ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက်၊ အခုချက်ချင်း လွှဲပေးစမ်း။
Vol. 19 Ch. 186
ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက်။
လက်ဖဝါးခန့်သာရှိသော နက်မှောင်သည့် သံတံဆိပ်တုံးလေးမှာ စုန့်ထိုက်၏ လက်ပေါ်တွင် တိတ်ဆိတ်စွာ ပျံဝဲနေ၏။ ၎င်းအပေါ်၌ ရစ်ပတ်ထားသော နဂါးနက်ရုပ်တုမှာ ထူးဆန်းသော အလင်းတန်းများဖြင့် တလက်လက် တောက်ပနေပြီး ဟစိဟစိ ဖြစ်နေသော နဂါးပါးစပ်အတွင်းမှ နဂါးဟိန်းသံတစ်ချက် ထွက်ပေါ်လာကာ ပတ်ဝန်းကျင် ဟင်းလင်းပြင်ကိုပင် တောင့်ခဲသွားစေသည့်အလား ခံစားလိုက်ရစေသည်။
လေလံခန်းမတစ်ခုလုံးရှိ လူတိုင်း၏ အကြည့်များမှာ ထိုနဂါးနက်သံတံဆိပ်ပေါ်သို့ ကျရောက်နေကြ၏။ သူတို့၏ မျက်ဝန်းများထဲတွင် လောဘဇောများ မီးလျှံများကဲ့သို့ တောက်လောင်နေကြပြီး ထိုဝိညာဉ်ရတနာကို အရည်ဖျော်ပစ်ချင်သည့်အလား စူးစိုက်ကြည့်နေကြပေသည်။
ဤသည်ကား သူတို့ လေလံပွဲသို့ လာရောက်ရခြင်း၏ အဓိက ရည်မှန်းချက်ပန်းတိုင်ပင် ဖြစ်တော့သည်။
အထူးပြည်ထောင်စုကြီး လေးခုအနက် သုံးခုမှာ အစောပိုင်းက မည်သည့်ပစ္စည်းကိုမျှ ဝင်ရောက် လေလံမဆွဲခဲ့ခြင်းမှာ ယခုကဲ့သို့ ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက်ကို ရယူယှဉ်ပြိုင်နိုင်ရန်အတွက် သူတို့၏ နိဗ္ဗာန်ဆေးလုံးများကို ချွေတာထားချင်ခြင်းကြောင့် ဖြစ်ပေသည်။
အကယ်၍သာ ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက် တစ်ခုကို ရရှိခဲ့ပါက သူတို့၏ စွမ်းအားမှာ အဆမတန် မြင့်မားသွားမည်ဖြစ်ပြီး ရှေ့လာမည့် ပြည်ထောင်တစ်ရာတိုက်ပွဲတွင်လည်း ကောင်းမွန်သော အဆင့်အတန်းတစ်ခုကို ရယူနိုင်မည် ဖြစ်သည်။
ယခုမူ တကယ့်ပြိုင်ပွဲကြီး စတင်လာခဲ့လေပြီ။
“နဂါးနက်ဟိန်းသံကောင်းကင်တံဆိပ်... ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက်ပဲ ဖြစ်ပါတယ်၊ အဖွင့်ဈေးကတော့ နိဗ္ဗာန်ဆေးလုံး သန်းတစ်ရာပါ”
စုန့်ထိုက်၏ အသံမှာ ခန်းမတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားပြီး ‘သန်းတစ်ရာ’ ဟူသော စကားလုံးမှာ လူတိုင်း၏ နားထဲတွင် ဟိန်းထွက်သွားတော့သည်။
ဤဈေးနှုန်းမှာ လူအများစုကို ချက်ချင်းပင် လက်လျှော့သွားစေ၏။
အထူးပြည်ထောင်စုများသာလျှင် ဤမျှကြီးမားသော ပမာဏကို ယှဉ်ပြိုင်နိုင်စွမ်း ရှိကြပေသည်။
“သန်းတစ်ရာ့နှစ်ဆယ်”
လေတိမ်ပြည်ထောင်စုမှ လူများက ပထမဆုံး စတင်လေလဲဆွဲလိုက်သည်။ သူတို့သည် ဤကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက်ကို မရမနေ ရယူရန် ဆုံးဖြတ်ထားပုံရသည်။
အခြားတစ်ဖက်တွင်မူ မုလင်က အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီးနောက် “သန်းတစ်ရာ့ငါးဆယ်” ဟု အော်လိုက်ပြန်သည်။
သူ ဤဈေးနှုန်းကို အော်လိုက်စဉ်တွင် သူ၏ မျက်နှာပေါ်၌ နှမြောတသဖြစ်နေသော အရိပ်အယောင်များ ပေါ်လွင်နေ၏။
ဤဈေးနှုန်းမှာ သူတို့၏ ကန့်သတ်ချက်သို့ နီးကပ်နေပြီဖြစ်ကြောင်း ထင်ရှားလှပေသည်။
မီးလျှံပြည်ထောင်စုမှ မိုဖန်နှင့် သစ်တောပြည်ထောင်စုမှ ဝူထုန်တို့ကလည်း လေလံဆွဲရန် ပြင်ဆင်လာကြရာ ဈေးနှုန်းမှာ ခဏလေးအတွင်းမှာပင် သန်းနှစ်ရာသို့ ရောက်ရှိသွားတော့သည်။
