ကပ်ဘေးအတွင်း တိုက်ပွဲဝင်ခြင်း။
Vol. 19 Ch. 190
ထျန်းမိုပြည်ထောင်စုအား တစ်ဦးတည်း နှိမ်နင်းခြင်း
အကယ်၍ အထူးပြည်ထောင်စု သုံးခုတည်းသာ ဖြစ်ပါက လင်းတုန်တို့ တစ်စု ကိုင်တွယ်နိုင်ကောင်း ကိုင်တွယ်နိုင်လိမ့်မည် ဖြစ်သော်လည်း ယခုမူ အထူးပြည်ထောင်စုတစ်ခု ထပ်မံတိုးပွားလာရာ အခြေအနေမှာ များစွာ ခက်ခဲသွားပြီဖြစ်သည်။
ပို၍ ဆိုးဝါးသည်မှာ ထျန်းမိုပြည်ထောင်စုက အင်အားအကြီးဆုံး အထူးပြည်ထောင်စု ဆယ်ခုထဲမှ တစ်ခု အပါအဝင် ဖြစ်ပြီး ၎င်းတို့၏ စွမ်းအားမှာ အခြား အင်အားကြီးပြည်ထောင်စု သုံးခုထက် များစွာ ပိုမို ကြောက်မက်ဖွယ် ကောင်းလှသည်။
စုန့်မျိုးနွယ်စု၏ ခေါင်းအောင်သုံးဦးက နိဗ္ဗာန်အဆင့်ငါး စွမ်းအားကို ပိုင်ဆိုင်ထားကြပြီး နိဗ္ဗာန်အဆင့်ငါး ကျင့်ကြံသူ သုံးဦး၏ အင်အားမှာ အခြား အင်အားကြီး ပြည်ထောင်စုများကို များစွာ ကျော်လွန်နေပြီ ဖြစ်သည်။
ယခုအချိန်တွင် လင်းတုန်အနေဖြင့် ဝိညာဉ်တံဆိပ်ကို ပို ဖွင့်ထုတ်နိုင်ခြင်း မရှိပါက သို့မဟုတ် ရှောင်တျောင်းနှင့် ပိုင်ယွမ်တို့က ပိုကြီးမားသော စွမ်းအားများကို ထုတ်မသုံးနိုင်ပါက သူတို့ တကယ်ပင် ရင်ဆိုင်နိုင်မည် မဟုတ်ချေ။
သွေးရိပ်၊ ရှောင်ရှန်းနှင့် အခြားသူများ၏ မျက်နှာထက်တွင် အတိုင်းထက်အလွန် ကျေနပ်အားရနေသော အပြုံးများ ပေါ်လွင်နေကြသည်။
“ညီအစ်ကို ဟွာကူး... မင်းက တကယ်ကို တည်ငြိမ်တာပဲ။ မဟုတ်ရင် ဒီတစ်ခါ ငါတို့တွေ ဒီလို အဆင့်နိမ့်ပြည်ထောင်စု လက်ထဲမှာ တကယ်ပဲ ကျဆုံးသွားနိုင်တယ်”
“ဟားဟား... စုန့်မျိုးနွယ်စုက အစ်ကိုကြီး သုံးယောက်ရှိနေတာပဲ။ မဟာယန်ပြည်ထောင်စုက ငါတို့ကို ဘာနဲ့ ယှဉ်တိုက်နိုင်မှာလဲ”
...ပတ်ဝန်းကျင်ရှိ ကြည့်နေသူများမှာလည်း အလွန်အမင်း တုန်လှုပ်နေကြသည်။ အထူး ပြည်ထောင်စု ဆယ်ခုဆိုသည်မှာ အရှေ့ရွှမ်နယ်မြေတွင် အရှင်သခင်ကဲ့သို့ တည်ရှိနေသော အဖွဲ့အစည်းများ ဖြစ်ကြသည်။
ကောင်းကင်ယံမှ ချဉ်းကပ်လာသော ပုံရိပ်များကို ကြည့်ရင်း သူတို့၏ မျက်ဝန်းများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေခဲ့သည်။ ပြင်းထန်သော စွမ်းအင်လှိုင်းများ လေထုထဲသို့ ဖြတ်သန်းသွားပြီး ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး ယွမ်စွမ်းအင်များမှာလည်း ထိုသူသုံးဦး၏ စွမ်းအားကြီးမားလှသော အရှိန်အဝါကြောင့် လှိုင်းထနေတော့သည်။
ထျန်းမိုပြည်ထောင်စုကို အင်အားအကြီးဆုံး သူသုံးဦးက ဦးဆောင်ထားသည်။ သူတို့မှာ အကြီးဆုံး ဖြစ်သူ စုန့်ကျန်း၊ ဒုတိယ စုန့်ချွဲ နှင့် တတိယ စုန့်ပါ့ တို့ပဲဖြစ်ကြသည်။
ထိုအချိန် မလှမ်းမကမ်းရှိ မြင့်မားသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ပေါ်တွင် ကျော့ရှင်းသော ပုံရိပ်တစ်ခု ရပ်နေလေသည်။ သူမက အပြာရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ မျက်နှာမှာ နှင်းပမာ ဖြူစင်ဝင်းပနေကာ နှာတံမှာ နုနယ်ပြီး လခြမ်းကွေးကဲ့သို့သော မျက်ခုံးများရှိသည်။ ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူမ၏ မိန်းမဆန်သော အရှိန်အဝါနှင့် လှပသော ဘဲဥပုံမျက်နှာကျမှာ သူမက အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိ ဖော်ပြနေခဲ့သည်။
“အထူးပြည်ထောင်စု လေးခုကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရမှာလား... ဒီမဟာယန်ပြည်ထောင်စု ရှင်သန်နိုင်ပါ့မလား” ဟု အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးက တိုးတိုးလေး ရေရွတ်လိုက်သည်။
သူမ၏ တောက်ပပြီး ညာဏ်ရေထက်မြက်ဟန်ရသော မျက်ဝန်းများက တိုက်ပွဲ၏ အလယ်ဗဟိုရှိ နိဗ္ဗာန်ဆေးလုံး အစီအရင်နှစ်ခုကို မျှော်လင့်ချက်အပြည့်ဖြင့် စောင့်ကြည့်နေမိသည်။
