဘေးတွင် ရပ်လျက် အရေးကြီး လူများကို တစ်ဦးချင်း မိတ်ဆက်ပေးနေသည်။

သူက ဝတ်စုံစိမ်းနှင့် လူတစ်ဦးကို ညွှန်ပြလိုက်သည်။ ထိုလူ၏ ဆံပင်မှာ မြစိမ်းရောင် ဖြစ်သော်လည်း အရေပြားမှာမူ ခြောက်သွေ့အက်ကွဲနေကာ ကြည့်ရသည်မှာ ထူးဆန်းလှသည်။ သို့သော် သူ၏ စွမ်းအင်မှာ မုလင်ထက် မနိမ့်ပေ။

“အဲဒါ သစ်တောပြည်ထောင်စုက ဝူထုန်ပဲ၊ သူက ကောင်းကင်အဆင့် နိဗ္ဗာန်တံဆိပ်ကို ရထားတဲ့သူ၊ သူ့ဘေးက ကိုယ်လုံးတီးနဲ့ ကျောမှာ မီးလျှံပုံရိပ်တွေ ရှိတဲ့သူကတော့ မီးလျှံပြည်ထောင်စုရဲ့ ခေါင်းဆောင် မိုဖန်ပဲ”

ဝူယွမ်သည် ထိုလူများကို အကဲခတ်နေမိသည်။ အဆင့်မြင့်ပြည်ထောင်စုများတွင် အားအကောင်းဆုံးသူမှာ နိဗ္ဗာန်အဆင့်သုံးသာ ရှိသော်လည်း ဤအင်အားကြီး ပြည်ထောင်စုများတွင်မူ နိဗ္ဗာန်အဆင့်လေးသို့ ရောက်ရှိသူအများအပြား ပါဝင်နေသည်။ အထူးသဖြင့် လေတိမ်ပြည်ထောင်စုတွင် နိဗ္ဗာန်အဆင့်လေး ကျင့်ကြံသူ သုံးဦးအထိ ရှိနေခြင်းကြောင့် သူတို့ ဤမျှ မောက်မာနေခြင်း ဖြစ်ပေလိမ့်မည်။

“ဟားဟား... လူစုံတက်စုံ ရှိနေကြတာပဲ၊ ဒါပေမဲ့ ဒီကောင်းကင်အဆင့် ဝိညာဉ်ရတနာကိုတော့ ငါတို့ လေတိမ်ပြည်ထောင်စုက အပိုင်ယူမှာပဲ၊ ဘယ်သူက ငါတို့လက်ထဲကနေ လုဝံ့သလဲဆိုတာ ကြည့်ကြသေးတာပေါ့”

မောက်မာလှသော အသံကြီးတစ်ခု ဟိန်းထွက်လာပြီးနောက် လူနှစ်ဦးမှာ သတ်ကွင်းအလယ်သို့ ဝင့်ကြွားစွာ ဆင်းသက်လာကြသည်။ သူတို့၏ အကြည့်များမှာ ဝူယွမ်တို့ထံသို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။

“မင်းက ဝူယွမ်ပေါ့၊ လုံထန်းကို အခုချက်ချင်း လွှတ်ပေးမယ်ဆိုရင် မင်းရဲ့အသက်ကို ချမ်းသာပေးမယ်၊ မဟုတ်ရင်တော့ မဟာယန်ပြည်ထောင်စု ဒီမှာတင် အဆုံးသတ်သွားလိမ့်မယ်”

ဖုန်းချန်း၏ အေးစက်စက် ရယ်သံမှာ လေလံပွဲခန်းမတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။ လူအများမှာ ထိုအသံထဲတွင် ပါဝင်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များကြောင့် တုန်လှုပ်သွားကြ၏။ ဖုန်းချန်းကမူ အောင်နိုင်သူတစ်ဦးအလား ဝူယွမ်ကို စိုက်ကြည့်နေလေသည်။

“ဟဲဟဲ... လုံထန်း ဈေးနှုန်းက နိဗ္ဗာန်ဆေးလုံး ငါးသန်းပါ၊ ဝယ်ချင်တဲ့အချိန် လာဝယ်လို့ ရပါတယ်” ဟု ဝူယွမ်က ခပ်အေးအေးပင် တုံ့ပြန်လိုက်သည်။

“မင်း...!”

ဖုန်းချန်းမှာ ဒေါသထွက်လွန်း၍ မျက်နှာကြီး နီမြန်းလာတော့သည်။ ဘေးပတ်ဝန်းကျင်မှ လူအများမှာမူ နိဗ္ဗာန်အဆင့်လေး ကျင့်ကြံသူ တစ်ဦးကို ကုန်ပစ္စည်းတစ်ခုကဲ့သို့ ဈေးနှုန်းသတ်မှတ်၍ ရောင်းချနေသော ဝူယွမ်ကို ကြည့်ကာ မရယ်ဘဲ မနေနိုင်ကြတော့ပေ။ ၎င်းမှာ လေတိမ်ပြည်ထောင်စုအတွက် အလွန်ကြီးမားသော အရှက်ခွဲမှုပင်။