“မင်းတို့ရဲ့ ကန့်သတ်ချက်ကို ငါကောင်းကောင်း သိထားတယ်၊ မင်းတို့ဆီမှာ ရှိတဲ့ နိဗ္ဗာန်ဆေးလုံး အရေအတွက်က ငါ့ကို မကျော်နိုင်ပါဘူး။ မုလင်... မင်းဆီမှာ အများဆုံးရှိမှ သန်းနှစ်ရာ့သုံးဆယ်ပဲ ရှိမှာပါ၊ ဟဲဟဲ... ငါ သန်းနှစ်ရာ့ငါးဆယ် ပေးတယ်”
ဖုန်းချန်းက မုလင်းကို အေးစက်စွာ ကြည့်ရင်း လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
ဤလေလံပွဲ မစတင်မီကပင် သူသည် ဤပြည်ထောင်စုများမှ လူအချို့ကို လာဘ်ထိုးကာ ၎င်းတို့၏ နိဗ္ဗာန်ဆေးလုံး ပမာဏကို စုံစမ်းထားပြီးဖြစ်ရာ အခြား အထူးပြည်ထောင်စု သုံးခုကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိနေသည်။ သို့သော်လည်း မဟာယန်ပြည်ထောင်စုမှ ဝူယွမ် ပေါ်ထွက်လာခြင်းမှာ သူ မခန့်မှန်းနိုင်သော အချက်တစ်ချက် ဖြစ်နေသဖြင့် ဖုန်းချန်းမှာ အနည်းငယ်တော့ စိုးရိမ်စိတ် ရှိနေ၏။
မုလင်၊ မိုဖန်နှင့် အခြားသူများ၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးသွားကြသည်။ သူတို့အားလုံးက ဝူယွမ်ဘက်သို့ လှည့်ကြည့်လိုက်ကြ၏။ ဝူယွမ်မှာ ယခုအချိန်အထိ လေလံမဆွဲရသေးသော်လည်း ဖုန်းချန်းကို ယှဉ်ပြိုင်နိုင်မည့်သူမှာ ဝူယွမ်တစ်ယောက်သာ ရှိသည်ဟု သူတို့အားလုံး ခံစားနေရသည်။
“ဝူယွမ်... မင်း ခုနကပဲ ပစ္စည်းတွေ အများကြီး လေလံဆွဲထားတာလေ၊ အခု ကောင်းကင်အဆင့် ဝိညာဉ်ရတနာအတွက် ငါတို့နဲ့ ယှဉ်ဖို့ ငွေ ရှိသေးရဲ့လား”
ဖုန်းချန်းနှင့် မုန့်လဲ့တို့ကလည်း ဝူယွမ်ကို စပ်စုသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ ဝူယွမ်အနေဖြင့် သူတို့ကို ယှဉ်ပြိုင်နိုင်လောက်သည့် နိဗ္ဗာန်ဆေးလုံးများ မရှိပါစေနှင့်ဟုလည်း ဆုတောင်းနေကြ၏။
“သန်းနှစ်ရာ့ခုနစ်ဆယ်... ဒါ ငါတို့ဆီမှာ ရှိသမျှ အကုန်ပဲ၊ မင်း ဒီထက် ပိုပေးနိုင်ရင်တော့ ဒါ မင်းအပိုင်ပေါ့” ဝူယွမ်က သွားကြိတ်ခံစားနေရဟန် ဆောင်ကာ ပြောလိုက်သည်။
“ဟွန်း... ဒါဆိုရင်တော့ ဒီတစ်ခါတော့ မင်း ရှုံးဖို့ ကံပါလာပြီပဲ”
ဖုန်းချန်းက နောက်ဆုံးတွင် မအောင့်နိုင်ဘဲ ရယ်မောလိုက်ပြီး သစ်တောပြည်ထောင်စုဘက်သို့ လှည့်ကာ “ဝူထုန်... မင်းရဲ့ နိဗ္ဗာန်ဆေးလုံးတွေ ငါ့ကို ခဏချေးစမ်း” ဟု ပြောလိုက်သည်။
ဤသည်ကား လေတိမ်ပြည်ထောင်စု၏ ယုံကြည်ချက်ပင် ဖြစ်သည်။ သူတို့ တစ်စုတည်း မယှဉ်နိုင်လျှင်ပင် နောက်ထပ် အထူးပြည်ထောင်စု တစ်ခု၏ အင်အားကို ပေါင်းစပ်နိုင်ရန် ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်လေသည်။
သူ၏ အော်သံကြောင့် မုလင်နှင့် မိုဖန်တို့၏ မျက်နှာပေါ်တွင် ဒေါသနှင့် အေးစက်မှုများ ယှက်သန်းသွားတော့သည်။ သူတို့ နှစ်ဦးလုံးက ဝူထုန်ကို အေးစက်စက် အကြည့်များဖြင့် ကြည့်လိုက်ကြ၏။
မုလင်းက “ဝူထုန်... မင်းတို့တွေ... လျှို့ဝှက် မဟာမိတ် ဖွဲ့ထားကြတာပေါ့လေ” ဟု ဒေါသတကြီး ပြောလိုက်သည်။
မိုဖန်ကလည်း “တောက်... ဝူထုန်၊ မင်းကတော့ တကယ့် ခွေးပဲ” ဟု ဆဲလိုက်မိသည်။
မူလက မဟာဗျူဟာ မြို့တော်ကြီးအတွင်းရှိ အထူးပြည်ထောင်စုကြီး လေးခုမှာ တစ်ခုနှင့်တစ်ခု ရန်ဘက်များသာ ဖြစ်ကြသည်။ ၎င်းတို့၏ ဆက်ဆံရေးမှာ လုံးဝ မကောင်းလှဘဲ ပြိုင်ဘက်များသာ ဖြစ်ကြမည်ကို သိထားကြသည်။