အကယ်၍ ဤမဟာယန်ပြည်ထောင်စုသာ အထူးပြည်ထောင်စု လေးခု၏ ဝိုင်းရံတိုက်ခိုက်မှုကို ကျော်ဖြတ်နိုင်ပါက ဤပြည်ထောင်တစ်ရာတိုက်ပွဲတွင် သူတို့က နိဗ္ဗာန်ရွှေစာရင်း အတွင်းသို့ သေချာပေါက် ဝင်ရောက်နိုင်မည် ဖြစ်သည်။
“အဆင့်နိမ့်ပြည်ထောင်စုတစ်ခု နိဗ္ဗာန်ရွှေစာရင်းထဲ မ၀င်တာက တော်တော်ကြာပြီ။ မင်းတို့တွေ အံ့ဖွယ်တစ်ခုကို ဖန်တီးနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်မိပါတယ်”
ထျန်းမိုပြည်ထောင်စုမှ လူအားလုံးမှာ အရိုးစုပုံစံ ပါရှိသော အနက်ရောင် ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ ထိုထဲမှ သိန်းငှက်နှာခေါင်းကဲ့သို့ နှာတံရှိသော အမျိုးသားတစ်ဦးက “မင်းတို့တွေက တကယ့်ကို အသိညာဏ်မရှိတဲ့ တဇွတ်ထိုးကောင်တွေပဲ၊ တကယ်လို့ မင်းတို့တွေသာ ဒီလို အဆင့်နိမ့်ပြည်ထောင်စု လက်ထဲမှာ အပြတ်ရှင်းခံရမယ်ဆိုရင် အင်အားကြီး နတ်ဆိုးဂိုဏ်း လေးခုရဲ့ မျက်နှာကို အိုးမည်းသုတ်လိုက်တာပဲ” ဟု ပြောလိုက်သည်။
သူမှာ စုန့်မျိုးနွယ်စု၏ ညီအစ်ကိုသုံးဦးအနက်မှ ဒုတိယမြောက် စုန့်ချွဲ ဖြစ်ပြီး ယခုအချိန်တွင် ရှောင်ရှန်းနှင့် အခြားသူများကို ခက်ထန်စွာ စိုက်ကြည့်နေသည်။
“ကဲ.. ညီနှစ်၊ တိုက်ရိုက် တိုက်ခိုက်လိုက်စမ်းပါ။ အမြန်ဆုံး အပြတ်ရှင်းရအောင်၊ ငါတို့ ပြည်ထောင်တစ်ရာ တောင်တန်းကို သွားဖို့ လိုသေးတယ်” ဟု အကြီးဆုံး ဖြစ်သူ စုန့်ကျန်းက အေးစက်စွာ ဆိုလိုက်သည်။
ရုတ်တရက်ဆိုသလို သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ယွမ်စွမ်းအင် လှိုင်းများ ပေါက်ကွဲထွက်လာပြီး သူ၏ အလယ်ဗဟိုမှ ထောင်းထျဲ့ သားရဲဝိညာဉ်၏ အရှိန်အဝါများှာ အရှိန်အဟုန်အပြည့်ဖြင့် ထွက်ပေါ်လာခဲ့သည်။
မဟာယန်ပြည်ထောင်စုမှ လူများ၏ မျက်နှာများမှာ ချက်ချင်းပင် ပျက်သွားကြသည်။ သူတို့အားလုံးမှာ ဝူယွမ်နှင့် ရှောင်ယန် ရှိရာ နိဗ္ဗာန်ဆေးလုံး အစီအရင်များဘက်သို့ လှည့်ကြည့်လိုက်မိကြသည်။ ဤကဲ့သို့သော အင်အားကြီးအဖွဲ့အစည်းမျိုးကို ဝူယွမ်မပါဘဲ ရင်ဆိုင်ရန် သူတို့တွင် ယုံကြည်ချက် မရှိကြချေ။
ထိုစဉ် စုန့်ကျန်းသည် နှုတ်ခမ်း သပ်လိုက်ပြီး သူ၏ မျက်ဝန်းများတွင် သတ်ဖြတ်လိုစိတ်များ ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။ သူက ချက်ချင်းပင် ရှေ့သို့ တက်လိုက်ပြီး သူ၏ နောက်တွင် စုန့်ချွဲနှင့် စုန့်ပါ့တို့ကလည်း ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ကြရာ သူတို့ ခြေဖဝါးအောက်ရှိ ကျောက်တုံးကြီးများမှာ တိုက်ရိုက်ပင် အက်ကွဲသွားတော့သည်။
“သတ်ကြ!”
စုန့်ကျန်းသည် ထျန်းမိုပြည်ထောင်စုမှ လူများကို ဦးဆောင်၍ တိုက်ခိုက်ရန် ပြင်လိုက်သည်။
“ဝုန်း!”
ရုတ်တရက် မဟာယန်ပြည်ထောင်စု၏ အလယ်ဗဟိုရှိ နိဗ္ဗာန်ဆေးလုံး အစီအရင် နှစ်ခုအနက် တစ်ခုမှာ ပေါက်ကွဲထွက်သွားပြီး မီးတောက်များ ဝန်းရံထားသော အမျိုးသားတစ်ဦး ၎င်းအတွင်းမှ ထွက်လာခဲ့သည်။
သူ၏ ကျောနောက်တွင် ထူးဆန်းသော နတ်ဆိုးတောင်ပံတစ်စုံ ပေါ်ထွက်လာပြီး သူကကောင်းကင်ပေါ်သို့ တိုက်ရိုက် ပျံတက်သွားကာ ထျန်းမိုပြည်ထောင်စုမှ လူများရှေ့သို့ ချက်ချင်း ရောက်ရှိသွားသည်။
ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော နိဗ္ဗာန်နတ်ဆိုးမီးတောက်များ အဆက်မပြတ် ပေါက်ကွဲထွက်လာပြီး အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာလည်း နတ်ဆိုးမီးတောက်၏ လောင်မြိုက် အဖျက်စွမ်းအားကြောင့် တိုက်ရိုက်ပင် ပြာကျသွားကြရသည်။
“ဆုတ်ခွာကြ!”