မုန့်လျဲ့၏ မျက်နှာထက်မှ အမာရွတ်ကြီးမှာ သံကောင်တစ်ကောင်အလား တလှုပ်လှုပ်ဖြစ်လျက် “အခုတော့ မောက်မာထားဦးပေါ့၊ လေလံပွဲပြီးရင်တော့ ငါတို့ကို စိန်ခေါ်တဲ့သူတွေအားလုံး သေချင်စိတ် ပေါက်သွားစေရမယ်” ဟု ကြိမ်းဝါးလိုက်လေသည်။

ထို့နောက် သူတို့နှစ်ဦးမှာ အလယ်ဗဟိုရှိ ထိုင်ခုံများတွင် ဝင်ထိုင်လိုက်ကြသည်။

“အားလုံး အဆင်သင့်ဖြစ်ပြီလား” ဟု ဖုန်းချန်းက တိုးတိုးလေး မေးလိုက်သည်။

“စိတ်ချပါ၊ အားလုံး အစီအစဉ်အတိုင်းပါပဲ၊ လေလံပွဲပြီးရင်တော့ အဲဒီကောင်တွေကို အရှင်လတ်လတ် ငရဲကျအောင် လုပ်ပေးမယ်” ဟု မုန့်လျဲ့က ယုတ်မာသော အပြုံးဖြင့် ဆိုသည်။

“လေလံပွဲ စတင်ပြီ။”

အကြည့်များအားလုံး စင်မြင့်ထက်သို့ ရောက်သွားကြ၏။ ထိုအချိန်တွင် မီးခိုးရောင်ဝတ်စုံနှင့် သက်လက်ပိုင်း အမျိုးသားတစ်ဦး ထွက်လာခဲ့သည်။ သူမှာ အထူးဂိုဏ်းကြီးများမှ မဟာဗျူဟာမြို့တော်ကို စောင့်ရှောက်ရန် လွှတ်လိုက်သော စုန့်ထိုက် ဖြစ်သည်။

ရှောင်တျောင်းက နှာခေါင်းရှုံ့လျက် “ဒီကလေးတွေအတွက်တော့ သူက တကယ်ကို မလှန်ဝံ့စရာ ပုဂ္ဂိုလ်ကြီးပေါ့” ဟု ပြောလိုက်သည်။

စင်မြင့်ထက်မှ စုန့်ထိုက်သည် လေလံစည်းကမ်းများကို ရှင်းပြနေစဉ် သူ၏ ဝိညာဉ်စွမ်းအင်မှာ ပရိသတ်ကြားသို့ ဖြတ်သန်းသွား၏။ ဝူယွမ်နှင့် ရှောင်တျောင်းတို့အနား ရောက်သောအခါ သူ အနည်းငယ် တုန့်ဆိုင်းသွားပြီး သူတို့နှစ်ဦးကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“ငါခံစားမိတာများ မှားတာလား...”

သူ့စိတ်ထဲတွင် ဝူယွမ်တို့ထံမှ ထူးဆန်းသော အန္တရာယ်အငွေ့အသက်အချို့ကို ခံစားလိုက်ရခြင်း ဖြစ်သည်။

“ဟဲဟဲ... ဒီလူက အာရုံခံစားမှု အားအတော်လေး ကောင်းတာပဲ” ဟု ရှောင်တျောင်းက တိုးတိုးလေး ပြောလိုက်သည်။

“မင်းရဲ့ စွမ်းအင်တွေကို ထိန်းထားဦး၊ ဒီဂိုဏ်းကြီးတွေထဲမှာ မင်းတို့ ကောင်းကင်မြွေပါ မျိုးနွယ်စုရဲ့ ရန်သူတွေ ပါနေမလား မသိဘူး” ဟု ဝူယွမ်က ရှောင်တျောင်းကို သတိပေးလိုက်၏။

စင်မြင့်ထက်တွင် စုန့်ထိုက်သည် သူ၏ လက်စွပ်အတွင်းမှ အလင်းတန်းပေါင်းများစွာကို ထုတ်ယူလိုက်ရာ ထိုအလင်းတန်းများမှာ စင်ပေါ်တွင် လွင့်ပျံနေကြသည်။ ၎င်းတို့မှာ ယနေ့ လေလံတင်မည့် ရတနာများပင် ဖြစ်သည်။ ထိုအထဲတွင် လူဦးခေါင်းခန့်ရှိသော ခရမ်းရောင် အလင်းလုံးကြီးမှာ အတောက်ပဆုံးဖြစ်ပြီး ကောင်းကင်အဆင့် ဝိညာဉ်ရတနာမှာ ထိုအထဲတွင် ရှိနေခြင်းဖြစ်သည်။

ပထမဆုံး လေလံပစ္စည်းမှာ မြေကမ္ဘာအဆင့် ဝိညာဉ်ရတနာဖြစ်သော ‘တောင်ထိပ်ဝိညာဉ်ဓား’ ပဲဖြစ်သည်။ ၎င်းမှာ နိဗ္ဗာန်အဆင့်သုံး ကျင့်ကြံသူ၏ နိဗ္ဗာန်ရွှေကိုယ်ထည်ကိုပင် ထိခိုက်စေနိုင်လောက်အောင် ထက်မြက်လှသည်။

“အခြေခံဈေးက ရှစ်သိန်းပါ”

“ရှစ်သိန်းခွဲ...”