သို့သော် ယခုအခါ လေတိမ်ပြည်ထောင်စုနှင့် သစ်တောပြည်ထောင်စုတို့ မဟာမိတ် ဖွဲ့လိုက်ခြင်းမှာ အထီးကျန်လပြည်ထောင်စုနှင့် မီးလျှံပြည်ထောင်စုတို့အတွက် သတင်းဆိုးပင် ဖြစ်ပေသည်။
“ဖုန်းချန်း... နောက်ကျရင် ပေးမယ်လို့ ကတိပေးထားတဲ့ လက်ဆောင်ကိုတော့ အပြည့်အဝ ပေးရမယ်နော်” ဝူထော့ကလည်း လှောင်ပြုံးလေး ပြုံးရင်း သိုလှောင်အိတ်ကို ပစ်ပေးလိုက်သည်။
“စိတ်မပူပါနဲ့၊ မင်းနဲ့ အလျော်အစား မပျက်စေရဘူး”
“ကဲ... အခု ငါတို့နဲ့ ယှဉ်ဖို့ မင်းမှာ ဘာရှိသေးလဲ ကြည့်ရအောင်၊ ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက်က ငါတို့ လေတိမ်ပြည်ထောင်စု အပိုင်ပဲ”
ဖုန်းချန်းက အလွန်အမင်း ဂုဏ်ယူဝင့်ကြွားနေဟန်ဖြင့် ပြောလိုက်သည်။
“ညီအစ်ကို ဝူယွမ်... မင်း တကယ်လို့ မကျေနပ်ရင် ငါတို့ အထီးကျန်လပြည်ထောင်စုက ကူညီပေးနိုင်ပါတယ်”
ထိုအချိန်တွင် မုလင်က ဝူယွမ်ထံသို့ လျှို့ဝှက်သတင်း ပေးပို့လိုက်သည်။ အဓိပ္ပာယ်မှာ သူ၏ နိဗ္ဗာန်ဆေးလုံးများကို ဝူယွမ်အား ချေးပေးလိုခြင်း ဖြစ်သည်။
“စေတနာအတွက် ကျေးဇူးတင်ပါတယ် ညီအစ်ကို မုလင်၊ ဒါပေမဲ့ မလိုပါဘူး” ဝူယွမ်က အေးအေးဆေးဆေး ပြန်လည်ဖြေကြားလိုက်သည်။
ဝူယွမ်၏ အဖြေကို ကြားလိုက်ရသောအခါ မုလင်း အံ့အားသင့်သွားခဲ့၏။
‘ဝူယွမ်က လေတိမ်ပြည်ထောင်စုနှင့် ကောင်းကင်အဆင့် ဝိညာဉ်ရတနာအတွက် မပြိုင်ချင်တော့ဘူးလား။ သူ ဘာကို ဆိုလိုတာလဲ။ လေတိမ်ပြည်ထောင်စုကသာ အဲ့ရတနာကို ရသွားလျှင် သူ့ကို ချက်ချင်း လာရောက် ဒုက္ခပေးမှာကို သူ မသိတာလား’
ထိုစဉ် မုလင်၏ မျက်ဝန်းများမှာ ရုတ်တရက် တောက်ပသွားတော့သည်။
ဖြစ်နိုင်ခြေ တစ်ခုသာ ရှိသည်၊ ၎င်းမှာ ဝူယွမ်က ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက်ကို ကိုင်ဆောင်ထားမည့် ဖုန်းချန်းကို လုံးဝ မကြောက်ခြင်းပဲ ဖြစ်သည်။
ဖုန်းချန်းက “ဆရာကြီးစုန့်... ကျွန်တော် သန်းသုံးရာ ပေးတယ်၊ အခု ရလဒ်ကို ကြေညာပေးလို့ ရပြီလား” ဟု ပြောလိုက်သည်။
စုန့်ထိုက်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး အခြားသူများ လေလံမဆွဲတော့သည်ကို မြင်သောအခါ ချက်ချင်းပင် ကြေညာလိုက်တော့သည်။ “နဂါးနက်ဟိန်းသံကောင်းကင်တံဆိပ်... အပြီးသတ် လေလံဈေး နိဗ္ဗာန်ဆေးလုံး သန်းသုံးရာပါ”
ဖုန်းချန်း၏ လက်ထဲမှ နိဗ္ဗာန်ဆေးလုံး သန်းသုံးရာ အပြည့်ပါသော သိုလှောင်အိတ်မှာ စင်ပေါ်သို့ ပျံတက်သွားပြီး စုန့်ထိုက်၏ လက်ထဲသို့ ကျရောက်သွားသည်။ စုန့်ထိုက်က လက်တစ်ချက် ဝေ့ယမ်းလိုက်ရာ နက်မှောင်သော သံတံဆိပ်တုံးလေးမှာ အမည်းရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝမ်းသာအားရ ပြုံးနေသော ဖုန်းချန်း၏ လက်ထဲသို့ ရောက်ရှိသွားတော့သည်။
နဂါးနက်ဟိန်းသံကောင်းကင်တံဆိပ်ကို ရရှိသည်နှင့် တပြိုင်နက် သူ၏ မျက်လုံးများမှာ ခက်ထန်သွားပြီး ကောင်းကင်ပေါ်သို့ တိုက်ရိုက် ပျံတက်သွားကာ ဝူယွမ်ကို ငုံ့ကြည့်ရင်း ပြောလိုက်၏။
“ဝူယွမ်... မင်း ကောင်စုတ်လေး.. လုံထန်းကို အခုချက်ချင်း လွှတ်ပေးစမ်း၊ မဟုတ်ရင် ဒီနေ့ မင်းကို သေချင်စိတ် ပေါက်သွားအောင် ငါလုပ်ပြမယ်”