ဦးဆောင်လာသော စုန့်ကျန်းမှာ မျက်နှာပျက်သွားပြီး အော်ဟစ်လိုက်သည်။
သို့သော်လည်း သူတို့က နိဗ္ဗာန်နတ်ဆိုးမီးတောက်၏ ထိတွေ့မှုကို ခံလိုက်ရဆဲပင်။ အချို့သော သူများမှာ အော်ဟစ်နေကြရပြီး သူတို့၏ ခန္ဓာကိုယ်များမှာ လောင်ကျွမ်းကာ မြေကြီးပေါ်တွင် လူးလှိမ့်အော်ဟစ်နေကြရသည်။
စုန့်မျိုးနွယ်စုမှ ညီအစ်ကို သုံးဦးမှာမူ ဘေးကင်းကင်းရှိနေကြသည်။ သူတို့အားလုံးမှာ နိဗ္ဗာန်အဆင့်ငါး ကျင့်ကြံသူများ ဖြစ်ကြသဖြင့် နိဗ္ဗာန်နတ်ဆိုးမီးတောက်ကို သိပ်ပြီး စိုးရိမ်ခြင်း မရှိကြချေ။
“ နိဗ္ဗာန်အဆင့်သုံး ကပ်ဘေးရဲ့ နိဗ္ဗာန်နတ်ဆိုးမီးတောက်ပဲ”
စုန့်ကျန်းက သူ၏ ရှေ့ရှိ မီးတောက်များ ဝန်းရံထားသော ပုံရိပ်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
“ဘုရားရေ... ဘုရားရေ... သူက တကယ်ပဲ သူ့ရဲ့ နိဗ္ဗာန်ကပ်ဘေးကို ခံယူရင်းနဲ့ တိုက်ခိုက်နေတာလား”
“အိုးဘုရားရေ... သူဆီမှာ နိဗ္ဗာန်နတ်ဆိုးမီးတောက်တွေ ဒီလောက်တောင် များတာလား၊ ဒီလောက်သိပ်သည်းတဲ့ နိဗ္ဗာန်နတ်ဆိုးမီးတောက်တွေက တကယ်ပဲ နိဗ္ဗာန်အဆင့်သုံး ကျင့်ကြံသူတစ်ဦးရဲ့ ကပ်ဘေးလား”
“ဒီလိုသာဆိုရင် ဘယ်သူက ကျော်ဖြတ်နိုင်မှာလဲ”
“သိပ်ကို ထူးခြားလွန်းတယ်၊ သူက ဝူယွမ် ဖြစ်ရမယ်”
...လမ်းသွားလမ်းလာများ သာမက တိုက်ပွဲမြေပြင်ရှိ မဟာယန်ပြည်ထောင်စုနှင့် အထူးပြည်ထောင်စုကြီး လေးခုမှ လူများပင် နိဗ္ဗာန်နတ်ဆိုးမီးတောက်များ လွှမ်းခြုံထားသော ဝူယွမ်ကို ကြည့်ရင်း ထိတ်လန့်တုန်လှုပ်နေကြသည်။
“သူက ဘယ်လောက်တောင် သတ္တိရှိလိုက်သလဲ”
အခြားသူများမှာ နိဗ္ဗာန်ဘေးဒုက္ခကို ခံယူကြသည့်အခါ အမျိုးမျိုးသော ပြင်ဆင်မှုများကို ပြုလုပ်ကြပြီး၊ အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်ကာ နတ်ဆိုးမီးတောက်ကို အစွမ်းကုန် သတိထား ကိုင်တွယ်ကြရသည်။ အဆင့်တက်ချိန်ကာလအတွင်း မတော်တဆ အမှားအယွင်း တစ်ခုသည်ပင် ပြာအဖြစ်သို့ ပြောင်းလဲသွားစေနိုင်သည်။
သို့သော် ယခု ဝူယွမ်မှာမူ နိဗ္ဗာန်နတ်ဆိုးမီးတောက်ကို ဂရုမစိုက်သကဲ့သို့ တိုက်ပွဲဝင်ရန် ထွက်လာခဲ့သည်။
“သူ့ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်တောင် ကြံ့ခိုင်နေလို့ ဒီလို လုပ်နိုင်ရတာလဲ”
နက်မှောင်သော မီးတောက်များအတွင်းမှ ဝူယွမ်က ထျန်းမိုပြည်ထောင်စုမှ လူများကို ကြည့်ကာ တစ်လှမ်းချင်း လျှောက်လှမ်းလာရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါက ဝူယွမ်ပဲ... မင်းတို့ ငါ့ကို သတ်ချင်နေတယ်လို့ ကြားတယ်”
စုန့်ပါ့က “အစ်ကိုကြီး... သူက ဘယ်လောက်ပဲ ထူးခြားနေပါစေ၊ နိဗ္ဗာန်အဆင့်သုံး ကျင့်ကြံသူ တစ်ယောက်ပါပဲ၊ အလွန်ဆုံးရှိလှ အဆင့်လေးပေါ့၊ ငါတို့အားလုံး အတူတူ တိုက်ရင် သူ့ကို မကိုင်တွယ်နိုင်စရာ အကြောင်းမရှိဘူး” ဟု ပြောလိုက်သည်။
“ဟုတ်တယ်... ငါ့အထင်တော့ သူက သူ့ရဲ့ ခန္ဓာကိုယ်ကို နိဗ္ဗာန်နတ်ဆိုးမီးတောက် ဒဏ်ခံနိုင်အောင် ထူးဆန်းတဲ့ ကိုယ်ခန္ဓာ လေ့ကျင့်ရေး သိုင်းပညာရပ် တစ်ခုခုကို လေ့ကျင့်ထားတာ ဖြစ်ရမယ်။ သူက ခန္ဓာကိုယ် ကြံ့ခိုင်တာကလွဲလို့ အခြားကြောက်စရာ မရှိပါဘူး” ဟု သိန်းငှက်နှာခေါင်းနှင့် စုန့်ချွဲကလည်း ၀င်ပြောလိုက်ကာ သူသည်လည်း တိုက်ခိုက်နိုင်သည်ဟု ခံစားနေရသည်။