“ကိုးသိန်း...”

“ဝယ်လိုက်တော့” ဟု ဝူယွမ်က အမိန့်ပေးလိုက်ရာ မိုလင်းက ဝင်ရောက်လေလံဆွဲလေသည်။ ဝူယွမ်၏ လက်ထဲတွင် နိဗ္ဗာန်ဆေးလုံး သန်းပေါင်းရာချီရှိနေသဖြင့် သူက ဈေးနှုန်းကို ဂရုမစိုက်ပေ။ နောက်ဆုံးတွင် ထိုဓားကို တစ်သန်းသုံးသိန်းဖြင့် မဟာယန်ပြည်ထောင်စုက ရရှိသွားခဲ့သည်။

ထို့နောက်တွင်လည်း မြေကမ္ဘာအဆင့် ရတနာများကို တစ်ခုပြီးတစ်ခု လေလံတင်ရာ ဝူယွမ်တို့အဖွဲ့ကပင် အားလုံးကို သိမ်းကျုံးဝယ်ယူလိုက်ကြသည်။ စုန့်ထိုက်ပင်လျှင် အံ့အားသင့်သွားရ၏။ ဤလူများသည် လေလံဆွဲရန် လာခြင်းမဟုတ်ဘဲ ပစ္စည်းအားလုံးကို လက်ကားဝယ်ယူရန် လာသည့်အလားပင်။

“ဒီမြေကမ္ဘာအဆင့် ရတနာ ရှစ်ခုလုံးကို သူတို့ပဲ ယူသွားတာလား”

“ဒီမဟာယန်ပြည်ထောင်စုက ဘယ်လိုလုပ် ဒီလောက် ချမ်းသာနေရတာလဲ”

“သူတို့က နောက်ဆုံး ကောင်းကင်အဆင့် ရတနာအတွက် ဆေးလုံးတွေကို မချန်ထားဘူးလား၊ တကယ်ကို အမြင်ကျဉ်းတဲ့ လူတွေပဲ”

လူအများမှာ မနာလိုစိတ်၊ ကဲ့ရဲ့လှောင်ပြောင်သံများဖြင့် ဆူညံနေကြသော်လည်း ဝူယွမ်မှာမူ ဂရုမစိုက်ပေ။ သူသည် မြေကမ္ဘာအဆင့် ရတနာများသာမက နောက်ပိုင်းတွင် ထွက်လာသော ရှားပါးဆေးပင်များနှင့် လက်နက်ပြုလုပ်မည့် ပစ္စည်းများကိုပါ သိမ်းကျုံးဝယ်ယူလိုက်သည်။ သို့သော် လေတိမ်ပြည်ထောင်စုမှ ဝင်ရောက်လေလံဆွဲသော ပစ္စည်းအချို့ကိုမူ သူက တမင်အလျှော့ပေး၍ လွှတ်ပေးလိုက်၏။

နောက်ဆုံးတွင် မြေကမ္ဘာအဆင့် ရတနာတစ်ခုဖြစ်သော ‘မြေကမ္ဘာမီးလျှံကျောက်’ ထွက်လာသောအခါ ဝူယွမ်၏ မျက်လုံးများ တောက်ပသွားသည်။ သူ၏ ‘လေးလံသော အကျဉ်းထောင်တောင်’ ကို အဆင့်မြှင့်တင်ရန်အတွက် ဤပစ္စည်းကို လိုအပ်သည်။ ထို့ကြောင့် ထိုကျောက်တုံးကိုလည်း ဆေးလုံး နှစ်သန်းခွဲဖြင့် အပိုင်ဝယ်ယူလိုက်ပြန်သည်။

စုန့်ထိုက်သည် သူ၏ သက်တမ်းတစ်လျှောက်တွင် လေလံပွဲတစ်ခုလုံးကို ဤမျှ သိမ်းကျုံးဝယ်ယူသွားသော အဆင့်နိမ့် ပြည်ထောင်စုမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

“ကဲ... အခုဆိုရင် နောက်ဆုံးပစ္စည်းကို ရောက်ပါပြီ”

စုန့်ထိုက်က ခရမ်းရောင် အလင်းလုံးကို လက်ဖြင့် ဆွဲယူလိုက်ရာ အနက်ရောင် သံတံဆိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုတံဆိပ်၏အပေါ်၌ နဂါးနက်တစ်ကောင်သည် ကောင်းကင်သို့ မော့ကာ ဟိန်းဟောက်နေသည့် ပုံစံရှိပြီး ထိုဟိန်းသံမှာ မြေကမ္ဘာကိုပင် တုန်ခါစေနိုင်မည့်အလား ထင်မှတ်ရပေသည်။

“ဒါကတော့ ကောင်းကင်အဆင့် ဝိညာဉ်ရတနာ - နဂါးနက်ဟိန်းသံ ကောင်းကင်တံဆိပ် ပဲ ဖြစ်ပါတယ်”

All Chapters