“ငါလည်း မင်းကို အဲဒါပဲ ပြောချင်နေတာ၊ လုံထန်းရဲ့ အသက်ကို လိုချင်ရင် အဲဒီ ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက်ကို ငါ့ကို လွှဲပေးလိုက်” ဝူယွမ်က အောင်နိုင်သူတစ်ယောက်ကဲ့သို့ ပြုံးရင်း ဖုန်းချန်းကို ကြည့်လိုက်သည်။
ထိုအချိန်တွင် လုံထန်းကို လင်းတုန်က ဖမ်းဆီးထားပြီး သူ၏ လည်ပင်းကို ညှစ်ကာ ဖုန်းချန်းကို ခြိမ်းခြောက်နေသည့်ကြည့်ရင်း ပုံစံဖြင့် ရပ်နေ၏။
“မင်းက လုံထန်းကို သုံးပြီး ငါ့ကို ခြိမ်းခြောက်လို့ ရမယ် ထင်နေတာလား၊ မင်း တကယ်ကို ကလေးဆန်တာပဲ” ဖုန်းချန်းက နှာခေါင်းရှုံ့လိုက်သည်။ နဂါးနက်ဟိန်းသံကောင်းကင်တံဆိပ်မှာ သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် တံဆိပ်ခတ်နှိပ်ထားပြီး ဖြစ်သည်။
“လေလံရုံ အတွင်းထဲမှာ တိုက်ခိုက်တာကို တားမြစ်ထားတယ်၊ တိုက်ချင်ရင် အပြင်ထွက်တိုက်ကြ” စုန့်ထိုက်၏ အသံမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ ဤနေရာတွင် တိုက်ခိုက်ပါက လေလံရုံ ပျက်စီးသွားမည်ကို သူ စိုးရိမ်နေခြင်းဖြစ်သည်။
“ဝူယွမ်... အပြင်ထွက်ပြီး လာအသေခံစမ်း”
ဖုန်းချန်းက ကောင်းကင်ပေါ်သို့ ပျံတက်ကာ လေလံရုံအတွင်းမှ တိုက်ရိုက် ထွက်ခွာသွားတော့သည်။
“ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက် တစ်ခု ရရုံနဲ့ ဘာလို့ ဒီလောက် ယုံကြည်ချက် ရှိနေရတာလဲ” ဝူယွမ်က ခေါင်းယမ်းလိုက်ပြီး လေလံရုံအတွင်းမှ လိုက်ပါ ပျံထွက်သွား၏။
သူ လေလံပွဲထဲတွင် လေတိမ်ပြည်ထောင်စုကို မပြိုင်ခဲ့ခြင်းမှာ ဖုန်းချန်းက သူတို့ကို လာရောက် ဒုက္ခပေးမည်ကို သိနေသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ ဖုန်းချန်း ရရှိသမျှ အရာအားလုံးသည် နောက်ဆုံးတွင် သူ၏ အပိုင် ဖြစ်လာမည် ဖြစ်ရာ ဤ ‘ပစ္စည်းပို့သမား’ နှင့် အပြိုင်အဆိုင် လုနေစရာ မလိုတော့ပေ။
“ဟဲဟဲ... စိတ်ဝင်စားစရာပဲ၊ လုစရာ ပစ္စည်းတစ်ခု တိုးလာပြန်ပြီ” ရှောင်တျောင်းက ရယ်မောကာ နောက်က လိုက်သွားတော့သည်။
ခန်းမအတွင်းရှိ လူများလည်း အပြင်သို့ ပျံထွက်လာကြ၏။ မည်သူကမျှ ဤမျှ စိတ်လှုပ်ရှားဖွယ် ကောင်းသော ပွဲကြီးကို မလွတ်တမ်း ကြည့်လိုကြပေသည်။ စုန့်ထိုက်ပင်လျှင် စိတ်ဝင်တစားဖြင့် လေလံရုံ၏ အမိုးပေါ်သို့ ပျံတက်ကာ စောင့်ကြည့်နေတော့သည်။
သူက ဝူယွမ်အပေါ် အလွန် စိတ်ဝင်စားနေခဲ့၏။ နိဗ္ဗာန်အဆင့်သုံးသာ ရှိသေးသော ဤလူငယ်သည် ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက်ကို ကိုင်ဆောင်ထားသည့် နိဗ္ဗာန်အဆင့်လေး ဖုန်းချန်းကို ဘာအင်အားကို ယုံကြည်ပြီး စိန်ခေါ်ဝံ့သလဲဆိုသည်ကို သူ မြင်လိုပေသည်။
ဝူယွမ် အပြင်သို့ ထွက်လာသည်နှင့် တပြိုင်နက် ဖုန်းချန်းက ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် ချက်ချင်းပင် တိုက်ခိုက်တော့သည်။ သူ၏ လက်တံဆိပ်များမှာ လေထဲတွင် လှုပ်ရှားနေပြီး ခဏချင်းအတွင်းမှာပင် လေဆင်နှာမောင်း မုန်တိုင်း လေးခုမှာ ဝုန်းဒိုင်းကြဲ ထွက်ပေါ်လာ၏။