သူတို့သည် အထူးပြည်ထောင်စု ဆယ်ခုအကြားမှ ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုကို ခံရသူများ ဖြစ်ကြပြီး အခြားသူများ၏ မျက်စိတွင် ထူးခြားသော ပါရမီရှင်များ ဖြစ်ကြသည်။ ဤအခိုက်အတန့်တွင် ဝူယွမ်ကြောင့် သူတို့ ကြောက်ရွံ့သွားရန်မှာ မဖြစ်နိုင်ချေ။
စုန့်ကျန်းက မျက်မှောင်ကြုတ်လိုက်မိသည်။ သူ ဝူယွမ်ထံမှ ဖိအားတစ်ခုကို ခံစားနေရပြီး သူ၏ ထောင်းထျဲ့ ဝိညာဉ်သည်ပင် တစ်ဖက်လူကို အနည်းငယ် ကြောက်ရွံ့နေပုံ ရသည်။
“သူ နဂါးပြာရဲ့ အမွေအနှစ်ကို ရထားတာ ဖြစ်ရမယ်” ဟု စုန့်ကျန်းက မှတ်ချက်ချလိုက်သည်။ နဂါးပြာ၏ ဝိညာဉ်သည်သာ ထျောင်းထျဲ့ ဝိညာဉ်ကို ဤကဲ့သို့ ဖိနှိပ်မှုမျိုး ပေးနိုင်မည် ဖြစ်သည်။
“မင်းတို့တွေက တကယ်ကို အချိန်ဆွဲနေတာပဲ။ ငါလာပြီ” ဝူယွမ်မှာ ထပ်မံ မစောင့်ဆိုင်းတော့ဘဲ တိုက်ရိုက်ပင် လှုပ်ရှားလိုက်သည်။
“လေးလံအကျဉ်းထောင်မီးတောက်တောင်... နှိမ်နင်းစမ်း” သူက အော်ဟစ်လိုက်ပြီး နီရဲနေသော တောင်ထိပ်ကို ဆင့်ခေါ်လိုက်သည်။
တောင်ငယ်လေးမှာ ကောင်းကင်သို့ ပျံတက်သွားပြီး ချက်ချင်းပင် ကြီးမားသော တောင်ထိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ထျန်းမိုပြည်ထောင်စုမှ လူများကို ဖိနှိပ်လိုက်သည်။ ပြင်းထန်သော ဆွဲငင်အားနှင့် မီးတောက်နယ်ပယ်က သူတို့အား လွှမ်းခြုံသွားပြီး ထျန်းမိုပြည်ထောင်စုမှ လူအားလုံးကို တောင်အောက်တွင် ချုပ်နှောင်ထားလိုက်တော့သည်။
“နောက်ထပ် ကောင်းကင်အဆင့် ဝိညာဉ်ရတနာ တစ်ခုလား”
လူတိုင်းမှာ လေးလံအကျဉ်းထောင်မီးတောက်တောင်ကို ကြည့်ရင်း ထိတ်လန့်ကုန်ကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် လောဘရိပ်များ ပေါ်လာခဲ့သည်။
လင်းတုန် အခုလေးတင် အသုံးပြုခဲ့သော နဂါးနက်ဟိန်းသံကောင်းကင်တံဆိပ် အပြင် ယခု နောက်ထပ် တစ်ခု ထပ်မံ ပေါ်ထွက်လာပြန်သည်။
အထူးပြည်ထောင်စု ဆယ်ခုအနက် တစ်ခုဖြစ်သော ထျန်းမိုပြည်ထောင်စုတွင်ပင် ကောင်းကင်အဆင့် ဝိညာဉ်ရတနာ မရှိပေ။
သို့သော် ဝူယွမ်နှင့် သူ၏ အဆင့်နိမ့်ပြည်ထောင်စုတွင်မူ နှစ်ခုတောင် ရှိနေခဲ့သည်။
“နှစ်ခုမဟုတ်ဘူး၊ သုံးခုပဲ၊ မဟာဗျူသာမြို့မှာတုန်းက ဝူယွမ်က ဓားပုံသဏ္ဌာန် ကောင်းကင်အဆင့် ဝိညာဉ်ရတနာကို သုံးပြီး ဖုန်းချန်းကို သတ်ခဲ့တာ ငါမှတ်မိသေးတယ်”
ချက်ချင်းပင် မဟာဗျူဟာမြို့မှ လာကြသော သူအချို့က သူတို့၏ အံ့အားသင့်မှုကို ထုတ်ေဖာ်ပြောဆိုလိုက်ကြသည်။
“သိပ်ကို ချမ်းသာလွန်းတယ်၊ မဟာယန်ပြည်ထောင်စုက တကယ်ကို အင်အားကြီးတာပဲ”
“မင်းက ငါတို့ရဲ့ မျှော်လင့်ချက်တွေထက် တကယ်ကို ကျော်လွန်သွားတာပဲ။ ဒါပေမဲ့ မင်းက ပိုပြီး ချမ်းသာလေလေ၊ ငါတို့ ပိုပြီး ပျော်လေလေပဲ။ မင်းမှာ ကောင်းကင်အဆင့် ဝိညာဉ်ရတနာတွေ ဘယ်လောက်ပဲ ရှိရှိ၊ ငါတို့ ပြည်ထောင်စု တစ်ခုလုံးကို မင်း တကယ်ပဲ ရင်ဆိုင်နိုင်မှာလား” ဟု စုန့်ချွဲက လှောင်ပြောင်လိုက်သည်။
သူတို့၏ နိဗ္ဗာန်အဆင့်ငါး ခေါင်းဆောင်သုံးဦးအပြင် ထျန်းမိုပြည်ထောင်စုတွင် နိဗ္ဗာန်အဆင့်လေး ကျင့်ကြံသူ အများအပြား ရှိနေသေးပြီး ထိုသူများ၏ ကျင့်ကြံခြင်းအဆင့်မှာ ဝူယွမ်ထက် မြင့်မားနေသည်။
ဝူယွမ်က ဘယ်လောက်ပဲ ပါရမီထူးနေပါစေ၊ အဆင့်တွေကို ကျော်ဖြတ်ပြီး ပြိုင်ဘက် ဆယ်ယောက်ကျော်ကို တကယ်ပဲ တိုက်ခိုက်နိုင်မည်မဟုတ် ဟု သူတို့ထင်နေကြသည်။
“ဒီတောင်ကို ငါ့အတွက် ဖယ်ရှားပေးစမ်း”
အကြီးဆုံး ဖြစ်သူ စုန့်ကျန်းက ဟိန်းဟောက်လိုက်ကာ သူ၏ ခန္ဓာကိုယ်မှ တောက်ပသော ရွှေရောင်အလင်းတန်းများ ချက်ချင်း ထွက်ပေါ်လာသည်။ သူက ညာဘက်ခြေထောက်ဖြင့် မြေကြီးကို ဆောင့်နင်းလိုက်ရာ မြေကြီးကိုပင် တုန်ခါသွားစေသည်။ ပြင်းထန်သော ယွမ်စွမ်းအင်များ ပါဝင်သည့် မြေနဂါး ဆယ်ကောင်ကျော်မှာ မြေပြင်ကို တိုက်ရိုက်ပင် ဖောက်ထွက်လာပြီး ဝိုင်းရံကာ ဝူယွမ်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။
ထို့အပြင် စုန့်ချွဲနှင့် စုန့်ပါ့တို့သည်လည်း ကြီးမားသော ဖိအားကို အံတုရင်း ထျန်းမိုပြည်ထောင်စုမှ ကျင့်ကြံသူများကို ဦးဆောင်ကာ သိုင်းပညာရပ်များကို ပူးပေါင်း ထုတ်ဖော်လိုက်ပြီး လေးလံအကျဉ်းထောင်မီးတောက်တောင်ကို ဖောက်ကွဲပစ်ရန် ကြိုးစားလိုက်ကြသည်။
ပြင်းထန်သော မြေနဂါးများ၏ တိုက်ခိုက်မှုများကို ကြည့်ရင်း ဝူယွမ်က ပြုံးလိုက်သော်လည်း သူ၏ မျက်ဝန်းများတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ သူက လက်ဖဝါးကို လှန်လိုက်ရာ ခရမ်းငွေရောင် တောက်ပနေသော မိုးကြိုးဓားတစ်လက် ပေါ်လာခဲ့သည်။ ထို့နောက် မိုးကြိုးဓားမှာ ချက်ချင်းပင် ကြီးမားလာပြီး ဝူယွမ်က ဓားကို ဝှေ့ယမ်းလိုက်ရာ ထက်မြက်လှသော လျှပ်စီးဓားအရှိန်အဝါက ပြင်းထန်သော မြေနဂါး ဆယ်ကောင်ကျော်ကို တိုက်ရိုက်ပင် ပိုင်းဖြတ် ချေမှုန်းပစ်လိုက်သည်။
“မဟာရှေးဟောင်း ဖမ်းဆီးခြင်းလက်ဝါး”
“ချုပ်နှောင်ခြင်း ရူန်း”
“ဆွဲငင်အား ရူန်း”
“တံဆိပ်ခတ်ခြင်း ရူန်း”
“မီးတောက် ရူန်း”
ဝူယွမ်က သူ၏ နှုတ်ခမ်းကို တွန့်လိုက်သည်။ ယွမ်စွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်များမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး လေထုထဲတွင် ရှေးဟောင်းဆန်ပြီး နက်မှောင်သော လက်ဝါးကြီးတစ်ခု ချက်ချင်း ဖြစ်ပေါ်လာသည်။ မဟာရှေးဟောင်း ဧကရာဇ်၏ ဝိညာဉ်ပုံရိပ်မှာ လေဟာနယ်ထဲတွင် ပေါ်ထွက်လာပြီး ဧရာမလက်ဝါးကြီးက လေးလံအကျဉ်းထောင်မီးတောက်တောင်ကို တိုက်ရိုက်ပင် ဖိနှိပ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် လျင်မြန်စွာ ရေးဆွဲလိုက်သော မူလရူန်း လေးခုမှာလည်း လေးလံအကျဉ်းထောင်မီးတောက်တောင်အတွင်းသို့ ပေါင်းစပ်သွားကာ ၎င်း၏ ဆွဲငင်အားနှင့် မီးတောက်နယ်ပယ်ကို ပိုမို အားကောင်းစေလိုက်သည်။ ထို့အပြင် တံဆိပ်ခတ်ခြင်းနှင့် ချုပ်နှောင်ခြင်း ရူန်းများက ထျန်းမိုပြည်ထောင်စုမှ လူများကို လေးလံအကျဉ်းထောင်မီးတောက်တောင် အောက်တွင် အခိုင်အမာ ပိတ်လှောင်ထားလိုက်နိုင်ခဲ့သည်။
ဤကြီးမားသော ဖိအားကြောင့် လေးလံအကျဉ်းထောင်မီးတောက်တောင်မှာ ပိုနစ်၀င်သွားပြီး ထျန်းမိုပြည်ထောင်စုမှ လူများ၏ ပုခုံးပေါ်သို့ အပြင်းအထန် ဖိထားလိုက်တော့သည်။
ဝူယွမ်သည် နတ်ဆိုးတောင်ပံများကို ခတ်လိုက်ပြီး လျင်မြန်စွာ ပျံတက်ကာ လေးလံအကျဉ်းထောင်မီးတောက်တောင်ပေါ်တွင် ရပ်လျက် တိုက်ပွဲမြေပြင် တစ်ခုလုံးကို ငုံ့ကြည့်လိုက်သည်။
သူ၏ ကိုယ်ပိုင်အင်အားဖြင့် အဆင့်တစ်ဆယ် အတွင်းရှိ အထူးပြည်ထောင်စုတစ်ခုကို နှိမ်နင်းထားနိုင်ခဲ့လေပြီ။