မုန်တိုင်းများအတွင်းတွင် အလွန်တရာ ပြင်းထန်သော ယွမ်စွမ်းအင်များ ပျံ့နှံ့နေသည်။ ထို့အပြင် မုန်တိုင်းများ လည်ပတ်နေစဉ်အတွင်း နတ်ဆိုး အရှိန်အဝါများ ထွက်ပေါ်နေသော ဧရာမ မျက်နှာကြီးများမှာလည်း တလက်လက် ပေါ်လာ၏။
“မဟာနတ်ဆိုးလေပြင်းလက်ဝါး”
ဧရာမ မုန်တိုင်း လေးခုမှာ သောင်းကျန်းနေသော လေနဂါးများကဲ့သို့ ကောင်းကင်ယံကို ဟိန်းထွက် ဖြတ်သန်းသွားသည်။ ပြင်းထန်သော လေဖိအားကြောင့် အောက်ဘက်ရှိ ရှေးဟောင်း အဆောက်အအုံများမှာပင် အက်ကွဲကြောင်းကြီးများ ပေါ်သွားတော့သည်။
အလွန် စွမ်းအားကြီးမားသော ဝိညာဉ်သိုင်းပညာရပ် တစ်ခုပဲဖြစ်လေသည်။
ဤမျှ စွမ်းအားကြီးမားမှုကြောင့် မုလင်နှင့် အခြား နိဗ္ဗာန်အဆင့်လေး ပညာရှင်များပင်လျှင် မျက်နှာများ ပျက်သွားကြသည်။
“မဟာရှေးဟောင်းဥက္ကာခဲလက်ဝါး”
ဝူယွမ်က သူ၏ လက်ဝါးကို အသာအယာ တွန်းထုတ်လိုက်ရာ ဧရာမ လက်ဝါးရာကြီးတစ်ခု ကောင်းကင်မှ ကျဆင်းလာခဲ့သည်။ နက်မှောင်သော လက်ဝါးရာအတွင်း၌ ကြယ်စင်စုများ တလက်လက် တောက်ပနေပြီး ကြယ်တာရာများ ကြွေကျလာကာ ဟင်းလင်းပြင်၌ မြင့်မားသော ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာ၏။
ဤသည်ကား မဟာရှေးဟောင်း ဧကရာဇ်ကျမ်းမှ ဆင်းသက်လာသော ဝိညာဉ်သိုင်းပညာရပ် တစ်ခုပင် ဖြစ်ပေသည်။
ဝုန်း။
လက်ဝါးရာကြီး ကျဆင်းလာပြီး လေဆင်နှာမောင်း လက်ဝါးကို ချက်ချင်းပင် ပိတ်ဆို့ချေမှုန်းပစ်လိုက်တော့သည်။
ဖုန်းချန်း၏ မျက်လုံးများမှာ ပိုမို စူးရှလာသော်လည်း ထိုစူးရှမှုထဲတွင် စိုးရိမ်စိတ်အချို့ စတင် စိမ့်ဝင်လာနေပြီ ဖြစ်သည်။
ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက်ကို မသုံးဘဲနှင့် သူ၏ စွမ်းအားသည် ဝူယွမ်ကို မနှိမ်နင်းနိုင်ပေ။ စွမ်းအားကြီးမားသော ဝိညာဉ်သိုင်းပညာရပ်ကို ထုတ်သုံးလိုက်တာတောင် အသာစီး မရသည့်အပြင် ဝူယွမ်၏ အလွယ်တကူ တုံ့ပြန်ခြင်းကို ခံလိုက်ရသည်။
“မြန်မြန် မင်းရဲ့ ကောင်းကင်အဆင့် ဝိညာဉ်ရတနာကို ထုတ်သုံးလိုက်စမ်း၊ မဟုတ်ရင် မင်းရဲ့ အစမ်းလေ့ကျင့်မှု ကာလက ကုန်တော့မယ်” ဝူယွမ်က လှောင်ပြောင်လိုက်၏။
“ဟမ့်... ဒါဆိုရင်လည်း မင်း ဆန္ဒအတိုင်း ဖြစ်စေရမယ်”
ဖုန်းချန်း၏ ပတ်ဝန်းကျင်မှာ ချက်ချင်းပင် ပြောင်းလဲသွားပြီး အမည်းရောင် အလင်းတန်းများ လှိုင်းထလာကာ ဖုန်းချန်း၏ လက်ထဲမှ လက်ဖဝါးခန့်အရွယ်သာ ရှိသော နက်မှောင်သည့် သံတံဆိပ်တုံးလေး ထွက်ပေါ်လာသည်။ လူအများကို တုန်လှုပ်စေသော ကြောက်မက်ဖွယ်ကောင်းသည့် လှိုင်းတုန်ခါမှုကြီးမှာ နက်မှောင်သော သံတံဆိပ်တုံးမှ လှိုင်းလုံးများသဖွယ် ထွက်ပေါ်လာတော့သည်။
ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက် ပေါ်ထွက်လာသည်နှင့် တပြိုင်နက် လူတိုင်း၏ အကြည့်များမှာ ထိုနေရာသို့ ရောက်ရှိသွားကြ၏။
သူတို့အားလုံးသည် နိဗ္ဗာန်ဆေးလုံး သန်းသုံးရာတန် ဤကောင်းကင်အဆင့် ဝိညာဉ်ရတနာ၏ စွမ်းအားကို အလွန်ပင် သိချင်နေကြပေသည်။
ဖုန်းချန်းက ခြေတစ်လှမ်း အပြင်းလှမ်းလိုက်ပြီး သူ၏ ကိုယ်အတွင်းရှိ ယွမ်စွမ်းအင်များကို သူ၏ လက်ထဲရှိ သံတံဆိပ်တုံးထဲသို့ အဆက်မပြတ် သွန်းလောင်းထည့်လိုက်သည်။ ယွမ်စွမ်းအင်များ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားသည်နှင့် တပြိုင်နက် သံတံဆိပ်တုံးမှ တဝီဝီ မြည်သံတစ်ချက် ထွက်ပေါ်လာပြီး တံဆိပ်တုံးပေါ်၌ ရစ်ပတ်ထားသော နဂါးနက်၏ ပိတ်ထားသော မျက်လုံးများမှာ ဖြည်းညှင်းစွာ ပွင့်လာတော့သည်။
အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းသော လှိုင်းတုန်ခါမှုကြီးမှာ ရုတ်တရက် ပျံ့နှံ့သွား၏။ ကောင်းကင်ယံတွင်လည်း မည်းမှောင်သော တိမ်တိုက်များပင် အုံ့မှိုင်းလာပေသည်။
“နဂါးနက် ဟိန်းသံ”
ဖုန်းချန်းမှာ ရူးသွပ်နေပြီဖြစ်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
သူ၏ လက်တံဆိပ်များမှာ အဆက်မပြတ် ပြောင်းလဲနေပြီး မျက်လုံးပွင့်လာသော နဂါးနက်ကြီးမှာ သူ၏ ပါးစပ်ကို ရုတ်တရက် ဟလိုက်သည်။ နောက်တစ်ခဏ၌ ကောင်းကင်ကိုးထပ်မှ ဆင်းသက်လာသည့်အလား စွမ်းအားကြီးမားပြီး ရှေးကျသော နဂါးဟိန်းသံတစ်ချက် ပေါက်ကွဲထွက်လာတော့သည်။
ဝုန်း။
ဖျက်ဆီးခြင်း အရှိန်အဝါများ ရောယှက်နေသည့် အမည်းရောင် အသံလှိုင်းများမှာ နဂါးပါးစပ်အတွင်းမှ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာ၏။
ထိုအသံလှိုင်းများမှာ ဒြပ်စင်ရှိသကဲ့သို့ပင် ထင်ရှားလှပေသည်။ စုန့်ထိုက် အစောက ပြောခဲ့သကဲ့သို့ပင် နိဗ္ဗာန်အဆင့်လေး ကျင့်ကြံသူ၏ နိဗ္ဗာန်ရွှေကိုယ်ထည်ပင်လျှင် ဤလှိုင်းများကို ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ပေ။
“မင်း ဘာနဲ့ ခုခံမလဲ ကြည့်ရအောင်” ဖုန်းချန်းက အောင်နိုင်သူတစ်ဦးကဲ့သို့ ပြောလိုက်သည်။
သူသည် နိဗ္ဗာန်အဆင့်လေး ကျင့်ကြံသူတစ်ယောက် ဖြစ်နေပီဖြစ်ပြီး ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက်ကို သုံးနေတာတောင်မှ နိဗ္ဗာန်အဆင့်သုံးရှိသူကို မနိုင်ဘူးဆိုရင် သူ. ဖုန်းချန်းဟာ အလကားလူ ဖြစ်သွားလိမ့်မည်။
“ငါက ခုခံဖို့ လိုလို့လား” ဝူယွမ်က သူ၏ နှုတ်ခမ်းကို မဲ့လိုက်ပြီး ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
“လိန့်ယွမ်”
သူက အသံတိုးတိုးဖြင့် ဟိန်းဟောက်လိုက်ရာ ခရမ်းငွေရောင် အလင်းတန်းများ ဖြာထွက်နေသော စူးရှသည့် မိုးကြိုးဓားတစ်လက်မှာ သူ၏ လက်ထဲတွင် ပေါ်လာတော့သည်။ ထိုဓားမှာ တောက်ပသော လျှပ်စီးတန်းများဖြင့် တလက်လက် တောက်ပနေပြီး တစ်ချိန်တည်းမှာပင် ဝိညာဉ်စွမ်းအင်နှင့် ယွမ်စွမ်းအင်များမှာ ဓားထဲသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွား၏။
လက်နှစ်ဖက်စလုံးကို ဝေ့ယမ်းလိုက်ရာ မိုးကြိုးဝိညာဉ်ကောင်းကင်ဓားမှာ ရုတ်တရက် ရှည်ထွက်သွားပြီး ဓားအလင်းတန်းများ ပန်းထွက်လာခဲ့သည်။ တောက်ပသော လျှပ်စီးဓားအလင်းတန်းမှာ ဒြပ်စင်ရှိသကဲ့သို့ ထင်ရှားလှသော အမည်းရောင် အသံလှိုင်းများနှင့် ထိပ်တိုက် တိုးမိတော့သည်။
ထိုတိုက်ခိုက်မှု အရှိန်ကြောင့် အောက်ဘက်ရှိ ရှေးကျပြီး ခိုင်ခံ့သော အဆောက်အအုံများမှာ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားရေလသည်။
ဝုန်း။
ယွမ်စွမ်းအင်များစွာ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ရှိ လူများမှာ ထိခိုက်မှု မရှိစေရန် အလျင်အမြန် ဆုတ်ခွာသွားကြသည်။
လျှပ်စီးဓားအလင်းတန်းမှာ ပျံ့နှံ့သွားပြီး အသံလှိုင်းများ အားလုံးကို ချက်ချင်းပင် ရိုက်ခွဲပစ်လိုက်တော့သည်။