စုန့်ကျန်း၏ မျက်နှာတွင် ကြောက်မက်ဖွယ်ကောင်းသော အမူအရာတစ်ခု ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်မှ ထူးဆန်းသော အနက်ရောင် အလင်းတန်းများ ရုတ်တရက် ပေါက်ကွဲထွက်လာလခဲ့သည်။ ဤအနက်ရောင် အလင်းတန်းများသည် အလွန်ပင် ထူးဆန်းလှပြီး ၎င်းတို့ လှုပ်ရှားနေသည့်အခါ ထူးခြားသော စွမ်းအင်များ ထွက်ပေါ်နေပုံရသည်။
သုံးဆင့်ယွမ် နိဗ္ဗာန်ဘေးဒုက္ခကို ခံယူနေဆဲ ဖြစ်သော သူတစ်ဦး၏ ဖိနှိပ်မှုကို ခံရခြင်းမှာ စုန်ကျန်းအတွက် ကြီးမားသော အရှက်ရမှုတစ်ခု ဖြစ်သည်။
“ဝူယွမ်... မင်းက သိပ်ကို မောက်မာတာပဲ”
“ထောင်းထျဲ့ နတ်ဆိုးမှိန်း”
စုန်ကျန်း၏ လက်ထဲတွင် အနက်ရောင်အလင်းများ စုစည်းသွားပြီး နောက်ဆုံးတွင် ဧရာမ အနက်ရောင် ခက်ရင်းခွကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ခက်ရင်းခွပေါ်တွင် ထူးဆန်းသော ပုံစံတစ်ခု ရှိနေပြီး ၎င်းမှာ ကောင်းကင်နှင့် မြေကြီးကို ဝါးမျိုချင်နေသည့်ပုံစံမျိုး ရှိသော ကြီးမားသော သားရဲကြီး တစ်ကောင်ပဲ ဖြစ်သည်။
မှိန်း ဖြစ်ပေါ်လာသည်နှင့် ရှေးဟောင်းခေတ်မှလာဟန်ရသော ဟိန်းသံတစ်ခု ပျံ့နှံ့သွားသည်။ မှိန်းပေါ်ရှိ ပါးစပ်ပုံစံမှာ သက်ရှိတစ်ခုကဲ့သို့ လှုပ်ရှားလာပြီး ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကမ္ဘာ ယွမ်စွမ်းအင်များကို စဉ်ဆက်မပြတ် ဝါးမျိုနေတော့သည်။
ပြင်းထန်သော မှိန်း၏ စွမ်းအားမှာ မရေမတွက်နိုင်သော အနက်ရောင် အရိပ်များအဖြစ် ပြောင်းလဲသွားပြီး မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ ဝူယွမ်ကို ဝန်းရံသွားသည်။
“နဂါးပြာ ကောင်းကင်ဖြိုခွဲလက်ဝါး”
ဝူယွမ်က အေးစက်စက် ပြုံးလိုက်ပြီး ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်မှ အပြာရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့သည်။ သူ၏ လက်ပေါ်တွင် နက်နဲသော နဂါးပြာ အကြေးခွံများ ဖြစ်ပေါ်လာခဲ့သည်။ သူက လက်များကို ဆန့်ထုတ်လိုက်ရာ ၎င်းတို့သည် နဂါးလက်သည်းများအဖြစ် ပြောင်းလဲသွားပြီး သူ့ကိုဝန်းရံနေသော အနက်ရောင် မှိန်းပုံရိပ်များကို အပြင်းအထန် ဆွဲဖြဲပစ်လိုက်သည်။
အနက်ရောင်မှိန်းမှာ တိုက်ရိုက်ပင် အတင်းအဓမ္မ ဆွဲဖြဲခြင်းကို ခံလိုက်ရသည်။ ယွမ်စွမ်းအင်များမှာ ရူးသွပ်စွာ ပေါက်ကွဲထွက်လာပြီး နဂါးပြာ လက်သည်းများ ကောင်းကင်ယံတွင် ရောင်ပြန်ဟပ်နေခဲ့သည်။
၎င်းကို မြင်သောအခါ စုန့်ကျန်း၏ ခန္ဓာကိုယ်မှ အနက်ရောင်အလင်းများ ထွက်ပေါ်လာလေသည်။ အနက်ရောင်အလင်းများမှာ လှုပ်ရှားသွားပြီး နောက်ဆုံးတွင် နက်မှောင်သော ရှေးဟောင်း သားရဲကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
ယခင် ပုံရိပ်ယောင်နှင့် မတူဘဲ ယခု သားရဲကြီး၏ ပုံစံမှာ အလွန်ပင် ထူးဆန်းလှသည်။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ မှောင်မည်းနေပြီး မျက်လုံးနှင့် နှာခေါင်းကို လုံးဝ ခွဲခြား၍ မရဘဲ ကြီးမားလှသော အနက်ရောင် ပါးစပ်ကြီးတစ်ခုသာလျှင် အထူးတလည် ထင်ရှားနေခဲ့သည်။
ထောင်းထျဲ့ နတ်ဆိုး ဝိညာဉ်။
အနက်ရောင် သားရဲကြီးမှာ ကောင်းကင်သို့ ပျံတက်သွားပြီး သူ၏ တွင်းနက်ကဲ့သို့သော ဧရာမ ပါးစပ်ကြီးကို ဖွင့်ကာ ဝူယွမ် ထုတ်ဖော်လိုက်သော နဂါးပြာ လက်သည်းပုံရိပ်ကို ဝါးမျိုလိုက်သည်။