“ဟမ်... နောက်ထပ် ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက် တစ်ခုပါလား”
စုန့်ထိုက်၏ အကြည့်မှာ ဝူယွမ်၏ လက်ထဲသို့ ကျရောက်နေပြီး သူ့ လက်ထဲရှိ မိုးကြိုးဝိညာဉ်ကောင်းကင်ဓားကို ကြည့်ကာ အံ့အားသင့်စွာ ရေရွတ်လိုက်မိ၏။
“အင်း... ဝူယွမ်မှာလည်း ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက် ရှိနေတာပဲ၊ ဒါကြောင့်လည်း သူက ဖုန်းချန်းကို လုံးဝ မကြောက်တာပေါ့၊ ဒါက သူ့ရဲ့ ဝှက်ဖဲပဲ”
“ဒီတစ်ခါတော့ လေတိမ်ပြည်ထောင်စု ကံဆိုးပြီ ထင်တယ်”
... မိုးကြိုးဝိညာဉ်ကောင်းကင်ဓား ပေါ်လာခြင်းကြောင့် ပတ်ဝန်းကျင်ရှိ လူတိုင်း အလွန် အံ့အားသင့်သွားကြသည်။ ၎င်းတို့အားလုံးသည် ဝူယွမ်၏ ယုံကြည်ချက်မှာ ဤကောင်းကင်အဆင့် ရတနာဓားမှ လာသည်ဟု ထင်နေကြသည်။
“ကောင်းကင်အဆင့် ဝိညာဉ်ရတနာတွေမှာလည်း အနိမ့်အမြင့် ရှိသေးတယ်”
“မင်း လက်ထဲက ဓားက ကောင်းကင်အဆင့်ကို အခုမှ ရောက်ခါစပဲ ရှိသေးတာ၊ ငါ့လက်ထဲက တံဆိပ်မှာက နဂါးဝိညာဉ် ကိန်းအောင်းနေတာ”
ဖုန်းချန်းက အေးစက်စွာ ပြောလိုက်သည်။ ချက်ချင်းပင် သူ၏ လက်တံဆိပ်များမှာ ဆက်တိုက် ပြောင်းလဲသွားပြီး တဟုန်းဟုန်းတောက်လောက်နေသည့် ယွမ်စွမ်းအင်များမှာ နက်မှောင်သော သံတံဆိပ်တုံးထဲသို့ အဆက်မပြတ် စီးဝင်သွားသည်။ ၎င်းအပေါ်၌ ရစ်ပတ်ထားသော သေးငယ်သည့် နဂါးနက်၏ ခန္ဓာကိုယ်မှာလည်း ဤအခိုက်အတန့်တွင် တဖြည်းဖြည်း လင်းလက်လာပြီး သူ၏ ကိုယ်ပေါ်ရှိ အကြေးခွံများမှာလည်း ပိုထင်ရှားလာတော့သည်။
“နဂါးနက်ဟိန်းသံကောင်းကင်တံဆိပ်၊ နဂါးဝိညာဉ် ပေါ်ထွက်စမ်း”
နက်မှောင်သော သံတံဆိပ်တုံးမှ အမည်းရောင် အလင်းတန်းများ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာပြီး ထိုဧရာမ အလင်းတန်းကြီးအတွင်းမှ တံဆိပ်တုံးပေါ်တွင် ရစ်ပတ်ထားသော နဂါးနက်ကြီးမှာ ဟိန်းဟောက်ကာ ထွက်ပေါ်လာတော့သည်။ ၎င်း၏ သေးငယ်သော ပုံရိပ်လေးက အမည်းရောင် အလင်းတန်းအတွင်း၌ အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် ကြီးထွားလာခဲ့၏။
ဝုန်း။
နဂါးဟိန်းသံမှာ တစ်ဖန် ပဲ့တင်ထပ်သွားပြီး နဂါးအရှိန်အဝါများ တုန်ခါသွားကာ နဂါးနက်ကြီးမှာ ကောင်းကင်သို့ ပျံတက်သွားကာ တိမ်တိုက်များမှာလည်း မည်းမှောင်လာတော့သည်။
မိုဖန်က “နဂါးဝိညာဉ်တောင် ကိန်းအောင်းနေတာလား၊ ဒီကောင်းကင်အဆင့် ဝိညာဉ်ရတနာက မရိုးရှင်းဘူးပဲ” ဟု ရေရွတ်လိုက်မိသည်။
မုလင်ကလည်း “ဒါက မပြည့်စုံတဲ့ နဂါးဝိညာဉ် ဖြစ်ပေမဲ့ ဖုန်းချန်းကို နိဗ္ဗာန်အဆင့်လေး ကျင့်ကြံသူတွေကြားမှာ ပြိုင်ဘက်ကင်းအောင် လုပ်ပေးဖို့ လုံလောက်တယ်” ဟု ပြောလိုက်သည်။
ရှောင်တျောင်းကတော့ “နဂါးဝိညာဉ် အပြည့်အဝ ရှိနေရင်တောင် အစ်ကိုကြီးကို ယှဉ်နိုင်မှာ မဟုတ်ဘူး” ဟု ခပ်အေးအေးပင် ဆိုလိုက်သည်။
နဂါးနက်ကြီး ပေါ်လာသည်နှင့် တပြိုင်နက် ကောင်းကင်ယံမှာ မှောင်ကျသွားကာ အချို့ လူများမှာ နဂါးနက်၏ အရှိန်အဝါကို မခံနိုင်ဘဲ ကောင်းကင်ယံမှ ပြုတ်ကျသွားကြပေသည်။
“သူ့ကို ကိုက်သတ်စမ်း”