“ထောင်းထျဲ့ သားရဲက ကောင်းကင်နဲ့ မြေကြီးပေါ်က အရာအားလုံးကို ဝါးမျိုနိုင်တယ်။ မင်းရဲ့ တိုက်ခိုက်မှုက ဘယ်လောက်ပဲ အားကောင်းပါစေ၊ ငါ့အတွက်တော့ အသုံးမဝင်ဘူး၊ ဟားဟား.....” စုန်ကျန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ မျက်ဝန်းများ အေးစက်သွားကာ လက်ထဲရှိ မှိန်းမှ အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ဝူယွမ်ထံသို့ ပြင်းထန်စွာ ထိုးနှက်လိုက်ပြန်သည်။
“နဂါးပြာ ဒိုင်း... အဆုံးစွန် ဖြိုခွဲခြင်း ဓား”
ဝူယွမ်သည် သူ၏ ဘယ်ဘက်လက်တွင် နဂါးပြာဒိုင်းကို စုစည်းလိုက်ပြီး သူ၏ ညာဘက်လက်ဖြင့် လျှပ်စီးကောင်းကင်ဓားကို ဝှေ့ယမ်းလိုက်သည်။
မှိန်းပုံရိပ်များနှင့် ဓားအလင်းတန်းများ တိုက်မိသွားရာ ကောင်းကင်ယံတွင် ပြင်းထန်သော ယွမ်စွမ်းအင် အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့သည်။
ဝူယွမ်၏ ဓားမှာ ကောင်းကင်အဆင့် ဝိညာဉ်ရတနာ ဖြစ်ပြီး ၎င်း၏ ဓားအလင်းတန်းမှာလည်း ထက်မြက်လှသဖြင့် စုန်ကျန်း၏ တိုက်ခိုက်မှုများကို အားစိုက်စရာမလိုဘဲ အလွယ်တစ်ကူ ချေမှုန်းပစ်နိုင်ခဲ့သည်။ သို့သော်လည်း ဤတိုက်ခိုက်မှုများက စုန့်ကျန်းထံ ချဉ်းကပ်လာသည့်အခါ ထောင်းထျဲ့ ဝိညာဉ်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
“မင်း ဘယ်လောက်တောင် ဝါးမျိုနိုင်မလဲ ကြည့်ရအောင်” ဝူယွမ်က အေးစက်စက် ပြောလိုက်ပြီး သူ၏ လက်ထဲရှိ ဓားကို ပိုမို လျင်မြန်စွာ ဝှေ့ယမ်းလိုက်သည်။ ထို့နောက် မရေမတွက်နိုင်သော ဓားအလင်းတန်းများက စုန့်ကျန်းကို ဝန်းရံသွားတော့သည်။
စုန့်ကျန်း၏ မျက်နှာအမူအရာမှာ နောက်ဆုံးတွင် သိသိသာသာ ပြောင်းလဲသွားသည်။
“ထောင်းထျဲ့ နတ်ဆိုး ချပ်ဝတ်”
သူက ဟိန်းဟောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ သိပ်သည်းသော အနက်ရောင်အလင်းများ ထွက်ပေါ်လာကာ သူ၏ ခန္ဓာကိုယ်ကို ဝန်းရံသွားခဲ့ပြီး နောက်ဆုံးတွင် အနက်ရောင် ချပ်ဝတ်တစ်ခုအဖြစ် ဖြစ်ပေါ်လာခဲ့သည်။ ချပ်ဝတ်ပတ်လည်တွင် အနက်ရောင် အငွေ့အသက်များ ဝန်းရံနေပြီး ဟိန်းဟောက်သံများ ထွက်ပေါ်နေသည်။
“ချွင်... ချွင်... ချွင်”
ဓားအလင်းတန်းများမှာ ရိုက်ခတ်သွားသော်လည်း သူတို့သည် ချပ်ဝတ်မှ ဝါးမျိုခြင်းကို ခံလိုက်ရပြန်သည်။
“ဝူယွမ်... ငါနဲ့ တိုက်နေသရွေ့ မင်းရဲ့ စွမ်းအားတွေက ထောင်းထျဲ့ စွမ်းအားရဲ့ ဝါးမျိုခြင်းကို ခံနေရမှာပဲ။ မင်း တိုက်လေလေ အားနည်းလေလေ ဖြစ်လာမှာပဲ။ မင်း ငါ့ကို ဘယ်လိုများ ယှဉ်နိုင်မှာလဲ” စုန့်ကျန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ဝူယွမ်က အလွန် အင်အားကြီးမားကြောင်း သူ ဝန်ခံသော်လည်း သူက ဝူယွမ်ကို ရှုံးနိမ့်မည် မဟုတ်ဟု ထင်နေခဲ့သည်။
ထောင်းထျဲ့ခန်းမမှ သိုင်းပညာရပ် အားလုံးက ဝါးမျိုခြင်း ဂုဏ်သတ္တိ ရှိကြသည်။
အင်အား ကွာခြားချက်သာ အလွန်အမင်း မများပါက စုန့်ကျန်းသည် မရှုံးနိမ့်နိုင်သော အနေအထားတွင် အမြဲ ရပ်တည်နိုင်သည်။
“မင်းမှာ တကယ့်ကို လှည့်ကွက်အချို့ ရှိနေတာပဲ” ဝူယွမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ထောင်းထျဲ့ နတ်ဆိုး ဝိညာဉ်၏ ဝါးမျိုခြင်း စွမ်းအားက စုန့်ကျန်းကို အချိန်ကြာမြင့်စွာ တိုက်ခိုက်နိုင်ဖို့ရာ ထောက်ပံ့ေပးထားသည်။
သို့ပေမဲ့ အခုအချိန်အထိ သူက စွမ်းအားနှင့် နည်းစနစ် အများကြီး ထုတ်မသုံးရသေးချေ။