ဖုန်းချန်းက ဟိန်းဟောက်လိုက်ရာ နဂါးနက်ဝိညာဉ်မှာ ဝူယွမ်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားပြီး ပါးစပ်ကြီးဟကာ ကိုက်ချလိုက်တော့သည်။
“ဟဲဟဲ... ငါ့ရဲ့ ခန္ဓာကိုယ်က တော်တော်မာတယ်၊ မင်း မကိုက်နိုင်ပါဘူး”
အစိမ်းရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ဝူယွမ်၏ ကိုယ်ပေါ်တွင် အစိမ်းရောင် နဂါးကြေးခွံများ ထွက်ပေါ်လာတော့သည်။ မကြာမီတွင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ကြေးခွံများဖြင့် ဖုံးလွှမ်းသွားပြီး တစ်ချိန်တည်းမှာပင် အစိမ်းရောင် နဂါးပုံရိပ်ယောင်တစ်ခုမှာ ဝူယွမ်ကို ရစ်ပတ်ကာ ပေါ်ထွက်လာခဲ့၏။
“ဒါလည်း နဂါးဝိညာဉ်ပဲ”
“ဘုရားရေ... ဒီဝူယွမ်က ဘယ်လို သတ္တဝါမျိုးလဲ၊ ဘာလို့ သူ့မှာလည်း နဂါးဝိညာဉ် ရှိနေရတာလဲ၊ ပြီးတော့ နဂါးနက်ထက် ပိုစွမ်းအားကြီးတဲ့ အစိမ်းရောင် နဂါးဝိညာဉ်ကြီးပါလား”
“ဒီတစ်ခါတော့ ဖုန်းချန်း ငိုရတော့မယ် ထင်တယ်”
... လူတိုင်းက ဝူယွမ်ကို အံ့အားသင့်စွာ ကြည့်နေကြ၏။ သူသည် ယခုကဲ့သို့ ကောင်းကင်ဘုံကို ဆန့်ကျင်သော ပစ္စည်းမျိုးကို မည်သို့ ပိုင်ဆိုင်ထားသနည်းဆိုသည်ကို သူတို့အားလုံး နားမလည်နိုင်ကြပေ။
ဤသည်ကား ဝူယွမ်က နဂါးနန်းတော်ထဲမှ ကောင်းကင်စွမ်းအင်ကို သန့်စင်ပြီးနောက် ဖြစ်ပေါ်လာသော အစိမ်းရောင် နဂါးဝိညာဉ်ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်မှ ပထမဆုံး ပွင့်လာသော ဧကရာဇ်ခန္ဓာ ‘နတ်နဂါးပြာပုံစံ’ ပင် ဖြစ်သည်။
ဤအစိမ်းရောင် နဂါးဝိညာဉ်မှာ သူနှင့် တစ်သားတည်း ဖြစ်နေပြီး အလွန်ပင် ပြည့်စုံလှပေသည်။ ဖုန်းချန်း၏ လက်ရှိ မပြည့်စုံသော နဂါးဝိညာဉ်နှင့် ယှဉ်လျှင် အတိုင်းအဆမဲ့ ခိုင်မာပြီး စွမ်းအားကြီးမားလှသည်။
နဂါးနက်ကြီးက ကိုက်ချလိုက်သောအခါ ဝူယွမ်က သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ပါးစပ်ကို တိုက်ရိုက် ဖမ်းကိုင်လိုက်သည်။ နဂါးနက်၏ ပါးစပ်အတွင်းမှ ပြင်းထန်သော အမည်းရောင် အလင်းတန်းများမှာ အဆက်မပြတ် ပန်းထွက်လာခဲ့သည်။
သို့သော် ထိုအမည်းရောင် အလင်းတန်းများမှာ ဝူယွမ်၏ ကိုယ်ပေါ်ရှိ အကြေးခွံများကို လုံးဝ ဖောက်ထွင်းနိုင်စွမ်း မရှိပေ။
“ဝေါင်းး”
ဝူယွမ်၏ ခန္ဓာကိုယ်အတွင်းမှလည်း နဂါးဟိန်းသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။
“ငါ နဂါးနက်ကို လက်နဲ့ ဆွဲဖြဲပြတာကို ကြည့်နေလိုက်”
သူ၏ လက်များမှ အစိမ်းရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး လက်များမှာ နဂါးလက်သည်းများအဖြစ် ပြောင်းလဲသွားကာ နဂါးနက်၏ ပါးစပ်ကို အတင်းအဓမ္မ ဆွဲဖြဲပစ်လိုက်တော့သည်။
နဂါးဝိညာဉ်မှာ ကွဲအက်သွားပြီး အမည်းရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ နဂါးနက်ဟိန်းသံကောင်းကင်တံဆိပ်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။
ဝူယွမ်က လျှပ်စီးကဲ့သို့ အရှိန်အဟုန်ဖြင့် ရှေ့သို့ ပြေးဝင်သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖုန်းချန်း၏ ရှေ့သို့ ရောက်ရှိသွားကာ သူ့ကို ဖမ်းကိုင်လိုက်တော့သည်။
“ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက်ကို... အခုချက်ချင်း လွှဲပေးစမ်း”