အနည်းဆုံးတော့ သူ၏ အားကောင်းလှသော ကိုယ်ခန္ဓာ စွမ်းအားကို မပြသရသေးပေ။
သို့သော်လည်း နိဗ္ဗာန်အဆင့်ငါးရှိသော စုန့်ကျန်းကို ကိုင်တွယ်ရန် အများကြီးထုတ်ဖော်ပြသရန် မလိုအပ်ချေ။
“မင်းကို အခုချက်ချင်း မသတ်နိုင်သေးတော့လည်း မင်းရဲ့ ညီတွေကို အရင်နှိမ်နင်းပြီး သတ်ပေးရတာပေါ့”
ဝူယွမ်၏ နှုတ်ခမ်းများ တွန့်သွားပြီးနောက် သူက ပြင်းထန်စွာ ဆောင့်နင်းလိုက်ရာ လေးလံအကျဉ်းထောင်မီးတောက်တောင်မှာ နောက်ထပ် ပေအနည်းငယ် ထပ်မံ နစ်၀င်သွားပြန်သည်။
ကြီးမားသော ဖိအားနှင့် မီးတောက်များ၏ အဆက်မပြတ် လောင်မြိုက်မှုများကြောင့်၊ တောင်အောက်ရှိ စုန့်ချွဲ၊ စုန့်ပါ့နှင့် အခြားသူများမှာ အလွန်အမင်း ဒုက္ခရောက်နေကြရသည်။
စုန့်ကျန်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် တည်ကြည်လေးနက်သွားတော့သည်။ ဝူယွမ်သည် လူအုပ်ကြီးကို တစ်ပြိုင်နက်တည်း နှိမ်နင်းထားရင်း စုန့်ကျန်းကို တိုက်ခိုက်နေခြင်း ဖြစ်သော်လည်း သူ့ကို ဖိနှိပ်ထားနိုင်ဆဲ ဖြစ်သည်။
“ထောင်းထျဲ့ နတ်ဆိုး ဝိညာဉ်... ကောင်းကင်ဝါးမျိုခြင်း ပါးစပ်”
ကောင်းကင်ယံရှိ ဧရာမ အနက်ရောင် သားရဲပုံရိပ်ကြီးမှာ ဧရာမ ပါးစပ်ကြီးကို ဖွင့်ကာ အောက်သို့ ဟိန်းဟောက်လိုက်ပြီး နောက်ဆုံးတွင် အနက်ရောင် မင်ရည်များ လောင်းချလိုက်သကဲ့သို့ ဝူယွမ်ကို ဝန်းရံသွားသည်။
ထူးဆန်းသော အနက်ရောင် အလင်းများ ပျံ့နှံ့သွားပြီး ဝူယွမ်နှင့် လေးလံအကျဉ်းထောင်မီးတောက်တောင်တို့မှာ အမှောင်ထုအတွင်းသို့ ပျောက်ကွယ်သွားတော့သည်။
ယခုမူ ကောင်းကင်အဆင့် ဝိညာဉ်ရတနာ၏ ဖိနှိပ်မှု မရှိတော့သဖြင့် စုန့်ချွဲ၊ စုန့်ပါ့နှင့် အခြားသူများမှာ သက်ပြင်းချနိုင်သွားကြသည်။
“အစ်ကိုကြီး... အဲဒီ ဝူယွမ် ဘယ်ရောက်သွားတာလဲ” စုန့်ချွဲက အလျင်အမြန် မေးလိုက်သည်။
ဝူယွမ်၏ ဖိအားမှာ သူ့အတွက် အလွန် ကြောက်မက်ဖွယ်ကောင်းလွန်းလေသည်။
“ဟားဟား... ဝူယွမ်က ထောင်းထျဲ့ နတ်ဆိုး ဝိညာဉ်ရဲ့ ဝါးမျိုခြင်းကို ခံလိုက်ရပြီ။ သူ အဲဒီ မှောင်မည်းနေတဲ့ ဗိုက်ထဲမှာပဲ ထာဝရ ပိတ်မိနေပါစေ၊ အဲဒီမှာ သူက သေတာထက် ပိုဆိုးတဲ့ ကံကြမ္မာကို ခံစားရလိမ့်မယ်”
စုန့်ကျန်းက အလွန် ကျေနပ်အားရစွာဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ကောင်းကင်ဝါးမျိုခြင်း ပါးစပ်က ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာအားလုံးကို ဝါးမျိုနိုင်သည်။ ၎င်းအတွင်းသို့ ကျရောက်သွားသော မည်သည့်အရာမဆို အမှောင်ထုအတွင်း၌ ထာဝရ နစ်မြုပ်သွားရမည် ဖြစ်သည်။
“သိပ်ကောင်းတာပဲ။ ဒီဝူယွမ်က တကယ်ကို ထူးခြားလွန်းတယ်။ အကယ်၍ သူသာ မသေဘူးဆိုရင် တကယ်ကို ကြောက်စရာကောင်းမှာပဲ”
ထျန်းမိုပြည်ထောင်စုမှ လူများအားလုံးမှာ ကြောက်ရွံ့မှုများ ကျန်ရှိနေသေးသော်လည်း ဝူယွမ်သေပြီအထင်နှင်ါ ပြုံးလိုက်မိကြသည်။
စုန့်ကျန်းမှာ ယခုအခါ အလွန် ဝမ်းသာနေခဲ့သည်။ ဝူယွမ် သေဆုံးသွားသည်နှင့် သူက ထောင်းထျဲ့ဂိုဏ်း၏ အမွေအနှစ်ကို အပြည့်အဝ ရရှိမည်ဖြစ်ပြီး ပိုအင်အားကြီးမားလာမည် ဖြစ်သည်။
“မင်းတို့တွေ အောင်ပွဲခံတာ စောလွန်းသေးတယ်”
ရုတ်တရက် အမှောင်ထုအတွင်းမှ အသံတစ်ခု ထွက်ပေါ်လာပြီး စုန့်ကျန်း၏ အပြုံးမှာ ချက်ချင်းပင် အေးခဲသွားတော့သည်။